Monday, November 8, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄၅) အဆက် (၂)

" ဟင် ... အာဏာရူး၊ ခွေးရူး "
ပါးစပ်မှ ရေရွတ်ရင်း တွန်ဂါတာသည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ ဦးခေါင်းပိုင်းကို ရဟတ်ယာဉ်၏ အပြင်ဘက်သို့ တွန်းထုတ် ထားလိုက်သည်။ ရဟတ်ယာဉ် ပျံသန်းနေရင်း မြေပြင်သို့ ပစ်ချလိုက်ရန် ပြင်ဆင် ထားလိုက်ခြင်း ပင် ဖြစ်သည်။

တကယ်ပင် ရဟတ်ယာဉ်ပေါ်မှ တွန်းချတော့မည် လုပ်နေသဖြင့် ခရိတ်သည် အူဇီသေနတ်ကို ဆာရာအား လှမ်းပစ် ပေးလိုက်ပြီး လျင်မြန်စွာ တွန်ဂါတာအနီးသို့ ပြေးသွားလိုက်သည်။
ထိုအချိန် ၌ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ရဟတ်ယာဉ်အပြင်ဘက်သို့ လုံးလုံးရောက်နေပြီး တွန်ဂါတာက ချည်နှောင် ထားသော သားရေကြိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထား၍သာ တွဲလောင်းဖြစ်နေလေပြီ။
ပေနှစ်ထောင် မြင့်သော ကောင်းကင်မှ မြေပြင်သို့ လွတ်ကျတော့မည့်ဆဲဆဲ ဖြစ်နေသည်။

" သူငယ်ချင်း တွန်ဂါတာ၊ နေပါဦး သူငယ်ချင်း "
ခရိတ်က အရေးတကြီး လှမ်းအော်ပြောလိုက်သော်လည်း တွန်ဂါတာကမူ ဖွန်ဂါဘီရာအား စက်ဆုပ်ရွံရှာ ဟန်ဖြင့် ကြည့်ရင်း -
" အာဏာရူး သစ္စာဖောက် အသေဆိုးနဲ့ သေပေတော့ " ဟု ပြောနေရာ ဖွန်ဂါဘီရာ၏ မျက်လုံးများသည် မကြုံစဖူး လွန်ကဲစွာဖြင့် အကြီးအကျယ် တုန်လှုပ်ချောက်ချားသည့်အသွင် ဆောင်နေလေသည်။
သူသည် တစ်စုံတစ်ခု ပြောလိုက်လိုဟန်ဖြင့် ပါးစပ်ကို ဟလိုက်သော်လည်း ဘာသံမှ ထွက်မလာချေ။
ဤတွင် ခရိတ် ဟစ်အော်သတိပေးလိုက်လေသည်။

" သူငယ်ချင်း တွန်ဂါတာ နေပါဦးဗျ။ ဒီလူကို မသတ်လိုက်ပါနဲ့။ သူ အသက်ထင်ရှားရှိနေမှသာ ကျုပ်တို့အပါ အ၀င် သူငယ်ချင်းတို့အားလုံးအပေါ် အထင်အမြင်များနေတာတွေကို ရှင်းလင်းလို့ရမယ် မဟုတ်လား။ ဖွန်ဂါဘီရာ ကသာ အရေးကြီးဆုံးသက်သေ ဖြစ်နေတယ်။ အခု သူ့ကို သတ်လိုက်ရင် သူငယ်ချင်းအနေနဲ့ ဇင်ဘာဘွေ နိုင်ငံမှာ တစ်သက်လုံး နေလို့ရတော့မှာ မဟုတ်ဘူး "
တွန်ဂါတာ သည် ခရိတ်ဘက်သို့ ခေတ္တလှည့်ကြည့်လိုက်သည်။

" ဟုတ်တယ် သူငယ်ချင်း၊ ကျုပ်တို့ ခင်ဗျားတို့ကို တိုင်းပြည်က အထင်မှားနေတာပြေလည်အောင် ဖြေရှင်းပေး နိုင်တာ က ဖွန်ဂါဘီရာ တစ်ယောက်တည်းပဲရှိတယ် "
ခရိတ် က ထပ်ပြီး ပြောလိုက်မှ တွန်ဂါတာ၏ မျက်နှာမှ ဒေါသရိပ်အနည်းငယ် ပြေပျောက်စ ပြုလာ တော့သည်။
" သူငယ်ချင်း ပူဖိုး၊ ကျုပ်ကို ကူစမ်းပါဦး "

