တွန်ဂါတာက မီးပုံထဲသို့ နောက်ထပ် ထင်းများဖြည့်ထည့်ပေးလိုက်စဉ် ခရိတ်သည် စိန်အကြောင်း စပြော လေသည်။
" ကိုဟီနူးဆိုတဲ့ စိန်ကြီးအကြောင်း ကြားဖူးကြတယ် မဟုတ်လား။ ကိုဟီးနူးဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်က အလင်းရောင်ဖြင့်ပြီးသော တောင်ကြီးဖြစ်တယ်ဆိုတာကော သိကြရဲ့လား။ ဒီစိန်ကြီးရဲ့ တန်ဖိုးကိုလည်း ပိုင်ရှင်ဖြစ်တဲ့ မဂိုစစ်ဘုရင်ကြီး ဂေဘာက ဘယ်လောက်တန်ဖိုးဖြတ်ခဲ့သလဲ သိလား။
အဲဒီခေတ်က တိုင်းပြည်အားလုံးပါတဲ့ ကမ္ဘာ့တစ်ခုလုံးရဲ့ နေ့စဉ်အသုံးစရိတ်ရဲ့ တစ်ဝယ်ရှိမယ်လို့ ခန့်မှန်း ခဲ့တယ်။ အဲဒီ ခေတ်ကတော့ ကိုဟီနူးစိန်ကြီးထက် ကြီးကျယ်ပြီး အရည်အသွေးကောင်းတဲ့ စိန်မျိုး မရှိခဲ့တာ တော့ အမှန်ပဲ။ ရှေးခေတ် မြို့တော်ကြီးတွေမှာ ရတနာတွေ အများကြီး စုဆောင်းထားရှိတာကိုတော့ ကြားဖူး ကြမှာပေါ့။ အိန္ဒိယပြည် ဒေလီမြို့ဟောင်းမှာက ကိုဟီနူးစိန်လို အဖိုးတန်ရတနာတွေ ဘယ်လောက် များများ ရှိခဲ့သလဲ ဆိုရင် ရှေးခေတ်ရောမမြို့တော်တို့၊ တစ်ချိန်က အလွန်ကြီးကျယ်ခဲ့တဲ့ ဘေဘီလွန် မြို့ကြီး တို့ထက် ဒေလီမြို့က အဆပေါင်းများစွာသာတယ်လို့ အဆိုရှိတယ်။
အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို နာမည်ပေးထားခဲ့ပုံကိုလည်း ကြည့်ဦးလေ။ " အလင်းရောင် ပင်လယ်ပြင် တဲ့ " နောက်ပြီး " လမင်းရဲ့ သရဖူ"တဲ့ အဲဒီလို နာမည်မျိုးတွေကို ပေးခဲ့ကြတယ် "
ခရိတ် သည် ဤသို့ပြောပြီးနောက် ကျန်လူများ စိတ်ဓာတ်ကျနေရာမှ စိတ်ပြေလက်ပျောက်ဖြစ်လာစေရန် ရည်ရွယ်လျက် သူစဉ်းစားရသမျှ စိတ်ဝင်စားဖွယ် အကြောင်းများ၊ ပုံပြင်များကို ကြိုးစားပြောပြလေသည်။
သူသည် အတိတ်ကာလ ပြင်သစ်ပြည်မှ အလွန်သစ္စာရှိသော အစေခံ (လူယုံတော်) တစ်ဦးအကြောင်း ပုံပြင် ကိုလည်း ပြောပြလိုက်သည်။
တစ်ခါက ဒီဆင်စီဆိုသူသည် သူ၏ ကျွန်ယုံတစ်ဦးအား အလွန် အဖိုးတန်သော စိန်ကြီးတစ်လုံးကို ပြင်သစ်ဘုရင် ဟင်နရီထံသို့ လွှတ်၍ ပေးပို့ခိုင်းခဲ့ခြင်းနှင့်စပ်လျသ်းသော ပုံပြင်ဖြစ်လေသည်။
" ဒီအကြောင်း ကို ခိုးသားဓားပြတွေက သတင်းရလေတော့ စိန်ကြီး ယူဆောင်သွားတဲ့ ကျွန်ယုံကို လမ်းခရီး ကဖြတ်ပြီး ဓားပြတိုက်ကြတယ်။ သို့သော်လည်း စိန်ကြီးကိုတော့ ဘယ်လိုမှ ရှာမတွေ့ဘူးတဲ့။ နောက်ဆုံး လူဆိုး တွေက လက်လျှော့ပြီး အဲဒီ ကျွန်ယုံအလောင်း မြှုပ်ထားတဲ့နေရာကို တူးဖော်စေပြီး ပျက်စီးနေတဲ့ အလောင်း ကို အသေးစိတ် ရှာဖွေစေသတဲ့။ ဒီတော့မှ စိန်ကြီးဟာ ဒီလူရဲ့ ၀မ်းဗိုက်ထဲမှာ သွားတွေ့ ရတယ်လို့ ဆိုတယ် "
" ဟင် ... စိတ်ညစ်စရာကြီးပဲနော် "
ဆယ်လီက အော့နှလုံးနာဟန်ဖြင့် မှမ်ချက်ချလိုက်သည်။
