အရီလေးသည် အားရပါးရ ရယ်မောပြီးနောက် ...
"အင်း ... ဦးလေးတက်ပုနဲ့ စကားပြောရတာ သိပ်အူရွှင်တာပဲ" ဟု ဆိုပြီး ကျွန်တော့် ခေါင်းက ဗိုလ်ကေပေါက်စ ကို ကြည့်လျက် "ဦးလေးတက်ပု ဟိုတုန်းက ဗိုလ်ဆံတောက် မထားဘူးလား"
"လူပျိုတုန်း က ထားခဲ့တာပေါ့၊ နောက်အိမ်ထောင်ကျပြီး တစ်နှစ်လောက်ကြာမှ ခေါင်းတုံး ရိတ်ပစ် လိုက်ရ တော့တယ်"
"ဘာလို့ ရိတ်ပစ်ရမလဲ"
"ဟာ ... ကိုယ်မိန်းမရပြီးတော့ လှဖို့ပဖို့ပဲ မလိုတော့ပါဘူး၊ နို့ပြီး လယ်သမားဆိုတော့ အလုပ်က ဆယ့်နှစ်ရာသီ အင်မတန်များတာပဲ၊ ခေါင်းဖြီးလား ဆီလိမ်းမလားလဲ လုပ်မနေနိုင်တော့ဘူး ဆံပင် ညှပ်ခ အပိုကုန် လဲ မခံနိုင်တော့ဘူး၊ တောလူဖြစ်ရတာက မြို့လူဖြစ်ရတာနဲ့ မတူဘူး အရီရေ့၊ မြို့သား တွေဆိုရင်ဖြင့် အသက်၆၀ကျော် ဗိုလ်ကေနဲ့ဘဲမြီး၊ သ နေနိုင်ကြတာပဲ၊ သူတို့မှာ ဘာမှလဲ ပင်ပင် ပန်းပန်းမလုပ်ရဘူး၊ ကုန်သည်နဲ့ စာရေးစာချီနဲ့၊ ရာထူးရာခံကြီးတွေနဲ့ အ၀တ်ကောင်း အစား ကောင်းနဲ့ ကျုပ်တို့ တောသားတွေဖြင့် ရွှံ့ဒူးဆစ်မြုပ်လောက်ထဲမှာ နွားနဲ့ဖက်ရုန်းလို့၊ နွေကျလဲ နဖူးကချွေး ခြေမ ကျအောင် လုပ်ရတယ်၊ ၀တ်ကြတော့ အရီးမြင်တဲ့အတိုင်းပဲ စားရတာကဖြင့် ငါးပိရည်တောင် အဖျော်ပါဖို့က မနည်း ခဲယဉ်းတယ်"
ဤနေရာ၌ သူကလေးသည် အရွယ်နှင့် မလိုက်အောင် မျက်နှာံခံ့တည်သွားကာ ...
"အင်း ... အရင်းရှင်စနစ်ကြီး မပြိုပျက်သမျှတော့ ဒီလိုပဲ လူတန်းစားတွေဟာလဲ ကွဲနေကြတော့မှာ ဘဲ၊ လူတွေရဲ့ လုပ်အားဖြစ်တဲ့ ပစ္စည်းတွေဟာလဲ စုတဲ့နေရာမှာ စုပြီးတော့ အလုပ်သမားတွေရဲ့ လက်ထဲ မှာတော့ မရှိကြတော့ဘူး"
"အေး ... ဟုတ်တယ် အရီ၊ ငါ အဲဒါကို နည်းနည်းစဉ်းစားမိတယ်၊ အရင်းရှင်စနစ်ဆိုတာ ဘာလဲဟင်"
"လူကိုယ်တိုင်က အလုပ်မလုပ်ဘဲနဲ့ ငွေကို လုပ်သားထားပြီး အမြတ်ထွက်အောင် ခိုင်းစေတာပေါ့၊ ဥမာ အနီးစပ်ဆုံး ပြောပြမယ်" သူ့အသံ အနည်းငယ် တိုးသွားပြီး "ဒီအိမ်က ဦးကြီးနဲ့ ကြီးကြီးတို့မှာ သူတို့ငွေနဲ့ ၀ယ်ထား တဲ့ မော်တော်ကားကြီး ခြောက်စီး ရှိတယ် မဟုတ်လား၊ သူတို့က အိမ်ကနေပြီး စီမံခန့်ခွဲကြတာပဲ၊ ဒရိုင်ဘာတွေ၊ စပယ်ယာတွေကသာ တင်မယ့်ကုန် ရှာရတယ်၊ ဓားပြလူဆိုးတွေ ရှိတဲ့ လမ်းတွေမှာ သက်စွန့်ဆံဖျား