Saturday, October 9, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၂၉)

ကျေးသားလေး သည် မေမေခင် ထွက်သွားပြီးမှ သေသဖြင့် လှောင်အိမ်ဖွင့်ပြီး ခြံထဲလွှင့်ပစ်လိုက်သည်ဟု ဆိုသည်။ ယခု ပိန္နဲပင်ကြီးဆီမှ မေမေခင် သီဆိုနေကြတေးသံသည် မေမေခင် သီဆိုခဲ့သည့် အသံ အနေအထားအတိုင်း အဆွဲအငင် အနိမ့်အမြင့်အတိုင်း သီဆိုသံ ထင်ရှားပြတ်သားစွာ ပေါ်လာသည်။
”မြရေ မြ---- ခင့်ကို သူတို့”

ဟူသော မေမေခင်၏ အားကိုးသံ တမ်းတသံ တစ်ပိုင်းတစ်စ ပေါ်လာသည်။ အိမ်ပေါ်မှာနေသော  လူလေးယောက် တို့၏ အမူအရာ ကလည်ူးပျက်နေသည်။ ဒေါက်တာမြသွင်အေးကိုပင် ရန်သူလို သဘော ထားသော ရန်မူလိုသော အသွင်သဏ္ဍာန်များ  ပြကြသည်။ ဤအချက်အလက်များသည် မည်ကဲ့သို့ သဘော အဓိပ္ပာယ် သက်ရောက်လေ သနည်း။ မေမေခင်ကို သူတို့ သတ်ပြီူး ပိန္နဲပင်ကြီး အောက်မှာ မြှပ်နှံ ဖျောက်ဖျက် ထား၍ မေမေခင့် ၀ိညာဉ် လူ့ဘ၀က သူငယ်ချင်းကို အားကိုးစွာဖြင့် တမ်းတ အသိပေး လေသလား။

မေမေခင့်ဝိညာဉ်က တိုင်ကြားသည်ဟု အကြောင်းပြကာ မောင်မောင်မျိုးတို့ လေးယောက်ကို လူသတ်မှု့ ဖြင့် စွဲလျှင် ဒေါက်တာမြသွင်အေးကို ဆရာဝန်ရင့်မကြီး တစ်ယောက်အဖို့ ၀ိညာဉ်လောကသား သက်သေ က တရားဝင်သည် မဟုတ်ဘဲ လူရယ်စရာကြီးသာ ဖြစ်နေပေလိမ့်မည်။ အကယ်၍ လူရယ်မည်ကို ဂရုမစိုက် ဘဲ စွဲမြဲသော ယုံကြည်မှုဖြင့် တရားစွဲလျှင် အကယ် လူသတ်မှုဖြစ်နေလျှင်ကား မထောင်းတာ၊ မေမေခင့်က အမှန်တကယ် မသေဘဲ မောင်မောင်မျိုးပြောသည့်အတိုင်း စိတ်ဆိုး ထွက် သွားခြင်း ဖြစ်နေခဲ့လျှင် မောင်မောင်မျိုးတို့ လေးယောက်က သူ့ကို ပြန်လည်အရေးယူ တရားစွဲနိုင်သော ဥပဒေက ရှိနေချေသည်။

သူလို သိပ္ပံပညာရှင် အမျိုးသမီးဆရာဝန်ကြီးသည် လူတစ်ဖက်သားကို ဂုဏ်သရေပျက်အောင် မဟုတ်မမှန် စွပ်စွဲတတ်သည်၊ တစ္ဆေသရဲကို အယူသည်းသည်၊ လီဆယ်မှု ဂုဏ်သရေ ဖျက်ဆီးမှုဖြင့် တရား စွဲခံနေရသည် စသည့် နာမည်ဆိုးတွေ၊ ဘွဲ့ဆိုးတွေ တပ်ခြင်းခံရမည့် အရေးကလည်းရှိသေးသည်။ အရေး အကြီးဆုံး ကား မေမေခင့်သည် ရှင်လျက်သော် လည်းကောင်း၊ သေလျက်သော်လည်းကောင်း၊ ဘယ်ဆီမှာ ရှိနေမည်ကို ဒေါက်တာမြသွင်အေးသည် အပူအပြင်း သိလိုသော ဆန္ဒက ကြီးမားစွာ ပေါ်လာ သည်။