" ဒီလိုလည်း ပြောချင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ဆိုလိုတာကတော့ ကမ္ဘာ့သမိုင်းမှာ ကြီးကျယ်ခဲ့တဲ့ စိန်ရတနာ မှန်သမျှ အလားတူ နောက်ကြောင်း ရာဇ၀င်တွေ၊ ပုံပြင်တွေ ရှိခဲ့တာချည်းပဲ။ စိန်ကောင်းကောင်း ရရှိဖို့ အတွက် စိန်အကြောင်း လျှို့ဝှက်ချက်တွေကို စစ်ဆေးမေးမြန်းလို့ ကာယကံရှင်က မဖော်ထုတ်ဘဲ လျှို့ဝှက် ထားရင် အဲဒီလူတွေကို ရေနွေးပူလောင်း၊ သံကို မီးဖုတ်ပြီး အသားမှာကပ်တဲ့ နည်းမျိုး တွေနဲ့ နှိုပ်စက် ညှဉ်းပန်းပြီး စစ်ခဲ့ကြတယ်။
အမျိုးသမီးတွေဆိုရင် စိန်အတွက် သူတို့ကိုယ် သူတို့ အပျက်စီးခံပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်း ကာကွယ် ခဲ့သလို၊ တချို့က စိန်ရဖို့အတွက် ခန္ဓာကိုယ်နဲ့ရင်းပြီး ရအောင်ယူခဲ့ကြတယ်။ စိန်ကောင်း ကျောက်ကောင်း အတွက် ဆိုရင် ဘုရင့်နန်းတော်တွေကို အတင်းဝင် တိုက်ခိုက် လုယူခဲ့တာတို့၊ ဘာသာရေးဆိုင်ရာ ဘုရားကျောင်း အဆောက်အအုံတွေကို ၀င်ဖျက်ဆီးပြီး ယူတာတို့တွေလည်း အတိတ်သမိုင်းမှာရှိခဲ့တယ်။ ဒါကြောင့် စိန်ကောင်းတစ်လုံးတွေ့ပြီးဆိုရင် အဲဒီစိန်ကြီး အတိတ်မှာ ကြေကွဲဖွယ်၊ ရင်နာဖွယ် ဇာတ်လမ်းတွေ ရှိခဲ့ပြီ လို့သာ အသေမှတ်လိုက်ပေတော့။
ဒါပေမဲ့ အံ့သြ ဖွယ်ကောင်းတာက စိန်ရဲ့ အတိတ်ဇာတ်ကြောင်းဟာ အဲဒီလို ဇာတ်လမ်းမျိုးတွေရှိခဲ့ပေမယ့် စိန်မြင်ရင် လိုချင်တပ်မက်တဲ့ လောဘဇောကို ဘယ်လိုမှ ချိုးနှိမ်လို့ မရဘူး။ မဂိုလ်ဘုရင်ကြီးလို့ခေါ်တဲ့ နာမည်ကျော် စိန်ကြီးအကြောင်းကဆိုရင် အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။ ပန်ဂျပ်ပြည်ရဲ့ ခြင်္သေ့ကြီးလို့ သမိုင်း မှာ တွင်ခဲ့တဲ့ ပန်ချာပီ စစ်သူကြီး ရမ်ဂျစ်ဆင်းက စစ်ပွဲမှာ အနိုင်ရတော့ စစ်ရှုံးသူ ရှားဘုရင် ရှုဂျာကို အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းပြီး မဂိုလ်ဘုရင်ကြီး စိန်ကို မရရအောင် တောင်းယူခဲ့တယ်။
တကယ်တော့ ရမ်ဂျစ်ဆင်း ဟာ တစ်ချိန်က ရှားဘုရင် ရှုဂျာရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။ သို့သော် စိန်ကြီးကို လိုချင်တဲ့ လောဘဇောကြောင့် ရန်သူဖြစ်ပြီး စစ်ခင်းတိုက်ခိုက်ခဲ့တယ်။ နောက် ရမ်ဂျစ်ဆင်းက စိန်ကြီး ကို လက်ဝယ် ရရှိပြီးတော့ စစ်ရှုံးသူ ရှားဘုရင် ရှုဂျာကို မေးသတဲ့။ အသင်သည် ဤစိန်ကြီးကို မည်မျှနျင့် တန်ဖိုးဖြတ်ပါ သနည်းလို့ မေးတော့၊ ရှားဘုရင် ရူဂျာဟာ သေရတော့မယ့်ဆဲဆဲ ဖြစ်နေတဲ့ကြားက ဤစိန်ကြီးသည် ကောင်းကျိုးချမ်းသာကို ပေးနိုင်စွမ်းသဖြင့် ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်။
လက်ဝယ်ရှိသူအား ကံကောင်းစေ၏။ စစ်မက်တိုက်ခိုက်၍ အနိုင်ရပြီး ဤစိန်ကြီးကို လက်ဝယ်ရရှိသူအဖို့ ရှေ့လျှောက် အလွန် ကံကောင်းလာတော့မည်ဖြစ်ချေ၏။ ဤသည်ပင်လဆင် မဂိုလ်ဘုရင်ကြီး စိန်၏ တန်ဖိုး ပင်ဖြစ်၏။ အဲဒီလို ပြန်ပြောခဲ့သတဲ့ "
