ပုပ္ပါးမယ်တော် နတ်သံပစ်ဟာက နားထဲမှာရှိနေ နေတဲ့လူတွေအားလုံးကို ၀ပ်တွားခယချင်လာအောင် စွမ်ဆောင် နိုင်စွမ်းရှိလှတယ်။ နတ်တိုင်အဆိုတော်မဟာ ရီရီသန့် လောက်မဆိုတတ်လောက်ပေမယ့် ဒီနတ်သံ ကို ကြားတိုင်း အန်တီခင်လေးတစ်ယောက်က တော့ ကြက်သီးတဖြန်းဖြန်းထလာမြဲ။
အန်တီခင်လေးရဲ့သပြေပန်းနဲ့ လက်အုပ်ချီထားတဲ့ လက်နှစ်ဖက်ကို နတ်ကတော် အခြောက်မ တစ်ယောက် က ဆုပ်ကိုင်ပြီး အန်တီခင်လေးနဖူးမှာ ထိကပ်ပေးထားတယ်။ ပါးစပ်ကလဲ တတွတ်တွတ်ရွတ်ဖတ်လို့၊ အန်တီခင်လေး က ကိုယ်တော်ကြီး နတ်ဝတ်တန်ဆာ အပြည့်အစုံကို ၀တ်ဆင်ထားပြီး မယဉ်မွန်ကတော့ ကိုယ်တော်လေး နတ်ဝတ်တန်ဆာ အပြည့်အစုံကို ၀တ်ဆင်ထားတယ်။ ကိုယ်တော်ကြီး ကိုယ်တော်လေး အလယ် မှာတော့ ပုပ္ပါးမယ်တော် နတ်ဝတ်တန်ဆာနဲ့ ကနားစီး ဦးစိုးကြည် (ခေါ်) မေရီဂျိန်း။
မယ်ရီဂျိန်းရဲ့ ပုပ္ပါးမယ်တော် နတ်ဝတ်နတ်စားက လှလိုက်ခံ့လိုက်တာ။ စိမ်းဝါရောင် ချိတ်ထမီထိုင်မသိမ်း၊ မှန်နိုင်လွန် စိမ်းဝါရောင် ခါးတောင်အကျီင်္နဲ့ ခေါင်းက ဒေါင်းတောင် စိမ်းစိမ်းတွေက လိုက်ဖက်ပနံရလို့။ မေရီဂျိန်း မျက်နှာကျကလဲ မိန်းမလှတစ်ယောက်ရဲ့ မျက်နှာမျိုးဆိုတော့ ပုပ္ပါးမယ်တော်က ကျက်သရေ ရှိလှတယ်။
အန်တီခင်လေး နဲ့ ရော ပုပ္ပါးမယ်တော် မေရီဂျိန်းဘက်လှည့်ပြီး နတ်တပည့်အနေနဲ့ရော ပုပ္ပါးမယ်တော် မေရီဂျိန်း ဘက်လှည့်ပြီး လက်အုပ်ချီဦးညွှတ်လိုက်တယ်၊ ဟိုဘက်က ကိုယ်တော်လေး မယဉ်မွန်ကလဲ ပုပ္ပါးမယ်တော် ကို လက်အုပ်ချီဦးညွှတ်တယ်။ နတ်မ၀င် သေးတဲ့ ပုပ္ပါးမယ်တော် မေရီဂျိန်းမျက်နှာက ခပ်ပြုံးပြုံး။
သြဇာနဲ့ မာလာကာ သရက် သပျစ် အာဟာရေရက် စံပယ်အရှာဖွေငယ်မှထွက် ဆက်ဆက်ကယ်မှခြား ယောက်ျား ဇာနည် မက္ကာပြည်သား ဗလီဖွားနှင့် တွေ့သောအခါဝယ် ကြောင်းခြင်းငယ်မှစုံစွာ မေးမြန်းရာတွင် ပုဗ္ဗတလာယ် တောင်ကြီးမယ်ရဲ့ နာမည်ငယ်မှ မှန်စွ ကိုဗျတ္တ ဟု ကိုဗျတ္တနဲ့ ဖူးစာနှစ်ခိုင် ဟင် စေ့စေ့ငယ်မှ မညီ ရွှေဖျင်းကြီး နဲ့ တစ်သီးမှတ်ဖွယ် ရွှေဖျင်းငယ်တို့ နှစ်သွယ်ထားမြတ် ဖွားမြင်လတ်သော် ပေါက္ကံပြည့် ပန်းဆက်ရာ သွားရာ နောက်ကျသည်ဟု ကိုဗျတ္တကို ကွပ်မျက်ရာတွင် စီးကျမျက်ရည် တတွေတွေနှင့် မေ့မှာ မှိုင်းညှိုး ကလေးနှစ်ယောက်ကိုပင် ရှေ့တော်မှောက် ခုမကြာသွင်းစေဟု သတင်းရယ်မှယူဆောင် ကြာလျှင် စိတ်ထဲ မရွှင်ဘဲနဲ့ ရင်ကွဲနာနှင့်ကြွေမည့်နေရာ ခန္ဓာငယ်ပြောင်း နတ်အပေါင်းဖြစ်၏ အသစ်ကယ်မှ နေရာ သားမောင် စံမြန်း မြို့ရွှေမန်းကို မယ်လှမ်းလာသော် ကြိုကြပါနော် ပွဲတော်ပေါင်းဂုဏ်ရောင်လင်းပါတဲ့ မင်းအများ တို့"
