'ကဲ.....ဒီလိုဆို ဒီရှေ့မှာပဲ ပုံထားခဲ့ကြ'
အလို......ဘုရား ဘုရား၊ ဖိုးဘတင် ခုမှတိုက်ရှေ့ရပ်ထားတဲ့ ဒေါ့ဂျစ်ကားကို သတိထားမိ တယ်။ ဒေါ့ဂျစ် ကားပေါ်မှာ ပစ္စည်းတွေနဲ့။ သူက ဒီနေ့ဖို့ လာတာလား။ ဖျတ်ခနဲဖိုးသဘင် ခေါင်းထဲမှာ ညက ချွေးမ စကားတစ်ခွန်း ကို သတိရလိုက်တယ်၊ ခုရက်ပိုင်းအိမ်မှာ ခြေနှစ်ချောင်း အ၀င်မတော်ဘူးတဲ့။
ကားသမား ကောင်းလေးတွေ ဘယ်ချနေတဲ့ပစ္စည်းတွေကို ဖိုးဘတင်ကြည့်လိုက်တယ်၊ ဟောဗျား........ ပန်းအိုး တွေပါလား၊ ရွက်လှပန်းအိုးတွေ လေးငါး ဆယ်အိုးလောက် ရှိမယ်၊ ပြဿနာပဲ။ အဲဒီပန်းအိုး တွေ ဘယ်မှာ ထားကြမတုံး။ ဟော..ဟော...... ဘဲဥပုံမှန်ကြီးနဲ့ ကနုတ်ပန်း ကနုတ် ပန်းခက်တွေနဲ့ ရှေးဟောင်း မှန်ဗီရိုကြီးလဲ ပါသဗျာ။ ဒါကြီးကို အခန်းထဲ ထားဖို့နေရာထက် အပေါ်ထိတင်ဖို့ မလွယ်လိုက်မယ့် အမျိုး ။ အဲ...အဲ ထန်ခေါက်ဖာ အစုတ်ကြီးတွေကလဲ သုံးလေးလုံးပါသေးသဗျာ။ အိမ်သာ ကြွေအိုးလဲ ပါတယ်။ ထွေးခံ၊ ကျောက်ပျဉ်လဲ ပါတယ်၊ အနှိပ်ဘု လဲ ပါတယ်။
ဒီတိုင်းဆိုလို့ ကတော့ သူ့ပစ္စည်းတွေနဲ့ သူနဲ့ ဒီအခန်းထားပြီး ဖိုးဘတင်တို့ အားလုံး ဆင်းသွားရုံ ရှိတာပဲ။
"ဟဲ့...ဟဲ့ ကောင်းကောင်းချ၊ ပန်းစက္ကူတွေ စုတ်ကုန်ဦးမယ်"
လက်ညှိုးတထိုးထိုးနဲ့ စီမံခန့်ခွဲနေတဲ့ ဖိုးဘတင်ရဲ့ ခမက်က သူ့အသံကြီးနဲ့ ကားထဲကို လှမ်းအော်တယ်။ ပစ္စည်း တွေက မကုန်သေးဘူး။ ဘာတွေများ လာဦးမှာပါလိမ့်။
ဟော.....ထွက်လာပါပြီ။
မြတ်စွာဘုရား ကယ်တော်မူပါ။
ဖိုးဘတင် ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဘူး။
ကားခေါင်းထဲက ကောင်လေးနှစ်ယောက် မ ချလာတဲ့ ပစ္စည်းဟာ ပန်းစက္ကူတွေ လှလှပပ ကပ်ထားတဲ့ လူသေခေါင်းတစ်ခေါင်းလေ။
အဲ....အဲ...လူသေ မထည့်ရသေးတဲ့၊ လူသေထည့်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ ခေါင်း တစ်ခေါင်းပေါ့။ ဘုရား....ဘုရား ဒီမိန်းမကြီး သူငယ်ပြန်ချင်နေတာ မဟုတ်ဘူး။ စိတ်နောက် ချင်သလို ဖြစ်ချင်နေတာလဲ မဟုတ်ဘူး။ ရူးနေတာ၊ သွက်သွက်ခါအောင် ရူးနေတာ။
သူရူးတာထက် ဒီကိစ္စကို သားနဲ့ချွေးမ ပြန်လာရင် ဘယ်လိုရှင်းကြမလဲ။ လောလောဆယ်မှာ လဲ တစ်တိုက်လုံး မှာမှ တကယ့်ကို ဖိုးဘတင် တစ်ယောက်တည်း၊ မဖြစ်ဘူ။ ဒီမိန်းမကြီးကို ဖိုးဘတင် တံခါး ဖွင့်ပေး လို့ မဖြစ်ဘူ။
