အခန်း (၁၀)
ဟစ် ဟစ် ... ဟစ်၊ ဟီး ဟီး ... ဟီး၊ ဟစ် ဟစ် ... ဟစ်၊ ဟီး ... ဟီး ... ဟီး။
သူ့ကိုယ်ကလေးကို ယို့က ယမ်းကာ၊ တောငှက်ပျောဖူးရောင် နှုတ်ခမ်းငုံကလေးထဲမှ ကနုကမာ ရောင် ပြောင်လက် ဖြူဖွေးသော သွားကလေးတွေကို ဖွင့်ကာ ချစ်စရာအသံကလေးနှင့် အားရပါးရ ရယ်လျက် အနီး၌ အင်္ကျီပြဲချုပ်နေသော ဒေါ်အေးဆင့်အား ...
"ဒီမှာ ကြီးကြီး၊ ဦးတက်ပုက သူ့ကို ဘိုင်စကယ်စီးရော ဓာတ်စက်မောင်းရော သင်ပေးရမတဲ့"
"ညည်း ဦးလေး ညည်းပဲ ကြည့်သင်ပေးလိုက်ပါအေး၊ ဟယ် ... အပ်ချည်ကြိုး ကျွတ်သွားပြန်ပြီ ... ထိုးပေးစမ်း ပါဦးဟယ်"
ဒေါ်အေးဆင့် ကိုယ်တိုင်မှာလည်း သူ့အိမ်တွင် ဓာတ်စက် ရှိပါလျက် ဓာတ်စက်မောင်းတတ်သူ မဟုတ်ချေ။ သူ့သားမြေး များသာ မောင်းတတ်ကြ၏။ ကျွန်တော် ဒီကောင်လေးတွေ ဆီကတော့ အရင်က ကိုယ့် တောသားဟောင်း အချင်းချင်း အောက်ကျခံပြီး မသင်လို။ သူကိုယ်တိုင်ကလည်း တောသားဟောင်းချင်းမို့ ကျွန်တော့် ကို တယ်ဂရုမစိုက်ကြပါ။ မြို့ရောက်၍ အင်္ဂလိပ်ကျောင်းသား ဖြစ်သူကဖြစ်၊ သူတို့အိမ်မှာ လော်ရီကားကြီး များ ထောင်ထား၍ မော်တော်ကားနောက် လိုက်သူက လိုက်နေကြ၏။
ရီရီလေးနှင့် ကျွန်တော်ကား ယခင် ဘုန်းကြီးကျောင်းတုန်းက စတင်သိကျွမ်းခဲ့ပြီးနောက် ယခု ကျွန်တော် မြို့ရောက် ၍ သုံးရက်မျှအကြာ၌ ဒေါ်အေးဆင့်ကို အိမ်နောက်ဖေးက ရေတွင်းကို ရေခတ်လာလျှင် ကျွန်တော် က ရေငင်ပေးခြင်း၊ သူအလိုရှိလျှင် သစ်ပင်တက်ခြင်း၊ ပန်းခူးပေး ခြင်းတို့ကြောင့် အတော်ပင် ရင်းနှီး ခင်မင်လျက် ရှိချေပြီ။
သူသည် နေ့လယ်နေ့ခင်းများ၌ ဒေါ်အေးဆင့်တို့ အိမ်သို့လည်း လာ၍ နေတတ်၏။
သူ အပ်ချည်ထိုး၍ ပေးလိုက်ပြီး ...
"ဒီမှာ ဥိးလေးတက်ပုရဲ့၊ ဓာတ်စက် မောင်းတာက ဘိုင်စကယ် စီးသင်ရတာထက် ခက်တယ်၊ ကဲ ... ဓာတ်စက်မောင်း သင်ပေးရင် အရီကို ဦးလေတက်ပုက ဘာပေးမလဲဟင်"
"ဆရာမ လိုချင်တာ ကန်တော့ရမှာပေါ့ဗျာ"
"အဟီး ... ဟီးဟီး၊ ဦးလေးတက်ုက အလာကြီးပဲ၊ ကဲ ... ဦးလေးတက်ပု သားလေးတစ်ယောက် ပေးမယ်လား"
"ဟင် ... ငါ့မှာ သားမှ မရှိတော့တာပဲ"
"ဟင် ... အရင်ကတော့ ဟစ်တလုံးရယ်၊ ပြစ်မမုန်းရယ် သား မဟုတ်တော့ဘူး"
"ဦးလေးတက်ပုဟာက ဘယ့်နှယ်စကားလဲ"
"ဒီလိုလေ ကိုယ်တို့လင်မယား ကွာကြတော့ ကလေးတွေက သူ့အမေနောက် ပါသွားကြကုန်ပြီ"
သူ မျက်လုံးကလေးပြူးကာ ...
