Wednesday, November 3, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၃)

အခန်း (၄၃)

ခရိတ်၏ ရိုးလက်စ်အမျိုးအစား လက်ပတ်နာရီအရ ညဥ့်သန်းခေါင်ကျော်တော့မှပင် သူတို့သည် သစ်သား တိုင်ကြီး ၏ ထိပ်ဖျားကို တစ်ဖက်ချောက်ကမ်းပါးဆီသို့ ရောက်အောင် တွန်းပို့နိုင်ကြလေသည်။
" နည်းနည်းကလေး လိုသေးတယ်ဗျို့။ ညာဘက်ကို နှစ်လက်မလောက် တွန်းလိုက်ကြစမ်းပါ "
ခရိတ်က ညွှန်ကြားသည့်အတိုင်း အားလုံးကြိုးစား၍ တွန်းလိုက်ရာ သစ်သားပေါင်သည် တစ်ဖက်ရှိ ကျောက်တုံးကြား တွင် သွားချိတ်မိလေသည်။
တွန်ဂါတာ နှင့် ခရီတ်တို့သည် အလွန်မောဟိုက်ပင်ပန်းသည့်ကြားမှ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် လိုက်ကြသည်။

ယခုဆိုလျှင် သူတို့သည် ချောက်၏ တစ်ဖက်သို့ ကူးသွားရန် တံတားတစ်ခုသဖွယ်ရှိနေပြီဖြစ်သည်။
" တစ်ယောက်ယောက်ကတော့ ဒီသစ်သားတန်းနဲ့တစ်ဖက်ကို ကူးသွားရမှာပဲ "
ဆယ်လီက အမှန်ကို ပြောလိုက်ခြင်းဖြစ်သော်လည်း သူမ၏ လေသံက စိုးရိမ်တုန်လှုပ်နေသည့် ဟန်မျိုး ဖြစ်နေသည်။
" ဟိုဘက်ကို ကူးသွားလို့ ရောက်သွားရင် ဘာဖြစ်မှာလဲဟင် "
ဆာရာက မေးပြန်ရာ ခရိတ်က -
" ဒါတော့ ဟိုဘက်ရောက်မှ ငါတိုပ ပြောနိုင်မှာပေါ့ကွဲ့" ဟု ပြန်ဖြေလိုက်သည်။

ဤတွင် တွန်ဂါတာက -
" ကျုပ်သွားပါရစေ " ဟု ပြောရာ ခရိတ်က -
" သူငယ်ချင်းက ဒီလို ကျောက်တောင်တွေပေါ်တက်တဲ့ အတွေ့အကြုံရှိလို့လား " ဟု ပြန်မေးလိုက်သည်။
တွန်ဂါတာ က ခေါင်းခါပြလိုက်လျှင် ခရိတ်က တစ်စုံတစ်ခု ဆုံးဖြတ်လိုက်ဟန်ဖြင့် -
" ဒီလိုဆိုရင် အဖြေ ရှင်းနေပြီပဲ။ ကဲ ... ကျုပ်တို့အားလုံး နှစ်နာရီလောက် အနားယူကြမယ်။ တတ်နိုင်ရင် အိပ်ပျော်အောင် အိပ်လိုက်ကြ လ ဟု ပြောလိုက်သည်။
ခရိတ် ၏ ညွှန်ကြားချက်အတိုင်း အားလုံး လဲလျောင်းအနားယူကြသော်လည်း မည်သူမျှ အိပ်၍မပျော်ချေ။

သို့နှင့်ပင် နှစ်နာရီမပြည့်သေးမီ ခရိတ်ကပင် အားလုံး ထကြရန် နှိုးလိုက်လေသည်။
ခရိတ်က တွန်ဂါတာအား ကြိုးကို ခိုင်မြဲစွာ တုပ်နှောင်ပြီး သင်္ဘောကျောက်ချထားသလို မတုန်မလှုပ် မရွှေ့ မလျားဘဲ တောင့်ခံနိုင်အောင် နေရာယူနည်းကို ညွှန်ကြားသင်ပြပေးလေသည်။ ကြိုးကို သူ၏ခါးတွင် ချည် နှောင်ပြီး ခြေနှစ်ဖက်က ကျောက်တုံးကြီးတစ်ခုကို အားပြုကန်ထားရမည်ဖြစ်လေသည်။

