Tuesday, November 9, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၆) ဇာတ်သိမ်း

အခန်း (၄၆)

နောက်ရက်သတ္တ သုံးပတ်တိတိကြာသောအခါ ကုလသမဂ္ဂဌာနချုပ် (နယူးယောက်မြို့)ရှိ ဇင်ဘာဘွေနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲထံသို့ ဖိုင်တွဲတစ်ခု ရောက်ရှိလာလေသည်။
ယင်းဖိုင်တွဲ အတွင်း၌ ခရိတ်တို့က ရုရှဗိုလ်မှူးကြီးထ့မှရရှိလိုက်သော စာရွက်စာတမ်းများ၏ ကောက်နုတ် ချက် မိတ္တူများ၊ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က စစ်ဆေး၍ ရရှိသော ထွက်ဆိုချက် များ ပါရှိလေသည်။ ဖွန်ဂါဘီရာအား မည်သူတွေက စစ်ဆေးမေးမြန်းခဲ့သည်ဟူ၍ကား လူ အမည်များ ဖော်ပြ မထားချေ။
အဆိုပါ ဖိုင်ကို ဇင်ဘာဘွေနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကလည်း ဟာရာရေမြို့တော် ဗဟို အစိုးရ သို့ ချက်ချင်းပို့ပေးလိုက်လေသည်။

ယင်းသို့ ပို့ပေးလိုက်ခြင်း၏ အကျိုးသက်ရောက်မှုများကလည်း လျင်မြန်စွာ ဖြစ်ပေါ်လာလေသည်။
ပထမအချက်အနေဖြင့် ဇင်ဘာဘွေ အစိုးရက အမေရိကန်နိုင်ငံသို့ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား အချုပ်တရားခံ အနေ ဖြင့် ဟာရာရေမြို့တော်တွင် တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမြန်ပြန်ပို့ပေးပါဟု မေတ္တာ ရပ်ခံ လိုက်သည်။

ယင်းကိစ္စ အကောင်အထည်ဖော်သည့်အနေဖြင့် ဇင်ဘာဘွေ ရဲတပ်ဖွဲ့ အထူးစုံစမ်းရေးဌာန (စုံထောက်အဖွဲ့) မှ ၀ါရင့်ရဲအရာရှိ (အင်စပက်တော် သို့မဟုတ် ရဲမှူး) နှစ်ဦးသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ဖမ်းယူ ခေါ်ဆောင် သွားရန် နယူးယောက်မြို့ သို့ လေယာဉ်ဖြင့် လိုက်လာခဲ့ကြလေသည်။

ပီအေအေခေါ် အမေရိကန် ခရီးသည်တင်လေယာဉ်ကြီးတစ်စင်း ဟာရာရေမြို့ လေဆိပ်သို့ ဆိုက်ရောက် ချိန်တွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာကို ရဲမှူးတစ်ဦး၏ လက်တွင်တွဲ၍ လက်ထိပ်ခတ်လျက် ဆင်းလာလေသည်။
သူတို့အား ခေါ်ဆောင်သွားရန်အတွက် ဘေးပတ်ပတ်လည် အလုံပိတ်ကာထားသော အထူးမော်တော်ကား တစ်စီး က လေဆိပ်တွင် အသင့်စောင့်ကြိုနေလေသည်။
သို့ရာတွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဇင်ဘာဘွေနိုင်ငံသို့ ပြန်လာသည့် သတင်းကို စာနယ်ဇင်းနှင့် ရုပ်မြင်သံကြား အစီအစဉ်များ ၌ ဖော်ပြခြင်းမရှိချေ။

ဗိုလ်ချုပ် ဖွန်ဂါဘီရာအား လေဆိပ်မှ ဟာရာရေမြို့ ဗဟိုအကျဉ်းထောင်ကြီးသို့ တိုက်ရိုက်ပင် ပို့လိုက် ကြသည်။
နောက် ဆယ့်ခြောက်ရက်ကြာသောအခါ အထူးသီးသန့် အချုပ်ခန်းတစ်ခန်း၌ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သေဆုံး သွားသည် ဟု သတင်းကြားရလေသည်။
သူ၏ အလောင်း ကို အကျဉ်းထောင်၏ နောက်ပေါက်မှ ထုတ်သွားသောအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ မျက်နှာ သည် မည်သူမည်ဝါ မှန်း မသိအောင်ပင် ရုပ်ပျက်နေသည်ဟုလည်း ဆိုကြသည်။

