Saturday, November 27, 2010

ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၁)

ဖြစ်ရပ်မှန်
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော
ဘာသာပြန် - မြတ်ငြိမ်း



    မယ်ဒယ်လင်းကတ်ရိုက် က 'နာသုံးနာပြည့်သူ
    အထူးသဖြင့် ဘ၀အခြေမလှသူကလေးတွေ၏
    ပညာရေးကို မြှင့်တင်ပေးလိုသူ၊
    သူကျောင်းအုပ်အဖြစ် ရောက်သွားသည့်
    ဆင်းရဲသား ရပ်ကွက် မူလတန်းကျောင်းမှ ကလေးများသည်
    ပညာသင်ယူရေးထက် နောက်တစ်ရက် အသက်ရှင်နေထိုင်ရေး
    အဓိကဖြစ်နေ၏။
    မိဘတွေက ကျောင်းဘက်သို့ ခြေဦးပင်မလှည့်၊
    ဆရာ ဆရာမများ က စိတ်ဓာတ်အကြီးအကျယ် ကျနေသူတွေ။
    အခြားဝန်ထမ်းများ က သံပတ်ပေး စက်ရုပ်ပမာ
    ထိုထိုသော အနေအထားများက မယ်ဒလင်း၏
    စိတ်ဓာတ်နှင့် စွမ်းရည်ကို စိန်ခေါ်နေသည်။

ရဲအဖွဲ့က တယ်လီဖုန်းဆက်ချိန်တွင် ကျွန်မသည် ကျောင်းရုံးခန်းထဲတွင် အလုပ်လုပ်နေခိုက်ဖြစ်၏။ ကျွန်မ အလုပ် လုပ်နေသည့် ကျောင်းမှာ ပင်စီလ်ဗေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယား မြောက်ပိုင်း ရှိ ဘလိန်း မူလတန်းကျောင်း ဖြစ်သည်။ ကျွန်မ၏ တပည့်နှစ်ယောက်၏ မိခင်ဖြစ်သူ ကက်စင်ဒရာမှာ စောစောကလေး ကပင် ဓားထိုးခံလိုက်ရသည်တဲ့။ သူ့သားဖြစ်သူ ကိုးနှစ်သားကလေး ဒိုရီယံ က ကျွန်မကို ခေါ်ပေးဖို့ ပြောနေသည် ဆို၏။

အိုမဟုတ်ပါစေနဲ့ကွယ်။ ကက်စင်ဒရာမဟုတ်ပါစေနဲ့ ဟု ကျွန်မဆုတောင်းမိ၏။ ကက်စင်ဒရာကား ငယ်ရွယ် နုပျိုသော မိခင်တစ်ဦး။ စိတ်ပျက်စရာတွေ ပြည့်လျှမ်းနေသည့် ပတ်ဝန်းကျင် တစ်ခုတွင် ကိုယ့် ဘ၀ကိုယ် ပြုပြင်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦး။

မြို့တွင်းရှိ ကျောင်းတစ်ကျောင်းကို စံပြကျောင်းဖြစ်လာအောင် ပြုပြင် ပြောင်းလဲပစ်ဖို့ ကျွန်မမှာ ရည်မှန်းချက် ရှိခဲ့သည်။ သို့သော် ၁၉၇၉ ခုနှစ်၊ မတ်လတွင် ဘလိန်းသို့ ကျောင်းအုပ် ဆရာမအဖြစ်ဖြင့် ရောက်လာ ကတည်းက ကျွန်မရင်ဆိုင်ရမည့် အခက်အခဲများသည် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သိမြင် သဘောပေါက်ခဲ့၏။

