ပိတောက်ပင်ကြီး ကို ခုတ်ကြတဲ့အချိန်မှာ စမ်းမြိုင်ခြံကြီးထဲမှာ ဘယ်သူမှ မရှိကြတော့ဘူး။ အဖေ အပြင်း အထန် ဖျားနေတဲ့ အချိန်ကပဲ တစ်ခြံလုံးရှိသမျှ သစ်ပင်ကြီးတွေကို ဦးမြစိန်တို့က ရောင်းချပြီးနေပြီ။ ထင်း အဖြစ် ၀ယ်တဲ့လူတွေကလည်း မိုးမကျခင် ပြင်ကြရဆင်ကြရမှာ ဖြစ်တော့၊ လျင်လျင်မြန်မြန်ပဲ ခုတ်ကြ၊ သယ်ကြတယ်။ တစ်ခြံလုံး ပိတောက်ပင်ငုတ်ကြီးကလွဲပြီး သစ်ပင်ကြီး တစ်ပင်မှ မကျန်တော့တဲ့ အခြေအနေ မှာ ဦးမြစိန်တို့ကလည်း ပျက်စီးနေပြီးဖြစ်တဲ့ ခြံကြီးကို ပစ်ထားခဲ့ပြီး မြို့ပေါ်ကို ပြောင်းသွားကြပြီလေ။
ဒါကြောင့် အဖေအမေတို့နဲ့ ဦးဖေဆိုင် ဒေါ်ငွေတို့ သစ်ပင်ခုတ်ဖို့သွားကြတဲ့အခါ ဟာလာဟင်းလင်း ခြံပျက်ကြီး မှာ လူသတ္တ၀ါဆိုလို့ အဖေတို့လေးယောက်ပဲ ရှိနေတယ်။
အမေပြောပြခဲ့တဲ့ အတိုင်း ပြောရမယ်ဆိုရင်....လေးယောက်သား သစ်ပင်ကြီးကို လှဲကြရာ၊ ပင်စည်ကြီး တစ်ခုလုံး မြေပေါ်ရောက်လာပြီး မြေကြီးနဲ့ကပ်နေတဲ့ တစ်တောင်သာသာ သစ်ငုတ်တို ကြီးပဲ ကျန်တော့ တယ်။
အဖေက သူ့အိပ်မက်ကို သတိရပြီး ဒီသစ်ငုတ်တိုကြီးကို ဒီအတိုင်းပဲ ရှိပါစေတော့လို့ ထားခဲ့ချင်တယ်။ အမေ က သစ်မြစ်အဆုံထဲမှာ ရှိနေတဲ့ အနှစ်ကမှ ပိုကောင်းမှာ။ နောက်ပြီး ပုဆိုးနှစ်ပတ်စာလောက် ရှိနေတဲ့ သစ်ပင်ကြီး ရဲ့ အရင်းပိုင်းအဖြစ်ဆုံကြီးကလည်း နည်းတာမှ မဟုတ်တာ။ တူးပြီး ကလော်ထုတ်လိုက်ရင် ထင်းတွေ အများကြီး ထွက်လာဦးမှာကိုး။ အမေက တူးချင်တယ်။ အဖေက မတုန်မလှုပ်နေတယ်။
အဲဒီတော့ ဦးဖေဆိုင်တို့လင်မယားက ဒီသစ်ငုတ်ကြီးကို ဒီအတိုင်း စွန့်ပစ်ခဲ့မယ့် အတူတူတော့ သူတို့ တူးမယ်လို့ ပြောတယ်။ အဖေနဲ့အမေက စွန့်ပစ်ခဲ့တယ်ဆိုတော့ တားဆီးမယ့် ပိုင်ရှင်မရှိတော့ ဘဲ၊ ဦးဖေဆိုင် တို့ တူးယူတာ ကို ဘယ်သူက ကန့်ကွက်တားဆီးတော့မှာလဲ မမရယ်။
အမေက အဖေ့ကို တူးယူဖို့ အတင်းအကြပ် ပြောတော့ အဖေလည်း သူများ တူးယူမယ့်အတူတူ မထူးဘူး။ ငါပဲ ယူတော့မယ် ဆိုတဲ့ စိတ်မျိုးဝင်လာပြီး လေးယောက်သား အင်တိုက်အားတိုက် တူးကြတာပေါ့။