ထိုနေ့ ညဥ့်သန်းခေါင်ယံအချိန်တွင် ၀န်ကြီးများစီးသော အနက်ရောင် မာစီးဒီးကားတစ်စီးသည် မြို့ပြင်ဘက် တောင်ပေါ် လမ်းတစ်လမ်း၌ တိမ်းမှောက်သွားပြီးချက်ချင်းပင် မီးစွဲလောင်သွားလေသည်။
ကားပေါ် မှ လူတစ်ယောက်သာပါရှိရာ မီးလောင်သေဆုံးနေသော ထိုလူ၏ သွားများအနေအထားအရ သေသူ မှာ ဗိုလ်ချုပ်ဖွန်ဂါဘီရာပင် ဖြစ်သည်ဟု သက်ဆိုင်ရာမှ ကြေညာလိုက်လေသည်။
ထို့နောက် သူ့အား စစ်တပ်အရာရှိကြီးများ၏ အစဉ်အလာအတိုင်းစစ်အခမ်းအနားအပြည့်အစုံနှင့် သင်္ဂြိုလ် လိုက်ကြ လေသည်။

--------------
ခရစ္စမတ်ပွဲတော်နေ့ (ဒီဇင်ဘာ ၂၅ ရက်)နံနက် ဆယ်နာရီအချိန်တွင် ဂျာမနီပြည် ဘာလင်မြို့၌ အနောက်အုပ်စုနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့နှင့် ရုရှထောက်လှမ်းရေးအဖွဲ့တို့က အကျဉ်းသားချင်း အလဲအလှယ်ပြုလုပ်ကြရာ မဟာမိတ် (အနောက်အုပ်စု)ဘက်မှ လွှတ်ပေးလိုက်သော အကျဉ်းသားမှာ ဗိုလ်မှူးကြီးဘူခါရင်ဖြစ်လေသည်။
သူသည် အမေရိကန် စစ်တပ်မှ ထုတ်ပေးသော ကုတ်အင်္ကျီရှည်ကြီးကို ၀တ်ကာ အရှေ့ဘာလင်မြို့ နယ်စပ်ကို ဖြတ်ကျော်၍ လျှောက်သွားလေသည်။

အလယ်ကောင်တွင် သူတို့နှစ်ဦး ဆုံမိကြရာ ဘူခါရင်သည် စိတ်ထဲမှ -
" အင်း  ... လူတစ်ယောက်ရဲ့ အသက်ကို နောက်လူတစ်ယောက်ရဲ့ အသက်နဲ့ လဲလိုက်ရတာပဲလား" ဟု ဆင်ခြင်အောက်မေ့မိလေသည်။
တစ်ဖက် (အရှေ့ဘာလင်)သို့ ရောက်သွားသောအခါ အနက်ရောင် ဆီဒင်ကားတစ်စီးက ဘူခါရင်အတွက် အသင့်စောင့်နေလေသည်။
ထိုကားတွင် လူနှစ်ယောက်ပါလာပြီး တစ်ယောက်က ဘူခါရင်ကို မြင်လျှင် ကားပေါ်မှ ဆင်းလိုက်သည်။ သူ၏ ၀တ်စားဆင်ယင်ထားပုံအရ ကေဂျီဘီခေါ် ရုရှထောက်လှမ်းရေးအဖွဲ့မှဖြစ်ကြောင်း သိသာထင်ရှား နေပေသည်။

" ခင်ဗျား ဘူခါရင်ဆိုတာ မဟုတ်လား "
ထိုလူက မေးလိုက်ပုံမှာ ဘူခါရင်အား ပြစ်တင်ရှုတ်ချသောဟန်မျိုး ဖြစ်နေလေသည်။
ဘူခါရင်က ခေါင်းညိတ်ပြလိုက်သောအခါ ကေဂျီဘီ ထောက်လှမ်းရေးအရာရှိက မော်တော်ကားပေါ်တက်ရန် ညွှန်ကြားလိုက်သည်။
မော်တော်ကားသည် လျင်မြန်စွာ မောင်းထွက်သွားရာ ဘူခါရင်လည်း ကား၏ထိုင်ခုံတွင် မှီရင်း မျက်လုံး မှိတ်ထားလေသည်။
နေရပ်ဌာနီ ရုရှပြည်သို့ ပြန်ရောက်သွားသည့်အခါ သူ၏ လုပ်ငန်းတာဝန်(မစ်ရှင်) မအောင်မြင်ဘဲ အရေးနိမ့်ခဲ့ခြင်းအတွက် ရင်ဆိုင်ခံစားရမည့် အရေးကို တွေးမိရင် စိတ်မချမ်းမသာဖြစ်လျက် မျက်စိ မှိတ်ထားလိုက်ခြင်းပင်ဖြစ်လေသည်။

---------------------
နယူးယောက် မြို့ ကမ္ဘာဏ် ဌာနချုပ်ရှိ သီးသန့်ထမင်းစားခန်းမကြီးတွင် ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီက ဂုဏ်ပြု နေ့လယ်စာ စားပွဲတစ်ရပ် တည်ခင်းဧည့်ခံလေသည်။
ဂုဏ်ပြုဧည့်ခံခြင်း ခံရသူတို့ကား ခရိတ်၊ တွန်ဂါတာ၊ ဆယ်လီနှင့် ဆာရာတို့ပင် ဖြစ်ကြသည်။
ဆယ်လီနှင့် ဆာရာ မိန်းကလေးနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ ငါးလခန့် ရှိသွားပြီ ဖြစ်ရာ ယခု နေ့လယ်စာ စားပွဲမှ ဆုံမိကြသဖြင့် နှစ်ယောက်သား ညီအစ်မရင်းပမာ ဖက်လဲ တကင်း နှုတ်ဆက် ကြလေသည်။

