သံဆွဲတံခါးကို ကိုယ်စောင်းတိုက်ပြီး လတ်လတ် မြန်မြန်ဖွင့်လိုက်တယ်။
လတ်လတ်ရဲ့ ချစ်လှစွာသော ဒေါသကုမ္မာရ မောင်တော် ဘုရား ရွေစိတ်တော်ညို အလိုမကျ ဖြစ်နေပြီလေ။ သတိထား ခစားမှ တော်မယ်။ ဟိုဘက်ခန်းက ကြောင်တွေကလဲ ထုံးစံအတိုင်း သံဆွဲတံခါးဖွင့်သံကို သူတို့ သခင် ပြန်လာတာမှတ်ပြီး တညောင်ညောင်နဲ့ လုပ်ကုန်ကြပြီ။ မအော်နဲ့ဟဲ့၊ နင်တို့ပထွေးနဲ့ တွေ့ လိမ့်မယ်၊ ဘာမှတ် လဲ။
' တောက်…နားငြီးလိုက်တာဗျာ၊ ဒီကြောင်စုတ်သံတွေဟာ၊ လူမှာ ဒူးနာရတဲ့အထဲ'
'လှေကား တက်ရတာကို ဦးရဲ့'
'ကျုပ်ဒူးနဲ့ ဒီလှေကားတွေနဲ့ကတော့ ပြသနာပါပဲဗျာ
'ပြီးတော့ လတ်ဆေးလိမ်းပေးမှာပေါ့ ဦးရဲ့…နော်'
'ဗိုက် ကလဲ ဆာတတ်နေတာ ဆိုတာဗျာ၊ ဘယ်လိုများဖြစ်နေတယ် မသိဘူး။
ဟော… ဗိုက်ဆာတဲ့ဘက် လှည့်လာပြန်ပြီ။ ရမယ်၊ရမယ်။ ဧည့်ခန်းမီးခလုတ်တွေကို ဖွင့်ရင်း လတ်လတ် မီးဖိုခန်း ထဲ အမြန်ရွေ့လျားတယ်။ မီးဖိုပေါ် ဟင်းခါးအိုးတင်ရင်း ခလုတ်တွေကိုဖွင့်လိုတယ်။ ပြီးတော့မှ အ၀တ်အစား လဲဖို့ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်။ ဦးက အ၀တ်အစား လဲပြီးနေပြီ။ သူ့ထုံးစံအတိုင်း ပလေကတ် ပုဆိုး တစ်ပတ်နွမ်းနဲ့ အပေါ်ပိုင်းက အင်္ကျံတုံးလုံး။ ဘယ်လိုမှ ပြောမရဘူး။ အိမ်မှာနေရင် ဒီပုံစံပဲ နေတတ်တယ် တဲ့။ ဘိုကြီးက ဒီနေရာမှာတော့ ဘိုမဆန်ဘဲ အညာသားကြီးလေ။ ပဲလှော်ကြော် သုပ်ထည့်၊ ငံပြာရည် (ဦးအခေါ်ကြာညို့) ထည့်သုပ်ခိုင်းတတ်တဲ့၊ပလာတာကို ထပ်တစ်ရာ ခေါ်တတ်တဲ့၊ မရန်းသီးသုပ် ကို မရန်းသီးထောင်းခေါ်ပြီး ဆီတွေအရမ်း စိမ်ခိုင်းတတ်တဲ့ ပဲကြီးဟင်းထဲ ဆူးပုပ်ခတ်ဖို့ "ဆူးပုပ်ကလေး" ဆိုတာ ကို ရှာခိုင်းတတ်တဲ့ အညာသားကြီး လေ။
