"အစကထဲက မြကို ကြောက်နေရတာပဲ၊ မြ သဘောကျ စီစဉ်လာတာ မောင်လဲ သဘောကျပါ တယ်"
"မောင်နော် ... ဘာလဲ စကားက ခနဲ့သလိုလိုနဲ့"
"အမယ်လေး ... မခနဲ့ပါဘူးဗျာ ... မြကို ချစ်လွန်းလို့ မြ သဘောကျ ဆိုင်းဦး စောင့်ဦးဆိုလို့ စိတ်ရှည်ရှည် သစ္စာရှိရှိ စောင့်နေခဲ့တာ ဆယ်နှစ်က နည်းနည်းတောင် ကျော်နေပြီ၊ အပျိုကြီး လူပျို ကြီးဘ၀ရောက်မှ လက်ထပ်ရတော့မှာဆိုတော့ စိတ်က ပိုပြီး အလျှော့ပေးချင်သေးတယ် မြရယ်"
"မြ စီစဉ်ခဲ့တာကလဲ နှစ်ဦးနှစ်ဘက် ကောင်းပေါ့၊ မောင့်မိဘရော မြမိဘရော နယ်မှာ ရှိနေကြတယ် ဟုတ်လား၊ မောင်နဲ့မြ အိမ်ငှားနေရမယ့်အတူတူ ခင့်ကို လုံခြုံမှုလဲ ပေးနိုင်အောင်လို့ အတူပေါင်း နေရအောင် စီစဉ်ခဲ့တာပါ။ ခင့်အခြေအနေကို မောင်က မမြင်ရလို့၊ တကယ်ပဲ သိပ်သနားဖို့ ကောင်းတယ် မောင်"
ဒေါက်တာမြသွင်အေး စကားကို မောင်မင်းဇင်က ထောက်ခံပြောသည်။
"မောင် မမြင်ရပေမယ့် မောင် သိတယ်၊ သူ့ယောက်ျား ယုတ်မာလွန်း သဘောထား သေးလွန်းလို့ နှစ်ဦးနှစ်ဘက် သိက္ခာပျက်မှာ တွေးပြီး မောင် မသွားဘဲနေခဲ့တာ၊ တယ်လီဖုန်းနဲ့တော့ အဆက် အသွယ် ရနေပါတယ်၊ ဒါတောင် မောင် တယ်လီဖုန်း မဆက်တာ ကြာပြီ၊ ခင့်ဆီကလဲ တစ်ခါတစ်ရံ သာ သူ သိချင်တာကလေး လှမ်းမေးတတ်တယ်"
"မောင်က လူကိုယ်တိုင် မသွားနိုင်တာ တယ်လီဖုန်းတော့ မကြာခဏ ဆက်ဖို့ ကောင်းပါတယ်၊ ဘာကြောင့် မဆက်တာလဲ"
"သြော် ... မောင်ကလဲ အမှုကိစ္စနဲ့ မကြာခဏ ခရီးထွက်နေရတတ်တယ် ဟုတ်လား၊ ဟိုတစ်ခါ ဖုန်းဆက်လိုက်တော့ ချိန်းထားတာကမှ လွဲလိမ့်ဦးမယ် သူ့ယောက်ျားနဲ့ တန်းတန်းမတ်မတ် သွားတိုးတာပဲ၊ မင်းဇင်မှန်းလဲသိ ခင့်ကို စကားပြောဆိုလိုကြောင်းလဲသိရော ဘယ်လောက် မိုက်ရိုင်းလဲဆိုတာ လူကို မမြင်ရတော့ အသံလေး ကြားချင်နေတာလား၊ ဒီအခြေအနေအထိ ဖြစ်နေကြပြီလားတဲ့ မြရယ် ... မောင်လဲ စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ အနားမှာ ရှိနေရင် တစ်ခုခုလုပ်မိမယ်တောင် ထင်တယ်၊ ဖုန်းကို ပစ်ချလိုက်တယ်၊ နောက်တော့ မောင် တစ်ခါမှ မဆက်တော့ဘူး ... ဒီအကောင်နဲ့ ခဏခဏ တိုးမိနေရင် မကောင်းတော့ဘူးလေ"
"ခင့်ယောက်ျားကတော့ လူထဲကလူ မဟုတ်တော့ပါဘူး မောင်၊ ဒါကြောင့်လဲ ခင့်ကို စောင့်ရှောက် ရာလဲ ရောက်အောင် မြတို့ သွားနေမယ် စီစဉ်ခဲ့တာပေါ့၊ အခု တယ်လီဖုန်းကို ခင်က သူ့အိပ်ခန်းထဲ ရွှေ့ထားလိုက်ပြီ၊ မြ ခရီးထွက်နေခိုက် မောင် မကြာခဏ ဖုန်းဆက်ပြီး အခြေအနေကို မေးကြည့် ပါ"
"မြ ဘယ်နှစ်ရက်လောက် ကြာမလဲ"
"တစ်ပတ်ကျော်မယ် ထင်တယ်၊ ပြန်လာရင် လက်ထပ်ဖို့ကိစ္စ မြန်မြန်ပြီးအောင် မောင်က တရား သူကြီး သက်သေ စာချုပ် အားလုံး အဆင်သင့်လုပ်ထားနော်"
