Saturday, November 20, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၃)

"ညီမလေး"
    မေစမ်းမြိုင်၏ ရှေက လက်တစ်ကမ်းသာသာ အကွာမှာ ရပ်ပြီး မခင်ရွှေက အသံပေးလိုက်သည်။ အဟုတ်တကယ် ရူးသည် မရူးသည်ကို တပ်အပ်သေချာ မသိရသေးသောကြောင့် ရုတ်ခြည်း အတင့်ရဲစွာ အနား သို့ မခင်ရွှေက မကပ်လိုသေးချေ။ ထို့ကြောင့် ည်င်သာသိမ်မွေ့သော အသံဖြင့် လက်တစ်ကမ်း သာသာ အကွာမှ အသံပြုလိုက်ခြင်းသာ ဖြစ်သည်။
    မေစမ်းမြိုင်သည် ဦးခေါင်းကို မော့ကြည့်ခြင်း မပြုချေ။ သို့သော် မခင်ရွှေ၏ ကြင်နာသော အသံကိုမူ အသိအမှတ် ပြုဟန်တူသည်။ ကြမ်းပေါ်တွင် ရိုသေသော အမူအရာဖြင့် ပုဆစ်ဒူးတုပ် ထိုင်ချလိုက်သည်။ မျက်နှာကိုမူ ငုံ့မြဲတိုင်း ငုံ့ထားသည်။

    စိတ်မမှန်သူက ရန်မူမည့် အရိပ်လက္ခဏာ မပြဘဲ ယဉ်ကျေးရိုသေသည့် အမူအရာကို ပြသောအခါ မခင်ရွှေသည် ရှေ့သို့ တိုးလာသည်။
    "ညီမလေးကို မမ ချစ်ပါတယ်ကွယ်၊ မမ စိတ်ထဲမှာ ညီမအရင်းလေးလိုပဲ ထင်ပါတယ်။ ညီမလေး မျက်နှာ ကို မမ မြင်ရအောင် မော့ပြပါလား"
    မခင်ရွှေက တောင်းတောင်းပန်ပန်ပြောသည်။ သို့သော် မေစမ်းမြိုင်သည် မော့ပြခြင်း မပြုချေ။ ငြိမ်သက်စွာ သာ နေသည်။ မခင်ရွှေကလည်း ဘာစကားမျှ ဆက်မပြောသေးဘဲ မေစမ်းမြိုင်ကိုသာ အကဲခတ် ကြည့်နေသည်။

    မျက်နှာလေးကို ငုံ့ထားသော်လည်း အသားဖြူစင်ပြီး ချစ်စဖွယ် ရုပ်ရည်လေးဖြစ်ကြောင်း တွေကရသည်။ ဦးခေါင်း က ဆံပင်တွေကမူ ဆီနှင့် ဝေးကွာခဲ့သည်မှာ နှစ်လ ရှည်ကြာခဲ့ဟန်တူသည်။ နီမြန်းကာ ဖွာရရာ ကြဲနေသည်။ ဒူးတုပ်ထိုင်နေသော ဒူးနှစ်ဖက်ပေါ်သို့ လက်နှစ်ဖက်ကို ကိုးရို့ကားရား အနေအထား မဟုတ် ဘဲ လက်ချောင်းလေးတွေကို ပူးကာ သပ်ရပ်စွာ တင်ထားသည်။ ၀တ်ထားသ်ည့ ထဘီနှင့် အင်္ကျီသည် လက်နှီး သာသာ အရောင်အဆင်းမျိုး ဖြစ်နေသည်။

    ကိုယ်ခန္ဓာလေးသည် စိတ်ဝေဒနာကြောင့်လား၊ ၀လင်အောင် မစားရ၍လား၊ အရွယ် လေးနှင့် မလိုက်အောင် ပိန်လှီ လျော့ပါးနေသည်။
    "ညီမလေး မျက်နှာကို မော့ပြပါလားကွယ်၊ ညီမလေးကို မမ ချစ်လို့ ညီမလေးကို အကူအညီ ပေးပါရစေ"
    အတန်ကြာ အကဲခတ်ကြည့်နေပြီးမှ မခင်ရွှေက ပြောလိုက်သည်။