"ဟဲ့..... ကားရှေ့ခန်းမှာ ငါ့ဘုရား ရှိသေးတယ်၊ ဘုရားကို ငါ့ခေါင်းပေါ် ပင့်ပေးစမ်း"
သောက်ကျိုးနည်း ဗျာ။ ဘုရားဆောင်ကြီးကလဲ နည်းတာမဟုတ်ပါလား။ ဒီအိမ်က စင်လေးနဲ့ ဘုရား ဆောင်လေး က ခပ်သေးသေးရယ်။ ဖိုးဘတင် အညာအိမ်ကပင့်ခဲ့တဲ့ ဘုရားဆောင် တစ်ခု ကလဲ ရှိသေး တယ်။ ချွေးမရဲ့ အဆောင်တွေ၊ ယတြာတွေကလဲ စင်ပေါ်မှာပြည့်လို့။
"ကျောင်းဒကာကြီး ရေ တံခါးဖွင့် ထားပါ ၊ ဘုရား အရင်ပင့်မလို့"
ဗုဒ္ဓေါ၊ ဘယ်တုန်းကမှလဲ ကျောင်းဆောက်မလှူရပါဘဲနဲ့ ဖိုးဘတင် ကျောင်းဒကာကြီးဖြစ်ရ ပြန်ပြီ။ အရင် ဒီအဘွားကြီး ဘယ်လို ခေါ်ပါလိမ့် ၊ ဦးဘတင်ပဲ ခေါ်တာပါ။ သူ့လဲ ကိုယ်က ဒေါ်မြမေပဲ။ အသက်တွေက ကွာ မှ မကွာကြတာဘဲ။
" ငါ့ ပစ္စည်းတွေ မခိုးကြနဲ့နော်၊ ငါ ပြန်ဆင်းလာမှ နင်တို့ ကားခ ပိုက်ဆံပေးမယ်"
ကဲ...ဘုရားအစ်မကြီးကတော့ ဘုရားပင့်ပြီးတက်လာပြီ။ ကျောင်းဒကာကြီး ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမှာလဲ။ တံခါးဖွင့်မပေးလို့ ဖြစ်မလား။ ၀ရန်တာ တံခါးကနေ သူ့ခေါင်းပေါ်က ဘုရားဆောင် ဆီးယူပြီး သူ့ အောက်ပြန်ဆင်းခိုင်းရမှာပဲ။ အောက်မှာ ပစ္စည်းတွေ စိတ်မချ ရဘူး၊ စောင့်နေမှ ဖြစ်မယ်လို့ ပြောရမှာပေါ့ ။ သြော်....ဖိုးဘတင် အဖြစ်နှယ်၊ တစ်ယောက်ထဲရ တဲ့ အချိန် ပျင်းလွန်းလို့ ဧည့်သည် မျှော်လိုက်ပါတယ်၊ လာမယ့်လာတော့ စကားတောင် မပြောရဲတဲ့ ဧည့်သည်၊ ဒီဧည့်သည်သာ ထာဝရ နေမယ်ဆိုရင်တော့ ဖိုးဘတင် အညာ ပြန်သင့် ပြန်ရလိမ့်မယ်။
ဒီလောက် အမြင့်ကြီးကို အခန်းဝယ်ကြသတဲ့၊ တော်တော် အမြော်အမြင် မရှိတဲ့ဟာတွေ၊ မောလိုက်တာ။
ရောက်လာပြီ၊ ရောက်လာပြီ။ အသံကြီးကလဲဗျာ။ မိန်းမသံတဲ့၊ နီးလေ ဆိုးလေပါပဲ။
" ကဲ....ပေး...ပေး ကျုပ်ကိုပေး၊ ကျုပ်ဘုရားစင်ပေါ် ထားလိုက်မယ်။ အောက်မှာ ကားသမား နဲ့ ပစ္စည်းတွေ ရှိသေး မဟုတ်လား"
" ဟုတ်ပရှင်.... ကျောင်းဒကာကြီး၊ ဘုရားကို ကောင်းကောင်းထားနော်၊ ပြီးတော့ မြဖို့လဲ ရေတစ်ခွက် လောက်ယူခဲ့"
ဘုရား..... "မြ" ဆိုပါလား။ ဘုရားဆောင်ကို ဆက်တီစားပွဲပေါ်မှာ တင်ထားခဲ့ပြီး ဖိုးဘတင် ရေတစ်ခွက် ကပျာကယာ ပြေးခတ် ရတယ်။ ပ၀ါနှစ်စနဲ့ ချွေးတော် သိပ်နေသူ ကြီးဆီ သောက်တော်ရေ ကမ်း လိုက်တော့..