ဘလိန်း မူလတန်းကျောင်း၏ ၀န်းကျင် စထရေး ဘယ်ရီမင်းရှင်း အမည်ရှိ တိုက်အိမ်တွဲကြီးရှိသည်။ လေးထောင့် ပုံစံ တိုက်အိမ်ကြီး ၁၆အိမ်လောက် တွဲစပ်တည်ဆောက်ထားသည့် စထရော် ဘယ်ရီမင်းရှင်းကြီး တစ်ခုလုံးမှာ ဟောင်းနွမ်းပျက်စီးနေပြီ။ ထိုတိုက်တွဲကြီးတွင် နေထိုင်သည့် အိမ်ထောင်စု အများစု သည် လူမှုဖူလုံရေး ထောက်ပံ့ကြေးပေါ်တွင် မှီခိုအားထားနေကြသူများဖြစ်၏။ ကျွန်မတို့ ကျောင်းတွင် လာရောက်စာသင်နေသည့် စာသင်သားတွေထဲမှ လက်တစ်ဆုပ်စာ မျှသော ကျောင်းသူ ကျောင်းသား တွေသာ ကျောင်းမှ အိမ်သို့ ပြန်ရောက်လာလျှင် သူတို့၏ မိရင်းဖရင်းနှင့် ဆုံတွေ့ကြရသည်။

ကျွန်မ တို့ကျောင်းမှ ကလေးအတော်များများမှ ထာဝစဉ် တိုက်ပွဲနွဲနေသည့် ကမ္ဘာတစ်ခုထဲတွင် နေထိုင် ကျင်လည် နေကြရ၏။ တိုက်ပွဲများသည် သူတို့ နေထိုင်သည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ပါကလည်း သူတို့အိမ်နှင့် ကပ်လျက်ရှိသည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်နေမည်။

တစ်ခါတစ်ရံ တွင် ကျောင်းစင်္ကြံလမ်းပေါ်၌ အပြုံးအရယ်မဲ့စွာ ဖြတ်လျှောက်လာသည့် ကလေး တစ်ယောက် ယောက် ကို ကျွန်မ ရပ်တန့်စေသည်။ ပြီးတော့မေးကြည့်သည်။
   "ဘယ်လိုဖြစ်တာလဲကွယ်"
ထိုအခါ အကြမ်းဖက်မှု ဇာတ်လမ်းတစ်ပုဒ်ကို ကြားရတတ်၏။ ထိုအခါ ကျွန်မက ထိုကလေးကို စိတ် သက်သာရာ သက်သာကြောင်းပြောရ၏။ အားပေးရ၏။ တကယ်တော့ သည်လို ဝေဒနာမျိုးကို ဘယ်ကလေး မျှ မခံစားထိုက်ပါချေ။

"ဒီမှာတော့ သားဘာမှမဖြစ်စေရဘူး။ သားရဲ့ကျောင်းဟာ လုံခြုံတဲ့နေရာ၊ စိတ်ချရတဲ့နေရာကွယ့်။ ဒီကျောင်းမှာ သားကို လူတိုင်းက ကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေ ဆက်ဆံကြလိမ့်မယ်။ သား ပြုံးနိုင် ရယ်နိုင် လာအောင် ဆရာမကြီးတို့က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြမှာပါကွယ်"

ကျွန်မက သည်လိုစကားမျိုးဖြင့် အားပေးခဲ့သည်။ နှစ်သိမ့် ဖျောင်းဖျခဲ့သည်။ သို့ပေမဲ့ ခုတော့ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့လေပြီ။ ကျွန်မကျောင်းသားတွေ၏ မိဘတွေထဲမှာ မိခင်တစ်ယောက်မှာ သတ်ဖြတ်ခြင်းခံလိုက်ရပြီ။ ဒိုရီယံတွင် ညီမကလေးနှစ်ယောက်ရှိသည်။ သူတို့၏မိခင် ကက်စင်ဒရာ အသတ်ခံရချိန်တွင် သူတို့ သုံးယောင်စလုံး အခင်းဖြစ်ပွားသည့် နေရာမှာ ရှိနေကြသည်။

ကက်စင်ဒရာ့ ဇာတ်လမ်းမှာ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ သူသည် ကာလကြာမြင့်စွာကတည်းက ကုတ်ကင်းစွဲနေသူတစ်ဦးဖြစ်၏။ သို့သော် သူက ပြန်လည် ပြုပြင်ရေးစခန်း သွားပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ် ခဲ့ သည်။