"ဟင် ... ဦးလေးတက်ပုတို့ လင်မယားကွာတယ်၊ ဘာဖြစ်လို့လဲ"
"မေးမနေပါနဲ့ အရီရာ၊ သူတို့ဘက်က တစ်ဖက်သတ်လွန်တာပါ"
"ဘယ်လောက်ကြာပလဲ၊ ကွာကြတာ"
"အရီတို့ ဟိုကျောင်း ဥပုသ်စောင့်လာကြတဲ့နေ့တုန်းကပေါ့"
"ဟင် ... ဦးလေးတက်ပုက ဥပုသ်ကြီးနဲ့ လင်မယားကွာတယ်"
"ရှစ်ပါးသီလထဲ မှာ လင်မယားမကွာရဘူးမှ မပါတာဘဲ၊ အဗြဟ္မစရိယာတောင် အထောက်အပံ့ ဖြစ်သေး တာပဲ"
မျက်လုံးကလေး စွေ၍ ...
"ကြည့်စမ်း၊ ဦးလေးတက်ပုကြီးက ယုတ်ပြီ"
"နို့ ... မဟုတ်ဘူးလားလု့"
"ဟုတ်ဟုတ် မဟုတ်ဟုတ်တော်စမ်း၊ နို့ ဒီမှာ ဘယ်လောက်ကြာနေမလဲ"
"ပျော်သလောက် နေမှာပဲ"
"ဒီမှာ ပျော်လို့လား၊ ကိုယ့်မယားကြီး ပြန်မလွမ်းဘူးလား"
"မလွမ်းပေါင်၊ ချင်းစိမ်းနဲ့ မိဿလင်ပေါ့"
"အဲဒါတွေ လိုချင်ရင် အရီဈေးထဲက ဒေါ်လုံမကြီး ကုန်စိမ်းဆိုင်မှာ ၀ယ်ပေးမယ်လေ"
"အရီက အဲ့လိုနာမည်ကလေးနဲ့လိုက်အောင် ရယ်စရာ ပြောတတ်လို့ ကိုယ်ပျော်တာပဲကွာ"
"တကယ်ပျော်တယ်လား"
"ပျော်တယ်"
"ပျော်ရင် ရယ်လေ"
"အဟီး ... အဟီး ... အဟီး ... အဟီး ... အဟီး ... အဟီး"
"ဟင် ... ဦးလေးတက်ပု သွားကြီးတွေကလဲ နီကြောင်နေတာပဲ"
"သွား နီလာရောင်ဆိုတာ ဒါပေါ့ဟ"
"ဟင် ... သွား နီလာရောင်ရယ်လို့ မကြာဘူးပေါင်တော် ပုလဲရောင်သာ ရှိပါတယ်"
"နီလာရောင်က ပုလဲရောင်ထက် အဖိုးတန်တယ်၊ နီလာစိမ်းရောင် ငှက်ခါးတောင် ပြောင်နှစ်ကျပ်ခွဲ မဲ အလကား ဆိုတာ ကြားဖူးသလား၊ အဲဒီနှစ်ကျပ်ခွဲတောင် ရှေးက စကားမို့လို့ ဟိုတုန်းက အင်္ဂလိပ် ပိုက်ဆံ၊ အခု ခေတ်ငွေနဲ့ဆို တွက်ကြည့်စမ်း"
"ကြည့်စမ်း ... သူပြောတတ်လိုက်တာ၊ လူက တောသားမို့လို့ ဟင်း ... "
ဤတွင် အင်္ကျီပြဲချုပ်နေသော ဒေါ်အေးဆင့် ကော်တရာက ကြားဝင်ကာ ...