ကြိုးစတစ်ဖက်ကိုမူ ခရိတ်၏ ကိုယ်တွင် ချည်ထားမည်ဖြစ်သည်။
" ကျုပ်ကို သိပ်ပြီးတော့လည်း ကြိုးလျှော့မပေးနဲ့ဗျ။ တကယ်လို့ ကျုပ်က ခြေချော်ကျသွားရင် လှမ်းအော်လိုက်မယ်။ ဒီတော့ သူငယ်ချင်းက အားကုန်စိုက်ပြီး ဆွဲပေတော့။ သဘောပေါက်ပြီနော် "
ဤသို့ ပြောပြီး ခရိတ်သည် ဘက်ထရီမီးအိမ်တစ်ခုကို ကြိုးဖြင့် ပခုံးတွင် လွယ်ထားလိုက်သည်။ မိန်းကလေး နှစ်ဦး က သူတို့၏ ကိုယ်အလေးချိန်ဖြင့် သစ်သားပေါင်၏ တစ်ဖက်စွန် (စင်မြင့်ပေါ်တင်နေသည့်အပိုင်း)ကို တအား ဖိထားကြသည်။

ထို့နောက် ခရိတ်သည် သစ်သားပေါင်ကို ခွထိုင်လျက် ဖြည်းဖြည်းချင်း ဖင်ရွေ့ကာ တိုးသွားလေသည်။ ထိုအချိန် ၌ သူ၏ခြေနှစ်ဖက်စလုံးမှာ ဘာကိုမှ ထိမနေဘဲ လေဟာပြင်ထဲတွင် တွဲလောင်းဖြစ်နေလေသည်။ ခါးတွင် ချည်ထားသော ကြိုးကိုမူ တွန်ဂါတာက ဖြည်းဖြည်းချင်း လျှော့ပေးနေလေသည်။
သစ်သားပေါင် ကို ချောက်ကမ်းပါးတစ်ဖက်နှင့် သွယ်တန်းထားရာ၌ အောက်မှ အပေါ်သို့ ခပ်မော့မော့ ဖြစ်နေရာ ခရိတ်သည် ပေအနည်းမျှ ရွေ့သွားပြီးသော် ဆက်သွားရန် ခက်နေလေသည်။
ထို့ကြောင့် သူသည် သစ်သားပေါ်၌ အလျားမှောက်အိပ်ချလိုက်ပြီး သစ်သားတန်းကို ထန်းပင် တက်သူများလို ခြေဖြင့်ချိတ်လျက် ဖြည်းဖြည်းချင်း တွားသွားရလေသည်။
မကြာမီ သစ်သားပေါင်၏ အဆုံးသို့ရောက်သွားရာ တစ်ဖက်မှ ကျောက်တုံး အကွဲတစ်ခုကို လက်ဖြင့် စမ်းမိ လေသည်။

" ဒီဘက်ကိုတော့ ရောက်ပြီဟေ့ "
ခရိတ်က လှမ်းအော်လိုက်ရာ ဆယ်လီက -
" သတိထားပြီးလည်း သွားနော် "ဟု ပြန်ပြောသံ ကြားလိုက်ရလေသည်။
ခရိတ်သည် သူ၏ခြေတုကို အသုံးပြုလျက် ချောက်၏ တစ်ဖက်ကမ်းကို ထောက်ကာ တွယ်တက်လိုက်သည်။ ကျောက်တုံးများ အက်ကွဲချွန်ထက်နေသဖြင့် ခြေထောက်အတုကြောင့်သာလျှင် သူသည် မနာကျင်ဘဲ တွယ်တက် နိုင်ခြင်းဖြစ်လေသည်။

မှောင်မည်းနေ၍ ဘာမှ မမြင်ရသော်လည်း ခရိတ်သည် ကြိုးစားပြီး ချောက်ကမ်းပါးတစ်ဖက်မျ ဆက်လက်၍ ဖြည်းဖြည်းချင်း သွားကြည့်ပြန်သည်။ သူ၏ ခြေလှမ်း တစ်လှမ်းလျှင် ဆယ့်ရှစ်လက်မနှင့်တွက်ကာ လျှောက်သွား သည့် အကွာအဝေးအတိုင်းအတာကိုလည်း တွက်ချက်မှတ်သားသွားလေသည်။
အောက် မှ တွန်ဂါတာသည် ခရိတ် ဆက်သွားရာသိုပ ကြိုးကို လျှော့ပေးလျက်ရှိလေသည်။

သွားရင်းနှင့် မောပန်းလာသဖြင့် ခရိတ်သည် ခေတ္တရပ်နားကာ အမောဖြေနေလိုက်ရာ ကြိုးစကို တစ်ဖက်မှ ကိုင်ထားသူ တွန်ဂါတာက ချက်ချင်း သံသယဖြင့် -
" ဟဲလို ခရိတ်၊ သူငယ်ချင်း ဘာကြောင့် ရပ်လိုက်တာလဲ " ဟု အော်မေးလိုက်သည်။
ဆယ်လီ ကလည်း -
" ဒါလင် ... ဒါလင် ... အားမလျှော့လိုက်ပါနဲ့ကွယ်၊ ဆက်လျှောက်ဖို့ ကြိုးစားပါ" ဟု လှမ်းပြောလိုက်သည်။
ဆယ်လီ ၏ အသံ ကြားရသောအခါ ခရိတ်သည် အလိုလို စိတ်ဓာတ်တက်လာပြီး ကြိုးစား၍ ဆက်သွားပြန် လေသည်။

အလွန်ခက်ခဲ ပင်ပန်းစွာဖြင့် ဆက်သွားပြီးနောက် အတန်ကြာတော့မှ ရှေ့မလှမ်းမကမ်းတွင် ထွက်ပေါက်ဟု ထင်ရသော ကျောက်တုံးအကွဲတစ်ခုကို မသဲမကွဲ မြင်ရလေသည်။
ခရိတ် သည် မောပန်းလွန်း၍ ခေတ္တနားနေလိုက်စဉ် အောက်မှ တွန်ဂါတာက
" ဟဲလို ... ခရိတ် ... ခရိတ် " ဟု လှမ်းအော်ခေါ်သံ ကြားရလေသည်။
" ကျုပ် ဒီမှာရှိပါတယ်၊ ခဏလေး နားနေတာပါ။ ဒီမှာ ထွက်ပေါက်နဲ့တူတာ တွေ့နေညပီ"
ခရိတ် ကလည်း ပြန်အော်ပြောလိုက်သည်။

ငါးမိနစ်ခန့် နားနေပြီးနောက် -
" အိုကေ ကျုပ် ရှေ့ကို ဆက်သွားကြည့်လိုက်ဦးမယ် "
အော်ပြောရင်း ဆက်သွားကြည့်ရာ မီးခိုးပြောင်းတိုင်၏ အ၀သို့ ရောက်သွားလေသည်။
ထိုအခိုက် လင်းဆွဲငှက်တစ်ကောင်၏ အော်သံကြားလိုက်ရပြီး အခြား လင်းဆွဲပေါင်းများစွာကပါ ၀ိုင်း အော်သံ ကိုပါ ကြားရလေသည်။
နံနက် အရုဏ်တက်ချိန် ရောက်ပြီဖြစ်၍ လင်းဆွဲငှက်များ မိမိတို့ အသိုက်ရှိရာသို့ ပြန်လာကြခြင်း ဖြစ်ဟန် တူလေ သည်။
ခရိတ်သည် အပေါ်သိုပ ခေါင်းပြူကြည့်ရင်း မီးအိမ်ခလုတ်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် လင်းဆွဲငှက် များ၏ စူးရှသော အော်သံများကို ကြားရလေသည်။ မီးအိမ်အလင်းရောင်ကြောင့် ကြောက်လန့်၍ အော်ကြခြင်း ပင်ဖြစ်သည်။