    မေစမ်းမြိုင်သည် ကျောက်ဆစ်ရုပ်လေးတစ်ရုပ်လို ငြိမ်သက်စွာနေသည်။ ထို့နောက် ဒူးနှစ်ဖက်ပေါ်မျာ တင်ထား သည့် သူ့လက်နှစ်ဖက်ကို ခပ်လေးလေးမြှောက်ကာ မျက်နှာကို အုပ်ထားလိုက်ပြီးမှ မခင်ရွှေကို မော့ကြည့်သည်။ လက်ဝါးနှစ်ဖက်နှင့် မျက်နှာကို အုပ်ထားသော လက်ချောင်းများအကြားမှ မျက်ရည်တွေ စီးကျ လာသည်ကိုမူ မခင်ရွှေ တွေ့နေရသည်။
    မခင်ရွှေသည် သူ့စိတ်ကိုသူ မဆုံးဖြတ်ရသေးမီမှာပင် သူ့ကိုယ်က မေစမ်းမြိုင်အပါး ရောက်သွားကာ ဒူးထောက်ထိုင် ပြီး လက်ဆစ်ဖက်က မေးစမ်းမြိုင် ပခုံးကို ဖက်ထားလိုက်မိသည်။ ထိုအခါ မေစမ်းမြိုင်သည် နှုတ် က စကားတစ်လုံးမျှမပြောဘဲ မခင်ရွှေ ဖက်ထားသည်ကို လွတ်အောင် အသာရုန်းလိုက်သ်ည။

    အကြမ်းပတမ်း ဆောင့်ထွက် ခါယမ်းခြင်း မပြုဘဲ၊ အသာအယာ ရုန်းလိုက်သည့်အတွက် မခင်ရွှေသည် သူဖက်ထားလိုက်မိသည်ကို သတိရကာ
    "အေး... အေး... မမက ချစလို့ ဖက်ထားလိုက်မိတာပါ ညီမလေးရယ်"
    ဟု ပြောပြောဆိုဆို လွှတ်ပေးလိုက်သည်။
    စိတ်ဝေဒနာသည်လေး မေစမ်းမြိုင်သည် သူ့မျက်နှာကို ဖုံးထားသည့် လက်နှစ်ဖက်ကို သူကိုယ်တိုင် ဖြေချလိုက်သော်လည်း မျက်နှာကိုမူ မမော့ဘဲ ငုံ့ထားမြဲထားလျက်က မခင်ရွှေအပါးမှ ညင်သာ သိမ်မွေ့ သော ခြေလှမ်းများဖြင့် ပြန်လည် ထွက်ခွာသွားသည်။

    မခင်ရွှေ သူ့နောက်က လိုက်ကြည့်သောအခါ မေစမ်းမြိုင်သည် သူ့အတွက် ပေးထားဟန်တူသော အခန်းထဲသို့ ၀င်သွားပြီး တံခါးကို ပိတ်လိုက်လေသည်။
    "ဘယ်နည်းနဲ့မှ အမှန်တကယ် စိတ်နောက်နေတာမဟုတ်ဘူး။ သမီးအရင်းလည်း မဟုတ်ဘူး၊ ဒီခြံကြိး ကလည်း မေစမ်းမြိုင်ရဲ့ မိဘတွေပိုင်တဲ့ခြံဆိုတော့ ဒီကလေးမလေးမှာ ကြီးမားတဲ့ စိတ်ဆင်းရဲစရာ အကြောင်းတစ်ခုရှိလို့သာ သူ့ကိုယ်သူ ဘေးကင်းအောင် ရူးချင်ဟန်ဆောင်နေတာ ဖြစ်ရမယ်"
    ဟူသော အတွေးကို မခင်ရွှေ တွေးလိုက်မိသည်။

    ထိုသို့တွေးလိုက်မိသည့် အတွေးကလည်း မေစမ်းမြိုင်ကို ကြင်နာသနားသည့် စိတ်မျိုး။ မေစမ်းမြိုင် ခံစား နေရ သည့် လျှို့ဝှက်သော အကြောင်းအချက်ကို သိလိုသည့် ဆန္ဒသည် မခင်ရွှေ မှာ ထက်ထက် သန်သန် ပေါ်လာသည်။
မေစမ်းမြိုင် ၀င်ရောက်သွားသည့်အ ခန်းသည် မခင်ရွှေအတွက် ပေးထားသည့် အခန်းနှင့် အခန်းနှစ်ခုအကြား သုံးပေမျှကျယ်သည့် လူသွားလမ်းကလေးသာ ခြားထားသည်။ ထိုလူသွားလမ်းကလေးမှ တစ်ဖက်သို့ ထွက်လိုက်လျှင် အိမ်အောက်သို့ဆင်းသည့် အိမ်ဘေးလှေကား ရှိလေသည်။