တွန်ဂါတာက ဤသို့ ပြောလိုက်ခြင်းမှာ သူသည် ရဟတ်ယာဉ်တံခါးပေါင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့်သာ ဖွန်ဂါဘီရာအား ဆွဲထားရသဖြင့် သူတစ်ယောက်တည်း ပြန်ဆွဲတင်ရန် မတတ် နိုင်သော ကြောင့်ပင်ဖြစ်လေသည်။
ခရိတ်လည်း ချက်ချင်းပင် တွန်ဂါတာအား ကူညီ၍ ဖွန်ဂါဘီရာအား ရဟတ်ယာဉ်ပေါ်သို့ ပြန်ဆွဲတင်လိုက် သည်။
ထို့နောက် ရဟတ်ယာဉ်၏ တစ်နေရာတွင် ပစ်ချထားလိုက်သည်။

သည်တော့မှ ခရိတ်လည်း လေယာဉ်ဦးပိုင်းသို့ ပြန်သွားကာ တွဲဖက်လေယာဉ်မှူးထိုင်ခုံတွင် ၀င်ထိုင်လိုက် သည်။
" ဘာတွေ ဖြစ်နေတာလဲရှင့် "
ဆယ်လီ က ရဟတ်ယာဉ်မောင်းနေရာမှ မေးလိုက်ရာ ခရိတ်က -
" ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူးကွာ။ တွန်ဂါတာက ဖွန်ဂါဘီရာကို သတ်ပစ်တော့မယ့်ဆဲဆဲ ငါက အချိန်မီ ၀င်တားဆီးလိုက်ရတယ် "ဟု ပြောလိုက်သည်။

" သူ့ဘာသာသူ ဖွန်ဂါဘီရာကို သတ်ပစ်တာ ရှင်က ဘာကြောင့် ၀င်စွက်ချင်ရတာလဲ။ ကျွန်မ ကိုယ်တိုင် ကတောင် ဒီသတ္တ၀ါကို သတ်ပစ်ချင်တယ် လ
ဆယ်လိ၏ စကားကို ခရိတ်က လျစ်လျူရှုကာ -
" ဒီမယ် ဆယ်လိ၊ ဟာရာရေမြို့တော်က အမေရိကန်သံရုံးကို ရေဒီယိုနဲ့ ဆက်သွယ်လို့ ရမလား" ဟု မေးလိုက် သည်။
ဆယ်လီသည် ခေတ္တစဉ်းစားနေပြီးနောက် -
" ဒီရဟတ်ယာဉ် ပေါ်က ဆက်သွယ်လို့တော့ ရမှာမဟုတ်ဘူးရှင့် " ဟုပြန်ပြောလိုက်သည်။

" မင်းရဲ့ စက်ဆနာလေယာဉ် မှတ်ပုံတင်နံပါတ်ကို ပေးလိုက်ပါ။ အဲဒီလေယာဉ်ပျောက်ဆုံးနေတာကို ဘယ်သူ ကမှ သတင်းပို့ထားမယ် မထင်ဘူး "
" ဒီလိုဆိုရင် ကျွန်မက ဂျိုဟာနစ္စဘတ်မြို့ကမှတစ်ဆင့် ဆက်သွယ်ရလိမ့်မယ်။ သူတို့ဆီကမှသာ အလှမ်း ဝေးဝေး ရေဒီယို ဆက်သွယ်လို့ ရမယ် "
" အိုကွာ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငါ အမေရိကန်သံရုံးက " မော်ဂင်" ဆိုတဲ့လူနဲ့ အမြန်ဆက်သွယ်ချင်တာပဲ "
ခရိတ်က ပြောလိုက်ပြီးနောက် ဆယ်လီသည် ဂျိုဟာနစ္စဘတ်မြို့ (တောင်အာဖရိက) လေဆိပ်မျှော်စင်သို့ ရေဒီယိုဖြင့် ဆက်သွယ် ၍ စက်ဆနာလေယာဉ်၏ သင်္ကေတကိုပြောလိုက်သည်။ ယင်းသင်္ကေတမှာ " ကီလို ယန်ကီးအယ်ဖာ" ဟူ၍ ဖြစ်သည်။