အန်တီခင်လေး ရင်ထဲမှာ ၀မ်းနည်းလှုပ်ရှား လှိုက်ဖိုလာတယ်၊ လွမ်းမောဆွတ်ပျံ့ဖွယ် ပုပ္ပါးမယ်တော်နဲ့ သားနှစ်ပါးရဲ့အဖြစ်ဟာ အန်တီခင်လေးကို ငိုချင်လာစေတယ်။ သားနှစ်ပါးကြောင့် ရင်ကွဲနာနဲ့ ကြွေရရှာတဲ့ မယ်တော် ရယ်။ သားနှစ်ဖြာခင်မျာမှာလဲ ဘိုတော်ကောင်းမှု စေတီတည်ရာမှာ အုတ်နှစ်ချပ်လပ်မှုကြောင့် ရက်ရက် စက်စက် ကွပ်မျက်ခံရပြီး နတ်နှစ်ပါးဖြစ်ရရှာတယ်။
သားတော်တွေစံမမြန်းတဲ့ အသစ်ရှိရာကို မယ်တော်ခမျာ လှမ်းလာနေပါပြီ။ ကြိုကြာပါတဲ့၊ မယ်တော် ကိုကြိုကြပါ "လိပ်ပြာရှင် မောင်းမဟာ ကိုယ်တော်ကြီးရဲ့ မောင်းမကိုယ်တော်ကြီးရဲ့ ကိုယ်ပွားပါဘုရား၊ ကိုယ်တော်ကြီး လိပ်ပြာစီးပါ ကြွတော်မူပါဘုရား" လိပ်ပြာရှင်ဟာ ကိုယ်တော်ကြီး ကိုယ်ပွားဟဲ့၊ ဟုတ်တယ် ကိုယ်တော်ကြီးရဲ့ ကိုယ်ပွားပဲ။ ကိုယ်တော်ကြီးလိပ်ပြာလာကပ်တော့မယ်၊ ကိုယ်တော်ကြွတော့မယ်။
လိပ်ပြာသွင်းပေးတဲ့ နတ်ကတော်က အခြောက်မ ဆုပ်ကိုင်ထားတဲ့ အန်တီခင်လေးရဲ့ လက်အုပ်ချီ လက်အစုံ ဟာ နဖူးပေါ်မှာ တဆတ်ဆတ်တုန်ယင်စပြုလာပြီ။"ပုပ္ပါးသေလာ ဝေဆာလျှမ်း ဒေ၀ါနန်းမြင့်ခေါင် ရေလာမြောင်းစက်ပါ အမေယဉ် ကရမက် မာလာ ကြိုင်လှောင် သီးစုံပေါင်းနဲ့ မုန့်များဖွယ်သော် ပုပ္ပါးမယ်တော် ကြွလှမ်းပျော်ပါ့ဘုရား"
မယ်တော်ပင့်ပြီးတာနဲ့တီးလိုက်တဲ့ မယ်တော်ကြွ ကပ္ပိတီးလုံးဟာ လှုပ်ရှားတက်ကြွဖွယ် ကောင်းသလိုလွမ်းမောနာကျင်ဖွယ်လဲဖြစ်တယ်။ စိတ်နုသူမိန်းမသားတွေကို ခံစားလှုပ်ရှားတုန် ယင်လာပြီး မျက်ရည် ကျချင် လာအောင် ဖန်တီးနိုင်စွမ်းလဲရှိတယ်။
တီးလုံးသံ နဲ့ အတူ ပုပ္ပါးမယ်တော်မျက်နှာကပြောင်းသွားခဲ့ပြီ။ ထိခိုက်နာကျင်နေဟန် ပူပုံပန်းမျက်နှာဟာ မြင်ရသူ အပေါင်း ကို သနားကရုဏာသက်စေတယ်။
"တောမြိုင်စွန်းက လွမ်းအောင်ဖန်မကြံနိုင် ကိုယ်ထူးကြုံရပြန် ချစ်တဲ့သူ သခင်မြင်သာဦးဘုရာ့ သုံးရွေ့ရှင် ဘုန်းကေရှင်သခင် ဘုံပျံနန်းမှာ ဆန်းဥာဏ်ခြယ်" မယ်တော်ကသားတော်နှစ်ပါးရဲ့ ပခုံးပေါ်ကိုတစ်လှည့်စီ လက်တင် ပွေ့ပိုက်ရင်း နှုတ်ခမ်းတွေ တစ်ဆတ်ဆတ်တုန်လာတယ်။ မျက်ရည်စတွေက ကြွေကျတော့ မည့် ဟန်။
"သက်လယ် သက်လယ် ရွှေသွေးရယ် မကြင်နာ စိမ်းတော့စိမ်းရက်တယ် သက်လယ် သက်လယ်ေ ရွှသွေးရယ် မကြင်နာစိမ်းတော့ စိမ်းရက်တယ်" မယ်တော်ကို လက်အုပ် ချီထားရင်းက မချိတင်ကဲ ဖြစ်လာပြီး ထုံးစံအတိုင်း မျက်ရည်ကျလာတတ်သူက ကိုယ်တော်လေး လိပ်ပြာစီးတဲ့ မယဉ်မွန် (မယ်တော်က တယုတယ ပွေ့ပိုက်လိုက်တိုင်း မမြင်လိုက်ရဖူးတဲ့ အမေကို သတိရပြီး မယဉ်မွန် မျက်ရည်ကို ဘယ်လိုမှ ထိန်းမရတော့ဘူး)။