    မခင်ရွှေ၏ အခန်းတစ်ဖက်မှာ တွဲထာသည့် ၀ရန်တာမှ ကြည့်လိုက်လျှင်၊ ထိုအိမ်ဘေး လှေကားကို အထက်စီး မှ မြင်ရသည်။ မခင်ရွှေ အခန်းနှင့် မေစမ်းမြိုင်အခန်းသည် အိမ်ပဲ့ဘက်မှာ ရှိပြီး၊ အိမ်ဦး ဘက်တွင် မူ ဦးဖေဆိုင်တို့ ဇနီးမောင်နှံ အိပ်သောအခန်း၊ ရှေးအခေါ် ကျက်သရေခန်း ခေါ်သည့် ပစ္စည်းထားသည့် အခန်း နှင့် ဘုရားဆောင်ရှိလေသည်။
    အိမ်ကြီးမှာ ရှေးဆန်သော အိမ်ကြီးဖြစ်သည်။ ဘုရားဆောင်ရှေ့မှစပြီး အိပ်ခန်းနှစ်ဖက်အကြား နောက်ဖေး မီးဖိုဆောင် အထိ ကြားနေရာသည် ဟာလာဟင်းလင်း ကျယ်ဝန်းနေပြီး သာမှု နာမှုအတွက် လူအများ နေသာထိုင်သာဖြစ်အောင်ပင် ကျယ်ဝန်းလေသည်။

    ထို့ကြောင့် မခင်ရွှေအခန်းနှင့် မေစမ်းမြိုင် အခန်းနှစ်ခုအကြား လူသွားလမ်းမှ အိမ်အောက်ကို ဘေးလှေကားထိပ် တံခါးကို တိတ်တဆိတ်ဖွင့်ဆင်းမည်ဆိုလျှင် အိမ်ဦးခန်းဘက်မှ ဦးဖေဆိုင်တို့ ဇနီး မောင်နှံ အိပ်ပျော်နေပါက ဘေးကင်းရန်ကင်း ဆင်းနိုင် တက်နိုင်သည်။

    မခင်ရွှေသည် အိမ်အနေအထားကို လျှောက်ကြည့်နေမိသည်။ နောက်ဘက်မီးဖိုဆောင်ကား တော်တော်ပင်ကျယ်သည်။ ရှေးဆန်သော အိမ်ဖြစ်သည့်အတွက် ယခုအိမ်တွေလို ထမင်းစားခန်း သီးသန့် မထား ဘဲ မီးဖိုဆောင် ကျယ်ကျယ်ကြီးမှာ ချက်ပြုတ်သည့်နေရာ တစ်ပိုင်း၊ ထမင်းစားသည့်နေရာ တစ်ပိုင်း ဖြစ်သည်။
    မခင်ရွှေက အိမ်အနေအထားကို လှည့်ကြည့်နေစဉ်မှာ မေစမ်းမြိုင် အခန်းက လှုပ်ရှားသည့် အရိပ်အယောင်၊ အသံဟူ၍ လုံးဝမကြားရ မမြင်ရချေ။
    "ကောင်မလေး အခန်းထဲအောင်းပြီး ဘာလုပ်နေတာပါလိမ့်"
    ဟု မခင်ရွှေက တွေးပြီး သူ့အခန်းသို့ ပြန်အရောက်မှာ ဒေါ်ငွေကလည်း ဈေးကပြန်ရောက်လာသည်။

