အခန်း (၇)
ဘယ့်နှယ့်လဲ၊ ကျုပ် သည်တစ်လော သူကြီးအိမ်နဲ့ တာစားနေပါလား။
အကြောင်းမှာ ဒေါ်ဂျမ်းဘုံကြီးနှင့် အမှုပြီး၍ နောက်တစ်နေ့မှာပင် သူကြီးက အခေါ်လွှတ်လိုက်ပြန် သည်။ ဘာကိစ္စ များပါလိမ့်။
လာခေါ်သော ကောင်လေးအား အေး.... လာခဲ့မယ်ပြောလိုက်ဟေ့ မှာလိုက်ပြီးနောက်၊ မနေ့က အမှုနိုင် သဖြင့် ၀မ်းသာအားရနှင့် ညကတော်တော် ညဥ့်နက်အောင်ပင် ပလွေမှုတ်လိုက် သောကြောင့် ပလွေက ပင့်ကူမှေး မှာ ပေါက်ကွဲသွားသဖြင့် နောက်ထပ် အသစ်ရှာပြီး ပြန်ကပ်နေရသေးသည်။
ပြီးမှ ရွာတစ်ရိုး ဟိုးဟိုးကျော်အောင် မှုတ်ကာ လာခဲ့သည်။
'စံဖဲ အကြောင်း မပါရင် ဒေါ်သနဲ့ အပြစ်တင်'
'လာပါ......လာပါ ....မကြည့်ရဲလို့၊ တကယ်စောင့်တဲ့အချိန်'
'ဆရာစံ သမ္ဘာဉာဏ်... '
တစ်လှည့်စီ၊ တစ်ကျော့စီ၊ ဖွဲ့ကာနွဲ့ကာ တီတီတာတာ။ မကြည့်ရဲ့' သီချင်းမှာ အချစ်သီချင်း၊ ရည်းစားမျော် သီချင်းကလေး ဆိုတော့ ပို၍မှုတ်ကောင်းသည်။ ကျွန်တော် ငယ်မှုပြန်လေသည်။ ရည်းစားထားချင်စိတ်ပင် ပေါ်လာသည်။
ဟင်......ရပ်ပလွေမှုတ်မှပဲ သာသာယာယာ စည်စည်ဝေေ၀ရှိပါလေရော၊ ဟီး......ကိုယ့်မိန်းမနဲ့ ပြန်လည် သင့်မြတ် လို့ ပလွေမှုတ် ရပ်လိုက်ရင်ဖြင့် သူတို့ဘာပြောကြမလဲ၊ ရွာခြောက်လှတယ်ကွာ၊ တက်ပုတော့ သူ့ မိန်းမ နဲ့ ကွဲအောင် လုပ်ပေးဦးမပဲ၊ ဆိုစမှတ်ပြုကြတော့ထင့်။
မိန်းမ နဲ့ ကွဲအောင်တော့ မလုပ်ကြပါနဲ့ဗျာ၊ ကြားချင်ရင် အလုပ်အားတဲ့အခါ လျှောက်မှုတ်ဆို မှုတ်ပေးပါ့မယ်၊
'မကြည် က ချစ်လျက်နဲ့
တယ် အ တဲ့ န တဲ့ ကလိန်
မစားနိုင်.....တပိန်ပိန်...
မသောက်နိုင် တလိမ်လိမ်
ကိုကလိန် ဦးတော်ချလို့နှိမ့်
သီချင်း က မဆုံးနိုင်သေးလို့ မှုတ်ကောင်းကောင်းနဲ့ သူကြီးအိမ်ထဲရောက်တောင် မှုတ်နေရသေး၊ သူကြီးရှေ့ ရောက်တော့ မှ ပဲ ပလွေခါးထိုးလိုက်ရင်း......
'ဘာကိစ္စတုံး သူကြီးမင်းရ'
ကျွန်တော်လက်ပလွေက မခွာရသေးပါ။
'ပေး.....မင့်လက်ထဲက ပလွေ'
'ဘာလဲ .... သူကြီးမင်းက လက်သံစမ်းချင်လို့လား'
သို့သော် သူ့မျက်နှာ ခက်ထန်နေကာ....