" ရေခဲသေတ္တာ မ၀ယ်ရသေးဘူးလား"
အလို ရေခဲသေတ္တာ ရောဂါက သူတို့မျိုးရိုးရောဂါနဲ့ တူပါရဲ့။
" နေလို့ ကောင်းရဲ့ မဟုတ်လား"
ဖိုးဘတင် က မေးတော့ လည်ပင်းထိ စီးကျလာတဲ့ ရေတွေကို ပ၀ါစနဲ့သုတ်ရင်း " မြ"က ခေါင်းညိတ်တယ်။
"သူတို့က ဘယ်အချိန်ပြန်လာမှာလဲ" "ညနေမှ ပြန်လာကြမယ်လေ" အဘွားကြီးက ခေါင်းကို တဆတ်ဆတ် ညိတ် လိုက်တယ်။ ပြီးတော့လှေကားဆီ ပြန်ဆင်းသွားပြီးမှ နောက်ပြန်လှည့်ပြီး ဖိုးဘတင်ကို "တံခါးပိတ် ထားတဲ့" ခပ်တည်တည်ကြီးပြောသွား လိုက်သေးတယ်။ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျာ။ ဖိုးဘတင်က တံခါးမြန်မြန် ပိတ်ရင်း သက်ပြင်းကို ဟင်းခနဲချမိတယ်။ ဒီဇာတ် ကိုတော့ သူ့ချွေးမဘယ်လိုကမယ်မသိဘူး၊ အ၀င် မတော်တဲ့ ခြေနှစ်ချောင်းကို ဘယ်လိုနှင်ထုတ်မယ်မဆိုနိုင်ဘူး မီးကမလာ၊ ဘာကမလာနဲ့ အင်း..... အလျင်ဆုံး စိတ်ညစ်ရမှာက အစောဆုံးပြန်ရောက်တတ်တဲ့ သားလုပ်သူပဲ။ ဖိုးဘတင် သားလေးတော့ ပစ္စည်း တွေ ထမ်းတင်ရရှာတော့မယ်။
စကားအမျှင် မပြတ်တဲ့ချွေးမရဲ့ သြဇာသံကို နားမခံချင်လို့ ချွေးမမိုးချုပ်မှ ပြန်လာတာကို သဘောကျ တတ်တဲ့ ဖိုးဘတင် တစ်ယောက်ဒီနေ့တော့ ဆုမတောင်းစဖူး ဆုတောင်းမိတယ်။ ချွေးမ မသင်းသင်း အစောကြီး ပြန်လာပါစေ။ အကြောင်းကိစ္စတစ်ခုခုနဲ့ အိမ်ကိုချက်ချင်းပြန် လာတာမျိုးဖြစ်ပါစေဗျာ။

အဲဒီနေ့ ညနေ ခြောက်နာရီ ကျော်ကျော်လောက် မှာ လူအများရဲ့ ဟေး ဆိုတဲ့ ၀မ်းသာအားရ တစ်ခဲနက် အော်ဟစ်သံကြီး နဲ့ အတူမီးတွေပြန်လာတယ်။
ဖိုးဘတင်ရဲ့ ဆုတောင်းမပြည့်ပေမယ့် သုံးရက်မြောက်နေ့မှာ တကယ်ပဲမီးပြန်လာပါစေလို့ ဆုတောင်းကြတဲ့ လူအများ ဆုတောင်းတော့ ပြည့်သွားတယ်။ မြေအောက်လိုင်းပေါက်ရင် တစ်ခါတစ်လေ သုံးရက်ဆိုပေမယ့် ငါးရက် လောက်ကြာချင်ကြာသွားတာကိုး။
သုံးထပ်တိုက်ရဲ့အလွှာလူသားအားလုံး မီးခလုတ်တွေဖွင့် ပန်ကာတွေဖွင့် မီးဖိုတွေဖွင့်နဲ့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန် ကြတယ်။ အပြေးအလွှားသူ့ထက်ငါ ဦးအောင်သွားဖွင့်တာကတော့ ရေမော်တာခလုတ်လေ။