”ခင်ရေ----- ဘယ်နေရာ ရောက်နေလဲကွယ်၊ ခင် သေလေသလား ရှင်လေသလား မြ သေသေချာချာ သိချင် လိုက်တာနော်၊ အရေးထဲကျကာမှ ကိုမင်းဇင်ကလဲ အရေးကြီးတဲ့ အမှုတစ်ခုအတွက် ခရီးထွက်နေ ရတာ နှစ်ရက်ရှိပြီ ပြောတယ်၊ ဒီနေ့ ပြန်ရောက်လာရင် သိပ်ကောင်းမှာ၊ တယ်လီဖုန်း ဆက်ကြည့် လိုက်ဦး မယ်လေ”
ဒေါက်တာ မြသွင်အေးသည် တစ်ကိုယ်တည်း ညည်းညူနေရာမှ မောင်မင်းဇင် ပြန်ရောက်သည် မရောက်သည် ကို သိရအောင် တယ်လီဖုန်း ဆက်ကြည့်လိုက်သည်။ အံအားလျော်စွာပင်--
”မြလား-- မောင် အခုပဲ ပြန်ရောက်လာ လို့ ထိုင်အောင် မထိုင်ရသေးဘူး ဖုန်းမြည်လာတာနဲ့ ကပျာကသီ ကောက်ကိုင် လိုက်ရတာ”
ဟူသော မောင်မင်းဇင်၏အသံကို အားတက်စဖွယ် ကြားလိုက်ရသည်။

”မောင် ဘယ်မှာမသွားနဲ့  အခုချက်ချင်းမြ လာခဲ့မယ်---သိပ်အရေးကြီးတယ် မောင် စောင့်နေ------”
ဒေါက်တာမြသွင်အေးက တက်သုတ်ရိုက်ပြောပြီး တယ်လီဖုန်းကို ချလိုက်သည်။ အိမ်အောက်သို့ ဒရော သောပါး ဆင်းပြေးပြီး ဂျစ်ကားကို အရှိန်ပြုင်းပြင်း မောင်းထွက်လာခဲ့သည်။
မောင်မင်းဇင်သည် စိုးရိမ်ပူပန်သောအသံဖြင့် တယ်လီဖုန်းထဲက ကြားရသော ဒေါက်တာမြသွင်အေး၏ မှာထားချက် ကြောင့် အံ့သြစိတ်၊ သိလိုစိတ်ဖြင့် စောင့်နေသည်။ ဒေါက်တာမြသွင်အေး ရောက်လာသော အခါ ချစ်သူ အချင်းချင်း ယုယကြင်နာ ပီယ၀ါစာတွေ မဆိုနိုင် မပြောနိုင်ကြဘဲ---
”ဘယ်လိုဖြစ်တာလဲ မြ--”

ဟု မောင်မင်းဇင်က ဆီးမေးသည်ကို ဒေါက်တာမြသွင်အေးက မေမေခင်အိမ်မှာ သူ ကြုံခဲ့ရများကို တစ်ခု မကျန် ပြန်ပြောပြပြီး---
”မြ ခရီးသွားနေခိုက် ခင့်ဆီကို မောင် ဖုန်းမကြာခဏ ဆက်ကဲ့လား--” ဟု မေး၏ ။

မောင်မင်းဇင်သည် ဒေါက်တာမြသွင်အေး ပြောပြသည်များကို စူးစိုက်စွာ သေသေချာချာ နားထောင် နေရာမှ-----
”နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ မောင် ဖုန်းဆက်တယ်၊ ခင့်အသံ နဲ့ပဲ ပြန်ထူးတယ်၊ မြနဲ့ သူနဲ့ တိုင်ပင်တာ တွေရော၊ သူ့ခင်ပွန်း၊ သူခဲအိုနဲ့ ပတ်သက်တဲ့ အကြောင်းတွေရော ပြောပြတယ်”
”ဒါဖြင့် ခင် ပျောက်နေတာ နှစ်ရက်ရှိပြီ ဆိုတဲ့ မောင်မောင်မျိုးကား အမှန်သားပဲ ၊ ဒါပေမဲ့ ခင် ပျောက် နေတာ သူတို့ပယောဂလို့ မြထဲမှာ ထင်နေတယ်၊ မောင် ဘယ်လိုသဘောရလဲ”
”အချိန်ဆွဲနေလို့ မဖြစ်ဘူး မြ---- သူတို့ အမူအရာတွေနဲ့ သူတို့အိမ်ဝင်းထဲ ပိန္နဲပင်ကြီးဆီက ထွက်လာတဲ့ အသံ ကြောင့် စိတ်မလုံဘဲဖြစ်ပြီး တခြားကို ပြောင်းပြေးသွားဦးမယ်၊ ဒီကိစ္စ မြန်မြန်စုံစမ်းမှ ဖြစ်မယ်”
”ဒီအမှုမှာ မြက ဘယ်နေရာပါရမလဲမောင်”