မျှော်စင် မှ ယင်းသင်္ကေတကို လက်ခံပြီးနောက် ရေဒီယိုဖြင့် ပြန်၍ ဆက်သွယ်လေသည်။
" ဟဲလို ကီလိုယန်းကီးအယ်ဖာ သင်ရောက်ရှိနေသည့် နေရာကို သတင်းပို့ပါ"
" ဘော့ဆွာနာ နိုင်ငံ မြောက်ပိုင်းမှာ ရောက်ရှိနေပါတယ်။ အခု ဖရန်စစ္စတောင်းမြို့ဘက်ကို ဦးတည် ပျံသန်း နေပါတယ် "
" ဟာရာရေမြို့ဘက်မှာ ဆက်သွယ်စကားပြောချင်တဲ့ တယ်လီဖုန်းနံပါတ်က ဘယ်လောက်လဲ "
" ပုဂ္ဂိုလ်ရေးရာ တိုက်ရိုက်ဆက်သွယ် ပြောချင်ပါတယ်။ ပြောချင်သူက ဟာရာရေမြို့ အမေရိကန်သံရုံးက ယဉ်ကျေးမှုသံမှူး မစ္စတာမော်ဂင်ဆိုသူပါပဲ။ သူ့တယ်လီဖုန်း နံပါတ်ကိုလည်း မသိပါဘူး "
" ကောင်းပြီ ခဏစောင့်နေပါ။ ကြိုးစား ဆက်သွယ်ကြည့်ပါ့မယ် "

နောက်တစ်မိနစ်အတွင်း အမေရိကန်သံရုံးမှ ယဉ်ကျေးမှု သံအရာရှိ မော်ဂင်၏ အသံကို ရေဒီယို တယ်လီဖုန်း မှတစ်ဆင့် ကြားရလေသည်။
" ကျုပ် မော်ဂင် ပြောနေပါတယ်။ အခု စကားပြောနေတာ ဘယ်သူပါလဲ "
" ဟဲလို မောင်ဂင်၊ ကျုပ် ခရိတ်ပါ။ မှတ်မိရဲ့လား "
ခရိတ် က ပြန်ပြောလိုက်ရာ တစ်ဖက်မှ မော်ဂင်သည် အလွန်အံ့အားသင့်သွားလေသည်။

" ဟေ ... ခရိတ်လား၊ ခင်ဗျား ဘယ်ရောက်နေတာလဲ။ ကျုပ်တို့ ခင်ဗျားကို ဘယ်မျာမှ ဆက်သွယ်လို့ မရဘူး။ ဒါထက် ဆယ်လိတစ်ယောက်ရော ဘယ်ရောက်နေသလဲ"
" ဒီမယ် မော်ဂင်၊ ကျုပ်ပြောတာကို လေးလေးနက်နက် နားထောင်စမ်းပါ။ အလွန် အရေးကြီးပါတယ်။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ရုရှ ထောက်လှမ်းရေးက ဗိုလ်မှူးကြီးတစ်ယောက်ကို စစ်ဆေး မေးမြန်းခွင့် ရရင် သဘောမကျဘူးလား။ ပြီးတော့ အာဖရိကနိုင်ငံတွေမှာ သူတို့က ၀င်ရောက် သြဇာ လွှမ်းမိုးဖို့အတွက် စီမံချက် ရေးဆွဲထားတာ အပြည့်အစုံပါတဲ့ စာရွက်စာတမ်း အထောက်အထားတွေပါ ရရင်ရော မလိုချင် ဘူးလား "

ဤတွင် တစ်ဖက်မှ မော်ဂင်သည် ခေတ္တတိတ်ဆိတ်နေလိုက်ပြီးနောက် -
" ဟဲလို ခရိတ်၊ ခင်ဗျား ခဏလေးစောင့်ပါ။ ဆယ်စက္ကန့်လောက်ပဲ ကြာမယ် " ဟု ပြောလေသည်။
ခရိတ် သည် ဆယ်စက္ကန့်စောင့်နေရသည်ကိုပင် အလွန် ကြာလှသည်ဟု အောက်မေ့မိလေသည်။

ထို့နောက် တစ်ဖက်မှ မော်ဂင်က ဆက်သွယ်လာပြန်သည်။
" ဒီမယ် ခရိတ် နောက်ထပ် ဘာမှမပြောနဲ့တော့။ ခင်ဗျားနဲ့ ကျုပ်တို့ အမြန်ဆုံး ဆုံနိုင်မယ့်နေရာကိုသာ ပြောစမ်းပါ"
ခရိတ် လည်း မြေပုံကြည့်ပြီးနောက် နေရာတစ်ခုကို ပြောလိုက်သည်။