'မဟုတ်ဘူး ကွ၊ မင်းပလွေကို ငါ့အမိန့်နဲ့ သိမ်းတာ'
ဤမှ ကျွန်တော် မျက်နှာကလေးရှုံ့ကာ....
'ဟင်....... ဘယ့်နှယ့်ကြောင့်လဲဗျာ၊ ရပ်ရွာအကျိုး'
'အေး....ရပ်ရွာအကျိုး တစ်ရွာလုံး နားကန်းသေကြတော့မယ်၊ သောက်ဖြစ်ရှိအောင်လဲ မှုတ်တတ်တာ မဟုတ်ဘဲ နဲ့၊ မှုတ်လိုက်တဲ့ သီချင်း က ဂျာအေးသူ့အမေရိုက်'
'ဟာ....သူကြီးမင်းရ၊ သူ့အမေရိုက်သီးချင်းကို ကျွန်တော်တစ်ခါမှ မမှုတ်ပါဘူးဗျာ၊ သူကြီးမင်း နားကြားလွဲလို့ ဖြစ် ပါလိမ့်မယ်၊ ကျွန်တော်မှုတ်တဲ့သီးချင်းက လာပါလာပါ မကြည်ရဲ့ ရယ် စံဖဲအကြောင်းမပါရင် ရယ် ဆရာစံ' ရယ်..... '
'အေး...ဒီသုံးပုဒ်ပဲ၊ ဂျာအေး သူ့အမေရိုက် မှုတ်နေတာပြောတာဟ၊ မှုတ်လိုက်တာလဲ၊ နေ့ရောညရော၊ နို့ပြီး မြချောင် အိမ်က စကားမပြောတတ်တဲ့ သာလိကာ အော်တာလောက်မှ ပီတာမဟုတ်ဘူး၊ ဟောဒီအရပ်က တိုင်စာ လာတယ်၊ ရော့ ....နင်ဖတ်ကြည်'
သူကြီးမင်းရှင့် ..... သူကြီးမင်းခင်ဗျား။
(အမယ် ယောကျာ်းရော၊ မိန်းမရော ပါ ပါလား)
ရွာထဲမှာ တက်ပုပလွေမှုတ်တာ ၃ရက်ရှိပါပြီ၊ ဒီသုံးရက်အတွင်းမှာ နားပင်းတဲ့လူ ပင်း၊ ဖျားတဲ့လူဖျား ဖြစ်ကုန် ကြပါပြီ၊ သူကိုမနှိမ်နင်းရင်ဖြင့် နောက်တစ်ရက်နှစ်ရက် အတွင်းမှာ ရွာပျက်ပါလိမ့်မယ်၊ လူတွေ သေကြ ကျေကြ ပါလိမ့်မယ်၊ တချို့ရွာကထွက်ပြေးဖို့ လှည်းနွားပြင်ကြပါပြီ၊ သူ့ပလွေသံဟာ ကာလ၀မ်းရောဂါထက် ဆိုး ပါကြောင်း၊ အောက်ပါလက်မှတ်ထိုးသူများက သူကြီးမင်းအား ရိုသေလေးမြတ်စွာ ရှိခိုးအသနားခံ လျှောက်ကြား အပ် ပါသည်'
အင်း.... လက်မှတ် ထိုးကြတဲ့လူတွေ အစိတ်လောက် ယောက္ခမကြီးနာမည်က ထိပ်ဆုံးကပါလား။
တယ်...... ယောက္ခမဖျက်၊ ပြည်ပျက်၊ ဒါသူ့လက်ချက်ပဲ၊ ရွာထဲကလူတွေဟာ ဒါလောက် ကျွဲပါးစောင်းတီး ဖြစ်ကြမယ် မဟုတ်ပါဘူး၊ သည်လောက်ကောင်းတဲ့ ဂီတအရသာကို အေး....နင့်တို့ငတ်ကြပေါ့ကွာ၊ ငါကမမှုတ် နဲ့ဆို မမှုတ်ဘူးဟေ့၊ ရှင်းရှင်းပဲ။
သို့သော် ပလွေတော့ အဆုံးမခံနိုင်သေးပါ။ ထို့ကြောင့်...