တွန်ဂါတာနှင့် ခရိတ်တို့ကတော့ ခပ်တည်တည်၊ ခပ်မှန်မှန်ပင် နေကြသည်။ သို့သော် တွန်ဂါတာ သည် ငယ်စဉ် က ခေါ်သည့် မာတာဘယ်လီနာမည် ပူဖိုးဟုပင် ခေါ်လေသည်။
" သူငယ်ချင်း ပူဖိုး၊ ကျုပ်တော့ အလွန်အားနာမိတယ်။ ငါးလဆိုတော့ အချိန်က အတော်ကြာသွားတယ် "

" အားနာစရာ မလိုပါဘူး သူငယ်ချင်းရယ်။ ကျုပ်က နားလည်မှုရှိပါတယ်။ သူငယ်ချင်းကို သူတို့က အလုပ် မအားလပ် နိုင်အောင် အလုပ်တွေ ပေးထားတာလည်း သိပါတယ်။ ကျုပ်ကိုယ်တိုင်ကလည်း ဒီ အတော အတွင်း သိပ်အလုပ်များနေခဲ့တာပါပဲ။ ကျုပ် သူငယ်ချင်းကို နောက်ဆုံး တွေ့ခဲ့ရတာကတော့ ၀ါရှင်တန်မြို့တော်မှာ "
" ဟုတ်ပါတယ်၊ ကျုပ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြောဆိုခဲ့ရတာကိုက တစ်လ နီးပါး ကြာတယ်ဗျ။ ပြီးတော့ ဒီနယူးယောက်မြို့မှာလည်း ဇင်ဘာဘွေ သံအမတ်ကြီးနဲ့လည်း တွေ့ဆုံ စကား ပြောရ သေးတယ်။ ကမ္ဘာ့ဘဏ်က လူကြီးတွေနဲ့လည်း ပြောပြစရာတွေတော့ အများကြီးပဲ သူငယ်ချင်း။ ဘယ်က စပြောရမှန်းတောင် မသိဘူး "
ဤတွင် ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီက စပြောလေသည်။

" ဒါဖြင့် ကျုပ်ကပဲ အစဖော်ပါရစေ။ ၀န်ကြီး တွန်ဂါတာက ဇင်ဘာဘွေအစိုးရဆီက ဘယ်လို အခွင့်အရေး တွေ ရယူခဲ့တယ်ဆိုတာ ခရိတ်သိအောင် အဲဒါက စပြီး ပြောလိုက်ပါလား "
ထိုအကြံပေးချက် ကို တွန်ဂါတာကလည်း သဘောတူလက်ခံလေသည်။

" ဟုတ်တယ်ဗျို့၊ ကောင်းသားပဲ။ ကဲ ... ပထမဆုံး ပြောချင်တာကတော့ ကျုပ်ကို တရားရုံးက မှောင်ခိုတိရစ္ဆာန် တွေ ခိုးသတ်မှုနဲ့ စွဲချက်တင်ပြီး ပြစ်ဒဏ်စီရင်ချမှတ်ခဲ့တာကို လုံးဝ ပလပ်လိုက်ပြီ"
" ဟာ ...  ဒါကတော့ သူတို့အနေနဲ့ သူငယ်ချင်းကို လုပ်ပေးရတာ အသေးအဖွဲ့ ကိစ္စတစ်ခုပဲ "
ခရိတ် က ၀င်ပြောလိုက်ရာ တွန်ဂါတာက ပြုံးလိုက်သည်။

" ဟုတ်ပါတယ်၊ ဒါက ပဏာမသဘောသာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူငယ်ချင်းက ဖွန်ဂါဘီရာကို လက်မှတ် ရေးထိုးပေးခဲ့တဲ့ ဖြောင့်ဆိုချက်ဟာ မတရားနှိပ်စက် အကျပ်ကိုင် ရယူခဲ့တာမို့ တရားမ၀င်ဘူးလို့ ပယ်ဖျက် လိုက်တယ်။ သူငယ်ချင်းကို ဇင်ဘာဘွေ နိုင်ငံတော်ရဲ့ ရန်သူသစ္စာဖောက်လို့ သတ်မှတ် ကြေညာ ခဲ့တာ ရော၊ နောက်ပြီး ရိုလင်ကုမ္ပဏီ အစုရှယ်ယာတွေကို ဖွန်ဂါဘီရာလက်ကို လွှဲပြောင်းပေးတာတွေရော အားလုံး တရားမ၀င်ဘူးလို့ ပယ်ဖျက်လိုက်ပြီ။ ကင်းလင်းမွေးမြူရေးခြံကြီးနဲ့ ဇမ်ဘေဇီမြစ်ရေ တိုးရစ်စခန်း ကြီးတို့ကို လည်း သူငယ်ချင်းနာမည်နဲ့ ပြန်လွှဲပြောင်းပေးထားလိုက်ပြီ "
ခရိတ် က အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေစဉ် တွန်ဂါတာကပင် ဆက်ပြောလေသည်။