သေးကွေး ပါးယားလှ တဲ့ ခန္ဓာကိုယ်လေရဲ့လျင်မြန်ခြင်း မျိုးနဲ့ရွေ့လျားတတ်တဲ့ လတ်လတ်က အမြွာမ တစ်ယောက် ထက် ရေခလုတ် ကို အလျင်ဦးတယ်။ အပျိုကြီးတို့နဲ့ ကိုဝင်းအောင်တို့ မှာတော့ ရေမော်တာ ခလုတ် ကို ပြိုင်တူရောက်ကြ လို့ ကိုဝင်းအောင် ရဲ့ရယ်ရွှန်း ဖတ်ရွှန်း အပြောတွေနဲ့ တောင်းပန်ခံရတော့ အပျိုကြီးလေး မယဉ်မွန် အလျှော့ပေးလိုက်ရတယ်။ ဒါပေမယ့် ကိုဝင်းအောင်ပြောတဲ့ အတိုင်း ပီပါနှစ်လုံး ပြည့်ရင် ပြီးတာပဲ ဥစ္စာ။
ဆန်နီတို့အခန်း ပဲ ဘယ်သူနဲ့မှ လုစရာမလိုဘဲ အေးအေးဆေးဆေး ကြိုက်သလောက်ဖွင့် လို့ရတယ်။ သုံးထပ်တိုက် အလွှာ လူသားများ ရဲ့ ရေ အရေးအခင်းနဲ့အတူ ဖြစ်ပွားနေတဲ့ အရေးအခင်းက ဖိုးဘတင်တို့ အခန်းမှာ သားလုပ်သူ က စိတ်ပျက်လက်ပျက် မျက်နှာနဲ့ ကုလားထိုင်တစ်လုံးမှာ အမောဖြေနေတယ်။ ပစ္စည်းတွေ တင်လိုက်ရတာက နည်းမှမနည်း တာပဲ သားလုပ်တဲ့သူက ယောက္ခမို့ ထားပါတော့ ဆန်နီ ခင်မျာမှာ ဘာမှမဆိုင်ဘဲ ပစ္စည်းတွေ ဇွတ်သယ်ပေးတာ၊ ပခုံးတောင်ပွန်းသွားရှာတယ်။ ဖိုးဘတင်က ပရုတ်ဆီ လိမ်းပေး နေရတယ်။
ဖိုးဘတင်တို့ အိပ်ရာဧည့်ခန်းတစ်ခုလုံး အဘွားကြီးရဲ့ ပစ္စည်တွေနဲ့ ပြည့်လို့နေတယ်။ အာကာရဲ့ ၀ရန်တာ အိပ်ခန်း ကတော့ ရွက်လှပန်းဥယျာဉ်အဖြစ် အသွင်ပြောင်းသွားပြီ။။
မြင်တဲ့သူတိုင်း စိတ်မသက်မသာဖြစ်ရတဲ့ "ခေါင်း"ကြီးကိုတော့ သားအမိသုံးယောက်ရဲ့ တစ်ခုတည်းသော အိပ်ခန်း ထဲ သားလုပ်သူက မြန်မြန်သွင်းတယ်။
အမြွာ ညီအစ်မ ကလဲ မကြည်မသာမျက်နှာတွေနဲ့ ကုပ်ကုပ်ကလေးတွေကြမ်းပြင်ပေါ် ထိုင်ရင်း တွတ်ထိုး နေကြတယ်။ ဟော........ဘုရားအမကြီးတို့ကတော့ဗျာ။ ပ၀ါနှစ်ဆအသာ ချပြီး ဧည့်ခန်းအလယ်က ထိုင်ခုံ တစ်ခု မှာ မြိန်မြိန်ကြီးထိုင်ပြီး သမက်ရဲ့စီးကရက် တစ်လိပ်ကို ဖွာလို့။ အားလုံးပဲ မိသားစုရဲ့ အချုပ်အခြာ အာဏာပိုင် ဒေါ်သင်းသင်းကို မျှော်လင့်နေကြတယ်။ သူ့မွေးသမိခင်ရဲ့ ပြသနာကို သူဘယ်လို ကိုင်တွယ် မလဲ ဆိုတာ ကို အားလုံး က စိတ်ဝင်စား နေကြတယ်။