'သူကြီးမင်း မမှုတ်နဲ့ဆို မမှုတ်တော့ဘူးဗျာ၊ ပလွေတော့ ပြန်ပေးပါ'
'ဘယ်ပေးနိုင် မလဲ၊ ငါ့အမိန့်သိမ်းတာ ငါပိုင်တယ်'
'ဟာ... ဒါလေး ဘယ်လောက်အဖိုးတန်မှာ မို့လို့လဲဗျာ၊ ကျွန်တော် ဟာမဟုတ်လို့ ပြန်တောင်း နေတာပါ၊ ဦးကြီးဖြိုး သား စံနဂုတ်ပလွေဗျ၊ သူ့ဟာ ပြန်မပေးရင် ဆူနေဦးမှာ
'နင်ဒါဖြင့် ပက်ဆံနဲ့ပြန်ရွေးလေ'
သူကြီး မှာ ပိုက်ဆံကို ပက်ဆံဟုခေါ်ကာ အင်မတန်မက်မောလေသည်။ တစ်မူး တစ်ပဲ တစ်ပြားကစ ရသမျှ ယူ၏။
'ဘယ်လောက် နဲ့ ရွေးရမှာလဲ'
'တစ်မတ်ပေး'
'ဟာ.....များဘူးလား သူကြီးမင်းရာ၊ သုံးပဲလုပ်ပါ'
'ကဲ...ကဲ ...... ရှည်မနေနဲ့၊ သုံးပဲနှစ်ပြားထား'
'ဟာ..... သုံးပဲတိတိပဲ ထားလိုက်ပါတော့...သူကြီးမင်းရာ၊ တခြားလူတွေမှလဲ မဟုတ်တာ'
ကျွန်တော် တို့ ဆွေမျိုးနီးစပ် တော်ကြပါသည်။
'အေးလေ .... ငါမင့်အဖေမျက်နှာထောက်လို့ ဒီနှစ်ပြားလျှော့တာကွ၊ နိုးမို့ဝေးပါသေးရဲ့'
ပြော၍ ရပုံ မပေါ်တော့သဖြင့် ကျွန်တ်ာအိတ်ထဲက ပိုက်ဆံထုတ်ရပါတော့သည်။ သို့သော် အခက်အခဲ တွေ့ရပြန်တော့သည်။ ဟောဒီအစိုးရ မတင်မကျလုပ်ပုံဗျ။
ကဲ....သူကြီးမင်း၊ ဟော့ဒီနောက်ပေါ်တဲ့ ငါးပြားစေ့ က သုံးပြားဆိုတော့ သူကြီးမင်းက တစ်ပြားအမ်းပါ'
ငါမှာ တစ်ပြား မရှိဘူး၊ မင်းအနာမခံချင်ရင် ကြေးပြားယူခဲ့။
'ဟာ.... ခုနှယ် ကြေားပြားကလဲ ဘယ်သွားရှာမလဲ'
ကျွန်တော် အမှတ်မဲ့ ပြောမိရာ သူကြီးမင်း မျက်မာန်ရှလျက်.....
'ဟေး.....ဟေး.....တက်ပု .....တက်ပု၊ မင်းငါ့အရှင်သခင်ကျေးဇူးရင် အစိုးရကို ထိပါး ပုံတ်ခတ်တဲ့စကား ပြောရ သလား၊ နင့်ငါအမှုလုပ်ပြီး ဒဏ်တပ်နိုင်တယ်..... သိရဲ့လား'
ဤတွင်မှု ကျွန်တော် မျက်လုံးမျက်ဆန်ပြူးကာ......