ဒါပေမယ့်နော်၊ကြေးများပြီးဘုကျတဲ့၊ ခွကျတဲ့ အညာသားကြီး လတ်ရဲ့ဦးက သနားစရာ ပါနော်။ အညာကနေ တစ်ကောင်ကြွက် တစ်မျက်နှာလေးနဲ့ ရန်ကုန်ကို ဆင်းလာခဲ့တာတဲ့။ ဦးရဲ့ဦးလေ၊ အဒေါ်ဝမ်းကွဲတွေက ကျောင်းထား ပေးလို့ ဦးဘွဲ့ရခဲ့တာတဲ့။ ရန်ကုန်ဆင်းလား တော့ ဦးက မန္တလေးတက္ကသိုလ်က ဘွဲ့ရပြီး သားလေ။ ရန်ကုန်မှာ သူ့သူငယ်ချင်း တစ်ယောက်အိမ်နေရင်း ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှာ ဆရာ ပေါက်စလေး ဖြစ်တာတဲ့။
'ကဲ…အဲဒါမှ ဒုက္ခ၊ ကျုပ်စီးကရက်ဘူး ကုန်နေပြီ၊ အပြန်လမ်းမှာ ၀ယ်မယ်လို့ စိတ်ကုးထား လျက်နဲ့ဗျာ'
အဲ…အဲ… ဒေါသဖြစ်စရာ တစ်မျိုးတိုးလာပြန်ပြီ။ မတိုးပါနဲ့၊ မတိုးပါနဲ့ ဆရာကြီှးရယ်။
'ရော့…ရော့ ဟောဒီမှာ၊ လိုတာ မှန်သမျှ အကုန်ရစေမယ်'
ဗီရို အံဆွဲထဲက အစီခံမပါ ဒူးယားစီကရက်ဘူးကို ယူပြီး ဦးဆီလတ် ထုတ်ပေးလိုက်တယ်။ ၀ရန်တာ မှာ သူ့ သစ်ပင် တွေကို ရှုစားနေတဲ့ ဦးက လတ်ရဲ့ စီးကရက် ဘူးကို မျက်မှောင်ကြုတ်ကြည့်လိုက် တယ်။
"အဲဒါ ဟိုနေ့က သမဆိုင်က ရလို့ လိုလိုမည်မည် လက်သိမ်းထားလိုက်တာလေ"
ဦး မျက်နှာ က ပိုပြီး ရှုံ့မဲ့သွားတယ်။
"ကျုပ် ဘယ်တုန်းက အစီခံမပါတဲ့ စီးကရက်ကို သောက်လို့လဲ"
မျက်နှာလေးများ ရမလားလို့ သွားလုပ်မိပါတယ်။ မျက်နှာမရဘဲ ခြေကျောက်ပဲရတော့ခံလိုက် ဒေါ်လတ်လတ်ထွေး ခံလိုက်။
"မသိဘူးလေ၊ ဦးက စီးကရက်ဆို ဘာတံဆိပ်ရယ်လို့ စွဲစွဲမြဲမြဲ သောက်တာ မဟုတ်တော့"
"အဲဒါ အစီခံပါတဲ့ စီးကရက်တွေ၊ အစီခံမပါတဲ့ စီးကရက်ဆို နတ်ပြည် ကလာလဲ ကျုပ် မသောက်ဘူး"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒီလိုဆို လတ် အောက်ဆင်း ၀ယ်လိုက်မယ်လေ"
"တော်ပြီတော်ပြီ၊ မ၀ယ်နဲ့"
ကဲ မ၀ယ်နဲ့ဆိုလဲ မ၀ယ်ရုံရှိတာပေါ့ ဦးစိတ်တိုကြီးရယ်။ ဦးစိတ်တိုကြီး ထမင်းစားဖို့ပဲ အမြန်ဆုံး လုပ်လိုက် မယ်နော်။
မီးဖိုပေါ်မှာ ဟင်းခါးအိုးဆူနေပြီ။ ကြောင်အိမ်ထဲက ငရုတ်ကောင်းစေ့ကို ယူပြီး ငရုတ်ဆုံထဲထည့် လိုက် တယ်။ လေးခေါက်ချိုး ဂုန်နီအုတ်ပိုင်း ခံမနေအားတော့ဘူး။ ဒီတိုင်းပဲ လက်သံပြောင်လိုက် တော့တယ်။ ဒီအချိန် ဆို အောက်လွှာမှာ လူမရှိပါဘူး။ အဲ လတ်တို့ကို ထွက်နှုတ်ဆက်တဲ့ အဘိုးကြီးတော့ ရှိရှာတယ်။ တတ်နိုင် ဘူး။