မောင်းရတယ်၊ နောက်ခရီး တစ်ခေါက်ပြန်လာလို့ ရတဲ့ငွေကျ တော့ သူတို့က ယူကြတယ်၊ လုပ်သားတွေကျတော့ သူတို့စားလောက်ရုံ လခကလေး မဖြစ် စလောက် ပေးထားတယ်၊ နို့ပြီး မရှိတဲ့ ဆင်းရဲသားတွေဆီက အပေါင်ခံတယ်၊ ငွေတိုးချတယ်၊ နေ့ပြန်ပေးတယ်။ အဲဒါ အရင်းရှင်စနစ်ပေါ့၊ လူဆိုတာ က အသက်နဲ့ သတ္တ၀ါမို့ တစ်နေ့မှာ သူ့အင်းအားနဲ့ တန်သလောက်ပဲ လုပ်နိုင်တယ်၊
ငွေကတော့ သက်မဲ့ပစ္စည်းမို့ သူတို့ အစုအအုံများ များသလောက် အမြတ်ထွက်အောင် လုပ်နိုင်တယ်၊ ဒီအမြတ်က ဘယ်ကလာသလဲတဲ့၊ ခုနပြောတဲ့ သက်ရှိသတ္တ၀ါတွေရဲ့ လုပ်အားထဲက ထွက်လာတာပဲ၊ ဦးလေတက်ပု ဆန်စက်ထဲကို စပါးရောင်း သွားတော့ စက်ပိုင်အိမ်သားတွေနေတဲ့ တိုက်ကြီးနဲ့ တဂျုံးဂျုံးမြည်နေတဲ့ ဆန်စက်ကြီးထဲ ရောက်ဖူး တယ် မဟုတ်လား"
"ရောက်ဖူးတာပေါ့၊ စပါးရောင်းတော့ မန်နေဂျာဆီက ဖြတ်ပိုင်းယူပြီး စက်ပိုင်ကြီး အိမ်ထဲကို သူဌေး ဆီ ငွေယူရအောင် သွားရတာပဲ၊ သူဌေးက ဖြူဖြူ၀၀ ခန့်ခန့်ကြီး၊ စိန်လက်စွပ်ကြီး ၀တ်ပြီး ဆုံလည် ကုလားထိုင်ကြီးပေါ် ထိုင်လို့၊ ဖြတ်ပိုင်းပေးလိုက်ရင် ဘာမျှ မပြောဘူး၊ ငွေရေပေးလိုက်တာပဲ၊ သူဌေးကတော်ကလဲ သူနဲ့မနီးမဝေးမှာ စိန်ရွှေတွေ ကိုယ်ပြည့် ၀တ်ထားပြီး စီးကရက်သောက်လို့၊ မျက်စိထဲ အခုတောင် မြင်ယောင်လာသေးတယ်၊ သြော် ... သူတို့မှာတော့ တယ်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါလားလို့ အောက်မေ့မိတယ်၊ ပစ္စည်းကလဲ ကျိကျိတက် ချမ်းသာတာကိုး"
"အဲဒီပစ္စည်း တွေ ကျိကျိတက် ချမ်းသာတာ ဘာကြောင့်လဲဆိုတာ သိလား ဦးလေးကိုတက်ပု၊ သူတို့ စက်ကြီးထဲ ရောက်တော့ စက်ကြီးက တဂျုံးဂျုံးမြည်လို့၊ ယန္တရားတွေက တကားကားလှုပ်လို့၊ စက်ကူလီ တွေက စပါးတွေ ဇလားထဲလောင်းထည့်တဲ့ လူကထည့်၊ ဆန်တွေ အိတ်ထဲသွတ်သူက သွတ်၊ မီးရထားတွဲဆီကို ထမ်းသွားတဲ့လူက သွားနဲ့၊ အခုနက ဦးလေးတက်ပု မြင်ခဲ့တဲ့ သူဌေးတိုက် ထဲမှာ အေးဆေး ဆိတ်ငြိမ် သာယာလှပသလောက် အဲဒီမှာ ဆူညံရှုပ်ပွပြီး မျက်စိနောက်စရာ ဖြစ်နေတယ် မဟုတ်လား၊ နို့ပြီး စက်အပြင်ဘက်မှာဆိုလဲ တောကလာတဲ့ နွားလှည်းတွေနဲ့ ကတ္တား ချိန်သူကချိန်၊ စပါးထမ်းသူက ထမ်း၊ ကိုယ့်စပါး ကိုယ် ဂရို့ချိုးသူကချိုးနဲ့ စက်ပိုင်ရှင်ကြီး အမြတ် ထွက်ဖို့ လာပြီး ဆက်သနေတယ်၊ စက်ကြီးက ဘယ်လိုအော်နေသလဲသိလား ဦးလေးတက်ပု"