သစ်မြစ် ပေါ်လာရင်း ပုဆိန်နဲ့ ဖြတ်၊ လွှနဲ့ ဖြတ်လိုက်နောက်ဆုံးတော့ ဘေးဖြာနေတဲ့ အမြစ်တွေ အားလုံးကုန်ပြီး ရေသောက်မြစ်ကြီး တစ်ခုပဲ ကျန်တော့မယ်။ ရေသောက်မြစ်ကြီးကိုက လူလက်တစ်ဖက်စာ မကကြီး ရှိနေတော့ လောဘသားတွေဖြစ်ပြီး ဒီအမြစ်ကြီးကို ထင်းတွေ မနည်းရမယ်ဆိုပြီး တူးလိုက်ကြတာ။ နောက်ဆုံးတော့ အဖေအိပ်မက်ခဲ့တဲ့အတိုင်း ရေသောက်မြစ်ကြီးနဲ့ ကပ်ရက် အုတ်တိုက်တစ်ခု ပေါ်လာတယ်။ အုတ်တိုက်ဆိုပေမယ့် ဆွေးမြည့် ပြိုပျက်နေတဲ့ အုတ်ပုံလို ဖြစ်နေပါပြီတဲ့။
တစ်ယောက်တစ်လှည့်စီ တူးကြရာမှ အဖေတူးတဲ့ အလှည့်မှာပေါ်လာတော့ အဖေလည်း အိပ်မက်ကို သတိရပြီး ကြောင်ကြည့်နေမိတယ်တဲ့။ တွင်းနှုတ်ခမ်းပေါ်က ဦးဖေဆိုင်တို့ ဇနီးမောင်နှံ နဲ့ အမကလည်း ငုံ့ကြည့် နေကြခိုက် ဆိုတော့ ဟာ မြေတိုက်ပေါ်လာပြီ၊ ပစ္စည်းဟောင်းတွေ မြှုပ်ထားတာထင်တယ်။ ကိုတောက်တွန်း ဖော်စမ်းဗျလို့ ဦးဖေဆိုင် က ၀မ်းသာအားရပြောတေ့ အဖေက သိလိုစိတ်နဲ့ အုတ်ပုံကို ဖော်နေလိုက်တာ ပြည်တောင်းလောက်ရှိတဲ့ ကျောက်တုံးလိုလို အလုံးတစ်လုံးကို ရလို့ နှုတ်ခမ်းပေါ်မှာ ရှိနေတဲ့ အမေ့လက်ထဲ ကို လှမ်းပေးလိုက်ကာ ရှိသေးတယ်။
အဖေရပ်နေတဲ့ နေရာအောက်က မြေကြီးပြိုကျသွားလိုက်တာ။ အဖေတောင် အပေါ်ကကြိုးချပေး တာမြန် လို့ အသက်မသေဘဲ ခဲခဲယဉ်းယဉ်း တွင်းပေါ်ကို ပြန်ရောက်လာတယ်။ ကျွံကျသွားလိုက်တဲ့ မြေကြီးမှာ ပိတောက်ပင် ငုတ်ကြီးပါ ကျွံကျသွားတယ်တဲ့။ မြေကြီးကျွံကျခါနီးမှာ မြေကြီးထဲက လိုဏ်ခေါင်းသံကြီးလား ဘာလဲ မသိဘူးတဲ့။ မြေကြီးဟည်းသံကြီးလိုလို ဘယ်လို အသံကြီးမျိုးမှန်း မသိ၊ ကြေက်စရာကောင်းအောင် ကြားလိုက် ရတယ်တဲ့။
အဖေတို့လည်း ရေတွင်းကြီးလိုဖြစ်သွားတဲ့ တွင်းကြီးကိုကြောက်ပြီး အနားတောင် မသွားကြတော့ ဘဲဖြတ်ထားပြီးသား ခုတ်ထားပြီးသား သစ်တုံးတွေကိုသာ ဖြစ်တဲ့နည်းနဲ့ အိမ်အရောက် မြန်မြန် သယ်ယူ ကြရတယ် ပြောတယ်။
မြေတွင်းထဲ က ရတာတဲ့ ကျောက်တုံးလိုဟာကြီးကို ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့က အထဲမှာဘာတွေ ရှိနေလဲလို့ သိပ်သိချင် ကြတယ်။ အဖေနဲ့ အမေကတော့ လူသိမခံချင်ဘူး။ ဒါပေမယ့် ဦးဖေဆိုင်တို့ ဇနီးမောင်နှံက အတူတူ တူးဖော်လာခဲ့ကြပြီး သူတို့ကို မပြချင်ဘဲ လျှို့ဝှက်ထားတာကို မကျေနပ် ကြဘူး။ သူတို့ကို မပြချင် လို့ သူတို့ရှေ့မှာမခွဲဘဲ၊ ကွယ်ရာမှာ တိတ်တဆိတ် ခွဲပြီးမှပြရင် သူကြီးကို တိုင်မယ်၊ မြို့ပေါ်တက် သတင်းပေးမယ် ဆိုတဲ့ သဘောမျိုးပါတဲ့ စကားတွေကို ပြောကြတယ်တဲ့။