" အဲဒီနေရာမှာ အရေးပေါ် လေယာဉ်ကွင်းငယ်တစ်ခုရှိတယ်။ ကျုပ်တို့ အဲဒီကွင်းမှာဆင်းပြီး စောင့်နေမယ်။ ခင်ဗျားတို့လာရင် ကောင်းကင်က အလွယ်တကူ မြင်နိုင်အောင်လည်း အချက်ပြတဲ့အနေနဲ့ မီးပုံကြီး ဖို ထားမယ်။ ခင်ဗျားတို့ ဘယ်တော့လောက် ရောက်လာနိုင်မှာဘဲလေ" မနက်ဖြန် အရုဏ်တက်ချိန်လောက် ရောက်လာ လိမ့်မယ် "
" ကောင်းပြီ၊ ကျုပ်တို့ စောင့်နေပါ့မယ် "
ထိုမျှနှင့်ပင် စကားဖြတ်လိုက်ကြသည်။

----------------
သူတို့သည် ဇင်ဘာဘွေနှင့် ဘော့ဆွာနာနိုင်ငံ မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်လိုက်ကြပြီးနောက် ဆယ့်ခုနစ်မိနစ် တိတိအကြာတွင် သူတို့၏ လင့်ရိုဗာကားကို ကောင်းကင်မှ လှမ်းမြင်ရလေသည်။ လင့်ရိုဗာ သည် သူတို့ ထားပစ်ခဲ့သည့်နေရာတွင် ခြေရာလက်ရာမပျက် ရှိနေလေသည်။

ခရိတ်သည် မြေပြင်ဆီသို့ ငုံ့ကြည့်ရင်း လင့်ရိုဗာကားအနီး၌ လူတစ်ယောက်၊ နှစ်ယောက် သဏ္ဍာန်ကို ရေးရေးမျှ လှမ်းမြင်ရာ အလွန်အံ့အားသင့်သွားမိလေသည်။
" ဆာရာ ရဲ့ ရဲဘော်များကတော့ အခုအချိန်အထိ ကျုပ်တို့ လင့်ရိုဗာကားကို စောင့်ရှောက်နေကြတုန်းပဲ။ တကယ် ချီးကျူးစရာ ကောင်းတယ်၊ အရေးကြီးတာက ကျုပ်တို့က သူတို့ကို ကြိုတင်သတိပေးဖို့ လိုမယ်။ ဘာကြောင့်လဲဆိုတော့ ပြောက်ကျားရဲဘော်တွေက ရဟတ်ယာဉ်က အစိုးရအမှတ်အသားတံဆိပ်ကို မြင်တာ နဲ့ ရန်သူ အဖြစ် လှမ်းပစ်လိမ့်မယ် "

ခရိတ်က ပြောလိုက်ရာ ဆာရာလည်း သဘောပေါက်သဖြင့် သူတို့၏ ရဟတ်ယာဉ်ဆင်းသတ်ရန် မြေပြင်သို့ ချဉ်းကပ်သွားချိန်တွင် အသံချဲ့စက်ဖြင့် ဆာရာကိုယ်တိုင် ဟစ်အော် သတိပေးလိုက်သည်။
မာတာဘယ်လီစကားဖြင့် ပြောလိုက်ခြင်းဖြစ်၍ ပြောက်ကျားများလည်း ချက်ချင်း နားလည်ဟန်ဖြင့် သူတို့၏ ရိုင်ဖယ်သေနတ်များကို အောက်သို့ ပြန်စိုက်ထားလိုက်ကြသည်ကို ခရိတ်က လှမ်းမြင်လိုက်ရလေသည်။