"ဟေး ... တောကလယ်သမား
စက်ကူလီသား တို့
နင်တို့လုပ်အား ငါ့အထဲထည့်၊
နင်တို့ နည်းနည်းပြန်ယူ၊
ငါ့လူကြီး များများပေး ဝေးဟေးဟေး ... ဝေးဟေးဟေးလို့ အော်နေတာ ဦးလေးတက်ပုရဲ့"
"အဲဒီစက်ကြီးထဲမှာရော၊ စက်ပြင်မှာရော ဦးလေးတက်ပု မြင်သမျှ ပုပုရွရွ လူတွေဟာ အသီးသီး သူ့အိမ်ထောင်နဲ့ သူအသိုက်နဲ့ ရှိနေကြတာပဲ၊ အဲဒီ မြောက်မြားစွာသော အိမ်ထောင်တွေရဲ လုပ်အား ပေါ်မှာ စက်ပိုင်ရှင်ကြီး အိမ်ထောင်တစ်ခုထဲက သူ့ငွေပင် ငွေရင်းတည်းဟူသော စက်ကြီး အကြောင်းပြုပြီး နေ့ရောညပါ ရက်ရှိသမျှ အမြတ်ယူနေတော့ သူတို့ ကျိကျိတက် ချမ်းသာနေရော ပေါ့ ဦးလေးတက်ပုရယ်။
"ဦးလေးတက်ပုတို့ လယ်ထဲက မျှော့ဆိုတာကလေ လူရဲ့အသားမှာ တွယ်ပြီး သွေးစုပ်လိုက်တာ၊ သူဝလို့ ဗိုက်မဆံ့တော့ ဖတ်ခနဲ ကွာကျသွားရော၊ နောက်တစ်ခါ သူဆာမှ ပြန်စုပ်နိုင်မယ်၊ တောထဲ က လူသားစား တဲ့ ကျားဟာလေ လူတွေ ဘယ်လောက်ပုံပေးပေး သူဗိုက်ပြည့်ရုံလောက်ပဲ စားနိုင် မယ်၊ သူဝတော့ အိပ်မယ်၊ နောက်တစ်ခါ ဆာမှ ထပ်စားမယ်။
"အဲ ... အရင်းရှင်စနစ်နဲ့ လူတွေ လုပ်အား သူဌေးကြီးစားတာကတော့လေ စားလေ သူ့ငွေပင် ငွေရင်း ပိုကြီးလာလေ ပိုစားနိုင်လေနဲ့ ဘယ်တော့ ဘာတော့မှ မဆုံးဘူး၊ တဖြည်းဖြည်း ကြီးသကြီး နဲ့ စားသထက်သာ စားတော့တာပဲ၊ ဒါကြောင့် ဦးလေးတက်ပုရယ် အရင်းရှင်စနစ်ဟာ လူလောက မှာဖြင့် မျှော့ နဲ့ ကျား နဲ့ ဥပမာ မျှ မနှိုင်းနိုင်လောက်အောင် ကြောက်စရာ ကောင်းလှပါတယ်။
"အဲဒီ စနစ်ကြောင့် လူတွေ အဆင့်အတန်း အမျိုးမျိုးကွဲ၊ လူနည်းစုမှာ ချမ်းသာ၊ လူများစုမှာ ဆင်းရဲ၊ အဲဒီတော့ ဘာသာ၊ သာသနာလဲ (ဘယ်ဘာသာမဆို) ဆုတ်ယုတ်တာပေါ့ ဦးလေးတက်ပုရယ်၊ ကဲ ... ဦးလေးတက်ပုတို့ ရွာမှာ ဥပုသ်စောင့် အလာနည်းလို့ ဘုန်းကြီးက လူတစ်ယောက်ကို တစ်လမှ တစ်ခါ အနည်းဆုံး သီလဆောက်တည်ရမယ်လို့ အမိန့်ထုတ်ယူရတာဟာ လူတွေက ဘာသာရေး မယုံကြည်လို့ တမင် မလာချင်လို့ဟာလား"
"ဘယ်ဟုတ်မလဲ အရီရယ်၊ ခုနှစ်ရက်မှ တစ်ခါလောက်တော့ ဘုန်းကြီးကျောင်းသွားပြီး အေးအေး ဆေးဆေး အနားယူချင်ကြတာပေါ့၊ ဒါပေမယ့် အလုပ်နဲ့လက်နဲ့ မအားကြလို့ မလာနိုင်ကြတာဘဲ"
