Sunday, November 7, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၅) အဆက်

ခရိတ်သည် လျင်မြန်စွာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် ခုံတန်းလျားထိုင်ခုံတွင် ထိုင်ခိုင်း လိုက်သည်။ ထို့နောက် ဆာရာအား လှမ်း၍ -
" ကဲ ... ပင်ဒူလာ (ဆယ်လီ)ကို မောင်းထွက်တော့လို့ ပြောလိုက် " ဟု အမိန့်ပေးလိုက်သည်။

ဆယ်လီလည်း ချက်ချင်းပင် မောင်းထွက်လေရာ ရဟတ်ယာဉ်သည် မြေပြင်မှ ကြွတက်ပြီး လျင်မြန်စွာ ကောင်းကင် သို့ ပျံတက်စ ပြုလေသည်။
ခရိတ် သည် ရဟတ်ယာဉ် ပြတင်းပေါက်မှနေ၍ လက်ပစ်ဗုံးကို ပစ်ချလိုက်သည်။ လက်ပစ်ဗုံး ပေါက်ကွဲခြင်း အားဖြင့် မြေပြင်ရှိ ရန်သူများ ရှုပ်ယှက်ခတ်ပြီး မိမိတို့အား တိုက်ခိုက်ခြင်းကို နှောင့်နှေးဟန် တားစေလိမ့်မည် ဟု မျှော်လင့်လျက်ပစ်ချလိုက်ခြင်းဖြစ်လေသည်။

ခရိတ်သည် ဖွန်ဂါဘီရာ၏ နောက်တည့်တည့်တွင် ရပ်ကာ အူဇီစက်သေနတ်ငယ်ဖြင့် လည်ပင်းကို ထောက် ထားလိုက်ပြီး ကျန်လက်ဆစ်ဖက်ဖြင့် ဖွန်ဂါဘီရာ၏ ခါးမှ ပစ္စတိုလ်သေနတ်ကို ဆွဲယူလိုက်သည်။
ထို့နောက် ပစ္စတိုလ်သေနတ်ကို သူ၏ အင်္ကျီအိတ်အတွင်းသို့ ထည့်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။ တစ်ဖန် ဆာရာဘက်သို့ လှည့်၍ -
" ဒီလူတွေကို မင်းသေနတ်နဲ့ ဆက်ချိန်ထားစမ်း" ဟု အမိန့်ပေးလိုက်ပြီး ရဟတ်ယာဉ်၏ လက်ဝဲဘက် ပြတင်း မှ နေ၍  အပြင်ဘက်သို့ လှမ်းကြည့်လေသည်။
ချက်ချင်း လိုပင် တွန်ဂါတာအား လှမ်းမြင်ရလေသည်။ သူသည် သစ်ပင်များကြားမှ ထွက်၍ ရဟတ်ယာဉ် ဆီသို့ လက်နှစ်ဖက် ဝှေ့ယမ်းပြနေလေသည်။

" အဲဒီမှာပဲ စောင့်နေပါ။ ကျွန်မက ခပ်နိမ့်နိမ့် ပျံဆင်းပြီး ခေါ်တင်ပါ့မယ် " ဆယ်လီက ရဟတ်ယာဉ်ပေါ်မှ အသံချဲ့စက်ဖြင့် အော်ပြောလိုက်သည်။
မကြာမီ ရဟတ်ယာဉ်သည် တွန်ဂါတာ ရပ်စောင့်နေရာအနီးသို့ ခပ်နိမ့်နိမ့်ပျံဆင်းသွားလေသည်။ ဆယ်လိက ကျွမ်းကျင်စွာ မောင်းနှင်လျက် ရဟတ်ယာဉ်ကို တွန်ဂါတာ၏ အပေါ်တည့်တည့်တွင် ရပ်နေ အောင် ထိန်းမောင်းလိုက်သည်။

ထိုအခါ ရဟတ်ယာဉ်၏ ပန်ကာဒလက်များ လည်ပတ်သည့် လေအရှိန်အကြောင့် ပတ်ဝန်းကျင်ရှိ မြက်ပင်ရှည် ကြီး များသည် မြေပြင်တွင် ပြားဝပ်နေလေသည်။
တွန်ဂါတာသည် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ကို ပစ်ချလိုက်ပြီး ခရိတ်အား မော့ကြည့်လေသည်။ ထိုအချိန်၌ ရဟတ်ယာဉ်သည် မြေကြီးနှင့် ထိလုနီးပါးအလွန် နိမ့်နေပြီဖြစ်ရာ ခရိတ်က ပြတင်းပေါက်မှ သူ၏ လက်တစ်ဖက်ထုတ်၍ တွန်ဂါတာအား ဆွဲတင်ရန် ပြင်ဆင်လိုက်သည်။

