Friday, November 19, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၂)

စိတ်မမှန်သူ ရူးသွပ်နေသူဆိုလျှင် သွေးသား အရင်းအချာ ဖြစ်နေသူတွေသာလျှင် သည်းခံပြီး နီးနီးကပ်ကပ် နေထိုင် ကြရသည်။ သွေးမတော်သူတွေ အဖို့ကား၊ စိတ်မနှံ့သူ ရူးသွပ်သူတို့ကား စိတ်ကိုအစိုးမရသူပီပီ ရိုက်ချင် ရိုက်မည်။ သတ်ချင်သတ်မည်။ ထို့ကြောင့် မည့်သည့် သူစိမ်းကမျှ နီးနီးကပ်ကပ် မနေလို။

သို့သော် မခင်ရွှေသည် သူလှမ်းမြင်နေရသည့် စိတ်မနှံ့သူလေးကို စိတ်ထဲက သနားနေသည်။ နီးနီးကပ်ကပ် လေ့လာ လိုသော ဆန္ဒမျိုးပေါ်လာသည်။ ထိုအပြင် ကျောင်းအုပ်ဆရာကြီး ပြောပြသည့် ခြံကြီး အကြောင်း ကလည်း မခင်ရွှေလို ထူးထူးဆန်းဆန်း အဖြစ်မျိုးကို စိတ်ဝင်စားသူ အဖို့မှတ်တမ်းလေးတစ်ခု ရလျှင်လည်း မနည်း ဟု သဘောကစရာ ဖြစ်နေသည်။ ထိုကြောင့်...
''ဒီခြံထဲက အိမ်မှာပဲ အခိုက်အတန့်တော့ ကျွန်မထမင်းလခပေးစားနေပါရစေဦး ဆရကြီး၊ တည်းခ အတွက်ကိုလည်း ထိုက်တန်သလိုကျွန်မ ပေးပါ့မယ်၊ ဆရာကြီး က ကျေးဇူးပြုပေးပါ''
မခင်ရွှေ ၏  လိုလိုချင်ချင် ပန်ကြားချက်ကို ဆရာကြီး စိတ်ထဲမှာအံ့သြသွားမိသည်။

ဤခြံကြီးနှင့် ဤမိသားစုအကြောင်းကို ပြောပြထားလျက်နှင့် တွန့်ဆုတ်ဟန်မရှိဘဲ နေလိုကြောင်း ပြောပြ သော မခင်ရွှေကို..
''အေးလေ လောလောဆယ်တော့ ဆရာမအဖို့ အဆင်သင့် မရှိသေးဘူး ဟုတ်လား၊ နေလိုက်ဦးပေါ့၊ ဆရာကြီး လည်း မြို့ထဲမှာ အဆင်ပြေမယ့်အိမ် စုံစမ်းပါဦးမယ်။ ကဲ ....ကျောင်းဆင်း ချိန်မှာ ဆရာကြီးနဲ့ အတူ ဆရာမပါ လိုက်ခဲ့၊ အခုတော့ ဆရာမလည်း ခရီးရောက်မဆိုက် ဖြစ်နေတော့ ကျောင်းထဲမှာပဲ ဆရာမတွေ စာသင်ချိန် ပြီးရင် အနားယူ တဲ့ အခန်းရှိပါတယ်။ အဲဒီအခန်းမှာ ဆရာမနားနေလိုက်ပါဦး''
ဟု ပြောသည်ကို မခင်ရွှေက....
''ဟုတ်ကဲ့- ကျေးဇူးတင်ပါတယ် ဆရာကြီး''
ဟုရိုသေစွာ တုံ့ပြန်ကာ၊ ဆရာမများ အနားယူသည့် အခန်းသို့ သူ့ပစ္စည်းကလေးများ ထည့်ထားသည့် လက်ဆွဲအိတ် နှင့် အိပ်ရာလိပ်ကို တစ်ဖက်စီ ဆွဲကာ ထွက်လာခဲ့သည်။
 
အခန်း(၃)

