Wednesday, November 17, 2010
မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၈)
    ကိုဝင်းအောင် ကတော့ ငြိမ်သက် တိတ်ဆိတ်စွာနဲ့ ဆန်နီ့ကို ပုဆိုးအသစ်လေး ၀တ်ပေးတယ်။ စပို့ရှပ် အင်္ကျီ အစင်းလေးကို ၀တ်ပေးတယ်။
    'ခင်ဗျားတို့ မိတ်ကပ်ခေါ်ဦးမလား'
    အမှုထမ်းစကားကို ကိုဝင်းအောင်က ခေါင်းခါတယ်။ ခေါင်းဖြီး၊ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုးအတွက် ခုနှစ်ဆယ့်ငါးကျပ်၊ တစ်ရာပေးရတဲ့ မိတ်ကပ်ပြင်သမား ကောင်လေးတွေက အနီးအနားမှာ ရစ်ဝဲနေကြတယ်။
    'ဆန်နီ့ကို လတ်ခေါင်းဖြီးပေးမယ်'
    'ဆံပင်ဖြီးလို့မရဘူး အစ်မ၊ ပတ်တီးနဲ့ သွေးတွေနဲ့'
    လတ်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
    'ဒါဖြင့် လတ် သူ့ကို မိတ်ကပ်တို့ပေးမယ်'
    လတ်က ဆန်နီ့မျက်နှာကလေးကို ကရင်းပတ်ဖ်ကလေးနဲ့ ဖြည်းဖြည်းညင်ညင် သာသာလေး တို့ပေးတယ်။ ပြီးတော့ နှုတ်ခမ်းနီပန်းနုရောင်ကလေးကို ဖွင့်တယ်။ ဆန်နီ့နှုတ်ခမ်းသားတွေက ဖြူရော်လို့။
    'အဲဒီအရောင်ဆိုးလို့မရဘူးအစ်မ၊ တအားရဲရဲကြီးဆိုမှ နှုတ်ခမ်းမှာစွဲတာ၊ လူသေနှုတ်ခမ်းမှာ သွေးမရှိ တော့ ဘူးလေ'
    'ရှင်'
    လတ်က မျက်ရည်တွေ ကျလာပြန်တယ်။
    'ဘာမှမဆိုးနဲ့၊ မလိုဘူး'
    ဦးက ဒေါသတကြီး လတ်ကိုအော်တယ်။
    'အပေါ်ကလွှမ်းဖို့ အ၀တ်အစားရော'
    'ဒီမှာပါတယ်'
    'နေဦးဗျ၊ သူ့ပတ်တီးကို ဖုံးဖို့လိုတယ်၊ အဲ…ဦးထုပ်ကလေးကို ကြည့်ပြီး ဦးတစ်ယောက် မျက်နှာပျက် သွားတယ်။ ဦး ရဲ့ နယူးရီးယား လက်ဆောင် ဦးထုပ်ကလေးလေ။
    ဦးထုပ်ကလေး ကို ဦးကိုယ်တိုင် ဆောင်;ပေးတယ်။
    'ပန်းတွေပေးပါ'
    ဦးကိုင်လာတဲ့ ပလတ်စတစ်အိတ်ထဲက စံပယ်ပန်းတွေကို လတ်ထုတ်ပေးလိုက်တယ်။ ပြီးတော့ နှင်းဆီ၊ သစ်ခွ။
    သစ်ခွပန်းအဖြူလေးက ဆန်နီနောက်ဆုံး ရွှေ့ပေးခဲ့တဲ့ သစ်ခွပန်းအိုးလေးက ပွင့်တာ။
    ဆန်နီ့မျက်နှာလေးဘေးမှာ စံပယ်ပန်းနဲ့ နှင်းဆီအနီလေးတွေကို ၀န်းရံလိုက်တယ်။ ပြီးတော့ ဆန်နီ့ ရင်ဘတ် ပေါ်မှာရယ်၊ ယှက်ထားတဲ့လက်နှစ်ဖက်ပေါ်မှာရယ်။