    မခင်ရွှေသည် ဒေါ်ငွေလက်ထဲက ဈေးခြင်းကို ကူညီဆွဲကာ မီးဖိုဆောင်သို့ ပို့ပေးသည်။ ချက်ပြုတ်ရာမှာ လုပ်ကိုင် ပေးသင့် သည်များကို ကူညီ လုပ်ကိုင်ပေးပြီး၊ ရေချိုးရန် ရေတွင်းရှိရာသို့ ဆင်းလာခဲ့သည်။
    မေစမ်းမြိုင်နှင့် တွေ့ဆုံရသည့် အကြောင်းကိုမူ မခင်ရွှေ သည် ဒေါ်ငွေအား လေသံပင် မဟဘဲ နှုတ်ပိတ် ဆိတ်ဆိတ်နေလိုက်သည်။
(၄)
    စိမ်းစိုညိုမှိုင်းသော သစ်ပင်ကြီးများဖြင့် အေးချမ်းသာယာ ဆိတ်ငြိမ်စွာသော ခြံကြီးကို မခင်ရွှေသည် များစွာ နှစ်ခြိုက် ကြည်နူးမိသည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီးက မြို့ထဲမှာ အိမ်ရှာမည် ပြောသည်ကိုပင် မရှာပါနှင့်၊ ဤအိမ်မှာ နေရေးထိုင်ရေး အဆင်ပြေသည်ဟု ပြောသောအခါ၊ မည်သူမျှ ငှား မနေချင်သော ဤလိုအိမ်မျိုးမှာ မခင်ရွှေ မြဲနေသည်ကို တအံ့တသြ ဖြစ်နေကြသည်။
    ဦးဖေဆိုင်နှင့် ဒေါ်ငွေသည် မခင်ရွှေ၏ ခင်မင်နှစ်လိုဖွယ်ကောင်းသော ဆက်ဆံရေး၊ အိမ်အလုပ်ကို အလိုက် သိစွာ ကူညီလုပ်ကိုင်ပေးမှု၊ မေစမ်းမြိုင်နှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမျှ မပေါ်ဘဲ အေးချမ်း နေခြင်း၊ တည်းခိုခ၊ ထမင်းစားခတွေမှာ ကျေနပ်အောင် ပေးနေသည်တို့ကြောင့် မခင်ရွှေကို များစွာ ခင်မင် နေကြသည်။

    အိမ်စောင့်ပြီး မေစမ်းမြိုင်ကို ထိန်းသိမ်းဖော် ရနေသဖြင့်လည်း ဇနီးမောင်နှံနှစ်ယောက်သည် သူတို့သွားလိုသည့်နေရာကို စိတ်ချလက်ချ သွားနေသည့်အပြင် တစ်ခါတစ်ရံ တစ်နေကုန်ပင် သွားနေတတ်ကြသည်။
    ဤခြံသို့ မခင်ရွှေ ရောက်လာနေထိုင်သည်မှာ ငါးလကျော် ခြောက်လထဲကိုပင် ချဉ်းနင်း ၀င်ရောက် နေလေပြီ။
    ဤကာလ အတောအတွင်းမှာ ဦးဖေဆိုင်နှင့် ဒေါ်ငွေ လစ်သည့်အခါတိုင်း မေစမ်းမြိုင်သည် ဦးခေါင်း စိုက်ချ ၍သော် လည်းကောင်း၊ မျက်နှာကို လက်ဝါးဖြင့် အုပ်၍သော်လည်းကောင်း မခင်ရွှေ အနားကို မယောင် မလည် ကပ်လာတတ်သည်။

    မေစမ်းမြိုင် ပိန်ချုံးနေသည့် အကြောင်းသည် စိတ်ဆင်းရဲမှုလည်း ပါပေမည်။ မခင်ရွှေ မျက်မြင် အကြောင်း ကမူ ထမင်းဟင်းကို ၀လင်အောင် မကျွေးဘဲ မသေရုံသာ ကျွေးနေသည်ကို တွေ့နေရသည်။
    တစ်ခါတစ်ရံ နေ့ကူးကျန်နေသည့် အနံမကောင်းတော့သော သိုးနေသော ထမင်းဟင်းကို ကျွေးသည့် အခါ ကျွေးသည်ကို ကျောင်းပိတ်၍ အိမ်မှာ မခင်ရွှေ ရှိနေခိုက် ကြုံကြိုက်သည့်အခါ သိလိုက်ရသည်။