ခရိတ်က ပုံပြင်ကို အဆုံးသတ်လိုက်ချိန်တွင် တွန်ဂါတာသည် မီးပုံထဲသို့ ထင်းစဖြင့် ထိုးနေရာမှ ထင်းစကိုယူပြီး စိန်ရိုင်းများ စုပုံနေရာသို့ ထိုးပြရင်း -
" ဟော ဒီစိန်တွေထဲက စိန်တစ်လုံးက ကျုပ်တို့ကို နည်းနည်းပါးပါး ကံကောင်းလာအောင် ဖန်တီးပေးနိုင်ရင် ကောင်းမှာပဲ" ဟု ပြောလိုက်လေသည်။
ကြာသော် ခရိတ်တွင် ပြောစရာ ပုံပြင် သို့မဟုတ် စိန်ရတနာအကြောင်းတွေ ကုန်သွားလေသည်။ တောက်လျှောက် မရပ်မနား ပြောခဲ့ရ၍ လည်ချောင်းထဲတွင်လည်း ခြောက်ကပ်နေပြီ ဖြစ်သည်။ သို့သော် ခက်နေသည် က ကျန်လူသုံးယောက်ကလည်း အခြားလူများ စိတ်ဓာတ်တက်အောင် ဘာမှ မပြောနိုင်ခြင်း ပင် ဖြစ်လေသည်။
သို့နှင့်ပင် သူတို့သည် စိတ်ဓာတ်ကျလျက် ပြောင်းဖူးဖြင့်လုပ်ထားသည့် မုန့်များကို အာဟာရအလို့ငှာ ကျိတ်မှိတ် စားလိုက်ကြလေသည်။
အားလုံး အိပ်ကြသောအခါ ခရိတ်သည် လဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ဘဲ အခြေအနေကို သေချာစွာ ပြန်လည် သုံးသပ်ဆင်ခြင်နေမိလေသည်။ ယင်းသို့ စဉ်းစားမိကာမှ မျက်လုံးကျယ်ကာ ပို၍ပင် မအိပ်ချင် တော့သဖြင့် မထူးပါဘူးဟု ဆုံးဖြတ်လျက် လွတ်မြောက်ရန် နည်းလမ်းတွေကို အမျိုးမျိုး စဉ်းစား ကြည့်လေသည်။
ဤဂူကြီးအတွင်းမှ လွတ်မြောက်အောင် ထွက်ပြေးရန် နည်းလမ်းတစ်ခုတော့ ရှိမည်ဟု သုံးသပ်မိလေသည်။ ယင်းကား မြေအောက်ရေအိုင်မှတစ်ဆင့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ဂူ၏ ခန်းမကျယ်ကြီးကိုဖြတ်ကာ အပြင်ဘက်သို့ ထွက်ရန်ပင်ဖြစ်သည်။
သို့သော် ထိုထွက်ပေါက်တွင် ရှိုနာစစ်သားများက စောင့်နေကြမည်ဖြစ်ရာ ၄င်းတို့ မစောင့်တော့ဘဲ ထွက်သွား တော့ မှာသာလျှင် မိမိတို့က ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်လျှင် ရှိုနာစစ်သားများသည် မည်မျှကြာကြာ စောင့်နေကြမည်နည်း။
တစ်ဖန် မိမိတို့၏ အခြေအနေကို ပြန်လည် လေ့လာသုံးသပ်ကြည့်သောအခါ အဟာအာဟာရအနေဖြင့် နောက်ထပ် နှစ်ရက်စာမျှသာ ရှိတော့ကြောင်း တွက်မိလေသည်။ ရေအတွက်ကိုမူ ကျောက်ဂူအပေါ်မှ စိမ့် ကျသောရေ ရှိနေသဖြင့် ရေပြတ်စရာ အကြောင်းမရှိချေ။
သို့သော် ဓာတ်ခဲသုံးလက်ဆွဲမီးအိမ်နှစ်ခုမှ ဘက်ထရီများသည် မကြာမီ အားကုန်သွားတော့မည်ဖြစ်သည်။ ယခုပင်လျှင် ဘက်ထရီ အားနည်း၍ မီးအလင်းရောင်က မှိန်စ ပြုနေပြီဖြစ်သည်။
မီးဖိုရန်အတွက် ထင်းကို သစ်သားလှေကားက အစိတ်အပိုင်းများယူ၍ သုံးနေကြရာ နောက်ရက် အနည်းငယ်အတွင်း ထင်းလုံးဝ ပြတ်သွားတော့မည်ဖြစ်သည်။
ဤအခြေအနေ အတိုင်း အချိန်အကန့်အသတ်မရှိ ကြာရှည်နေရပါက မိမိတို့ အားလုံး ရူးသွပ်သွားဖွယ်ရာ ရှိပေသည်။
ခရိတ်သည် တစ်ယောက်တည်း စဉ်းစားနေစဉ် သူ၏ စဉ်းစားခန်းကို နှောင့်ယှက်ဖျက်ဆီးလိုက်သည့် အနှောင့်အယှက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေသည်။
