ရုံးပိတ်ရက် စနေ တနင်္ဂနွေနေ့တွေဟာ ဖိုးဘတင်အဖို့တော့ အလျင်နေ့တွေထက် စာရင် နည်းနည်း ထူးခြားပြောင်းလဲတတ်တဲ့ နေ့ကလေးတွေဖြစ်တယ်။ စနေ တနင်္ဂနွေနှစ်ရက် မှာ ရုံးပိတ်တဲ့သားလုပ်သူ အိမ်မှာရှိတယ်။ ကျောင်းပိတ်တဲ့ မြေးအမြွှာနှစ်ယောက် ရှိတတ် တယ်။(မရှိတာကများပါတယ်)။ ထုံးစံအတိုင်း အာကာတို့ သားအမိ(မြေးယောက်ျားလေးနဲ့ ချွေးမ) ကတော့ စနေ တနင်္ဂနွေလဲ ထွက်မြဲပဲ။
ဖိုးဘတင်အဖို့တော့ အလျင်နေ့တွေလို ၀ရန်တာမှာ လက်ဖက်ရည်အိုး တစ်လုံးနဲ့တစ်ယောက်တည်း တငုတ်တုတ်တုတ်မနေရတော့ဘဲ၊ သားနဲ့စကားပြောလို့ရတာ၊ အဲမြွှာညီမရဲ့စာစာ စာစာအသံလေးတွေ ကြားနေရတာဟာ အပြောင်းအလဲလေးတွေပေါ့။
အမြွှာညီမအိမ်ကမထွက်မချင်း ဖွင့်နေတတ်တဲ့ ကက်ဆက်က သီချင်းသံတွေကလဲ ဖိုးဘတင် နားလည် ပေမယ့် နားမငြီးပါဘူး။ အလျင်နေ့တွေလို ခြောက်သွေ့မနေဘဲ ဆူဆူညံညံ စိုစိုပြေပြေ ဖြစ်နေတာကို ဖိုးဘတင် သဘောကျတယ်။ သဘာဝမကျတဲ့သူကတော့ သင်းတို့အဖေ ဖိုးဘတင်ရဲ့သားပေါ့။
ဟိုကောင်မနှစ်ကောင် ကက်ဆက်စဖွင့်လိုက်တာနဲ့ သူ့မျက်နှာတစ်မျိုးဖြစ်သွားပြီ။ ဧည့်ခန်း ကုလားထိုင် ပေါ်မှာ သတင်းစာကို ဇိမ်နဲ့ဆွဲပြီး ဖတ်နေရာကနေ မျက်နှာမကြည်မသာ နဲ့ထပြီး ဧည့်ခန်းကြမ်းပြင်ကို ဟိုကောင်မ တွေက သီချင်းဖွင့်ပြီး ကြမ်းတိုက်ကြတော့မယ်လေ၊ သတင်းစာကို လက်ကကိုင်ပြီး ဖိုးဘတင်ရဲ့ လွက်မြောက် နယ်မြေ၀ရန်တာကို ထွက်လာတတ် တယ် ဖအေနဲ့စကားပြောလိုက် သတင်းစာကို အပြန်ပြန် အလှန်လှန် ဖတ်လိုက်နဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့မျက်နှာက ပိုပြီးမှုန်မှိုင်းလာတတ်တယ်။
ကက်ဆက်သံ တွေနဲ့လိုက်ဆိုတဲ့ သမီးနှစ်ယောက်အသံ ရောထွေးနေတဲ့ အသံတွေရှိရာကို လှမ်းလှမ်း ကြည့်ရင်း လျှောက်ပြေးစရာမရှိတဲ့ အခန်းကျဉ်းကလေးထဲမှာ ဟိုဟိုဒီဒီ လျှောက်နေ တတ်တယ်။ ခက်တဲ့ ကောင်ဘဲ ဖိုးဘတင်မှာတော့ သားကိုကြည့်ပြီး အားမလို အားမရဘဲဖြစ်နေရတာပဲ။ ကိုယ့်သားသမီးပဲ။ ပြောလိုက် ပါလား ကက်ဆက်ပြန်စမ်းသမီးတို့ တိုးတိုးဖွင့်စမ်းသမီးတို့ ပြောပါလား။ မပြောဘူး မျက်နှာအိုအိုနဲ့ လေးဆယ့်ငါးပေ အရှည်ကိုပဲ ပတ်ချာလှည့်နေတော့တာပဲ။ တစ်တစ်ချက်ချက် နာရီကိုကြည့်တယ်။ အဝေးကြီး လိုသေးတဲ့ ဘော့လုံးပွဲချိန်ကို ကြည့်တာလေ။ဘောလုံးပွဲကို ဒီကောင်ဝါသနာပါပုံကလဲ သြချ လောက် ပါပေရဲ့ တကယ်...တကယ်။
တီဗွီကလာတဲ့ နိုင်ငံခြားဘော့လုံးပွဲကားတိုလေးက စပြီးတိုင်းနဲ့ပြည်နယ်၊ မြို့နယ်ဘော့ လုံးပွဲမကျန် နောက်ဆုံးလမ်းဘေးမှာ ကလေးတွေဘော့လုံးသေးသေးလေးနဲ့ ကန်နေတဲ့ပွဲ တောင် ရပ်ကြည့်တဲ့ကောင်။ ကုန်နေပြီ။ ဖိုးဘတင်လဲ ငယ်ငယ်တုန်းက ဒါလောက် ၀ါသနာ မပါခဲ့ပါဘူး။ ဒီကောင်ငယ်ငယ်ကလဲ ဒီလောက်စွဲစွဲမြဲမြဲမဟုတ်ပါဘူး။ ကန်လဲခဏပဲ ကြည်လဲခဏပါပဲ။ အသက်ကြီးမှ ဘာဖြစ်လို့ ဒီဘော့လုံးပွဲ ကြည့်တဲ့ ၀ါသနာ ဒီလောက်စွဲလန်း သွားတယ်မသိဘူး။
ရုံးဖွင့်ရက်တွေမှာတော့ (တိုင်းနဲ့ပြည်နယ်ပွဲကလွဲရင်) ဒီကောင်ဒီလောက်မဆိုးဘူး။ ရုံးပိတ်ရက်ခုလို တနင်္ဂနွေမျိုး စနေမျိုးကတော့ ထီးတစ်ချောင်းနဲ့ လိုက်လို့ရှာတယ်။ အဲ ပွဲရှိကြောင်း စုံစမ်းရထားပြီး သားဆိုရင်တော့ ဘော့လုံးပွဲချိန်ကို တစ်နေကုန်နာရီ ကြည့်ကြည့်နဲ့ လုပ်နေတော့တာပဲ။ သူ့မယ်ရုံးပိတ်ရက် တခြား လုပ်စရာလဲ မရှိဘူးလေ။ အိမ်လည်းမလည်ဘူး မိန်းမအလုပ်နောက်လဲ မလိုက်ချင်ဘူး လက်ဖက်ရည်ဆိုင် တွေဘာတွေလဲ ဒီကောင်ကမ သွားတတ်ဘူး သူကလက်ဖက်ရည်ဆိုင်မှ မကြိုက်ဘဲ။ သူကြိုက်တာ က ဘီယာကိုး။
အင်း...ဒီကောင်ပြောဖူးတယ်၊ အဖေရောတဲ့၊ ဘော့လုံးပွဲမှာ ရေခဲစိမ် ဘီယာလေးတစ်ဘူးလောက် မြုံ့ပြီး ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှမတူဘူး အဖေရောတဲ့။ တဖြည်းဖြည်းနဲ့ ဘီယာလဲကုန်၊ ပွဲကကြမ်းလာရော၊ အားမလို အားမရဖြစ်လာရင် ဘီယာဘူးခွံကို တအားညှစ်ပြီး အော်ရတာလဲသိပ်ကောင်းတာတဲ့။ ပေါ့သွား တာပဲတဲ့။ ပြန်အထွက်ကျ ဘီယာဘူးခွံလေး လက်ထဲမှာပိန်ရှူံနေလိုက်ပုံက မြင်လို့တောင် မကောင်းဘူးတဲ့။
