လေဟာနယ်ဖြစ်သွားသောဘဝ
စိတ်ဓာတ်ကျစရာအဖြစ်မျိုးနှင့်ကြုံလျှင် မည်သို့ ထွက်ပေါက်ရှာမည်။ မည်သို့ကာကွယ်ရမည်ဆိုသည့် နည်းများ ကို ကျွန်တော် ငယ်ငယ် ကလေးကတည်းက သိခဲ့၏။ လေ့ကျင့်ခဲ့၏။
သို့သော် မီးဖိုခန်းထဲတွင် ပြောပြနေသော ရဲအရာရှိ၏ စကားလုံးများကို နားထောင်ပြီးသောအခါ ကျွန်တော့် တွင် မည်သည့်ထွက်ပေါက်မှမရှိတော့ကြောင်း၊ သဘောပေါက်လိုက်၏။ တကယ့်အဖြစ် အပျက်လား၊ အိပ်မက်နေတာလား၊ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်လမ်းတစ်ခုတွင် ကျွန်တော် နစ်မျောနေခြင်း လား။
ကိုယ့်ဘာသာကိုယ် ပြန်မေးနေသည့် ကျွန်တော့်ရင်ထဲမှ အသံတွေကြားနေရ၏။ ဘယ်မှာလဲ၊ ဘယ် လို ဖြစ်တာလဲ၊ အားလုံးဆိုတာဖြစ်နိုင်ပါ့မလား။
ရဲအရာရှိက ရက်ရက်စက်စက်လုပ်ကြံခံရခြင်းဖြစ်ကြောင်း ထုံ့ပိုင်းထုံ့ပိုင်း ပြောပြနေသည်။ သူ့လုပ်သက် ကာလ တစ်လျှောက်တွင် သည်မျှ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် အမှုအခင်း မတွေ့ဖူး ကြောင်း လည်း ပြော၏။
" ကျွန်တော်တို့ တရားဝင်မေးစရာကလေးတွေ ရှိနေသေးလို့ ရဲစခန်းကိုတော့ ဆရာခဏ လိုက်ခဲ့ဖို့ တောင်းပန် ပါတယ် ဆရာ "
" ကောင်းပြီလေ "
ကျွန်တော်ကားပေါ် အလိုလိုရောက်သွားသည်။ ဘာမျှ မခံစားရ။
" ဆရာ ဒီည သူငယ်ချင်းတစ်ယောက်ယောက်နဲ့ဖြစ်ဖြစ်၊ ဆွေမျိုးတွေအိမ်မှာဖြစ်ဖြစ်အိပ်ဖို့ ကျွန်တော်တို့ စီစဉ် ပေးရ မလား ဆရာ"
" နေပစေ၊ ကိစ္စမရှိပါဘူး "
ကျွန်တော် ဘယ်သူနှင့်မျွှ မတွေ့ချင်ပါ။ လောလောဆယ် တစ်ယောက်တည်းနေပြီး လက်ရှိအခြေ အနေနှင့် အဖြစ်အပျက်ကို စဉ်းစားရဦးမည်။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း နေခဲ့ရမှာလား သူတို့နှင့် အတူ လိုက်သေ ရမှလား ဆုံးဖြတ်ရမည်။
အရိုက်ခံထားရသည့် ကလေးတစ်ယောက်လို ရဲကားနောက်ခန်းတွင် ကျွန်တော် ခွေခွေခေါက်ခေါက် ထိုင်လိုက် လာ၏။ နောက်ဆုံး ကျွန်တော် စိတ်လျှော့လိုက်၏။ မျက်ရည်တွေ ပါးပေါ်စီးကျလာသည်။ ပြီးတော့ အော်ပြောလိုက်မိ၏။
" ဘာမှ မရှိတော့ဘူး။ ကျွန်တော့်မှာ ဘာမှမကျန်တော့ဘူးဗျ။ ကျွန်တော် အသက်ရှင်နေတော့ကော ဘာအဓိပ္ပာယ် ရှိမှာလဲ "