မခင်ရွှေသည် ကျောင်းအုပ်ဆရာကြီး၏ ဆောင်ရွက်ပေးချက်ဖြင့် သူစိတ်ဝသ်စားသော ထိုခြံကြီးထဲက အိမ် မှာ ထမင်းလခရော၊ တည်းခိုသည့် အခန်းခရော သင့်လျော်သည့်နှုန်းဖြင့် အိမ်ရှင်တွေ ကျေနပ်လက်ခဲသည့် ဧည့်သည် ဖြစ်သွားလေသည်။

ခြေတံရှည် တစ်ထပ်အိမ် ဖြစ်သော်လည်း  အိမ်မှာ တော်တော်ပင်ကျယ်ဝန်းသောကြောင့် အခန်းဖြစ်သည်။ အိမ်ရှင် ဖြစ်နေသော ဇနီးမောင်နှံနာမည်မျာ ဦးဖေဆိုင်နှင့် ဒေါ်ငွေ ဖြစ်ကြောင်း သိရသည်။
''ဆရာမ အတွက် ကျုပ်တို့ပေးထးတဲ့ အခန်းက ဒီတ်စအိမ်လုံးမှာ အကောင်းဆုံး အခန်းပါပဲ။ ဟိုတစ်က ၀ရန်တာ တွဲထားတော့ ဆရာမအတွက် အေးအေးလူလူ ၀ရန်တာထွက်ပြီး စာလေးဘာလေး ဖတ်နေနိုင် တာပေါ့လေ။ တစ်ခုပဲ ဆရာမ ကို ကျုပ်တို့ ကြိုတင်ပြောချင်တာရှိပါတယ်။

လူမမြဲသည့်အတွက် ၀င်ငွေထိခိုကနေစဉ်မှာ သူတို့အိမ်သတင်းကို ကြားသိလျက်နှင့် လိုလိုချင်ချင် လာ နေသော မခင်ရွှေကို ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ ဇနီးမောင်နှံနှစ်ယောက်က ၀မ်းမြောက်ဝမ်းသာ ဖော်ရွေစွာ ဆက်ဆံပြီး မခင်ရွေစိတ်တိုင်းကျ ဖြစ်စေရန် အကောင်းဆုံး အခန်းကိုပေးသည်။ သူတို့ကိုယ်တိုင် အခန်းကို သန့်ရှင်း ပေးသည်။ ထို့နောက် မခင်ရွှေကို ဦးဖေဆိုင် က ကြိုတင်ပန်ကြား လိုသောစကားကိုပြောသည်။

''ဘာပြောချင်လို့ပါလဲ ဦးလေးရယ်၊ ပြောစရာရှိတာ ပြောသာပြောပါ။ ကြိုတင်သိထားမှ ကျွန်မအနေနဲ့ နေတတ် ထိုင်တတ် သွားမှာ ဖြစ်ပါတယ်။ အားမနာပါနဲ့။ ဦးလေးတို့ စိတ်ထဲရှိတာကို သာပြောပါ''
မခင်ရွှေ က ပွင့်ပွင့်လင်းလင်း ပြောသည်။

ထိုအခါ ဦးဖေဆိုင်က ဇနီးသည်ဒေါ်ငွေကို လှည့်ကြည့်ပြီး
''ပြောပြလိုက်ပါ မငွေ၊ မင်းတို့မိန်းမချင်း ပြောကြတာက ပိုပြီးစုံလင်တာပေါ့''
ဟုဆိုကာ မခင်ရွှေနှင့် သူ့ဇနီးသည်ကိုထားခဲ့ပြီး အိမ်ပေါ်မှဆင်းသွားသည်။ ပြောလိုရာစကား တွေကို လွတ်လွတ် လပ်လပ် ပြောနိုင်ရန် ထွက်သွားသည့်သဘောဖြစ်သည်။
ဦးဖေဆိုင်နှင့် ဒေါ်ငွေကား နှစ်ယောက်လုံး အသက်လေးဆယ်ကျော် ငါးဆယ်တွင်း တွေ ဖြစ်သည်။ သားသမီး တစ်ယောက် မျှ မရှိပေ။