"အဲဒါကြည့်တော့ ဦးလေးတက်ပု၊ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာ တယ်မှန်တယ် မဟုတ် လား၊ နို့ပြီးတော့ လူတွေ လူသားအချင်းချင်း လောဘ၊ ဒေါသစိတ်တွေ ပွားပြီး ခိုးမှု တိုက်မှုတွေ ဖြစ်ကြတာကော ဘာကြောင့်လဲ သိလား၊ လူ့အဆင့်အတန်း မညီညွတ်မှုကြောင့်ပေါ့၊ အခုကြည့် ... ဥပမာပြမယ်၊ ဦးလေးတက်ပုမှာ လှည်းနဲ့နွားပဲ ရှိတယ်၊ ဟော့ဒီ ဦးမြတ်ချမ်းတို့မှာ မော်တော်ကား ကြီး ခြောက်စီး ရှိတယ်၊ ဦးလေးတက်ပု တစ်စီးလောက် ခွဲလိုက်ချင်စိတ် ပေါ်မလာဘူးလား"
"ဟာ ... နှစ်စီးတောင် လိုချင်တယ် အရီရယ်"
"အေး ... အဲဒါဟာ လောဘစိတ်၊ ဘာကြောင့် ဒီစိတ်ပေါ်ရသလဲဆိုတော့ သူတို့မှာ ကိုယ့်ထက် ပိုရှိနေတာ မြင်လို့၊ ဦးလေးတက်ပုဟာ ဦးလေးတက်ပုရွာမှာ ကိုယ့်ဘ၀တူ အချင်းချင်း နေကြတုန်း က ဒီလို ထူးထူးထွေထွေ လောဘစိတ်မျိုး ပေါ်ဖူးလား"
ပေါ်ဖူးပေါင်ဗျာ၊ စိတ်လဲ မကူးအားပါဘူး၊ မိုးဦးကျ ကိုယ့်လက်ကိုယ် ဘယ်လိုလုပ်ရမလဲ၊ မနှစ်က ထွန်တံ ခိုင်ပါ့ဦးမလား၊ ဒီနွားအားနည်းပြီး နောက်နွားတစ်ကောင်လဲမှ ထင်ပါ့ရဲ့နဲ့ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာ၊ ဟုတ်တယ် ... အရီပြောတာ၊ ငါလေ မြို့ရောက်မှ ကိုယ့်ထက်သာတဲ့ မြို့သူ မြို့သားတွေမြင်တော့ သူတို့လို ၀တ်ချင် စားချင်လာတယ်၊ တစ်ခါတလေ မနာလိုစိတ် ပေါ်လာတယ်"
"အဲဒါဟာ ဘာသာနဲ့ ဆန့်ကျင်တဲ့ အကုသိုလ်စိတ်ပေါ့ ဦးလေးတက်ပုရဲ့၊
အခု ... ဒီအိမ်မှာ မော်တော်ကားကြီး ခြောက်စီးနဲ့ အတွင်းပစ္စည်းတွေ တော်တော်များများ ရှိနေတဲ့ ဦးမြတ်ချမ်းတို့ ဟာ လောဘသတ်နိုင်ပြီ မှတ်သလား၊ ပိုပြီး လောဘကြီးနေတယ်၊ ဦးလေးတက်ပုတို့ စပါးချရ အောင် သွားတဲ့ သူဌေးလို စက်တည်ချင်နေတယ်၊၊ ဒါကြောင့် ရသမျှ ဆထက်ထမ်းပိုး တိုးအောင် ကုတ်ကျစ် စုယူနေတာ အရီ ကြည့်နေတယ်၊ လေးငါးထောင် ရွှေပေါင် ရွှေနံ့က စပြီး ခေါင်းရွက် သည်ကလေးတွေဆီက နေ့ပြန်ပေးအထိ ယူတယ်၊ သူတို့ရဖို့ဘက်ကဆိုရင် ကရုဏာ တရား မရှိဘူး၊ သက်ညှာခြင်း မရှိဘူး၊ ဒါဟာ သူတို့မှရယ်လဲ မဟုတ်ပါဘူး၊ အရင်းရှင်စနစ်အောက်မှာ လူတွေရဲ့ စိတ်ဓာတ်ပဲ"
ဤအခိုက် အိမ်ရှေ့မှ ...