ဒီကောင်ပြောဖူးတယ်။ သူပြောပုံထောက်ရင် ဒီကောင်ဘော့လုံးပွဲအော်တာပဲ ကိုယ်ငယ်ငယ်ကလဲ အော်ဖူးတာပဲ။ ဘော့လုံးပွဲအော်တဲ့ကောင် ဘယ်လိုအော်တယ်၊ ဘယ်လောက်အသံထွက်တယ်ဆိုတာ သိသားပေါ့။ ဒါပေမယ့် ခက်တာကဘော့လုံးပွဲမှာ အော်တဲ့အသံကို ဘော့လုံးပွဲမှာ ဒီကောင် ထားခဲ့တာက ခက်တာ။ အိမ်ကိုယူလာခဲ့ပြီး အဲဒီအသံမျိုးနဲ့ မယားသားသမီးကို အုပ်ချုပ်ရင် ဘယ်လောက်များကောင်းမလဲ။
ဖိုးဘတင်နားကာ ၀ရန်တာလက်တန်းပေါ်မှာ သားလုပ်တဲ့သူ လက်ထောက်ပြီး လာရပ်ပြန်တယ်။ ဖိုးဘတင်က စကားစမလို့ ချောင်းဟန့်လိုက်ကာ ရှိသေး ရုတ်တရက် သီချင်းသံတစ်သံက ကျယ်လောင် လှစွာ ပေါ်လာတယ်။
အမြွှာညီမဆီကမဟုတ်ဘူး။ တိုက်အောက်လမ်းထဲကလာတာ။ သြော်...ထီဘီး၊ ထီဘီး ထီစက်ဘီးလေး တွေလာတာ။ သူတို့က ရုံးပိတ်ရက်တွေဆို နံနက်ပိုင်း လာတက်တယ် ကြားရက်တွေ ဆိုရင်တော့ ညနေဘက်အမြဲလာကြတယ်။
"မြစိမ်းပြာလမ်းမှာ နေထိုင်ကြတဲ့ သေဌေးလောင်း၊ သေဌေးမတော်လောင်းများ ခင်ဗျာ၊ ငါးသိန်း၊ ဆယ်သိန်း ၊ ဆယ့်နှစ်သိန်း၊ နှစ်ဆယ့်ခုနှစ်သိန်းတို့ကို ကြိုက်ရာရွှေးဖို့အတွက် အောင်ဘာလေထီလက်မှတ်၊ မင်္ဂလာစုံတွဲ၊ အထူးမင်္ဂလာစုံတွဲများနဲ့ ကျွန်တော်များလာခဲ့ပါပြီ၊ သေဌေးလောင်းရွှေးချယ်ပွဲကို မဆင်နွှဲရ မရှိ လေအောင် ဆုကြီးများကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ဖို့ အတွက် ကျွန်တော်များရဲ့ ဤနေရာ ဤဌာနသို့ ကြွလှန်းလို့ ကံစမ်းလှည့်ကြပါဦးလို့ ဖိတ်မန္တက ပြုလိုက်ပါရစေခင်ဗျာ"
အမြွှာညီအစ်မ ရဲ့ ကက်ဆက်သံကို ဖုံးလွှမ်းသွားတဲ့ ထီသမားအော်သံကို ဖိုးဘတင် နားထောင် ကောင်းကောင်း နဲ့ နားထောင်နေဆဲ နောက်သီချင်းသံတစ်ခုက အလုံးအရင်းနဲ့ လှိမ့်ဝင်လာတယ်။ သီချင်းသံ ကတော့ သာယာနာပျော်ဖွယ်ပါ ကြေးစည်သံလေးနဲ့ ဓမ္မသီချင်းပေါ့။