မခင်ရွှေသည် မနေ့က ဤမြို့သို့ ရောက်သည်နှင့် ချက်ချင်းသွားရောက်တွေ့ဆုံကာ သူတာဝန်လက်ခံရန် ရောက်လာပြီ ဖြစ်ကြောင်း သတင်းပို့သည်။ ယနေ့ဤအိမ်သို့ ပြောင်းလာသည်။ နေရေးထိုင်ရေးအတွက် ပြင်ဆင် ရန် ကျောင်းအုပ်ဆရာကြီးက ငဲ့ညှာသော စိတ်ဖြင့်ဤနေ့တစ်ရက် ခွင့်ပေးထားသည်။ ထို့ကြောင့် မခင်ရွှေ က သူ့အတွက်ရသည့် အခန်းမှာ ပါလာသည့် ပစ္စည်းလေးများ နေရာချထားနေသည်ကို ဒေါ်ငွေတို့ ဇနီးမောင်နှံ က ကူညီရင်း စကားပြောနေကြခြင်း ဖြစ်သည်။

မခင်ရွှေ ရောက်လာပြီး အိမ်ခန်းလေးကို ပြင်ဆင်လုပ်ကိုင်ပြီးသည့်တိုင်အောင် မနေ့က မခင်ရွှေ တွေ့ ခဲ့ရသည့် စိတ်နောက်နေသည်ဆိုသော မိန်းကလေးကို အရိပ်အယောင်မျှပင် မမြင်ရသေးချေ။ လူရိပ် လူယောင် ထား၍ လှုပ်ရှားသွားလာသည့် အသံကိုပင် မကြားရသည့်အတွက် မခင်ရွှေက များစွာ သိချင် နေသည်။

သို့သော် ... ရောက်လျှင်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဖြစ်နေမည်စိုးသောကြောင့် မမေးသေးဘဲ အရိပ်အခြည် ကိုသာ မသိဟန်ဆောင် အကဲခတ်နေရသည်။
ယခု ဦးဖေဆိုင်ပြောမည့် စကားသည် ထိုမိန်းကလေးအကြောင်းပင် ဖြစ်ပေလိမ့်မည်ဟု မခင်ရွှေ တွေးလိုက် မိသည်။
မခင်ရွှေ တွေးမိသည့် အတိုင်းပင် ဒေါ်ငွေက ပြောပြသည်။

    "ပြောစရာ ဆိုတာကတော့ တခြားမဟုတ်ပါဘူး ဆရာမ၊ ကျုပ်တို့သမီးလေးအတွက် ဆရာမမှာ စိတ်အနှောင့် အယှက် ဖြစ်မှာစိုး တဲ့ အကြောင်း ကြိုပြောမလို့ပါ"
    "သြော်... ဒေါ်ဒေါ်တို့မှာ သမီးရှိတယ်လား။ အခုအိမ်မှာ ရှိနေလား ဒေါ်ဒေါ်။ ဘာသံမှလဲ မကြားပါလား"
    ဟု မေးလိုက်သည်။

    "ရှိပါတယ်ဆရာမ။ သမီးက ဟိုလေ... စိတ်နောက်နေတယ်။ ရူးနေတယ် ဆိုပါတော့ ဆရာမရယ်။ သူက အိမ် ကို ဧည့်သည်လာရင် စိတ်နည်းနည်း ထတတ်တယ်။ ရိုက်မယ်၊ သတ်မယ် ဆိုတာမျိုး လုပ်တတ်တော့ အရင် ရောက်လာဖူးတဲ့ လူနှစ်ယောက် ပြောင်းပြေးကြရတယ်။ ကျုပ်တို့မှာ စားဝတ်နေရေး ကျပ်တည်း တော့ အခုလို အိမ်ပေါ် တည်းခိုသူ လက်ခံ၊ ထမင်းလခပေးကျွေး၊ တည်းခိုခယူဆိုရင် နည်းနည်း စားပေါက်လေး ချောင်တယ်ပေါ့ ဆရာမရယ်။ ဒီအရူးမကြောင့် လာဘ်ပိတ်သလို ဖြစ်နေတာ။ အဲဒီတော့ ဆရာမ အနေ နဲ့ ဒီအရူးမအတွက် စိတ်ညစ်ပြီး ပြောင်းပေးမှာ စိုးရိမ်မိတယ်"
    ဒေါ်ငွေ ညည်းညူသံဖြင့် ပြောသည်။