"စိတ်ချပါ မြ၊ မှာကြားတာတွေအားလုံး အဆင်ပြေအောင် မောင် လုပ်ထားပါမယ်"
"ခင့်ဆီ ဖုန်းဆက်ဖို့လဲ မမေ့နဲ့နော်"
"မမေ့ပါဘူး၊ တယ်လီဖုန်းမှာ ဘေးရန် မရှိဘူးဆိုရင် မောင်တစ်ရက်ခြားလောက် ဆက်ကြည့်မယ်"
"ကဲ ... မြ စိတ်ချလက်ချ ခရီးထွက်တော့မယ် မောင်ရေ့"
ဒေါက်တာမြသွင်အေးတို့အဖွဲ့သည် ကွင်းဆင်းပြီး ကြည့်ရှုစစ်ဆေးကုသခဲ့ကြသည်မှာ ဆယ့်နှစ်ရက် ရက်တိတိ ကြာသွားသည်။ ဤရက်အတွင်းမှာ ဒေါက်တာမြသွင်အေးအဖို့ တာဝန်ကို အမှားအယွင်း မရှိရအောင် ထမ်းဆောင်နေရသော်လည်း နောက်ပိုင်း စိတ်မဖြောင့်ရှာပေ။ အခြားသူများလို ဆွေမျိုး ညီအစ်ကို မောင်နှမ မိဘအတွက်လည်း ပူပန်စရာ မရှိ၊ လင်ယောက်ျား သားသမီးကိစ္စ ဟူ၍လည်း ကင်းရှင်းနေသေးသူ ဖြစ်လျက်၊ ငယ်သူငယ်ချင်းဖြစ်သူ မေမေခင်အတွက် စိတ်မဖြောင့် နိုင်အောင် ဖြစ်နေမိသည်။
တောရွာ ကျေးလက်ဒေသသို့ ရောက်နေသည်ဖြစ်ရာ စိမ်းစိုညိုမှိုင်းသော တောတန်း သစ်ပင်များ ဆီမှ တသုန်သုန် တဖြူးဖြူး ဆော်မြူးတိုက်ခတ်လာသော လေပြည်တွင် ချိုလွင်သာယာ၊ မာဂဓတေး ဟစ်ကြွေးထူးခေါ် မြူးပျော်ရွှင်ချို လူလိုသဘော သံစုံနှော၍ သောသောညံစီ၊ ငှက်ပေါင်း စုံတို့၏ တေးသီသံတွေ လွင့်ပျံလာသည်များကို ကြားရသောအခါ ဒေါက်တာမြသွင်အေး၏ မျက်စိ အာရုံတွင် ညှိုးငယ်သော မေမေခင်၏ မျက်နှာကလေးကို မြင်ယောင်လာသည်။ ထိုအခါ စိတ်မချမ်း မြေ့သော အရှိန်ကြောင့် လှိုက်လှိုက်လှဲလှဲ အသည်းနှလုံးထဲမှ ထွက်လာသောအသံဖြင့် သီဆိုပြရှာသည်။
"ခင်တစ်ယောက် ဘယ်လိုအခြေအနေမျိုး ရောက်နေပါလိမ့် နောင်ဘုရား ဆိုတာကြီးနဲ့ သူ့အစ်ကို သူ့မရီးတွေများ အိမ်ပေါ်ရောက်နေကုန်ကြပြီလား ခင် အငိုက်မိခံရရင်တော့ သက်သာမှာ မဟုတ်ဘူး ဘယ်လောက် အားငယ်နေရှာမလဲ ငါ့ကို မျှော်နေရှာပေလိမ့်မယ်"
ဟု တွေးမိသောအခါ စိတ်က အလုပ်တာဝန်ထဲမှ အခိုက်အတန့် လွတ်ထွက်ကာ မေမေခင်ထံ ရောက်သွားတတ်သည်။ ထိုအခါ ငိုင်ငိုင်ငေးငေး ဖြစ်သွားသော ဒေါက်တာမြသွင်အေးကို ...
"ဒေါက်တာ ဒေါ်မြသွင်အေး ... ဘယ်လိုလဲ မှိုင်လှချေလား၊ လွမ်းစရာ ဆွေးစရာတွေ ရှိလာပြီ ထင်တယ်၊ အပျိုကြီး တွေ အဲဒါခက်တာပဲ၊ လူသိမှာ ရှက်ပြီး ကြိတ်ဆွေး မြုံဆွေး တော်တော်ကြာ အနာဆွေးကြီး ဖြစ်လို့ ဆရာဝန်အချင်းချင်းတောင် မကုတတ်ဘဲ ဖြစ်နေမယ်နော် ..."
ဟု အဖွဲ့ထဲမှာပါသည့် ဆရာဝန်တွေထဲက ခင်မင်ရင်းနှီးသူများက နောက်ပြောင်ကျီစယ်ကြသည်ကို ပင် ခံနေရသည်။
"ဒေါက်တာတို့ မသိပါဘူး၊ မြအပူက ထောင့်ငါးရာအပူ မဟုတ်ဘူးရှင့်၊ ငါးရာနှစ်ဆယ့်ရှစ် အပူမျိုး၊ အင်မတန် သန့်ရှင်းစင်ကြယ်တဲ့ အပူမျိုး ..."