ကားပေါ်တွင်ပါလာသည့် ရဲအရာရှိနှစ်ယောက် ကျွန်တော့်ကို နှစ်သိမ့်စကားတွေ အမျိုးမျိုး ပြောလိုက် လာကြသည်။ သို့သော် သူတို့စခန်းကို အမြန်ပြန်ရောက်စေချင်နေမှန်း ကျွန်တော် သိနေပါသည်။
စခန်း ရောက်တော့ ကျွန်တော့်ကို အခန်းတစ်ခန်းထဲ ခေါ်သွားသည်။ အရာရှိနှစ်ယောက် ရောက်နှင့် နေသည်။ အက်ဒ်တင်ဂလေနှင့် ပေါ်လင်းစမစ်တို့ဖြစ်သည်။ သူတို့ကို အိပ်ရထဲမှ နှိုးပြီး ခေါ်လာပုံရ ၏။ သူတို့ နှစ်ယောက်သည် ကျွန်တော့်အတွက် နောင်တွင် အားကိုးရသည့် တိုင်ပင်ဖော် တိုင်ပင် ဖက်များ ဖြစ်လာကြ၏။
သူတို့အတူထိုင်ပြီး မိုးစင်စင်လင်းသည့် အထိ စခန်းမှူးလုပ်သူ၏ မေးခွန်းတွေကို ဖြေနေရ၏။ လင်းနှင့် ကျွန်တော့် အကြောင်း ကို ပြတ်တောင်းပြတ်တောင်း ကျွန်တော် ပြောပြနေသည်။ သို့သော် ကျွန်တော့် အသံကို ကျွန်တော်မကြားတစ်ချက် ကြားတစ်ချက် စိတ်နှင့် ကိုယ်တခြားစီဖြစ်နေ၏။
၃ နာရီလောက်ကြာတော့ ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ပြီး အခန်းထဲမှ သူတို့ထွက်သွား ကြသည်။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကျွန်တော် စိတ်မကူးတော့ပါ။ ရှေ့ဆက်လုပ်ရမည့်ကိစ္စတွေ တွေးမိတော့ ကျွန်တော် ရူးချင်သလို ဖြစ်သွားသည်။
ကျွန်တော်သည် အသူရာနက်သည့် ချောက်ကမ်းပါးထဲသို့ ကျသွားသူနှင့်တူ၏။ လုပ်နိုင်တာ ဘာမှ မရှိ၊ လုပ်စရာ ဘာမှ မရှိသလိုဖြစ်နေ၏။
ဖြစ်လာမည့် ကိစ္စ အရာအားလုံး အတွက် ကျွန်တော် စိတ်လျှော့ထားလိုက်သည်။
မနက် ၆ နာရီလောက်တွင် အက်ဒ်ပြန်ဝင်လာသည်။
" ဆရာ ဆရာ့ကလေးတစ်ယောက် အသက်ရှင်နေတုန်းပဲ လန်ဒန်ဆေးရုံ အထူးအရေးပေါ်အခန်းထဲမှာတဲ့ "
ကျွန်တော် ရောက်နေသည့် မှောင်မိုက်မိုက် တွင်းနက်ကြီးထဲသို့ အလင်းတန်းကြိုးတစ်ချောင်း ထိုး ကျလာခြင်း ဖြစ်၏။ ကျွန်တော့်မျိုးဆက်သွေးတစ်ယောက် ရှင်ကျန်နေသေးသည်တဲ့။
ရဲက ကျန်ရစ်သည့်ကလေးမှာ အငယ်လား၊ အကြီလားသိချင်နေသည်။ အက်ဒ် ကျွန်တော့်ကို ကလေး တွေ၏ ပုံသဏ္ဍာန်ကိုမေးတော့ ဂျိုစီ က ဆံပင်ပိုရှည်ပြီး မီဂန်က သူ့အစ်မလောက် မရှည် ကြောင်း ကျွန်တော် ပြောပြလိုက်သည်။
သူချက်ချင်းဆေးရုံကို ဖုန်းဆက်သည်။ ဆေးရုံအထူးအရေးပေါ်အခန်းထဲမှ ကလေးမှာ ဆံပင်တိုတို နှင့်ဟုသိရ၏။