သူလဲလျောင်းနေသော ကျောက်ပြားသည် မြေငလျင် ပြင်းစွာလှုပ်သလို အကြီးအကျယ် လှုပ်ရှားသွားလေရာ ခရိတ် သည် လန့်ဖျပ်သွားကာ ချက်ချင်းထရန် ကြိုးစားလေသည်။
ထိုအခိုက်မှာပင် ဂူ၏ အပေါ်မျက်နှာကျက်နားဆီမှကျောက်တုံးကြီးတစ်ခုပဲ့ထွက်ပြီး အောက်သို့ အရှိန် ပြင်းစွာ ဖြင့်ပြုတ်ကျလေရာ သူတို့ စုအိပ်နေသည့်နေရာမှ ခြေလှမ်းဆယ်လှမ်းမျှအကွာတွင် ကျရောက် လာလေ သည်။
ကျောက်တုံး အပဲ့အစများနှင့် ကျောက်မှုန့်များလည်း မီးဖိုများလို ပိတ်မှောင်သွားလေတော့သည်။
ဆာရာသည် ရုတ်တရက် လန့်နိုးလာရာမှ ကြောက်အားလန့်အားနှင့် ဟစ်အော်နေရှာသည်။ တွန်ဂါတာ သည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာပြီး အိပ်မငန်စုံမွှားနှင့် လူးလှိမ့်ရင်း ပတ်ဝန်းကျင် ကို အကဲခတ်၍ ကြည့်နေလေသည်။
မြေငလျင်လှုပ်သလို ဂူကြီးအတွင်း တုန်ခါလှုပ်သွားခြင်းသည် စက္ကန့်ပိုင်းမျှသာကြာပြီး ချက်ချင်း ပြန်၍ ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
" အဲဒါ ဘာဖြစ်တာလဲဟင် "
ဆယ်လီ က သိလို၍ မေးလိုက်လျှင် ခရိတ်သည် ကိုယ်တိုင် မဖြေလိုသဖြင့် အနီးရှိ တွန်ဂါတာအား လှမ်း ကြည့်လိုက်သည်။
" ကျုပ်အထင်တော့ ရှိုနာစစ်သားတွေက ကျောက်ရုပ်ကြွင်းတွေရှိတဲ့ ခန်းမကြီးကို ဒိုင်းနမိုက် (ယမ်းဘီလူး)နဲ့ ဖောက်ခွဲပစ်လိုက်ပြီ ထင်တာပဲ။ အဒိပ္ပာယ်ကတော့ သူတို့က ကျုပ်တို့ ဒီနေရာက ထွက်ပေါက် လုံးဝမရှိ တော့အောင် ဂူပေါက်ကို အသေပိတ်လိုက်တာပဲ "
တွန်ဂါတာက ခပ်တိုးတိုး ပြန်ပြောလိုက်ရာ ဆယ်လီသည် အကြီးအကျယ် တုန်လှုပ်ချောက်ချားလျက် -
" အိုး ... မိုင်ဂေါ့ဒ် "ဟု ဘုရားသခင်ကို တမ်းတရင်း သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်ထားလိုက်ရှာသည်။
" ကျွန်မ တို့ကို အရှင်လတ်လတ် ဂူသွင်းသင်္ဂြိုလ်ထားလိုက်ပြီ ဆိုပါတော့ "
ဆာရာက အခြေအနေမှန်ကို ထုတ်ဖော်ဖွင့်ပြောလိုက်သည်။
---------------------
ပလက်ဖောင်း စင်မြင့်၏ အစွန်မှ ရေမျက်နှာပြင်ထိအောင် ပေတစ်ရာ့ခြောက်ဆယ်ခန့်ရှိလေရာ တွန်ဂါတာ သည် နိုင်လွန်ကြိုးဖြင့် သွယ်တန်းလိုက်လေသည်။
ထို့နောက် ခရိတ်က ယင်းနိုင်လွန်ကြိုးဖြင့် တွယ်လျက် အောက်သို့ ဆင်းလေသည်။ ဘေးနှစ်ဖက် နှစ်ချက် တွင်ကား ချောက်ကမ်းပါးကြီးရှိလေရာ ခြေချော်လက်ချော် ကျသွားပါက အရိုးတခြား၊ အသားတခြား၊ မရှုမလှ သေဆုံးရမည်မှာ သေချာပေသည်။
ခရိတ်သည် အထူးသတိထားလျက် ဆင်းသွားပြီးနောက် ရေမျက်နှာပြင်သို့ ရောက်သည့်အခါ ရေအောက်ထဲ ဆင်းငုပ်၍ အခြေအနေကို လေ့လာကြည့်လေသည်။
ကျောက်ရုပ်ကြွင်းများရှိသည့် ခန်းမကျယ်သို့ သွားသော ရေအောက်ဥမင်လိုဏ်ခေါင်းလမ်းတွင် ကျောက်တုံး ကြီး တစ်တုံး ပိတ်ဆို့နေသည်ကို တွေ့ရလေသည်။ ကျောက်တုံးကြီးသည် အပေါ်မှ ပြိုလဲ လိမ့်ကျပြီး ပိတ်ဆို့ နေခြင်း ဖြစ်ဟန်တူလေသည်။
ခရိတ်လည်း ရေအောက်ထဲမှ ငုပ်၍ ပြန်လှည့်လာခဲ့လေသည်။