    ထမင်းကျွေးသည်မှာ အခန်းပြင်ဘက်ကို ခေါ်ကျွေးခြင်းမဟုတ်၊ ခွေးစာကျွေးသလို သံပန်းကန် တစ်ချပ်ထဲမှာ ထည့်ချင်သည့် ထမင်းဟင်းကို ထည့်ပြီး အခန်းထဲသို့ ပို့လိုက်သည်။ စားလိုစား မစားလိုနေ၊ ၀ချင်ဝ မ၀ချင်နေ၊ ဘုရားစူးလွတ် တာဝန်ကျေရုံသာ ကျွေးနေကြောင်း မခင်ရွှေကောင်းကောင်း သိလာရသည်။
    "အပြင်ဘက် ခေါ်ကျွေးလို့မရဘူးဆရာမ၊ သူက ယောက်ျားသာလိုချင်နေတာ သူ့မျက်နှာကို လူမြင် ခံချင်တာ မဟုတ်ဘူး"
    ဟူသော စကားကို ဒေါ်ငွေက ပြောသည်။

    "ကျုပ်တို့မှာ ဒီသမီးတစ်ယောက်ကြောင့် စိတ်မချမ်းသာရဘူး ဆရာမ။ အစကတော့ တတ်နိုင်သမျှ ဂရုစိုက် ယုယခဲ့ပါတယ်။ ဆရာခေါ် ကုခဲ့ပါတယ်။ သူရူးပုံက တစ်မျိုး ဖြစ်နေတော့ ကြာတော့လည်း စားဖို့ သောက်ဖို့ ရှာရတာကတစ်မျိုး၊ သူ့အတွက် ဒုက္ခရောက်ရတာ တစ်မျိုးဆို တော့လည်း မယုယနိုင်၊ ဂရု မစိုက်နိုင် တော့ဘူးလေ။ ကံတရားအတိုင်းပဲလို့သာ သဘောထားရ တော့တယ် ဆရာမရေ့"
    ဟု ဇနီးသည်နှင့် အတိုင်အဖောက်ညီစွာ ဦးဖေဆိုင်က ပြောသည်။

    မခင်ရွှေသည် သူတို့ မိသားစုအရေးမှာ ၀င်ရောက်စွက်ဖက် ပြောဆိုစီမံပိုင်ခွင့် မရှိသည့်အလျောက် ဦးဖေဆိုင် နှင့် ဒေါ်ငွေက ပြောသည်ကို ကန့်ကွက်ခြင်း၊ ထောက်ခံခြင်း၊ အကြံဥာဏ်ပေးခြင်း၊ စီမံခြင်း မပြုဘဲ သူနှင့် မည်သို့မျှ မဆိုင်သူအဖြစ် ဦးဖေဆိုင်နှင့် ဒေါ်ငွေ ရှေ့မှာ ဟန်ကောင်းကောင်းဖြင့် နေလိုက် သည်။
    ဆွေမဲ့ မျိုးမဲ့ တစ်ရပ်တစ်ရွာက ၀မ်းရေးကြောင့် ရောက်လာရသော မခင်ရွှေသည် မည်သူ့ အမုန်းကိုမျှ မခံလိုချေ။

    ထို့ကြောင့်ပင် ဦးဖေဆိုင်နှင့် ဒေါ်ငွေသည် မေစမ်းမြိုင်နှင့် ပတ်သက်ပြီး မခင်ရွှေက မည်သို့မျှ ဂရု မစိုက်ခြင်း၊ စိတ်ဝင်စားခြင်း မရှိဟု ခိုင်လုံစွာ ယူဆနေကြသည်။
    သို့သော် မခင်ရွှေသည် မြို့ထဲကို သွာသည့်အခါတိုင်း၊ ဈေးဘက်ကို ရောက်သည့် အခါတိုင်း တာရှည်ခံမုန့်မျိုးဖြစ်သော ဘီစကစ်၊ မုန့်ကြွပ်၊ ပဲလှော်၊ ကိတ်မုန့်ခြောက် စသည်များကို လုံလောက်အောင် ၀ယ်လာ ခဲ့ပြီး သူ့အခန်းထဲမှာ ပုရွက်ဆိတ် မတက်အောင်၊ မှိုမတက်အောင် သန့်ပြန့်လုံခြုံစွာ သိမ်းထား သည်။