" ဇင်ဘာဘွေနိုင်ငံတော် ၀န်ကြီးချုပ်ကိုယ်တိုင်က ကျုပ်တို့ ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ အကြမ်းဖက်မှု အားလုံး ဟာ မိမိကိုယ်ကိုယ် ကာကွယ်ခုခံတဲ့အနေနဲ့ လုပ်ခဲ့ရတာမို့ ပြစ်မှုဆိုင်ရာ ဥပဒေ ကျူးလွန်ရာမရောက်ဘူးလို့ လက်ခံ လိုက်ပြီဖြစ်တယ်။ အဲဒီထဲမှာ သူငယ်ချင်းတို့နောက် လိုက်တိုက်တဲ့ တတိယတပ်မဟာက တပ်သား တွေ ကို တိုက်ခိုက်သတ်ခဲ့တာတွေရယ်၊ ဆူပါဖရီလွန် ရဟတ်ယာဉ်ကို လုယူ မောင်းပြေးတာတွေလည်း အကျုံးဝင် တယ်လေ။ ဒါကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင်က သူငယ်ချင်းတို့အတွက် လုံးဝ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကိုတောင် လက်မှတ်ထိုးလိုက်ပြီ"
ခရိတ် က ဘာမှမပြောဘဲ ဆိတ်ဆိတ်နေ၍ နားထောင်နေရာ တွန်ဂါတာကပင် စကားဆက်ပြန်သည်။

" နောက် သတင်းတစ်ခု ပြောရဦးမယ်။ တတိယ တပ်မဟာကို ကျုပ်တို့ မာတာဘယ်လီ လူမျိုးတွေနေထိုင်တဲ့ ဒေသ က လုံးဝ ရုပ်သိမ်းလိုက်ပြီ။ အဲဒီတပ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး စစ်သည်တွေကို တခြားတပ်ဖွဲ့ တွေမှာ ဖြန့်ပြီး ထည့်သွင်းထားလိုက်တယ်။ ဒါတင် မကသေးဘူး၊ မာတာဘယ်လီ နယ်မြေအတွင်းကို ပြင်ပ က လေ့လာသူတွေ သွားရောက်လေ့လာခွင့် ပိတ်ထားတာကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီ"
" ဟုတ်လား၊ ဒါက အလွန်ကောင်းတဲ့ မင်္ဂလာသတင်းပဲ "

" ဟုတ်တယ်လေ၊ ကျုပ်အနေနဲ့ နောက်ထပ် ပြောစရာတွေ အများကြီး ကျန်သေးတယ်ဗျ။ ကျုပ်ကို စောစော က ဇင်ဘာဘွေနိုင်ငံသား အဖြစ်က ရပ်စဲထားတာကို ပြန်ပေးတဲ့အပြင် ကျုပ်ရဲ့ နိုင်ငံကူးလက်မှတ်ကိုပါ အခု ပြန်ရပြီ။ ကျုပ်က ဒီကနေပြီး ဇင်ဘာဘွေနိုင်ငံ ကို လွတ်လပ်စွာ ပြန်ခွင့်လည်း ရတဲ့အပြင် ရှေ့လျှောက် ကျုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဘယ်လိုမှ နောက်တွန့်ဟန့်တားခြင်း မပြုစေရ ပါဘူးလို့ အာမခံချက်ပါ ပေးတယ်။

ဇင်ဘာဘွေ အစိုးရက မာတာဘယ်လီ တိုင်းရင်းသားတွေနေတဲ့ နယ်မြေကို ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ပေးဖို့တောင် စဉ်းစားနေပြီ။ ဒီ အတောအတွင်း ကျုပ်က လက်နက်ကိုင် တော်လှန် နေတဲ့ ပြောက်ကျားတွေကို အလင်းပြန်ဝင်ပြီး တရား ဥပဒေဘောင်အတွင်းက အခွင့်အရေးတွေ တောင်းဆို ကြဖို့ စည်းရုံးဖျောင်းဖျပေးရမယ်။ အလင်းဝင်လာတဲ့ ကျုပ်တို့ ရဲဘော်တွေ အားလုံးကိုလည်း လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစိုးရက ကတိဝန်ခံချက် ပေးတယ် "