ဟု စိတ်မကောင်းသည့်အထဲက သူ့ကို လင်တရူး ရည်းစားပူမိသူဟု ထင်မှာစိုး၍ ဒေါက်တာ မြသွင်အေးက ပြန်ချေတတ်သည်။
သို့နှင့်ပင် တာဝန်ကုန်ဆုံး၍ ရန်ကုန်သို့ ပြန်ရောက်လာကြသည်။ ရန်ကုန်သို့ မနက် ဆယ်နာရီ လောက် ရောက်လာသောနေ့မှာ တနင်္ဂနွေနေ့ဖြစ်၍ ဒေါက်တာမြသွင်အေးသည် အထုပ်အပိုးကို ပစ်ချကာ ကပျာကသီ ရေချိုး၊ ထမင်းစား၊ အ၀တ်လဲပြီး ဂျစ်ကားကို ခပ်သွက်သွက်မောင်းပြီး မေမေခင်အိမ်သို့ လာခဲ့သည်။ ခရီးဝေးက ပြန်လာသော ဒေါက်တာမြသွင်အေးအဖို့ အသက်တမျှ ချစ်သောသူ လက်ထပ်မည့် ဆဲဆဲ မောင်မင်းဇင်ကို သွားတွေ့ရန် စိတ်မကူးနိုင်အားပဲ အားကိုးရာမဲ့ ရှာသူ သူငယ်ချင်း မေမေခင် ကို ဦးစားပေးတွေးကာ မေမေခင် အိမ်သို့ လာခဲ့သည်။
မေမေခင့် အိမ်ကြီးမှာ သူ နောက်ဆုံး ထွက်ခွာလာစဉ်ကလို ခြောက်သွေ့ဆိတ်ငြိမ်နေခြင်း မရှိ တော့ချေ။ အိမ်ပေါ် မှ စကားပြောသံ ရယ်မောသံတွေကို စိုစိုပြည်ပြည် ဝေေ၀ဆာဆာ ကြားနေရ သည်။ ဒေါက်တာမြသွင်အေး ၏ စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သွားလေသည်။
"ဒီအချိန်ဆိုရင် ခင်က သူတစ်ယောက်ထဲ နေရတယ်လို့ ပြောပါတယ်။ သူ့ယောက်ျားနဲ့ ပြန်လည် သင့်မြတ်နေကြပြီလား၊ သူ့ခဲအိုတို့ လူသိုက် ရောက်နေကြတာလား"
ဒေါက်တာမြသွင်အေးက တွေးရင်း ဂျစ်ကားကို ဆင်ဝင်အောက်မှာ စက်သပ်ပြီးရပ်ကာ ဂျစ်ကား ပေါ်မှ ဆင်း လိုက်သည်။
"ဘာကိစ္စ ရှိလို့ပါလဲ ခင်ဗျာ ..."
သိမ်မွေ့ယဉ်ကျေးစွာ မေးလိုက်သော မောင်မောင်မျိုး၏ အသံက အိမ်ပေါ်မှ လွင့်လာသည်။ ဒေါက်တာမြသွင်အေးက အသံလာရာသို့ မော့ကြည့်လိုက်သောအခါ အိမ်ပေါ် ဆင်ဝင်အောက် ပြတင်းပေါက် မှ သူ့ကို ငုံ့ကြည့်နေသော မောင်မောင်မျိုးကို တွေ့ရ၏။ မောင်မောင်မျိုးနှင့် ယှဉ်လျက် ချောမော လှပသော အမျိုးသမီးတစ်ယောက်က မောင်မောင်မျိုးနည်းတူ ဒေါက်တာမြသွင်အေးကို ငုံ့ကြည့် နေသည်။
"မေမေခင်နဲ့ တွေ့ချင်လို့ပါ"
ဒေါက်တာမြသွင်အေးက ဖြေရင်း မောင်မောင်မျိုးနှင့် ကိုယ်လုံးချင်း ထိလုနီးပါး ပူးကပ်လှဉ်တွဲနေ သော မိန်းမချောကို ကြည့်လိုက်သည်။ အမျိုးသမီးကား ချောမောလှပသော ရုပ်ရည်အပြင် အသား အရောင်က ကြည့်ရသူအဖို့ စွဲမက်စရာ ကောင်းလှသည်။ အမျိုးသမီး၏ အသားရောင်သည် အဖြူ သက်သက် မဟုတ်ဘဲ၊ ၀ါဝင်းသော အရောင်ဖြင့် နုညက်စင်ကြယ်လှသည်။ ၀င်းဝင်းပပ မြင်ရပြီး ထိတွေ့သူအဖို့ နူးညံ့ အိစက် မည့် အတွေ့ကို ပေးမည့် အသားအရေ အရောင်အဆင်း ဖြစ်သည်။ မေမေခင်ကို မတွေ့ရဘဲ ဤမိန်းမချောနှင့် မောင်မောင်မျိုးတို့ ထိလုနီးမျှ ယှဉ်တွဲနေဟန်ကို ကြည့်ရင်း ဒေါက်တာမြသွင်အေး စိတ်ထဲ မှာ မသန့်မရှင်း ဖြစ်လာသည်။ မေမေခင် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရလိုက်မိသည်။
"နာမည်က မိမိလေးတဲ့၊ ရုပ်ရည်ကတော့ မိန်းမအချင်းချင်းတောင် ငေးကြည့်ရအောင် လှတယ်၊ အခြေအနေ မရှိတဲ့ အတန်းအစားထဲကပါပဲ၊ လည်လိုက်တာလဲ မွှတ်လို့၊ ဖဲရိုက်လိုက်တာလဲ သဲကြီး မဲကြီး၊ လင်ကို ရော မတ်ကိုရော သူ ကြိုးကိုင် ခြယ်လှယ်နေတာ၊ အခု နောင်ဘုရားဆိုတဲ့ လူလိမ် ကို သူပဲ ကြည်ညိုပြီး အသက်သခင်ဆိုပြီး အိမ်ဦးခန်းတင် ကိုးကွယ်ရာက လင်ရော မတ်ရော ပါတီဝင် ဖြစ်သွား တာသာ ကြည့်တော့ ..."