”ပြောမယ်လေ” မောင်မင်းဇင်က ပြောပြီး လိုအပ်သည့် ဆောင်ရွက်ဖွယ်များ အားလုံးကို အဆင့်သင့် ဖြစ်အောင် ဆောင်ရွက်ပြီးသောအခါ ရဲဋ္ဌာနမှ ခေါ် သင့်ခေါ်ထိုက်သော သူများကို ယူဆောင်သင့်သည့် လက်နက် နှင့် တကွ ဒေါက်တာမြသွင်အေးကိုပါ ခေါ်ပြီး မေမေခင် နေအိမ်ရှိရာ လာခဲ့ကြသည်။
”မနက်က သူတို့ဆီက မြ ရောက်ခဲ့သော ဆယ်နာရီလောက်မှာပေါ့၊ အခု ဆယ့်နှစ်နာရီ ခွဲပြီးပြီ  ဒီလောက် အချိန် ကလေး အတွင်းမှာ ပြေးရင်လဲ တော်တော်လျင်တဲ့ လူတွေလို့ ဆိုရမယ်”
ဒေါက်တာမြသွင်အေးက ပြော၏ အိမ်ကြီးကို လှမ်းမျှော်ကြည့်အကဲ ခတ်သောအခါ လူတွေ ရှိနေသေး သည်ကို တွေ့ရသည်။ အိမ်ရှေ့မှာကား အငှားမော်တော်ကား တစ်စီး ရပ်ထားသည်ကို တွေ့ရသည်။
”သွားကြတော့မယ် ထင်တယ် အကုန်လုံး သွူားကြမှာလား နောင်ဘုရား ဆိုတာကြီး တစ်ယောက်ထဲ သွားကြ မှာလား နောင်ဘုရား ဆိုတာကြီး တစ်ယောက်ထဲ သွားမှာလား မသိဘူး”

ဒေါက်တာမြသွင်အေးက တဲီးတိုးရေရွတ်လိုက်၏ မောင်မင်းဇင်က သူခေါ်လာသော ရဲသားများအနက် သုံးယောက်ကို ကြိုတင်စီစဉ်လာသည့်အတိုင်း ၄င်းခြံနောက်ဘက် မလွယ်ပေါက်ရှိရာသို့ ခြံဘေးမှပတ်ပြီး အရောက် သွားကာ လုံခြုံသော အကာအကွယ်ယူပြီး အိမ်ါကြီးထဲမှ လူအ၀င်အထွက်ကို စောင့်ကြည့် စေသည်။ ရဲသား နှစ်ယောက်ကို အိမ်ရှေ့ဝင်းတံခါး တစ်ဖက်တစ်ချက်စီမှာ စောင့်စေသည်။ မောင်မင်းဇင် ကမူ သူနှင့်အတူပါလာသော ရဲအရာရှိ တစ်ယောက်နှင့် ရဲသားတစ်ယောက်ကို လည်းကောင်း ၊ ဒေါက်တာ မြသွင်အေး ကို လည်းကောင်းခေါ်ကာ အိမ်ကြီးဆီသို့ လာခဲ့ကြသည်။

ဆင်ဝင်အောက် သို့ရောက်၍ အငှားကားပေါ်သို့ လှမ်းကြည့်လိုက်သောအခါ ကားပေါ်တွင် သေတ္တာ အိပ်ရာလိပ် တွေကို တွေ့ရ၏။
”ဒါ ဘယ်က ပစ္စည်းတွေလဲ”
မောင်မင်းဇင် က မေးသောအခါ ကားမောင်းသူက ဖြေ၏။
ဒီအိမ် က အငှားခေါ်လို့ ကျွန်တော် လိုက်လာတာပါ အိမ်ပေါ်က လူတွေပစ္စည်းပါ”
”ဘယ်ကို သွားဖို့လဲ ”ဘူတာရုံကိုပါ

ကားမောင်းသူနှင့် မောင်မင်းဇင်တို့ မေးဖြေနေကြစဉ် မောင်မောင်မျိုးနှင့် မိမိလေး တို့ အိမ်ပေါ်က ဆင်းလာ ကြသည်။ သူတို့နှစ်ယောက်လုံး သစ်လွင်လှပစွာ ၀တ်စား ဆင်ယင်ထားကြ၏။ မောင်မောင်မျိုး က ဒေါက်တာမြသွင်အေးကို တွေ့သောအခါ မနှစ်မြို့သော အကြည့်ဖြင့် မျက်မှောင်ကုတ်ကြည့်ပြီး ပြောသည်။
”သြော်--ခင်ဗျား ရောက်လာပြန်ပြီကိုး မေမေခင် မရှိပါဘူး ဆိုတာ ခင်ဗျား မေ့သွားပြန်ပြီထင်တယ်”
”ဒေါက်တာမြသွင်အေး က မောင်မောင်မျိုးစကားကို အရေးမစိုက်ဟန်ဖြင့် လှည့်၍ ပင်မကြည့်ချေ။ မောင်မင်းဇင် က သတိတုံ့ပြန်သည်။
”ခင်ဗျား တို့ ခရီးထွက်ကြမယ်လို့လား”