"ဟဲ့.........ဖြူပြာ၊ကြည်ပြာ၊ ညဉ်းတို့ငါကို ထမင်းမကျွေးတော့ဘူးလား" ဟောအသံကြီးရုတ်တ ရက် ထွက်လာ လိုက်တာ များ ဆန်နီကလွဲလို့ အခန်းထဲရှိတဲ့လူအားလုံး အကုန် လန့်သွားတာပဲ။ "ထမင်းအိုး တည်ထားတယ် အဘွားရဲ့ မီးတွေပျက်နေတာ သုံးရက်တောင်မှခုမှမီးပြန်လာတာ" "မီးမလာမီးသွေးနဲ့ချက်ပေါ့ နားမလည် ဘူးလား မီးသွေး မွေးရတာကြာတယ် အဘွားရဲ့။
အမြွာညီအစ်မ နှစ်ယောက် ဘွားအေမင်းကတော်ကြီးရဲ့ မျက်စောင်းဒဏ်ကို လှလှကြီး ခံလိုက်ရတဲ့အပြင် ပါးစပ် က ယဉ်ကျေးဖွယ်ရာ အဆစ်ကလေးပါလိုက်ရတယ်။ "လင်ရိုက်ခံရ မယ့် မိန်းမပျင်းတွေတဲ့" အမြွာမ နှစ်ယောက် နှုတ်ခမ်းစူစူနဲ့ ထသွားကြပြီး ၀ရန်တာပန်းအိုး တွေကြားထဲကနေ လမ်းမကို လှမ်း မျှော်ကြည့်တယ်။
"ဟော......အဲဒီကားက အန်တီခင်ကားမဟုတ်လား" "ဟုတ်တယ်၊ ဟုတ်တယ်ဖေကြီးရေ၊ မေကြီးပြန်လာပြီ" ကောင်းပါလေ့ ကောင်းပါလေ့ ဖိုးဘတင်ဆုတောင်း နည်းနည်းတော့ ပြည့်တယ်ဆိုရမှာပေါ့။ ချွေးမပြန်ချိန်ဒီနေ့တော့စောတယ်။
"အမယ်........ကိုအာကာနဲ့ မေကြီးဘယ်မှာတွေ့လာလဲ မသိဘူး" တယ်ထူးဆန်းပါလား မြေးလုပ်တဲ့ကောင် ဘယ်တော့မှ ဒီအချိန်ပြန်လာတာမှမဟုတ်တာ။ ဧကန္တမဟုတ်မှလွဲရော။ သားအမိနှစ်ယောက်မြို့ထဲမှာ ချိန်းပြီး ဗေဒင်ဆရာ တစ်ယောက်ယောက်ဆီသွားတာပဲ ဖြစ်မယ်။ "ကိုအာကာ ၀ရန်တာ ကိုမော့ကြည့်နေတယ်" အင်းသူ့ဝရန်တာမှာ သစ်ပင်ထိုး ထိုးထောင်ထောင်တွေကို သူမြင်မှာပေါ့။ အမြွာမ နှစ်ယောက် ပြောတာကို နားလည်သလို သူ့ပခုံးပွန်းရာကို တဖူးဖူးလှည့်မှုတ်နေတဲ့ ဆန်နီက၀ရန်တာကို ကပျာကယာ ပြေးသွားပြီး အားပါးပါးနဲ့ လက်ဟန်ခြေဟန်နဲ့ အာကာ့ဆီလှမ်းပြောတော့တယ်။
အမြွှာမ နှစ်ယောက် က ဝရန်တာတံခါးကို အဆင့်သင့်ဖွင့် ထားတယ်။
ဆန်နီ ဘာဖြစ်နေတာလဲ သူ့အသံချည်းပဲ
လှေကားတစ်ဆစ်ချိုးက ချွေးမရဲ့ သြဇာသံ စူးစူးကလဲ မအေနဲ့ တန်းတူလိုက်နိုင်တယ်။ အခန်းထဲထိ လွင့်တက်လာတယ်။
မေကြီး မေကြီး ဘွားဘွားကြီးေ၇ာက်နေတယ်
ဒီမှာ နေမှာတဲ့ ပြောင်းလာတာတဲ့..