" ဒါဖြင့် ဟန်တာပေါ့။ သူငယ်ချင်းကိုယ်တိုင်က ဒါမျိုးတွေဖြစ်အောင် ကြိုးစားနေခဲ့တယ် မဟုတ်လား။ ကျုပ် ဖြင့် ၀မ်းသာအားရဖြစ်ပြီး သူငယ်ချင်းကို ကွန်ဂရက်ကျူလေးရှင်းလို့ ချီးကျူးချင်ပါတယ် "
ခရိတ် က တကယ်ပင် ၀မ်းသာအားရ ပြောလိုက်သည်။
" ဒါပေမဲ့ ကျုပ်ကို သူငယ်ချင်းကပါ ကူညီမှ ဖြစ်မယ် "
တွန်ဂါတာ က ပြောရင်း ကမ္ဘာ့ဘဏ် ဒုဥက္ကဌ ဟင်နရီဘက်သို့ လှည့်၍ -
" ဒီမယ် ကျုပ်သူငယ်ချင်းကို လိုဘင်ဝူလာရဲ့ မီးလျှံကိစ္စအကြောင်း ပြောပြလိုက်ရမလား "ဟု မေးလိုက် သည်။

" နေပါဦး၊ နောက်တော့ပြောတာပေါ့၊ လောလောဆယ် ကျုပ်တို့အားလုံး နေ့လယ်စာ အရင် စားလိုက် ကြရအောင် "
ဟင်နရီက ပြောရင်း ခရိတ်နှင့် တွန်ဂါတာနှစ်ဦးစလု့း၏ လက်ကို ဆွဲကိုင်ကာ ကပ်လျက် အခန်းဖြစ်သော ထမင်းစား ခန်းမကြီးသို့ ခေါ်သွားလေသည်။
ထမင်း စားခန်းမကြီးမှာ အလွန်ထည်ဝါ ခမ်းနားပြီး ပရိဘောဂပစ္စည်း အသုံးအဆောင်များကအစ အထူးပင် သားနား သပ်ရပ် လှပေသည်။
ဟင်နရီ သည် အိမ်ရှင်အဖြစ် စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်ပြီး ခရိတ်အား ပြုံးလျက် -
" ကိုင်း ... ယမကာကိုတော့ စိတ်ကြိုက်သာရွေးပေတော့ " ဟု ဆိုကာ ယမကာအရက်မျိုးစုံပါရှိသည့် စာရင်းကတ်ပြား ကို လှမ်းပေးလိုက်သည်။

" ကျုပ်အနေနဲ့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး နံပါတ်တစ် ဘက်ဆယ်လာစာရင်းဝင် စာရေးဆရာကြီး တစ်ယောက် ကို ဂုဏ်ပြုဧည့်ခံဖို့ဆိုတာက လွယ်တာမဟုတ်ဘူးဗျ။ ဒီလို အခွင့်အရေးမျိုးရဖို့ အင်မတန် ခဲယဉ်း တယ်။ ဟဲ ... ဟဲ ... ဟဲ ... "
ဟင်နရီက ရယ်သွမ်းသွေးကာ ပြောလိုက်ရာ ဆယ်လီကပါ ၀င်၍ ထောက်ခံလေသည်။

" ဟုတ်တယ်နော်၊ သိပ်ဝမ်းသာဖို့ကောင်းတာပဲ။ ခရိတ်ရဲ့ စာအုပ်ထွက်လို့ တစ်ပတ်အတွင်းမှာပဲ နယူး ရောက် တိုင်း(မ်) သတင်းစာကြီးက အရောင်းရ တွင်ကျယ်ဆုံး " ဘက်ဆယ်လာ " စာရင်းမှာ ထိပ်ဆုံးက ဖော်ပြ ထားတယ် "
" ရုပ်မြင်သံကြား အစီအစဉ်ကနေပြီး ထုတ်လွှင့်ဖို့ စကားကမ်းလှမ်းတာကော၊ ငွေကြေးကိစ္စတွေ ပြီးပြတ်ပြီ လား "
တွန်ဂါတာက မေးလိုက်ရာ ခရိတ်က -
" စကား ပြောဆိုတာတွေတော့ ပြီးပြတ်ပါပြီ။ စာချုပ်ကတော့ လက်မှတ်မထိုးရသေးဘူး" ဟုပြန်ပြောလိုက် သည်။

ဤတွင် ဟင်နရီက ထ၍ အရက်ခွက်ကို ကိုင်မြှောက်ကာ -
" ကျုပ်ရထားတဲ့ သတင်းအဆို ကတော့ ရုပ်မြင်သံကြား ကုမ္ပဏီက တစ်ရက်နှစ်ရက်အတွင်း ခရိတ်နဲ့ စာချုပ် ချုပ်မှာ သေချာပါတယ်။ ကိုင်း ... ဧည့်သည်တော်များ ခင်ဗျား စာရေးဆရာကြီး မစ္စတာခရိတ်ရဲ့ ထူးခြားစွာ အောင်မြင်တာ ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ယမကာကို သောက်ကြပါစို့ ခင်ဗျာ " ဟု ပြောရင်း ဖန်ခွက်ကို မော့သောက်ချ လိုက်ရာ ကျန်လူများကလည်း ဖန်ခွက်ကိုယ်စီကိုင်၍ သောက်ကြလေသည်။