ငရုတ်ကော်ငးထောင်းရင်း ကျန်တဲ့လက်နဲ့ မီးဖိုခလုတ်တွေကို လှမ်းပိတ်လိုက်တယ်။ အဖုံဖွင့်ပြီး ငရုတ်ကောင်း ခတ်၊ ဟင်းခါးအိုး ချပြီး ၀က်သား ကုန်ေးဘာင်ကြီးကြော် အိုးကို တင်လိုက်တယ်။ မီးရှိန်လေးနဲ့ ပူသွား မှာပါ။
ထမင်းပွဲ ကို လက် အမြန်ဆုံး ပြင်ဆင်လိုက်တယ်။ ဟင်းခါးပန်းကန်၊ ၀က်သားပန်းကန်၊ ဦး ထမင်း ပန်းကန်ပြား ဘေးမှာ ဇွန်းခက်ရင်းတစ်စုံ ရေဆေး၊ အ၀တ်နဲ့ သုတ်ပြီးချ။ ပြီးတော့ ဆားနဲ့ ငရုတ်သီး စိမ်း ပန်းကန်ပြား လေး၊ လတ်ရဲ့ ထမင်းပန်းကန်ပြား၊ ဒါပဲ။
ဦးနဲ့ ရမှ လတ်လဲ ငါးပိရည်၊ ငရုတ်သီး ဖြတ်ရပြီ။ အလျင် အလွန်ကြိုက်တဲ့ မိန်းမလေ။ ဦးက ငရုတ်သီးကို မကြိုက်တာ မဟုတ်ဘူး။ သိပ်ကို ကြိုက်တယ်။ ဒါပေမယ့် ငရုတ်သီးစားပြီးလို့ ဆီးသွား တဲ့အခါခံရတဲ့ အပူဒဏ်ကြောင့် ကြောက်ပြီး ဖြတ်ပစ်လိုက်တာတဲ့။ ငါးပိရည်ကိုတော့ ဦးက ကြိုက်ကို မကြိုက်တာ။ သူ့အညာ ငါးပိချက်ကိုတော့ ကြိုက်ပါတယ်။ စိတ်ကူးရရင် လတ်ကို ချက်ခိုင်းပြီး။ အငန်ကတော့ မစားတာဘဲ ကောင်းပါ တယ်လေ။ ဦးမှာ သွေးတိုးလေးက နည်းနည်း ရှိချင်ပြီ။
ဦးရေ ၊ လာ........ထမင်းစားမယ်
လာမယ်......လာမယ်၊ ဒီမှာ အပင်လေး တစ်ပင်၊ သေတာလားလို့။
လတ်က ထမင်းပွဲနားကနေ ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ လျှောက်လာတဲ့ပြီး အိပ်ခန်းထဲ ၀င်လိုက်တယ်။
သြော်........ဦး၊
ဟာဗျာ
လတ်တို့နှစ်ယောက် အိပ်ခန်းဝမှာ တိုက်မိကြတာလေ လတ်က သစ်ပင်ကြည့်ဦးမှာလားလို့ လာတာ ဦး ထွက်လာ တာ ဘယ်သိပါ့မလဲ။
အဲဒါကြောင့် ကျုပ်ပြောတာပေါ့ ၊ ဟောဒီ အခန်းတွေက လူနှစ်ယောက်တောင် မရှောင်သာဘူး ခဏခဏ တိုက်မိ နေတာပဲ၊ ကျုပ်သိပ်စိတ်ပျက်တာပဲ၊
ဒေါကြီး မောကြီးနဲ့ ဧည့်ခန်းဘက် ထွက်လိုက်တဲ့ ဦးလက်ကို လတ်လှမ်းဆွဲလိုက်တယ်