 ကျွန်တော်အစ်ကိုနဲ့ နောင်ဘုရား ခရီးထွက်မှာပါ ကျွန်တော်နဲ့မမမိက ဘူတာရုံပဲ
သို့သော် ကားပေါ်က ပစ္စည်းတွေ့က သေတ္တာ လေးလုံးနှင့်အိပ်ရာလိပ် လေးလိပ် ဖြစ်နေသည်။ ထိုအခိုက် နောင်ဘုရား နှင့် ကိုအောင်စိုးကဣနြေ္ဒရရ တည်ငြိမ်သိမ်မွေ့စွာ အိမ်ပေါ်က ဆင်းလာကြသည်။ သူတို့ နှစ်ယောက် သည် မောင်မင်းဇင်တို့ကို မည်သို့မှ မသက်ဆိုင်သည့် သဘောမျိုး ဖြင့် လှည့်စောင်း၍မှ မကြည့်ကြဘဲ ကားပေါ်တက်ကြသည်။ မောင်းမင်းဇင်က မတားမြစ်ဘဲ ကြည့် နေသည်။ မောင်မောင်မျိုး နှင့် မိမိလေး တို့ကပါ တက်ကြသည်။ လေးယောက်လုံး ကားပေါ်ရောက် သွားသောအခါမှ မောင်မင်းဇင် က ကားမောင်းသူ ကို လှမ်းပြောလိုက်၏။

"ဒီမှာ---ကားဆရာ ခင်ဗျားကားကို စက်မနှိုးနဲ့၊ ကားသော့ပါယူပြီး လွယ်တဲ့နေရာမှာ ခဏရှောင်နေ လိုက် စမ်းပါ"
ရဲယူနီဖောင်းနှင့် လူတွေဝင်လာပြီး မေးမြန်းစကပင် ကားမောင်းသူ စိတ်ထဲမှာ မသန့်မရှင်း ဖြစ်နေ ခဲ့ရာ ယခု ကဲ့သို့ ပြောသောအခါဝယ် အကင်းပါးသော ကားဆရာသည် ကားပေါ်မှ လျင်မြန်ဖျတ် လတ်စွာ ခုန်ချပြီး ခပ်ဝေးဝေး တစ်နေရာမှာ သွားရပ်နေသည်။ ခြံဝင်းနောက်ဘက် မလွယ်ပေါက်မှ ရဲသား သုံးယောက် နှင့် ခြံဝမှ ရဲသားနှစ်ယောက်က တစ်ပြိုင်တည်းလိုပင် ရောက်လာကြ၏။ ရဲသား ငါးယောက် က မော်တော်ကားကို ၀ိုင်းထားလိုက်ကြ၏။

"ခင်ဗျားတို့ ဘာလုပ်ကြတာလဲဗျ"
မောင်မောင်မျိုး က နားမလည်ဟန်၊ အံ့အားသင့်ဟန်ဖြင့် မေးပြီး ကားပေါ်က ဆင်းမည့်ဟန်ပြင် သည်။
"ခင်ဗျား တို့ နေရာမပျက်ပါနဲ့၊ နေမြဲတိုင်း နေရာမှာ ငြိမ်ငြိမ်သက်သက်သာ နေကြပါ။ နည်းနည်းပါး ပါး မေးစရာရှိလို့ပါ"
မောင်မင်းဇင် က ပြောသောအခါ ကိုအောင်စိုးက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် မောင်မင်း ဇင်ကို ကြည့်နေသည်။ နောင်ဘုရားကမူ ကြည်ညိုချင်စဖွယ် စက္ခုအိနြေ္ဒကိုထိန်းပြီး မည်သူကိုမှ မ ကြည့်ဘဲ လက်ထဲက စိပ်ပုတီးကြီးကိုသာ မှန်မှန်စိပ်နေသည်။ သူ့မျက်နှာက မောင်မင်းဇင်ဘက် မလှည့် ဘဲ တခြားဘက် လှည့်နေသည်။ မိမိလေးကမူ စိတ်တိုဟန်ဖြင့် ချောမောလှပသော မျက်နှာ ကို ခပ်မှုန်မှုန် ထားကာ စကားပြောလိုက်သည်။