အင်္ဂလိပ်ဘာသာဖြင့် " တို့စ်" ခေါ် ယမကာအရက်ခွက် ကိုင်မြှောက်၍ ဆုတောင်းခြင်း၊ ဂုဏ်ပြုခြင်းပြုရာ၌ ကာယကံရှင် က မသောက်ဘဲ နေရသည်ဖြစ်ရာ ခရိတ်ကမကျေမနပ်ဟန်ဖြင့် -
" နောက်ထပ် "တို့စ်" ဆုတောင်းတာ တစ်ခုလုပ်ပါဦး။ ကျုပ်ပါ ၀င်သောက်နိုင်မယ့်ဟာမျိုး လုပ်ပါ" ဟု ပြော ရာ ဟင်နရီက ပြုံး၍ ယမကာခွက်ကို ကိုင်မြှောက်လိုက်ပြန်သည်။
" ဧည့်သည်တော်များ ခင်ဗျား ယခုတစ်ကြိမ်မှာတော့ အလွန်ထူးခြားဆန်းကြယ်တဲ့ လိုဘင်ဂူလာရဲ့ မီးလျှံ ကြီး ကို ဂုဏ်ပြုရင်း သောက်ကြပါစို့ "
ဤတွင် အားလုံး ဖန်ခွက်ကိုယ်စီကိုင်မြှောက်ကာ သောက်ကြပြန်ရာ ဟင်နရီက တွန်ဂါတာဘက်သို့ လှည့်၍ -
" ကိုင်း ... ခင်ဗျားက လိုဘင်ဂူလာရဲ့ မီးလျှံကြီးအကြောင်း ပြောပြလိုက်ပေတော့" ဟု ပြောလေသည်။ သည်တော့ မှ တွန်ဂါတာက ပြုံး၍ ပြောပြလေသည်။

" ဘုရင် လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူကရခဲ့တဲ့ စိန်တွေကို မစ္စတာ ဟင်နရီက လုံခြုံစွာ ထိန်းသိမ်းထားဖို့နဲ့ စိန်တွေ ရဲ့ တန်ဖိုးကို ဖြတ်ကြည့်ဖို့ တာဝန်ယူခဲ့တယ်။ ကမ္ဘာ့စိန်အကဲဖြတ် ပါရဂူများရှိတဲ့ ဟယ်ရီဝင်စတန် ကုမ္ပဏီ က လူတွေကတော့ ခန့်မှန်းခြေတန်ဖိုး တွက်လို့ရပါပြီ"
" ဟုတ်လား၊ တန်ဖိုးဘယ်လောက် ဖြတ်သလဲတဲ့။ မြန်မြန် ပြောစမ်းပါရှင့် "
ဆယ်လီ က ၀င်ပြောလိုက်သည်။

" အားလုံးသိတဲ့အတိုင်း လောလောဆယ် အခြေအနေမှာ ကမ္ဘာ့စိန်ဈေးက ကျနေတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ဒေါ်လာခုနစ်သောင်း တန်တဲ့ တစ်လုံးဟာ အခုဆိုရင် နှစ်သောင်းလောက်ပဲရတယ် လ
" ဒါတွေ ပြောမနေစမ်းပါနဲ့၊ လိုဘင်ဂူလာရဲ့ စိန်တွေရဲ့ ခန့်မှန်းခြေ တန်ဖိုးကိုသာ မြန်မြန်ပြောစမ်းပါ "
" ကောင်းပြီ ပြောပြပါ့မယ်။ အခုလောလောဆယ် ပါရဂူတွေက တန်ဖိုးဖြတ်တဲ့ အတိုင်းဆိုရင် စိန်တွေရဲ့ တန်ဖိုး က အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ရာလောက်ရှိသတဲ့ "
" ဟင် ... ဒေါ်လာ သန်းခြောက်ရာတောင်လား "
အားလုံးက အံ့အားသင့်သလောက် ၀မ်းသာအားရ ဖြစ်သွားကြပြီးနောက် တွန်ဂါတာက ဆက်ပြော လေ သည်။

" ကျုပ်တို့ စောစောကတည်းက သဘောတူခဲ့ကြတဲ့အတိုင်း ဒီစိန်တွေကို ထိန်းသိမ်းဖို့ ဂေါပကအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးထားမှာ ဖြစ်ပါတယ်။ အဲဒီ ဂေါပကအဖွဲ့ထဲမှာ ခရိတ်က အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက် စေချင်ပါတယ် "
" ကျုပ် လက်ခံပါတယ် "
ခရိတ်က ပြောလိုက်ပြီးနောက် တွန်ဂါတာက ဆက်ပြောလေသည်။