အဖေနဲ့အမေကို ခြိမ်းခြောက်တဲ့သဘောမျိုး ပါတာပေါ့ မမရယ်။
ဒီအလုံးကြီးထဲမှာ အဖိုးတန် ရတနာတွေ ပါမယ်လို့ ဦးဖေဆိုင်တို့ ဇနီးမောင်နှံက အတပ်တွေးထား ကြတယ်။ နောက်ဆုံး မှာ သူတို့ပြောသလို သူကြီးကို မတိုင်ဘူးဘဲထား၊ မြို့ပေါ်ကို သတင်းသွား မပေးဘူးဘဲထား၊ အတူတူ တူးဖော်လာခဲ့ကြရပြီ သူတို့ကို အရေးမစိုက်ဘဲ တစ်ပတ်ရိုက်တယ်လို့ ထင်ပြီး လက်စွမ်းပြမှာ ကိုလည်း အဖေနဲ့အမေ က စိုးရိပ်ရသေးတာကိုး။ ဦးဖေဆိုင်တို့ ဘာကြောင့် ဒီလိုလက်စွမ်းပြရသလဲ မေးလာကြရင် ဒီကစ္စပေါ်ပေါက်သွားတော့မယ်လေ။
အဖေနဲ့ အမေကလည်း မြွေမသေ တုတ်မကျိုး ဖြစ်အောင် လုပ်ရတော့မှာပေါ့။
စကားတွေ ပြန့်သွားလို့ ခြုံရှင်သိသွားရင်လည်း မကောင်းဘူး မဟုတ်လားမမ။
အမေနဲ့အဖေရော ဦးဖေဆိုင်တို့ ဇနီးမောင်နှံရော နှစ်အိမ်ထောင် မျက်နှာစုံညီရှေ့မှာ ဒီအလုံးကြီး ခွဲရတော့မယ်။ ဒါမေမယ့် အဖေနဲ့အမေက ကြိုတင်စကား ပြောထားတယ်တဲ့။
ဒီပိတောက်ပင်ကြီး ဟာ ဦးမြစိန်တို့က အဖေနဲ့အမေကိုသာ ပေးခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ပိတောက်ပင်နဲ့ ပတ်သက် သမျှ အဖေနဲ့ အမေသာ ပိုင်တယ်။ ဦးဖေဆိုင်တို့ကို ပိတောက်ပင် လှဲရာမှာ ကူညီပါ။ အကာသား ကိုသာ ထင်းအဖြစ်နဲ့ သုံးဖို့ တစ်ဝက်ပေးပါ့မယ် ဆိုတော့ ဒီကျောက်တုံးကြီးထဲမှာပါတဲ့ အရာဝတ္ထုတွေနဲ့ ဦးဖေဆိုင် တို့ ဘာမှ မသက်ဆိုင်ဘူး လို့ ကြိုတင် ပြောတယ်တဲ့။
ဒီတော့ ဦးဖေဆိုင်တို့က မသက်ဆိုင်ဘူး ဆိုသော်လည်း နှုတ်ပိတ်ခကို အထိုက်အလျော်ကရမှ ကျေနပ်မယ် လို့ အရေးဆိုတော့ အဖေနဲ့အမေကလည်း ဒါလောက်တော့ လိုက်လျောမှ ရန်အေးတော့မယ် စဉ်းစားပြီး ကောင်းပြီလို့ ကတိပေးကြရတာပေါ့။
ဒါနဲ့ပဲ ကျောက်တုံးကြီးလို အလုံးကြီးကို ဦးဖေဆိုင်နဲ့ အဖေတို့ တစ်ယောက်တစ်လှည့် ပုဆိန်အနှောင့်နဲ့ ထုခွဲကြတယ်။ ဘယ်လိုလုပ်ထားတာမှန်း မသိ။ မာကျောလိုက်တာ ယောက်ျားကြီးနှစ်ယောက် အင်တိုက် အားတိုက် တော်တော်ကြိုးစားခဲ့ရတယ် ပြောတယ်။