"ဟေ့ ... တက်ပု၊ ဟော့ဒီမှာ ဖွားသက်ကလေး ... မင့် တွေ့ချင်လို့တဲ့"
"သြော် ... ဟိုစပါးတစ်တင်းဖိုးလေး လာပေးတာ ထင်ပါရဲ့၊ အရီ ခဏနေခဲ့ဦး ဆိုပြီး အိမ်ရှေ့ ထွက်ခဲ့ပါသည်။ ဟုတ်ပါ၏။
မဖွားသက်သည် ဆန်ရောင်းရာမှ ပြန်လာသည်ဖြစ်၍ ချွေးဒီးဒီးနှင့် ခေါင်းပေါ်က ခံတောင်းချပြီး၊ ငွေသုံးကျပ် သုံးပဲတင်း ပေးပါသည်။ ဤတွင် အိမ်ရှေ့ စဥ့်အိုးနား၌ အ၀တ်လျှော်နေသော ဒေါ်အေးဆင့်က ...
"ဟဲ့ ... သောက်ကောင်မ၊ ငါ့ငွေတော့ မပေးဘူး"
မဖွားသက်ကလေး သည် ခေါင်းဖုနှင့် နဖူးချွေး သုတ်ကာ ...
"သြော် ... အရီးဆင့် ငွေတော့ အရင်း မတတ်နိုင်သေးဘူး၊ အတိုးတောင် မှန်အောင် မနည်းရှာကြံ ပေးနေရတာ"ဟု ပြောရင်း ဒေါ်အေးဆင့်အနီး လျှောက်သွားပြီး "ပေး ... အရီးဆင့် အ၀တ်တွေ ကျွန်မ လျှော်ပေးမယ်" ဆို၍ နံဘေး ၀င်ထိုင်၏။
"ဟယ် ... နေပါစေဟယ်၊ နှစ်ထည်ထဲ ရှိတော့တာ"
"ဘယ်နေပါစေလဲ အရီးဆင့်ကလဲ ... ပေးပေး" ဆိုပြီး အတင်း ဆွဲယူ၏။ ဤမှ ဒေါ်အေးဆင့်က ထိုင်ရာမှ ထပြီး ...
"ကောင်မ ... ထမင်းစားပြီးခဲ့ပြီလား"
"ဘယ်စားရဦးမလဲ"
"ဒါဖြင့် ဒီမှာ စားသွား"
"နေပါစေ အရီးဆင့်ရယ်"
"နေပါစေ လုပ်မနေနဲ့၊ ညည်းတစ်ကောင်စာတော့ တို့အိမ်မှာ အချိန်မရွေး ရှိတယ်" ပြောပြီး နောက်ဖေးဘက်က လှည့်၍ မီးဖိုချောင်ဘက် တက်သွား၏။ ကျွန်တော်က ဆေးပြင်းလိပ် မီးညှိရန် မီးဖိုထဲ ၀င်သွားရာ အရီးဆင့်က တောက တူမလေးသနား၍ အိမ်ခေါ်ခိုင်းထားသော ကလေးမအား ...
"ဟဲ့ ... ဘုတို၊ ဟိုကောင်မ အ၀တ်လျှော်ပြီးရင် ထမင်းခူးပေးလိုက်၊ ငါးပိချက်နဲ့ တို့စရာပဲထုတ်၊ ၀က်သားဟင်း လုပ်မနေနဲ့၊ လူဆိုတာ တန်ရာတန်ရာ ကျွေးရတာ၊ နင်ဟာ ဘာမှ သောက်လိုက် ကန်းဆိုး မသိဘူး၊ အရင် ဗွေးတုတ်တို့ မယ်ခ တို့ လာတာကို ဘဲဥကြော်တွေ ထုတ်ပေးတယ်၊ ဒီလို အစစအရာအရာ လိုက်ပြောနေရ၊ ဘယ်ကောင်းမလဲအေ့"
ကျွန်တော် ဆေးလိပ်မီးညှိပြီး အရီးလေးဆီ ပြန်ခဲ့ပါသည်။ သူနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်၌ ...