''မောင်တို့ သွားဖို့ရာ ရထား မမီဘဲ နေတော့မှာပဲ၊ မေးစရာကိစ္စက ဘယ်လိုများ အရေးကြီး နေပါ သလဲ ရှင်.. ''
''ဟုတ်ကဲ့ နည်းနည်းတော့ အရေးကြီးပါတယ်''
''ကဲ.. မေးပါရှင်၊ မြန်မြန်မေး မြန်မြန်ဖြေပြီး မြန်မြန်သွားခွင့် ပြုပါ.. ''
''မေးပါမယ်လေ၊ နောင်ဘုရားဆိုသူကလဲ ကျွန်တော်တို့ဘက် လှည့်ပါဦးခင်ဗျ၊ မျက်နှာစုံညီ မေးရတာက ကောင်းတာပေါ့''

မောင်မင်းဇင် စကားကြောင့် နောင်ဘုရားက မငြင်းမဆန် လှည့်လာသည်။ ပန်းရင့်ရောင် ပိုးလုံချည်၊ ဖြူဆွတ် သော အင်္ကျီ၊ သျှောင်တစောင်း ဆံမြိတ် ကွင်းချထုံးထားပြီး ပန်းရောင် ပိုးပ၀ါကို မင်းသားပေါင်း ပေါင်း ထားသည်ဖြစ်ရာ နောင်ဘုရား၏ ဥပဓိရုပ်သည် ကြည်ညိုစရာ ကောင်းလှချေသည်။ မောင်မင်းဇင် က နောင်ဘုရားကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ နောင်ဘုရားကား မျက်လွှာချမြဲ ချကာ ပုတီးစိပ်မြဲ စိပ် နေသည်။

မောင်မင်းဇင်က မေးလိုက်သော မေမေခင် ပျောက်ဆုံးနေမှု ကိစ္စကို နံနက်က ဒေါက်တာ မြသွင်အေး ကြားခဲ့ရသည့် အတိုင်း တစ်လုံးမလွဲအောင် မောင်မောင်မျိုးက တည်တည်ငြိမ်ငြိမ်ပင် ဖြေဆိုသည်။ ပိန္နဲပင်ကြီး က ထွက်လာသော ထူးဆန်းသည့် အသံနှင့် ပတ်သတ်၍ လေးယောက်လုံး မသိကြောင်း ဘူးခံ ကြသည်။ ဒေါက်တာ မြသွင်အေးကို ရန်မူ လိုဟန်ဖြင့် ညီအစ်ကိုနှစ်ယောက်၏ ပြုမူချက်ကို မေးသော အခါ မောင်မောင်မျိုးက ဖြေဆိုသည်။

''ကျွန်တော့် ဇနီးကို ကျွန်တော်ုသိပ်ချစ်ပါတယ်၊ ကျွန်တော်တို့ နားထဲမှာ မေမေခင် ပြန်လာပြီး သူ့သူငယ်ချင်း နဲ့ စကားပြောနေသလို အသံ ကြားရတာကြောင့် ၀မ်းသာအားရ ပြေးထွက် လာခဲ့ကြခြင်း သာ ဖြစ်ပါတယ်၊ ဒါကို ဟိုအမျိုးသမီးက ဘာကြောင့်မှန်းမသိ၊ ထွက်သွားခြင်းသာဖြစ်ပါတယ်''
အထုပ်အပိုး တွေဖြင့် ခရီးထွက်မည့် ကိစ္စကိုကား ကိုအောင်စိုး က အကြောင်းပြသည်။

''ဟောဒီ နောင်ဘုရားနဲ့ ကျွန်တော်က တရားအားထုတ်ဖို့ အတွက် ပုပ္ပားကို သွားမယ်၊ ညီးလေး နဲ့  ကျွန်တော့် ဇနီးက ဘူတာရုံ လိုက်ပို့ရုံပဲ၊ ညီလေးနဲ့ ဒီအိမ်က ဘယ်နည်းနဲ့မှ မခွာနိုင်ပါဘူး၊ သူ့ဇနီး ပြန်မလာ မချင်း ညီလေးနဲ့ သူ့ အစ်မ မိမိလေးတို့ မောင်နှမက သတင်းနားထောင် စုံစမ်းရှာဖွေဖို့ စီစဉ်ထားကြ ပါတယ်''
နောင်ဘုရားက လူမှုကိစ္စ၊ သူများ အိမ်တွင်းရေးကို လုံးဝ စိတ်မ၀င်စားဟန် ဖြင့် ဆိတ်ငြိမ်စွာသာနေသည်။