မြစိမ်းရောင်လမ်းအတွင်းမှာနေထိုင် ကြကုန်တဲ့ သဒ္ဓါကြည်လင် ပါရမီရှင်တို့ခင်ဗျား၊ ကျွန်တော်များ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အသံမစဲမဟာပဋ္ဌာန်းရွက်ဖတ်ပူဇော်ပွဲကြီးမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်းရန်အတွက် ဆွမ်းဒကာ၊ ဆွမ်းဒကာမများအဖြစ် ကုသိုလ်တော်ပါဝင်ကြပါဦးလို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်၊ မိမိတို့တက်နိုင်သလောက် တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်ကုသိုလ်ပါဝင်ခြင်း အားဖြင့် သံဃာတော် အပါးများစွာရဲ့ ဆွမ်းဒကာ၊ ဆွမ်းဒကာမများဖြစ်နိုင်ကြပါတယ်။
"ဒီခေတ်၊ ဒီအခါ ဒီသမယကြီးမှာ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ် ဆစ်တယ်နဲ့ ဆွမ်းဒကာ၊ ဆွမ်းဒကာမဖြစ်နိုင်ဖို့ အခွင့်အရေး ကျွန်တော်တို့ ဘယ်မှာရနိုင်ပါမလဲခင်ဗျာ၊ သို့သော်ငြား ကျွန်တော်များ မဟာပဋ္ဌာန်း ရွက်ဖတ် ပူဇော်ပွဲကြီးမှာတော့ဖြင့် အဲဒီအခွင့်အရေးကို ရနိုင်ကြပါပြီ ဒါကြောင့်မို့လို့ မိမိတို့တက်အားအမျှ မိမိတို့ တစ်နိုင်တစ်ပိုင် ကုသိုလ်တော်များပါဝင်ကြဖို့ ဒီနေရာကနေပြီး တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ"
ဟုတ်ပေတာပဲ ဟုတ်ပေတာပဲ ဖိုးဘတက်က ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံမိ တဲ့အပြင် သူ့အိတ်ထောင် ထဲက ထည့်ထားပြီး ဘယ်တော့မှမသုံးဖြစ်တဲ့ ငါးကျပ်တန် အသစ် လေးတွေက် စမ်းနှိုက်မိတယ်။
"ဖြူပြာ၊ ကြည်ပြာ"
ဖိုးဘတင်အော်သံကို တော်တော်နဲ့မကြားကြဘူး။ အင်းကြားနိုင်ဖို့လဲ မလွယ်ဘူးလေ။ အလှူခံအော်နေတုန်း ဒဏ်ကြေလိမ်းဆေးရောင်းတဲ့ရောင်းတဲ့ ဗေဒင်ဟောစတမ်းရောင်း တဲ့ကားနှစ်စင်း တစ်ပြိုင်နက် ၀င်လာကြ တာကိုး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဒီလိုပဲလေ။
ဖိုးဘတင် အသံမထွက်ဘဲ လက်ယပ်ပြခေါ်တာကို အလှူခံဝင်လာကတည်းက စိတ်ပျက်လက်ပျက် မျက်နှာနဲ့အိမ်ထဲ ပြန်ဝင်သွားတဲ့ သားနဲ့ ကြမ်းတိုက်နေတဲ့ မြေးမနှစ် ယောက် အတော်လေးကြာမှ လှမ်းမြင်ကြတယ်။ သားလုပ်တဲ့သူက သမီးလုပ်တဲ့သူကို တစ်ခုခု လှမ်းပြောရင်း ဖိုးဘတင်ဆီ သွက်သွက် လျှောက်လာ ပါတယ်။