လင့်ရိုဗာကားအနီးတွင် မာတာဘယ်လီ လူငယ်နှစ်ဦး ရှိနေသည်ကိုလည်း ထင်ရှားစွာ မြင်နေရပြီဖြစ်သည်။
ဂျိုနပ်စ်အမည်ရှိ လူငယ်သည် ထိုနေ့နံနက် တောလိုက်အမဲပစ်ရင်း သမင်ငယ်တစ်ကောင်ကို ရရှိခဲ့ရာ ညနေ ဘက်တွင် မီးပုံပွဲ (ညစာစားပွဲ)လုပ်၍ သမင်သားကင်နှင့် ပြောင်းဖူးမုန့်များကို မြိန်ရေရှက်ရေ စားသောက် ကြပြီး နောက် လင့်ရိုဗာကားကို တစ်လှည့်စီ စောင့်ကြရန် မဲနှိုက်ကြရာမှဤလူငယ်နှစ်ဦးက တာဝန်ကျ ခဲ့လေသည်။

------------------
ရဟတ်ယာဉ်ကို ချောမောစွာ ဆင်းလိုက်ပြီးနောက် ခရိတ်တို့သည် လင့်ရိုဗာကားဖြင့် မော်ဂင်နှင့် ချိန်းထား သော လေယာဉ် ကွင်းငယ် ရှိရာသို့ ဆက်သွားကြလေသည်။
နောက်တစ်နေ့နံနက် အရုဏ်မတက်မီအချိန်မှာပင် (မော်ဂင် ပြောခဲ့သည့်အတိုင်း) လေယာဉ်တစ်စင်း၏ " အင်ဂျင်စက်သံကို ကြားရလေတော့သည်။
ခရိတ်လည်း မြေပြင်မှ အခ်က်ပြသည့်အနေဖြင့် လေယာဉ်ပြေးလမ်းကြောင်း နှစ်ဖက်နှစ်ချက်၌ အသင့်ပြင် ဆင်ထားသော ထင်းပုံများကို မီးစတင်ရှို့ထားလိုက်သည်။
မကြာမီ တောင်စူးစူးဘက်မှ ပျံသန်းလာသော လေယာဉ်တစ်စင်းကို စတင်မြင်ကြရလေသည်။

လေယာဉ်က လော့ခ်ဟိအမျိုးအစား ကုန်တင်လေယာဉ်တစ်စင်းဖြစ်ပြီး အမေရိကန် လေတပ်မတော်၏ အမှတ်အသား တံဆိပ်များပါရှိရာ ဆယ်လီသည် ထိုလေယာဉ်ကို ချက်ချင်းပင် မှတ်မိလေသည်။
" အဲဒါ အမေရိကန် အာကာသလေ့လာရေးအဖွဲ့ (နာဆာ)ပိုင် လေယာဉ်ပဲရှင့်။ စကြာဝဠာကိုလွှတ်တဲ့ အာကာသယဉ်တွေ ခရီးစဉ်ကို အာဖရိကတိုက် ရှုထောင့်က လေ့လာဖို့ ဂျိုဟာနစ္စဘတ်မြို့မှာ တာဝန် ချထား တဲ့ အထူးလေယာဉ်ဖြစ်တယ်ဆိုတာလည်း ကျွန်မသိတယ် "
ဆယ်လီက ပြောလိုက်ရာ ခရိတ်ကလည်း ခေါင်းညိတ်လိုက်သည်။

" ဒီအတိုင်းဆိုရင် မော်ဂင်က ငါတို့ပြောတာကို တကယ် အလေးအနက် သဘောထားကြောင်း ထင်ရှား တယ်"
ထိုအချိန်မှာပင် လော့ခ်ဟိလေယာဉ်ကြီးသည် မြေပြင်သို့ ညင်သာစွာ ဆင်းသက်နေပြီဖြစ်သည်။
" ဒီလေယာဉ်ရဲ့ ထူးခြားချက်က လေယာဉ်ပြေးလမ်းကြောင်း အရှည်ကြီးမလိုဘဲ အလွယ်တကူ ဆင်းနိုင် တက်နိုင် တယ်ရှင့်။ အခု ရှင်တို့ ကြည့်ကြလေ "
ဆယ်လီ က ပြောလိုက်ချိန်တွင် လော့ခ်ဟိလေယာဉ်ကြီးသည် ဆယ်လီ၏ စက်ဆနာလေယာဉ်ငယ် လိုအပ် သည့်လေယာဉ်ပြေးလမ်းကြောင်း ပမာဏအတိုင်းပင် ချောမောစွာ ဆင်းသက်လိုက်လေသည်။
လေယာဉ် ရပ်၍ တံခါးပွင့်လာသည်နှင့် သံမှူး မော်ဂင်ခေါင်းဆောင်လျက် လူငါးယောက် လေယာဉ်ပေါ်မှ ဆင်းလာကြ လေသည်။