ထိုအခိုက် မောင်မင်းဇင်၊ ဒေါက်တာ မြသွင်အေးတို့ နှစ်ယောက်လုံးနှင့် ကျောင်းနေဘတ် သူငယ်ချင်းများ ဖြစ်ကြသည့် မှုခင်းဆရာဝန်ရော၊ တရားသူကြီးတစ်ယောက်ပါ  ရောက်လာကြသည်။
''ကဲ့.. မြ.. ပိန္နဲပင်ကြီးဆီကို သွား၊ မနက်က  မြ ရပ်နေခဲ့တဲ့ နေရာကနေပြီး အသံသွုားပေးစမ်း''
မောင်မင်းဇင်က ညွှန်ကြားသောအခါ ဒေါက်တာ မြသွင်အေးသည် သွက်လက်ဖျက်လတ်သော ခြေလှမ်း ဖြင့် မနက်က သူရပ်နေခဲ့သည့် နေရာသို့ သွားသည်။ ထို့နောက် ပိန္နဲပင်ကြီးဘက် လှည့်ကြည့်ကာ အသံ ကျယ်ကျယ် လှမ်းပြော၏။

''ခင်ရေ..ခင့်.. မေမေခင်ရေ မြ လာတယ်ဟေ့..ခင် ဘယ်မှာလဲ၊ အသံပေးစမ်းပါခင်ရေ''
ဒေါက်တာ မြသွင်အေးက မေမေခင် နာမည်ကို ထပ်တလဲလဲခေါ်ပြီး အသံပေးသည်။
''မေမေခင် မရှိဘဲ ခင်ဗျားခေါ်နေလို့ ဘာအကြောင်းထူးမှာလဲ'' ရဲသားတွေ ၀ိုင်းထားသော မော်တော်ကား ပေါ်မှ မောင်မောင်မျိုးက လှမ်းအော်သည်။ သို့သော် ဒေါက်တာမြသွင်အေးက မောင်မောင်မျိုး စကားကို အရေးမစိုက်ဘဲ..

''ခင်ရေ.. မေမေခင်.. ခင် ဘယ်မှာလဲဟေ့.. မြ ရောက်လာပြီ.. မြ ဒီမှာ ''
ဟု ဒုတိယ အကြိမ် လှမ်းပြီး၊ အသံပေးလိုက်သည်တွင် ပိန္နဲပင်ကြီးဆီမှ ဒေါက်တာမြသွင်အေး ကြားခဲ့ ရသည့် စူးရှသာယာသော အသံက ထွက်လာလေသည်။
''မြရေ.. ခင်သေပြီ၊ ခင့်လင် နဲ့ ဟိုလူနှစ်ယောက်ရယ်၊ ဟိုမိန်းမရယ်၊ အားလုံးပေါင်းပြီး၊ ခင့်ကို သတ်ကြ တယ်၊  ဟောဒီ ပိန္နဲပင်ကြီးအရင်းမှာ မြုပ်ထားကြတယ်၊ ခင့်ကို မြုပ်ထားတဲ့ အပေါ်မှာ သစ်ပင်စိုက် ထားကြတယ်'

သဲကွဲပြတ်သားစွာ ပြောလိုက်သော အသံကို ကြားရလျှင် ဒေါက်တာ မြသွင်အေးသည်..
''ဘုရား.. ဘုရား ''
ဟု နှုတ်မှ တမ်းတကာ ရင်ကို လက်ဖြင့် ဖိလိုက်သည်။
''တကယ်ပြောနေတာလား ခင်ရယ်.. '' ဒေါက်တာမြသွင်အေး၏ အသံသည် ငိုသံပါနေသည်။

''တကယ်ပါ မြရယ်၊ မယုံရင် မြုပ်ထားတဲ့ နေရာကို ပြပါမယ်၊ ဖော်ကြည့်ပါ ''
ပိန္နဲပင်ကြီး ဆီက အသံသည် ပြတ်သားစွာ ပေါ်လာသည်။
''မြကို စကားပြောနေတာ ဘယ်သူလဲ၊ ခင် ကိုယ်တိုင်လား ''
ဒေါက်တာ မြသွင်အေးက မေးသောအခါ..
''ငါ ပြောနေတာ ငါ ပြောနေတာ.. ခင့်ကို မြုပ်ထားတဲ့ နေရာ ပြမယ် ''
ဟူသော အသံနှင့် အတူ သစ်ရွက်တွေ တူထပ်စွာ ဖုံးအုပ်နေသော သစ်ကိုင်းတစ်ခုမှ ငှက်စိမ်းလေး တစ်ကောင် က ပျံဆင်းလာသည်။