"အရီပြောတဲ့ စကားတွေ နားထောင်ရတာ မပျင်းဘူးလားဟင်"
"အရီစာအုပ်တွေ ဖတ်လို့ပေါ့၊ နို့ပြီး ကိုယ့်ဟာကိုယ်လဲ စဉ်းစားလို့ပေါ့"
"အရီ စာဘယ်လောက်တတ်လ"
"တက္ကသိုလ်ဝင် စာမေးပွဲအောင်ရုံ၊ လူတန်းမစေ့တစေ့လောက်ပေါ့၊ မိဘက ကျောင်းဆက်မထားနိုင် လို့ ရန်ကုန်တက္ကသိုလ်ကို မသွားရတာ၊ စာဖတ်တာက အတန်းစာ များများတတ်တာ၊ နည်းနည်း တတ်တာနဲ့ မဆိုင်ဘူး ဦးလေးတက်ပုရဲ့၊ ကိုယ်စာဖတ်တတ်လို့ စာအုပ်တွေ များများဖတ်နိုင်ရင် အသိဥာဏ်ကျယ်လာတာပဲ၊ စိတ်မရှိပါနဲ့ မေးပါရစေ၊ ဦးလေးတက်ပု မြန်မာစာ ကောင်းကောင်း ဖတ်နိုင်တယ် မဟုတ်လား"
"အင်း ... အတော်အတန် ဖတ်နိုင်ပါတယ်"
"ဒီလိုဆိုရင် အရီက ဖတ်ဖို့ စာအုပ်တွေ ပေးမယ်၊ အားရင် ဖတ်နော်၊ ဒါမှ အရီက စက်ဘီးစီးနဲ့ ဓာတ်စက်မောင်းကို သင်ပေးမှာ ဆရာ"
"ကောင်းပါပြီ၊ ဆရာမ အမိန့်အတိုင်းပါပဲ"
"အခုန အရီပြောတာတွေ သဘောပေါက်လား"
"ပေါက်သင့်သလောက် ပေါက်ပါတယ်၊ ကဲ ... အရင်းရှင်စနစ်ကို ဘယ်လိုဖျက်မလဲ"
"စက်ရုံကြီးတွေ ဘာကြီးတွေ ပြည်သူပိုင်သိမ်းပေါ့"
"ဟာ ... သူတို့ပစ္စည်းသိမ်းယူလို့ တရားမလား"
ဘယ့်နှယ် မတရားရမှာလဲ၊ ဒါကြီးတွေဟာ သူတို့ပစ္စည်းတို့ ပညတ်နေကြသော်လဲ အမှန်က သူ တို့ လုပ်အားနဲ့ဖြစ်တာမှမဟုတ်တာပဲ၊ ဆင်းရဲသားတွေ လုပ်အားပေါ် ခေါင်းပုံဖြတ်ရတဲ့ အမြတ် တွေကို တဖြည်းဖြည်း စုပေါင်းပြီး တည်ဆောက်တာပဲ၊ စင်စစ်တော့ ဒီစက်ရုံကြီးတွေဟာ ဆင်းရဲ သား ပြည်သူတွေရဲ့ လုပ်အား အစုအအုံကြီးပေါ့၊ ဒါကြီးတွေ အများဆင်းရဲသားတွေ လက်ထဲ ပြန် ရောက်မှ တရားနည်းလမ်းကျတော့မပေါ့၊ ဥပမာ ပြောပြမယ်၊ မောင်ဖြူတစ်ယောက်ဟာ မောင်နီ ရယ်၊ မောင်ညိုရယ်၊ မောင်နက်ရယ်၊ မောင်မဲရယ်ဆိုတဲ့ လူအ, လေးယောက်ဆီက ပစ္စည်းတွေကို ရတဲ့နည်းနဲ့ယူပြီးတော့ အိမ်တစ်အိမ် ဆောက်နေတယ်။
ဒါကို နောက်တော့ လူအလေးယောက်က အသိဉာဏ်ရလာပြီး ဟေ့…တို့ပစ္စည်းတွေ ပြန်ပေးတော့ကွလို့ လေးယောက်သား ၀ိုင်းသိမ်းတော့ မတရားဘူးလို့ ပြောမလား၊ သူတို့ပစ္စည်း သူတို့ပြန်ရတာပဲ၊ ဘယ်ဘာသာနဲ့ကြည့်ကြည့် ဘာ သဘောတရားနဲ့ကြည့်ကြည့် တရားနည်းလမ်းကျမယ် မဟုတ်လား။
ကဲ…ဟုတ်ပါညပီ၊ မ စကားတတ်မလေးရယ်၊ ဒါပေမယ့် စက်ပိုင်ကြီးတစ်ယောက်မှာ သူ နေ့စဉ် ကြံ ရည်ဖန်ရည် လုပ်ရည်ကိုင်ရည်က ရှိသေးတယ် မဟုတ်လား