"အဖေ....ဘာလဲအဖေ" "သြော်...မဟုတ်ပါဘူးကွာ၊ ဖြူပြာကိုခေါ်တာ၊ အလှူငွေသွား ထည့်ခိုင်းမလို့" သားလုပ်တဲ့သူက ဖိုးဘတင်ကို ကျွတ်ခနဲစုတ်သပ်တယ်။ ဖအေနောက် ကလိုက်လာတဲ့ အမြွာတွေကတော့ ဘိုးအေ ကို ဒိုးဒိုးဒေါက်ဒေါက် ဆရာလုပ်ကြတော့တယ်။
"အဘိုးကလဲ သမီးတို့ ပြောထားလျက်သားနဲ့၊ တချို့အလှူခံတွေက အစစ်မဟုတ်ဘူး၊ အတုတွေပါဆို၊ ကိုယ့်ရပ်ကွက်က အလှူခံမှပဲ ထည့်ပါလို့ဆို အဘိုးကလဲ"
"မဟုတ်ဘူးကွ၊ အဘိုးကဆွမ်းဒါနဆိုလို့ပါ၊ အဘိုးရော သမီးတို့ အဘွားရော ဆွမ်းကပ်တာသိပ်ဝါသနာပါတာ၊ အညာမှာဆို အဘိုးတို့ တစ်နှစ်သုံးလေးခါလောက်ကပ်တာ၊ ခုဆိုအဘိုးမကပ်ဖြစ်တာကြာပြီ ဒါကြောင့်... "
"အဲဒါဆို အိမ်မှာကပ်ပေါ့ အဘိုးရဲ့" "အိုး...အိမ်မှာကပ်ဆိုလို့ကတော့ ဝေးပြီပေါ့ကွာ၊ ညဉ်းတို့ ရန်ကုန် ဈေးနှုန်းနဲ့ အဘိုးဘယ်ကပ်နိုင်မလဲ၊ သူတို့စုပေါင်းမို့သာ ငါးကျပ် တစ်ဆယ်နဲ့ ကပ်လို့ရတာပေါ့"
"ကဲပါပေး...ပေး၊အဖေဘယ်လောက်လှူချင်လို့လဲ" သားလုပ်တဲ့သူက ဒါမျိုးလေးတွေ ကျတော့ တော်ရှာပါတယ်။ ဖအေ့စိတ်ကိုသိတယ်။ သိဆိုဒီကောင်ငယ်ဘ၀တစ်လျှောက်လုံး ဆွမ်းကျွေး၊ ဆွမ်းကပ် တွေကို ကြုံခဲ့ရသူကိုး။ ကိုယ့်အိမ်ကကပ်လိုက် ဆွေတွေမျိုး တွေကကပ်လိုက်နဲ့ တစ်နှစ်လုံးဆွမ်းကျွေး၊ ဆွမ်းကပ် တွေ ဆက်နေတာ သူမျက်စိမှာပါ။
ဖိုးဘတင် က ငါးကျပ်တန်အသစ်လေး နှစ်ရွက်ထုတ်လိုက်တယ်။
"ရော့ဆယ်ဆယ် ရာယ်ရာယ်ရှိအောင်ပေါ့ကွာ"
သားလုပ်တဲ့သူက အသံစုံ ပွက်ပွက်ညံနေတဲ့ လမ်းထဲကို လှမ်းပြီးလက်ခုပ်တီးလိုက် တယ်။ ဖလားကြီးတွေနဲ့ တချောက်ချောက်လိုက်အလှူခံနေကြတဲ့ အလှူခံတွေက နားတော့လျှင်တယ်။ လက်ခုပ်သံကြားတော့ အပေါ်မော့်ကြည့်တယ် ထီသမားလေးတွေ မော့်ကြည့်တာလဲမြင်ရတယ်။ သားလုပ်သူက အလှူခံတွေကို ပိုက်ဆံလေး ထောင်ပြရင်း သတင်းစာယူ ပစ္စည်းတင်တဲ့ ကြိုးတွဲလောင်းလေးကို အောက်ကနေ ဆွဲ လိုက်တယ်။