    မခင်ရွှေသည် သူ့ကို စိတ်ပျက်ဟန်ပေါ်နေသလား ဟူသော မယုံမရဲစိတ်ဖြင့် ဒေါ်ငွေ အကဲခတ် ကြည့် နေကြောင်း သိသည်။ ထို့ကြောင့် လေသံသွက်သွက်ဖြင့်ပင် ပြန်ပြောသည်။
    "အခုတော့ နေတာအငြိမ်သားပဲ။ ဒီအတိုင်းဆိုရင်တော့ ကျွန်မအတွက် ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မယ် မထင်ပါဘူး ဒေါ်ဒေါ်"
    မခင်ရွှေစကားကြောင့် ဒေါ်ငွေ မဲ့ပြုံး ပြုံးလိုက်သည်။

    "အင်း... နွားပြာကြီးအကြောင်း မသိသေးလေို့ပါ။ အကြောင်းသိရင် သားရေတောင် ဖင်ထိုင်ချင်မယ် မဟုတ်ဘူး ဆို တဲ့ စကားပုံ ရိုင်းရိုင်းလို ဖြစ်နေပြီ။ အကြောင်းမသိတဲ့ လူကတော့ ဒီအတိုင်း ပြောကြတာပဲ။ ဒီကောင်မလေး က ၀မ်းတွင်းပါ အရူးတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရူးတာ။ သူရူးတာက တစ်မျိုး ပဲ၊ သူ့မျက်နှာကို လူမြင်မခံဘူး ဆရာမရဲ့။ အမြဲ ခေါင်းငိုက်စိုက်ချပြီး ငုံ့နေတယ်။ ဘယ်သူ့ကိုမှ မျက်နှာချင်းဆိုင် မကြည့်ဘူး။ သူ့မျက်နှာကို အတင်းအကျပ် ချုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်အောင် လုပ်လိုက် ရင် မျက်လုံး ကို တစ်အား မှိတ်ထားတယ်"
    ဒေါ်ငွေ က စကာရပ်ပြီး ဆေးလိပ်တိုတို ဖွာနေသည်။

    "ဘယ်လိုလဲ၊ သူတစ်ပါးနဲ့ မျက်လုံးချင်းဆိုင် မကြည့်ဝံ့တဲ့ သဘောမျိုးလား"
    မခင်ရွှေက မေးသည်။
    "ဘယ်လိုမှန်း ကို မသိပါဘူး ဆရာမရယ်။ သူတစ်ယောက်တည်းနေလည်း မျက်နှာကို အမြဲငုံ့နေတာပဲ။ အဲ မျက်နှာ ကို ငုံ့ချင်တဲ့အခါ ဘယ်လိုလုပ်နေတယ်မှတ်လဲ ဆရာမ"
    ဒေါ်ငွေက ဆေးလိပ်တိုကို ချပြီး ပြန်မေးသည်။
    "ဘယ်လိုလုပ်နေလဲ ဒေါ်ဒေါ်"
    ဒေါ်ငွေက မကြည်ဖြူသော အသံဖြင့် ဖျစ်ညှစ်ရယ်ပြီး ပြောသည်။

    "သူ့မျက်နှာကို အစဉ်အမြဲ လက်ဝါးနဲ့ အုပ်ထားတတ်တယ်။ ကျုပ်တို့ တိတ်တိတ် ချောင်းကြည့်ပေါင်း များပြီ။ သူ့တစ်ယာက်တည်း နေတဲ့အခါ သူ့မျက်နှာကို ဘယ်လိုလုပ်ထားလဲ သိချင်လို့လေ။ ငုံ့ရင်ငုံ့၊ မငုံ့ရင် လက်ဝါးအုပ်ထားတာချည်း တွေ့နေရတော့ ကြာတော့ ကြည့်ရမှာ ငြီးငွေ့ပြီး ဂရုစိုက် မကြည့် မိတော့ ဘူး"
    "အိမ်ပြင် ထွက်တဲ့အခါကော ဒေါ်ဒေါ်"
    "ဘယ်မှ မကြည့်ဘူး၊ ခေါင်းကြီး ငိုက်စိုက်ချ ငုံ့ထားတာပဲ ဆရာမ"

