Tuesday, October 12, 2010

ဂျိုစီကလေး၏ခရီးကြမ်း အပိုင်း (၅)

တိုးတက်လာပုံ

ကျွန်တော် ထွက်ခဲ့သည့်ဝေလခရီးမှာ ၃ ရက်ကြာသည်။ ဆေးရုံကို ပြန်ရောက်ရောက်ချင်း အံ့သြ ကုန်နိုင်ဖွယ် အဖြစ်နှင့် ကြုံရပြန်ပါသည်။
ပေါ်လင်း၏ အကူအညီဖြင့် ဂျိုစီ ကျွန်တော့်ဆီ လျှောက်လာနေပါကလား။ မျက်နှာကလေးရှုံ့ပြီး ပြုံး လာသည်။ သူ ကျွန်တော့်ကို မှတ်မိပြီ။ ကျွန်တော့်ကို တွေ့လို့ ပျော်နေပုံလည်းရသည်။ အို ထို တဒင်္ဂ ကျွန်တော် ရူးသွပ်မတတ် စိတ်လှုပ်ရှားသွားခဲ့ပါသည်။ ဂျိုစီက တစ်ချိန်လုံး လမ်းလျှောက်ချင်နေသည်ဟု ပေါ်လင်း က ကျွန်တော့်ကို ပြောပြသည်။

ဤသို့ဖြင့် ဂျိုစီကလေးသည် ဆေးရုံပေါ်တွင် လျှောက်သွားနေတော့၏။ ကျွန်တော်တို့က သူ့နောက်မှ တကောက် ကောက်လျှောက်လိုက်နေရသည်။ တစ်ခါတစ်ခါ လျှောက်လျှင် နာရီပေါင်းများစွာ သူလျှောက် နိုင် လာသည်။

ဂျိုစီသည် စိတ်မြန်နေ၏။ ထစ်ခနဲဆို စိတ်တိုတတ်နေ၏။ သူ စိတ်မထင်လျှင် ဘယ်သူ့စကားမှ နားမထောင်။ ဆေးရုံပေါ် ရှိ လမ်းတကာကို သူသိနေပြီ။ အဝေးဆုံးနေရာရောက်အောင် သူလျှောက် သည်။
သို့သော် အသံကမူ ထွက်မလာသေး။ ကျွန်တော်သည် စိတ်အားထက်သန်စွာ၊ တစ်ဖက်ကလည်း နက်ရှိုင်းစွာ စိတ်ဓာတ်ကျလျက်၊ ဂျိုစီ့အသံ ပြန်ထွက်လာချိန်ကို စောင့်နေခဲ့ရသည်။ တစ်ခါတလေ သူအော် သည်။ သို့သော် ထွက်လာသည့်အသံက လူသံမဟုတ်၊ တိရစ္ဆာန်တစ်ကောင်၏  အသံမျိုးနှင့် တူနေသော အခါ ကျွန်တော်တို့ ကျောထဲ စိမ့်သွားအောင် တုန်လှုပ်ချောက်ချားကြရ၏။

တစ်နေ့တွင် ဆရာမတစ်ယောက်၏ အကူအညီဖြင့် ကျွန်တော်တို့ လက်တွန်းလှည်းဖြင့် ဆေးရုံနှင့် ကပ်လျက် ရှိသည့် ပန်းခြံထဲကို ဆင်းကြသည်။ လှည်းထဲတွင် ဂျိုစီ့ကို ခါးပတ်ပတ်ပေးထား၏။
ဂျိုစီ အရမ်းပျော်သွားပုံရသည်။ မြို့လယ်ပန်းခြံကြီးထဲကို ခေါ်သွားဖို့ ကျွန်တော် စီစဉ်လိုက်သည်။ မနက်ခင်း တစ်နေ့ တွင် ရပ်စကင်ပန်းခြံကို ကျွန်တော်တို့သွားကြ၏။
ခပ်လှမ်းလှမ်းတွင် ခွေးကလေးတွေ့လျှင် အစာကျွေးဖို့ ခွံမာအသီးကလေးတွေ ၀ယ်သွားဖို့ပြောတော့ ဂျိုစီ သဘောကျ နေ၏။