"ဒီရွာမှာဟေ့ ... သူတို့ လူသိုက်က သူ့ဦးကြီး သာဖြိုးနဲ့ သူနဲ့ အတူတူပဲ၊ အင်မတန် ပေါက်ပေါက်စစ ပြောတတ်ကြတယ်"
အရီ "တောသား စကားတတ်တွေပေါ့ ဟုတ်လား"
"အရီရာ တောသား မြို့သား ခွဲခြားမနေပါနဲ့ကွာ၊ တောသားမှာ ချိုပေါက်နေတာ မဟုတ်ပါဘူး၊ အမြီးကလေး နည်းနည်းရှိတာပါပဲ၊ မယုံကြည့်မလား"
ကျွန်တော်က တင်ပါးကို စောင်းပြသည်၌ လက်သီးဆုပ်ကလေးနှင့် ရွယ်၍ ...
"ကြည့်စမ်း ... ယုတ်ပြီ"
"ဒီမှာ ... အရီ၊ ဆင်ဖြူတော် ဘယ်ကလာလဲ"
"သူ့အမေ ၀မ်းထဲက လာတယ်"
"ကဲ ... စန္ဒကူးနံ့ သစ်နှစ်ကော ဘယ်ကလာသလဲ"
"သူကြီးအိမ် က လာတယ်"
"ဟေ ... ဒါတော့ အရီလွဲပြီဟေ့"
သူ့မျက်လုံးကလေးကို ဖြဲကာ ...
"အမယ် ... ဘာလွဲရမလဲ၊ မောင်ရာဇာ က သူကြီးသမက်ပဲ၊ သူကြီးအိမ်မှာ နေတာပေါ့"
"အဲဒီအချိန်မှာ မင်းကြီးစွာစော်ကဲ မိတ္ထီလာကန်တော်လားတော့ရင်၊ သူက ယောက္ခမနဲ့ ရန်ဖြစ်လို့ အိမ်ခွဲ နေရတာဆရာ"
"ဟင် ... ဦးလေးတက်ပု ဒါတွေကို သိတယ်နော်၊ စာဖတ်သလား"
"စာမဖတ်တောင် တောမှာတော့ တောဓလေ့ကို အရီသဘောကျတယ်"
"ဒီမှာအရီ ... တောသားလဲ မြို့ရောက်ရင် မြို့သားဖြစ်မှာပဲ မဟုတ်လား"
"မြို့သားဖြစ်ချင်ရင် သွားတိုက်ရတယ်ရှင့်၊ ဦးလေးတက်ပု သွားကြီးတွေဟာ ဘယ်တော့မှ မတိုက်ဘူး ထင်တယ်"
"ကြည့်စမ်း ... တစ်ခါမှ မတိုက်တဲ့လူကို ဒီလိုပဲ အရမ်း စွပ်စွဲရသလား"
သူသည် ကိုယ်ကလေးကို ကျို့ကာယို့ကာ ရယ်မောပြီး ...
"အကောင်း မေးနေတာ အကောင်းဖြေစမ်းပါ ဦးလေးတက်ပုရဲ့၊ အကောင်း ပြည်ကြီးပြန်သွားပြီလဲ မလုပ် လိုက်နဲ့ဦး"
"ဒီလောက်ရိုးနေတဲ့ စကားမျိုးများတော့ တောသားပေမယ့် မတုံးသေးဘူး၊ ဘယ်မတိုက်ဘူးတော့ ဟုတ်မလဲ ကွယ်၊ တိုက်တဲ့အခါလဲ တိုက်သေးတာပေါ့"
"ဘာနဲ့တိုက်လဲ"
"မီးသွေးနဲ့ပေါ့၊ တစ်ခါတလေ ဆားနဲ့"
"အိမ်မှာ သွားပွတ်တံမရှိဘူးလား"
"ရှိသားပဲ၊ ဒါပေမယ့် မိန်းမက သူ့မျက်လုံးမွေး ပွတ်ပွတ်နေလို့ ဒီက သွားပွတ်ရတယ်ပဲ မရှိဘူး၊ တစ်ယောက်တစ်လှည့် နင်က မျက်ခုံးမွေးပွတ်၊ ငါက သွားပွတ်မယ် ဘာလဲ မပြောရဘူး"