''ဟယ်.. ခင် မွေးထားခဲ့တဲ့ ကျေးသားလေး''
ဒေါက်တာ မြသွင်အေးက အံ့အားသင့်စွာ အော်လိုက်ုသည်။
ဒေါက်တာ မြသွင်အေး အနေဖြင့် အံ့အားသင့်ထိုက်ပေသည်။
မောင်မောင်မျိုး ကိုယ်တိုင်ကပင် မေမေခင် ထွက်သွားပြီးမှ သေသွား၍ လှောင်အိမ်ကို ဖွင့်ပြီး ခြံထဲ လွှင်ပစ်လိုက် ရပါသည်ဟု ဆိုသော ကျေးသား လေးက မသေဘဲ အသက်ရှင်နေသည်။ လူ့စကား လူ့ ဘာသာ ကို ပြောတတ်ဆိုတတ်ကြောင်း အရိပ်အရောင်ပင် မပြခဲ့။ ကျေးသားလေးက ယခု လူ့ဘာသာ စကား ဖြင့် သွုက်လက်ချက်ချာ ပြီသစွာပြောနေသည်ကို မြင်ရကြားရသော ဒေါက်တာ မြသွင်အေး အဖို့ အံ့အားသင့် ထိုက်ပေသည်။

''ဟုတ်တယ်မြ၊ ငါ ခင် မွေးထားတဲ့ ကျေးသားလေးပေါ့။ ဟောဒီနေရာမှာ ခင့်ကို သတ်ပြီးမြုပ်ထားတယ်''
ကျေးသားလေးသည် လူစင်စစ်တစ်ယောက်နှင့် မခြား စကားပြောကာ ပိန္နဲပင်ကြီးနှင့် တစ်လံကျော်အကွာ နှင်းဆီချုံကြီး တစ်ချုံပေါ်မှာ လေးငါးပတ် ပျံဝဲပြပြီး ဒေါက်တာ မြသွင်အေးထံသို့ ပျံဆင်းလာသည်။ ဒေါက်တာ မြသွင်အေးက သူ့လက်ကို ဆန့်ပေးလိုက်၏။ ကျေးသားလေးက ဒေါက်တာ မြသွင်အေး၏ လက်ဝါး ပေါ်မှာ နားလိုက်သည်။
''ကိုမင်းဇင် ဟောဒီ ကျေးသားလေးဟာ ခင်ကိုယ်တိုင် မွေးထားခဲ့တဲ့ အကောင်ပဲ၊ သူပြောတာ ဟုတ် လိမ့်မယ်၊ သူပြောတာ ဟုတ် လိမ့်မယ်၊ုသူပြတဲ့ နေရာတူးကြည့်စမ်းပါ''
ဒေါက်တာ မြသွင်အေးက ကျေးသားလေးနှင့် အတူ မောင်မင်းဇင်ထံ ပြန်လျှောက်လာရင်း ပြေားသည်။ ကျေးသားလေးသည် မော်တော်ကားပေါ်မှာ စုထိုင်လျက်သား ဖြစ်နေသော မောင်မောင်မျိုးတို့ကို မြင်သည် တွင်..

''သူတို့ သုံးယောက်ပေါ့၊ ခင့်ကို သတ်သမားလေးယောက်''
ကျေးသားလေးက ကျယ်လောင်စွာ အော်လိုက်၏ မောင်မောင်မျိုးတို့ လေးယောက် ဣနြေ္ဒ မဆည် နိုင်အောင် အမူအရာ ပျက်ကုန်ကြတော့၏။ ထို့ကြောင့် ပိုပြီးစိတ်ချစေရန် လေးယောက်လုံးကို ပူးတွဲပြီး လက်ထိပ်ခတ်စေသည်။ ကားပေါ်က နေရာမရွေ့ စေအောင် ရဲသားနှစ်ယေက်က သူတို့လေးယောက်၊ မှုခင်းဆရာဝန်၊ တရားသူကြီး၊ မောင်မင်းဇင်၊ ဒေါက်တာ မြသွင်အေး ကျေးသားလေးနှင့် အတူ အိမ်နား နီးချင်း သက်သေများကို ခေါ်ယူကာ ကျေးသားလေး ပြသောနေရာသို့ သွားကြသည်။

နှင်းဆီးရိုင်းချုံကြီးကို ဘေးမှဝိုက်ပြီး တူးလိုက်သောအခါ နှင်းဆီချုံကြီးသည် မူရင်းပေါက်ရောက် ရှင်သန်နေခြင်း မဟုတ်ဘဲ၊ အခြားနေရာမှ အမြစ်ပါမကျန် အုံလိုက်ရွေ့ ယူလားပြီး စိုက်ထားခြင်း ဖြစ်ကြောင်း ကို တူးကြည့်သောအခါ အပုပ်နံ့ ထောင်းထောင်းထွက်နေသော အညိုရောင် သက္ကလပ်စောင် အထုပ်ကြီး ကို တွေ့ရသည်။
''အဲဒီ အထုပ်ကြီးထဲမှာ ခင် ရှိတယ်''