မျက်ရည်ကျနေတဲ့ ကိုယ်တော်လေးကို ကြည့်ပြီးကိုယ်တော်ကြီးကလဲ မျက်ရည် သွယ် ဖြာကျလာတတ်တော့ ကနားစီးမေရီဂျိန်းနဲ့ အန်တီခင်လေးတို့ တူဝရီးအတွဲ၊ ပုပ္ပါးမယ်တော် သားနှစ်ပါးချော့ရင်း တခြားဘယ်အတွဲမှ လိုက်မမီဘူး လို့ ပြောစမှတ်ပြုကြတယ်။
"ရာကျော်သက်ပန် ဘယ်ရှေးကံငယ် စီမံဖန်လာခြယ် ကြင်စဦးကို သွေးဖူးနတ်ကယ် သုံးရွှေကြော့မယ်" မျက်ရည် သွယ်ဖြာကျပြီး လက်အုပ်ချီထားတဲ့ သားနှစ်ပါးနဲ့မယ် တော်ရဲ့ဖြစ်အင်ကို ကြည့်ပြီး ကနားထဲက မိန်းမတချို့ လက်ကိုင်ပုဝါလေးတွေနဲ့ မျက်ရည်ကို သုတ်ကြပြီး။
သားနှစ်ပါးကို ပွေ့ပိုက်နှုတ်ဆက်ပြီးတော့မှ မယ်တော်ကတစ်ပင်တိုင် တီးလုံးနဲ့ လှလှ ပပလေးကတယ်။ အကအဆုံးမှာ ကပ္ပိတီးလုံးပြန်ဝင် လာတယ်။ ပြီးတော့မယ်တော်ပန်းစား တော့မယ်။
"ပန်းဟေ၀န် ခုနှစ်ထွေ မျှော်လေယောင် ညိုပြာရီမှောင် တိမ်တောင်နီလာသွေး ဆွေးဖွယ် သွယ်သွယ် တွေနှော ရေယဉ်ကြော ငွေသောင်ယံမှာ မောင်နှံလွမ်းလို့ ကျွမ်းကြေပြန်ဖြေလဲ ပြေဘဲမှော်ရုံမြေ"
သားတော် နှစ်ပါး ပခုံးတွေကို မယ်တော်ပန်းစားဖို့ပြင်တယ်။ ကနားထဲက နတ်ကတော် အခြောက်မတွေနဲ့ ပရိသတ် တွေပန်းပွဲ၊ သစ်သီးပွဲကိုယ်စီနဲ့ မယ်တော်ကိုဆက်ကြတယ်။ ပိုက်ဆံလည်းဆက်ကြတယ်။ အဲဒီအချိန် မှာ မယ်တော်ကို ကိုယ်လိုရာဆုတောင်းကြပေရော့။ မယ်တော်ကပန်းပေါင်းစုံကို အားရပါးရ ၀ါးစားရင်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တယ်။
"မာလာဇီဇ၀ါ ငွေခွာကြိုင်နဲ့ ဖြာသည်မှာ ကုံဆန်းတယ်ဆိုယောက် မြောက်တောင် ဘယ်ဆီမှန်း ရွှေသန်း ညာမယ် ပျော်ဖွယ်ဟေ၀န် ကန္တာမြိုင်တွင်း ကြိုင်သင်းလေ ဂေါ်ရွှေဖီ"
ပန်းတစ်ကြိမ် စားပြီး မယ်တော်ကသားတော်နှစ်ပါး အလယ်မှာတစ်ခါကတယ်။ ပန်းသုံး ကြိမ် စားပြီး သုံးခါကပြီး တဲ့ အခါမှ မယ်တော်ထွက်သွားတော့တယ်။ နဖူးမှာ လက်အုပ်ချီ လက်အစုံကို တဆတ်ဆတ် ရိုက်ခတ် ရင်း ခွေကျသွားတဲ့ မေရီဂျိန်းကို နတ်ကတော်တွေက ဆီးပွေ့လိုက်ကြတယ်။
အဲဒီအချိန် ကျမှ ကျန်နေတဲ့မင်းနှစ်ပါး ချော့ရမယ့်အလှည့်လေ။ ကိုယ်တော်ကြီး ကိုယ်တော်လေးက မယ်တော် ကိုပို့ပြီး သူတို့ပျော်ကြဦးမယ်။
"စက္က၀ါ ဇမ္ဗူကျွန်းတွေမှ
စာမော်ကွန်း တံဆိပ်ဝင်
ဖုန်းမော့သခင်
ရဝေခင် မေခင်တို့မှတ်သား
တိုင်း အရိမန္ဒာ
အမျက်ရယ် ဧကရာပ
တိုက်ရတနာ ကျော်စေမင်းငဲ့နှယ်
ကွယ်...မင်းမြတ်နှစ်ပါး"