"ကြည့်ပါလား၊ သူ ရွှတ်တက် နောက်တတ်လိုက်တာ၊ ကိုယ်သွားတိုက်ဖို့ တစ်ချောင်းသတ်သတ် ၀ယ်ထား မှပေါ့"
"မီးသွေးနဲ့ ဆားက သွားပွတ်တံနဲ့ တိုက်စရာ လိုသေးသလားဗျာ"
"လိုပြီလား၊ သွားပွတ်တံနဲ့မှ သွားအကြိုအကြားစင်တာ"
"မီးသွေး က အခဲကြီး၊ ဆားက ကြမ်းကြမ်းကြီး၊ ဘယ်ဖြစ်ပါ့မလဲ အရီရယ်"
"ဖြစ်အောင် နှစ်ခုရောပြီး အမှုန့်ကြိတ်ထားရတာပေါ့။ ဒါဟာ ဘာပင်ပန်းသလဲ၊ နို့ပြီး သွားပွတ်တံ တစ်ချောင်း တစ်ကျပ်လော်ကပေး ၀ယ်ထားလိုက်ရင်လဲ တိုက်ပါလေရော၊ ဦးလေးတက်ပုတို့ တောက လူတွေဟာ လူမှာ အရေးအကြီးဆုံး အင်္ဂါတစ်ရပ်ဖြစ်တဲ့ သွားကို ဂရုမစိုက်ကြဘူး၊ အရီ ဘုန်းကြီးကျောင်း လာတုန်းကလေ ဥပုသ်သည် တွေကို စူးစမ်း ကြည့်လိုက်တယ်၊ ယောက်ျားရော မိန်းမရော အသက် လေးဆယ်မပြည့်ခင် သွားကျိုး နေတာတွေ အများကြီး တွေ့ရတယ်၊ တချို့ ငယ်ငယ်ရွယ်ရွယ်တွေဆိုရင်လဲ သွားရင်းတွေ လည်း မည်းလို့၊ သွားကြားတွေမှာ ညိုလို့နေတာကို တွေ့ရတယ်၊ ဒါဟာ သွားကို ဂရုမစိုက်မှုပဲ"
"တို့တောသူ တောင်သားတွေက သွားကို ဘယ်အလှပြင်နေနိုင်မလဲ အရီရယ်"
"ဒါ အလှပြင်တာ မဟုတ်ပါဘူး၊ ကျန်းမာရေးအတွက် ပြောတာပါ၊ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွား စောစောကျိုး လို့ အစားအသောက် ကောင်းကောင်း မ၀ါးနိုင်ရင် ကျန်းမာရေး မထိခိုက်ပါလား ရှင်"
"ဟုတ်ပါတယ် ဆရာမလေးရယ်"
"အကောင်းပြောနေတာ ဦးလေးတက်ပုရဲ့၊ သူတို့ဟာလေ နွားများဖြင့် သွားဖြဲကြည့်လိုက်ကြတာ သူတို့ သွားတော့ သူတို့ မှန်ထဲ မကြည့်ကြဘူး"
"ဒါတော့ မှန်ပေတယ် မရွှေရီရေ့"
"အရီ အဲဒီဘုန်းကြီးကျောင်း လာတုန်းကလေ ရွာသူ ရွာသားတွေ ကြည့်ပြီးတော့ အရီ့မှာသာ ပိုက်ဆံ ရှိမယ် ဆိုရင် သွားပွတ်တံတွင် ၀ယ်ပြီးတော့ လူစေ့တက်စေ့ ပေးလိုက်ချင်တယ်"
"ဘာလုပ်ဖို့လဲ၊ တစ်ရွာလုံး ယောက်ျား၊ မိန်းမ လူတိုင်း မျက်ခုံးမွေးဆွဲဖို့လား"
"ကြည့်စမ်း ... သူ၊ ဟော့ဒီကတ်ကြေးနှောင့်နဲ့ ထုလိုက်ရ"
"အမယ်လေး ... မလုပ်ပါနနဲ့" သူ့အနီးရှိ ကတ်ကြေးနှင့် ကောက်၍ ရွယ်လိုက်သည်ကို လက်ကာ ဟန် ပြုလိုက်ပြီး ...