တွန်ဂါတာလည်း လျင်မြန်ဖျတ်လတ်စွာ လှမ်းခုန်ကာ ခရိတ်၏ လက်မောင်းကို ဖမ်းချိတ်ပြီး တွယ်တက် လိုက်သည်။ ခရိတ်ကလည်း တွန်ဂါတာအား ရဟတ်ယာဉ်ပေးသို့ ရောက်အောင် ဆွဲတင်လိုက်လေသည်။
" အိုကေ အမြန်သာ မောင်းပေတော့ဟေ့ "
ခရိတ်က လှမ်းအော်ပြောလိုက်သည်နှင့် ရဟတ်ယာဉ်သည် လျင်မြန်စွာ ကောင်းကင်အမြင့်သို့ ပျံတက် သွားလေ တော့သည်။

ပေတစ်ထောင်ကျော်ခန့်သို့ရောက်အောင် ပျံတက်ပြီးနောက် ဆယ်လီသည် ရဟတ်ယာဉ်ကို အနောက်ဘက် စူးစူးသို့ ဦးတည်ပျံသန်းသွားလေသည်။
တွန်ဂါတာ သည် အကျဉ်းသားနှစ်ဦးအား လှည့်ကြည့်ရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ခက်ထန်သော အမူအရာ ဖြင့် ကြည့်လိုက်သည်။
သိုပသော် ဖွန်ဂါဘီရာမှာ ဦးခေါင်းမှ ဒဏ်ရာကြောင့် မူးမိုက်နေသေးသည့်ပြင် သူတို့အနေဖြင့် အရေးနိမ့်ရ သည် ကို စိတ်ပျက်ဟန်ဖြင့် ငုံ့နေလေသည်။
" သူတို့ကို ဘယ်မှာ သွားတွေ့တာလဲဗျ "

တွန်ဂါတာက ခရိတ်အား လှမ်းမေးလိုက်သည်။
" သူတို့တွေဟာ ကျုပ်က သူငယ်ချင်းအတွက် လက်ဆောင်ပေးတာပါပဲ။ ရော့ ... ဒါယူထား "
ခရိတ်က အူဇီသေနတ်ကို လှမ်းပေးရင်း -
" သေနတ်က ကျည်ဆန်အသင့်ထိုးထားပြီး မောင်းတင်ထားတယ်။ သူငယ်ချင်းကပဲ တာဝန်ယူပြီး ဒီသတ္တ၀ါ နှစ်ဦးကို ကြည့်ထားလိုက်စမ်းပါ " ဟု ဆက်ပြောလိုက်သည်။
" ဟဲ ... ဟဲ ... ကျုပ်က ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြည့်ထားလိုက်ပါ့မယ်။ စိတ်ချပါ "

တွန်ဂါတာက ရယ်သွမ်းသွေးကာ ပြောရင်း အူဇီသေနတ်ကို အကျသ်းသားနှစ်ဦးဘက်သို့ လှည့်ချိန်ထား လိုက်သည်။
" ကျုပ်က ဆယ်လီ မောင်းနေတာ ဘယ်လိုလဲလို့ သွားကြည့်လိုက်ဦးမယ် "
ပြောပြောဆိုဆို ခရိတ်သည် ရဟတ်ယာဉ် ဦးဘက်သို့ သွားရန် ဟန်ပြင်လိုက်ပြီးမှ ရပ်လိုက်ပြန်သည်။ မျက်နှာဖြူ လူမျိုး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်ရာတွင် ထိုလူ၏ ဟန်ကို မြင်ပြီး သင်္ကာမကင်းဖြစ်မိ သောကြောင့် ပင် ဖြစ်သည်။ ထိုလူသည် တစ်စုံတစ်ခု ကြံစည်တော့မည်ဟု ထင်မိသည်။