" ပူဖိုး ... ပူဖိုး ... ရှင် ဘာမှ မဖြစ်ဘူးနော် "
အပေါ်မှ ဆယ်လီက လှမ်းအော်မေးလိုက်ရာ။ ခရိတ်က -
" ငါ .... အိုကေပါတယ်။ ဒါပေမဲ့ တွန်ဂါတာ ထင်တဲ့အတိုင်း မှန်တယ်။ ရန်သူက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲထားလို့ ဥမင် လိုဏ်ခေါင်းအ၀မှာ ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့နေတယ် " ဟု ပြန်အော်ပြော လိုက်သည်။
ထို့နောက် သူသည် အပေါ်သို့ ပြန်တက်လာခဲ့သည်။
" ကျွန်မတို့ ဘာလုပ်ကြမလဲဟင် "
ဆယ်လီက မေးသည်။
" လောလောဆယ်တော့ ငါတို့ ဒီဂူအတွင်းကထွက်နိုင်ဖို့ လမ်းတစ်ခုခု ရှိလိုရှိငြား လိုက်ရှာကြည့်ကြရမယ်။ ငါတို့ လူနှစ်ယောက်စီ နှစ်သုတ်ခွဲပြီး လိုက်ကြည့်ကြမယ်။ ကျောက်ကြိုကျောက်ကြား ထွက်ပေါက် လမ်းကျဉ်း၊ လမ်းဟောင်း တစ်ခုခုရှိမလားလို့ လိုက်ကြည့်ကြမယ်။ သူငယ်ချင်း တွန်ဂါတာနဲ့ ဆာရာတို့က ဘက်ထရီ မီးအိမ်တစ်ခုယူပြီး လက်ဝဲဘက်ကို လျှောက်လေ့လာကြည့်ပါ။ မီးကိုလည်း ဘက်ထရီ မကုန်အောင် တတ်နိုင်သလောက် လျှော့သုံးပါ "
ခရိတ်က ပြောလိုက်ပြီးနောက် လူနှစ်သုတ်ခွဲပြီး ဂူအတွင်း လျှောက်လေ့လာကြည့်ကြလေသည်။
နောက် သုံးနာရီခန့်ကြာသောအခါ သူတို့သည် မီးဖိုဘေးတွင် ပြန်ဆုံကြရာ ခရိတ်က ရှေးဦးစွာ သတင်းပို့ လေသည်။
" ကျုပ်တို့ဘက်က လျှောက်ကြည့်တော့ ဥမင်လိုဏ်ခေါင်းငယ်တစ်ခု တွေ့ရတယ်။ ကျုပ်က ၀င်ပြီး ကြည့်လိုက်တော့ ၀င်သွားကာစက အဆင်ပြေပေမယ့် အတော်လေးသွားမိတော့မှ လမ်းက ပိတ်နေ ပြန်တယ်။ သူငယ်ချင်းတို့ဘက်ကတော့ ဘာများ တွေ့သေးသလဲ "
ခရိတ်၏ စကားအဆုံးတွင် တွန်ဂါတာက ခေါင်းခါပြလေသည်။
" ဘာမှ မတွေ့ပါဘူးဗျာ။ နှစ်နေရာမှာတော့ လမ်းကျဉ်း ကလေးလိုလို ဖြစ်နေလို့ သေသေချာချာ ၀င်သွား ကြည့်တော့မှ ဘာလမ်းမှမရှိဘဲ ပိတ်နေတာပဲ တွေ့ရတယ်။
" ဒါဖြင့် ဘာလုပ်ကြမလဲ "
" လောလောဆယ်ဆယ် အစာနည်းနည်းပါးပါးစားပြီး ခဏ အနားယူကြမယ်။ တတ်နိုင်ရင် အိပ်ပျော်အောင် ကြိုးစား အိပ်ကြ။ ဒါမှ ကျုပ်တို့အားလုံး အားပြည့်ပြီး ဆက်အလုပ် လုပ်နိုင်ကြမယ် "
လက်ကျန် အစားအစာထဲမှ အနည်းငယ်စီ စားလိုက်ကြပြီးနောက် လဲလျောင်းအနားယူလိုက်ကြသောအခါ ခရိတ်သည် ပင်ပန်းလွန်း၍ပဲလား မသိ၊ ချက်ချင်းပင် အိပ်ပျော်သွားလေသည်။
သူ အိပ်ရာမှ ပြန်နိုးသောအခါ ဆယ်လီသည် သူ၏ ရင်ခွင်တွင် မှီ၍ အိပ်ပျော်နေရှာလေသည်။ သူမသည် အိပ်ပျော် နေရင်း ချောင်းခဏခဏ ဆိုးနေပေသည်။ အအေးမိထားသဖြင့် ချောင်းဆိုဟန် တူပေသည်။
ခရိတ်အဖို့မှာမူ အိပ်လိုက်ရ၍ အားအင်ပြန်ပြည့်လာလေသည်။ သူသည် ဆယ်လီ နိုးသွားမည်စိုး၍ မလှုပ်ရှားဘဲ အသာငြိမ်နေလိုက်သည်။
မီးဖို၏ တစ်ဖက်တွင်ကား တွန်ဂါတာသည် နှစ်ခြိုက်စွာ အိပ်ပျော်လျက် ဟောက်နေပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လျက်ရှိရာ အသံဆို၍ ကျောက်ဂူအပေါ်မှ စိမ့်ကျသည့် ရေတစ်စက် တစ်စက် ကျသံသာလျှင် ကြားနေရလေသည်။