ကျောက်တုံး လို အလုံးကြီးဟာ ပဲ့ရွဲ့ကျိုးကြေ ကွဲသွားခြင်းမျိုး မဟုတ်ဘဲ၊ တိတိရိရိ တစ်ခြမ်းစီ ထက်ခြမ်း ကွဲသွားပြီး အထဲက ကြေးနီနဲ့လုပ်ထားတဲ့ အိုးလိုလို ကြိုတ်လိုလိုတစ်ခု ပေါ်လာတယ်။ အဲဒါကလည်း ဖွင့်ရာ ပိတ်ရာ မရှိ။ ပြောင်ချောတစ်စပ်တည်း ဖြစ်နေတော့ ဒီလိုပဲ ထုချေပြီး ခွဲရပြန်ရော။ ဒီကြေးနီကြုတ်ဆိုပါတော့ မမရယ်။ အဲဒါကတော့ အကောင်းမရဘူး။ ပဲ့ရွဲ့ကွဲကြေသွား တယ်။ အထဲက ဘာတွေထွက်လာလဲ ဆိုတော့ ဖန်ခါးသီး အရွယ်လောက် ရှိ ငွေကြုတ်လေးတစ်ခုနဲ့ အရောင်တွေ ယိုင်ကျနေသလား ထင်ရအောင် နီရဲ နေတဲ့ ကျောက်ကိုးလုံး ထွက်လာတယ်တဲ့။
ဒီကျောက်ကုံးလုံး ဟာ အမှန်ကတော့ ပြည်တန်ပတ္တမြားဆိုတာမျိုးနဲ့ တူပါတယ်။ အဖေနဲ့အမေ ကလည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနေလာခဲ့ကြရတဲ့ လူတွေဆိုတော့ ရတနာကို ကောင်းမှန်းဆိုးမှန်းမသိ။ ဦးဖေဆိုင် နဲ့ ဒေါ်ငွေ တို့ကလည်း ဆင်းရဲသူတွေဆိုတော့ ဒီကျောက်နီ ကိုးလုံးကို ဘယ်လိုအမျိုးအစားဆိုတာ မသိတဲ့ အပြင် ပြောလိုက်ကြသေးတယ်တဲ့။
အောင်မာ အဖိုးတန်ပစ္စည်းမှတ်လို့ ကြိုးကြိုးစားစား ခွဲလိုက်ရတာ။ ရွာဦးကျောင်း ဓမ္မာရုံထဲက ဆင်းတုတော် ပလ္လင်မှာ မြှုပ်ထားတဲ့ ကျောက်မျိုးတွေလိုပြောပြီး ငွေကြုတ်လေးကို ဆတ် ခနဲ ကောက်ယူလိုက်တယ်တဲ့။
ကျောက်နီကိုးလုံး ကို ခင်ဗျားတို့ယူ၊ ဒီငွေကြုတ်လေးကိုတော့ ကျုပ်ယူမယ်ဗျာ။ တန်ဖိုးချင်းအတူတူ လောက် ရှိတာပါပဲ လို့ပြောတော့ အဖေနဲ့အမေကလည်း သဘောတူလိုက်တယ်တဲ့။
ဘာကြောင့် သဘောတူလိုက်လဲဆိုတော့ အမေက ပြောပြတယ်မမ။ ဘယ်လောက်များ ယူကျုံးမရစရာ ကောင်းလိုက် သလဲနော်။
အဖိုးတန် ရွှေတွေစိန်တွေ ပါမယ်ထင်ပြီး ခွဲလိုက်တာ ကျောက်နီကိုးလုံးနဲ့ မဖြစ်စလောက် ငွေကြုတ်လေးပဲ ထွက်လာတော့ စိတ်ပျက်လိုက်တာ မပြောပါနဲ့တော့တဲ့။ ငွေကြုတ်လေးကလည်း ဖန်ခါးသီး အရွယ်လေး ဆိုတော့ ရောင်းစားရင်တောင် ကျောက်နီကိုးလုံး က ပိုက်ဆုံပိုရဦးမယ်လို့ တွက်ပြီးသဘောတူလိုက်တာတဲ့ မမရယ်။
ဦးဖေဆိုင် တို့ ကတော့ ငွေကြုတ်လေးကို ဘယ်လိုတွက်ကိန်းနဲ့ ယူလိုက်တယ်မသိဘူး။ ဒါပေမယ့် နောက်တစ်နေ့ မှာတော့ ဦးဖေဆိုင်နဲ့ဒေါ်ငွေတို့ နှစ်ယောက်လုံး အမေတို့ဆီ လာကြပြီး၊ တဟားဟား နဲ့ ရယ်လိုက် ပြောလိုက် လုပ်နေကြတယ်တဲ့။