သည်ကာလတစ်ဝိုက်အတွင်း ဂျိုစီသည် သူ့ကိုယ်သူ မှန်ထဲသို့ ပထမဆုံးကြည့်သည်။ တစ္ဆေခြောက်ခံရသူလို သူ အထိတ်တလန့် ဖြစ်သွား၏။
မှန်ထဲမှ သူ့ကိုပြန်ကြည့်နေသူက သူမဟုတ်။ ဖယောင်းရုပ်မျက်နှာသေးသေးကလေး၊ ပြောင်နေအောင် ရိတ်ထားသော ဦးခေါင်းပေါ် တွင် နားထင်မှနောက်စေ့အထိ ဧရာမ အမာရွတ်ကြီး နှင့်။ ဦးခေါင်းခွံ ချိုင့်ဝင် နေသည့် နေရာကြီးများကိုလည်း သူစမ်းကြည့်၏။

နှုတ်ခမ်းကလေးတွေ တဆတ်ဆတ်တုန်လာပြီး အိပ်ရာပေါ် ပြန်ပြေးကာ မျက်နှာနှင့်ခေါင်းအုံး ကပ်ထား လိုက်သည်။
ကျွန်တော် ဘာလုပ်ရမှန်းမသိဖြစ်နေ၍ ပေါ်လင်းကို အကူအညီတောင်းသည်။ ထုံးစံအတိုင်း ပေါ် လင်းသည် အစစ အရာရာ ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သည့်အလျောက် ဦးထုပ်နှစ်လုံးကို အိတ်ထဲမှ ဆွဲထုတ်လိုက်၏။

ဂျိုစီက လက်လှမ်းမီရာတစ်လုံးကို ဆတ်ခနဲဆွဲပြီး ခေါင်းပေါ် စွပ်ထားလိုက်တော့သည်။ ဘယ်တော့မှ မချွတ် တော့။
တစ်နေ့တွင် ကျွန်တော်တို့သားအဖ အပြင်မှဆေးရုံသို့ ပြန်အ၀င်တွင် အဖြူရောင် တီဂျစ်တစ်ကောင်နှင့် ပလိုမီနီ တစ်ကောင် နံရံပန်းချီကားကို ဆေးရုံတစ်နေရာတွင် ဂျိုစီသွားတွေ့ သည်။ ပလိုမီနီက ဂျိုစီ့မြင်းပု ကလေးနှင့် တစ်ပုံစံတည်း။

ဂျိုစီ အလန့်တကြားအော်သည်။ သူ့ဘ၀တွင် ဘာမျှ မကျန်အောင် ဆုံးရှုံးကုန်ပြီဆိုသည်ကို သူသိသွားပြီဟု ကျွန်တော် ထင်၏။
သူ့အိမ် ဘယ်ရောက်သွားပြီလဲ၊ အချစ်ဆုံးသူ့မြင်းကလေး၊ သူ့ခွေးကလေးနှင့် သူ့မျောက်ကလေး ဘယ်ရောက် သွားပြီလဲ၊ သူ့အိမ်နှင့် သူ့အချစ်ဆုံး တိရစ္ဆာန်အချို့ ကျန်ရှိနေသေးကြောင်း ကျွန်တော်တို့ ဘာကြောင့် သူ့ကို မပြောမိခြင်းလဲ။

ကျွန်တော် သူ့ကိုဖက်ပြီး သူ့မြင်းကလေးတွေနေကောင်းထိုင်သာရှိကြောင်း ငိုရင်းပြောပြနေမိသည်။ သူ့ကို အမြန်ဆုံး အိမ်ပြန်ခေါ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ သူသိခဲ့သည့် ကမ္ဘာကြီးတစ်ခုလုံး ပျောက်ကွယ် သွားခြင်း မဟုတ်ကြောင်း ကျွန်တော်သူ့ကိုပြရပါလိမ့်မည်။

-----------------------
အိမ်အပြန်

ကျွန်တော်ထင်သည့်အတိုင်း ဂျိုစီသည် အိမ်ပြန်ဖို့နှင့် အိမ်အပြန်တွင် ရင်ဆိုင်ရမည့် ကိစ္စအ၀၀ကို သူ တွေးကြောက် နေခဲ့သည်။
အိမ်ထဲရောက်တော့ တွေရပ်နေပြီး အရာတိုင်းကို သူလိုက်ကြည့်နေသည်။ ထိုအရာတိုင်းသည် အမေနှင့် ညီမလေး တို့နှင့် မဆက်စပ်သည့်အရာဟူ၍ တစ်ခုမျှမရှိ။ သူဆုံးရှုံးသွားသောအရာများချည်း ဖြစ်နေ၏။