    ဦးဖေဆိုင် နှင့် ဒေါ်ငွေ လစ်သည့်အခါတိုင်းမှာ သူ့အနားကို မယောင်မလည် ရောက်လာတတ်သော မေစမ်းမြိုင် ကို ၀အောင်ကျွေးသည်။ ကြင်နာယုယစွာ မေးမြန်းပြောဆိုသည်။
    မေစမ်းမြိုင်ကို ကြည့်ရသည်မှာ နေမကောင်းဟု အထင်ရှိလျှင် သူ့မှာရှိနေသော ပြဒါးတိုင်ဖြင့် အဖျား တိုင်းကြည့် သည်။ သူဆောင်ထားသည့် ဆေးတွေထဲက သင့်လျော်သော ဆေးကို ဂရုစိုက်တိုက်သည်။

    မေစမ်းမြိုင် နေသည့်အခန်းကို တတ်နိုင်သမျှ ရှင်းလင်းသန့်စင်ပေးသည်။ မေစမ်းမြိုင်ဝတ်သည့် အ၀တ်ကို ဖာထေး ခုပ်လုပ်ပေးသည်။ သူ့မှာ ရှိသည့်အ၀တ်ကို ပေးလိုသော်လည်း ဦးဖေဆိုင်နှင့် ဒေါ်ငွေက တစ်မျိုးတစ်မည် ထင်လျှင်၊ သံသယဖြစ်လျှင် သူသိလိုသည့် မေစမ်းမြိုင်နှင့် ပတ်သက်သည့် အကြောင်းတွေကို စုံစမ်းရခက်နေမည် စိုးသောကြောင့် မပေးခဲ့ချေ။
    သို့နှင့်ပင် အချိန်ကာလ ခြောက်လတိုင် ကြာလာခဲ့သည်။ မေစမ်းမြိုင်သည် မခင်ရွှေကျွေးသည့် အစာကို သေသပ် စွာ စားသောက်သည်။ မခင်ရွှေ ပြုစုယုယသည်ကို ငြိမ်ဝပ်စွာ ခံယူသည်။ မခင်ရွှေ တိုက်သည့် ဆေး ကို မငြင်းမဆန် သောက်သည်။ သို့သော် မျက်နှာကိုမူ ငုံ့မြဲတိုင်း၊ အုပ်ထားမြဲတိုင်း။

    ဦးဖေဆိုင်နှင့် ဒေါ်ငွေအလစ်မှာ သူတို့နှစ်ယောက် ရင်းနှီးကြင်နာ ချစ်ခင်စွာ ဆက်ဆံနေကြသည်ကို ဦးဖေဆိုင် နှင့် ဒေါ်ငွေ လုံးဝမရိပ်မိကြချေ။
    ခြောက်လမျှကြာသော ကာလအတွင်းမှာ မခင်ရွှေသည် သူနှင့် မေစမ်းမြိုင်တို့ အဆက်အသွယ် ရှိနေကြသည်ကို လေသံပင် မဟဘဲထားသောအခါ မေစမ်းမြိုင်သည် ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့ မရှိသည့် အချိန် မခင်ရွှေ အပါးသို့ရောက်လာလျှင် ယခင်ကလို မျက်နှာကို ငုံ့ထားခြင်း၊ လက်ဖြင့် ဖုံးလွှမ်း ကွယ်ဝှက် ထားခြင်း မပြုတော့ဘဲ မျက်နှာကို ခပ်လွှဲလွှဲသာ ထားနေသည်။

    "ညီမလေးရယ်၊ မမ စေတနာကို သိလောက်ပါပြီ။ မမကို မကွယ်ဝှက်ပါနဲ့နော်။ အမှန်အတိုင်းပြောစမ်းပါ။ ညီမလေး စိတ်နောက်နေတာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုခု ရှိနေလို့ ဘေးကင်းအောင် ညီမလေး ဟန်ဆောင် နေတာမဟုတ်လား"