အမြွှမ နှစ်ယောက်ရဲ့ အလုအယက်သတင်း ပေးသံ အဆုံူး မှာ ချွေးမစီက ဟင် ဆိုတဲ့ အသံတိမ်လေးကို ကြားလိုက်ရတယ်
အမေ ဘာဖြစ်လာတာလဲ
အခန်းထဲ ဝင်ဝင်ခြင်း သမီးလုပ်သူက မေးတဲ့ အသံ မအေ လုပ်သူကတော့ ယပ်ခတ်မပျက် ဝင်လာတဲ့ သမီး ကို ခပ်တည်တည် ကြည့်တယ်။
ငါ ဟိုကောင်နဲ့ မနေချင်လို့
သြော်.......အမေကလဲ၊အမေ့သားအကြောင်း အမေအသိဆုံးပဲ" ငါမသိပါဘူး၊ ဘာမှမသိဘူး ငါ့ကိုနှိပ်စက် တာပဲ ငါသိတယ် ညဆိုအရက်တွေမူး လာတယ်။ မူးပစေပေါ့ ပြောလို့မှမရဘဲ မူးပြီး သူ့ဟာသူ အိပ်သွား မှာပေါ့" မအိပ်ဘူးဟဲ့ မအိပ်ဘူး မအိပ်ဘဲနဲ့ ငါ့ကိုကခိုင်းတယ် သီချင်းဆိုပြီးကရမတဲ့" အမြွာမ နှစ်ယောက် ရယ်သံ က ဆန်နီနဲ့ အာကာတို့ စကားပြောသံတွေနဲ့ ရောနှောပေါ်လာတယ်။
"ကဲ....ဆူလိုက်တာဟယ်၊ ငါဘာသံမှမကြားချင်ဘူး ဖြူပြာ၊ ကြည်ပြာသွားမီးဖိုချောင်ကို ချက်ရပြုတ်ရမယ်။ အမေ သင်းသင်းပြော မယ်၊ အမေ့သားကိုစိတ်ဆိုးရင် အမေ ဒီမှာ လေး ငါးရက် နေပေါ့ အကြာကြီး နေလို့ မဖြစ်ဘူး အမေ့သား က အိမ်ကိုဇောက်ထိုးလုပ်ထားမှာ"
"ညဉ်းက ငါ့ကိုမနေစေချင် ဘူးလား" မဟုတ်ဘူးသေချာစဉ်းစား အမေမရှိတုန်း အမေ့သားက အိမ်ကို ထင်သလို လုပ်ပစ်လိုက်ရင် ဘယ့်နှယ့် လုပ်မလဲ အရက်ဖိုးရအောင် ရောင်းပစ်လိုက်ရင် ကော။
မင်းကတော်ကြီး ငြိမ်သက်သွားပြီး ပ၀ါနှစ်ဆနဲ့ အလုပ်များနေတဲ့အချိန်မှာ ဖိုးဘတင်သားက တစ်ချိန်လုံး တိတ်ဆိတ် နေရာက ချောင်းတစ်ချက်ဟန့်တယ်။ ဒါဆို မိန်းမကို စကားပြောတော့ မလို့။
"အိပ်ရာ က ဘယ်လိုလုပ်မလဲ" မေကြီးတို့အိပ်ခန်းထဲပဲ အမေ့ကိုသိပ်မယ်လေ အိပ်လို့်ရပါတယ် တော်လိုက် တဲ့ မိန်းမ။ စီမံခန့်ခွဲမှုအရာမှာတော့ ရှားပါပေတယ်။ "အာကာကရော" အာကာက သူ့နေရာသူလေ ဘာဖြစ် လို့လဲ ဟာ မေကြီးကလည်း သားနေရာမှာလဲ လာကြည့်ပါဦး အဘွားပန်းအိုးတွေနဲ့ ခြေချလို့တောင်မရဘူး အင်း... ချွေးမ... ချွေးမ၊ ဇောနဲ့ဝင်တာ ၀ရန်တာကဖြတ်ပြီး ၀ရန်တာမှာရှိတဲ့ ပန်းအိုးတွေကိုသူမမြင်ခဲ့ဘူး