"ဟုတ်တယ်၊ အရီရဲ့၊ ငါလဲ မြို့ရောက်ရင် လူတွေ သွားပွတ်တံနဲ့ သွားတိုက်ကြတာကို မြင်ရတာ
"ဟုတ်တော့ ဟုတ်တယ် ကြီးကြီးရယ်၊ မြို့မှာတောင် လူတိုင်း သွားပွတ်တံသုံးရမှန်း သိကြတာ မဟုတ်ဘူး၊ ဒီနေရာမှာ မြန်မာလူမျိုးတွေဟာ အင်မတန်ညံ့တယ်၊ တိုင်းကြီး ပြည်ကြီးသားတွေ သိရင် ရှက်စရာပဲ၊ လူထုဆင်းရဲ လို့ ဆိုတဲ့ စကားနဲ့လဲ ကတ်မပြောနိုင်ဘူး၊ ဓလေ့ကိုက ဖျင်းလို့ပါ၊ ကြည့်စမ်း အိန္ဒိယ တိုင်းသားများတော့ ဒီဘက်က ဘယ်နည်းယူဖို့ ကောင်းတယ်၊ အင်မတန် ဆင်းရဲတဲ့ ဂေါ်ရင်ဂျီနဲ့ ဝေလယာကုလား တွေက အစ သွားကို အင်မတန် ဂရုစိုက်ကြတယ်၊ မနက် အိပ်ရာထတယ်ဆိုရင် ပထမ ဦးဆုံး တပူတံ တမာရိုး ကိုင်လာတာပဲ၊ နေ့လယ် နေ့ခင်း အားရင်လဲ ဒီသွားပဲတိုက်နေတာပဲ"
"ဟာ ... သူတို့က ကွမ်း အင်မတန် စားတဲ့ ကောင်မျိုးတွေကိုး"
"ဂေါ်ရင်ဂျီဟာ မစားပေါင်ရှင်၊ ဆေးလိပ်တိုပြောင်းပြန် ငုံနေတာပဲ၊ ကဲ ... ဝေလယာတွေက ကွမ်းစား လို့ပဲထားပါတော့ မြန်မာလူမျိုးတွေကော မစားကြဘူးလား၊ ရှင်တို့ တောသူတောင်သား တွေက ဘာစား သေးတယ်၊ အိမ်တိုင်းလိုလို ကွမ်းအစ် ရှိတယ်၊ မြို့မှာတော့ ကုလားကွမ်းယာဆိုင် အားလုံးလို့ မြန်မာပီပီ ကွမ်းအစ် ထားတဲ့ ဓလေ့တောင် ပျောက်လုပြီး အမှန်ကတော့ ကွမ်းမစားလေ သွားတိုက်ဖို့ ကောင်းလေပဲ၊ ကွမ်း က အပုပ်နံ့ထိန်းတာမို့ ကွမ်းစားတဲ့ လူ သွားမတိုက်တာမှ သွားချေးပုပ်စော်နံတာ"
"ဆေးလိပ်သောက်ကြသေးတာပဲ အရီရ"
"အဲဒီ ဆေးလိပ်သောက်တာမှ ဆေးလိပ် မီးခိုးငွေ့နဲ့ သွားချေးနဲ့ဟာ သွားအကြိုအကြားမှာ သရိုးကိုင်သလို ခိုင်ပြီး ဂျစ်ဆောင်တက်လို့၊ ထပ်သရီး ပြောရင်းတောင် မျက်စိထဲ မြင်ယောင်လာပြီး ရွှံမိတယ်၊ အမှန်တော့ အရီ အဲဒီ လူတန်းစားတွေကို သနားပါတယ်၊ ခုန ပြောသလိုပဲလေ၊ အဲဒီ ဘုန်းကြီးကျောင်းလာတုန်းကများ အရီမှာသာ ပိုက်ဆံရှိရင်ဖြင့် ရွာသူရွာသားတွေကို သွားပွတ်တံ တွေ ၀ယ်ပြီး ပေးလိုက်ချင်လှပါတယ်၊ ဒါဟာ ၀န်လေး တဲ့ အလုပ်လဲ မဟုတ်ပါဘူး၊ သနပ်ခါးလိမ်း ပြီး မျက်ခုံးမွေးဆွဲနိုင်ရင် တစ်နေ့တစ်ခါတော့ သွားတိုက် နိုင်ရမှာပဲ"
