Friday, November 12, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၅)

သြော်… ပိုက်ဆံကြေးငွေ ပြည့်စုံတဲ့လူဆိုတော့ ဘာလုပ်လိုက်လုပ်လိုက်၊ အောင်မြင်တင့်တယ်လို့မို့၊ ရွာပြေ မှ သတင်း လှပေသပ။ သူချမ်းသာတာကလဲ ကုသိုလ်ကံဆိုသာ ဟုတ်ပါလိမ့်မယ်။ ပထမ အစဦးတုန်းက ဆိုရင် သူလိုငါလိုပဲတဲ့၊ ဦးကြီးဖြိုးတို့နဲ့ သက်သူရွယ်တူမို့ ဦးကြီးဖြိုးက ပြောဖူးတယ်။
'မြတ်ချမ်း တို့ ချမ်းသာတာတော့ မပြောနဲ့ဟေ့၊ ရသမျှမစားရက် မသောက်ရက် တယ်စုံတာပဲ၊ ပိုက်ဆံ ရဖို့ဆိုလဲ အန်မတန် ကြံကြံဖန်ဖန် ကြိုးကြိုးကုတ်ကုတ် လုပ်တယ်၊ ငါတော့ သူတို့လင်မယား အိတ်ထဲမှာ တံစဉ်း ကလေး တစ်လက်နဲ့ လွပါးကလေးတစ်ချောင်း အမြဲတမ်းရှိတယ်လို့ ဆိုချင် သကွ'

'ဟင်… သူတို့က ညအိမ်တွေ ဘာတွေ ဖောက်တတ် ခိုးတက်လို့လား'
ကျွန်တော် ငယ်စဉ်က မေးမိပါသည်။
'ခိုးတာထက် ဆိုးသမောင်၊ အဲဒီတံစဉ်းနဲ့ လွပါးကလေးက သူတို့ အားအားရှိရင် ပိုက်ဆံတစ်ပြား နှစ်ပြား မှတ်လို့ ခွာခွာနာတာကွ'
ကျွန်တော် လူလားမြောက်၍ သိတတ်သော အရွယ်ရောက်သည်၌ သူတို့လင်မယားမှာ အိမ်ကြီး ရခိုင်နှင့် လယ်ပိုင်ချောင်းပိုင်နှင့် ဖြစ်နေချေပြီ။ စပါးပေး ပေးသည်။ ရွေပေါင်ခံသည်။ ခေါင်းရွက် သည် ဈေးသည်မ ကလေးတွေကို နေ့ပြန်ပေးပေးသည်။

နောက်ဆုံး၌ အတိုချုပ်ကို ပြောမည်။ တစ်ရွာလုံးတွင် အခြေခံဝမ်းစာစပါး၊ ကျွဲနွားပြည့်ပြည့်စုံစုံမရှိ၊ တစ်နှစ်လုံး လုပ်ပြီးသည်၏ အဆုံးမှ တစ်နှစ်စာရသော လူများနှင့် တစ်နေ့လုံး လုပ်ပြီးသည်၏ အဆုံးမှ တစ်နေ့စာ ရသော သူဆင်းရဲများ၏ လုပ်အားသည် သူတို့အတွက်သာ ဖြစ်လာတော့၏။
သူတို့ သည် တစ်စတစ်စနှင့် အမြင်ကျယ်လာလေရာ ရပ်ရွာတွင် ဤသို့အားထုတ်ရုံမျှ အားမရ တော့ဘဲ ရှိသော လယ်ကိုပြ၍ ချစ်တီးထံ ငွေချေးပြီး တစ်သုတ်ပြီး တစ်သုတ်လယ်တွေဝယ်ကာ လယ်သီးစားခများ ချလေ၏။

ဘုန်းဘုရားပြောသည့်အတိုင်း အလှူရေစက်လည်း လက်နှင့်မကွာချေ။ သားမြေးရှင်ပြုချိန်တန် ပြု၏။ ဘုရားကိုးဆူ ကပ်သည့်အခါ ကပ်၏။ သံဃာတော်များ ဆွမ်းကျွေးခြင်းများလည်း ပြု၏။ ပဉ္ဇင်းတကာလည်း ခံခဲ့လေသည်။
တစ်ခုသော သက္ကရာဇ်၌ကား ဦးမြတ်ချမ်းသည် ရှိသမျှ ပစ္စည်းအားလုံးကို သားသမီးတို့အား ရုတ်တရက် နာမည်လွဲပေးလိုက်ခြင်းဖြင့် ရသေ့ ရဟန်းပြုကာ တောတွက်တော့မည်လားဟု အောက်မေ့ကြ၇လေသည်။ သည့် အတိုင်း မှန် ဘုရားအလောင်းပါပေပဲဟု သာဓုအနုမောဒနာ ပြု သည့် လူများက ပြုကြကုန်လေသည်။ သို့သော် မဟုတ်ပါ။ ချစ်တီးကြွေးများကို ဒေ၀ါလီခံလိုက် ခြင်းမျှ ဖြစ်ပါ၏။