ခရိတ်သည် နောက်အသံတစ်ခုကို သဲ့သဲ့မျှ ကြားရသဖြင့် ဂရုစိုက် နားစွင့်ထောင်ကြည့်လေသည်။ အသံက သူ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသည့် အသံမျိုးဖြစ်နေသည်။
အတန်ကြာကြာ နားစိုက်ထောင်ကြည့်တော့မှ အမှန်ကို စဉ်းစား၍ ရတော့သည်။ သူ သဲ့သဲ့မျှ ကြားနေ ရသော အသံကား ဂူအတွင်း၌ရှိသော လင်းဆွဲငှက်များ၏ အသံဖြစ်လေသည်။
သူတို့ ဤနေရာရှိ ပလက်ဖောင်း စင်မြင့်ကို စတွေ့ချိန်က လင်းဆွဲငှက်များရှိနေကြောင်းတွေ့ရှိခဲ့ရသည်ကို ယခုမှ ပြန်သတိရမိလေသည်။
အတန်ကြာသော် ခရိတ်သည် ဆယ်လိ၏ ဦးခေါင်းကို ညင်သာစွာမ၍ ဘေးသို့ အသာချထားလိုက်ရာ ကံအား လျော်စွာ သူမသည် မနိုးဘဲ ဆက်လက်၍ အိပ်ပျော်နေရှာသည်။
ခရိတ်သည် ဘက်ထရီ မီးအိမ်တစ်ခုကို ယူ၍ ပလက်ဖောင်း (စင်မြင့်) ရှိရာသို့ လျှောက်သွားလေသည်။ ဘက်ထရီက အားကုန်လုပြီဖြစ်၍ သူသည် လိုအပ်မှသာ မီးခလုတ်ကို ဖွင့်ကြည့်လေသည်။ ပလက်ဖောင်း စင်မြင့်ရှိရာသို့ ရောက်သောအခါ သူသည် မှောင်ထဲမှောင် ရပ်၍ အသံများကို နားစိုက်ထောင်နေလေသည်။
လင်းဆွဲငှက်များ၏ အသံသည် တောက်လျှောက် မြည်နေခြင်းမဟုတ်။ မြည်လိုက်၊ ရပ်လိုက် ဖြစ်နေသည်။ ရံဖန် ရံခါ အုပ်စုလိုက် တစ်ပြိုင်နက် အော်မြည်သံများ ကြားရပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ခရိတ်သည် ဘက်ထရီ မီးအိမ်ခလုတ်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ လက်ပတ်နာရီအရ ငါးနာရီထိုးနေပြီဖြစ် ကြောင်း တွေ့ရလေသည်။ သို့သော် န့နက်ငါးနာရီလား၊ ညနေ ငါးနာရီလားဟူ၍ ရုတ်တရက် ဝေခွဲ၍ မရချေ။
လင်းဆွဲငှက်များ ဤနေရာတွင် အသိုက်ပြုလုပ်နေကြပုံကို ထောက်လျှင်ကား အပြင်ဘက်တွင် အလင်း ရောင်ရှိနေလိမ့်မည်ဟု ခန့်မှန်းရပေသည်။
ခရိတ်သည် ထိုင်ချလိုက်ပြီး တစ်နာရီခန့် စောင့်ကြည့်နေလေသည်။ အတန်ကြာသော် လင်းဆွဲငှက်များ ဆူညံစွာ အော်မြည်သံ ကြားရပြန်သည်။ ငှက်ပေါင်းများစွာ တစ်ပြိုင်နက် အော်မြည်နေသံဖြစ်၍ အလွန် ကျယ်လောင်လှပေသည်။
ဤတွင် အချိန်ကို ခန့်မှန်း၍ သိရလေသည်။ လင်းဆွဲငှက်များသည် ညဘက်မှ အစာထွက်ရှာသော သတ္တ၀ါ များဖြစ်ရာ ယခု သူတို့ ဆူညံစွာ အော်မြည်နေပုံအရ အစာထွက်ရှာရန် ပြင်ဆင်နေကြောင်း ထင်ရှား နေသည်။ ဤအတိုင်းဆိုလျှင် အချိန်မှာ ညနေစောင်း နေ၀င်ဖျိုးဖျအချိန်ဖြစ်ရပေမည်။
လင်းဆွဲငှက်များ၏ အသံသည် တဖြည်းဖြည်း ဝေးကာ မျေးမှိန်သွားလေသည်။ ခရိတ်သည် လက်ပတ်နာရီ ကိုကြည့်လိုက် ပြန်သောအခါ ခြောက်နာရီခွဲပြီဖြစ်ကြောင်း တွေ့ရလေသည်။
ဂူအတွင်းမှ အစာရှာရန် ပျံထွက်သွားသော လင်းဆွဲငှက်အုပ်သည် ထွက်ပေါက်တစ်ခုခုမှ အပြင်ဘက် ကောင်းကင်ပြင် သို့ ထွက်သွားကြခြင်းဖြစ်ရမည်ဟု တွက်မိလေသည်။