ငွေကြုတ်လေးထဲမှာ အဖိုးတန်ပစ္စည်း၊ ဥပမာဆိုပါတော့ စိန်ကြီး တစ်လုံးလောက်ပါလေမလား ဆိုတဲ့ တွက်ကိန်း နဲ့ ယူသွားပြီး အိမ်မှာ ဖွင့်ကြည့်လိုက်တော့ ဖြူနုနေတဲ့ ပြာလေးနည်းနည်းပဲ တွေ့ရတယ်တဲ့။ ဒါနဲ့ လင်မယားနှစ်ယေက် စိတ်တိုတိုနဲ့ အနားမှာရှိနေတဲ့ ရေခွက်ထဲကို ပစ်ထည့်ထားလိုက်ကြတယ်တဲ့။ ဂရုမစိုက် နေလိုကြပြီး ညနေဘက် ရွာနောက်ဘက်က ချောင်းထဲမှာ ရေချိုးဖို့လာခဲ့ကြတော့ သူတို့ရေခွက်ထဲ အမှတ်မထင် ပစ်ထည့်ထားတဲ့ ငွေကြုတ်လေးက ပါလာတယ်တဲ့။
အဲဒီလို ငွေကြုတ်လေးထဲက ပြာဖြူဖြူနုနုလေးတွေကို ချောင်းရေထဲကိုလည်း သွန်ချလိုက်ရောတဲ။ ချေင်းရေထဲ မှာ စိမ်းစိမ်းပြာပြာ ၀ါဝါနီနီတွေ ရွှေရောင်ငွေရောင်တွေ ၀င်းဝင်းလက်လက် ဖြာပြီး ပျောက် သွားရောတဲ့။ ကြည့်လို့တယ်ကောင်းဆိုပဲ မမရဲ့။
ဦးဖေဆိုင်နဲ့ဒေါ်ငွေလည်း ကြုတ်လေးကို ချောင်းရေနဲ့ စင်အောင်ဆေးနေခိုက် လက်ထဲက လွတ်ကျပြီး ကြုတ်လေး ချောင်းရေထဲ နစ်မြုပ်ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်တဲ့။
အဖေနဲ့အမေလည်း အစကတည်းကမှ စိတ်မ၀င်စားခဲ့တဲ့ ကြုတ်ကလေးအကြောင်းကို ဆက်မမေးတော့ဘဲ နေလိုက်ပြီး နောက်တစ်နေ့ မြို့တက်မယ်။ ကျောက်နီကို သွားရောင်းမယ်။ မိုးတွင်းစာ စားသောက်ဖို့ရော ပြင်ဖို့ရော ငွေရအောင်ပေါ့။
အဖေနဲ့အမေ မြို့တက်တော့ ဦးဖေဆိုင်နဲ့ဒေါ်ငွေတို့လည်း ဈေးဝယ်ဖို့ လိုက်လာကြတယ်။
ရွှေဆိုင်တစ်ဆိုင်ဝင်ပြီး အဖေက ကျောက်နီတစ်လုံးကို ပြလိုက်တယ်တဲ့။ ရွှေဆိုင်ရှင်က အဖေ့ကို အကဲခတ် သလို ကြည့်လိုက်ပြီး ဘယ်ကရသလဲလို့ မေးတယ်။ အဖေကလည်း ဘုရားစေတီအို နေရာကရတယ်လို့ မပြောချင်တာ နဲ့ ရှေးမိဘဘိုးဘွားလက်ထက်က ရထားတဲ့ အမွေပစ္စည်းပါ။ အခုမှ ဆင်းရဲလို့ ထုတ်ရောင်းတယ် လို့ ပြောလိုက်တယ်။
ဘယ်လောက် လိုချင်လဲလို့ ရွှေဆိုင်ရှင်ကမေးတော့ အဖေက သူ့အိမ်အခြေအနေနဲ့ မိုးတွင်းစာ စား သောက်ဖို့ နဲ့ တွက်ချက်ပြီး စိတ်ထဲမှာ လိုချင်နေတာက ရှစ်ရာတစ်ထောင်လောက်၊ ဒါပေမယ့် သူ့ကျောက်နီ ကို ဒီလောက် ပေးပါ့မလားလို့ မယုံမရဲစိတ်နဲ့ ချိန်နေခိုက် ဆိုင်ထဲကို လူနှစ်ယောက်ဝင် လာတယ်။
အဖေ့ ကျောက်နီကိုကြည့်ပြီး -
ဟာ ဒီဥစ္စာ ရောင်းဖို့လား ကျုပ်ယူမယ်ဗျာ။ သုံးထောင်ပေးမယ်လို့ ၀င်ပြောလိုက်ရော၊ အဖေလည်း အရ တော်လှပြီလို့ တွက်ပြီး ဈေးနည်းနည်း ကိုင်လိုက်တယ်တဲ့။ ဒါနဲ့ ဈေးတက်ပြီး ပေးလိုက်တာ နောက်ဆုံး ငါးထောင် နဲ့ အဖေက ရောင်းလိုက်တယ်။