ယခုကား ဦးမြတ်ချမ်း ဦးမြတ်ချမ်း နာမည်ကြီး တစ်လုံးနှင့် ကျွန်တော်သို့် ရွာသာမက မြို့ပေါ်မှာပင် ထိပ်သီး ထဲက ဖြစ်နေပေသည်။ ဘုန်းဘုရား ပြောမယ်ဆိုလည်းပြောစရာပဲ၊ ချီးမွမ်းထိုက်ပါပေသည်။ အမွန်း ထိုက်ပါပေသည်။ အမွန်းတင်ထိုက်ပါပေသည်။

ယခု လှူဖွယ်ဝတ္ထု အစုစုတွေက ဆရာတော် ရှေ့မှောက်မှာ မွမွကျဲနေသည်။ နို့ဆီဘူးက နှစ်လုံး၊ ငါးသေတ္တာ က တစ်ဘူး၊ ဘုရားတံဆိပ်ပါတဲ့ ရောင်စုံဖယောင်းတိုင်ထုပ်ကြီးက တစ်ခု၊ ခင်ဗျားတို့ မြို့ခေါ် ကိုးလင်းဘတ် ခေါ် မလား၊ ဆင်တံဆိပ် မုန့်သေတ္တာကြီးက တစ်လုံး၊နို့ပြီး ငါးရံ့ ခြောက်  ကြီးက သုံးပြားတောင်ပဲ။

ထိုမျှမကသေး၊ ယနေ့နံနက်စာသည် သူတို့ပါ ဒီမှာစား၍ ဘုန်းဘုရားကိုလည်း ဆွမ်းကပ်မည် ဖြစ်သော ကြောင့် ကြက်သားတွေ၊ ၀က်သေားတွေ၊ ကြက်သွန်ဥကြီးတွေ ဘာတွေ ညာတွေက တောင်းကြီးနှင့် တစ်လုံး ပါခဲ့သေးသည်။ ကျွန်တော့်အားလည်း ဦးမြတ်ချမ်းကိုယ်တော်က သူတို့်နှင့် အတူ ဥပုသ်ဆွမ်းစားပါဟု ဘိမန္တက ပြုသောကြောင့် ဖိုးတက်ပု အဲကြည်ဆိုက်ပြီး အိမ်က မရွေနော် အား'သခွပ်ရိုးပြုတ် ငါးပိချက်နှင့် ယင်းတိုက်ရွက် ဟင်းချို နင့်ဟာနှင်မျိုတော့ဟု လူကြုံစကား ပါးလိုက်တော့၏။
အခန်း (၃)

သူတို့မြို့ချက် ချက်တဲ့ ၀က်ရိုးပြုတ်ဟင်းချိုက ကြွက်နားရွက်တွေ၊ မြူစွမ်တွေ၊ ကြက်သွန်ဥကြီး တွေ ခတ်လို့ အင်မတန်ချို။ ကြက်သားကလဲဗျာ ဆီများများနဲ့ မဆလာတွေ၊ သစ်ဂျပိုးတွေ၊ ကလအုပ် ရွက်တွေ ဘာတွေ ခတ်တော့ တယ်မွေးပြီး အရသာရှိတာပဲ။ ၀က်သားဟင်း ဆိုတာကဖြင့် သူတို့်မြို့ ချက်တာ တစ်မျိုးပဲဗျာ၊ ညှိပြီး အိလို့ အိတဲ့ မအီဘူးဗျ၊ ဒီအထဲပုစွန်ခြောက်နိုင်နိုင်၊ ကြက်သွန်ဥကြီး လှိုင်လှိုင်နဲ့ ဆီချက်တွေရွဲနေတဲ့ သရက်သီးသုပ် က ပါသေးတော့ သိပ်အဆင်ပြေတာပေါ့။