ဒေါက်တာ မြသွင်အေး၏ ပခုံးပေါ်မှ ကျေးသားလေးက ပြေလိုက်၏။ စောင်ထုပ်ကြီးကို ဖြေလိုက်သော အခါတွင်ကား နှစ်ရက်မျှ ရှိနေပြီဖြစ်၍ အနံ့ထွက် နေသော်လည်း လူရုပ်ရည် ပုံသဏ္ဍန်ကို ကောင်းစွာ သိရှိနိုင်သေးသော မေမေခင်၏ အသက်ဝိညဉ် ကင်းမဲ့ရှာသည့် ရုပ်ကလပ်ကို မရှုရက်စရာ တွေ့လိုက် ရလေတော့သည်။

ကျေးသားလေးသည် ဒေါက်တာမြသွင်းအေး၏ ပခုံးပေါ်မှ ခုန်ချလိုက်ပြီး မေမေခင်၏ ရင်ဘတ်ပေါ်မှာ နားလိုက်သည်။ မေမေခင်၏ ဖူးရောင် မို့မောက်နေသော မျက်နှာကို ကြည့်ကာ တောင်ပံလေးကို ခါလိုက်သည်။ ဦးခေါင်းကလေးကို စောင်းငဲ့ကာ မေမေခင် မျက်နှာကို စေ့စေ့ကြည့်ပြီး..
လေယဉ်မြန်း.. စေမှန်းရွေလျော်၊ ငယ်ယုံပူဘော် နန်းစိန်ချိုင့်ပျော်..
ဟု မေမေခင် လေယူလေသိမ်းအတိုင်းစူးရှသာယာသော အသံကလေးဖြင့် သီဆိုလိုက်ပါသည်။

ဆက်ရန်
.

3 comments:

သောစေယျံ said...

အခန်းဆက်တရုပ်ကားကိုလာကြည့်သွားပါတယ် အယ် ဟုတ်ပါဘူး အခန်းဆက်ဝတ္ထုကိုလာရောက်ဖတ်သွားပါတယ်ဗျာ

Anonymous said...

စာရေးဆရာမ တော်တယ်ဗျာ။ မိန်းမဆိုတာ တစ်ယောက်တည်း နေလို့ မရဘူး ဆွေမျိုးရှိမှ တင့်တယ်တယ်ဆိုတဲ့ ခြောက်လုံးနဲ့ မြန်မာပြည်မှာ အမျိုးပြန်ကြောက်နေရတဲ့ မိန်းမတွေ တစ်ပုံကြီး။ ဆွေမျိုးက အနိုင်ကျင့်နေမှန်း သိတာတောင် ဆွေမဲ့မျိုးမဲ့ ဖြစ်သွားရင် မျက်နှာငယ်မယ်ဆိုပြီး ဒီလိုပဲ ငုံ့ခံနေကြတာ။ ဖြစ်နေကျ ပြဿနာတွေကို ရေးပြလိုက်တာပဲ။

ကိုယ့်အရိပ် လာခိုပြီး ကိုယ့်ပြန်စော်ကားတဲ့ သူတွေကို ချက်ချင်း နှင်မထုတ်ဘဲ ပြန်ကြောက်နေလို့ ဒီလို ဖြစ်ရတာဗျာ။

လင်ဖြစ်ဖြစ် အမျိုးဖြစ်ဖြစ် ကိုယ့်အိမ်ပေါ်တက်ပြီး ကိုယ့်ကို မလေးမခန့် ဆက်ဆံနေတာ ငုံ့ခံစရာလား။ မကွာပေးဘူး အိမ်ကမဆင်းဘူး ပြောရင် ရဲတိုင်လိုက်ရုံပေါ့။ ရဲက အရေးမယူရင် ယူအောင် လုပ်ပေးဖို့ သူ့မှာ ငွေကြေးလဲ ရှိသားပဲ။

သူ့လင်ရဲ့အစ်ကိုနဲ့ မရီးဆိုတဲ့သူတွေ သူ့ခွင့်ပြုချက် မရဘဲ အိမ်လာအိပ်နေတာကို မိန်းကလေးက အိမ်ရှင်ဖြစ်ပြီး ငုံ့ခံနေစရာလား။ ကိုယ့်အိမ်ထဲကိုယ်တောင် အတွင်းခန်းဝင်ပြီး တံခါးဂျက်ချ၊ အသံတောင် မပေးဘဲ ငြိမ်နေရတယ်လို့ ။

တကယ် အပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ မိန်းကလေးတွေကိုတော့ မြှောက်ပေးချင်တယ်။ ငါ့နှမတို့ ငုံ့ခံနေရင် နွားကျတယ်။ ကိုယ့်ကို ဒီလိုလာစော်ကားရင် ဆော်သာဆော်။

မေဓာဝီ said...

ခင် သေသွားပြီကိုး .....
ရက်စက်လိုက်ကြတာနော် .......