ရောင်းလိုက်တဲ့ ကျောက်က အငယ်ဆုံးကျောက်ပဲ။
အဲဒီမှာတင် အဖေက သူရထားတဲ့ ကျောက်တွေဟာ အပေါစားတွေ မဟုတ်ကြောင်း သဘောပေါက် သွားတာပေါ့။ ဒီလို ရောင်းနေတဲ့အချိန်မှာ အဖေအမေနဲ့အတူ ဦးဖေဆိုင်နဲ့ ဒေါ်ငွေ တို့လည်း အဖော် လိုက်လာကြ လို့ မျက်မြင် ဖြစ်သွားကြတယ်။
အဲဒီမှာ အဖေနဲ့ အမေက ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ သိသွားကြပြီ။ ဒီလင်မယားကို မျက်ခြည်ဖြတ်မှ ဖြစ်မယ်လို့ တွက်လိုက် မိကြတယ်။
ဒါနဲ့ပဲ အမေတို့လည်း သူတို့ရထားတဲ့ ကျောက်တွေကို အားကိုးပြီး ရွာမှာ မနေချင်ကြတော့ဘူးလေ၊ ဦးဖေဆိုင်တု့ဆီက တစ်ဆင့်စကား ပြန့်ပွားသွားရင် လူဆိုးဓားပြရန်ကို ကြောက်ရမယ်ဆိုပြီး မြို့ကို ပြောင်း လာကြတယ်။ နောက်ထပ် ကျောက်တစ်လုံး ထုတ်ရောင်းပြီး တောသူတောင်သားသဘာဝ စိုက်ပျိုးချင်တဲ့ စိတ်တွေလည်း ရှိနေတော့၊ သွားလမ်း လာလမ်းသာတဲ့ ဒီမြို့လေးကို ရောက်လာပြီး ဒီခြံကိုဝယ်၊ ဒီအိမ် ကိုဆောက်၊ ဇာတ်မြှုပ်၊ ကုပ်ကုပ်နေပြီး ညခံစိုက်စားတယ်လို့ နာမည်ခံ၊ ကျောက်ရောင်းရတဲ့ ငွေလေးနဲ့ အေးအေး ထိုင်စားနေရာက ကျွန်မကို မွေးဖွားလာရတယ်။
စမ်းမြိုင်ခြံကြီးက အကျိုးပေးလိုက်လို့ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနေရတယ်လို့ စမ်းမြိုင်ခြံကြီးကို အမှတ်တရ ဖြစ်အောင် ကျွန်မနာမည်ကို မေစမ်းမြိုင်လို့ မှည့်ခဲ့တာပဲ မမရယ်။
မခင်ရွှေ သည် မျက်စိညောင်းလာသောကြောင့် ခေတ္တနားလိုက်သည်။
မေစမ်းမြိုင်၏စာကို ရင်ဘတ်ပေါ်တင်ပြီး မျက်စိကို အနားပေးလိုက်သည့်သဘောဖြင့် ခေတ္တ မှိတ်ထားလျက်က စိတ်ထဲတွင် ဦးဖေဆိုင်တို့ ဇနှီးမောင်နှံချောင်းရေထဲမှာ အဆုံးခံလိုက်သည့် ပြာနှင့် ငွေကြုတ်လေး အကြောင်း ကို စဉ်းစားနေလိုက်သည်။
ရှေးလူကြီးတွေ ပြောခဲ့ဖူးသည့် ပြဒါးပြာဆိုသည်မှာ ချောင်းရေထဲ နစ်မြှုပ် ပျောက်ကွယ်သွားသည့် ငွေကြုတ်လေး ထဲက ပြာမျိုးပင်ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။
ချောင်းရေထဲတွင် သွန်ချလိုက်စဉ်က အရောင်စုံ ၀င်းလက် တောက်ပသွားသည်ဆိုခြင်းကြောင့် သာမန်ပြာ မဟုတ်နိုင်။ ထို့ကြောင့်သာလျှင် ခဲခဲယဉ်းယဉ်း ဘုရားစေတီ ဌာပနာတိုက်ထဲမှာ လုံခြုံ အောင်ထား ခဲ့ခြင်း ဖြစ်ပေမည်။