ဟူသော မေမေခင် စကားကို ပြန်လည် သတိရလိုက်သည်တွင် ဤမိန်းမချောသည် မိမိလေးဆိုသူ ပင် ဖြစ်ရမည် ဟု အတတ်တွေးလိုက်၏။
"မေမေခင် မရှိပါဘူး"
မောင်မောင်မျိုးက ဖြေသည်။
"ဘယ်ကိုသွားပါသလဲ ..."
"မသိပါဘူး"
"ဘယ်အချိန်လောက် ပြန်ရောက်လဲ"
"မသိပါဘူး"
စိတ်ဝင်စားဟန် လုံးဝမရှိဘဲ ဖြေနေသော မောင်မောင်မျိုး၏ လေသံကို ဒေါက်တာမြသွင်အေးက မနှစ်မြို့ လျက် နှင့် စိတ်ကိုချုပ်တည်းပြီး ကောင်းကောင်းမွန်မွန်ပင် မေးရပြန်သည်။
"ဘယ်အချိန်လောက်က ထွက်သွားပါသလဲ"
မောင်မောင်မျိုးကလည်း ကောင်းကောင်းမွန်မွန်ပင် ပြန်ဖြေသည်။
"ဟုတ်ကဲ့ ... သူ့မိတ်တွေ ဆိုတာတွေကမေးလို့ ကျွန်တော်လဲ ထပ်တလဲလဲ ဖြေနေရတာပါပဲ၊ မေမေခင် ဘယ်သွားမှန်း ကို မသိပါဘူး၊ ဘယ်တော့ ပြန်လာမယ်ဆိုတာလဲ ကျွန်တော် မခန့်မှန်း တတ်ပါဘူး ခင်ဗျာ"
"ရှင် ... မေမေခင် ဘယ်သွားမှန်း မသိဘူး၊ ဟုတ်လား ..."
ဒေါက်တာမြသွင်အေးက အံ့သြစွာ ပြန်မေးသည်။
"ဟုတ်ပါတယ်၊ ကျွန်တော့်အစ်ကိုနဲ့ မရီ အိမ်နေစရာမလို့ အားကိုးတကြီးနဲ့ ဒီအိမ်ပေါ် နေပါရစေလို့ တောင်းပန်ပြီး ပြောင်းလာတာကို မကြည်ဖြူနိုင်ပါဘူး၊ လက်မခံနိုင်ဘူး၊ ရှင့်အစ်ကိုနဲ့ မရီးကို လက်ခံ ထားရင် ရှင့ိကု မပေါင်းဘူး၊ ဆင်းမယ် ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ပေါ်က ဆင်းသွားလေ ရဲ့၊ နှစ်ရက်ရှိပြီ ..."
မောင်မောင်မျိုး စကားဆုံးသောအခါ ...
"သြော် ... မေမေခင် မရှိတာ နှစ်ရက်တောင် ကြာသွားပြီကိုး"
"ရှင်က လိုက်မခေါ်ဘူးလား"ဟု မေးလိုက်သည်။
"အားကိုးရာမဲ့လို့ လာမှီခိုတဲ့ ကျွန်တော့်အစ်ကိုနဲ့ မရီးအပေါ်မှာ စေတနာယုတ် သဘောထားသေး ပြီး စိတ်ဆိုး ဆင်းသွားတဲ့ မိန်းမကို ကျွန်တော် လိုက်ချော့ရင် ပိုကဲပြီး ပိုဆိုးသွားမှာပေါ့၊ နောက်ပြီး ဘယ်ကို သွားမယ်ဆိုတာလဲ မပြောတော့ ကျွန်တော်က ဘယ်နေရာ လိုက်ခေါ်ရမှာလဲ၊ သူ စိတ်ဆိုး ပြေလို့ ပြန်လာရင် လဲ လာ၊ မလာရင်လဲ မတတ်နိုင်ဘူး ခင်ဗျာ"
မောင်မောင်မျိုးက စိတ်နာသော လေသံဖြင့် ပြန်ပြောသောအခါ၊ ဒေါက်တာမြသွင်အေးက စိတ်ထဲ မှာ များစွာ မကောင်းခြင်း ဖြစ်ရလေသည်။
မေမေခင်သည် ဒေါက်တာမြသွင်အေးနှင့် မောင်မင်းဇင် တို့ လက်ထပ်ပြီး လာနေမည်ဖြစ်၍ အခန်းကျယ် ကြီး တစ်ခုကို ရှင်းထားမည်ဟု ပြောခဲ့သည်။ သူ့စကားအတိုင်း ရှင်းလင်းသုတ်သင် ပြင်ဆင်နေသည်ကို တွေ့ရသော မောင်မောင်မျိုးတို့ လူစု သည် တစ်စုံတစ်ယောက်က သူက မေမေခင် အဖော်ရအောင် လာနေ တော့မည်ကို ရိပ်စားမိ၍ သူတို့လူစုက ဦးအောင် ဇွတ်အတင်း တက်လာကြသည့်အတွက် မေမေခင် စိတ်ဆိုးပြီး ဆင်းသွား လေသလားဟု ဒေါက်တာမြသွင်အေးက တွေးကာ အတန်ကြာ ငိုင်နေပြီး မှ ...