အက်ဒ်နှင့် ကျွန်တော် လန်ဒန်ဆေးရုံကို လိုက်တော့ မနက် ၉ နာရီထိုးလုနေပြီ။ ဇူလိုင်လဖြစ်၍ ကားပေါ် တွင် ပူလောင်အိုက်စပ်နေသည်။
တစ်ရေးမျှ မမှေးရသေးသဖြင့် ခေါင်းတွေ အုံခဲနေ၏။ ၀တ်ထားသည့် အ၀တ်တွေက ၂၄ နာရီကြာ ခဲ့ပြီမို့ ချွေးတွေရွှဲပြီး နံစော် နေပြီထင်၏။
ဘုရင့်ကောလိပ်ဆေးရုံရောက်တော့ ကျွန်တော်တို့ကို အထူးအရေးပေါ်အခန်းထဲကို တန်းခေါ်သွား သည်။ မှန်တံခါး ကို ဖြတ်သန်းပြီး အတွင်းဘက်ကို ကျွန်တော်ကြည့်လိုက်သည်။ တာဝန်ကျ ဆရာဝန်ဆရာမတွေ လေသံ တိုးတိုးဖြင့် တိုင်ပင်နေကြ၏။
ဆရာမတစ်ယောက်ထွက်လာပြီး အတွင်းခန်းသို့ ကျွန်တော်တို့နှစ်ယောက်ကို ပို့ပေးသည်။ ခုတင် တစ်လုံး ကို လက်ညှိုးထိုးပြ၏။
ခုတင်ပေါ်တွင် ပြွန်အမျိုးမျိုး၊ ပိုက်အမျိုးမျိုးနှင့် ရှုပ်ယှက်ခတ်ကာ တိတ်တွေ၊ ပတ်တီး၊ ၀ါယာကြိုးတွေနှင့် စည်းနှောင် ထားသော အရာတစ်ခု။ ညိုမည်းရောင်ကိုင်းနေသော မျက်နှာကလေးမှာ ပုံပန်းပျက်နေပြီ။ နှာခေါင်းတွင် အောက်ဆီဂျင်ပိုက်တန်းလန်းနှင့်။ သို့သော် ချက်ချင်းကျွန်တော် မှတ်မိလိုက်သည်။ အနားရောက်ရောက်ချင်း ကျွန်တော် အော်လိုက်သည်။ "အဲဒါ ဂျိုစီ"
ခွဲစိတ်ဖို့ အတွက် သူ့ဆံပင်တွေကို ဖြတ်ပစ်လိုက်သည်။ အချို့နေရာများတွင် ရိတ်ထားသည်။ သည် အတွက် မီဂန် ဟု ထင်လိုက်ခြင်းဖြစ်၏။
သမီးကလေးကို ကြည့်လိုက်သည်။ ကျွန်တော့်နှုတ်ခမ်း ပြုံးယောင်သမ်းသွားပြီး မျက်ဝန်းထဲတွင်မူ မျက်ရည် တွေ ပြည့်လျှံလာသည်။
ကျွန်တော် ဆက်လက်အသက်ရှင်ရတော့မည်။ ဂျိုစီ၏ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်အပြည့်နှင့်။ သို့သော် အသက်တော့ ရှူနေသေးသည်။ ဤသည်ကပင် ကျွန်တော့်အတွက် တအားဖြစ်နေ၏။
သူ့ကို ကိုင်ကြည့်ချင်သည်။ သို့သော်မထိရဲပါ။ သူ့ခန္ဓာကိုယ်ကလေးမှာ ပင့်ကူအိမ်ထဲတွင်မိနေသည့် ပိုးကောင် ကလေးတစ်ကောင်နှင့်တူနေ၏။
တာဝန်ခံဆရာဝန်ကြီးက ဂျိုစီ့အသက်ရှင်ရေး၊ မရှင်ရေးကို အာမခံချက်မပေးနိုင်ပါ။ ဦးခေါင်းကို အရိုက် ခံရသည့် ဒဏ်ရာက ပြင်းထန်လှသည်။ ဦးနှောက်နေရာပေါင်းများစွာကို ထိခိုက်သွား၏။ အကြိမ်ကြိမ် ဦးခေါင်းကို ခွဲစိတ်ရမည်။