ဦးဖေဆိုင်တို့ ဇနှီးမောင်နှံနှင့် မေစမ်းမြိုင် မိဘတွေသည် တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်လှသည့် ပြဒါးပြာ ကို မထိုက်တန်သောကြောင့်သာလျှင်၊ မခံစားထိုက်သောကြောင့်သာလျှင် တစ်ဦးကလည်း လိုချင်စိတ်မရှိ၊ တစ်ဦး ကလည်း မစဉ်းမစား ရေထဲသွန်ချလိုက်ခြင်းဖြစ်သည်။
ပစ္စည်းဥစ္စာ သည် လည်းကောင်း၊ စည်းစိမ်ချမ်းသာသည်လည်းကောင်း။ ရာထူးရာခံသည်လည်းကောင်း ထိုက်တန် သူသာ၊ ဘုန်းကံသမ္ဘာရှိသူသာလျှင် ခံစားနိုင်ချေသည်ဟု မခင်ရွှေသည် တရားကျစွာ တွေးနေရာ မှ စာကို ဆက်ဖတ်လိုက်သည်။
အဖေနဲ့အမေ ဒီခြံကြီးထဲ ရောက်လာတော့ ဒီမြို့လေးက လူတွေကလည်း တောကပြောင်းလာတဲ့ ကြေးရတတ် တွေပဲလို့ ယုံကြည်ကြတယ်။
နောက်ပြီး တောသူတောင်သားတွေပီပီ ခြံအလုပ်ကို လုပ်ကိုင်ရောင်းဝယ်နေတော့ ဒီခြံကြောင့်သာ တင့်တင့် တယ်တယ် စားသောက်နေထိုင်နိုင်တယ်လို့ ထင်ကြတယ်။ ရှိရင်းအပင်ကြီးတွေက မသီးမပွင့်တော့ပေမယ့် အဖေ က ရာသီပေါ် စားပင်တွေ စိုက်ရောင်းခဲ့တယ်လေ မမရဲ့။
အမှန်ကတော့ အဖေနဲ့အမေက ခြံအလုပ်ကို ဟန်ပြလောက်သာ လုပ်နေကြပြီး နောက်ထပ် မြို့ကြီး ပေါ်တက်ပြီး ပတ္တမြားနှစ်လုံး ကို ထုတ်ရောင်းတယ်။
ဆင်းရဲခဲ့သမျှ အတိုးချပြီး အစားအသောက်ကောင်းတွေကို ၀၀လင်လင် စားသောက်ပြီး စည်းစိမ် ရှိရှိ နေထိုင် ကြတယ်။
မသီးမပွင့်တော့တဲ့ ရှိရင်းစွဲအပင်ကြီးတွေကိုလည်း အပင်ပန်းခံ မပြုပြင်တော့ဘူး၊ ဒီအတိုင်း ပစ် ထားခဲ့ကြတယ်။
ကျွန်မ မွေးဖွားပြီး လပိုင်းလောက်မှာပဲ ဦးဖေဆိုင်နဲ့ ဒေါ်ငွေတို့ဟာ အဖေနဲ့ အမေရှိရာကို သတင်းနာ စုံစမ်းပြီး ရောက်လာကြတယ်။
ရွာမှာ လုပ်ကိုင်စားရတာ ဆင်းရဲလွန်းလို့ အားကိုးပြီး လိုက်လာကြောင်း၊ ဒီခြံကြီးထဲမှာပဲ နေထိုင်ခွင့် ပြုပါမည့် အကြောင်း၊ ခြံအလုပ်ကို လုပ်ကိုင်ပေးမည်ဖြစ်ကြောင်း၊ သူတို့ ဇနီးမောင်နှံနှစ်ယောက်၏ စားဝတ်နေရေးကို သင့်လျော် သလို ကြည့်ရှုပေးကမ်းပါမည့်အကြောင်း၊ သမီးငယ်ကိုလည်း ၀ိုင်းကူ ထိန်းပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ပေါ့မမရယ်၊ သနားအောင် ပြောတော့ အဖေနဲ့အမေကလည်း လက်ခံလိုက်တယ်။