    ဇာအုပ်ဆောင်းရှည်ရှည် နဲ့ ဆန်နီ့ကို အသာအယာ အုပ်လိုက်တယ်။
    ဆန်နီခေါင်းရင်းက ပန်းအိုးသုံးလုံးမှာ လတ်က နှင်းဆီတွေကို ထိုးစိုက်ပြီး အမွှေးတိုင်ကို ထွန်းညှိလုက်တယ်။
    ဆန်နီခေါင်းရင်းက ပန်းအိုးသုံးလုံးမှာ လတ်က နှင်းဆီတွေကို ထိုးစိုက်ပြီး အမွှေးတိုင်ကို ထွန်းညှိ လိုက်တယ်။
    'ရော့…ဆန်နီ…၊ မင်းကို ငါမပေးရသေးတဲ့ မင်းရဲ့ဓာတ်ပုံ'
    ဦးက ဆန်နီ့ဘေးနားမှာ ဓာတ်ပုံလေးကို ထောင်ထားလိုက်တယ်။ ဦးရဲ့ပန်းပန်တွေကြားမှာ ဆန်နီရယ် လေ အားရပါးရပြုံးလို့။
    'ဆန်နီရယ်'
    လတ်က ငိုပြန်တယ်။ ဆန်နီဟာ လတ်တို့ကျွေးတဲ့ ကော်ဖီနဲ့မုန့်လေးကို နောက်ဆုံးစားသွားရရှာတာ။
    အသုဘရှုခန်းမထဲကို လူတွေ ရောက်စပြုလာကြပြီ။ ယပ်တောင်တွေ တင်လာတဲ့ အာကာ့ ကားလေး ရောက်လာတယ်။ အာကာက ဆန်နီ့အတွက် ယပ်တောင် ကုသိုလ် လုပ်တယ်လေ။ ယပ်တောင် ထုပ် ကို ကိုဝင်းအောင် လက်ထဲ ထည့်ပြီး အာကာက ဆန်နီ့ကို သွားကြည့်တယ်။ ခဏကြာတော့ တအစ်အစ်နဲ့ ရှိုက်ရှိုက်ပြီး အာကာငိုပါလေရော။ ဆန်နီမင်းကိုဆို ငါအမြဲတမ်းနိုင်ခဲ့တာပဲ။ မင်းသိပ်သည်းခံ တာပဲ။ ငါခိုင်းသမျှ လဲ မင်းလုပ်ပေးတယ်နော်။
    ငိုနေတဲ့အာကာ့နားမှာ သုဘရာဇာတွေက ဆန်နီ့အတွက် 'ခေါင်း'ကို လာချတယ်။ အဖြူရောင်ခေါင်း။
    အာကာက ခေါင်းကို ငေးစိုက်ကြည့်ရင်း အဘွားပြန်တုန်းက အဘွားရဲ့ခေါင်းကြီးကို သူနဲ့နှစ်ယောက် ထမ်းချပေးတဲ့ ဆန်နီ့ကို မြင်ယောင်လာတယ်။ ဆန်နီဒီတစ်ခါတော့ ဒီခေါင်းထဲမှာ မင်းကိုထည့်ပြီး ငါထမ်းရမှာကွ။
    ခန်းမထဲမှာ လူတွေပြည့်လာတယ်။ မြစိမ်းပြာလမ်းသွယ်ထဲက အသုဘပို့ ဘတ်စ်ကားတွေ လူအပြည့် အသိပ် နဲ့ ရောက်လာကြတယ်။ လူချစ်လူခင်များတဲ့ ဆန်နီ့ရဲ့ အသုဘရှု ပရိသတ်တွေလေ။
    'အန်တီမေရီလာရှာပြီ'
    လက်ကို တစ်ချက်ရှိုက်ရင်း ပြောတယ်။ ကားလေးတစ်စီး ပေါ်ကနေ အန်တီမေရီ့ကို ဆန်နီ့အစ်မတွေက တွဲ လာကြ တယ်။
    'သား....၊ ဆန်နီ....သားရေ..'