အဆိုတော်မရဲ့ တောင်ပြုံးမင်း နတ်သံပစ်ပြီးလို့ဝင်လာတဲ့ မင်းနှစ်ပါး ကြွတိုင်းတီးလုံး က သွက်လက် မြူးပျံ နေတယ်။ မင်းနှစ်ပါးရဲ့လိပ်ပြာရှင် အန်တီခင်လေးတို့ တူဝရီးကို လှုပ်ရှားယိမ်းယိုင်စေရုံမက ခုန်ချင် ပေါက်ချင် လာအောင် စွမ်ဆောင်နိုင်တယ်။ တစ်ကိုယ်လုံးမှာ လှည့်ပတ်သွားလာနေတဲ့သွေးတွေ ကြွလာအောင် လဲ လုပ်နိုင်စွမ်းရှိတယ်။
"တို့ညီနောင်ကွယ် ဖောင်တော်စီးပါလို့
ရေလှိုင်းတွေက တဖွေးဖွေး
ရေလှိုင်းတွေက တဖွေးဖွေး တဖွေးဖွေး
နတ်နန်းရယ် သာပေရင်းကွယ်
နတ်နန်းကြီးက သာပေရင်းကွယ်
ဆီးကြိုပါ နှမများရယ်
အလို...ပုံအဝေးကိုကွာခဲ့တယ်"
ဟော၊ လာပါပြီ။ ကိုယ်တော်ကြီးလိပ်ပြာရှင် အန်တီခင်လေး သိပ်ကြိုက်တဲ့ မင်းနှစ်ပါးသီချင်း။ သနားစရာ၊ လွမ်းစရာ မင်းနှစ်ပါးရဲ့အသံတွေပါတဲ့သီချင်း။ ကိုယ်တော်ကြီး ကိုယ်တော်လေး လိပ်ပြာပူးကပ်နေတဲ့ အန်တီခင်လေး နဲ့ မယဉ်မွန် အားရပါးရ ခုန်ပေါက်ကကြတယ်။ နတ်ကတော်တွေက လက်ခုပ်တီး အားပေးရင်း ဘေးကနေအသာ ထိန်းပေးဖို့ အဆင်သင့်ရှိနေကြတယ်။
အတီးပိုဒ်က ဒိုးရိုက်သံ တဒုန်းဒုန်းဟာ ခန္ဓာကိုယ်ထဲကသွေးကြောမှန်သမျှထဲကို တိုးဝင်သွေးကြွလာစေတယ်။ ဒိုးရိုက်သံအလိုက် ကိုယ်တော်လေးက ခြေထောက်ကို တဗုန်းဗုန်း ဆောင့်တယ်။ ကိုယ်တော်လေးကြမ်နေပြီ၊ ကိုယ်တော်လေးရဲ့ ၀တ်လဲတော်ပုဆိုး အောက်က လိပ်ပြာရှင်ရဲ့ ထဘီ က စည်းကြိုး ပြေကျလာတယ်။ နတ်ကတော်တွေ ကိုယ်တော်လေးကို ပြေးထိန်းပြီး ပြန်စည်းပေး တဲ့သူကစည်း၊ ချွေးသုတ်ပေးတဲ့သူသုတ်။
ယပ်ခတ်ပေးတဲ့ကပေး လုပ်ကြတယ် ပိုက်ဆံဆက်ကြသူက လာဆက်ကြတယ်။ ကိုယ်တော်ကြီး တစ်ယောက် ကတော့ပရိသတ်ထဲ မိတ်ဆွေတွေကို ပိုက်ဆံဆက်ဖို့ လက်ညှိုး လေးနဲ့ပြပြပြီး ခေါ်နေပြီ။ သူ ကိုယ်တိုင် လဲ ပုံတော်စင်အောက်က မိန်းမကြီးကိုအပ်ထားတဲ့ သူ့ပိုက်ဆံအိတ်ထဲက ကျပ်တန်နှစ်ရာ အုပ် နှစ်အုပ် ကို ထုတ်လာတယ်။ နတ်ကတော် တွေဖြာပေးတဲ့ ကျပ်တန်ယပ်တောင်လေးတွေကို ကိုယ်တော်ကြီး နဲ့ ကိုယ်တော်လေး ဟို ဘက် ဒီဘက် ခွဲကိုင်ကြတယ်။
"ဟေ...ညီဘွား၊ လုပ်စမ်းပါဦးကွ၊ ခုနသီချင်းလေးဘာတဲ့၊ တက်ပြင်ရွက်ပြင်ဆိုတာ မပါသေးပါလား" "လာမှာပေါ့ ဘုရား။ ကိုယ်တော်သာ ပိသာလေးတွေများများ စွန့်ကြဲပါဘု ရား။"ရရမှာပေါ့ကွာ၊ တောင်ပြုံးမင်း အကြောင်း သိတယ်မဟုတ်လားဟေ့"
ဆိုင်းအဆိုတော်နဲ့ အချီအချစကားပြောနေတဲ့ တောင်ပြုံးမင်းရဲ့ လိပ်ပြာရှင် အန်တီခင်လေးရဲ့ မူရင်း သံညှောင်ညိညိ ပျောက်ပြီး ပြတ်သားမာကျောတဲ့ အသံကျယ်ကျယ်နဲ့။ မျက်နှာကလဲ လွတ်လပ် ပေါ့ပါး မြူးကြွလို့..