နို့ပြီး ငါးပိ လိမ္မော်ကြော်ကလဲ ခင်ဗျားတို့ မြို့ခေါ်တော့' ဗာလချောင်' ဆိုလား၊ ပုစွန်ခြောက် က များတော့ သိပ်ကောင်း တာပဲ၊ ကျွန်တော်ဖြင့် အိမ်တောင်ထုပ်ယူသွားချင်သေးတယ်၊ ဒါပေမယ့် ဘယ်သင့် လျော်မလဲ ဗျာနော်၊ သြော်… သူတို့မြို့က လူချမ်းသာတွေများတော့ ဒါမျိုးတွေ နေ့တိုင်းစားနေမှာ ပဲလို့ အောက်မေ့ မိတယ်၊ ကျုပ်တို့်တောသာများဖြင့် ဖပ်ထဲ ရွံ့တစ်ခွဲသားဝင်အောင် နွားနဲ့ ဖက်ရုန်းရ ပြီး ချေး…စားရင်တော့ တစ်ခါလာ ငါးပိချက်ဟင်းရွက်ပြုတ်၊ တစ်ခါလာ ငါးပိချက် ဟင်းရွက်ပြုတ်၊ ဒါ'ကံပဲ' ခေါ်ရမှာနော် ဟုတ်လား ဟင်…

အဲဒီနေ့ဖြင့်ဗျာ…. တစ်သက်မှာ တစ်ခါကြုံ၊ ရတနာပုံဆိုက်တဲ့ တက်ပု ခေါ်ရမှာပေါ့၊ စားကောင်းလိုက်တဲ့ ဖြစ်ချင်း၊ ဆန်နို့ဆီဘူး သုံးလုံးချက်ထက်တော့ မအောက်ဘူး ထင်လိုက်တာပဲ၊ မှန်တာပြောပါရစေ ရှက်လဲ ရှက်လဲပါရဲ့၊ ဘုန်းကြီးကြီး ၀က်သားတုံး သွားဖုံးမြုပ်အောင် ကိုက်ကိုက် ပြီးဘုဉ်းပေးနေတာ မြင်ကတည်းက ကျွန်တော့် မှာ သွားရည်တကျွင့်ကျွင့် ဖြစ်နေတာ၊ 'ဘုန်းကြီးတွေ စားလှချေလား ကြာပဲကြာလှပြီ၊ ကြက်သား မှ ကျန်ပါဦးမလား' လို့ သူများလှူတာကို ကြားက မနာလို ၀န်တိုမိစ္ဆာဖြစ်မိတာ အမှန်ပါပဲ၊ ဒါကို ကိုယ်စားလို့ ဗိုက်ပြည့် မှ အင်း… ငါတော့ ငရဲကြီးမှာပဲ' လို့ သတိရတယ်။

ကျုပ်တို့ထမင်းဝိုင်းမှာ ရွာကလူ သုံးလေးယောက်လဲ ပါသေးတယ်၊ ကိုဖိုးသက်ဆိုတဲ့ လူနဲ့ ကျွန်တော်နဲ့ ဟင်းခွက် မှာ လက်ချင်းဆုံ ဆုံနေလို့ ရယ်ရသေးတယ်၊ ဒီကိုဖိုးသက်လဲ ကျွန်တော်တို့ရွာမှာတော့ လူချမ်းသာ ပေါ့၊ ဒါပေမယ့် ဦးမြတ်ချမ်းအမ အကြွေးတော့ မကင်းပါဘူး၊ ငွေ ၅၀၀ိ ထင်ပါရဲ့။ လယ်ပေါင် တစ်လ ၅ ကျပ်တိုးနဲ့ ချေးထားတာ ၃နှစ်ရှိပြီ၊ အတိုး ၃၀၀ိသာ နှစ်စဉ်ပေးနိုင်တယ်၊ အရင်း မကျေသေးဘူး၊ အို…ကျုပ်တို့ရွာမှာတော့ ဦးမြတ်ချမ်း ကျေးဇူးကင်းတဲ့လူ ရှားပါတယ်လေ၊ တချို့အပေါင်မရှိဘဲနဲ့တောင် တစ်လတစ်ရာ ရှစ်ကျပ် တစ်ဆယ်တိုးနဲ့ ချေးသေးတာပဲ၊ ဦးမြတ်တို့က (သူ့ထမင်းစားရတာနဲ့ သူ့အကြောင်း အကောင်းပြေ နေတယ်လဲ မအောက်မေ့နဲ့၊ ကျွန်တော်က မှန်သာပြောတာ) အင်မတန် ရက်ရောတဲ့လူ၊ ကိုယ့်ရွာ ကဆိုတော့ ယုံရတဲ့လူဆိုရင် သွားချေးပေးလိုက်တာပဲ၊ ကျွန်တော်တောင် အရင်တုန်းက အဲ…. အဲ….ဟစ်တလုံးမွေးတဲ့ နှစ်ပေါ့၊ ငွေတစ်ရာ အပေါင်မရှိ တစ်လ ၁၀ိ တိုးနဲ့ ချေးလိုက်ရသေး တယ်၊ တစ်နှစ်ကျော် ကြာတယ်၊ လစဉ်အတိုးသာ ပေးနိုင်ပြီး အရင်းမဆပ်နိုင်တာ တော်ပါပေတယ်၊ မောင်မင်းကြီး သား သည်းခံရှာတယ်။