အပေါ်ထပ် သူ့အခန်းရှိရာသို့ ပြေးတက်သွားသည်။ သူ့ လည်ချောင်းကြားမှ အသံတစ်မျိုးထွက်နေ၏။ အမျိုး အမည်အားဖြင့် ခွဲခြားမရနိုင်သည့် ထိုအသံသည် ပို၍ကျယ်လောင် လာကာ သူ့ညီမလေးအခန်းဆီသို့ ဆက်ပြေး သွား၏။ ပြီးတော့ မီဂန့်ဝတ်ဝံရုပ်ကလေးကို တင်းတင်း ဖက်ထားလိုက်သည်။

ပြီးတော့ ကျွန်တော်နှင့်လင်းတို့ အိပ်ခန်းဆီကို ပြေးသွားပြန်၏။ လင်း၏အ၀တ်အစားများသည် မသိမ်းဆည်း ရသေးသဖြင့် သည်အတိုင်းရှိနေ၏။ ဂျိုစီသည် ဒဏ်ရာရလာသည့် သားကောင်ကလေး တစ်ကောင်လို ခုမှ အားရပါးရ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

ဂျိုစီသည် တစ်အိမ်လုံးလျှောက်ကြည့်ရင်း ငိုနေသည်။ ထိုစဉ် သူနှင့် ကျောင်းသွားဖော်သူငယ်ချင်း ဂျက်စမင် ရောက်လာပြီး သူ့ကို ချော့သည်။
သူတို့ သူငယ်ချင်းနှစ်ယောက် ပန်းခြံထဲဆင်းသွားပြီး ခဏကြာတော့ ဂျိုစီအငိုတိတ်သွားသည်။ ဂျစ်စမင်က ဂျိုစီ့ ကို လက်ဆောင်ပစ္စည်းကလေးတစ်ခု သေသေချာချာကိုင်ပြီးပေးသည်။
ဂျိုစီ့ မျက်နှာကလေးပေါ်တွင် အပြုံးရိပ်သန်းသွား၏။

ထိုစဉ်တွင် မြင်းဇောင်းသို့သွားကြည့်ဖို့ ကျွန်တော် အကြံပြုလိုက်သည်။ သစ်ပင်တွေကိုပတ်ပြီး ခပ်လှမ်းလှမ်း ရှိ မြင်းဇောင်းဆီကို ကျွန်တော်တို့ လျှောက်သွားကြ၏။ တီဂျစ် နှင့် ရို့စီကို ဂျိုစီ အထူးအဆန်း သဖွယ် ကြည့်နေ၏။ ဒါသူ့ မြင်းကလေးတွေမှ ဟုတ်ပါလေစဟု မသေမချာ မရေမရာ မျက်လုံးများဖြင့် ကြည့် နေခြင်းမျိုး။

သို့သော် မြင်းကလေးနှစ်ယောက်က သခင့်ကို နှုတ်ဆက်ဖို့ လှုပ်လှုပ်ရှားရှားဖြစ်လာသည်နှင့် ဂျိုစီသည် ခြံစည်းရိုး အောက်မှ လျှို့ဝင်ကာ သူတို့ဆီသို့ ပြေးချသွားလေတော့၏။
ဂျိုစီ့အော်သံသည် ပျော်ရွှင်မှုတစ်မျိုး ပါနေမှန်းသိသာနေ၍ ကျွန်တော်အပုံကြီး စိတ်သက်သာ ရာ ရသွားသည်။ တီဂျစ်၏ လည်ပင်းကို သူ သိုင်းဖက်လိုက်၏။ ပြီးတော့ သူငိုချလိုက် သည်။ ၀မ်းသာလွန်း လို့ကျသည့် မျက်ရည်များဖြစ်ပါ၏။ သည်မြင်ကွင်းကိုကြည့်ပြီး ကျွန်တော် အများကြီး စိတ်လက် ပေါ့ပါး သွား၏။

ကျွန်တော် အိမ်ဘက်ကို ပြန်ကူးလာရ၏။ ဂျိုစီ့သူငယ်ချင်းတွေ အများကြီးရောက်နေကြသည်။ သူတို့ မိဘ တွေလည်း ပါလာကြ၏။ ပန်းခြံထဲတွင် စားပွဲတွေ၊ ကုလားထိုင်တွေချပြီး လက်ဖက်ရည် ၀ိုင်းဖြင့် ကျွန်တော် ဧည့်ခံ ရသည်။