တစ်လလောက် ကြာသောအခါ ကက်စင်ဒရာသည် သမီးအကြီးကလေးကို ကြိုရင်း ကျွန်မရုံးခန်းထဲသို့ ၀င်လာသည်။ ထိုအခါ ကက်စင်ဒရာ၏ ပြုပြင်ပြောင်းလဲမှုရလဒ်များကို ကျွန်မမြင်တွေ့လိုက်ရ၏။
    "ဟာ…ကက်စင်ဒရာ၊မင်းမှဟုတ်ရဲ့လားကွယ်။ မင်းကိုယ်မင်း ဘာတွေလုပ်ပြီး ဘယ်လို ပြုပြင် လိုက်တာ လဲဟင်၊ မင်းကိုကြည့်ရတာ တစ်သွေးတစ်မွေး ဖြစ်နေပါကလား"
"အိုး…ကျေးဇူးတင်ပါတယ် မစ္စစ်ကတ်ရိုက်။ ကျွန်မပြန်လည်ပြုပြင်ရေးစခန်းက ပြန်လာပြီလေ။ ကျွန်မ ဆေးပြတ် သွားပြီ ဆရာမကြီးရဲ့။ ကျွန်မဒီအတိုင်းပဲ ဆက်ပြီးနေတော့မှာပါ"
    ကက်စင်ဒရာက သူ့သမီးကို ခေါ်သွားသည်။ ကုန်စုံဆိုင်သို့ သွားပြီး ဈေးဝယ်သည်။ ပြီးတော့ တစ်နေရာ မှာ ၀င်ပြီး ဒိုရီယံအတွက် ရှူးဖိနပ်အသစ်တစ်ရန်ဝယ်သည်။ အိမ်သို့ အပြန်တွင် သူ့အဘွားအိမ်ဝင်ပြီး တစ်နှစ်သမီး အငယ်လေး ကို ခေါ်သည်။ သူ့အဘွားက သမီးအငယ်ကလေးကို ထိန်းပေးထားသည်လေ။

အိမ်သို့ရောက်သောအခါ ကက်စင်ဒရာ ညစာချက်နေသည်။ ထိုအခိုက် သူ့ယောကျာ်းပြန်လာသည်။ သူတို့နှစ်ယောက် ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး စကားများကြသည်။ ငြင်းကြခုံကြသည်။ အငြင်းအခုံတွင် အရှိန်တက်လာပြီး တစ်ဦးကို တစ်ဦး တွန်းကြ၊ ထိုးကြ၊ ဆဲဆိုသည်အထိ ဖြစ်လာသည်။ အထိတ်တလန့်ဖြစ်နေသော ကလေးငယ်သုံးယောက်က ဆိုဖာတစ်လုံးပေါ်မှာ။ သုံးယောက်သား စုပြီး ဆိုဖာပေါ်မှာ ၀ပ်နေကြသည်။ ထို့နောက်တော့ သူတို့အဖေက ဓားတစ်ချောင်းကို ဆက်ပြီး ခေါ်ဖို့ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