ကျွန်တော် "ကဲ ... သွားပွတ်တံရရင် သွားတိုက်နိုင်ပြီဆိုတာတော့ ထားပါဦး၊ သွားတိုက်ဆေး ၀ယ်နိုင်ဦးမှ"
"အမယ်လေး ... ဦးလေးကိုတက်ပုရယ်၊ သွားတိုက်ဆေးက ၀ယ်စရာ မလိုပါဘူး၊ ကိုယ့်ဟာကိုယ် မီးသွေးခဲနဲ့ ဆား နဲ့ သာ ထောင်ထားစမ်းပါ၊ သွားလဲပိုဖြူပါသေးတယ်၊ ပိုက်ဆံလဲ အထူးတလည် ကုန်တာ မဟုတ်ပါဘူး၊ အရီ အခု သွားတိုက်နေတာ ဆိုင်က ၀ယ်တာမှတ်လို့လား၊ ကိုယ့်ဟာကိုယ် မီးသွေးနဲ့ ဆားနဲ့ ပရုတ်ကလေး နည်းနည်း ၀ယ်သည့် ထောင်းထားလိုက်တာပဲ၊ ဦးလေးကိုတက်ပု ကြီးလဲ သွားပွတ်တံတစ်ချောင်းတော့ဝယ်၊ အရီက သွားတိုက်ဆေးပေးမယ်နော်၊ အခု လူကတော့ မြို့ရောက်လို့ ဗိုက်ဆံတောက်နဲ့ ဘာနဲ့ ဖြစ်နေပြီ၊ သွားသံချေးတက် သရက်ထည်ဆင်ကြီးနဲ့ဆို မနိပ်သေးဘူးဆရာ"
သူပြောမှ ကျွန်တော့်ခေါင်း ကျွန်တော်စမ်းမိကာ ...
"ကိုယ့် ဗိုလ်ကေကလဲကွာ ဘယ်တော့မှ ခွဲရမယ် မသိပါဘူး"
"အမယ် ... ဖြီးချင် လိမ်းချင် ရှိလာပလား"
"ကော့စမိတ်တောင် ၀ယ်တော့မလို့"
"ကော့စမတ်တစ်(က) ပါတော့၊ ဒါပေမယ့် ခုခေတ်မှာ ယောက်ျားတွေဟာ ဆံပင်ကို ပြားအောင် ချပ်အောင်မဖြီးကြတော့ဘဲ အမောက်ကလေး၊ ဝေ့(ဗ်)ကလေး လုပ်ကြတော့ ကော့စမတ်(က) အသုံး နည်းတယ်၊ ဘက်စလင် လိမ်းကြတယ်"
"ဝေ့(ဗ်) ဆိုတာ ဘာလဲဟင်"
"ဟောဒီ ... အရီ့ခေါင်းမှာကြည့်၊ ဒီလိုလှိုင်းတွန့်ကလေးတွေ အရစ်ကလေးတွေ ခေါ်တာပေါ့၊ မလှဘူးလား"
"အရီက သိပ်လှတာပဲ"
"အရီကို မေးတာ မဟုတ်ပါဘူး၊ ဒီလှိုင်းတွန့်ကလေး ပြောတာပါ"
"အားလုံး လှပါသည်ခင်ဗျား"
"အမယ် ... သိန်းဖေမြင့်သံ ပါလိုက်တာ"
"သိန်းဖေမြင့်ဆိုတာ ဘာလဲဟင်"
"လူ"
"ဒါဖြင့် သူ့မှာ အမြီးမရှိဘူးပေါ့"
ကျွန်တော်က ရွှန်းလိုက်သည်ကို ရယ်ပြီးနောက် ...