ဂျိုစီအိမ်ဘက်ပြန်ကူးလာတော့ သူ့သူငယ်ချင်းတွေ သူ့အနားကို ၀ိုင်းအုံသွားကြ၏။ ဂျိုစီ့ဆရာမ လင်ဒါ ရောဘက် က သူ့ကို တအားပွေ့ဖက်နှုတ်ဆက်သည်။ ပြီးတော့ ခါတိုင်းပျော်ပွဲစားထွက်ရာမှ အပြန်ပုံစံမျိုးဖြင့် စကား တွေ ဖောင်ဖွဲ့နေကြ၏။

သူ့အပေါင်းအသင်းများကြားတွင် ဂျိုစီသည် လုံးဝဣနြေ္ဒ မပျက်ဘဲ သာမန်အတိုင်းလှုပ်ရှားနေ၏။ ဂျိုစီသည် လူတွေ ၀ိုင်းကြည့်နေရမည့် မိန်းကလေးနှင့် လုံးဝမတူပေ။ ကျွန်တော့်ရင်ထဲမှ အလုံးကြီးကျ သွားသည်။ သည်နေ့အတွက် စာရင်းချုပ်လိုက်လျှင် ကျွန်တော့်အတွက် အမြတ်ထွက်သည့်နေ့ဟု ဆိုရပေတော့မည်။
ဂျိုစီသည် အမေနှင့်ညီမလေးရှိရာအိမ်ကို ပြန်လာခဲ့ပြီး သူတို့အတွက် ငိုကြွေးနိုင်ခဲ့လေပြီ။ သူ့အဖြစ်ကို ကြည့်ရသည်မှာ ကျွန်တော့်ရင်တွေ ကွဲထွက်မတတ် ခံစားရပါ၏။ သို့သော် ဂျိုစီတစ် ယောက်သည်လို ပွင့်မထွက် ဘဲ ကြိတ်မှိတ်ခံနေရသည်နှင့်စာလျှင် ထွက်ပေါက် ရသွားခြင်ကပို၍ ခံသာပါလိမ့်မည်။

ထုံးစံအတိုင်း ဂျိုစီက ဖအေကို ဦးဆောင်လမ်းပြလုပ်၏။
ဂျိုစီ့သူငယ်ချင်းများက ထိုနေ့တွင် လန်ဒါန်တိရစ္ဆာန်ရုံသို့ သွားလည်ကြမည်ဆို၏။ ကျွန်တော်တို့ သွားဖြစ်ခဲ့ကြပါသည်။ ဂျိုစီသည် မျောက်တွေ၊ သစ်ကုလားအုပ်တွေမှအစ အမွေးအမင် ထူထူပိုးကောင်၊ မွှားကောင် တွေအထိ ဖက်လဲတကင်းလုပ်နေ၏။

ကျွန်တော့်စိတ်ထဲတွင် မနာလိုချင်သလိုလို ဖြစ်လာ၏။ လူတွေနှင့် သူသိပ်အရောမ၀င်ချင်တော့သည့် သဘော များလား။ သည်လူတွေထဲတွင် ကျွန်တော် ပါနေမည်လား။
ကျွန်တော် စဉ်းစားကြည့်သည်။ ရိုင်းစိုင်းရက်စက်လှသည့် သူ့ဘ၀အတွေ့အကြုံသည် သူ့မှာ နဂိုရှိခဲ့သည့် ချစ်ခြင်း မေတ္တာ အကြည်ဓာတ်ကိုများ ဖျက်ဆီးပစ်လိုက်ခြင်းများလား။
သို့သော် ရွယ်တူ သူငယ်ချင်းများနှင့်တော့ ခါတိုင်းလိုပင် ပုံမှန်ပျော်နေ၏။

အင်း တစ်နေ့တော့ အဖေ့ကို နမ်းပြီးနှုတ်ဆက်ရကောင်း သိလာမှာပါလေဟု ကျွန်တော့်ဘာသာ ကျွန်တော် နှစ်သိမ့် နေရသည်။ ကျွန်တော့်ဘက်မှ ဆာလောင်မွတ်သိပ်အားကြီးနေခြင်းလည်း ဖြစ်နိုင်ပါသည်။ လင်း နှင့် ကျွန်တော် မျှဝေခံစားခဲ့သည့် အကြင်နာတရားတွေ ဘယ်ရောက်ကုန်ပြီလဲ၊ ကျွန်တော် တမ်းတလွန်းနေခြင်း ဖြစ်နိုင် ပါသည်။
ဘ၀ထဲမှ ဆုံးရှုံးသွားခဲ့သည့် အရာအားလုံးဂျိုစီ့ဆီက ပြန်ရဖို့မျှော်လင့်နေ၍လည်း မဖြစ်သေးပါ။