ခရိတ်သည် မီးအိမ်အလင်းရောင်ဖြင့် သေချာစွာ ကြည့်လိုက်ရာ လင်းဆွဲငှက်များ အသံကြားရာနေရာက သူ၏ ဦးခေါင်းပေါ် သုံးပေခန့်မြင့်သောနေရာမှ ဖြစ်ကြောင်း သိရလေသည်။ သူသည် ထိုနေရာသို့ လက်ဖြင့် လှမ်းရန် ကြိုးစားနေစဉ် မီးအိမ်မှ ဘက်ထရီ လုံးဝကုန်သွားလျက် မှောင်မိုက်သွားလေသည်။
ခရိတ် လည်း စိတ်ပျက်ပျက်ဖြင့် မှန်အိမ်ကို လွှင့်ပစ်ချလိုက်သည်။

" ခရိတ် ... ခရိတ် ဘာဖြစ်တာလဲ "
အောက်မှ တွန်ဂါတာက လှမ်းအော်မေးသဖြင့်၊ ခရိတ်ကလည်း -
" အိုကေ ... အိုကေ ... ဘာမှ မဖြစ်ပါဘူး။ ကျုပ်က မီးအိမ်ကို လွှတ်ချလိုက်တာပါ" ဟု ပြန်ပြောလိုက်သည်။
" အပေါ်မှာ ဘာတွေ ဖြစ်နေတာလဲဗျ "
တွန်ဂါတာက လှမ်းအော်မေးပြန်သည်။

" ဘာမှ မဖြစ်ဘူး၊ အပြင်ဘက်ကို ထွက်နိုင်တဲ့ ထွက်ပေါက် မရှိဘူး။ ကျုပ်တို့အဖို့ မျှော်လင့်ချက် မရှိ သလောက် ဖြစ်နေပြီ ဆိုပါတော့။ တစ်ခုတော့ ရှိတယ် "
" ဘာများလဲ သူငယ်ချင်း "
" မိန်းကလေးတစ်ယောက် ဒီကို တက်လာပြီး ကူညီရင်တော့ မျှော်လင့်ချက်ရှိနိုင်မယ် ထင်တယ် "
ခရိတ်က ပြောလိုက်ရာ အောက်ဘက်၌ ခေတ္တငြိမ်သက်နေပြီးနောက် တွန်ဂါတာက -
" ကျုပ် တက်လာမယ်လေ " ဟု ပြောလိုက်ပြန်သည်။

" ဟာ ... မဖြစ်ပါဘူး၊ သူငယ်ချင်းရဲ့ ကိုယ်အလေးချိန်က လေးလွန်းတယ်။ ကျုပ်က ဆွဲတင်ဖို့ နိုင်မှာ မဟုတ်ဘူး "
အောက်မှ ခေတ္တငြိမ်သွားကြပြန်သည်။
ထို့နောက် ဆယ်လီ၏အသံကို ကြားရလေသည်။

" ကျွန်မ တက်လာခဲ့မယ်။ ဘာလုပ်ရမယ်ဆိုတာသာ ပြောစမ်းပါ "
" အရင်ဆုံး ကြိုးစတစ်ဖက်ကို မင်းကိုယ်မှာ မြဲမြဲချည်ထားလိုက် "
" ဟုတ်ကဲ့ ကောင်းပါပြီ"
" ကြိုးကို ခိုင်ခိုင်ချည်ပြီးရင် မင်းက သစ်သားပေါင်အတိုင်း ရှေကကို တိုးလာခဲ့။ ငါက မင်းရဲ့ကိုယ်ကို ကြိုးနဲ့ ထိန်းထားမယ် "
" ဟုတ်ကဲ့ ၊ ကဲ ... ကျွန်မ စတွယ်တက်လာပါပြီ "
" ကျွန်မ ချောက်တစ်ဖက်ကမ်းကို ရောက်နေပြီရှင့်" ဟု အော်ပြောပြန်သည်။

" ဟုတ်ပြီ မင်းရဲ့ ရှေ့နားမှာ ကျောက်တုံးကြီး အက်ကွဲနေတာ မြင်ရသလား "
" ဟုတ်ကဲ့၊ မြင်ရပါတယ် "
" ကောင်းပြီ၊ ငါက မင်းကို ကြိုးနဲ့ ဆွဲတင်တော့မယ်။ မင်းကလည်း ကူညီတဲ့ အနေနဲ့ ခြေထောက်နှစ်ဖက်နဲ့ ကျောက်နံရံကို ကန်ပေးထားရမယ် "
" ကောင်းပါပြီ "
" ဒါဖြင့် ငါဆွဲတင်တော့မယ်နော်။ မင်းက အထူးသတိထားပါ "