ခရိတ်တို့လည်း ဧည့်သည်များအား ခရီးဦးကြိုပြုရန် လေယာဉ်အနီးသို့ လျှောက်သွားကြလေသည်။ လူငါး ယောက် စလုံးမှာ အာဖရိကတိုက်၌ မျက်နှာဖြူများ ၀တ်လေ့ရှိသော အဖြူရောင် ၀တ်စုံများ ၀တ်ဆင် ထားကြပြီး သူတို့၏ လှုပ်ရှားသွားလာဟန်၍ အားကစားသမားများလို သွက်လက် ဖျတ်လတ် သူများဖြစ်ကြောင်းသိသာထင်ရှားနေလေသည်။
" ဟဲလို ဆယ်လီ၊ ဟဲလို ခရိတ် "

မော်ဂင်က ဟက်ဟက်ပက်ပက် လက်ဆွဲနှုတ်ဆက်ပြီးနောက် ခရိတ်က တွန်ဂါတာနှင့် မိတ်ဆက် ပေးသည် ကိုလည်း ဖော်ရွေစွာဖြင့် နှုတ်ဆက်လေသည်။
" ဟဲလို ၀န်ကြီး တွန်ဂါတာ၊ ကျွန်တော်က ၀န်ကြီးကို သိနေပါတယ်။ ဟောဒါက ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် တွေပါပဲ "
မော်ဂင်က သူနှင့်ပါလာသူများကို ညွှန်ပြရင်း ပြောလေသည်။ သို့သော် တစ်ဦးချင်း မိတ်ဆက်မပေးဘဲ -
" ခင်ဗျား တို့ ဖမ်းထားတဲ့ တရားခံတွေကကော " ဟု မေးလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် ရုရှဗိုလ်မှူးကြီး ဘူခါရင်တို့အား မာတာဘယ်လီ ပြောက်ကျားများ အစောင့် အရှောက် ဖြင့် ရှေ့သို့ ခေါ်ထုတ်လာသောအခါ မော်ဂင်သည် အလွန် အံ့အားသင့်သွားလေသည်။
" ဟာ ... ဗိုလ်ချုပ် ဖွန်ဂါဘီရာ ဖြစ်နေပါကလားဗျ။ ဒီမယ် ခရိတ် ခင်ဗျားရူးများနေသလား။ ဒီပုဂ္ဂိုလ်ကိုများ ခင်ဗျား က နိုင်ငံတော် သစ္စာဖောက်လို့ စွပ်စွဲ ပြီး ဖမ်းလာတာ ဟုတ်မှ ဟုတ်ရဲ့လား "
မော်ဂင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလျှင် ခရိတ်က အသင့်ရှိနေသော လက်ကိုင်သေတ္တာငယ်ကို လှမ်းပေး လိုက်သည်။
" အဲဒီက စာရွက်စာတမ်းတွေကို ဖတ်ကြည့်ပါဦး။ ပြီးတော့မှ ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပါ "

" ကောင်းပါပြီ၊ ခဏလေး စောင့်ကြည့်ပါဦး"
မော်ဂင်က ပြောလိုက်ပြီးနောက် အကျဉ်းသားနှစ်ဦးအား ပြောက်ကျားရဲ့ဘော် ဂျိုနပ်စ်နှင့် အာရွန်ဆိုသူတို့ စောင့်ရှောက် လျက် လေယာဉ်ရှိရာသို့ ခေါ်ထုတ်သွားရာ အမေရိကန်ငါးဦးတို့က လွှဲပြောင်း လက်ခံယူကြ လေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ လက်နှစ်ဖက်ကို ကြိုးဖြင့် တုပ်နျောင်ထားလျက်ပင် ရှိသေးသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အနည်းငယ် သေးငယ်သွားသည်ဟုပင် ထင်ရလောက်အောင် အကြီးအကျယ် စိတ်ဓာတ်ကျနေပုံ ရလေ သည်။

အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်လျက် လေယာဉ်ဆီသို့ လမ်းလျှောက်သွားစဉ် တွန်ဂါတာအနီးမှ ဖြတ်သွား ရချိန် တွင်လည်း ဖွန်ဂါဘီရာသည် ခေါင်းထောင်၍ မကြည့်ဘဲ ငုံ့၍သာ လျှောက်သွားလေသည်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကား မရှုမလှ အရေးနိမ့်ခြင်းကို ခန္ဓာကိုယ်နှင့်တကွ စိတ်ကပါ ပြင်းစွာ ခံစားနေ၇ဟန် တူလေ သည်။
တွန်ဂါတာကမူ နာကြည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို ချုပ်ထိန်းရန် ခက်နေပုံရသည်။ သူသည် ဖြတ်လျှောက် သွားသူ ဖွန်ဂါဘီရာ ၏ မျက်နှာကို ရုတ်တရက် ဖမ်းကိုင်လိုက်သည်။
သန်မာသော လက်တစ်ဖက်ဖြင့် ဖွန်ဂါဘီရာ၏ လည်ပင်းကို ခပ်ကြမ်းကြမ်းဖျစ်ညှစ်ကာ မျက်နှာကို မော့စေပြီး အလွန်ရှုတ်ချ စက်ဆုပ်ဟန်ဖြင့် မျက်နှာကို စေ့စေ့ကြည့်နေလိုက်သည်။
တစ်စုံ တစ်ခု လုပ်တော့မည်ဟု ထင်ရသော်လည်း တွန်ဂါတာသည် ဘာမျှ မလုပ်ဘဲ စိတ်ကို ထိန်းလိုက်ပြီး ဖွန်ဂါဘီရာ အား ခပ်ကြမ်းကြမ်း တွန်းပစ်လိုက်သည်။

ဖွန်ဂါဘီရာလည်း ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ လဲကျသွားတော့မလိုဖြစ်သွားရာ အမေရိကန်တစ်ဦးက ရုတ်တရက် ၀င်၍ ဖေးမတွဲထူလိုက်ရလေသည်။
တွန်ဂါတာသည် ဖွန်ဂါဘီရာအား အလွန်စက်ဆုပ် မုန်းတီးဟန်ဖြင့် ကြည့်နေရာမှ ခရိတ်ဘက်သို့ လှည့်လိုက်သည်။
" ကျုပ်ရဲ့ အတွေ့အကြုံအရ လူတကာကို နှိပ်စက်ညှဉ်းပန်းတဲ့ လူမှန်သမျှ တကယ်တော့ သူတို့ရဲ့အတွင်း နှလုံးသား ထဲမှာ သူရဲဘောကြောင်တဲ့စိတ်ဓာတ်ရှိကြတာချည်ပဲ။ သတ္တိ တကယ်ရှိတာမဟုတ်ဘူး။ ဒီမယ် ပူဖိုး ကျုပ်က ဖွန်ဂါဘီရာကို သတ်မယ်လုပ်တော့ သူငယ်ချင်းက ၀င်ဟန့်တားလိုက်တာ မှန်ကန်တယ်လို့ ဆိုရမယ်။ အခုလိုမှ သူဟာ တကယ်တရားမျှတတဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မယ်။ ကိုင်း ... ကျုပ် သူ့ မျက်နှာ ကို ကြာရှည် မကြည့်ချင်ဘူးဗျာ။ မြန်မြန်သာ ခေါ်သွားကြပေတော့ "

တွန်ဂါတာက ပြောလိုက်ပြီးနောက် ဖွန်ဂါဘီရာနှင့် ဘူခါရင်တို့အား လော့ခ်ဟိလေယာဉ်ပေါ်သို့ ခေါ်ယူသွား ကြလေသည်။
တွန်ဂါတာတို့လည်း လင့်ရိုဗာကား၏ အရိပ်တွင် စောင့်နေကြလေသည်။ မော်ဂင်နှင့် သူ၏အဖော် အမေရိကန် လူမျိုးတစ်စုကတော့ အလုပ်များနေကြပုံရလေသည်။
" သူတို့က ၀ါရှင်တန်မြို့တော်က အာဏာပိုင်တွေနဲ့ ဆက်သွယ်သတင်းပို့နေကြပုံရတယ်။ ဆက်သွယ်ရေး ဂြိုလ်တုက တစ်ဆင့် ရေဒီယိုတယ်လီဖုန်းနဲ့ ပြောလို့ရတယ်ဗျ "
ခရိတ်က သူ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။