    ဒေါ်ငွေ့စကားကြောင့် မခင်ရွှေ၏ သံသယသည် ပိုပြီး ခိုင်လုံသလို ဖျြစ်သွားသည်။ အိမ်ထဲမှာဖြစ်စေ။ အိမ်ပြင် မှ ဖြစ်စေ၊ မည်သည့်အခါမှ ဦးခေါင်းမမော့ခဲ့ပါဘူးဟု ဒေါ်ငွေက အခိုင်အမာ ပြောနေသော စိတ်ဝေဒနာရှင် မိန်းကလေးသည် မနေ့က မခင်ရွှေ တွေ့လိုက်စဉ်က သနားစဖွယ် ၀မ်းနည်းကြေကွဲသော မျက်နှာလေး ဖြင့် ဝေးလံသော ဒေသသို့ အားကိုးစရာ ရှာဖွေသည့်အလား ဝေးလံသည့်အရပ်သို့ မျှော်ကြည့် နေသည့် အသွင်ကို သေချာစွာ တွေ့ခဲ့ရသည်။

    တစ်ခုခုတော့ သိုသိပ်လျှို့ဝှက်ချက် ရှိနေလေမည်လား။ ကလေးမလေးသည် တစကယ် စိတ်နောက် နေခြင်း ဟုတ်နိုင်ပါမည်လား။ သူ့မျက်နှာကို လူမြင်မခံ။ သူတစ်ပါးနှင့် မည်သည့်အခါမျှ မျက်နှာချင်း မဆိုင် ဘဲ ရှောင်လွှဲမရသည့်အခါ မျက်လုံး စုံမှိတ်ထားခြင်း ဆိုခြင်းသည် အကြောင်း ရှိရပေမည်။ စိတ်နောက် ရူးသွပ်သူ တို့ မျက်လုံးသည် လူကောင်းသူကောင်း မျက်လုံးမျိုးနှင့်မတူ၊ အတွင်းစိတ် မမှန်ကြောင်း၊ နောက်နေ့ကြောင်း၊ ရူးနေကြောင်းကို ထင်ရှားသိသာသည့် လက္ခဏာကို ပြတ်ပြတ်သားသား ဖော်ပြသည့် မျက်လုံးမျိုးဖြစ်သည်။

    ယခု ကလေးမလေးသည် မည်သူနှင့်မျှ မျက်လုံးချင်း မဆိုင်သည်မှာ သူ့မျက်လုံးသည် ရူးသွပ်နေသူ၊ စိတ်မမှန်သူ မဟုတ်သည့်အတွက် မျက်လုံးသဘောအမှန်ကို လူသိမည် စိုးသောကြောင့် ယခုလို အပြုအမူမျိုး ပြုမူနေခြင်းလားဟူသော အတွေးကို မခင်ရွှေ တွေးလိုက်မိ သည်။ မခင်ရွှေ တွေးနေစဉ်မှာ ဒေါ်ငွေ ဆက်ပြောလိုက်သည်။
    "ဒီအရူးမအကြောင်း ဆရာမကလည်း စိတ်ဝင်စားပုံရပါတယ်။ နောက်ပြီး ဒီအရူးမကြောင့် ဆရာမ ဒီအိမ်က ပြောင်းမသွားဘူးလို့ ခိုင်ခိုင်လုံလုံပြောနေမှ ကျုပ်တို့လည်း စုံစုံလင်လင် ပြောပြ ရမှာပေါ့ ဆရာမ ရယ်"