ဒိုရီယံနှင့် သူ့ညီမလေးနှစ်ယောက်မှာ အသည်းတုန်အူတုန် ဖြစ်နေသည်။ ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် ဆိုဖာပေါ် တွင် လှုပ်ပင်မလှုပ်ဝံ့ကြ။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ တံခါးဝမှာ အပြေးအလွှား ၀င်ရောက် လာကြသော အခါ ကြမ်းပြင်ပေါ်မှာ လဲနေသည့် ကက်စင်ဒရာကို တွေ့ကြရသည်။ ကလေးသုံးယောက် ကတော့ ဆိုဖာပေါ်မှာပင် ထိုင်နေကြဆဲ။ ထိတ်လန့်တုန်လှုပ်နေသည်။ ကြက်သေသေနေသည်။။ အသံ ဆိုလို့ စိုးစိ မျှ မထွက်ဝံ့ကြ။
    နာရီအနည်းငယ်ကြာသောအခါ ရဲအဖွဲ့က ဒိုရီယံ၏ ဖခင်ကို ဖမ်းဆီးလိုက်၏။ ပြီးတော့ ကက်စင်ဒရာ တစ်ယောက် ဆေးရုံ မှာပင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းပေးသည်။
    "ဦးတို့ ဘယ်သူ့ကို ခေါ်ပေးရမလဲ"
    ရဲသားတစ်ယောက်က ကလေးတွေကိုမေးသည်။
    "သားတို့ ပြဿနာတစ်ခုခုပေါ်တဲ့အခါ လာပြီး ကူညီတတ်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား"
    "ကျွန်တော့်ကျောင်းအုပ်ဆရာမကြီး ကို ခေါ်ပေးပါ"
    ဒိုရီယံ က ညီမငယ်နှစ်ယောက်ကို တင်းတင်းဖက်ထားရင်းပြောသည်။
    "သူလာပြီး ကျွန်တော်တို့ကို ခေါ်ပါလိမ့်မယ်"

ကျွန်မသူတို့ဆီသို့ သွားခဲ့ပါသည်။ ကျွန်မအတိုင်ပင်ခံ ရှေ့နေတစ်ယောက်ဆီသို့ အပြေးအလွှား သွားသည်။ သူတို့ကို ကျောင်းသို့ ခေါ်သွားသည်။ နောက်တော့ ကျွန်မအိမ်သို့ ခေါ်ခဲ့သည်။
ထိုည အဖို့တော့ အဖိုးထိုက်ရတနာလေးတွေကိုကြည့်ပြီး ကျွန်မငိုင်နေမိသည်။ သူတို့ကလေးတွေကို ဘာပြော လို့ ဘာဆိုရမည်မသိ။ သူတို့သုံးယောက်ကို ကျွန်မအိပ်ရာပေါ် ခေါ်တင်ထားသည်။ ပြီးတော့ သူတို့ကို ထွေးပွေ့ထားရုံပဲ တတ်နိုင်သည်။ သူတို့ကလေးတွေက ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ ပါးစပ်ကလည်း မြည်တမ်းနေကြသည်။
    "မေ့မေ့ကို ခေါ်ပေးပါ မစ္စစ်ကတ်ရိုက်၊ မေမေ့ကို ခေါ်ပေးပါ"

ကျွန်မ သူတို့ကျောကလေးတွေကို အသာအယာ ပုတ်ပေးသည်။ သူတို့လက်မောင်းကလေးတွေကို ပွတ်သပ် ပေးသည်။ နောက်ဆုံး တော့ သူတို့ကလေးတွေ ငိုကြွေးမြည်တမ်းရင်းမောပြီး အိပ်ပျော် သွားကြသည်။ သည်တော့မှ ကျွန်မငိုမိသည်။ ဘုရားသခင်ထံတွင် ဆုပန်မိသည်။ သည်ခိုကိုးရာမဲ့ သနားစရာ ကလေးငယ်တွေသည် တပည့်တော်မကို မျှော်လင့်အားကိုးနေကြပါသည်ဘုရား။ သူတို့ ကလေး တွေသည် တပည့်တော်မကို လိုအပ်နေကြပါသည်ဘုရား။ ထို့ကြောင့် သူတို့ကလေးတွေကို ကူညီ စောင့်ရှောက် နိုင်စွမ်းရှိအောင် တပည့်တော်မအား ခွန်းအားများ ပေးသနားတော်မူပါဘုရား။
ကတ်စင်ဒရာသည် သူ့ကလေးတွေ၏ နောင်ရေးကောင်းအောင် စီစဉ်ခဲ့၏။ စိတ်ကူးယဉ်ခဲ့၏။ သူတို့ ကလေး တွေ အနေဖြင့် သူတို့မေမေ စိတ်ကူးယဉ်မျှော်မှန်းခဲ့သည့် အနာဂတ် ဘ၀မျိုးကို ခံစား ထိုက် ပါသည်။ ထို့ကြောင့် သူတို့ကလေးတွေအတွက် အတတ်နိုင်ဆုံး ကူညီမည်ဟု ကျွန်မတစ်ကိုယ်တည်း အဓိဋ္ဌာန် ပြုလိုက်ပါသည်။