ဆယ်နာရီကျော်မှ မော်ဂင်သည် အဖော် (အမေရိကန်)တစ်ဦးနှင့်အတူ ခရိတ်တို့ရှိရာသို့ လျှောက်လာပြီး မိတ် ဆက်ပေးလေသည်။
" ဟော်ဒါက ကာနယ် (ဗိုလ်မှူးကြီး) စမစ်ဖြစ်ပါတယ်။ ခင်ဗျားရရှိထားတဲ့ အထောက်အထားတွေကို ကျုပ် တို့ ၀ိုင်းပြီး စီစစ်ကြည့်ပြီးပါပြီ။ ဒါတွေအားလုံးအမှန်ချည်းပဲလို့လည်း သုံးသပ်မိတယ် "
" ဒီလိုဆိုရင် တော်သေးတာပေါ့ "
ခရိတ် က ပြန်ပြောလိုက်ပြီးနောက် မော်ဂင်သည် တွန်ဂါတာဘက်သို့ လှည့်ပြောပြန်သည်။

" ၀န်ကြီး တွန်ဂါတာခင်ဗျား၊ ၀န်ကြီးအနေနဲ့ အလုပ်အလွန်များမှန်းသိပါတယ်။ ဒါပေမဲ့ ၀ါရှင်တန်မြို့တော်က ပုဂ္ဂိုလ်တချို့က ၀န်ကြီးနဲ့ အလွန်စကားပြောချင်နေကြပါတယ်။ ၀န်ကြီးက အချိန်ပေးနိုင်လို့ စကားပြောမယ် ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိပါလိမ့်မယ် "
" ကျုပ် သွားစကားပြောတဲ့အခါ ဟောဒီ အမျိုးသမီးပါ ကျုပ်နဲ့အတူ လိုက်ပါလာစေချင်တယ် "
တွန်ဂါတာ က ဘေးနားရှိ ဆာရာအား ညွှန်ပြရင်း ပြောလိုက်လေသည်။

" ဟုတ်ကဲ့ ဖြစ်ပါတယ် "
မော်ဂင်က ပြောပြီး ခရိတ်နှင့် ဆယ်လီတို့ဘက်သို့ လှည့်လိုက်ပြန်သည်။
" ခင်ဗျားတို့ နှစ်ယောက်အတွက်တော့ ကျုပ်တို့က ဖိတ်မန္တကပြုနေတာ မဟုတ်ဘူး ခင်ဗျားတို့ကို အမိန့်ပေး ခြင်းဖြစ်တယ်။ ခင်ဗျားတို့နှစ်ယောက်စလုံးကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်"
" ဒီရဟတ်ယာဉ် နဲ့ လင့်ရိုဗာကားကို ဘယ်လို လုပ်မလဲဗျ "
ခရိတ် က ပြန်မေးလိုက်ရာ မော်ဂင်က ပြုံးလိုက်သည်။
" ဒါအတွက် ခင်ဗျားဘာမှ မစိုးရိမ်ပါနဲ့။ သက်ဆိုင်ရာ ပိုင်ရှင်များလက်ကို ရောက်အောင် ပို့ပေးဖို့ စီစဉ် ပေးပါ့မယ်"
-----------------------------
ဆက်ရန်
.

4 comments:

လသာည said...

ဖတ်ပြီးစ်..။ လူဆိုးတွေကျရှုံးခန်းကတော့ တကယ်ဖတ်ကောင်းတယ်။ ကျေနပ်တယ်။ ကျေးဇူးအများကြီး တင်ပါတယ်း)

ကိုမောင် said...

အင်း... အန်တီ လသာညကတော့ လူဆိုးတွေကျဆုံးခန်းလို့ပြောသွားပီ... မော်ဂင်ဆိုတဲ့ ပုဂိုလ်ကရော ဘယ်လိုလူမျိုး ဖြစ်နေဦးမလဲ ...မသိ.. စောင့်ဖတ်ရတာ .. ပိုပီး စိတ်ဝင်စားဖို့ကောင်းလာတယ်.. စာအုပ်ကို တခါတည်း ဖတ်မိရင်အဲလောက် စိတ်ဝင်စားချင်မှ စားမှာ :P

ဇွန်မ said...

အမရေ အခုမှ အဆက်ကို လာဖတ်ဖြစ်တယ် ဆက်ရန်ကိုစောင့် ဖတ်ရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် မျှဝေပေးတာကျေးဇူးပါနော်။

Anonymous said...

နဲနဲရှည်ရှည်လေးရေးပေးပါခင်ဗျား
ကျေးဇူးအများကြီး တင်ပါတယ်