ကျနော် လုပ်နိုင်တာ ဘာမျှမရှိပါ၊ စောင့်ကြည့်ရုံမှ တစ်ပါး အခြားမရှိပြီ ကန်တင်းမှာ လက်ဖက်ရည် သောက်ရင်း အက်ဒ် က ကျနော့် ကို ရှင်းပြနေသည်။ မိန်းမ နှင့် ကလေးတွေကို အပြတ် ရှင်းသည့် လူသတ်မှု့ ပေါင်း များစွာတွင် ယေက်ကျားလုပ်သူ ပါဝင် ပတ်သက်သည် က များ၍ ရဲတွေ ကျနော့် ကို ထုံးစံ အတိုင်း မသင်္ကာ ဖြစ်နေကြသည်တဲ့၊ သို့သော် သည်ကိစ္စ မကြာခင်ရှင်း သွားမည့် အကြောင်း ပြောပြီး နှစ်သိမ့် ပါသည်။
ကျနော့် မိသားစုအသတ်ခံရမှု့တွင် ကျနော် ပါဝင်ပတ်သက်နေသည်ဟူသည့် သတင်း ထွက်လာသော အခါ လူတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ပြီးတော့ ကျနော် အနေဖြင့် မည်သို့ ခံစားနေရမည် ကို သူတို့သိချင်နေကြ၏။
သို့သော် ကျနော် ဘယ်သူ့ကိုမျှ ရှင်းပြချိန်မရှိပါ ရှင်းပြဖို့ကို ကျနော် စိတ်မဝင်စားတော့ပါ သည့်ထက် အရေးကြီးသည့်ကိစ္စတွေက အပုံအပင် မဟုတ်လား။
လင်း၏ မိဘတွေနှင့် ဆက်သွယ် ရဦးမည် သို့သော် ကင့်ကို ကျနော် အမြန်ပြန်သွားရမည်တဲ့။ ရဲက မေးစရာ တွေရှိသေးသည်တဲ့။
ကင့် ကို ပြန်ရောက်ပြီး အစစ်ဆေးအမေးပြန်ခံရင်း ကျနော် စိတ်ကို ထိန်းနိုင်လာသည်။ တည်တည် ငြိမ်ငြိမ် ဖြစ်လာသည် ထိုစဉ်တွင် လင်း၏ မိဘများ ဖြစ်ကြသော ပီတာနှင့် အာနီကိုကျနော် ဖုန်းဆက်ပြီးဖြစ်၏။ ပီတာ့အသံကို ကြားလိုက်ပြီး ကထဲက အမင်္ဂလာ သတင်းကို ယောက္ခမကြီး ကြားပြီး နေပြီဟု ကျနော်သိလိုက်၏။ ဘယ်လိုလေသံ ဖြင့် သည်သတင်းကို သူတို့ ဆီပေးရမည် ပို့ရမည်ကို ကျနော် ကောင်းကောင်းသိပါသည်။
သို့သော် ကျနော် မအောင်မြင်ခဲ့ပါ။ ယောက္ခမကြီးကို ဘယ်လိုစကားလုံးမျိုးနှင့်မျှ ကျနော် နှစ်သိမ့် စကား မဆိုနိုင်ခဲ့ပါ။ သူပြောနေသည့် စကားသံ က သူခန္ဓာကိုယ် အတွင်းတွင် ဘာမှ မကျန်တော့ သလို။
နောက်ဆုံး ဘယ်လိုမှ တရားချလို့ မရနိုင်သည့် အဆုံးတွင် ဂျိုစီ အကြောင်း တိုးတက်လျှင် တိုးတက် သလို ကျနော် ဖုန်းဆက်ပါမည့် အကြောင်း လာကြည့်မည့်အကြောင်း ပြောလိုက်ရသည်။ သူကလည်း အခြေအနေ ပေးသည်နှင့် ဂျိုစီ ကို လာကြည့်မည့်အကြောင်း ပြောရှာသည်။
ကျနော့်ဘဝတွင် ရှိရှိသမျှ အားလုံးနီးပါးဆုံးရှုံးသွားချိန်တွင် ကျနော့်နည်းတူ ဆုံးရှုံးလေ သူတစ်ဦး အား တရား နှင့် ဖြေဖို့ ပြောရသည့် ကိစ္စမှာ အလွန် မလွယ်သည့် ကိစ္စဖြစ်ပါသည်။