" ခင်ဗျားတို့ကို အသိပေးလိုတာက စိန်ဆယ့်လေးလုံးကိုတော့ ရောင်းချလိုက်ပြီးဖြစ်တယ်။ ရောင်းချဖို့ ကျုပ် ကပဲ သဘောတူလိုက်တယ်။ ရောင်းရတဲ့ငွေက ဒေါ်လာငွေ သိန်းငါးဆယ်ဖြစ်ပါတယ်။ အဲဒီငွေ အားလုံး ကိုလည်း ကမ္ဘာ့ဘဏ်ကို လွှဲပြောင်းပေးလိုက်ပြီးဖြစ်တယ်။ ဒါက ကမ္ဘာ့ဘဏ်က ခရိတ်ချေးယူခဲ့တဲ့ ငွေကို အပြေအလည် ပေးဆပ်လိုက်တာပဲ"
တွန်ဂါတာက ပြောရင်းနှင့် အိတ်ထဲမှ စာအိတ်တစ်အိတ် ဆွဲထုတ်ပြီး ခရိတ်အားလှမ်းပေးရင်း -
" ဟောဒီမှာ ကမ္ဘာ့ဘဏ်က ငွေပြေရရှိကြောင်း ပြေစာ။ ဒါဟာ လိုဘင်ဂူလာရဲ့ မီးလျှံလို့ခေါ်တဲ့ စိန်တွေထဲက သူငယ်ချင်း ရဲ့ အစုရှယ်ယာပဲ။ အခုအချိန်ကစပြီး သူငယ်ချင်းမှာ ကြွေးမြီလုံးဝမရှိတဲ့အပြင် ကင်းလင်း မွေးမြူရေးခြံကြီး နဲ့ တကွ ဇမ်ဘေဇီမြစ်ရေများတိုးရစ်စခန်းကြီးတို့ဟာလည်း သူငယ်ချင်းကိုယ်ပိုင် ဖြစ်နေပြီ။ ကျုပ် တစ်ခုတော့ သူငယ်ချင်း ပူဖိုးဆီက တောင်းချင်ပါတယ် "

" တောင်းချင်တာ တောင်းစမ်းပါဗျာ "
ခရိတ်က ပြောလိုက်သည်။
" သူငယ်ချင်းကို အာဖရိကတိုက် ပြန်လာစေချင်ပါတယ်။ ကျုပ်တို့ အာဖရိကတိုက်က တိုင်းရင်းသားတွေ ဖွံ့ဖြိုး တိုးတက် ဖို့ ကြိုးပမ်းရာမှာ သူငယ်ချင်းတို့လို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်နေတယ်။

ခင်ဗျားရော ကျုပ်ရော အလွန်ချစ်မြတ်နိုးတဲ့ အာဖရိကတိုက်ကြီးဟာ နောက်ထပ် အမှောင်ထုကြီးထဲ ပြန်ရောက် သွားနိုင် တဲ့ အန္တရာယ်တွေ၊ ပယောဂတွေ၊ ရှိနေတယ်ဆိုတာလည်း သူငယ်ချင်းအသိဆုံးပဲ "
ဤတွင် ခရိတ်က ဆယ်လီဘက်သို့လှည့်၍
" ဟေ့ ... ဆယ်လီ မင်းကပဲ ပြန်ဖြေလိုက်စမ်းပါ " ဟု ပြောလိုက်သည်။
ဆယ်လီကလည်း တွန်ဂါတာအား လှမ်း၍ -
" စိတ်ချပါရှင့်၊ ကျွန်မတို့က ရှင်နဲ့အတူ တစ်ပါတည်း လိုက်ခဲ့ကြမှာပါ။ ကျွန်မတို့ ကတိပေးပါတယ်" ဟု ပြန် ဖြေလိုက်သည်။

------------------------------
ခရိတ်အနေဖြင့် အလွန်သံယောဇဉ် ကြီးမားသော ချစ်မြတ်နိုးသောအာဖရိကတိုက်သို့ ပြန်ရောက် လာပြန် လေပြီ။
ဆယ်လီနှင့် ခရိတ်တို့သည် လင့်ရိုဗာကားနှင့် ကင်းလင်းမွေးမြူရေးခြံသို့ မောင်းသွားကြလေသည်။
ညနေစောင်း အချိန်ဖြစ်၍ နေရောင်တွင် တောတောင်ရေမြေ သဘာဝရှုခင်းတို့သည် ရွှေရောင် တောက်နေ သည် ဟု ထင်ရလေသည်။
မွေးမြူရေးခြံကြီး၏ အပြင်ဘက် မြက်ခင်းပြင်တွင် သူတို့၏ တပည့်များ တိုင်းရင်းသား လုပ်သားကြီးများက စုဝေး ၍ ခရီးဦးကြို ပြုနေကြလေသည်။