ကြိုးကညှပ်မှာ ပိုက်ဆံကိုညှပ်တယ်။ ပိုက်ဆံမညှပ်ခင် ပိုက်ဆံပေါ်မှာ ဖိုးဘတင် နာမည်ကို ရေးလိုက်သေးတယ်။ ပြီးတော့ပိုက်ဆံညှပ်ပြီး ကြိုးကလေးကို အောက်ပြန်ချ လိုက်တယ်။ ကဲရန်ကုန်တိုက်တွေရဲ့ အလှူငွေထည့်ပုံလေး မသင်းဘူးလားဗျာတို့။ အလှူငွေထည့်ရင် ဖိနပ်ချွတ်ပြီး လက်နှစ်ဖက် နဲ့ ဖလားထဲကို ရိုရိုသေသေထည့်ရမယ်လို့ ဖိုးဘတင် သားလုပ်တဲ့သူကို သင်ကြား ဆုံးမခဲ့ဖူး ပါတယ်။ အဲဒီ သင်ကြားဆုံးမမှုဟာ ဒီရန်ကုန်မှာ သားအတွက် လိုက်နာလို့ မရနိုင်တော့ပြီပေါ့။
"ဟုတ်ကဲ့ခင်ဗျာ ဘုရားဒကာ၊ ဆွမ်းဒကာကြီး ဦးဘတင်မိသားစုကလဲ မဟာပဋ္ဌာန်းရွက်ဖတ်ပူဇော်ပွဲကြီးမှာ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းဖို့အတွက် အလှူတော်ငွေ တစ်ဆယ်ကျပ်တိတိ လာရောက် လှူဒါန်းသွားပြန်ပါတယ်ခင်ဗျာ"
"ဟော...အဘိုး ဆွမ်းဒကာကြီးဖြစ်သွားပြီ" အမြွာမနှစ်ယောက်က ဧည့်ခန်းထဲကနေ ဘိုးအေကို လှောင်ပြီးရယ်ကြတယ်။ ဖိုးဘတင်ကတော့ ကိုယ့်ကြည်နူးမှုနဲ့ကိုယ် ငြိမ်သက်နေရင်း အိမ်ထဲက ငါးကျပ်တန်အရွက် ဆယ့်ငါးရွက်ကို နုတ်ပြီးကျန်တာကို အိတ်ထဲပြန်ထည့်တယ်။ ပြီးတော့ဝရန်တာမှာ လက်ထောက်ရပ်ရင်း လမ်းထဲကို ငေးမောနေတဲ့ သားလုပ်သူ လက်ကို ပိုက်ဆံခေါက်နဲ့ ထိုးလိုက်တယ်။ သားလုပ်သူက ဖိုးဘတင်က လှည့်ကြည့်တယ်။
"ရော့...မင်းဘော့လုံးပွဲကျ ဘီယာသောက်ဖို့" မုန့်ဖိုးရရင် ၀င်းခနဲ ဖြစ်သွားတတ်တဲ့ မျက်လုံးတွေကို ဒီကောင်ငယ်ငယ်ကလိုပဲ သားလုပ်သူရဲ့ပါဝါမျက်မှန်အောက်မှာ ဖိုးဘတင် တွေ့လိုက်ရတယ်။
"နေပါစေအဖေရာ၊ အဖေသုံးချင်တာသုံးဖို့ထားပါ၊ ကျွန်တော့မှာရှိပါတယ်" "အဖေမှာ သုံးစရာမရှိပါဘူးကွာ၊ ရော့ယူစမ်းပါ မင်းမရှိပါဘူး လကုန်ရက်ကြီးဥစ္စာ အဖေသိပါတယ်။
သားလုပ်သူ ဖိုးဘတင်ဆီက ပိုက်ဆံခေါက်ကိုယူပြီး အိတ်ထဲအထည့်မှာ ဧည့်ခန်းဆီက အဘိုးဆိုတဲ့ အမြွာမနှစ်ယောက်ရဲ့ သံပြိုင်အော်သံ ပေါ်လာတယ်။ အော်သံနဲ့အတူ ၀ရန်တာကို အမြွှာညီအစ်မ အပြေး အလွှားရောက်လာတယ်။