    အန်တီမေရီ အော်လိုက်တဲ့အသံကို ဘယ်သူမှ မခံနိုင်ကြဘူး။
    အန်တီမေရီ က ဆန်နီ့ဘေးမှာ ရပ်ပြီး သားလုပ်သူကို မျက်ရည်တွေထဲကနေ ကြည့်တယ်.။
    'ဆန်နီ၊ ဆန်နီဘွိုင် မာမီ့သား ဒုက္ခိတကလေး၊ ဘယ်တုန်းကမှ မာမီခေါ်တာကို မထူးနိုင်ခဲ့ရှာဘူးနော်၊ မထူးနိုင်ရှာဘူး၊ သား၊ သားမက်မောတဲ့၊ သားမြတ်နိုးတဲ့ တိုက်ကြီးက ငါ့သားကို အသေသတ်လိုက်တာ သိရဲ့လား၊ သားချစ်တဲ့ သားအခန်းလေးကို သားခွဲသွားပြီပေါ့။
    'မာမီ့ကိုလေ မင်းအဲဒီနေ့က ဘာလို့ လမ်းထိပ်ထိလိုက်ပို့တာလဲဟင်၊ မိုးရွာထဲမှာ မအေကို ထီးဆောင်းပြီးလိုက်ပို့ပါတယ်နော်၊ လိုက်ပို့ပါတယ်၊ ဒါပေမယ့် ကျွန်မပြန်လာတော့ ကျွန်မသားလေး မရှိတော့ဘူး၊ မရှိတော့ဘူး'
    အန်တီမေရီဟာ အရူးမကြီးတစ်ယောက်လိုပဲ။ ဟုတ်တယ်လေ။ သားအတွက် သူရူးနေတာပဲ။ မယ်အေးက ကိုဝင်းအောင် နားမှာ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း သားသုတကို တင်းတင်းဖက် ထားမိတယ်း။သားသုတ နဲ့ ဘွားအေ ကို မယ်အေးလဲ အမြဲတမ်း ထားခဲ့ရတယ်။ သူတို့ မြေးအဘွားကလဲ အမြဲတမ်းထားခဲ့ရတာ။ သူတို့ မြေးအဘွားကလဲ အမြဲတမ်း ၀၇န်တာမှာ ထွက်နေကြတာ။ တကယ်လိုသာ အပေါ် ၀ရန်တာလိုပဲ မယ်အေးတို့ ၀ရန်တာပြိုကျခဲ့ရင်...။ အို...သားရယ်၊ ကိုဆန်နီလေး ကို သားမြင်သလားဟင်။ ကြည့်ပါဦး သူသေရှာပြီ။
    အာကာရဲ့ ကားကလေးက နောက်တစ်ခေါက် ထိုးဆိုက်လာပြန်တယ်။ ကားရှေ့ခန်းကနေ တုန်တုန်ယင်ယင် နဲ့ ဆင်းလာတဲ့ ဖိုးဘတင်ကို မြေးအမြွှာနှစ်ယောက်က တွဲလိုက်ကြတယ်။ ဖိုးဘတင်ရဲ့ နောက် က သားနဲ့ ချွေးမ က လိုက်လာကြတယ်။
    'ဆန်နီ့ကို ငါကြည့်ချင်တယ်၊ ငါ့ကိုပြကြပါဦး၊ ငါ့ကို ပြကြပါဦး'
    ဖိုးဘတင်က မြေးမတစ်ယောက်လက်ကို ဆုပ်ပြီး တုန်တုန်ယင်ယင် ပြောလိုက်တာနဲ့ အမြွာမတစ်ယောက်က 'ဆန်နီရေ'လို့ အော်ပြီး ငိုချလိုက်တယ်။ သနားလိုက်တာ ဆန်နီရယ်။ စိတ်ကောင်း ရှိတဲ့ နင့်ကျမှ ဖြစ်ရတယ်လို့ဟယ်။ နင်သေပြီတဲ့။ နင်ငါတို့ဆီ တီဗွီလာမကြည့် နိုင်တော့ဘူး။ ငါတို့ကို မီးပူတိုက်မပေးနိုင်တော့ဘူး။ အမှိုက်ပစ်မပေးနိုင်တော့ဘူး။ ငါတို့နဲ့ နင်နဲ့ နောက်ဘယ်တော့ မှ မတွေ့ ရတော့ဘူးနော်။
    'ဆန်နီ၊ အဘိုးနဲ့မင်းနဲ့ လဲချင်တယ်ကွာ ဆန်နီ့ရာ၊ အဘိုးက အသက်ကြီးပါပြီကွာ၊ အသက်ကြီးပါပြီ'