ခရိတ်သည် ပလက်ဖောင်းစင်မြင့်ပေါ်မှနေ၍ အပေါ်သို့ လှမ်းကြည့်ရာ လင်းဆွဲငှက်များသည် စင်မြင့် တည့်တည့်ရှိ မီးခိုးပြောင်းတိုက်ကဲ့သို့ အပေါက်မှ ပျံထွက်သွားကြခြင်းဖြစ်ရမည်ဟုလည်း ခန့်မှန်းမိသည်။
သို့သော် အပေါ်ပိုင်း၌ မှောင်မည်းနေသဖြင့် အခြေအနေကို အတိအကျ အကဲခတ်၍မရပါချေ။ မီးခိုးပြောင်း တိုင်၏ အောက်ခြေဘေး နံရံများကတော့ ချောမွတ်နေသဖြင့် တွယ်တက်ကြည့်ရန် ကိုင်စရာဟူ၍ ဘာမှမရှိ သဖြင့် တွယ်တက်ရန် လက်လျှော့လိုက်ရသည်။
ခရိတ်က အပေါ်သို့ မော့ကြည့်ရင်း လေ့လာနေစဉ် တွန်ဂါတာက အောက်မှနေ၍ -
" ဘယ်လိုလဲဗျ၊ ဘာများ တွေ့နေလို့လဲ "ဟု လှမ်းအော်မေးလိုက်သည်။
" ဒီဂူထဲက အပြင်ဘက် ထွက်ဖို့ရာ ဒီတစ်လမ်းပဲ ရှိတယ်ထင်တာပဲ "
" ဘာလဲ မီးခိုးပြောင်းတိုင်ကတစ်ဆင့် တက်ဖို့လား။ ဘယ်နည်းနဲ့မှ တွယ်တက်လို့ ရမှာမဟုတ်ဘူးဗျ "
" ဒါပေမဲ့ လင်းဆွဲငှက်တွေက အဲဒီက တစ်ဆင့်တက်ပြီး အပေါ်ဘက်နားမှာ အသိုက်လုပ်နေကြတယ် "
" ဟာဗျာ လင်းဆွဲငှက်တွေမှာ ပျံဖို့ အတောင်ရှိတယ်ဆိုတာ စဉ်းစားဦးမှပေါ့။ ဒါထက် အပေါ်ရောက်ဖို့ဆိုရင် ဘယ်လောက် ဝေးသလဲ "
တွန်ဂါတာက မေးသဖြင့် ခရိတ်က -
" ခင်ဗျားကိုယ်တိုင် လာကြည့်လေဗျာ။ ကျုပ် မီးအိမ်က ဘက်ထရီကုန်လုပြီမို့ ခင်ဗျားရဲ့ မီးအိမ်ပါ ယူလာ ခဲ့ပါ"ဟု ပြန်ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား စင်မြင့်ပေါ်မှတစ်ဆင့် အပေါ်ဘက်သို့ လှမ်းကြည့်ကြလေသည်။
" ဘယ်လို သဘောရသလဲဗျ "
ခရိတ်က မေးလိုက်ရာ တွန်ဂါတာသည် မှောင်ထဲသို့ ကြည့်ရင်း -
" အတိအကျတော့ ပြောလို့မရဘူး။ ဒါပေမဲ့ မှောင်ထဲမှာ တစ်ခုခုတော့ ရှိတယ်ထင်တာပဲ။ ကျုပ်တို့ တွယ်တက် နိုင်ဖို့ တစ်ခုခု ရှိလိမ့်မယ်ထင်တယ် "ဟု ပြောလိုက်သည်။
" တစ်ခုခုရှိရင် အဲဒီနေရာကို ရောက်အောင် သွားနိုင်ဖို့ အရေးကြီးတယ် "
ခရိတ် က ပြောရင်း ဘက်ထရီမီးကို ပြန်ပိတ်လိုက်သည်။
" ဘယ်လိုလုပ်ပြီး ရောက်အောင်သွားမှာလဲ "
" မသိသေးဘူး၊ ကျုပ် စဉ်းစားနေတုန်းပဲ "
ဤတွင် နှစ်ယောက်သား ဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်ပြန်သည်။ မှောင်မိုက်နေသည့်ကြားမှ သူတို့ သည် ပခုံးချင်းထိလျက် နေကြလေသည်။
အတန်ကြာသောအခါ တွန်ဂါတာက -
" ဒီမယ် ခရိတ်၊ တကယ်လို့များ ကျုပ်တို့ အဲဒီနေရာက တစ်နည်းနည်းနဲ့ လွတ်မြောက်သွားခဲ့ရင် ခင်ဗျားလည်း ဒီစိန်တွေကို တချို့တစ်ဝက် ခင်ဗျားရဲ့ ဝေစုအဖြစ် ရသင့်ရထိုက်တယ်ဗျ။ ပြီးတော့ ... "ဟု ခပ်တိုးတိုး ပြောနေစဉ် ခရိတ်က စိတ်တိုလာဟန်နှင့် -
" တိတ်တိတ်နေစမ်းပါဗျာ၊ ကျုပ် စဉ်းစားနေတယ် " ဟု ပြန်ပြောလိုက်သည်။
သို့သော် ခဏမျှအကြာတွင် ခရိတ်ပင် စကားပြောလေသည်။