ထိုအခိုက်မှာပင် မျက်နှာဖြူလူကြီးသည် သူ၏လက်တွင် ကြိုးချည်သော့ခတ်ထားသော လက်ဆွဲသေတ္တာ ငယ်ကို ဖြုတ်၍ ရဟတ်ယာဉ်၏ ပြတင်းပေါက်သို့ လှမ်းပစ်လိုက်သည်။ အောက်သို့ ပစ်ချလိုက်ခြင်းပင် ဖြစ် သည်။
သို့ရာတွင် ခရိတ်က သတိထားနေသဖြင့် အထူးလျင်မြန်သွက်လက်စွာဖြင့် ပြတင်းပေါက်ကို လက်ဖြင့် ကာ ထားလိုက်ရာ လက်ဆွဲသေတ္တာငယ်သည် ပြတင်းပေါက်မျ ထွက်ကျမသွားဘဲ ရဟတ်ယာဉ်၏ ကြမ်းပြင်ပေါ် သို့ ကျသွား လေသည်။

ခရိတ်လည်း လက်ဆွဲသေတ္တာကို ချက်ချင်း ကောက်ယူလိုက်သည်။
" ဒီပစ္စည်းက ကျုပ်တို့အဖို့ အလွန်စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ် ထင်တယ် "
ပြောရင်း ခရိတ်သည် မတ်တတ်ထလိုက်ပြီး -
" သူငယ်ချင်း တွန်ဂါတာ၊ ဒီမျက်နှာဖြူ သတ္တ၀ါကို အထူးသတိထားကြည့်နေပါ။ ဒီလူက အလွန်ဥာဏ်များ တယ်" ဟု သတိပေးလိုက်သည်။

ထို့နောက် ခရိတ်သည် လက်ဆွဲသေတ္တာ၏ (လက်ကိုင်အိတ်)ကို ပိုက်၍ လေယာဉ်မှူးထိုင်ခုံရှိရာဘက်သို့ သွားပြီး တွဲဖက်လေယာဉ်မှူး ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။
" ဟေ့ ... ဆယ်လီ မင်းက ဘယ်ဆိုးလို့လဲကွ၊ ဒီရဟတ်ယာဉ်ကို ချောချောမောမော ပျံသန်းနိုင်သားပဲ "
ခရိတ် က ရယ်မော၍ ပြောလိုက်ရာ ဆယ်လီကလည်း ပြန်၍ ပြုံးပြလေသည်။

" ကျွန်မ အခု လင့်ရိုဗာကား ထားပစ်ခဲ့တဲ့နေရာကို ဦးတည်ပြီး မောင်းနေတယ်ရှင့် "
" ကောင်းသားပဲ၊ ဒါထက် ဓာတ်ဆီအခြေအနေကကော "
" တိုင်ကီတစ်လုံးက အပြည့်ရှိတယ်။ နောက်တစ်လုံးကလည်း တစ်ဝက်ကျော်ကျော် ရှိတဲ့အတွက် ဓာတ်ဆီ လုံလောက်ပါတယ် "
ခရိတ်သည် မျက်နှာဖြူလူကြီးထံမှ ရယူခဲ့သော လက်ကိုင်သေတ္တာငယ်ကို လေ့လာကြည့်ရာ လျှို့ဝှက် သင်္ကေတ ဖြင့် ဖွင့်ရမည့် သော့များ ခတ်ထားသည်ကို မြင်ရလေသည်။
" နယ်ခြားရောက်ဖို့ ဘယ်လောက် လိုသေးလဲကွ "
ခရိတ်က ဆယ်လီအား မေးလိုက်ပြန်သည်။

" ကျွန်မတို့ အခုပျံသန်းနေတဲ့နှုန်းက တစ်နာရီ မိုင်တစ်ရာ့ခုနစ်ဆယ်လောက် ရှိတယ်ဆိုတော့ နယ်စပ်ရောက်ဖို့ နောက်ထပ် နှစ်နာရီတောင် မကြာတော့ပါဘူး "
" ဟေ့ ... ဟုတ်လား၊ ဒါဖြင့် ဘယ်ဆိုးလို့တုံး "