"ခင် မွေးထားတဲ့ ကျေးသားလေးရော"
ဟု မေးမိသည်။
"သေသွားပြီ ... "
မောင်မောင်မျိုးက ဖြေ၏။
"ခင်သွားပြီးမှ သေတာလား"
"ဟုတ်ပါတယ်၊ သူ စိတ်ဆိုးဆင်းသွားပြီးမှ သူ့သတ္တ၀ါလေး သတိရလို့ သွားကြည့်တော့ လှောင်အိမ် ထဲမှာ ပဲ သေနေတာ တွေ့ရတယ်၊ လှောင်အိမ်ထဲက ယူထုတ်ပြီး ခြံထဲ လွှင့်ပစ်လိုက်ရတယ်"
မောင်မောင်မျိုး စကားဆုံးသောအခါ အတူယှဉ်တွဲရပ်နေသူ မိန်းမချောက ...
"မေးစရာ သိချင်စရာတွေ ကုန်ပါပြီလားရှင်၊ ကုန်ရင် ခွင့်လွှတ်ပါနော်၊ မိတို့ ထမင်းဝိုင်း ပြင်ထားပြီး ထမင်း စားမယ့် ဆဲဆဲ ဖြစ်နေလို့ပါ"
ယဉ်ကျေးသော စကားဖြင့် နှင်လိုက်သောအခါမှ မိ ဟူသည့် နာမည် ထည့်ပြောသည်ကို ထောက်ပြီး ဤမိန်းမချော ကား မေမေခင် ပြောခဲ့ဖူးသည့် မိမိလေးဖြစ်ကြောင်း အသေအချာ သိလိုက်ရတော့သည်။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ဒေါက်တာမြသွင်အေးက ပြန်ပြောသောအခါ မောင်မောင်မျိုးနှင့် မိမိလေးတို့သည် ဘာကိုမှ ဂရုမစိုက်သော မျက်နှာမျိုးဖြင့် ပြတင်းပေါက်မှ ပြန်လည် ပျောက်ကွယ်သွားကြသည်။ အိမ်ပေါ် ပြတင်းပေါက် မှ ငုံ့စကားပြောသော အိမ်ရှင်နှင့် အိမ်အောက်မြေပြင်မှ မော့ပြီး စကားပြောရသော ဧည့်သည် တို့၏ ဆက်ဆံပြောဆိုမှုက ပြီးဆုံးသွားလေပြီ။
ဒေါက်တာမြသွင်အေးသည် ကားပေါ် တက်ထိုင်လိုက်သော်လည်း ကားစက်ကို မနှိုးသေးဘဲ၊ စတီရာရင် ကို ကိုင်ပြီး မချမ်းမြေ့သောစိတ်ဖြင့် မေမေခင် အကြောင်း စဉ်းစားနေရာမှ ကျေးသား လေးကို သတိရ မိသည်။
မေမေခင်သည် သူ အလွန် မြတ်နိုးစုံမက်လှသော ကျေးသားလေးကို အဘယ်ကြောင့် မျက်နှာလွှဲ ခဲပစ် စွန့်ထား ခဲ့ပါသနည်း။ သူချစ်သော ကျေးသားလေးကို မောင်မောင်မျိုးက သတ်ချင်နေသည်မှာ လက်ယား နေမှန်း သိပါလျက်နှင့် စွန့်ပစ်ထားခဲ့သည်မှာ ဘာသဘော ဖြစ်ပါသနည်း။ သူ ယူမသွား နိုင်လျှင် လှောင်အိမ်ဖွင့် လွှတ်ပစ်ခဲ့သင့်ပါသည်။ ယခုမူ သူချစ်သော ကျေးသားလေးသည် ချစ်ခင် အားကိုးရာ သခင် ၏ မျက်ကွယ်တွင် သေရှာလေပြီ။ ကျေးသားလေးသေခြင်းမှာ ရိုးရိုးမှ ဟုတ်လေ ရဲ့လားဟု တွေးရင်း ကျေးသားလေးကို သနားနေသည်။ သူနှင့် မေမေခင် လှောင်အိမ်နားမှာ စကားဆို ပြောနေစဉ်က သူ့မျက်နှာကို စူးစူးစိုက်စိုက် ကြည့်နေသော ကျေးသားလေးကို မျက်လုံး ထဲမှာ မြင်ယောင်လာကာ ဒေါက်တာမြသွင်အေးသည် ကားပေါ်မှ ဆင်းလိုက်ပြီးလျှင် အိမ်ကို ဘေးဘက်မှ ပတ်လျှောက် လာခဲ့သည်။ ကျေးသားလေး လှောင်အိမ်ထားရာ ၀ရန်တာဘက်ကို လျှောက်လာသည်။ ၀ရန်တာ အောက်နားဆီသို့ ရောက်သောအခါ ခပ်လှမ်းလှမ်းမှရပ်ပြီး လှောင်အိမ် ချိတ်ထားဖူး သည့်နေရာ ကို မော့ကြည့်လိုက်၏။
လှောင်အိမ်ကလေးသည် ချိတ်ထားမြဲနေရာတွင် ချိတ်လျက်သား ရှိနေသည်။ လေက ခပ်ဖြူဖြူ ကလေး တိုက်နေသည် ဖြစ်ရာ တံခါးပွင့်လျက်ရှိသော ငှက်လှောင်အိမ်ကလေးသည် လေရှိန် ကြောင့် တငြိမ့်ငြိမ့် လှုပ်နေသည်။ ဒေါက်တာမြသွင်အေးသည် လေတိုက်သဖြင့် တငြိမ့်ငြိမ့်လှုပ်နေ သော လှောင်အိမ် ကလေးကို စိတ်မကောင်းစွာ မော့ကြည့်နေရင်း စိတ်ထဲက ...
"မေမေခင် ထွက်သွးတယ်ဆိုတာ ဘယ်လို ထွက်သွားတာလဲ၊ ထွက်သွားတယ်ဆိုတာရော အမှန်မှ ဟုတ်ကဲ့လား ... မောင်မောင်မျိုးနှင့် မိမိလေးတို့သည် မရီးနှင့် မတ် ဖြစ်လျက် နေထိုင်ပုံမှာ နီးစပ် ရင်းနှီး လွန်းသည် ထင်သည်။ ဤအပြုအမူ ဆက်ဆံမှုတွေကို မေမေခင် မကြည့်လို၍ ထွက်သွား ခြင်းပေလား၊ သခင်မ က ဘယ်ဆီရောက်နေမှန်း မသိသော်လည်း သူချစ်သော ကျေးသားလေးကမူ သေရှာလေပြီ။
စသည်ဖြင့် တွေးနေဆဲဝယ် တသုန်သုန် တဖြူးဖြူး တိုက်နေသော လေသံဖြင့် ရောလျက် ...
"လေယဉ်မြန်း ... စေမှန်းရွေလျော်၊ ငယ်ယုံပူဘော် နန်းစိန်ချိုင့်ပျော် ... ကြင်နယ်ယွင်း ... မြတ်မှာ တော်ရင်း မင်းတင်ချေနော် ..."
ဒေါက်တာမြသွင်အေးသည် ဆိတ်ခနဲ တုန်သွားသည်။ သီချင်းသံသည် ဆက်လက်ထွက်ပေါ်လာ ၏။
"ငယ်ယုံပူဘော် နန်းစိန်ချိုင့်ပျော် ... ကြင်နယ်ယွင်း ... မြတ်မှာတော်ရင်း မင်းတင်ချေနော် ... လှေသွေး ဆယ်နည် ကြိုင်ရည်ပန်းပြည့်ညောင်လယ် ကြံမျှော်မှန်းဆနောင်ဝယ် ကြင်ညာဘွား ချော့ဖြေများ ပျော်ပါး ပေလိ့မယ် ..."