ထမင်းစားပြီးတော့ ကော်ဖီရေ အချိုလဲ သောက်လိုက်ရသေးတယ်ဗျ၊ နောက်ပြီးတော့ ဦးမြတ်ချမ်း မြို့က ပါလာတဲ့ ၀ယ်ဆေးလိပ် ပါးစပ်ခဲပြီး ဇရပ်ပေါ်မှာ ဥပုသ်နှပ်တော့တာပဲ။
ဆေးပြင်းလိပ် တစ်ဝက်လောက်အကျမှာ မှေးခနဲပျော်သွားပြီး ဘယ်လောက်ကြာတယ် မသိပါဘူး၊ ဒွေးလေးမယ်မြင့် လာနှိုးတာနဲ့ နိုးရတယ်။
'ဟဲ့… တက်ပု ထစမ်း၊ နင့်အိမ်မှာ နင့်ယောက္ခမနဲ့ နင့်မိန်းမ ဆူနေကြတယ်'

'ဘာဆူ နေကြတာလဲ'
'ကြက်…ကြက်…. ကြက်သူခိုး ပေါ်ပြီဆိုလားပဲ၊ ဥပုသ်ကြီးနဲ့မို့ ငါမေးလား စမ်းလား မလုပ်ခဲ့ပါဘူး၊ လမ်းဖြတ် လာရင်း ကြားခဲ့တာပါပဲ'
ကျွန်တော် အိမ်ယာမှ ၀ုန်းကနဲထပြီး ဆေးလိပ်တိုတစ်ဖက် ပုတီးတစ်ဖက် ကိုင်ပြီးတစ်ခါတည်း လစ်ခဲ့တော့ တာပဲ၊ ဒွေလေး မယ်မြင့်ကတောင် 'ဟဲ့…နင့်မှာ ဥပုသ်ကြီးနဲ့ သတိထား'လို့ လှမ်းမှာ လိုက်သေးတယ်။

ဒါပေမယ့် ဘယ်ရမလဲ၊ ကျွန်တော်တို့ လူငယ်ဆိုတော့ ဒါမျိုးမှာတရားလက်သွက် ငှက်တောင်ကျွတ် ဖြစ်တာပေါ့၊ ပုဆိုးကျွတ်မကျန်ခဲ့အောင်တောင် မနည်းကြီးခိုင်ခိုင် စည်းခဲ့၇တယ်။
ကြက်ခြေထောက်ရိုး ဘယ်မှာ တွေ့သလဲ၊ ဒီကြက်သူခိုး ဘယ်သူလဲ၊ တက်ပုအကြောင်းတော့ ကောင်း ကောင်း ကြီး သိစေ့မပေါ့။
ကျွန်တော် ကမူးရှူးထိုးနှင့် အိမ်ပြန်ရောက်၊ အိမ်ပေါက၀၀င်ပြီဆိုပဲ ကျွန်တော့် မိန်းမက သူ့အမေ ကြည့်ပြီး…
'အမေ…. ဟိုမှာ ပြန်လာပြီ'