"ဒုက္ခပါပဲ အမေကလဲ ဒီပန်းအိုးတွေက ဘာဖြစ်လို့သယ်ခဲ့ရတာလဲ အံ့သြပါရဲ့အမေရယ်" အိုး..... သယ်မှာ ပေါ့အေ့ ဟိုကောင်က ငါ့ပန်းအိုးတွေကိုလဲ ရန်ရှာတယ်၊ ငါ့ရွက်လှပင်တွေ ဓားနဲ့ခုတ်ပစ်တာမနည်းဘူး" ဟောတော့........ ဒီဗီရိုကြီးလဲ သယ်လာတယ်။ဒုက္ခပါပဲ ဒါတွေကို ဖေကြီးနဲ့ဆန်နီ ထမ်းတင်ကြရတာ ထင်တယ်။ ဟုတ်လား"
"ဗီရိုကြီးက တော်သေးတယ် မေကြီးတို့အခန်းထဲမှာသွင်းထားတဲ့ ပစ္စည်းကလဲ သွားကြည့်ဦး" သားလုပ်တဲ့သူ စကားကြောင့် ချွေးမ ပျာသွားတယ်။ ဘာပစ္စည်းလဲ ဘာပစ္စည်းလဲနဲ့ မေးလို့မှမဆုံးခင် မီးဖိုခန်းထဲက အလွန်သရဲ တစ္ဆေ ကြောက်တတ်တဲ့ အငယ်မ ကြည်ပြာက အော်တယ်။
"မေကြီး အဲဒါကြီးကို သမီးတို့အခန်းထဲမှာထားရင် သမီးမအိပ်ရဲဘူး သမီးမအိပ်ဘူးနော်။ ဆိုးဆိုးဆတ်ဆတ်နဲ့ အခန်းထဲ ၀င်သွား တဲ့ ချွေးမလုပ်သူနောက်ကို ဆန်နီလျှာထုတ်ပြလိုက်၊ မျက်လုံးဖြဲပြလိုက်၊ အိပ်ပြလိုက်နဲ့ ပြောပြ နေတာကိုနားမလည်တဲ့ မြေးလုပ်တဲ့ ကောင်ကလဲ လိုက်ဝင်သွားတယ်။
"ဘယ်သွားသွား ငါ့ပစ္စည်းကိုပဲ ရန်ရှာနေကြတာပဲ။ မြတ်စွာဘုရား ဖြည်းဖြည်းအော်ပါဘုရား အစ်မကြီးရယ်။ ဘုရားအစ်မကြီး အော်သံကြောင့် အထဲကသမီးနဲ့ မြေးအသံကလဲ ထွက်မလာ တော့ပါဘူး။ လူတွေသာ ပျာပျာသလဲ ပြန်ထွက်လာကြပါတယ်။
"အမေရယ်....သင်းသင်းတော့ သေချင်တာပဲ ဘာဖြစ်လို့ဒါကြီးကို သွားလေရာ သယ်နေ ရတာလဲ မမကြီးတို့ အိမ်သွားနေတုန်း ကလဲ ဒါကြီးသယ်သွားလို့ ရပ်ကွက်နဲ့တောင်ပြသနာ ဖြစ်တယ်။
ညဉ်းဟာညဉ်း သေချင်သေပေါ့ ခေါင်းတောင်အဆင်သင့်ရှိသေး လူဆိုတာ ဘယ်အချိန် ဘယ်နေရာတွေမှာ ဘယ်လို သေရမယ်ဆိုတာ သိနိုင်တာမှ မဟုတ်တာ ကိုယ်နဲ့မကွာ သယ်ရမှာပဲ တောကြုံအုံကြား လူသူ ဝေးတဲ့ နေရာ ငါသေတော့ ငါ့ကိုဘယ်သူက အခေါင်းရှာ နေမှာလဲ ခွေးသေ၀က်သေလို ဆွဲပစ် လိုက်ကြ မှာပေါ့။
ဘုရားအစ်မကြီးက မှတ်သားဖွယ်ရာတွေ ကို ဒေါနဲ့မောနဲ့ပြောရင်းက ဖိုးဘတင်ဘက် ရုတ်တရက် လှည့်လာ တယ်။ ရှင်လဲ ခေါင်းတစ်လုံးတော့ ကိုယ်နဲ့မကွာဆောင်ထားသင့်တယ်။ ဗျာ၊ ခင်ဗျား နဲ့ ခေါင်းရောင်းတဲ့ ကောင်တွေ နဲ့ က စပ်တူစီးပွားလား ဟုတ်လား။ ခက်လိုက်တဲ့ အမယ်ကြီးနှယ် ရူးတယ်ဆိုရမှာလဲအခက်၊ ကောင်းတယ် ဆိုရမှာလဲအခက်။