"အဘိုးက သမီးတို့ကျမပေးဘူး၊ ဖေကြီးကျတော့ အများကြီးပေးတယ်၊ သမီးတို့ လဲပေး" "အဘိုးက ကိုကြီးအာကာ နဲ့ ဖေကြီးပဲပေးတာ၊ သမီးတို့ဆိုမပေးဘူး" "ဟာကွာ သမီးတို့ကလဲ"
ဖိုးဘတင်ဘာမှ ပြန်မပြောနိုင်ခင် သားလုပ်တဲ့သူက သမီးတွေကို ဟောက်သံမမည်တဲ့ ညဉ်းညူသံနဲ့ဟန့်တယ်။" သမီးတို့ကို မေကြီးပေးတဲ့ တစ်ပတ်စာ မုန့်ဖိုးကကုန်ပြီ" "ကုန်တာပေါ့ ဖေကြီး ကလဲ တစ်ပတ်မှာတစ်ရာပဲ ပေးတဲ့ဥစ္စာ၊ ဘယ်လောက်မှာလဲ"
"ဟာသမီးတို့ကလွန်တာပေါ့၊ ဖေကြီးဆိုရုံးမှာ တစ်နေ့တစ်ဆယ်ပဲ သုံးတယ်၊ သမီးတို့ထမင်းဘူးလဲပါတာပဲ" "ထမင်းဘူး ပါပေမယ့် ညနေကျူရှင်တက်တဲ့ အချိန်ကျတော့ ဆာတယ်ဖေကြီးရဲ့ ဆီချက် တစ်ပွဲ ဆယ့်ငါးကျပ်၊ ကော်ဖီတစ်ခွက် ခြောက်ကျပ်၊ ဒါတောင်သမီး တို့က နေ့တိုင်းမစားပါဘူး၊ ဈေးသက်သာတဲ့ ရခိုင်မုန့်တီ ပဲစားတာပါ"
"ကဲပါကွာ ရော့ရော့ သမီးတို့တစ်ယောက် တစ်ယောက်တစ်ဆယ်ဆီယူ အဘိုးလဲမရှိတော့ဘူးကွ" ဖိုးဘတင်ကို အမြွှာမတစ်ယောက်က မျက်စောင်းထိုးတယ်။ "ဘယ်ရှိတော့မှာလဲ၊ အဘိုးက ကိုအာကာနဲ့ ဖေကြီးကို ပေးနေရတာကိုး"
အမြွှာမတစ်ယောက်ကတော့ ငါးကျပ်တန်အသစ်လေးတွေကို ပါးမှာတဖျပ်ဖျပ်ရိုက်ရင်း မဲ့ရွဲ့တယ်။"ဟင်း...အဘိုးကတော်တော် တရားကျဖို့ကောင်းတယ်၊ အလှူခံတဲ့ မြေးမတွေကျ တော့တစ်ဆယ်၊ ဘီယာဖိုး ကျတော့ ခုနှစ်ဆယ့်ငါးကျပ်တစ်ရာ"
ပြောပြီးတာနဲ့ အမြွှာမနှစ်ယောက်က အိမ်ထဲဝင်သွားကြရော။ ဖိုးဘတင်တို့ သားအဖရယ်ရအခက်၊ ငေါက်ရ အခက် မျက်နှာတွေနဲ့ ၀ရန်တာမှာကျန်ရစ်ခဲ့ရတယ်။
"အဘ အဘ"
ဝရန်တာ တံခါးခေါက်သံနဲ့အတူ ထူးထူးဆန်းဆန်းခေါ်သံကြားရတယ်။ ဖိုးဘတင် ကသိပြီ။ ဒါဟိုသူငယ်ရဲ့ ခပ်ရွှင်ရွှင်အသံပဲ။"ဟိုဘက်ခန်းက၊ ဟိုဘက်ခန်းက" ဖိုးဘတင်က တံခါးဖွင့်ပေးဖို့ မေးငေါ့ပြပြီးပြောမှ သားလုပ်သူကတံခါးဖွင့်လိုက်တယ်။