အမယ်လေး…သူ့လုပ်ရည် ကိုင်ရည်က ဘာများတုံး ပန်ကာအောက် ထိုင်ပြီးတော့ ငွေသိမ်းရတယ်၊ ငွေထုတ်ရတယ်၊ လက်အောက်ငယ်သားတွေ အမိန့်သြဇာပေးရတယ်၊ ဒီလောက်လုပ်ရတာများ တော့လား တောက မိန်းမတစ်ယောက် ဆန်တစ်ဆုံဖွပ်ရတာလောက်မှ မပင်ပန်းဘူး၊ သူ နေ့စဉ် လောကီစည်းစိမ် ခံစားနေလိုက်တာက တောက လယ်သမားကြီး ဆယ်ယောက် နေထွက်က နေ ၀င်အထိ လုပ်စာလောက်ကို သုံးနေတာ၊ ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် သူ့ကိုယ်ထဲက အသွေး အသားတွေတောင် ပြွန်နဲ့ စုပ်ပြီး ဆင်းရဲသားတွေကို ပြန်ဝေပေးဖို့ သင့်ပါသေးတယ်။
ဒါက သဘောတရားရင်း ပေါ်အောင် စကားအဖြစ် ပြောရတာပါလေ၊ အမှန်တော့ သူတို့လို လူသား တွေဟာလဲ သနားစရာကြီးတွေပါပဲ၊ စင်စစ် သူတို့က ငွေကို ခိုင်းစေနေကြသော်လဲ သူတို့ကို ခိုင်း စေနေတာက အရင်းရှင်စနစ်ဆိုတဲ့ နည်းလမ်းဆိုးကြီးပဲ၊ သူတို့ဟာ အဲဒီနည်းဆိုးကြီးရဲ့ ကျွန်ဖြစ်နေ တယ်၊ ဒီထက်ပိုပြတ်သားအောင် သရုပ်သကန်ခွဲခြားပြရမယ်ဆိုရင် သူတို့ဟာ အရင်းရှင်စနစ်ဆိုး ကြီးရဲ့ ပစ္စည်းထိန်း ဥစ္စာစောင့်ကြီးတွေပါ၊ ဥစ္စာစောင့်မှ ရိုးရိုးဥစ္စာစောင့် မဟုတ်ဘူး၊ စောင့်ရုံသက် သက် မဟုတ်သေးဘူး၊ သူတို့နဲ့ ဆိုင်ရာ သိုက်နန်းထဲမှာ ပစ္စည်းရတနာတွေ ဆသက်တမ်းပိုးတိုး အောင် နေ့စဉ်နဲ့အမျှ လောဘတာဝန်ကို ထမ်းဆောင်နေကြရရှာသေးတယ်၊ အဲ…သူတို့ကို နိုင်တဲ့ သိုက်ဆရာနဲ့တူတဲ့ ရန်သူမျိုးငါးပါးနဲ့ တွေ့ပြီဆိုမှဖြင့် သူတို့ခမျာကြီးတွေ အလူးအလှိမ့် ခံရပါရော ရှင်။
ဆက်ရန်
.

10 comments:
အရီရဲ့ အာဘော်က စာရေးဆရာ အာဘော်ပဲ ထင်ပါရဲ့။
တလျှောက်လုံး ကြိုက်လာခဲ့ပေမဲ့ ဒီအခန်းမှာတော့ သော်တာဆွေကို သိပ်သဘောမတွေ့ချင်ဘူး။ အထူးသဖြင့် ပြည်သူပိုင် သိမ်းတာနဲ့ ပတ်သက်လို့ပေါ့။
ပြည်သူပိုင် သိမ်းတယ်ဆိတဲ့ စကားလုံးက ပြည်သူ ကြားက လုပ်စားခံရတဲ့ ကိစ္စပဲ။ ပြည်သူမရဘဲ ကြားက သိမ်းပေးတဲ့ ကယ်တင်ရှင် အစိုးရပဲ ကောင်းစားသွားတာ။
ဆရာကြီး သော်တာဆွေက ဦးနအစိုးရကျတော့ ဒီမိုကရေစီ အစိုးရမို့လို့ ပြောသမျှ ခံမယ်မှန်း သိတော့ ဆော်လို့ရသမျှ ဆော်တယ်။
ဦးနေဝင်း အိမ်စောင့်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးအစိုးရ၊ ဗိုလ်ချုပ်ကြီး ..ဆိုပြီး ချီးမွမ်းစာတွေ ရေးတယ်။ မဆလခေတ်ကျတော့ ဥက္ကဌကြီး ဆိုပြီး ချီးမွမ်းဆောင်းပါး ထပ်ရေးတယ်။ ခင်ညွန့် ကောင်းစားတုန်းက ကျေးဇူးရှင် လူချောကလေး ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးသေးတယ်။ ဒါမျိုးတွေ မရေးဘဲ စာပေသန့်သန့် ရေးသွားစေချင်တယ်ဗျာ။
ဟုတ်တယ် အရီရဲ့ အာဘော်တွေ ဒီနေရာမှာ မကြိုက်ဘူး....ဓနရှင်လဲ ဓနရှင်အလျောက် မကောင်းတာရှိသလို ဒီလို ပစ္စည်းမဲ့ လူတန်းစားတွေရဲ့ ပစ္စည်းရှင်တွေကို မြင်တဲ့ အမြင်မျိုးကိုလဲ မကြိုက်ဘူး....