    ဦးဖေဆိုင်နှင့် ဒေါ်ငွေအလစ်မှာ မခင်ရွှေက စေတနာကောင်းကောင်းဖြင့် ကျွေးမွေးသည့်အတွက် ငတ်ငတ် မွတ်မွတ် နေခဲ့ရ၍ ပိန်ချုံးနေသော မေစမ်းမြိုင်၏ ပြည့်ဖြိုးလာသော  မျက်နှာလေး ကို လည်းကောင်း၊ အသားအရေပြည့်လာသော ကိုယ်လုံးလေးကိုလည်းကောင်း၊ မခင်ရွှေက နှစ်သိမ့်စွာ ကြည့်ပြီး တောင်းတောင်းပန်ပန် ပြောလိုက်သည်။
    ထိုအချိန် မှာ ဦးဖေဆိုင်နှင့် ဒေါ်ငွေတို့က အိမ်မှာ မရှိကြချေ။

    "ဆရာမရေ မနက်ဖြန် စနေနေ့ပဲ။ ဆရာမတို့ ကျောင်းပိတ်တာနဲ့ အတော်ပဲ။ ဟိုဘက်ရွာက မိတ်ဆွေတစ်ဦးက အလှူဖိတ်ထားတယ်လေ။ ညအိပ်လာပါဆိုလို့ ကျုပ်တို့သွား မယ်နော်။ အရူးမနဲ့ ဆရာမ နေလို့ဖြစ်နေပြီပဲ။ တနင်္လာနေ့ မနက်မှ ပြန်လာခဲ့မယ်"
    ဟူသော ကြောင့်ကြမဲ့၊ တာဝန်မဲ့စကားကို ပြောကာ အိမ်မှာ ခွာနေကြသည့်အချိန်ဖြစ်သည်။
    မခင်ရွှေက ထိုနေ့အဖို့ ထမင်းဟင်းကောင်းစွာ ချက်ကာ မေစမ်းမြိုင်ကို ကြင်နာစွာ ကိုယ်တိုင်ခူးခပ်ထည့်ကျွေးပြီး မေစမ်းမြိုင် ထမင်းစားပြီးသည့်အခါမှ တောင်းပန် မေးမြန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

    မေစမ်းမြိုင်သည် ဤမျှလောက် အချိန်ကာလအတွင်းမှာ မခင်ရွှေ၏ ကျွေးမွေးခြင်း၊ ယုယပြုစုခြင်းတို့ကို မငြင်းမဆန် ခံယူခဲ့သော်လည်း မခင်ရွှေကို စကားတစ်ခွန်းမျှ မပြောခဲ့ဘူးသေး ချေ။ ယခု မခင်ေ၇ွှက တောင်းပန်သော အခါ မေစမ်းမြိုင်သည် သူလုပ်နေကျ အမူအရာဖြစ်သော မျက်နှာကို ခပ်လွှဲလွှဲ ထားသည်ကို ပြင်လိုက်သည်။ မခင်ရွှေဘက်ကို တည့်တည့် လှည့်ကြည့်လိုက်သည်။
    မခင်ရွှေက သူ့ဘက်ကို ဖုံးလွှမ်းကွယ်ဝှက် လွှဲဖယ်ခြင်းမရှိဘဲ ရင်ဆိုင်လိုက်သော မေစမ်းမြိုင်၏ မျက်လုံး သည် ရူးသွပ်သူတို့ မျက်လုံးမျိုး မဟုတ်ဘဲ၊ ပကတိ မျက်လုံး၊ ကြည်လင်တည်ငြိမ်သည့် မျက်လုံး ဖြစ်ကြောင်း ကို မခင်ရွှေ တေါ့လိုက်ရသောအခါ သူ ကြိုတင် တွေးထင်ထားချက် မှန်ကြောင်းကို သိလိုက်ရသည်။

    သူတွေးထင်ချက် မှန်သောကြောင့် မခင်ရွှေ ၀မ်းသာလှပါသည်။ မေစမ်းမြိုင်၏ တည်ငြိမ်သည့် မျက်လုံးကို မြင်ရ ခြင်းဖြင့် ဦးဖေဆိုင်နှင့် ဒေါ်ငွေ ပြောခဲ့သလို မေစမ်းမြိုင်သည် ယောက်ျားလိုချင်လွန်းသောကြောင့် စိတ်ဆန္ဒ အားကြီးပြီး ရူးခြင်းဖြစ်သည် ဆိုသည်မှာ မည်သို့မျှ မဟုတ်နိုင်ကြောင်း၊ ယခင်က နေသွား ခဲ့ဖူးသည့် လူနှစ်ယောက်ကို အားကိုးပါရစေ ဆိုသည်မှာ အပူသောက အကြောင်းရှိသောကြောင့်သာ အကူအညီ ရလို ရငြား တောင်းခံခဲ့ဟန်တူသည်ဟု စဉ်းစားခဲ့ဖူးသည်မှာ မှန်လိမ့်မည်ဖြစ်ကြောင်း တွေးလိုက် သည်။