ကိုယ်တော်ကြီးစကားပြောနေတာကို ကိုယ်တော်လေးကစောင့်ရင်း အမောဖြေနေဆဲ။ ကိုယ်တော်လေးကို လူတစ်ယောက် "အဖွားတော်"လာဆက်တယ်။ ရိုရိုသေသေ ခါလေးညွတ်ပြီး အဖွားတော်လာဆက်တဲ့ သူကို ကိုယ်တော်လေး က ထုံးစံအတိုင်း စကားများမလို ကြည့်လိုက်တယ်။ အလိုမျက်ထားချိုချိုနဲ့ လူညိုချော လေးပါလား။ ကိုယ်တော်လေးထက် ငါးနှစ်လောက် ငယ်မယ်ထင်တယ်။ ဘယ်လိုလဲကွယ် နတ်ကိုကြည့်တဲ့ အကြည့် က။
ကိုယ်တော်လေးရင်တွေ တဒိတ်ဒိတ်ခုန်လာရင်းက ဣနြေ္ဒမပျက်၊ စီးကရက်ကိုဖွာ လိုက်တယ်။ "ဘာများ လျှောက် တင်ချင်လဲဟေ့ ညီဘွား၊ လိုဘာမှမရလို့ စိတ်ပျက်နေတယ် မဟုတ်လား" "မှန်ပါဘုရား၊ ညီဘွား လိုတာကို ရအောင် ကိုယ်တော်လေး တူညီနိုင်ပါတယ် ဘုရား"
လက်ထဲက အဖွာတော် လွတ်မကျအောင်ကိုယ်တော်လေးမနည်း ထိန်းလိုက်ရတယ်။ သူအသံက တစ်မျိုးပါလား။ "ကူညီနိုင်ရင် ကူညီမှာပေါ့ ညီဘွားရဲ့" ကိုယ်တော်လေးလို ရုပ်ချော၊ အပြောကောင်း မဟုတ်တော့ ညီဘွားကိုကြိုက်မဲ့သူမရှိဘူးဘုရား၊ ကိုယ်တော်လေး မှာသာ မောင်းမတွေ ၀ိုင်းဝိုင်းလည် နေတာ" "အဲဒါဘာဖြစ်တုံးကွ"
ကိုယ်တော်လေးမျက်နှာနီရဲစပြုပြီး အသံလဲတုန်စပြုပြီ ညီဘွားကကိုယ်တော်လေးနား ကို ရင်းရင်းနှီးနှီး ကပ်လိုက်တယ်။ " ညီဘွားကို ကိုယ်တော်လေးလို ချောတဲ့လှတဲ့ မောင်းမမျိုးရှာပေးရမယ်ဘုရား"
ကိုယ်တော်လေး က ညီဘွားကိုလည်ပင်းကပ၀ါနဲ့ ရှက်ရိုက်ရိုက်ပြီး လှည့်ထွက်သွား တော့တယ်။ ဆိုင်းသံလည်း ပြန်စပြီ၊ ကိုယ်တော်ကြီးကတော့ ကိုယ်တော်လေးအဖြစ်ကို မသိလိုက်ရှာဘူး။
"ဟေ့... တက်ပြင်ရွက်ပြင်
ရွှေပြုံး ဆို ရွာအနောက်က ချောင်းပေါက်ကို ၀င်တယ်
ပြန်ချင်ပြီ ညီးမောင်လှရယ်
ရွှေဖောင်တော် မစုံရအောင်
အလို...ဆွဲစို့ ညီလှရေ"
စိတ်လှုပ်ရှားမြူးကြွဖွယ် သီးချင်းသံဟာ ကိုယ်တော်လေးရဲ့ စိတ်ထဲကအချစ်စိတ် တွေကို အလွယ်တကူ လှုပ်ရှား မြူးကြွ လာစေတယ်။ တစ်ကိုယ်လုံးဟာ လေထဲမှာ လွင့်မျော သွားးမတတ် ပေါ့ပါး လွတ်လပ်လို့ လာတယ်။
"လိုက်ခဲ့လို့ခေါ်
လိုက်ခဲ့လို့ခေါ်
ဟိုထောင့်နားမှာ ဒီထောင့်နားမှာ
ဒီထောင့်နားမှာ ဟိုထောင့်နားမှာ"
ကနားထောင့်ကိုပဲသွားတဲ့ ကိုယ်တော်လေးရဲ့ မျက်လုံးတွေနဲ့ လူညိုချောရဲ့ မျက်လုံးတွေ အကြည့်ချင်း ဆုံ ကြတယ်။
ဟိုထောင့်နားမှာ ဒီထောင့်နားမှာ
တို့ညီနောင် စံနန်းကွယ့်လေး"
ကိုယ်တော်ကြီးက ဆိုင်းသမားတွေကို လက်ပစ်ကြေး ခဏခဏပေးပြီး ကနေသရွှေ့ ကိုယ်တော်လေး လဲ လိုက်ကရင်း လူညိုချောနဲ့ အကြိမ်ပေါင်းများစွာ မျက်လုံးချင်းဆုံနေခဲ့ကြ တယ်။
မင်းနှစ်ပါးလိပ်ပြာခွဲသွားတဲ့ အချိန်မှာ လိပ်ပြာရှင်တူဝရီးနှစ်ယောက် ပုံလျက်ကလေး တွေ ကျန်ရစ်ခဲ့ကြတယ်။ တစ်ယောက်သော လိပ်ပြာရှင်ကတော့ လိပ်ပြာခွာသွားတဲ့ထိကို တုန်ယင်နေဆဲ၊ ခန္ဓာ ကိုယ်တင် မက အသည်းနှလုံးပါ တုန်ယင်လို့နေဆဲပါလား။