တံခါးဝမှာ ဖိုးဘတင် သဘောကျတဲ့ မောင်လူပျော်က ချွေးတွေသံတွေနဲ့ စွပ်ကျယ်လက်ပြက်ကလေးဝတ်လို့။ လက်ထဲမှာတော့ အငွေ့တစ်ထောင်းထောင်း ပန်းကန်တစ်ခု။"ထမင်းစားပြီးပြီလား အဘ" "လာ လာ ထမင်းမစားရသေးပါဘူးကွ"
"ဟဲ ဟဲ အဘညက အိမ်နီးနားချင်းက ဟင်းလာပေးမယ်လို့ အိပ်မက်မက်ထားတယ် ထင်တယ်" ဟေ အေး အေး"
မောင်လူပျော်က ဖိုးဘတင်ဆီကို လက်ထဲကပန်းကန်လှမ်းပေးလိုက် တယ်။"အထူးအ ဆန်းလေးမို့လို့ လာပို့တာအဘရေ၊ ငါးဖယ်တွေကြိုးတုပ်ဟင်းလေ၊ မုန်လာပင်ပေါက်လေး အုပ်ပြီး အရည်သောက်လေးပေါ့"
"ဘာဟင်းကွယ့်"
"ငါးဖယ်အကောင်လိုက်ကို အားရပါးရ စိတ်တိုင်းကျတုတေပြီး ကြိုးတုပ်ချက်ထားတာ အဘရ၊ မုန်လာ ပင်ပေါက်လေး နဲ့ အရည်သောက်လေးလေ၊ တတ်သည့်ပညာမနေသာပေါ့ အဘရာ မိန်းမကိုစိတ်မချတော့ ကိုယ်က ၀င်ဝင်ပါရတာပေါ့ ၊ ဟဲ..ဟဲ ကျွန်တော်ကိုယ်တိုင် ချက်တာအဘရ"
ဟေ တယ်ဟုတ်ပါလားကွ၊ ကဲ...ဟင်းအထူးအဆန်းစားရချည်သေးပေါ့ကွာ၊ ကြည်ပြာရေ ဖြူပြာ"ဖိုးဘတင်က ဟင်းပန်းကန်လာယူဖို့ အမြွှာမနှစ်ယောက်ကို လှမ်းခေါ်တော့ သားလုပ်သူက ပန်းကန်ကိုလှမ်းယူတယ်။
"အားနာ စရာဗျာ၊ ကျေးဇူးတင်ပါတယ်နော်၊ ကျွန်တော်ထွန်းနိုင်ပါ၊ မြန်မာ့အ သံမှာလုပ် ပါတယ်၊ လိုတဲ့ အကူအညီ ရှိရင်ပြောပါ။ ကျွန်တော့အဖေက အညာကလိုက်လာတာလေ"
"သြော်....ဟုတ်ကဲ့"
ဒီလိုဆိုတော့လဲ သားကိုထွန်းက မဆိုးပါဘူး။ ဘီယာဖိုးသေချာသွားလို့ အာသွက်လာတာလား မဆိုနိုင်ဘူး။ အခန်းနီးချင်းမို့ စကားပြောတာလားလဲ မသိနိုင်ဘူး။ ကျကျနန စကားပြောလို့။ "ခဏထိုင်ဦးနော်" ဆိုပြီး ဟင်းပန်းကန်ကို လှယ်ဖို့အိမ်ထဲဝင် သွားတယ်။ ဖိုးဘတင်က ရွစိရွစိနဲ့ မနေနိုင်ဘဲ ဧည့်သည်ရှေ့မှာပဲ လှမ်းအော်မိတယ်။
"ဟေ့ အဖေတို့အိမ်က ဘာဟင်းလဲကွ၊ ဟင်းပြန်လိုက်ပါဦး" ဖိုးဘတင်ကို သားအဖတစ်တွေက မသိတတ်ဘူး ဆိုချင်ဆို၊ အညာထုံးစံကတော့ သူများကဟင်းခွက်ကမ်းရင် ကိုယ်ကလဲဘာလေးပဲ ဖြစ်ဖြစ်ပြန်ကမ်းရတယ်။
ဆက်ရန်
.

2 comments:
စောင့်မျှော်နေပါသည် :)
စူးနွယ်လေး
ဖတ်သဗျို့....
Post a Comment