ဆေးရုံတွင် ခြောက်ပတ်နေခဲ့ပြီးနောက် ဦးခေါင်းဒဏ်ရာများ လုံးဝပျောက်ကင်းသွားပြီ။ ကျွန်တော်တို့ အိမ်ပြန် ရတော့မည်။ အက်ဒ်နှင့် ပေါ်လင်းတို့က ကျွန်တော်တို့ကို စောင့်နေ၏။ အိမ်ထဲတွင် ရဲ အစောင့်ချ ထားပေးမည့် အကြောင်း ပြောသည်။

လူသတ်သမားကို ယခုအထိခြေရာခံလို့မရသေး။ အမှုအတွက် အရေးအကြီးဆုံး သက်သေ၏ လုံခြုံရေးကို ရဲ့ ဂရုစိုက် ရလိမ့်မည်။
အချင်းဖြစ်ပွားသည့်နေ့က ရေကူးပြိုင်ပွဲအကြောင်း ဂျိုစီ သတိရသည်ဆို၏။ သည်အကြောင်း ရဲကို ကျွန်တော် ပြောပြတော့ ရဲက ဂျိုစီနှင့် အမြန်ဆုံးစကားပြောကြည့်ချင်နေကြ၏။
နောက်နေ့တွင် ကျွန်တေ် အလုပ်ပြန်ဝင်သည်။ ပါမောက္ခချုပ်က ကျွန်တော်ကို နားနားနေနေ အလုပ် လုပ်ဖို့ ပြောပါသည်။ " လေ၀ "ကို ပြန်ချင်ကြောင်းပြောတော့လည်း သဘောတူသည်။ အိမ်ပြန်ပြီး လောလောဆယ် ကလေး အနားမှာ နေဖို့ပြော၏။ ကျွန်တော့်ရင်ထဲ ပေါ့သွားသည်။

မကြာခင်အတွင်း ဂျိုစီ့ကို ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက်ဆီခေါ်သွားသည်။ ခွဲစိတ် ကုသမှု အပြီး တွင် ပထမဆုံးသူနှင့် တွေ့ရသည့် အမျိုးသားဆရာဝန်ကြီးဖြစ်၏။
ဂျိုစီသည် ပျော်ပျော်ရွှင်ရွှင် အစစ်ဆေးခံလျက်ရှိသည်။ သို့သော် သူ့ဒူးခေါင်းကို ခေါက်ကြည့်ဖို့ တူကလေးကို ဆရာဝန်ကြီး ကိုင်လိုက်တော့ သူလန့်ပြီး အတင်းရုန်းတော့၏။ ဆရာဝန်ကြီး ဝေခွဲမရဖြစ်နေ၏။
ပြီးတော့ လက်မောင်းကြွက်သားကလေးများ တုံ့ပြန်မှုကို ကြည့်ဖို့ လက်မောင်းကလေးကို ကိုင်မည် လုပ်တော့ ဂျိုစီ ငိုပါလေတော့၏။ ပြီးတော့ အကိုင်မခံဘဲ အတင်းရုန်းတော့သည်။
ယောက်ျားကြီး တစ်ယောက်၏ အကိုင်အတွယ်ခံရခြင်းကို ဂျိုစီကြောက်နေသည်မှာ သိသာနေ၏။

ဂျိုစီ၏ အခြားတုံ့ပြန်မှုတစ်ခု ရှိသေးသည်။ မြင်းကလေးတွေကို သံခွာလဲဖို့ ပန်းဘဲဆရာ အယ်ဒီ ရောက် လာသည့် နေ့။ အယ်ဒီက ရောက်ရောက်ချင်း သူ့အလုပ်သူစသည်။ လှည့်ကြည့်တော့ ဂျိုစီ မရှိတော့သဖြင့် ကျွန်တော် လိုက်ရှာတော့ အိပ်ရာထဲမှာ ပြန်ရောက်နေပြီး တစ်ကိုယ်လုံးအေးစက်ကာ အထိတ် တလန့် ငိုနေ၏။
မြင်းခွာရိုက်နေသည့် တူသံတစ်ချက်ကြားတိုင်း သူ တွန့်တွန့်သွားသည်။ သည်တော့မှ တူတစ်လက်ရယ်၊ တူလွှဲရိုက်သံ ရယ်၊ ဂျိုစီအထိတ်တလန့်ဖြစ်တာရယ်ကို ကျွန်တော် ဆက်စပ်စဉ်းစားမိ၏။ ကျောထဲ စိမ့် သွားသည်။