    ဒေါ်ငွေစကားကြောင့် မခင်ရွှေ ၀မ်းသာသွားသည်။ ဒေါ်ငွေက မည်ကဲ့သို့ပင် ပြောစေကာမူ မခင်ရွှေသည် သူစိတ်ဝင်စားနေမိသော သူ့စိတ်မှာ သံသယာဖြစ်နေမိသော စိတ်ဝေဒနာရှင်မလေး အကြောင်း ကို စုံလင်အောင် သိရတော့မည် ဖြစ်သ်။
    ထို့ကြောင့် ....
    "ပြောပြပါ ဒေါ်ဒေါ် ကျွန်မက ဒီလို အကြောင်းမျိုးဆိုရင် သိပ်နားထောင်ချင်ပါတယ်"
    ဟု တိုက်တွန်းလိုက်သည်။

    ဒေါ်ငွေက ဆေးလိပ်တိုလေးကို အားပါးတရ သုံးလေးဖွာမျှလောက် ဆက်တိုက်ဖွာလိုက်ကာ ဆေးလိပ်တို လေးချပြီး ပြောပြသည်ကို မခင်ရွှေ စိတ်ဝင်စာစွာ နားထောင်နေသည်။
    စိတ်ဝေဒနာရှင်လေး၏ နာမည်သည် မေစမ်းမြိုင်ဖြစ်သည်။ အသက်ဆယ့်ငါးနှစ်ခန့်က စပြီး စိတ်နောက်သည်မှာ သွေးရိုးသားရိုး နောက်ဟန်မတူဘဲ အရွယ်ရောက်လာစ မိန်းမပျိုတို့ သွေးသား ဖောက်ပြန်ကာ ကြင်ဖက်ကို လိုချင်ဇောဖြင့် စိတ်ဖောက်ပြန်သွားဟန် တူသည်။ အဘယ်ကြောင့်ဆိုသော် ဤအိမ် မှာ တစ်မြို့တစ်ရွာက ရောက်လာသည့် အစိုးရ အမှုထမ်းနှစ်ဦးကို တည်းခိုသည့်အခန်းခ ထမင်းလခ ယူပြီး လက်ခံဖူးကြောင်း၊ ထိုလူနှစ်ယောက်၏ အသက်အရွယ်မှာ တစ်ယောက်က အစိတ်သာသာရှိသည်။ တစ်ယောက် က လေးဆယ်ခန့်ရှိသည်။

ထိုယောက်ျား နှစ်ယောက်လုံးက သူတို့ကို မေစမ်းပြိုင်သည် ဦးခေါင်းငိုက်စိုက်ချလျက်နှင့် အားကိုးပါရစေဟူသော စကားများကို ဦးဖေဆိုင်နှင့် ဒေါ်ငွေလစ်သည့်အခါတိုင်း ပြောတတ်ကြောင်း၊ သူတို့က မည်သို့မှ မတုံ့ပြန်သောအခါ စိတ်ဆိုးပြီး သတ်မည်၊ ရိုက်မည့် ဟန်မျိုး ပြတတ်ကြောင်း၊ ထို့ကြောင့် မနေလိုတော့ကြောင်းပြောကာ ပြောင်းရွှေ့သွားကြသည်။
    စိတ်ဝေဒနာရှင်လေး မေစမ်းမြိုင်အကြောင်းကို ဒေါ်ငွေက ဤမျှသာ ပြောပြီး မဲ့လိုက်သည်။