    ဖိုးဘတင်က ဆန်နီဘေးမှာရပ်ရင်း တတွတ်တွတ် ရေရွက်တယ်။ လူလေး ဆန်နီ။ မင်းကို အဘိုးကြည့်ချင်လွန်းလို့ မင်းဆီကိုလာခဲ့တာ။ မင်းဆုံးတဲ့နေ့က အဘိုးကို မကြည့်ရဘူးတဲ့။ အဘိုး ကြည့်ချင် တာပေါ့။ ဒါပေမယ့် မင်းတို့ ရန်ကုန်ထုံးစံကခက်တယ်။ သေတာနဲ့ အလောင်းကို ကြံတော အအေးတိုက် ဆိုတာကြီးထဲ ပို့လိုက်ရတာကိုး။
    တို့အညာလို ကိုယ့်အိမ်မှာ ကိုယ်ပြင်ဆင်ထားပြီး တစ်ချိန်လုံး တ၀ကြီး မကြည့်ရပါလားကွာ။ နောက်ဆုံးကြည့်ခြင်းကွ။ နောက်ဆုံးကြည့်ခြင်း။ ဘာလို့ တခြားနေရာမှာ သွားထားရမှာလဲ။ မကြိုက်ဘူး ကွာ။ အဘိုးတော့ မကြိုက်ဘူး။ တိုက်ခန်းလေးတွေ ကျဉ်းကျပ်တယ်တာတော့ ကျဉ်းကျပ်တာပေါ့ကွာ။ ဒါပေမယ့် ဒါနောက်ဆုံးပဲလေ။ ဖြစ်အောင်ထားမယ်ကွာ။ အဘိုးစိတ်ဆိုရင်တော့ ဖြစ်အောင် ထားမယ်။ ခုတော့ ဘာတွေမှန်းကိုမသိဘူး။ သေကြောင်း ထောက်ခံစာတွေရော ဘာတွေရော ရှုပ်ယှက်ခတ်နေတာပဲ။ အဘိုးသေရင်တော့ အညာမှာပဲ ပြန်သေမယ်ကွာ။ အဘိုးရှေ့က အလျင် သွားနှင့်ပေဦးတော့။ သွားနှင့် ပေဦးတော့။
    ဖိုးဘတင်ကို မြေးမတွေက ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ခိုင်းတယ်။ ဖိုးဘတင်က ဘေးကုလားထိုင်တွေမှာ ဟိုဒီကြည့်ရင်း အန်တီခင်လေးကို ရှာတယ်။ ခမျာလဲ ဒုက္ခ။ တူမအတွက် စိတ်ထိခိုက်လို့ မှ မဆုံးခင် စိတ်ထိခိုက်စရာ နောက်တစ်ခုက ထပ်ဖြစ်ရရှာတယ်။ သူ့အခန်းမှာဖြစ်တော့ သူ့မှာ အပြစ်မကင်းသလို ခံစားရရှာမှာပေါ့။ တစ်ခါတည်း အိပ်ရာထဲလဲတာပဲ။ အင်း...ဒီကို မလာနိုင် လောက်ပါဘူး။ မလာတာပဲ ကောင်းပါတယ်လေ။ ဆန်နီ့ကို မကြည့်တာပဲ ကောင်းပါတယ်။
    'ဆန်နီက သင်းတို့ အိမ်ဆို စားအိမ်သောက်အိမ်ပဲ၊ စားစရာရှိစား၊ လုပ်စရာရှိလုပ်၊ အိမ်က ကလေး တွေနဲ့လဲ မတိမ်းမယိမ်းတွေမဟုတ်လား၊ တီဗွီလာကြည့်လဲ သင်းတို့အိမ်ပဲ အမြဲတမ်း လာကြည့်တာ၊ သားကြီး မင်္ဂလာဆောင်တုန်းကလဲ ဆန်နီက သိပ်အားကိုးရတာ၊ ဟုတ်ကဲ့၊ ၊ ခုလဲ သားက သူ့သူငယ်ချင်း အတွက် ယပ်တောင် ကုသိုလ်လုပ်တယ်'
    မျက်ရည်လေး စမ်းစမ်းနဲ့ ဧည့်ခံကောင်းနေတဲ့ ချွေးမရဲ့ အသံစူးစူးကို ဖိုးဘတင်နောက်က ကြားနေ ရသည်။ ပြီးတော့ တိုးတိုးလေး စိန်ကျောက်ကြောင်း ပွဲစားလုပ်နေတဲ့အသံ။ ဒီကလေးမ တယ်ခက် တာပဲ။