"နိုင်ငံကျော် စာရေးဆရာကြီးတော့၊ ဒါမှ မသိဘူးလား ဟိုအရင်တုန်းက တက်ဘုန်းကြီး သိန်းဖေ ခေါ်တယ်"
သြော် ... တက်ဘုန်းကြီး ၀တ္ထုရေးတဲ့ သိန်းဖေလား"
"ဟုတ်တယ်ဘုရာ့"
"ကိုယ့်များ တက်ဘုန်းကြီး အောက်မေ့နေပြန်လားကွယ်"
"အဲဒီ့ဝတ္ထု ဖတ်ဖူးလား"
"ဖတ်ဖူးတာပေါ့၊ ရွာက ဘုန်းကြီးက ဒီမှာ သာသနာ စော်ကားတဲ့ စာအုပ်ဖတ်ကြည့်ကြစမ်းဆိုလို့ ဖတ်ကြည့်ကြ ရတယ်"
"ဖတ်ကြည့်တော့ ဘယ့်နှယ်သဘောရသလဲ"
"ဟာ ... ကိုယ်က သိပ်ကြိုက်ပြီးတော့ ဘုန်းကြီးကြီးကို ကိုယ်တော်တို့ ခုခေတ် ဘုန်းကြီးတွေကို သူရေးတဲ့အတိုင်း ဟုတ်သားပဲ" လို့ လျှောက်မိတာနဲ့ ထွေးခံနဲ့ လှမ်းပေါက်လို့ ခွေးပြေး ၀က်ပြေး ပြေးခဲ့ ရတယ်"
သူသည် တင်ပျဉ်ခွေထိုင်နေရာမျ ပေါင်ပေါ်တံတောင်ဆစ်ကွေးထောက်လျက် လက်ဝါးကလေးချင်း ပွတ်၍ ကိုယ်ကလေး ကို လှုပ်ကာယမ်းကာ ရယ်မော့တော့သည်။ ပြီးမှ ...
"နို့ ... မမှန်ဘူးလား"
"ဟာ ... ဒီမှာ အရှောင်ကောင်းပဲ၊ ခေါင်းပစ်တာပဲဆိုပြီး အသာ ၀ပ်ပေးလိုက်တယ်၊ တကတဲ ဘုန်းကြီးက ဗိုက်ပစ်တာ ဖြစ်နေတော့ ..."
"ငယ်ထိပ်တည့်တည့်မှန်ရော မဟုတ်လား" ဆိုပြီး လှိုက်လှိုက်လှဲလှဲ ရယ်ပြန်ပကါသည်။
"ကွာ ... အရီကလဲ နာမည်နဲ့လိုက်အောင် သိပ်ရယ်တာပဲကွာ"
"နင်ပြောတာကလဲ ရယ်စရာဖြစ်နေတာကိုဟဲ့" ဒေါ်အေးဆင့်က ၀င်ဖောက်လိုက်၏။ အင်း ... သူပြောမှပဲ ဒီကတော့ ကိုယ့်ဟာကိုယ် မသိတော့ဘူး။ ထိုနောက်၌ သူသည် လက် အင်္ကျီစုတ်နှင့် အပ်ကိုချ၍ "နင်ကိုတော့ ပါးစပ်မညောင်းကြသေးဘူး။ ငါတော့ မျက်စိညောင်းလှပြီ၊ မနက်က စိမ်ထားတဲ့ အ၀တ် ကလေး တွေ သွားလျှော်လိုက်ဦးမယ်" ဆိုပြီး ထိုင်ရာမှ ထသွား၏။ ကျွန်တော်တို့ စကားပြောနေကြသော နေရာ မှာ အိမ်ရှေ့ခန်းနှင့် မီးဖိုးခန်းနှစ်ဆောင်ကြား တံခါးဝတွင် ဖြစ်ပါသည်။
ဆက်ရန်
.
2 comments:
ဖတ်ရင်း ကောင်မလေးကို စိတ်ပူစရာ။ ကလေးတစ်ယောက်အဖေကြောင်ဖားကြီး သူ့ကို ကြံနေတာ မသိဘူးလားကွာ။ နုံပါ့။ ကြက်သတ် နွားခိုး မိန်းမမြင် မရှောင်ချင်တဲ့ ဒါကြီးမျိုးနဲ့ရရင် သူ့အဖေအမေ ဘယ်လောက် ရင်ကျိုးမလဲ၊
ဟားဟား ...
ရေလည်နောက်တယ်၊
ရှစ်ပါးသီလမှာ လင်မယားမကွာရဘူးမှမပါပဲ တဲ့ ၊
အဗြမ[ာစရိယ တောင်ဖြစ်သေး တဲ့ ၊
တတ်လဲတတ်နိုင်လွန်း..။
Post a Comment