မေမေခင် သီဆိုခဲ့သည့် လေယူလေသိမ်း အဆွဲအငင်အတိုင်းပင် တစ်သဝေမတိမ်း သီဆိုသံ ဖြစ်သည်။
ဒေါက်တာမြသွင်အေးက သီချင်းသံလာရာကို စူးစမ်းသောအခါ ကျေးသားလေး နေခဲ့သည့် လှောင်အိမ် ချိတ်ထားရာနှင့် တည့်တည့် အိမ်နှင့် ပေငါးဆယ်မျှကွာသော ကြီးမားသည့် ပိန္နဲပင်ကြီး ဆီမှ အသံထွက် ပေါ်လာနေခြင်း ဖြစ်ကြောင်း မှန်းဆမိသည်။ ဒေါက်တာမြသွင်အေးသည် အံ့အား သင့်ခြင်း၊ တုန်လှုပ် ခြင်းဖြင့် သီချင်းသံကို နားစိုက်ထောင်နေရာမှ စိတ်ထဲတွင် မသန့်ဘဲ ဖြစ်လာ သည်။ သံသယ အပေါင်း များစွာ ၀င်လာသည်။
ထိုအခိုက် အိပ်ပေါ်ထပ်ဆီမှ မသဲမကွဲ အသံအုပ် ပြောဆိုသံတွေ ခြေသံတွေ ရုတ်ရုတ်သဲသဲ ကြား လိုက်ရပြီး၊ ငှက်လှောင်အိမ်ရှိရာ ၀ရန်တာဘက်သို့ ခပ်သွက်သွက် ပြေးထွက်လာသံတွေကို ဒေါက်တာ မြသွင်အေး က သတိပြုမိသည်။
"ခင်ဗျား ... ဘာလုပ်နေတာလဲ ဟင်"
ခက်ထန်စွာ ပြောလိုက်သော မောင်မောင်မျိုး၏ အသံက ဒေါက်တာမြသွင်အေး၏ အထက်မှ ပေါ်လာသည်။ ဒေါက်တာမြသွင်အေးက မော့ကြည့်လိုက်သောအခါ ကျေးသားလေး လှောင်အိမ် ချိတ်ထား ရာ ၀ရန်တာဆီမှ သူ့ကို ငုံ့ကြည့်နေသော မျက်နှာလေးခုကို တွေ့ရ၏။
မျက်နှာတစ်ခုက ခက်ထန်သော မောင်မောင်မျိုးမျက်နှာ၊ နောက်တခု က စိတ်ဆိုးဟန်ပြနေသော ချောမော လှပသည့် မိမိလေး၊ မျက်နှာတစ်ခုက မောင်မောင်မျိုးနှင့် ဆင်တူသော်လည်း စိတ်ပျော်ရွှင် ခြင်း ကင်းမဲ့ဟန် ပေါ်နေသော ကိုအောင်စိုး၊ မျက်နှာတစ်ခုက ကြည်ညိုစဖွယ် ဥပဓိရုပ်ကောင်းလှ သော သျှောင်တစောင်း ထုံးထားသည့် နောင်ဘုရား ...။
မိမိလေး လက်တစ်ဖက်က မောင်မောင်မျိုး၏ ပခုံးကို ကိုင်ထားသည်။ ဤအမူအရာတွေကြောင့်ပင် ကိုအောင်စိုး မျက်နှာ မပျော်ရွှင်ခြင်းပေလား။
"မျိုးရယ် ... ဒေါသမကြီးနဲ့လေ၊ ကောင်းကောင်းပြောမှပေါ့၊ မျိုးမပြောနဲ့ ... မိမိ ပြောမယ်"
မိမိလေး က မောင်မောင်မျိုးကို ဟန့်တားပြီး၊ ဒေါက်တာမြသွင်အေးကို ပြောလိုက်၏။
"ဒီမှာရှင့် ... ရှင် တွေ့ချင်သူမှ မရှိဘဲ၊ မိမိတို့ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာကြောင့် ဒီနေရာ လာနေ ရ တာလဲ၊ ပြန်သွားပါလို့ မိမိ တောင်းပန်ပါတယ်"
ရုပ်ရည်ကသာ ချောသည် မဟုတ်၊ စကားပြောဟန်ကလည်း အမူပါလှသော မိမိလေးကို ဒေါက်တာ မြသွင်အေးက မော့ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ ရပ်နေရာက ခြေလှမ်းလိုက်သည်။ သို့သော် ဒေါက်တာမြသွင်အေး လှမ်းလိုက်သောခြေက မိမိလေးတို့ ထင်သလို ဆင်ဝင်အောက်မှ ရပ်ထား သော ဂျစ်ကား ဆီသို့ ခြေဦးမလှည့်ဘဲ သီချင်းသံထွက်ပေါ်လာရာ ပိန္နဲပင်ကြီးဆီသို့ လှည့်လိုက် သည်။
ထိုအခိုက် ...
"မြရေ မြ ... ခင့်ကို သူတို့ ..."
ပိန္နဲပင်ကြီးဆီမှ ကြေကွဲဝမ်းနည်းစွာ ထွက်ပေါ်လာသော အသံကို ဒေါက်တာမြသွင်အေး ဆုံးအောင် နားမထောင် တော့ချေ။ နားထောင်၍ မဖြစ်အောင် အခြေအနေက ဖန်တီးလာလေပြီ။