နောက်ဆုံး၌ သမီးကြီးကလေးက ဆွေမျိုးတစ်ဦးထံတွင် သွားနေသည်။ ဒိုရီယံ နှင့် သူ့ညီမ အငယ်ကလေး ကတော့ ကတ်စင်ဒရာ့ အဘွားနှင့် ဆက်ပြီးနေသည်။ ဒိုရီယံက ကျွန်မတို့ကျောင်းဆက်တက်သည်။
တကယ် တော့ ဘလိန်းသို့ ကျွန်မရောက်လာခြင်းကိုက ဒိုရီယံ၊ သူ့ညီမလေးနှစ်ယောက်နှင့် သူတို့ကို ကလေး တွေကို ကူညီဖေးမဖို့ မဟုတ်ပါလား။

ဘလိန်းသို့ ကျွန်မရောက်လာသည်မှာ မတ်လ အစောပိုင်း ဖြစ်သည့်တိုင် ဆောင်းရာသီ၏ အအေးဓာတ်က ကျန်နေဆဲ။ သို့သော် နံနက်ခင်း၏ နေမင်းကြီးက နွေဦးကာလကို ညွှန်းနေ၏။ ပြိုကျ ပျက်စီးနေပြီဖြစ်သော အိမ်တန်းရှည်ကြီး ၏ ခေါင်ပေါ်မှာ ခြေချင်းဝတ် မြုပ်လောက်သည့် အမှိုက်သရိုက် တွေ ပွနေသော ကွက်လပ် များ ၏ ခေါင်းပေါ်မှာ မိုးကောင်းကင်ကြီးသည် ပြာလဲ့တောက်ပနေ၏။

သို့သော် အက်ကြောင်းကြီးများ ထင်ပြီး ပျက်စီးယိုယွင်းနေသည့် လမ်းဘေး ပလက်ဖောင်းများပေါ်မှာတော့ မှောင်နေဆဲ။ အိမ်ရှေ့ဆင်ဝင်များနှင့် အိမ်ရှေ့လှေကားများမှာ မှောင်ရိပ်များအောက်တွင် နစ်မြုပ်နေဆဲ။ အဆောက် အအုံ အများစု သည် ဗုံးကြဲခံထားရ သည်သို့ရှိ၏။ အချို့အိမ်များမှာ အထဲတွင် အခန်းများ ဖွဲ့စည်းထားခြင်း မရှိ။ ဟာလာဟင်းလင်း အခန်းကြီးများသာရှိသည်။ သည်အခန်းတွေ၏ ကြမ်းပြင်မှသည် မျက်နှာကြက်အထိ ပိုးဟပ်တွေ ကြွက်တွေ ပြည့်နေသည်။ သည်အခန်းတွေထဲတွင် ကလေးတွေ ဘယ်လို နေထိုင်ကြမည် ကို စဉ်းစားလို့ပင် မရ။ သို့တိုင် သည်ဟာလာဟင်းလင်း ခန်းမတွေထဲတွင် လူတွေ ပြည့်နေသည်။ သည်မိသားစုတွေတွင် ကလေးတွေ တစ်ပြုံတစ်မကြီး ရှိနေကြသည်။

အိမ်ရှေ့လှေကားထစ်များတွင် ရှိနေသည့် လူတွေက သူတို့ လမ်းထဲသို့ ကဲဒီလက် ကားကြီးကို ဖြည်းဖြည်းချင်း မောင်းဝင်လာပြီး မဲဆွယ်ထွက်သည့် နိုင်ငံရေးသမားတစ်ယောက်လို လက်ဝှေ့ယမ်း ပြနေသော မိန်းမတစ်ယောက်ကို မြင်တော့ အံ့သြနေကြသည်။