" ဒီမယ် သူငယ်ချင်း၊ သစ်သားလှေကားရဲ့ဘေးက သစ်သားပေါင်ကြီး ရှိတယ်မဟုတ်လား။ အဲဒီ သစ်သား ပေါင်ကြီး က တော်တော်ရှည်လေတော့ ကျုပ်တို့က ၀ါးလုံးရှည်သဘော အသုံးပြုပြီး ဟိုဘက် ချောက်နှုတ်ခမ်း ကို ရောက်အောင် သွားရင်ဖြစ်မလား မသိဘူး "
ဤသို့ပြောပြီး သူတို့သည် အလင်းရောင်ရရှိစေရန် မီးဖိုငယ်တစ်ခု ဖိုလိုက်ကြသည်။ ယင်းမီးဖို၏ အလင်း ရောင် တွင် ခရိတ်သည် သစ်သားလှေကား၏ ဘေးပေါင်များကို သေချာစွာ စစ်ဆေးကြည့်လေသည်။
သစ်သားပေါင်တစ်ခုသည် ခရိတ်၏ လက်ကောက်ဝတ်ခန့်တုတ်ပြီး အာဖရိကတိုက်မှ ဆင်နွယ်သစ်ဟုခေါ် သော အလွန်မာကျော တောင့်တင်းသည့် သစ်သားများဖြင့် ပြုလုပ်ထားကြောင်းတွေ့ရလေသည်။ သစ်သား ပေါင် ၏ အရှည်ကလည်း တစ်ဆယ့်ခြောက်ပေခန့်ရှိသည်။
ခရိတ်သည် သစ်သားပေါင်၏ အပေါ်ထိပ်တွင် နိုင်လွန်ကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်လိုက်ပြီးနောက်ကြိုးစကို အားပြုကာ ပလက်ဖောင်း စင်မြင့်ပေါ်သို့ ပြန်တက်လိုက်သည်။
သစ်သားပေါင်ကြီး မှာ နိုင်လွန်ကြိုးစဖြင့် တုပ်ချည်ထားပြီဖြစ်၍ တွဲလောင်းဖြစ်နေလေသည်။
" အခုအချိန်ထိတော့ လုပ်ရတာ လွယ်ကူပါတယ် "
ခရိတ်က ပြောလိုက်ခြင်းမှာ ရှေ့လျှောက် အလွန်ခက်ခဲစွာ အလုပ်ဆက်လုပ်ကြရတော့မည်ဟူသော အဓိပ္ပာယ်နှင့် ပြောလိုက်ခြင်းဖြစ်သည်။
သစ်သားပေါင်ကြီးကို သူတို့ အသုံးပြုရခြင်းအကြောင်းမှာ ပလက်ဖောင်းစင်မြင့်မှ ဂူ၏ အပေါ်သို့တက်နိုင် မည့် မီးခိုးပြောင်းတိုင်အပေါက်အောက် တည့်တည့်နေရာသို့ ဆယ်ပေခန့် ဝေးကွာနေသောကြောင့်ပင် ဖြစ် သည်။
အောက်တွင်လည်း အလွန်နက်သော ချောက်ကမ်းပါးကြီး ရှိနေသဖြင့် သူတို့သည် ပလက်ဖောင်းစင်မြင့်မှ သစ်သားပေါင်ကို ကြိုးတန်းသဖွယ် အသုံးချကာ အပေါ်ထွက်ပေါက်နေရာအောက် တည့်တည့်သွားရန် ကြိုးစား ကြံစည်နေခြင်းဖြစ်လေသည်။
ခရိတ်နှင့် တွန်ဂါတာတို့နှစ်ယောက်က ယောက်ျားသားများပီပီ ခွန်အားစိုက်ထုတ်လျက် မိန်းကလေးနှစ်ဦးက သစ်သားပေါင်ကြီးကို နိုင်လွန်ကြိုးဖြင့် အထပ်ထပ် ရစ်ပတ်ကာ ပလက်ဖောင်း စင်မြင့်မှ တစ်ဆင့် ဖြည်းဖြည်း ချင်း အပြင်ဘက်သို့ ရွှေ့ထုတ်ကြလေသည်။
ရည်ရွယ်ချက်ကား သစ်သားပေါင်၏ တစ်ဖက်အစွန်ကို ချောက်ကမ်းပါးတစ်ဖက်ရှိ ကျောက်တုံးတစ်ခုခုသို့ ရောက်အောင် တွန်းပို့ပြီး ခိုင်မြဲစွာ တန်းနေရန်ပင်ဖြစ်သည်။
ဤနည်းအားဖြင့် သစ်သားပေါင်က လူတစ်ယောက် သွားနိုင်လောက်အောင် ခိုင်ခံ့သော တန်းတစ်တန်း ဖြစ်လာစေရန်ပင်ဖြစ်လေသည်။
သူတို့သည် အထူးသတိထားလျက် သစ်သားပေါင်ကြီးကို တရွေ့ရွေ့ တွန်းထုတ်ကြရာ နှစ်ကြိမ်တိုင်တိုင် ချော်ထွက်ပြီး သစ်သားပေါင်ကြီးအောက်သို့ လွတ်ကျလုမတတ် ဖြစ်သွားသေးသည်။ သို့သော် လျင်မြန်စွာ ပြန်ဖမ်း လိုက်နိုင်ကြ၍ တော်သွားသေးသည်။
ထို့နောက် ဆက်လက်၍ စိတ်ရှည်လက်ရှည် ကြိုးစားကြပြန်သည်။
----------------------------------------
ဆက်ရန်
.

1 comment:
Thanks.
Ray
Post a Comment