ကျွန်တော်က မဆိုင်းမတွပင် သူတို့်အနား ရောက်သွားပြီး….
'အေးဟ…. ဒွေးလေးမယ်မြင့် ပြောလို့ ချက်ချင်းထလာခဲ့တာ၊ ကဲ….ဘယ်လိုက ဘယ်လို တွေ့ခဲ့တာ လဲ ဘယ်သူလဲ ပြောစမ်း'
သို့သော် ကျွန်တော့မှာ တစ်မုဟုတ်ချင်းအတွင်း၌ အံ့သြခြင်း ကြီးမက အံ့သြ၇သည်။ မျက်လုံး မျက်ဆန်ပြူး ရပါတော့သည်။ ကျွန်တော့် ယောက္ခမသည် တစ်ဖက်သို့လှည့်သွားပြီး ထွီခနဲ တံတွေး ထွေးလိုက။ ကျွန်တော့် မိန်းမ မျက်နှာသည် ပြောင်ပြက်ပြက်ဖြစ်ကာ အလွန်စက်ဆုပ်သော အမူ အရာနှင့်….

'အမယ်လေး…ကိုတက်ပု၊ ရှင့်ဟာရှင် လုံလှပြီ အောက်မေ့နေသလား၊ ရှင့်ကိုယ်ရှင် တယ်တော်လှပြီ လို့ ထင်နေတုန်း ပဲလား၊ ပြောစမ်း……ပြောစမ်း'
ခြေဆောင့် ၍ ဒေါသသံပါကာ ပို၍ပို၍ကျယ်လာသည်။ နောက်ဆုံး အလုံးကား ကုန်း၍ အော်လိုက် သည်။ ကျွန်တော် မျက်နှာသေကလေးဖြစ်ကာ အသံကလေး ညောင်နာနာနှင့်…..
'ဟဲ့… ဘာတုံးဟ'

 'ဟင်… မေးတုန်ပဲလားဟဲ့၊ သေချင်းဆိုးရဲ့၊ ကာလနာမြွေပွေးကိုက်ရဲ့၊ နင်လုပ်ပုံတို့ မသိတော့ဘူး အောက်မေ့ နေတုန်း ပဲလားဟဲ့'
'ဟဲ့…သမီးရဲ့၊ သူအကွက်ဆင်ထားလိုက်တာကလဲ လုံလောက်ပြီ ထင်စရာပေါ့ဟယ်'
ယောက္ခမကြီး က ခွန်းတောက်ပြုလိုက်၏။

'ဒီကိစ္စမျိုးမှာ သူ့ရွေဥာဏ်တော်ကလဲ ကြီးမြင့်တော်လှပါပေတယ်၊ တကတဲ သူ့ခမျာများ စိတ် ကောင်း စေတနာ ကောင်းနဲ့ နိဗ္ဗာန်ဆော် လျှောက်အော်နေတာဟော…ဘယ်သူ့အသံ ပျောက် သွားပြီ၊ ကြက်ဝင် ခိုး၇မယ်ကွနဲ့၊ တစ်ဖက်သားကို ခုတုံး လုပ်လိုက်သေးတယ် နောက်ပြီးတော့ ရန်လုံ ဟောင်တယ်ဆိုပြီး သူ့ဟာသူ သွား၊ အမယ်…ဒီဆင်းသွားခါနီးမယ်လေ အချိန်နည်းနည်း နောက်ကျလို့ မမီလိုက်ဘူးဆိုတဲ့အဖြစ် ရောက်အောင် သူ့လှံသူ ခြေရင်းဘက်ဝှက်ထားပြီး မီးခွက်ထွန်းခိုင်းရတာနဲ့၊ ကလေးမာန်ရတာနဲ့၊ ကြီးပါတယ် ရွေဥာဏ်တော် ကတော့ အတုလံ အတုမရှိထဲကပါပဲ'
'နှော့ပြီး ဟိုသူငယ်များလဲ လိုက်မေးသေးဆို'

ယောက္ခမကြီးက စကားခင်းလိုက်၏။
'မေးသေး သတဲ့လေ၊ မေးပြီးမှ အိမ်ပေါ် တစ်အောင့်တနား ပြန်ရောက်သေးတယ်၊ ဘာဘာညာညာ ပြောနေ ဟိုကောင်မ ရောက်ချိန်တန်လောက်မှ….'
ကျွန်တော့် ရင်ထဲတွင် ဒိုင်းခနဲ လူမှာ ဆတ်ခနဲဖြစ်သွားကာ…
'ဟဲ့….မနော်၊ ဘယ်ကောင်မလဲ'