လက်ခံစရာ အကြောင်းတွေကလည်း ရှိနေတယ် မမရဲ့။ အဖေနဲ့အမေက ဒီမြို့လေးမှာ တော်တော် လေးဝင်ဆံ့နေတော့ သာမငနာမှုတွေ၊ ရပ်ရေးရွာရေးတွေမှာ သွားရလာရတယ်။
အဲဒီ အချိန်မှာ အိမ်စောင့်လူလိုတယ်။ ကျွန်မကို ထိန်းကျောင်း ကြည့်ရှုဖို့ လူလိုတယ်။ အိမ်သန့်ရှင်း ရေး၊ ချက်ပြုတ် လျှော်ဖွပ်ရေး အတွက် လိုတယ်။
ဘာပဲပြောပြော ဟန်ပြလုပ်နေတယ် ဆိုပေမယ့် ခြံအလုပ်ကိုလည်းလုပ်ဖို့ လူလိုတယ်မမ၊ အဖေနဲ့ အမေလည်း အဲဒီအကြောင်းတွေကြောင့် လူငှားခဲ့ကြဖူးပါတယ်။
ဒါပေမယ့် အဆင်ပြေတဲ့ လူ မရနိုင်အောင် ဖြစ်ခဲ့တယ်။ ကိစ္စရှိလို့ သွားစရာပေါ်လာရင် အိမ်မှာထားခဲ့ဖို့ရာ ပစ္စည်းလည်း စိတ်မချရ၊ ကလေးကိုလည်း ကြည့်ရှုထိန်းသိမ်းရာမှာ စိတ်မချရ၊ အိမ်အလုပ်ကိုလည်း မျက်နှာမလွှဲရဆိုတဲ့ လူမျိုးတွေကိုချည်း တွေ့နေရတော့ အဖေနဲ့အမေကလည်း လူချမ်းသာဟန်နေချင်၊ နောက်ပိုင်းနဲ့ ခြံကိုလည်း စိတ်ချရမယ့်လူ မရှိဖြစ်နေ ခိုက်မှာ တစ်ယောက်အကြောင်းကို တစ်ယောက်သိပြီး သားလည်းဖြစ်၊ စိတ်ချယုံကြည်ရမယ့် လူလည်းဖြစ်တဲ့ဦးဖေဆိုင်တို့ ရောက်လာတော့ အဆင်ပြေ သွားတာပေါ့။
နောက်တစ်ကြောင်းကလည်း ဘုရားစေတီနေရာက အဖိုးတန် ပတ္တမြားတွေ ရခဲ့ကြောင်း၊ ဒီပတ္တ မြားတွေကို ရောင်းချပြီး လူချမ်းသာဟန် ပုံဖမ်းနေကြောင်းတွေကို ဦးဖေဆိုင်တို့က အတွင်းသိတွေ ဟုတ်လားမမရဲ့။ လက်မခံဘဲ ပစ်ပစ်ခါခါ လုပ်လိုက်ရင် ဒီအကြောင်းကို သူတို့ လျှောက်ပြောကြ တော့မယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင် တွေ အနေနဲ့ ဘုရားကို သူတစ်ပါးလှူထားတဲ့ ပစ္စည်းယူပြီး စားသုံးတာဟာ၊ လောကရော သံသရာ ရောမကောင်းဘူး။ မျက်မှောက်ခေတ်မှာလည်း လူအများက ကဲ့ရဲ့ရှုံ့ချမယ်။ လူယုတ်မာတွေလို့ အသိအမှတ်ပြုခံရမယ်။
ဆက်ရန်
.

3 comments:
ဘာဆိုင်လဲနော်။ ဒီလင်မယားရန်ကြောက်လို့ ဟိုအလုံးကြီးကို သူတို့ရှေ့မှာ ခွဲပြရတယ်လဲ ပြောသေးတယ်။ ခွဲပြီးတော့လဲ သူတို့ပစ္စည်းမဟုတ်တာတောင် ကြောက်လို့ တစ်ဝက်ပေးလိုက်ရတယ်လဲ ပြောသေးတယ်။ တစ်ခါ ဒီလင်မယားကို ခြံမှာလာနေမယ့် အတွင်းလူအဖြစ် ပြန်လက်ခံတယ်ဆိုတော့ ဘယ်နှယ့်ကြီးလဲ။
မရွှေစင်ရေ စိတ်ဝင်စားစရာကောင်းလာပြီ စောင့်ဖတ်နေပါတယ်နော်။
နောက်အပိုင်းတွေကို မျှော်နေမယ် မရွှေစင်ရေ
Post a Comment