ပြောပြောဆိုဆို ခရိတ်သည် ကြိုးကို စတင်၍ ဆွဲတင်လေသည်။ ဆယ်လီ၏ ကိုယ်အလေးချိန်မှာ အလွန် ပင်ပန်းနေသူ ခရိတ်အဖို့ အတော်ပင် လေးနေလေသည်။
အပေါ်သို့ ရောက်ခါနီးတွင် ဆယ်လိသည် ထိတ်လန့်တကြား ဟစ်အော်လိုက်ရာ ခရိတ်က -
" ဘာဖြစ်တာလဲကွ"ဟု လှမ်းမေးလိုက်သည်။

" ကျွန်မ ခြေနဲ့ကန်ထားတာ လွတ်သွားပြီရှင့် "
" ဟုတ်လား၊ စိတ်အေးအေးထားစမ်းပါ။ မင်းခြေထောက်နဲ့ ကျောက်နံရံကို ပြန်စမ်းကြည့်ပါဦး "
" ဟုတ်ကဲ့ "
" အေး ... ဟုတ်ပြီ၊ ခြေနဲ့စမ်းလို့ရရင် ပြန်ပြီး ကန်ထားလိုက်။ ငါက မင်းကို ဖြည်းဖြည်းချင်း ဆွဲ တင်လိုက်မယ် "
သို့နှင့်ပင် ဆယ်လီသည် ခဲခဲယဉ်းယဉ်းနှင့် အပေါ်သို့ ရောက်လာတော့သည်။

ခရိတ်က သူမအား ကူညီဆွဲတင်ပြီး တစ်နေရာတွင် ထိုင်ခိုင်းလိုက်ရာ ဆယ်လီမှာအ လွန်မောပန်းနေပုံ ရလေသည်။
" ကျွန်မ ဆက်ပြီးမသွားနိုင်တော့ဘူးရှင့်"
" ကိစ္စမရှိဘူး၊ မင်း အခု ဒီကိုတက်လာရတာက အခက်ဆုံးပဲ။ နောက်ပိုင်းမှာတော့ ဘာမှ ခက်စရာ မရှိတော့ဘူး။ လွယ်လွယ်ကလေးပဲ ကျန်တော့တယ် "
" ဟင် ... ဟုတ်လား "
" အေး ... ဟုတ်တယ်။ မင်း အခု သေသေချာချာ နားထောင်ကြည့်စမ်း။ လင်းဆွဲငှက်တွေရဲ့အသံ ကြားရတယ် မဟုတ်လား။ ဒီဂူကြီးရဲ့ အပြင်ဘက်ကို ရောက်နိုင်တဲ့ ထွက်ပေါက်က အနီးကလေးပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် မကြာခင် ငါတို့ အပြင်ဘက် ရောက်သွားနိုင်တယ်။ ပထမဆုံးတွေ့ရတဲ့ နေရောင်နဲ့ အပြင်ဘက်က လေကောင်းလေသန့် ရှူရတော့မှာကိုသာ တွေးကြည့်စမ်းပါ "
" ဒါဖြင့် ကျွန်မ ဆက်သွားပါတော့မယ် "
ဆယ်လီက ပြောရင်း မတ်တတ်ထလိုက်သည်။

ခရိတ်သည် သူမအား ကူညီတွဲယူပြီး လင်းဆွဲငှက်များ အသံကြားရာ အပေါ်ဘက်သို့ ဆက်တက်ခိုင်းလေ သည်။
ဆယ်လီလည်း ကြိုးစား၍ တက်သွားလေသည်။
သို့သော် ခဏကြာသော် သူမက -
" ဒီပေါ်မှာ ထွက်ပေါက်လည်း မရှိဘူး " ဟု လှမ်းပြောလေသည်။
" ဒီမယ် မင်းရဲ့ ခေါင်းပေါ်နားမှာ အပေါက်တစ်ခုရှိတယ်။ ပြတင်းပေါက်လို အပေါက်မျိုး။ အဲဒီနေရာကို မင်းလက်နဲ့ လှမ်းကြည့်စမ်း "