ခရိတ်သည် အဘိုးကြီး ရှာဒရပ်အား ဖက်လဲတကင်း နှုတ်ဆက်လိုက်ပြီးနောက် အဘိုးကြီး၏ လက်တစ်ဖက် ပြတ်နေသည် ကို မြင်လျှင် စိတ်မကောင်း ဖြစ်မိလေသည်။
သို့သော် အဘိုးကြီးက ပြုံးလျက် -
" ဘာမှ မစိုးရိမ်ပါနဲ့၊ ကျုပ်က လက်တစ်ဖက်တည်းနဲ့ ဟိုတိရစ္ဆာန်ကောင်တွေ လက်နှစ်ဖက် လုပ်တာထက် ပိုညပီး အလုပ်လုပ်နိုင်ပါတယ် "ဟု ပြန်ပြောလေသည်။
" ဒီလို လုပ်ကြရအောင်ဗျာ၊ ကျွန်တော်က ခင်ဗျားကို လက်တစ်ဖက် ငှားမယ်၊ ခင်ဗျားကလည်း ကျုပ်ကို ခြေ ထောက်တစ်ဖက် ငှားပေါ့။ ဟဲ ... ဟဲ ... "
ခရိတ် က ရယ်စရာပြောလိုက်ရာ အားလုံးက ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။

စားဖိုမှူးကြီး ဂျိုးဇက်သည် အထူးပျော်ရွှင် နေပုံရလေသည်။
" အခုမှပဲ ကျုပ်တို့ ကင်းလင်းခြံကြီးမှာ သခင်မ ကောင်းတစ်ယောက်အပိုင်ရောက်ရှိလာတော့တယ်။ ဟဲ ... ဟဲ ... "

------------------
ခရိတ်နှင့် ဆယ်လီတို့သည် လှေကားထိပ်တွင် တစ်ယောက်လက်ကို တစ်ယောက် တွဲလျက် ရပ်နေကြစဉ် မာတာဘယ်လီ တိုင်းရင်းသားတို့က သူတို့အား ခရီးဦးကြိုပြုသည့် ဂုဏ်ပြုတေးများကို မာတာဘယ်လီ ဘာသာ ဖြင့် သီဆိုဂုဏ်ပြုကြသည်ကို နားထောင်ရင်း ကြည်နူးပီတိ ဖြစ်နေကြလေသည်။
တိုင်းရင်းသား တေးသီချင်းများ သီဆိုတီးမှုတ်၍လည်း ဖျော်ဖြေကြရာ အမျိုးသမီးများက ပျော်ရွှင်စွာ ကခုန် နေကြစဉ် ခရိတ်သည် အလွန် စိတ်နှလုံး ကြည်လင်မိရာမှ ချစ်သူ ဆယ်လီအား ယုယစွာ နမ်းလိုက်လေ သည်။
----------------------

ပြီးပါပြီ
.

7 comments:

သိင်္ဂါကျော် said...

ဒီနာမည်ကို မဖတ်ရသေးဘူးလို့ ထင်နေတာ.. ပြီးမှ အစအဆုံး ဖတ်မလို့.. ခု ဇာတ်သိမ်း ဖတ်လိုက်တာ ဖတ်ပြီးမှန်း သိသွားတယ်.. တက္ကသိုလ်နေဝင်း ပြန်တာတော့ မဟုတ်ဘူး.. ဘယ်သူလဲ မသိဘူး...နောက်တစ်ယောက်ပြန်တာ..။
ဒီဝတ္တု ကို ကြိုက်လို့ နှစ်ခေါက်လောက်တောင် ပြန်ဖတ်ထားတာ...။

Anonymous said...

Very interesting book. Glad for the good result of the end.

Thank you very much MSZ,MSSS and those who typed this book.

Ray

လသာည said...

လှလိုက်တဲ့ ဇာတ်သိမ်းခန်းလေး...။
အင်တာနက်အခက်အခဲကြားကနေ ဒီလောက်ရှည်တဲ့ ဘာသာပြန်ဝတ္တုကြီးကို ရိုက်တင်ပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်...လို့။ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ၀တ္တုပါ။

ဇွန်မ said...

အမရေ ဇာတ်သိမ်းပိုင်းလေးတောင် ရောက်မှန်းမသိ ရောက်သွားပြီ။ ဖတ်ရတာ စိတ်ကြည်နူးမိပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။

Anonymous said...

Thank you

Anonymous said...

I would like to request for Mg Tun Thu's
"ဒေါသမာန်" if you can sis, please.

Anonymous said...

အထောက်တော်လှအောင်ရေးတာတော့ဖတ်ဖူးတယ် တက္ကသိုလ်နေဝင်းလဲကောင်းပါတယ်
တက္ကသိုလ်နေဝင်းဆိုတာအခုရှိသေးလား ကွယ်လွန်ပြီလား