    "၀မ်းသာလိုက်တာ ညီမလေးရယ်၊ ညီမလေး မျက်နှာနဲ့ မျက်လုံးကို မမြင်ရခင်ကဘဲ၊ ညီမလေးမှာ စိတ်ဆင်းရဲစရာ အကျဉ်းအကျပ် တစ်ခုခု ရှိနေလို့သာ ဘေးကင်းရန်ကင်း ဖြစ်အောင် ရူးဟန်ဆောင်နေတာလို့ မမ တွေးခဲ့ဖူးပါတယ်။ ဟုတ်တယ်နော်ညီမလေး"
    မခင်ရွှေက ကြင်နာစွာ ပြောသောအခါ မေစမ်းမြိုင်သည် သူ့ကို ဖက်ထားသော မခင်ရွှေကို ပြန်ဖက်ပြီး ၀မ်းနည်းပူဆွေးနေသူသည် အားပေးနှစ်သိမ့်သူ ပေါ်လာသောအခါ မျက်ရည်မဆည်နိုင် ဖြစ်ရသည့်နည်းတူ မေစမ်းမြိုင်သည် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေရှာသည်။

    "တိတ်ပါ ညီမလေးရယ် မမ တတ်နိုင်သလောက် အစွမ်းကုန် ကူညီပါ့မယ်။ သူတို့နှစ်ယောက် ပြန်မရောက်ခင် မှာ ညီမလေးအတွက် ကိစ္စပြီးတန်သရွေ့ ပြီးသွားပါစေ ပြောစရာရှိတာကိုသာပြောပါ။ ညီမလေး အတွက် မမ နှုတ်လုံမယ်၊ သစ္စာရှိမယ်ဆိုတာကို ယုံပါ ညီမလေး"
    မခင်ရွှေက မေစမ်းမြိုင်၏ မျက်ရည်တွေကို သုတ်ပေးရင်း ပြောသည်။

    မေစမ်းမြိုင်သည် အသံမထွက်ဘဲ ရှိုက်နေရာမှ အရှိုက်ရပ်ဆိုင်းသွားအောင် စောင့်နေဟန်ဖြင့် အတန်ကြာ ငြိမ်နေသည်။ ထို့နောက် သူ့နှုတ်ခမ်းကို လက်ဖြင့် ဖိကပ်ပြကာ ဦးခေါင်းခါ ပြသည်။
    ခါပြလိုက်သည့် ဦးခေါင်းနှင့်အတူ ဖြိုင်ဖြိုင်ကျနေသည့်  မျက်ရည်တွေက လေတိုက်လိုက်သည့် မိုးပေါက်များ လို လွင့်စဉ်သွားသည်။
မခင်ရွှေ သည် မျက်လုံးဝိုင်းသွားသည်။
''ညီမလေး စကားမပြောနိုင်ဘူးလား'' ဟု ထိတ်လန့်စွာ မေးလိုက်မိသည်။

မေစမ်းမြိုင်က ဦးခေါင်းညိတ်ပြသည်။ ထို့နောက် သူစာရေးတက်ကြောင်း လက်ဟန်ဖြင့် ပြသည့်အတွက်.....
''ဖြစ်မှ ဖြစ်ရလေနော်'' ဟု မခင်ရွှေသည် ညည်းညူလိုက်ရာတွင် သူကိုယ်တိုင်ပင် ငိုသံပါသွားမိသည်။

ဆက်ရန်
.

2 comments:

ahphyulay said...

အင်း ...
ဇာတ် ကတော့  နင့်  နေပြီ ၊ “ ရင် ” လေ ။
ဆက်ဖတ် အုံးမယ် ..၊ ဒါပဲ ။

ငွေစန္ဒာ said...

မရေ ကောင်းခန်းရောက်နေမှ၊မြန်မြန်ဆက်ရေးပါနော်။