ခရိတ်က ရယ်မောကာ ပြောလိုက်ပြီးနောက် လက်ကိုင်သေတ္တာငယ်မှ သော့များကို မောင်းချဓားဖြင့် ဖျက်ဆီး ပစ်လိုက် လေသည်။ မကြာမီ သေတ္တာငယ်၏ အဖုံးပွင့်လာလေသည်။
လက်ဆွဲသေတ္တာ၏ အပေါ်ဆုံးတွင် ရှပ်အင်္ကျီအသစ်နှစ်ထည်၊ ခြေအိတ်တစ်စုံရုရှားနိုင်ငံလုပ် ဗော့ဒ်ကာ အရက် တစ်ပုလင်း အေရိုဖလုတ်ခေါ် ရုရှားလေကြောင်းကုမ္ပဏီ လေယာဉ်စီးရန် လက်မှတ်များအပြင်။ ပတ်စ်ပို့ (နိုင်ငံကူးလက်မျတ်) လေးခုတိတိ တွေ့ရလေသည်။ ပတ်စ်ပို့များက ဖင်လန်၊ ဆွီဒင်၊ အရှေ့ ဂျာမနီ နှင့် ရုရှားနိုင်ငံမှ နိုင်င့ကူးလက်မှတ်များ ဖြစ်နေသည်။
ခရိတ် သည် ဗော့ဒ်ကာအရက်ပုလင်းကို ဖွင့်၍ အနည်းငယ်မျှ မော့သောက်လိုက်ရင်း -

" တော်တော်ပြင်းတဲ့ အရက်ပဲကွဲ" ဟု ပြောလိုက်ပြီးနောက် လက်ကိုင်သေတ္တာငယ်အတွင်းသို့ ဆက်လက် ရှာဖွေကြည့်လေသည်။
အတွင်း၌တွေ့ရသော ဖိုင်တွဲအချို့မှာ အစိမ်းရောင်ဖြစ်ပြီး တူနှင့် တံစဉ်တံဆိပ်အမှတ်အသား ရိုက်နှိပ်ထား လေရာ ခရိတ်သည် အံ့သြသွားမိသည်။
" ဟ ... ဒီလူကြီးက ရုရှလူမျိုးပါကလား၊ ကွန်မြူနစ်ကြီးတစ်ယောက်ပဲ"

ဤသို့ ပါးစပ်မှ ရေရွတ်ရင်း အပေါ်ဆုံးမှ ဖိုင်တွဲကို အမှတ်တမဲ့ ဖွင့်ကြည့်လိုက်ရာ ခရိတ်သည် ချက်ချင်းပင် စိတ်ဝင်စားလာမိလေသည်။
ဖိုင်တွင်း ၌ အင်္ဂလိပ်ဘာသာဖြင့် လက်နှိပ်စက်ရိုက်ထားသော စာရွက်များကို ခရိတ်သည် ဖတ်ကြည့်ရင်း အထူး စိတ်ဝင်စားမိ သဖြင့် ဆယ်လီက -
" ဘာတွေ ပါလို့လဲရှင့်" ဟု မေးသည်ကိုပင် ပြန်မဖြေဘဲ ဆက်လက် ဖတ်ကြည့်နေလေသည်။

သူသည် ဖိုင်တွဲကို အစမှအဆုံး ဖတ်ကြည့်သည့်ပြင် နောက်ထပ် ဖိုင်နှစ်ခုကိုလည်း ဖွင့်၍ ဖတ်ကြည့်ပြန်ရာ အချိန် မိနစ်နှစ်ဆယ်ခန့် ကြာသွားလေသည်။
" ငါဖြင့် ယုံကြည်ဖို့တောင် ခဲယဉ်းတယ်။ သူတို့က ဖွန်ဂါဘီရာ နားလည်အောင်ဆိုပြီး အင်္ဂလိပ်လိုတိတိကျကျ လက်နှိပ်စက် ရိုက်ထားတယ်ကွဲ့။ ဒီကိစ္စကိုလည်း ဖုံးကွယ်လျှိုက၀ှက်ထားဖို့တောင် စိတ်ကူးပုံမရဘူး။ လူနာမည် တွေကို တောင် နာမည်ဝှက် မသုံးဘဲ အမည်ရင်းတွေ သုံးထားတယ် "

ခရိတ်က မှတ်ချက်ချလိုက်ရာ ဆယ်လီက -
" ဘာကို ပြောနေတာလဲရှင့်" ဟု လှမ်းမေးလိုက်သည်။
" ငါတော့ ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ဘူး။ ဒီဖိုင်ကို တွန်ဂါတာကိုယ်တိုင် ဖတ်ကြည့်မှဖြစ်မယ် "