    ထို့နောက် ချိုးဖဲ့သော လေသံဖြင့် ဆက်ပြောလိုက်၏။
    "ရူးတာက ရိုးရိုးမှ ရူးတာမဟုတ်ဘဲ ဆရာမရဲ့၊ ရိုင်းရိုင်းပြောရရင် ယောက်ျားသိပ်လို ချင်နေလို့ ရူးသွားတာ၊ ခက်တာက မရူးခင်က သူ့ကိုယ်သူ သီလရှင် လုပ်တော့မယ့်ဟန်မျိုး၊ ရသေ့ဝတ်ပြီး တောထွက်တော့မယ့် ဟန်မျိုးလုပ်နေခဲ့တော့ ဘယ်သူကမှလဲ မကြိုက်ကြဘူး၊ ဟန်လုပ်လွန်ပြီး ယောက်ျားသိပ်လိုချင်လာတဲ့ အခါကျတော့ ကြိုက်မယ့်သူ မရှိတော့ဘူးလေ၊ ဒီတော့ ရူးတော့တာပေါ့"
    ဒေါ်ငွေစကားတွေကို ကြားရခြင်းဖြင့် သူတို့ ဇနီးမောင်နှံက သမီးကလေးဖြစ်ပါသည်ဟု ပြောနေစေကာမူ ပြောသည့် စကားတွေက သမီးအရင်းကို စေတနာထား ပြောသည့်စကားမျိုး မဟုတ်ကြောင်း များစွာ ထင်ရှား  နေသည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီး ပြောလိုက်သည့် အတိုင်း ကွယ်လွန်ကုန်ကြသော ဤခြုံရှင် ဇနီးမောင်နှံမှ မွေးစားခဲ့သည့် အားကိုးရာမဲ့ ဒုက္ခသည်လေးဖြစ်သည်ဟု မခင်ရွှေ အမှန်အတိုင်းပင် တွေးမိလိုက်သည်။

    ဒေါ်ငွေက ဆက်ပြော၏။
    "သူက အားကိုးပါရစေဆိုတာ ရှင်းရှင်းပြောရရင် မိန်းမကစပြီး လူပျိုလှည့်တာပေါ့။ အားကိုးပါရစေဆိုတာ သူ့ကို မယားအဖြစ် ယူပါလို့ ပြောတာနဲ့ အတူတူပဲ ဆရာမရဲ့"
    မခင်ရွှေသည် ဒေါ်ငွေ့စကားကို ထောက်ခံခြင်း မပြုနိုင်ဘဲ ဒေါ်ငွေ  မျက်နှာကိုသာ ငေးကြည့်နေသည်။
    ဒေါ်ငွေသည် နှုတ်ဆိတ်နေသော မခင်ရွှေကို ကြည့်ကာ...
    "ဆရာမကို ကျွန်မပြောပြတာ သိပြီ ဟုတ်လား။ အဲဒါ စိတ်ချမ်းသာအောင်သာနေပါ။ ဆရာမက ယောက်ျား မဟုတ်ဘဲ မိန်းမဖြစ်နေတော့ သူအားကိုးပါရစေလို့ ပြောမှာလည်း မဟုတ်ဘူး။ အနားကိုလည်း လာမှာ မဟုတ်ဘူး"

    ဟု ပြောသည်။
    "သူ အားကိုးပါရစေဆိုတာက ယောကျားကိုသာ ရွေးပြောတာလား ဒေါ်ဒေါ်"
    စဉ်းစားနေသော မခင်ရွှေကမေးသည်။
    ဒေါ်ငွေက ရယ်ပြီး ဖြေသည်။

    "ယောက်ျားတိုင်းကို ပြောတာ မဟုတ်ဘူး။ သူ ရူးတဲ့စိတ်နဲ့ ပြောမိပြောရာ ပြောတယ်ဆိုရင် ကျုပ်ယောက်ျား ကိုဖေဆိုင်လည်း ယောက်ျားပဲဟာ သူပြောမှာပေါ့၊ အခုတော့ မဟုတ်ပေါင်၊ ကိုဖေဆိုင် ကိုတော့ အနားလာတာတောင် မကြိုက်ဘူး။ ခေါင်းငိုက်စိုက်ချထားပေမယ့် ရန်မူမယ့်ဟန်မျိုး အသင့်ပြင် ထားတာ၊ သူ အားကိုးချင်တာက ကိုဖေဆိုင်ထက် ငယ်တဲ့လူ၊ လူလွတ်ကိုသာ အားကိုးချင်နေတာဆိုတော့၊ သူ့ ရောဂါ ကို ဆရာမပဲ တွေးကြည့်တော့လေ၊ နောက်ပြီး ဆရာမ မေးသလို ယောက်ျားကိုပဲ ပြောတယ်၊ မိန်းမဖြစ် တဲ့ ကျွန်မကို မပြောဘူး"