    'သားရေ....သား'
    အန်တီမေရီရဲ့ နှလုံးကွဲသံနဲ့အတူ ဆန်နီ့ခေါင်းကို ပိတ်လိုက်ကြပြီ။
    မိးသဂြိုလ်စက်ဆီ သွားကြဖို့ ဆန်နီ့ခေါင်းကို ထမ်းမယ့်သူတွေ အများကြီး ရှေ့ထွက်လာကြသည်။
    ရှေ့ဆုံး ကနေ ပုဆိုးတိုတို ကို ပြင်ဝတ်ပြီး စိတ်ထိခိုက်နေတဲ့ ခပ်တည်တည် မျက်နှာကြီးနဲ့ ဆရာဦးသက်ဦး က ခေါင်းကို ထမ်းဖို့ အဆင်သင့်။ ဦးနဲ့အတူ ကိုဝင်းအောင် အာကာ၊ အာကာ့အဖေ၊ ပြီးတော့ မြစိမ်းပြာလမ်းသွယ် ထဲက လူငယ်တွေပြီးတော့ ထူးခြားတဲ့ ဆန်နီ့သူငယ်ချင်းသုံးယောက်၊ ဆန်နီ နဲ့ နံနက်တိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေကျ သူငယ်ချင်းလေးတွေက သူတို့လဲ ဆန်နီ့ခေါင်း ထမ်းမယ်တဲ့။ မျက်ရည် တွေနဲ့ လက်ဟန်ခြေဟန်ပြပြီး ပြောရှာတယ်။ အန်တီမေရီမျာ ပိုပြီး ရင်ကွဲစရာဖြစ်ရတယ်။ ဆန်နီနဲ့ ဘ၀တူ ဆွံ့အနားမကြားသေးတွေလေ။
    ဆန်နီခေါင်း ကို အားလုံးဝိုင်းထမ်းပြီး မီးသဂြိုလ်စက်ဆီ လာခဲ့ကြတယ်။
    ဆန်နီ့အသုဘရှုပရိသတ်က နောက်ကနေ လိုက်ပို့ကြတယ်။
    မီးသဂြိုလ်စက်နား အရောက်မှာတော့ တခြားခန်းမက ချလာတဲ့ အသုဘတွေနဲ့ ရောနှောသွားခဲ့တယ်။ မီးသဂြိုလ်စက်ထဲကို ဆန်နီ့ကို ထည့်လိုက်ကြပြီ။
    မီးသဂြိုလ်စက်တံခါးကြီး ခြိမ်းခနဲပိတ်သံကို ထိခိုက်တုန်လှုပ်ဖွယ် ကြားရသည်။
    ခေါင်းတိုင်ဝက တလူလူထွက်လာတဲ့ မည်းညစ်ညစ် မီးခိုးလေးတွေနဲ့အတူ ဆန်နီတစ်ယောက် မြစိမ်းပြာ သုံးထပ်တိုက်ကနေ အပြီးအပိုင် ထွက်ခွာသွားပြီပေါ့နော်။
    ဆန်နီ့ရဲ့ ခုနှစ်ရက်မြောက် ရက်လည်ဆွမ်းသွတ်နံနက်မှာတော့ တိုက်ကလူတွေ အားလုံးဆုံကြတယ်။ မြစိမ်းပြာလမ်းသွယ် က လူတွေလဲ တော်တော်လာကြပါတယ်။ ရန်ကုန်ရက်လည် ထုံးစံ အတိုင်း မုန့်ဟင်းခါးကျွေးတယ်။ မုန့်ဟင်းခါးက အိုးသူကြီး ကိုဝင်းအောင် ရဲ့ လက်ရာပေါ့။
    ဖိတ်ဖိတ်တောက်နေတဲ့ ဆန်နီ့ရဲ့ လက်ရာ ကြမ်းပြင်ပေါ်မှာ ကိုဝင်းအောင်ရဲ့ လက်ရာမုန့်ဟင်းခါးကို စားကြရင်း ဒီလို ပွဲမျိုးဆို အလွန်ပျော်တတ်တဲ့ ဆန်နီ့ကို အားလုံးပဲ တမ်းတမိကြတယ်။