ကင်တာဘာရီ ကို ပြန်ရောက်တော့ ရဲစခန်းတွင် ကျနော်နှင့် လင်းတို့၏ ဖြစ်ကြောင်းရယ် မှ ကုန်စင်ကို ကျနော် အသေးစိတ် ဇာတ်ကြောင်းပြန်ရသည်။ ထိုစဉ် လန်ဒန်ဆေးရုံမှ သတင်းရောက်လာ၏။ ဂျိုစီ ကို ခွဲစိတ် ပြီးပြီတဲ့၊ ထိန်းနိုင်သည့် အဆင့်ကို ရောက်လာပြီတဲ့။
သတင်းစာတိုက်သတင်းထောက်တွေ တီဗွီသတင်း အဖွဲ့တွေ သည်နောက်ကို အသေအလဲ လိုက်နေ ကြ၏။ သတင်းမှာ မျက်နှာဖုံး အထူးသတင်း ဖြစ်နေသည်။.ကျနော် ထွက်ပြေးနေရပြီ။ မြို့ထဲမှ ဟိုတယ် ကလေး တစ်ခုတွင် အခန်းယူပြီး ပုန်းနေရ၏။
စိတ်ဓါတ်ကျကျဖြင့် အိပ်ရာထဲ လှဲနေစဉ် တယ်လီဖုန်း ဝင်လာသည်။ အမေရိကန် တွင် ရောက်နေသည့် လင်း၏ သူငယ်ချင်း ဆက်လာခြင်းဖြစ်၏။ အမင်္ဂလာသတင်းကို ကြားပြီးပြီးချင်း သူလန်ဒန်ကို လာဖို့ ပြင်ဆင် နေပြီတဲ့။
ဘ၀တွင် အဖြစ်အဆိုးဆုံးနေ့သည် ဤတွင်မှ ရပ်တော့၏။ သို့သော် ကျွန်တော်၏အဖြစ်သည် တည်ငြိမ်မှု ရလုဆဲဆဲ မှ စိတ်ရောကိုယ်ပါ နက်ရှိုင်းစွာ ခံစားရမည့် ထိတ်လန့်တုန်လှုပ်စရာအဖြစ် သို့ ရုတ်ခြည်း ပြောင်းလဲ သွားလေသည်။
ကျွန်တော်နှင့် အကျွမ်းတ၀င်မရှိသည့် ပတ်ဝန်းကျင်။ ကျွန်တော် မခံစားဖူးသည့် ဖိစီးမှု၊ ကျွန်တော့် အတွက် အလွန်စိမ်းသည့် အလောတကြီးလုပ်ဆောင်စရာများ။
ခါတိုင်းဆိုလျှင် လင်း သည် ကျွန်တော့်အနားမှ ကျောက်ဆောင်တစ်ခုဖြစ်၏။ ခုတော့ ကျွန်တော့်ဘာသာ မားမား မတ်မတ် ရပ်တည်ရတော့မည်။
ပထမဦးစားပေးမှာ က ကီလိုမီတာ ၁ဝဝ အကွာရှိဆေးရုံမှ သတိမေ့နေသည့် သမီးကလေး ဂျိုစီ ဖြစ်ရ မည်။
ထိုည တွင်လည်း ကျွန်တော် ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။
ဆက်ရန်
.
5 comments:
မမရွှေစင်...
နောက်တစ်ပုဒ်ဆိုရင်တော့ ဇာတ်သိမ်းပိုင်းထင်တယ်နော်။ စိတ်ဝင်စားစရာကောင်းတယ်။ မြန်မြန်တင်နော် အမ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားစွာနဲ့ ဖတ်သွားပါပြီ ဆရာမရေ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
မြန်မြန်လာဖတ်သွားတယ် အစ်မရေ
ဆက်ရန်ကိုမျှော်နေမည်နော်
ဖြစ်သင့်ပါတယ်လေ။
ဘယ်သူမဆို ရူးသွားနိုင်လောက်ပါတယ်။
အခုတော့ ဂျိုစီက သူ့အတွက် မြက်ပင်လေး တစ်နွယ်ပေါ့။ တအားပေါ့။
မျှော်လျှက်..
Wow~
မ ...အရှိန်အတော်တက်နေပြီ
မျှော်နေမယ်နော်
:))
Post a Comment