'သြော်…မသိရှာသေးဘူး၊ ကိုတက်ပုကို ကျွန်မပြောရဦးမယ်လား၊ ပြောရတာပေါ့၊ သေသေချာချာ နားသောတ ဆင်တော်မူပါနော်၊ ဒီနာမည်ကလေးကို ကြားချင်လှပေမယ်၊ ကြားချင်လှပေမယ်၊ မပန်းစုံတဲ့ရှင်၊ နာမည် ကလေးက မပန်း…စုံတဲ့၊ ကြားရတာများ တယ်နားဝင်ချိုသနော်၊ ကိုတက်ပု ထပ်ကြားချင် သေးသလား၊ မရေမ၊ ပစောက်နင်သတ်ဝစ္စနှစ်လုံးပေါက်ပြီး စလုံး ချောင်းငင် သေး သေးတင်ရတဲ့ မ-ပန်း-စုံ တဲ့ရှင်၊ သိပလား ကိုတက်ပု၊ တောင်ပိုင်းက ဒေါ်ညှပ်ကြီးသမီးလေး ပေါ့ ကိုတက်ပုရဲ့'ဟု ဆှိုပြီးမှ သူ့အသံ ရွာကျော်အောင် အော်ပြန်ပါသည်။
'တကတဲတော် ယောက်ျားမဖောက်ပြားရဘူးလို့ မဆိုနိုင်ပါဘူး၊ သူ့မောင် ကိုယ့်မောင် ချောင်ရ လိုပ်ကြတာ ချည်းပေါ့၊ အခုသူ့ မတော့ရှင် ကိုယ့်ရင်သွေး နီတာထွေးလေး ခမဲပေးထားတဲ့ ကြက်မှ ခိုးပေးပြီးမှ ဖောက်ပြား ရသတဲ့၊ အရသာ ခံရသတဲ့။

ကျွန်တော် မျက်လုံးပြူး မျက်ဆန်ပြူးနှင့် လက်ဝါးတာ၍….
'ဟေ့…ဟေ့… နေပါဦး၊ မင်း ဒီစကား ဘယ့်နှယ့်ကြောင့် ဒီလိုပြောနိုင်တာလဲ'
'သြော်…ပြောနိုင်တဲ့အကြောင်း လျှောက်တင်ဦးမယ်လား ကိုတက်ပုရဲ့'
'လျှောက်တင်လိုက်ပါ သမီးရယ်၊ သူ့ခမျာ တို့ မသိ၇ှာဘူး အောက်မေ့နေတာ'
ချစ်ယောက္ခမကြီးက ၀င်တောပြန်၏။

'လျှောက်တင် ရတာပေါ့ အရှင်ရယ်၊ သေသေချာချာ နာခံတော်မူပါ၊ အရီးလေး သဲပွင့်နဲ့ ပန်းစုံက အခုမနက် ဈေး အတူတူ သွားဖို့ ချိန်းထားသတဲ့၊ မူလအစီအစဉ်က အရီးလေး သဲပွင့်က ပန်းစုံအိမ် သွားပြီး သူတို့ နောက်ဖေးပေါက် က ထွက်ကြဖို့ ပြောထားသတဲ့၊ သို့သော်လဲ မနက်စောစော အရီးလေး သဲပွင့် သူတို့ အိမ်ေ၇ာက်သွားတဲ့ အခါမှာ ပန်းစုံမရှိဘူး၊ မချမ်းမြအိမ် နောက်ဖေးက သရက်ပင်ကြီးအောက် လိုက်ခဲ့ပါလို့ မှာ ထားခဲ့ကြောင်း သူ့အမေက ပြောလို့ အရီးလေးသဲပွင့် လိုက်လာတဲ့အခါမှာ ရှင်က ကိစ္စမပြီးသေးဘူးတဲ့၊ ဟိုက ခံတောင်း ခေါင်းပေါ်ရွက်ပြီးလို့ သွားမယ် လုပ်နေတာတောင် ရှင်က ဖက်နမ်းတော် မူတုန်းတဲ့၊ ရှင်ဟာ ဒါမျိုး အင်မတန် ကဲတယ်၊ ကျွန်မ သိတယ်'