အဲဒီခေတ်က တိုးတက်တဲ့ လူငယ်အများစု ဟာ ဆိုရှယ်လစ် ကွန်မြူနစ်ကို ထောက်ခံကြတယ်
ဟီးဟီး... ဆိုရှယ်လစ် ကွန်မြူနစ်ဆိုရင် တိုးတက်တယ်ဆိုပဲ။ ဆိုရှယ်လစ်နိုင်ငံတွေ တိုးတက်လိုက်တာ ကုန်းကောက်စရာတောင် မကျန်တော့ဘူး။
ဒီမိုကရေစီ ဟာ အကောင်းဆုံး စနစ် တခုမဟုတ်ဘူး ဒါပေမဲ့ ဒါထက်ကောင်းတာ လည်း မတွေ့သေးဘူး
လူတွေ ရဲ့ အတွေးအခေါ် အယူအဆ တွေ ဟာ အမြဲတန်း ပြောင်းလဲနေတယ်
ဟေ့လူ ဒီမိုကရေစီထက် ကောင်းတာတွေ့ရင် ခင်ဗျားနှမနဲ့ ပေးစားလိုက်။ မြန်မာပြည်ကိုတော့ အရှက်မရှိ သယ်မလာနဲ့။ နောက်တစ်ခေါက် တိုင်းပြည်ခွေးဖြစ်မခံနိုင်ဘူး။
ကမ္ဘာကြီးအား ကယ်တင်နိုင်မည့် အယူဝါဒသည်ရှိနေ၏။ ထိုအယူဝါဒသည် နားလည်ရန် ခက်ခဲခြင်းမရှိ။ အလွန်လှ အလွန်ရိုးသော အလွန်ရိုးသော အယူဝါဒတစ်ခုဖြစ်၏။ လူအချင်းချင်း ယဉ်ကျေးသိမ်မွေ့စွာ ပေါင်းသင်းဆက်ဆံ နေထိုင်ရေး၊ လူအချင်းချင်းမေတ္တာထားရေး၊ လူအချင်းချင်း သည်းခံခြင်း၊ စာနာထောက်ထားခြင်း မာန်မာန မထားခြင်း စသော တရားများ ကျင့်သုံးရေး ဘ၀ဆိုသည်မှာ အပိုင်းအခြားဖြင့် ရရှိထားသော သံသရာကြီး၏ အစအန တစ်ခုမျှသာဖြစ်သည် ဟူသော အချက်ကို အမြဲတစေ သတိရနေရေး စသော လက်တွေ့ကျင့်စဉ်များပါဝင်သည့် အယူဝါဒဖြစ်၏။
(A.J.CRONIN) ADVENTURE IN THE TWO WORLDS.
ဒီမိုကရေစီထက် ကောင်းတာတွေ့ရင် ခင်ဗျားနှမနဲ့ ပေးစားလိုက်။ မဆဲကြပါနဲ့။
သည်းခံနိုင်တဲ့တရားလေးတွေ လက်ကိုင်ပြုပါစို့။
လူအချင်းချင်း သည်းခံခြင်း၊ စာနာထောက်ထားခြင်း မာန်မာန မထားခြင်း စသော တရားများ ကျင့်သုံးရေး။
လက်တွေ့ကျင့်စဉ်များပါဝင်သည့် အယူဝါဒ။ ကဲ ဘာဝါဒ ညာဝါဒနဲ့ မငြင်းကြပါနဲ့နော်။
Post a Comment