ခရိတ်က ပြောရင်း အရက်ပုလင်းကို ပြန်ယူ၍ နောက်ထပ် အနည်းငယ် မော့သောက်ပြန်သည်။ ထို့နောက် သူသည် တွန်ဂါတာရှိရာ ရဟတ်ယာဉ်၏ နောက်ဘက်သို့ လျှောက်သွားလေသည်။
တွန်ဂါတာနှင့်ဆာရာတို့သည် ဓားစာခံနှစ်ဦး၏ ရှေ့တည့်တည့်တွင် ထိုင်နေကြလေသည်။ တွန်ဂါတာက ထိုလူနှစ်ဦးအား ရဟတ်ယာဉ်၏ ထိုင်ခုံခါးပတ်များဖြင့် ခိုင်မြဲစွာ တုပ်နှောင်ထားလိုက်ပြီးဖြစ်သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အနည်းငယ် သက်သာလာပုံရပြီး တွန်ဂါတာအား စားတော့ ၀ါးတော့မလို စိုက် ကြည့်နေသည်။

ခရိတ်သည် မျက်နှာဖြူလူမျိုး၏ လက်ဆွဲသေတ္တာငယ်ကို တွန်ဂါတာ၏ ပေါင်ပေါ်သို့ တင်ပေးလိုက်ပြီး -
" သူငယ်ချင်း ကျုပ်ကို အူဇီသေနတ်ပေးပါ၊ ပြီးတော့ အဲဒီထဲက ဖိုင်တွေကို ဖတ်ကြည့်ပါဦး" ဟုပြောလိုက် သည်။
ထိုအချိန်၌ ခရိတ်အနေဖြင့် မျက်နှာဖြူလူကြီးသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနေပြီဖြစ်၍ -
" ဟဲလို ဗိုလ်မှူးကြီး ဘူခါရင်ခင်ဗျား၊ ဗိုလ်မှူးကြီးနဲ့ အခုလို တွေ့ဆုံသိကျွမ်းရတာ အထူးပဲ ၀မ်းသာပါ တယ်။ ဟဲ ... ဟဲ ... " ဟု သရော်သလို ပြောလိုက်သည်။

ခရိတ်ကပင် အူဇီသေနတ်ကို ဘူခါရင်၏ ၀မ်းဗိုက်တည့်တည့်သို့ ချိန်လျက် -
" ဗိုလ်မှူးကြီးတော့ အခုနေအခါ မော်စကိုမြို့ရဲ့ ဆောင်းရာသီကို သတိရအောက်မေ့နေမှာပဲနော်" ဟု ဆက်ပြော လိုက်ပြန်သည်။
" ကျုပ်က သာမန်လူတစ်ယောက် မဟုတ်ဘူး၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု နိုင်ငံတော်ရဲ့ သံတမန် အရာရှိကြီးတစ်ဦး ဖြစ်တယ်။ ကျုပ်က ... "
ဘူခါရင်က ခပ်တည်တည်နှင့် ပြောရာ သူ၏ စကားမဆုံးမီ ခရိတ်က ကြားဖြတ်လျက် -

" ဟုတ်ပါတယ် ဗိုလ်မှူးကြီးခင်ဗျား၊ ခင်ဗျားရဲ့ တရားဝင်နာမည်ကို ကျုပ်က နာမည်ကတ်ပြားကို ဖတ်ကြည့်ပြီးပါပြီ။ ကျုပ်အကြောင်းလည်း တစ်လှည့် ပြောပါရစေဦး။ ကျုပ်က ထွက်ပြေးနေရတဲ့ တရားခံ တစ်ယောက် ဖြစ်နေတာမို့ ဘာမဆို မိုက်ရူးရဲလုပ်ဝံ့တဲ့သတ္တိရှိနေတယ်။ ခင်ဗျားပါးစပ်ကို ပိတ်မထားပဲ ဆက်စကားများနေရင် ခင်ဗျားကို အကြီးအကျယ် အနာတရ လုပ်ပစ်လိုက်ချင်တဲ့စိတ်လည်း ရှိနေတယ်ဗျ" ဟု ခပ်တည်တည် ပြောလိုက်သည်။
ခရိတ်သည် ဖွန်ဂါဘီရာဘက်သို့ လှည့်လိုက်ပြန်သည်။

" ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ ခင်ဗျားက ကျုပ်ရဲ့ ကင်းလင်းမွေးမြူရေးခြံကြီးကို ကောင်းကောင်း စောင့်ရှောက် ထားတယ်လို့ မျှော်လင့်ပါတယ် "
ခရိတ် သည် သရော်သလို ပြောလိုက်သော်လည်း ဖွန်ဂါဘီရာသည် ဂရုမစိုက်ဘဲ မျက်နှာထား တင်းတင်းဖြင့် ပြန်ကြည့် လေသည်။
" မစ္စတာခရိတ်၊ ခင်ဗျားဟာ တစ်ကြိမ်တော့ လွတ်မြောက်သွားခဲ့တယ်။ အဲဒါ ကျုပ်မှားသွားလို့ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်က အမှားတစ်ခုကို နောက်ထပ် နျစ်ခါ ထပ်မှားလေ့မရှိဘူး "
ဖွန်ဂါဘီရာက ခပ်တည်တည်နှင့် ပြောလိုက်ချိန်တွင် ခရိတ်သည် သူ၏ လက်ထဲသေနတ်ရှိနေလင့်ကစား ကျောချမ်းသွားမိလေသည်။ ဖွန်ဂါဘီရာကား ရက်စက်ကြမ်းကြုတ်ရာတွင် သူမတူအောင် ရက်စက် တတ်သူဖြစ်ကြောင်း သိနေ၍ တုန်လှုပ်သွားမိခြင်းပင်ဖြစ်သည်။ မိမိကို ကြည့်နေပုံကလည်း အလွန် စက်ဆုပ် မုန်းတီးပြီး ကြည့်နေကြောင်း ထင်ရှားနေပေသည်။

ခရိတ်သည် တွန်ဂါတာဘက်သို့ လှမ်းကြည့်လိုက်ရာ ရုရှဗိုလ်မှူးကြီး၏ ဖိုင်တွဲများကို လေ့လာ ဖတ်ရှု နေကြောင်း တွေ့ရလေသည်။ ဖတ်နေရင်း တွန်ဂါတာသည် အလွန်ဒေါသထွက်လာပုံ ရလေ သည်။
" သူငယ်ချင်း ပူဖိုး၊ ဒါတွေရဲ့ အဓိပ္ပာယ်ကို သူငယ်ချင်း နားလည်သလား "
တွန်ဂါတာ က လှမ်းမေးရာ ခရိတ်က ခေါင်းညိတ်လိုက်သည်။

" နားလည်ပါတယ်၊ ဒါဟာ ဇင်ဘာဘွေနိုင်ငံမှာ နိုင်ငံရေးအာဏာကို သိမ်းယူဖို့ စီမံချက် ရေးဆွဲထားတာပဲ။ အင်္ဂလိပ်လို ရေးထားတာကတော့ ဖွန်ဂါဘီရာ နားလည်အောင် ရေးထားတာ ဖြစ်လိမ့်မယ်"
" ဟုတ်တယ်ဗျို့၊ အာဏာသိမ်းတဲ့အခါ ကွပ်မျက်သုတ်သင်ပစ်ဖို့ လူစာရင်းတောင် ရေးထားပြီး ဖြစ်နေတယ်။ သူတို့ အာဏာသိမ်းတဲ့အခါ ကြေညာဖို့ ကြေညာချက်တောင် အသင့်ရေးထားပြီးဖြစ်နေတယ် "
" စာမျက်နှာ နှစ်ဆယ့်ငါးကိုလည်း ကြည့်လိုက်ပါဦး "
ခရိတ်က ပြောလိုက်သဖြင့် တွန်ဂါတာသည် ဖိုင်တွဲကို လှန်ကြည့်လိုက်သည်။