"ကဲ.......ကဲ ဒီလိုလုပ် အာကာသားက ဧည့်ခန်းမှာပဲ ဘိုးဘိုးတို့ ဖေကြီးတို့နဲ့ အိပ်လိုက်နော်၊ ဒီဗီရိုကြီးကို မီးဖိုထဲ ရွေ့ပစ်လိုက်မယ်။ ဆန်နီမပြန်နဲ့ဦးနော် ခဏလေး"
ချွေးမက လက်ဟန်ခြေဟန်နဲ့ မဖွင့်ရသေးတဲ့ တီဗွီရှေ့သွားထိုင်နေတဲ့ ဆန်နီကို စကားတွေပြောတယ်။ ပစ္စည်းတွေ နဲ့ ဗီရိုကြီး မီးဖိုထဲ ရွှေ့ဖို့ရမယ်၊ "ခေါင်း"အကြောင်းကို လူတွေလျှောက်မပြောဖို့ရယ်ပေါ့။ ဆန်နီလေး ခင်မျာ မျက်လုံးပုတ်ခက်ပုတ်ခက်နဲ့ ခေါင်းညိတ် ရှာတယ်။ အာကာက သူ့ကိုခေါင်းထဲမှာ အိပ်မလား ဆိုပြီး လက်ဟန်ခြေဟန်ပြပြီး အခန်းထဲအတင်းဆွဲခေါ်တော့ မျက်စိမျက်နှာပျက်နဲ့ အတင်း ရုန်းတော့ တာပဲ ကြောက်အား လန့်ပြီး အော်တဲ့"အားပါးပါး" သံကလဲ ဆူညံလို့။
"အာကာရယ်မစစမ်းပါနဲ့ မေကြီးခေါင်းတွေ ရှုပ်လွန်းလို့ပါ ဆန်နီကတကယ်ကြောက်နေတာ မလုပ်ပါနဲ့" မအေ ဘယ်လို ပြောပြော မောင်နှမသုံးယောက်က ဆန်နီ့ကို စလို့ကောင်း နေကြတယ်။ ဆန်နီ ဘုရားစင် ရှေ့မှာ ထိုင်ပြီးရှိခိုးတာ ဘုရားစင်က ဖိုးဘတင်စိပ်ပုတီးနဲ့သူ မျက်နှာကို တို့တာထိတာကို ကြည့်ပြီး သူ့ကို သဘောကျ လို့ မဆုံးတော့ဘူး။
ငါ ထမင်းစားတော့မယ် ဆာလှပြီ။ကဲ ဖြူပြာတို့ ကြည်ပြာတို့ တော်ကြတော့ ဟင်းကျက်ရင် အဘွားနဲ့ အဘိုးကို အလျင်ကျွေးလိုက်၊ လုပ်သွား ဟာဒီအဘွားကြီးနဲ့တော့ ဖိုးဘတင် မစား တော့ပါဘူး ခက်တော့ တာပဲ။
"ဟဲ့.......ငါးပိရည်၊ တို့စရာ အစုံပါပစေနော်" သြော်...အမေကလဲငါးပိရည်ပဲရှိမယ်။ အတို့ အမြှုပ် ကတော့ မရှိဘူး ဒီမှာ မီးတွေပျက်နေလို့ပါဆို၊ ဒီနေ့တောင်ပြန်လာမလာမသေချာလို့ ဈေးတောင် အခြောက်အခြမ်း တွေပဲ ၀ယ်လာရတာ အမေရဲ့။ ငါးပိရည် တို့စရာ မပါပဲ ငါ ဘယ်တုန်းက ထမင်းစားဖူးလို့လဲ ငါ့ဟာငါ သွား ၀ယ်မယ်။
ဆက်ရန်
.

2 comments:
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် ...
ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ...
ရီရတယ် ကျောင်းအစ်မကြီး မြ နဲ့တော့ ခေါင်းတလုံး သွားလေရာသယ်လို့တဲ့.... :D
Post a Comment