" မမီဘူးရှင့် "
" ဒါဖြင့် ဒီလိုလုပ်၊ မင်းရဲ့ ခြေထောက်ကို ငါက တံတားလိုဖြစ်နေအောင် အိပ်ပေးမယ်။ မင်းက ငါ့ကိုယ်ပေါ်တက်ပြီး အဲဒီအပေါ်ရှိရာကို မီအောင်လျမ်းကြည့် "
" ဖြစ်ပါ့မလားရှင့်။ ကျွန်မရဲ့ ကိုယ်က တော်တော်လေးတယ် "
" ဟာ .... စကားရှည်မနေစမ်းနဲ့ကွာ။ မင်းကမှ ဒီလိုမလုပ်ရင် ငါတို့အားလုံး ဒီဂူထဲက ဘယ်တော့မှ ထွက်လို့ ရမှာမဟုတ်ဘူး။ ငါပြောသလိုသာ လုပ်စမ်းပါ။ ကဲ ... ပြောနေကြာတယ်၊ ငါက အောက်က တံတားခင်းသလို နေပေးမယ်။ မင်းကသာ ငါ့ကိုယ်ပေါ် တက်ပေတော့ "

ခရိတ်က ဇွတ်အါတင်းခိုင်းလိုက်သဖြင့် ဆယ်လီလည်း မတတ်သာဘဲ ခရိတ်၏ ကိုယ်ပေါ်ကို တံတားသဖွယ် တက်နင်းကာ ဆစ်ဖက်အစွန်သို့ သွားလိုက်ရလေသည်။
" ကျွန်မ ဒီဘက်ကို ရောက်ပြီရှင့် "
" ဟုတ်ပြီ၊ မင်းက ကျောက်တုံး အက်ကွဲနေတဲ့နေရာကို တွေ့သလား "
" ဟုတ်ကဲ့ တွေ့ပါတယ် "
" မင်းလက်နဲ့ အပေါ်ကို တတ်နိုင်သလောက် မြင့်မြင့်စမ်းကြည့်လိုက်စမ်း "

" ဟုတ်ကဲ့၊ အလို အပေါ်ဘက်မှာ အပေါက်တစ်ပေါက် ရှိတယ်ရှင့် "
" ဟုတ်လား၊ အဲဒီအပေါက်ထဲကို မင်း တိုးဝင်လို့ရမလား "
ခရိတ်က မေးလိုက်သည်ကို ဆယ်လီက ရုတ်တရက် ဘာမှ ပြန်မဖြေချေ။

သူမ၏ ကိုယ်အလေးချိန်သည် ခရိတ်၏ ကိုယ်ပေါ်တွင် အတော်ပင် လေးနေသဖြင့် ကြာရှည် ဆက်တောင့်ခံ နိုင်ပါမည်လောဟု စိုးရိမ်ဖွယ်ရာပင် ဖြစ်နေလေသည်။
သို့သော် ခဏမျှအကြာတွင် ဆယ်လိ၏ ကိုယ်အလေးချိန်သည် ခရိတ်၏ ကိုယ်ပေါ်မှ ရုတ်တရက် ပျောက်သွားလေသည်။ သူမသည် အပေါ်ဘက်ရှိ အပေါက်သို့ တွယ်တက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလေသည်။
" ဒီမယ်ရှင့် အပေါ်မှာ ဂူတစ်ခု တွေ့နေပြန်တယ် "
ဆယ်လီက အပေါ်မှ လှမ်း၍ ပြောလိုက်သည်။

" ဟုတ်ပြီ အဲဒီမှာ ကြိုးကို ခိုင်ခိုင်ချည်ထားဖို့ နေရာတစ်ခုခုရှာကြည့်စမ်း "
ခရိတ်သည် ပြောလိုက်ပြီးနောက် ဆယ်လီ၏အသံ တိတ်သွားပြန်သည်။ သူမသည် ကြိုးစကိုချည်ရန် နေရာလိုက်ရှာနေဟန်တူသည်။
မကြာမီ သူမ၏ အသံ ပြန်ကြားရလေသည်။
" ကြိုးကို ကျွန်မ ချည်ထားလိုက်ပြီရှင့်၊ ခိုင်ခိုင်ချည်ထားလိုက်တယ် "
ခရိတ်လည်း ကြိုးကို ဆွဲကြည့်ရာ တကယ်ပင် ခိုင်မြဲစွာ ချည်နှောင်ထားောကာင်း သိရလေသည်။