မယဉ်မွန်တို့ တူဝရီးနှစ်ယောက်လုံးရဲ့ အ၀တ်အစားတွေ ချွေးတွေနဲ့ ရွှဲနစ်နေတယ်။ မေရီဂျိန်းတို့ ကနားရှင်တို့ရဲ့အိမ်ပေါ်မှာ အ၀တ်အစားလဲရင်းက ခြေပစ်လက်ပစ်အနားယူ ကြတယ်။
ရေမွှေးနံ့တွေသင်းထုံနေတဲ့ နတ်အ၀တ်အစားတွေကြားထဲမှာ လဲလျောင်းနေတဲ့ အန်တီခင်လေး ရင်ထဲမှာ လွတ်လပ် နေတယ်၊ ကျေနပ်နေတယ်။ ပေါ့ပါးနေတယ်၊ ရှင်းလင်းနေတယ်။ နတ်ချော့ပြီးတိုင်း အန်တီခင်လေး ဒီအတိုင်းပဲ ခံစားရလေ့ရှိတယ်။ အန်တီခင်လေးရင်ထဲက ပူပန်မှု၊ စိုးရိမ်မှု၊ ကြောင်ရွံ့ထိတ်လန့်မှု၊ တင်းကျပ်မှုတွေအားလုံး လျော့ပါးပျောက်ကွယ်သွားတတ်တယ်။ ရှင်းလင်းပေါ့ပါးတဲ့ လွတ်လပ် ကျေနပ်ဖွယ် ကမ္ဘာတစ် ခုလုံးကို အန်တီခင်လေး ရောက်သွားရသလိုပဲ။
ဒါကြောင့်လဲ အန်တီခင်လေး နတ်ပွဲသွားတယ်၊ နတ်ချော့တယ်၊ နတ်ယုံတယ်၊ နတ်ကိုးကွယ်တယ်။ နတ်တွေကသူတို့တန်ခိုးနဲ့ အန်တီခင်လေးရဲ့ ရင်ကိုရှင်းပေးတာကိုး။
အဲဒီအတွက် နတ်ပွဲတစ်ပွဲ၊ တစ်ပွဲသွားရင် အန်တီခင်လေး ငါးရာ၊ခြောက်ရာကုန်တယ်။ ဒါပေမယ့် အန်တီခင်လေး ဘယ်တော့မှ မနှမြောဘူး။ (လက်ဖက်ရည်တစ်ခွက် ငါးကျပ် ခြောက်ကျပ်ကိုတော့ အန်တီ ခင်လေး အလွန်နှမြောတယ်)။
"ကဲ...ကိုယ်တော်ဘုရား။ တပည့်တော်မကြီး ဗိုက်ခွဲထားတာဘုရား၊ သိပ်မကြမ်းနဲ့ဘု ရား။ ယဉ်ယဉ်လေးပဲ လိပ်ပြာစီးတော်မူပါနော်" အန်တီခင်လေး မျက်စိဖွင့်ကြည့်လိုက်တယ်။
ဘေးနားမှာအသက်ရှစ်ဆယ်အတွင်း အဘွားကြီးတစ်ယောက် ကိုကြီးကျော်ချော့ဖို့ နတ်ဝတ် နတ်စား တွေဝတ်ရင်း ကိုကြီးကျော်ကိုတိုင်တည်နေတာ။ ပါးရေတွန့်နေတဲ့ ပါးပြင်မှာ သနပ်ခါးတွေက မှုန်ဖွေးလို့၊ နားရေ တွန့်နေတဲ့ နားရွက်နှစ်ဖက်မှာတော့ ကြီးမားလှတဲ့ စိန်နားကပ်ကြီးက တွဲကျနေတယ်။ ဟိုတုန်းက တိုင်းမင်းကြီး ကတော်တဲ့၊ သားသမီးတွေက အများကြီး၊ ခြံကြီးတစ်ခြံထဲမှာ စုနေကြပြီး အဘွားကြီးက ပစ္စည်း တွေကို လုကြ ယက်ကြနဲ့ အမြဲတမ်းပြသနာဖြစ်နေကြတာပဲ။
မေရီဂျိန်းနဲ့ နတ်ပွဲတွေမှာ အဲဒီအဘွားကြီးကို အမြဲတမ်းတွေ့ရတယ်။ အဲဒီအ ဘွားကြီးလိုပဲ ငါးရာ၊ တစ်ထောင် အကုန်ခံပြီး ဆိုင်ရာပိုင်ရာ နတ်တွေကို ချော့ကြမယ့် ကနားထဲမှာ အများကြီးရှိသေးတယ်။
"ဟိုတစ်ပွဲတုန်းက လဲဒီလိုပဲ လျှောက်ရတယ်၊ ရရှာပါတယ် ကိုယ်တော်က ဖြည်းဖြည်းပဲ လိပ်ပြာစီးရှာပါတယ် စိတ်တိုင်း ကျတော့ ကိုယ်တော်မပျော်ရရှာဘူးပေါ့" အဲဒီအဘွားကြီး ချော့တာ အန်တီခင်လေး ခဏခဏ မြင်ဖူး ပါတယ်။ ပ၀ါစလေးနှစ်ဖက်ကို လက်ပိန်ပိန် လေးတွေနဲ့ကိုင်ပြီး သူ့ခန္ဓာကိုယ်လေးကို ဖြည်းဖြည်းချင်း ယိမ်းပြီး ၀ငြိမ့်ငြိမ့်ချော့တော့တာပဲ။ မျက်လုံးတွေမှိတ်လို့ (အဘွားကြီးက အသက်ကြီးပြီလေ)။
မေရီဂျိန်းကိုယ်တိုင် ပခန်းဆင်း (ကိုကြီးကျော်ချော့၊ကြက်လောင်း)တာကို စောင့်ပြီးမှ အေးအေးဆေးဆေး တူဝရီးနှစ်ယောက်ပြန်လာခဲ့ကြတယ်။
ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်ကြရင်း တူဝရီးနှစ်ယောက်လုံးစကား တွေသွက် နေကြတယ်။ တူမ လုပ်သူ ရဲ့အသံကသွက်ရုံတင်မက ရွှင်နေတယ်ဆိုတာကို သေချာနား ထောင်ကြည့်ရင် သိနိုင်တယ်။ ကြီးတော် လုပ်သူ လှဲနေတုန်းမှာ အိမ်အောက်ပြန်ဆင်းသွား တဲ့တူမကို ကြီးတော်လုပ်သူ သတိမထား လိုက်မိဘူးလေ။
တူဝရီးနှစ်ယောက်စလုံး ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်ပေါ့ပါးနေကြတယ်။ အန်တီခင်လေး စိတ်အချမ်းသာဆုံး ကတော့ ငလျင် လှုပ်တဲ့ ခြောက်အိပ်မက် တစ်လလောက် မမက်တော့မှာကိုပဲ။ နတ်ပွဲ တစ်ပွဲ ပြီးသွားရင် အဲဒီခြောက်အိပ်မက်က တစ်လလောက်တော့ ပျောက်သွားတတ်တယ်လေ။ ဘတ်စ်ကားဂိတ် မှာ ထုံးစံအတိုင်း လူတွေကျပ်ခဲနေတာကို မြင်ရတော့ ကြည်လင်နေတဲ့ အန်တီခင်လေးရဲ့ စိတ်ကလေး နည်းနည်း နောက်ချင်လာတယ်။ ဘတ်စ်ကားက တစ်အားကျပ်ရင် အန်တီခင်လေးမူးပြီး အသက်ရှူ မ၀ဖြစ်မယ်။ ခါးပိုက်နှိုက်ရန်ကိုလဲ စိုးရိမ်ရတယ်။ ဒါပေမယ့် တက်စီငှားခခြောက်ဆယ်၊ ခုနှစ်ဆယ် ကို ကျတော့လဲ နှမြောပြန်ရော။
"အန်တီအပျိုကြီးတို့ တူဝရီး၊ ပြန်လာကြမလား" တူဝရီးနှစ်ယောက် ခေါင်းတွေ လမ်းဘေးကို ချာခနဲ လည်သွားတယ်၊ ဟောတော့်.. ဘယ်သူပါလိမ့်လို့၊ အောက်လွှာက ဟိုဝိုင်းဆရာပါလား၊ ကွမ်းယာဆိုင် ကနေနှုတ်ဆက်နေတာ။ လူကိုများ အန်တီအပျိုကြီးတဲ့။ အပျိုကြီးကို အပျိုကြီးခေါ်တာလောက် မကြိုက်တာ လောကမှာမရှိ ဘူးဆိုတာ သင်းမသိဘူး လား။ အန်တီခင်လေးက ပြန်ပြုံးပြနှုတ်ဆက်ပြီးမှ သူမေးပုံကို ဖျတ်ခနဲသတိရသွားတယ်။ ပြန်လာကြပလားလို့ ငါတို့ကိုသူမေးတာပါ၊ အဲလိုမေးရအောင် ငါတို့သွားတဲ့ နေရာကို သူသိလို့ လား။
"ကျွန်တော်လဲပြန်မှာ၊ အန်တီတို့အဖော်မရှိရင် ကျွန်တော်မိန်းမအဖော်လုပ်ပြီး လိုက်ခဲ့ပါ့မယ်...ဟဲဟဲ" ကွမ်းတ၀ါးဝါး၊ တဟဲဟဲနဲ့ ကိုဝင်းအောင်က သူ့ထုံးစံအတိုင်း ပေါက်ကရပြောရင်း အန်တီခင်လေးတို့နဲ့ ဘတ်စ်ကားဂိတ် မှာ အတူတူရပ်တယ်။ ဆရာက...ဒီနားမှာ စာသင်ရသလား"
"ဟုတ်တယ်ခင်ဗျ၊ ကျွန်တော့်ဝိုင်းတစ်ဝိုင်းက ဒီနားမှာ အန်တီတို့ နတ်ပွဲအိမ်နဲ့ ငါးအိမ်ကျော်လောက်မှာ၊ ကျွန်တော် အသွားတုန်းကတောင် နတ်ပွဲဝင်ရပ်သေးတယ်" အန်တီခင်လေးရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်ပြီး ကိုဝင်းအောင်ကို မျက်စိပျက်၊ မျက်နှာပျက်နဲ့ ကြည့်လိုက်တယ်။ ကိုဝင်းအောင်ကတော့ ဘာမှမဖြစ်သလို ကွမ်းသွေး ထွေးလိုက်သေးတယ်။ အန်တီတို့ တူဝရီးက အရမ်းကို အကကောင်းတယ်ဗျ ဟဲဟဲ "အဲ....ဟိုသင်း၊ ဒီလိုလေ"
အန်တီခင်လေး အသက်ရှူ ရပ်မလိုဖြစ်သွားရာက အားယူထွက်လာတဲ့ ဗလုံးဗထွေသံ ညှောင်ညိညိဟာ ကိုဝင်းအောင် ရဲ့ရယ်သံအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။ "ကျွန်တော် တောင်အန်တီတို့မြင်ပြီး ကချင် ခုန်ချင် သလို ဖြစ်လာလို့ ကိုယ့်ကိုကို မနည်းထိမ်းထားရတယ်။ ဟဲ..ဟဲ တကယ်ကောင်းတဲ့ နတ်ချင်းတွေဗျာ၊ နတ်ဒိုး ဆိုတာက ကြားတာနဲ့ သွေးထဲသားထဲက ကြွရွပြီးခုန်ချင်ပေါက်ချင်လာတာပဲ။ဟဲ..ဟဲ ကျွန်တော်က သုံးဆယ့် ခုနှစ်မင်းကို မကြိုက်ပေမယ့် နတ်ချင်းတွေက ဘယ်လိုကြိုက်မှန်းမသိဘူး၊ ကျွန်တော့်မှာ နတ်ချင်း တိပ်ခွေတွေ အကုန် ရှိတယ်"