    ရက်လည်မှာ အန်တီခင်လေးလဲ လာတယ်။ အန်တီခင်လေး ၀ရန်တာဘက်ထွက်တဲ့ တံခါးကို အသေပိတ် ထားပြီး ကြောင်တွေအားလုံးနဲ့နေနေတယ်လေ။ ၀ရန်တာကို ပြန်မပြင်ရသေးဘူး။ ဦးကတော့လေ သူ့ဟာသူ ကုပ်ကုပ်လေး ထိုင်နေရှာတဲ့ အန်တီခင်လေး နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေလို့တဲ့၊ တစ်ခါတည်း မျက်နှာကြီး ကို သိသိသာသာ ဘေးလှည့်ထားတယ်။ အန်တီခင်လေးများသိရင် အားနာစရာ။
    'ဖိုးဘတင်ကတော့ အိမ်ဦးခန်းမှာ ထိုင်ရင်း လမ်းထဲက လူကြီးတွေနဲ့ 'ငယ်ငယ်တုန်းကဆိုရင်' ဆရားဟောနေတာ၊ မုန့်ဟင်းခါးတောင် ကောင်းကောင်းမစားနိုင်ဘူး။
    ဖိုးဘတင်သားနဲ့ အမြွာညီအမလဲလာတယ်။ ဖိုးဘတင် ချွေးမကတော့ ခဏလာပြီး သွားစရာရှိတာကိုသွားပြီ။ မလာနိုင်တာကတော့ အာကာတစ်ယောက်ပဲ။
    မြစိမ်းပြာလမ်းသွယ်ထဲက လူကြီးဝိုင်းကို စီးကရက်တဖွာဖွာနဲ့ အန်တီမေရီ ဧည့်ခံစကားပြောနေတုန်း တယ်လီဖုန်း သံက မြည်လာခဲ့တယ်။
    အန်တီမေရီ သူ့ခန္ဓာကိုယ်၀၀ကြီး လှုပ်လှုပ်လှုပ်လှုပ်နဲ့ ထလာပြီး တယ်လီဖုန်းကိုင်တယ်။
    'ဟဲလို...ပြောပါရှင်၊ ရှင်...ဘယ်သူ၊ ဟင် မွန်...မွန်လား၊ ရှိတယ်၊ အန်တီခင်လေးရှိတယ်၊ ဟုတ်တယ် မွန် သားလေးဆုံးပြီး'
    အန်တီမေရီမျက်ရည်တွေကျလာတယ်။ အန်တီမေရီရဲ့ ဖုန်းပြောသံကို ကြားလိုက်ရတဲ့ အန်တီခင်လေးတစ်ယောက် ရင်ဘတ်ပေါ် လက်ကလေးဖိလို့။
    အားလုံးက အန်တီခင်လေးကို ကြည့်နေကြတယ်။ ဦးရဲ့ မျက်မှောင်ကြီးကတော့ ပိုကုတ်လာပြီး ခေါင်းကြီး က ပိုလှည့်သွားတယ်။
    'သူများအနာကို လာဆွနေတယ်ဗျာ၊ အဘွားကြီးမှာ မျက်ရည်ကျရပြန်ပြီ'
    'အို...ဦးကလဲ'
    ဦးရဲ့ အားမနာတတ်တဲ့ အသံကျယ်ကြီးကြောင့် လတ်ဦးကို ဆွဲဆိတ်ရတယ်။
    'ရပါတယ်၊ ရပါတယ်မွန်ရယ်၊ အန်တီခင်လေးကို ခေါ်ပေးမယ်လေ၊ ခဏလေးနော်'
ဆက်ရန်
.
2 comments:
susu said...
မရှက်နိုင်‌တော့ဘူးမ‌ရွှေစင်‌ရေ.....ဖတ်ရင်းနဲ့အသံ
ထွက်ပြီးရှိုက်မိသွားတယ်....။
မျိုးမင်းစိုး said...
ိထိတယ်ဗျာ ရင်ထဲကိုဆို့ဆို့သွားတာပဲတဲ့သူများတွေ ပြောတတ်ကြပါတယ် အခုတော့ရင်ထဲက ဆို့ပြီးတက်လာတဲ့ စိတ်မကောင်းခြင်းဆိုတဲ့ အပေါင်းအဖော်တစုက အလုံးအရင်းနဲ့ပေါ့ ရင်ဘတ်ကနေ လည်ချောင်းကျဉ်းကျဉ်းလေးထဲမှာ တစ်ဆို့ တစ်ဆို့နဲ့။ ထွက်ပေါက်နှစ်ခုဖြစ်တဲ့ ပါးစပ်ကလဲပိတ်ထား မျက်လုံးကလဲ မျက်ရည်တွေဝေ့လို့ဗျာ အော်....