သည်အဖြစ်အပျက်များသည် အက်ဒ်နှင့်ပေါ်လင်းတို့၏ မှတ်တမ်းတွင် သေသေချာချာဝင်သွားလေပြီ။ သူတို့ နှစ်ယောက် က ဂျိုစီ၏ လှုပ်ရှားမှုမှန်သမျှ အသေးစိတ်လေ့လာနေသူများဖြစ်၏။
နောက်ပိုင်းတွင် သူတို့ ဂျိုစီနှင့်ထိုင်ပြီး အချင်းဖြစ်ပွားသည့်နေ့အကြောင်း တစ်စတစ်စ နှိုက်ထုတ်ကြ သည်။ ထိုအချိန် တွင် ဂျိုစီသည် မေးခွန်းများကို " ဟုတ်တယ် " မဟုတ်ဘူး " စသည်ဖြင့် အသံထွက်ပြော နိုင်နေပြီ။

ရဲအရာရှိများက ဂျိုစီမှတ်မိနိုင်မည့် ပုံစံကလေးများလည်း လုပ်ပြ၏။ ပေါ်လင်းက ချယ်ရီပန်းခြံလမ်း နှင့် လူသတ်မှု ဖြစ်ပွားသည့်နေရာကို စကေးကိုက်ပုံစံတစ်ခု ဆောက်ပေးသည်။ ဂျိုစီ့ကို ဖြစ်ပွားသည့် နေရာနှင့် အချိန် တို့ကို မှန်းဆနိုင်အောင် ဖြည်းဖြည်းချင်း မေးသည်။

ပြီးတော့ အရုပ်ကလေးတွေလည်း လုပ်လာ၏။ လင်း၏ အရုပ်၊ မီဂန်၊ ဂျိုစီနှင့် လူစီတို့၏ အရုပ်ကလေးများ။ ပြီးတော့ လူသတ်သမား၊ သူ၏ကားနှင့် တူတစ်လက်။
သည်မြင်ကွင်း ကိုကြည့်ပြီး ကျွန်တော်က ကြက်သီးထနေချိန်တွင် ဂျိုစီက အရုပ်ကလေးတွေကို သဘောကျ နေ၏။ ဟိုရွှေ့ သည်ရွှေ့နှင့်ကစားနေ၏။ အက်ဒ်နှင့်ပေါ်လင်းက သူ့နှုတ်မှ ထွက်သမျှ အသံနှင့် သူ့လက်မှ ရွှေ့လျားမှု အားလုံး အသေးစိတ်လေ့လာနေကြ၏။

သိပ်မကြာလိုက်ပါ။ ဂျိုစီ အားလုံးပြန်မှတ်မိလာသည်။ သူတို့သားအမိတွေ ကံဆိုးမိုးမှောင် ကျသည့်နေ့ အကြောင်း အားလုံးနီးပါး သူ့ခေါင်းထဲတွင် ပြန်ပေါ်လာသည်။
-----------------------
ဆက်ရန်
.

5 comments:

Kyaw Hnin Se Lwin said...

မ ရေလည်အရှိန်မြင့်လာပြီ
ဒီညတော့အိပ်ပျော်မယ်မထင်တော့ဘူးနော်
:)

ကိုဇော် said...

စနစ်တကျပဲ။ တော်တော်ကောင်းလာပြီ။

မျှော်လျှက်...

:P said...

မနက်ဖြန်ဆို သိရပြီထင်တယ်

susu said...

ဆက္ဖတ္ခ်င္လျွပီ....။ညမှတ‌ခေါက်ပြန်လာကြည့်အုံး
မယ်....အခု‌တော့ချီလီမိုင်းလုပ်သား‌တွေကယ်‌နေတာ
‌ပြေးကြည့်လိုက်အုံးမှ.....။

မျိုးမင်းစိုး said...

အမရွှေစင်ရေ မင်္ဂလာပါ ပျော်ရွှင်ပါစေ ဂျိုစီလေးအပိုင်း၆ နဲ့ နောက်ပိုင်းဆက်ဖတ်ဖို့မျှော်လျက်နော် ရှာလို့မတွေ့တော့လို့ပါ ဇာတ်ရှိန်အရမ်းမြင့်နေပြီ အမရဲ့