အန်တီခင်လေးက သူ့ဟာသူ ကရားရေလွတ်နေတဲ့ ကိုဝင်းအောင်ကို ဘာပြန်ပြော ရမှန်းမသိဘဲ ငေးကြောင်ကြောင်နဲ့ကြည့်တယ်တော်သေးရဲ့၊ သူကလှောင်တော့ မလှောင်ဘူး။ ကဲ့လဲမကဲ့ရဲ့ဘူး။ ဒါပေမယ့် ရှက်တော့ရှက်စရာကြီး။ ကြံကြံဖန်ဖန် သူနဲ့မှတွေ့ရတယ်။ ရွာရိုးကိုးပေါက်လွယ်အိတ်တစ်လုံးနဲ့ လျှောက်လဲ လျှောက်နိုင်ပါပေရဲ့တော်။ ဘာပဲပြော ပြော သူက ပြောချင်ရင်စွတ်ပြောမယ့်လူ။ ဟိုဂွတ်နိုက် မကြီး ဒေါ်စပ်စုကိုများ ပြောမိရင်တော့။ အန်တီခင်လေး အသက်ရှူမ၀ချင်သလိုဖြစ်လာတယ်။
အင်း...ဟိုသင်း၊ နတ်ကနေတဲ့အချိန်ကလေ နတ်သဘောဆိုတော့ ခုန်တာပေါက် တာနဲ့ဘေးမြင်ရင် ရှက်စရာကြီး ပေါ့ကွယ်၊ အန်တီခင်လေ ဟိုသင်း...တိုက်ကလူတွေက တစ်မျိုးထင်မှာ"
"အို... ဘာရှက်ရမှာလဲ အန်တီကလဲ နတ်ပွဲဆိုတာ ရိုးရာအစဉ်အလာတစ်ခုပဲဥစ္စာ၊ နတ်ကပ်မကပ်တာတော့ ကျွန်တော် မသိဘူး၊ ဘာဖြစ်လဲအန်တီရယ် ကိုယ့်ဟာကိုယ် နတ်ပွဲသွားတာပဲ၊ ကတာပဲ ဘယ်သူ ဘာထင်ထင်ပေါ့၊ အဲ...တိုက်ကလူတွေကတော့ ကျွန်တော်ပြောမှသိမှာပါ၊ စိတ်ချကျွန်တော်ကတော့ နှုတ်လုံ တယ်" အန်တီခင်လေး မျက်နှာဝင်းလက်သွားလို့မှ မဆုံးခင် ကိုဝင်းအောင်က တဟဲဟဲရယ်လိုက်တယ်။
"ဟဲ...ဟဲ ကျွန်တော်ကတော့ နှုတ်လုံပါတယ်၊ ကျွန်တော်တော့ပြောတဲ့သူတွေ နှုတ်မလုံမှာပဲ ကျွန်တော်စိုးရိမ်တာ၊ ဟဲဟဲ..ဟဲဟဲ ကားလားပြီအန်တီ၊ လာလာ" အပျိုကြီးမျက်မှာ ဖြစ်သွားပုံကို ကြည့်ပြီး ကိုဝင်းအောင်ပိုပြီး နောက်ချင်ပြောင်ချင်လာတယ်။ အပျိုကြီးများဒီလိုတုန်းတာကြောင့် အပျိုကြီးဖြစ်တာပဲ။ ကားပေါ်မှာ ကိုဝင်းအောင် လှမ်းအော် ပြောလိုက်တယ်။
"နောက်တစ်ခါသွားရင် ကျွန်တော်ခေါ်နော်အန်တီ ကျွန်တော်နတ်တစ်ပါးပူးချင်လို့ ဟဲဟဲ ကိုကြီးကျော် ကိုကြီးကျော် ကိုတော့ ကျွန်တော်က အရမ်းကြည်ညိုတာ အကြိုက်ချင်းတူလို့ ဟဲ...ဟဲ၊ အန်တီတို့ နတ်ကတော် က အဖြူကိုအရောင် ဆိုးထားတဲ့ ရမ်တွေ ဘာတွေတော့မလုပ်တတ်ပါဘူးနော် ဟဲဟဲ"
တူဝရီးနှစ်ယောက်စလုံး မကြားချင်ယောင်ဆောင်ပြီး ကိုဝင်းအောင်ကို စိတ်ထဲကနေ ကျိန်ဆဲ လိုက်ကြ တယ်။ဟင်း...ကြည့်နေပါ၊ နတ်ရိုက်မယ့််လူ၊ မုတ်သွားအောင်ကိုင်လိုက်စမ်းပါ ဖေကြီးကျော်ရယ်။ နှမကြီးတို့ မျက်စိအောက် မှာ တင်မြင်ပါရစေ။ သူကြောင့် နှမကြီးတို့ရဲ့ အကြည်ဓာတ်လေးပျက်ရပါပြီ။
ဆက်ရန်
.

5 comments:
“ဆက်ရန်” ကို “ဆက်ဖတ်ရန်” စောင့်မျှော်နေပါသည်.. :)
အမရေ ကျေးဇူးတင်စွာဖြင့် ဖတ်သွားပါ တယ်။
ကျေးဇူးပါ။ ဖတ်သွားပါတယ်။
နတ်အကြောင်းရေးလို့ကတော့ သူ့ကို ဘယ်သူမှ မမှီဘူး။ နတ်ကျမ်းကြေတယ် ဟိဟိ။
ဂွတ်နိုက်မကြီး ဒေါ်စပ်စု ဆိုလို့ ရယ်လိုက်ရတာ အစ်မရယ်...
Post a Comment