ထို့ကြောင့် သူသည် ကြိုးကို အားပြုဆွဲလျက် ဆယ်လိရှိရာသို့ တွယ်တက်သွားလေသည်။
အပေါ်သို့ရောက်သောအခါ ဆယ်လီသည် ၀မ်းသာအားရ ခရိတ်အား ကလေးငယ်တစ်ယောက်ပမာ ဖက်ထားရှာလေသည်။
နှစ်ယောက်စလုံး စကားပြောနိုင်ဘဲ ရှိစဉ် အောက်မှ တွန်၈ါတာ၏ လှမ်းအော်သံကြားရလေသည်။
" အပေါ် မှာ ဘာတွေဖြစ်နေကြတာလဲဗျ "

" ဒီပေါ်မှာ ဂူတစ်ခု ထပ်တွေ့နေပြန်တယ်။ ဒီက အပြင်ဘက်ကို ထွက်ပေါက်တစ်ခုခု ရှိလိမ့်မယ် ထင်တယ်။ ပြီးတော့ ဒီမှာ လင်းဆွဲငှက်တွေလည်း ရှိတယ် "
" ကျုပ်တို့ ဘာလုပ်ရမှာလဲ "
" ကျုပ်က ကြိုးကို အောက်ချပေးလိုက်မယ်။ သူငယ်ချင်းနဲ့ ဆာရာတို့က ကြိုးနဲ့ တွယ်တက်ခဲ့ကြပါ။ အရင်ဆုံး ဆာရာတစ်ယောက်တည်း သစ်သားပေါင်ကို ဖြတ်လျှောက်ပြီး လာခဲ့ပါ။ ဒီက ကျုပ်တို့နှစ်ယောက်အားနဲ့ ဆွဲတင်မယ် "
" အိုကေ၊ ကျုပ်က ဆာရာကို အရင်တက်ခိုင်းလိုက်မယ် "

တွန်ဂါတာက ပြန်ပြောပြီးနောက် ခရိတ်သည် ကြိုးစတစ်ဖက်ကို အောက်သို့ ချပေးလိုက်သည်။ သူနှင့် ဆယ်လီတို့က အပေါ်မှနေ၍ ကြိုးကို ခိုင်မြဲစွာ ကိုင်ထားကြစဉ်မှာပင် အောက်မှ လူတစ်ယောက်ခန္ဓာကိုယ် အလေးချိန်ကြောင့် ကြိုးတင်းသွားသည်ကို သတိပြုမိကြလေသည်။
ခရိတ်နှင့် ဆယ်လီတို့သည် ကြိုးကို အားကုန်စိုက်၍ ဆွဲတင်ကြလေသည်။

မှောင်မိုက်နေ၍ သဲကွဲစွာ မမြင်ရသော်လည်း တဖြည်းဖြည်းနှင့် ကြိုး၏ အောက်ခြေတွင် လူတစ်ယောက်၏ သဏ္ဍာန်ကို မထင်မရှားမြင်ရစပြုလာလေသည်။
" ဆာရာ လာနေပြီဗျို့ "

တွန်ဂါတာက အောက်မှ လှမ်းအော်ပြောလိုက်သံ ကြားရပြီးနောက် ခရိတ်နှင့် ဆယ်လီတို့သည် အထူး ကြိုးစား အားစိုက်၍ ကြိုးကို ဆွဲတင်ကြလေသည်။
ဆာရာ ၏ ကိုယ်မှာ သေးကွေး၍ အလေးချိန် မများလှသော်လည်း အပေါ်သို့ ဆွဲတင်ရသည်မှာ အလွန် အလှမ်းဝေး သဖြင့် ခရိတ်နှင့် ဆယ်လီတို့အဖို့ အထူးပင် ကြိုးစားအားစိုက်၍ ဆွဲကြရလေသည်။
မကြာမီ ဆာရာသည် အပေါ်သို့ ရောက်လာလေသည်။

ဆက်ရန်
.

1 comment:

Anonymous said...

Thanks.

Ray