" အလို ကျုပ်အတွက်တောင် အစီအစဉ် ရေးဆွဲထားပြီး ဦးနှောက်ဥာဏ် လုံးဝ မရှိတော့တဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်မယ် ဆိုပါကလား။ ဒါမှ ကျုပ်က သူတို့ဘက်သား တိုင်းရင်းသား သစ္စာဖောက်ဖြစ်လာပြီး မာတာဘယ်လီ လူမျိုးတွေကို သူတို့ရဲ့ ထာဝရကျေးကျွန်ဖြစ်နေအောင် ကျုပ်ကပဲ ခေါင်းဆောင် သိမ်းသွင်း ပေးဖို့ စီမံချက် ဖြစ်နေတာကိုး "
" ဟုတ်တယ် သူငယ်ချင်း၊ သူတို့ရဲ့ လျှို့ဝှက်စီမံချက်တစ်ခုလုံးက သူငယ်ချင်းအပေါ် အခြေပြုပြီး ဖန်တီး ထားတာ ဖြစ်တယ်။ သူငယ်ချင်း အသက်သေသွားရင် သူတို့အကြံက မအောင်မြင်နိုင်တော့ဘူးမဟုတ်လား။ ဒါကြောင့် သူက သူငယ်ချင်းကို စောစောက အသေမသတ်တာပေါ့။ ကျုပ်တို့တွေ တောင်ပေါ်က လိုဏ်ဂူကြီး အတွင်း မှာ ရှိနေတုန်း သူတို့က ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပစ်လိုက်ချိန်မှာ သူငယ်ချင်းကို ရှာမတွေ့ တော့ သေသွားပြီလို့ ယူဆရတယ် မဟုတ်လား။ အဲဒီအချိန်ကစပြီး ဖွန်ဂါဘီရာက သူတို့ အကြံ မအောင်နိုင် တော့ဘူး လို့ စိတ်ဓာတ်ကျသွားခဲ့တယ်။ အခုလည်း သူ့မျက်နှာကို ကြည့်ပါလား "

ခရိတ်က ရှင်းပြနေသော်လည်း တွန်ဂါတာသည် နားထောင်မနေတော့ဘဲ လက်ကိုင်သေတ္တာငယ်ကို ခရိတ်အား ပြန်ပေးလိုက်ပြီး ဖွန်ဂါဘီရာအနီးသို့သွား၍ မျက်နှာချင်းဆိုင်လိုက်သည်။
ထိုအချိန်၌ တွန်ဂါတာသည် အလွန် ဒေါသထွက်နေသည့် ဟန်မျိုးဖြစ်နေပေသည်။

" ခင်ဗျားက ဘယ်လိုလူလဲ၊ ဒီတိုင်းပြည်နဲ့ တိုင်းရင်းသား ပြည်သူတွေကို မျက်နှာဖြူ စမစ်အစိုးရ လက်ထက်ကထက်ဆိုးတဲ့ နယ်ချဲ့စနစ်သစ်တစ်ခု လက်အောက်မှာ ကျွန်မဘ၀ဖြစ်သွားအောင် ရောင်းစားဖို့ ကြံတဲ့လူပဲ။ ခင်ဗျားဟာ ကျုပ်တို့ မာတာဘယ်လီ လူမျိုးများကိုသာမက ခင်ဗျားတို့ရဲ့ ရှိုနာ တိုင်းရင်းသား တွေအပေါ်ကို သစ္စာဖောက်တဲ့ လူယုတ်မာပဲ။ ခင်ဗျားဟာ အာဏာရူးရာက ဦးနှောက် ပျက်သွားတဲ့ ခွေးရူး တစ်ကောင်လိုပါပဲလား"

ပြောရင်းနှင့် တွန်ဂါတာသည် ဒေါသကို မချုပ်တည်းနိုင်တော့ဟန်ဖြင့် ရှေ့သို့ တိုးသွားကာ ဖွန်ဂါဘီရာအား (ထိုင်ခုံခါးပတ် ပတ်ထားခြင်းကို ချွတ်ပစ်လျက်) လူတစ်ကိုယ်လုံး ဆွဲမလိုက်သည်။ ထိုအချိန်၌ တွန်၈ါတာ သည် ဒဏ်ရာပြင်းစွာရ၍ အလွန် ဒေါသထွက်နေသော ကျွဲရိုင်းကြီးတစ်ကောင်းကဲ့သို့ အံ့သြဖွယ်ရာ ခွန်အား နှင့် ပြည့်စုံ နေလေရာ ဖွန်ဂါဘီရာအား ရဟတ်ယာဉ်၏ ပြတင်းပေါက်နား ဆီသို့ လွှဲပစ် လိုက်လေသည်။

ဆက်ရန်
.

3 comments:

Anonymous said...

THANKS.

Ray

လသာည said...

ဖတ်ကောင်း။ ကျေးဇူးတင်ပါတယ်..း)))

Anonymous said...

Thank you.
Please keep going.