    "မင်္ဂလာရှိတဲ့ နံနက်ခင်းပါ။ မင်္ဂလာရှိတဲ့နံနက်ခင်းပါ"
    ကျွန်မက သူတို့ကို လှမ်းပြီး နှုတ်ခွန်းဆက်သည်။

ကျွန်မအား စိတ်မနှံ့သော မိန်းမတစ်ယောက်ဟု ထင်ကြမှာ သေချာသည်။ သည်လမ်းထဲသို့ ကဲဒီလက် ကားကြီး တွေ ၀င်လေ့ဝင်ထမရှိ တစ်စုံတစ်ယောက်သည် လမ်းမှားကွေ့မိပြီး ၀င်္ကပါလို ရှုပ်ယှက်ခတ် နေသည့် အဆောက်အအုံတွေကြားထဲတွင် လမ်းပျောက်ကာ ထိတ်လန့်တကြား ဖြစ်နေမှသာ သည် လမ်းတွေ ပေါ်တွင် ကဲဒီလက်ကားကြီးတွေကို တွေ့ရတတ်၏။

သို့သော် ကျွန်မက ဆင်းရဲသား ရပ်ကွက်များနှင့် စိမ်းသူမဟုတ်။ ဆင်းရဲသား ရပ်ကွက် တစ်ခုတွင် ကျွန်မ၏ သက်တမ်းတစ်ဝက် လောက် နေထိုင်ခဲ့ရသူဖြစ်သည်။ ခုတော့ လာမည့် နှစ်ကာလ များအတွင်း သည် ရပ်ကွက် ကို ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်လာအောင် ပြုပြင်ပြောင်းလဲပစ်မည်ဟု သံန္နိဋ္ဌာန်ချထားသည်။ သည်လို အားထုတ်လုပ်ဆောင်ခွင့်ရခြင်းသည် ပင်လျှင် ကျွန်မ၏ အိပ်မက်တစ်ခု အကောင် အထည် ပေါ်လာခြင်း မဟုတ်ပါလား။

ဆက်ရန်
.

3 comments:

လသာည said...

မင်္ဂလာရှိသော ညချမ်းလေးပါ ..

စိတ်ဝင်စားစရာ ဘာသာပြန်လေးအတွက် ကျေးဇူးတင်ပါတယ်..

Anonymous said...

“ထိုည အဖို့တော့ အဖိုးထိုက်ရတနာလေးတွေကိုကြည့်ပြီး ကျွန်မငိုင်နေမိသည်။ ”

“နောက်ဆုံး တော့ သူတို့ကလေးတွေ ငိုကြွေးမြည်တမ်းရင်းမောပြီး အိပ်ပျော် သွားကြသည်။ သည်တော့မှ ကျွန်မငိုမိသည်။”

ဘာသာပြန်ဆိုသော်ငြားလည်း အဲဒီနားလေးတွေ
ပြန်ထားတာ သဘောကျတယ်..မရေ။ :)
ခုမှ ဆက်တိုက်သေချာဖတ်ဖို့ အပိုင်း(၁)စတယ်။
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

ကိုဇော် said...

သူတို့ကို သဘောကျတဲ့ အထဲမှာ ဒါတွေလည်း ပါတယ်။
တစ်ခုခု ဖြစ်ပြီ ဆိုရင် . . .
ကလေးတွေ အဆင်ပြေပါစေ ၊ ကျော်လွှားနိုင်ပါစေ လို့ ကိုယ်တွေ အရှေ့နိုင်ငံတွေက ဆုတောင်းနေတဲ့ အချိန်မှာ ၊ သူတို့ကတော့ သူတို့ ဘယ်လို ကူညီရမလဲ ဆိုတာကို တွေးတတ်ကြတယ်။
သဘောကျတဲ့ စာဖြစ်ဦးမှာပါပဲ။
အားရင် အားသလို လာဖတ်ပါ့မယ်။