ကျွန်တော် မျက်လုံးဖြဲကာ….
'ဟယ်….'
'မဟယ်နဲ့ ကိုတက်ပု၊ ရှင်ဟာ ဒီကိစ္စမျိုးဆိုရင် ဘယ်တော့ရပ်တန်းက မရပ်ချင်သေးဘူး၊ ဟိုက ရုန်းနေတာ တောင် အရီလေး သဲပွင့်လာမှ လွတ်လိုက်သတဲ့'
ကျွန်တော် မျက်နှာကို အပြင်းအထန်ရှုံ့ကာ….
'ဟ…ဒါတွေ နင့် ဘယ်သူက ပြောတာလဲဟ'
'ဘယ်သူ က ဖြစ်ရဦးမလဲ၊ ရှင့်ကောင်မ ဖက်နမ်းနေတုန်းက ဘယ်သူလာတာမြင်မှ လွတ်လိုက် သလဲ'

'ကဲ…ကဲ…အရီးလေး သဲပွင့်က ဝေလီဝေလင်းအချိန်မှာ မျက်စိမွဲမွဲမို့ အမြင်လွဲတယ် ထားပါဦးတော့ အိမ်က ကြက်မ ကလေး ပန်းစုံ ခံတောင်းထဲ အ၀တ်နဲ့ ထုပ်ပါလာတာကော ဘာပြောချက်သေးသလဲ'
'ဟင်…နင့် ဘယ်သူပြောတာလဲ'
'ဘယ်သူပြောရဦးမလဲ၊ ဒီကောင်မကလဲ အတင့်ရဲလိုက်တာ၊ မြို့ထဲရောက်လို့ ကိုအီစမန်ကြီးအိမ် ကြက်ဝင်ရောင်းတော့ အရီးလေးပဲပွင့်နဲ့ အတူတူတဲ့၊ အရီးလေးသဲပွင့်က ဒီကြက်မကလေးမှန်း ဘာကြောင့် သိသလဲကော မေးသေးသလား၊ အဲဒီ ကြက်မကလေးက ဟော့ဒီ သူ့မြေးကလေး ခမဲပေးဖို့ အရီလေး သဲပွင့်ဖြူဆီက တစ်ကျပ်ခွဲဝယ်ရတဲ့ ကြက်ရှင့်၊ ကဲ…သပလား၊ ရှင်ဘယ်ဝတ်လုံ ခေါ်ပြီး ထုချေချင်သေးသလဲ'

ကဲ…. အမှုအခင်းသွားတော့ အထင်းသား ပေါ်ပါပြီ အဖြစ်က ဆိုးလိုက်ဘိခြင်း၊ ကျွန်တော်နဲ့ ပန်းစုံ တွေ့လိုက်ပုံတော့ မိတ်ဆွေသိတဲ့အတိုင်းပါပဲ၊ သူ့တို့ စွပ်စွဲချက် အခြေအမြစ်ကလည်း ခိုင်လုံလိုက်တာ၊ ကျွန်တော့် မယားထံ အသနားခံရတော့သည်။
'အမယ်လေး ကိုတက်ပုရယ်' သူခပ်ဟက်ဟက်ကလေးရယ် သွမ်းသွေးလိုက်ပြီး 'ရှင့်အကြံဥာဏ် ဒီနေရာမှာ ဆန်ကော လောက်မှ ဇောက်မနက်ပါလား၊ ရှင့်တို့်ချင်း ဘယ်လို အချိတ်အဆက်နဲ့ ဘယ်လိုဘယ်ပုံ ပြောဖို့ ဆိုဖို့ တိုင်ထားတာကို ကျွန်မကပဲ ရှင့်ဟာမကို သွားမေးရဦးမလား ဟား… ဟား…. ဟား….ဟား….'

မရွေနော်၏  အော်သံရယ်သံများကြောင့် အိမ်နီးပါးများ နားစွင့်ကြချေပြီ။ အချို့မူအိမ်သို့ပင်လျှောက် လာသောက်လိုက်ကန်းဆိုး မသိစွာ  မေးကြမြန်းကြတော့၏။
'အမယ်လေး… လောကမှာာ ပြောရမှာတော့ ရှက်စရာပါပဲ မကြိတ်ဆုံ၇ယ်၊ ဟောဒီ ကျွန်မလင် သူတော်ကောင်းကိုတက်ပုလေ၊ သူအခု ဥပုသ်စောင့်က ပြန်လာတာ မကြိုက်သေးဘူးရှင့်၊ ကြည့် အခု လက်ထဲမှာတောင် ပုတီးရှိသေးတယ်'

ရွှေပွဲလာတို့က ကျွန်တော့ဘက် လှည့်ကြည့်ကြရာ၊ ကျွန်တော် ဤမှ လက်ကပုတီး သတိရပြီး 'ဟယ်' ဟု အော်မိကာ ပုတီးကို မြွေကိုင်မိသလို ဆတ်ခနဲလွှင့်ပစ်လိုက်မိတော့၏။ ရွှေပွဲလာတို့ သဘောကျသည်။ ဤတွင် ကျွန်တော့် မယားက စကားဆက်၏။

ဆက်ရန်
.