'အမယ်လေး...... ကျွန်တော် မှားပါတယ်၊ ကျွန်တော်တောင်းပန် အသနားခံပါတယ်.... သူကြီးမင်းရယ်၊ အမှု လုပ်ပြီး ဒဏ်တပ်မနေပါနဲ့၊ ဟောဒီငါးပြားစေ့က တစ်ပြားပိုတာလဲ သူကြီးမင်းပဲ ယူလိုက်ပါတော့'
ကျွန်တော့် မှာ ပလွေကလေးကိုင်၍ ခပ်မှိုင်မှိုင် ပြန်ခဲ့ရပါတော့သည်။ ထပ်၍မမှုတ်ဝံ့တော့ပါ။ နောက်တစ်ခေါက် မှုတ်သံကြားရင် မှုတ်တယ်ဆိုရင် ဒဏ်ချမယ်ဟု သူကြီးကပြောလိုက ပါသေးသည်။ အင်မတန် ဒဏ်ချတော့ ၀ါသနာပါတဲ့ သူကြီးမင်း။
အင်း.... ငြိမ်ဦးမှ.... ငြိမ်ဦးမှ၊ ကိုယ့်ဇာတာနိမ့်တုန်း ကြည့်စမ်း..... သားမဟားနဲ့လဲကွဲ၊ ငွေလဲတော်တော် ကုန်ပြီ။ အရင်အမှုက တစ်ကျပ်တစ်မူး။ အခုတစ်မတ်နဲ့နှစ်ပြား။ အင်း... သုံးပြား ကျသွားတာပေါ့လေ။ စုစုပေါင်း တစ်ကျပ်သုံးမူးနဲ့ တစ်ပဲတောင် ရှိသွားပါပြီလား.....။
အခန်း (၈)
ကျနော်သည် ဦးကြီး အကြံ မဟန်ကြောင်းပြောပြမည်ဟု ဦးကြီးဖြိုး အိမ်ဆီလာခဲ့ရာ ဦးကြီးဖြိုးမှာ ဧည့်သည် နှစ်ယောက် နှင့် ထိုင်နေသည်ကို တွေ့ရပါသည်။
တစ်ယောက် က ကျနော့် စုံထောက်ကြီးဦးဂန်ဂျား နောက်တယောက်က ရွာစဉ် ထီလက်မှတ်လျှောက် ရောင်း တဲ့ ဦးဖက်ထုပ်ကြီး။
ထို့ကြောင့် ဦးကြီးဖြိုးက ကျနော့်ကို လှမ်းမြင်လိုက်လျှင်မြင်လိုက်ခြင်း...........
ဟေ့ တက်ကလေး အဆင့်သင့်ပဲဟေ့ လာစမ်း ဒီမှာ ဦးဖက်ထုပ်ကြီးက သူ့ထီလက်မှတ်တစောင် ရောင်းရင် ထန်းရည် တကျပ်ဖိုး တိုက်မတဲ့ ကွ မင်းလဲ သောက်ရအောင် ထိုးကွာ
ကျနော် သူတို့ အနီးရောက်သောအခါ မျက်နှာ ရှုံရှုံ မဲ့မဲ့ နှင့်
'ဟာ မထိုးနိုင်ဘူး ဦးကြီးရာ ကျနော် ခုတလော ပိုက်ဆံ အကုန်အကျ များနေတယ်၊ နို့ပြီး ခု အိတ်ထဲမှာ လဲ ပိုက်ဆံ မရှိဘူး'
'အိတ်ထဲ မရှိ အိမ်ပြန်ယူကွာ'
'အိမ်မှာလဲမရှိဘူး ဦးကြီးရ ပိုက်ဆံပြတ်နေတယ်၊ မနက်ကရှိတဲ့ ငါးပဲကလေးတောင်..... '
ကျွန်တော့် စကားမဆုံးခင်......
'ဟာ.... မင့်ပိုက်ဆံ ပြတ်နေရင် ၀မ်းစာစပါးထဲက တစ်တင်း လောက် ရောင်းကွာ၊ ဒီလိုကြံကြံဖန် ထိုးရတဲ့ ထီလက်မှတ်မျိုး က ပေါက်တတ်တယ်ဟ'
ဆက်ရန်
.
1 comment:
ဒီမှာလည်း ထီပေါက်ချင်နေတာနော်။
ထီပေါက်လို့ကတော့....ဟင်း...
Post a Comment