    ဒေါ်ငွေကပြောပြီး...
    "ကဲ - ဆရာမလည်း တော်တော် စုံစုံလင်လင် သိလိုက်ပြီပဲ၊ ကြာကြာနေရင် ဒါထက်ပိုပြီး စုံစုံသိမှာပေါ့။ လုပ်စရာ ရှိတာ လုပ်ဦး၊ ရေမိုးချိုးချင်ရင် ခြံထဲက ရေတွင်းမှာ စက်သီးကြိုးတပ်ပြီး ရေပုံးအဆင်သင့်ရှိတယ်။ ကျုပ် လည်း ညနေစာချက်ဖို့ ဈေးပြေးလိုက်ဦးမယ်"

    မနက်က ပြောင်းလာကာစကပင် မခင်ရွှေက ဈေးသုံးရန် ထမင်းလခကို ကြိုတင် ပေးထား လိုက်သောကြောင့် ဒေါ်ငွေ များစွာ ကျေနပ်သောစိတ်ဖြင့် ပြောကာ မခင်ရွှေအနား မှ ထသွားသည်။
    "မငွေ နင်ဈေးသွားခိုက် ငါလည်း အိမ်ခွန်လေး သွားဆောင်လိုက်ဦးမယ်။ ပိုက်ဆံမရှိလို့ အိမ်ခွန် လာတောင်း တဲ့ သူကို တောင်းပန် ဆိုင်းထားရတာ သုံးလေးရက် ရှိနေတာ နင်အသိပဲ"
    ဦးဖေဆိုင် ပြောသည့်အတိုင်း အိမ်ခွန်ဆောင်စရာ မရှိသည်အတွက် ဆိုင်းငံ့ထားခဲ့ရသည်။ ယနေ့မှ မခင်ရွှေ ကြိုတင်ပေးသည့် ငွေလေးရပြီ ဖြစ်သောကြောင့် ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်တစ်လမ်း ထွက်သွား ကြသည်။

    မခင်ရွှေသည် သူ့အခန်းထဲမှာ ရေချိုးသွားရန် ပြင်ဆင်နေစဉ် သူ့နောက်ကျောပေးထား သော အခန်းဝ မှာ ညင်သာသော ခြေသံကို ကြားလိုက်မိသလိုလို ရှိသောကြောင့် လှည့်ကြည့်လိုက်သည်။

    အခန်းတံခါးဝတွင် တံခါးပေါင်ကို မှီကာ ဦးခေါင်းငိုက်စိုက်ချပြီး ရပ်နေသော မိန်းကလေး တစ်ယောက်ကို မြင်ရသည်။ ထိုမိန်းကလေးကို မခင်ရွှေ တစ်ကြိမ်မျှ မမြင်ဘူးသော်လည်း သတင်းစကားကို စုံလင်စွာ ကြားသိပြီး ဖြစ်သည့်အတွက် တစ်ကြောင်း၊ အခန်းဝမှာ တွေ့မြင်လိုက် ရသည့် ရုပ်သွင်ကို သတိရသဖြင့် တစ်ကြောင်း၊ အခန်းဝမှာ တံခါးပေါင်ကို မှီပြီး ဦးခေါင်းငိုက်စိုက်ချကာ ရပ်နေသူလေးသည် သနားစဖွယ် စိတ်ဝေဒနာသည်လေး မေစမ်းမြိုင် ဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်သည်။ ထို့ကြောင့် မခင်ရွှေသည် ချိန်ချိန်ဆဆ တွေးတောထားပြီးဖြစ်သည့်အတွက် စည်းကမ်းမဲ့စွာ သတိလက်လွတ် ကြောက်ရွံ့ခြင်း မဖြစ်ဘဲ ထို မိန်းကလေး ရှိရာသို့ ဖြည်းညင်းစွာသွားခြင်း ဖြစ်သည်။

ဆက်ရန်
.

1 comment:

ahphyulay said...

အင်း...
လုပ်လာပြီ။
ကောင်းခန်းကျ မှ..။