7 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မပန်းစုံတော့ ကိုတက်ပု နှာဘူး ထတာကို ခုတုံးလုပ်သွားပီ..... ဟိုကောင်လေး ဟစ်တလာ အဲ ဟစ်တလုံသိရင်တော့ ဖအေကို ကော်တုတ်ဦးမယ်ထင်တယ်.... ရွာကလဲတော်တော်နိမ့်တယ် ထင်တယ်နော် မမရွှေစင် ဖတ်ရတာ စိတ်လဲဝင်စားတယ်... အပြင်မှာ ဒီလိုမျိုးလူတွေကိုလဲ မရှိစေချင်ဘူး... စိတ်ဆင်းရဲလို့

Anonymous said...

မရှိချင်လည်းရှိမှာဘဲ ရွှေပြည်က ပထွေးတွေလုပ်နေသ၍တော့ ဒီလိုလူမျိုးတွေ တစုမကဘူး တတိုင်းပြည်လုံးမှာ အများကြီးဘဲ မယုံရင်ရွာပြန်လာခဲ့ လက်ညိုးထိုးမလွဲ အမှိုက်ပုံကောက်စားနေတဲ့သူတွေ တပုံကြီး။

Anonymous said...

ဆရာသော်တာဆွေရော သဒိုးရော
ဖတ်သွားတယ် အစ်မ။
ဆရာသော်တာဆွေရဲ့ သရော်တဲ့ ရေးပုံလေး သဘောကျပါ့

မြစ်ကျိုးအင်း

Anonymous said...

ကျေးဇူးပါဗျာ။အသဲစွဲဆ၇ာတယောက်ပေါ.။

ကိုဇော် said...

အဟီး..အဲသလိုကြီးဆို ဘယ်လို နေရပါ့။

ဘီလုံး said...

Anonymous ရေ။ မပူးတေ ဆိုလိုတာက ချစ်စရာမကောင်းတဲ့ စရိုက်ဆိုးဆိုးရွားရွားတွေကို အပြင်မှာ မမြင်ချင်တာ ဖြစ်ပါလိမ့်မယ်။ ကိုတက်ပုက အိမ်ထောင်သည်တန်မဲ့ ကိုယ့်အိမ်နားတောင် သမီးအရွယ် (ဦးကြီးတက်ပုလို့ စစချင်း ခေါ်တယ်ဆိုတော့ သမီးအရွယ် ဖြစ်မယ်)ကို လက်ဆော့၊ ကလေးကလဲ ဒီအဖေ့သားပီပီ မကြုံစဖူးအောင် အပြောအဆို မိုက်ရိုင်းဆိုတော့ ဒီစရိုက်မျိုး အပြင်မှာ မရှိစေချင်ဘူးပြောတာ ပြောတဲ့သူ မလွန်ပါဘူး။

ဆင်းရဲပေမယ့် စိတ်ထားကောင်းတဲ့သူတွေ တစ်ပြည်လုံးမှာ ရိုက်သတ်မကုန်ပါဘူး။

Anonymous said...

ကိုဘီလုံးရေ

သမီးအရွယ် ဆိုပေမဲ့ မကောင်းတဲ့ မိန်းခလေး ထင်ပါတယ် နံမည်က ပန်းစုံ လို့ ခေါ်တာကိုး သာမန် မိန်းခလေးကိုတော့ ဆွဲလားလွဲလားလုပ်မယ်မထင်ပါဘူး

သော်တာဆွေ ဟာ တောသားစစ်စစ် စရိုက်သဘာဝ တွေကို အပိုအလိုမရှိ ဖန်တီးနိုင်သူ ဖြစ်ပါတယ်

ကျနော်တို့ ကိုယ့်မြန်မာ အခြင်းခြင်း အားလုံးကောင်းသည် ဘဲ ဖြစ်စေချင်ပါတယ် ဒါပေမဲ့ အမှန်တရား ကို လက်ခံရမှာဘဲ

လေးစားလျှက်
မြန်မာတောသားလေး