ဝရန်တာပေါ်က မျက်နှာလေးခုသည် ရုတ်ခနဲ အိမ်ထဲ ပြန်ရောက်သွားကြသည်။ တစ်ယောက်ကို တစ်ယောက် တီးဆိုးပြောဆိုသံတွေ၊ အိမ်ရှေ့တံခါးမကြီးဆီသို့ ပြေးသွးသောအသံကို ကြားလိုက် ရသော ဒေါက်တာမြသွင်အေးသည် ပိန္နဲပင်ကြီးထံမှ ထွက်ပေါ်လာသော အသံကို နားမထောင်နိုင် တော့ဘဲ သူ့အတွက် ဖြစ်ပေါ်လာမည့် ဘေးရန်က အမြန်ဆုံး လွတ်အောင် ရှောင်ရတော့မည်ဖြစ်၍ ဂျစ်ကား ရပ်ထားရာ သို့ သွက်လက်လျင်မြန်စွာ ပြေးသွားသည်တွင် ပိန္နဲပင်ကြီးဆီမှ အသံလည်း တစ်ပိုင်းတစ်စဖြင့် ပျောက်သွား လေတော့သည်။ ဒေါက်တာမြသွင်အေးသည် ဂျစ်ကားပေါ် ခုန်တက်ကာ ကားကိုစက်နှိုးပြီး မောင်းထွက် လာခဲ့၏။
မော်တော်ကားဘီး လိမ့်စာပြုသောအချိန်မှာ မောင်မောင်မျိုးနှင့် ကိုအောင်စိုးတို့ ညီအစ်ကိုက လှေကားမှ ဆင်းပြေးလာကြလေပြီ။ သူတို့ ညစ်အစ်ကို လှေကားရင်းမြေပြင် ရောက်သည့်အချိန်မှာ ဂျစ်ကားအရှိန် မြန်နေပြီဖြစ်ရာ၊ သူတို့ ညီအစ်ကို ဂျစ်ကားနောက်သို့ အပြေးလိုက်သော်လည်း မမိတော့ချေ။ စက်ကောင်း၍ နှိုးရလွယ် သော ဂျစ်ကား ကျေးဇူးကြောင့် ဒေါက်တာမြသွင်အေးက သူတို့ ညီအစ်ကို နှစ်ယောက် ထံမှ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားလေပြီ။
"တောက် ... လက်မတင်လေး လွတ်သွားတယ်"
အိမ်ပေါ် ပြန်ရောက်လာကြသောအခါ မောင်မောင်မျိုးက မကျေမချမ်း တောက်ခေါက်ပြောဆို လိုက်၏။
မိမိလေးက မောင်မောင်မျိုးကို လက်ဆွဲခေါ်လာပြီး နောင်ဘုရားရှေ့မှာ ထိုင်ခိုင်းသည်။ ကိုအောင်စိုး က ညီနှင့် ဇနီးကို တစ်ချက်မျှ စွေကြည့်ပြီး စိတ်မသက်သာဟန်ဖြင့် ထိုင်လိုက်၏။
"စိတ်ကို ချုပ်တည်းမှပေါ့ မျိုးရဲ့" မိမိလေးက မတ်တော်မောင်ကို ဆို၏။
"ညီငယ် ဒေါသတယ်ကြီးသကိုး၊ ဒေါသကြီးရင် မှားတတ်တယ် ညီငယ်၊ အခုတင်က ဆရာဝန်မကို အိမ်ပေါ် ခေါ်တင်ပြီး အကျိုးသင့် အကြောင်းသင့် သာယာာင်းပျောင်းပြောရင် အခုလို ရုတ်ရုတ်သဲသဲ မဖြစ်ဘူးပေါ့၊ ဒေါသမထွက်သင့်တဲ့ နေရာမှာ မထွက်ရဘူး"
"ညီလေး မင်း အင်မတန် လောတတ်တယ်၊ အေးအေးဆေးဆေး မချိန်ဆဘူး၊ ညီအစ်ကိုအရင်း ဆိုတော့ မင်းနဲ့ ပတ်သက်လာရင် ငါက လက်ပိုက်ကြည့်မနေနိုင်တော့ ခက်ပါတယ်ကွာ"
ကိုအောင်စိုးက ညည်းသည်။
သူတို့လေးယောက် တစ်ယောက်တစ်ခွန်း ပြောကြဆိုကြ၊ တရားချကြ၊ အပြစ်တင်ကြ ဖြစ်နေကြ သော အချိန်ဝယ် ဒေါက်တာမြသွင်အေးသည် စိတ်ပန်းလူမောဖြင့် အိမ်သို့ ပြန်ရောက်လာသည်။ မည်သူ့ကိုမှ စကားမပြောဘဲ သူ့အခန်းထဲသူ ၀င်ကာ တံခါးပိတ်ပြီး နက်နက်နဲနဲ တွေးနေသည်။
မေမေခင် စိတ်ဆိုးပြီး ဘယ်ကိုထွက်သွားမှန်း မသိ၊ သွားပြီဟု မောင်မောင်မျိုး ကိုယ်တိုင်က ပြောသည်။ မောင်မောင်မျိုး ၏ စကားဖြစ်နိုင်သော အထောက်အထားကလည်း ရှိနေသည်။
ဆက်ရန်
.

3 comments:
အိ...........စိတ်မချမ်းသာလိုက်တာ
want to read more...... :(
အမရာ... ပီးချင်လှပီ..ပီးခါနီးကို နောက်ဘယ်၂ ရက်ထိ ဆက်ရန်နေမှာလဲဗျို့....
ဆန့်င် ဆန့်င်ထဲမှာ စာကို မပီးပဲအောင့်ထားရတာလောက် ဘယ်ဟာမှမဆိုးဘူးထင်တယ်.။ မြန်မာပြည်မှာဆို ..အင်းဒီမှာလဲပဲ ..၀တ္တုဆို မပီးမချင်း မထတော့ဘူး..
အိပ်လဲမအိပ်တော့ဘူး..အခုဟာ..က အမရေ.. အမရေ.. စာသိပ်ဖတ်သူချင်း ကိုယ်ချင်းစာပီး နားလည်ပေးပါ..အမရေ..အမရေ....
ငိုးချင်းချပီး စာဖတ်ဖို့ လေယာဉ်လက်မှတ်ပဲ အပြေးဝယ်ရတော့မလိုလို
ဝတ္တုစာအုပ်ပဲ ချက်ချင်း လှမ်းမှာရတော့မလိုလို... အမလေး...အမရဲ့........
မြတ်နိုး
Post a Comment