ဦးကလဲလေ ဘယ်လိုဖြစ်နေတာလဲ ရန်ကုန်မြို့မှာ ဒီလိုတိုက်မိတဲ့ အခန်းကျဉ်းကျဉ်းကလေးတွေကို နေချင်လျက် နဲ့ မနေနိုင်တဲ့ သူတွေ အများကြီးနော် သိရဲ့လား
လတ် က ဦးရဲ့ အိတွဲစပြုနေတဲ့ လက်ရုံး လက်မောင်းကို ဖက်တွယ်မှီနွဲ့လိုက်တယ်
ကျုပ် တို့မှာ ဒီထက်ကျယ်တဲ့ အခန်းတစ်ခန်းတော့ လိုအပ်နေပြီး ဒေါ်ချတ်လစ်
ဦးလေသံ က နည်းနည်းပျော့သွားတယ် ဒေါ်ချတ်လစ်လို့လဲ ခေါ်ပြီလေ
ချတ်လစ် တို့ တစ်နေ့နေ့တော့ ၀ယ်ကြတာပေါ့ ဦးရယ်
ဒီအခန်းဝယ် တဲ့ အကြွေးလေးတွေတောင် မကြေသေးဘူုး ဆိုတာ သတိရပါဦးနော်
အို........ဘာဆိုင်လဲ
ကဲ.....ကဲ..... စိတ်တော့ မတိုလိုက်ပါနဲ့ ဦးစိတ်တိုကြီးရယ် မျောက်ညိုလေးကိုလဲ သနားပါဦး ၊ ဦးစိတ်တိုကြီး စိတ်တိုရင် မျောက်ညိုလေးက နေစရာမရှိတော့ဘူးရှင့်
လတ်က ပြောပြောဆိုဆို ရင်အုံကို ဆတ်ခနဲ ကိုက်ဆွဲလိုက်တော့ ဦးက တအားအော်တယ်
မျောက် မဟုတ်ဘူး ခွေးမလေး......ခွေးမလေး....ခွေးညိုလေး.....
ဦးမျက်နှာ က မချိုမချဉ် ပြုံးလို့ လတ်ပါးကို လိမ်ဆွဲလိုက်ရင်း အရူးမတဲ့ ။ ဒါပဲ....။ လတ်ပါးကိုလဲ မနမ်းဘူး။ နဖူးကိုရော။ ဟင်း..... မိန်းမနမ်းတာတောင် အချိန်နေရာ ရွေးနေသေးလား မသိပါဘူးတော်
ကဲ....မျောက်ညို ဘာဆိုက်လှပြီ ကျုပ်ကို ထမင်းမကျွေးတော့ဘူးလား
သူစိတ်ကြည်နေရင် စကားလိမ်သုံးပြီး ဘာဆိုက် ဗိုက်ဆာတို့ ၀က်သား ၀ါးသက်တို့ ကြက်သား ကြားသက် တို့ အရက်သောက် အရောက်သက် တို့ ချယ်တစ် ချစ်တယ်တို့ အဲဒါမျိုးတွေ သုံးပြီးပြောရင် သေချာပြီ ဦးစိတ်ကြည် နေတဲ့ အချိန်...။
ဦးက လတ်လတ်ကို ဆွဲခေါ်ရင်း မီးဖိုထဲ ရောက်လာကြတယ်။ လတ်က ထုံးစံအတိုင်း ဦးပန်းကန်ထဲကို ဟင်းခပ် ထည့်ပေး တယ်။ ဦးကတော့ ဝေးသေး။ သူ့ဟာသူ ဇွန်းခက်ရင်းကြီးနဲ့ ငုံ့စားနေတာပဲ။ လတ်ပါးစပ် ထဲ အသားဖတ်လေး ဘာလေး ခွံဖို့ ဝေးလို့ ပန်းကန်ထဲတောင်ပြန်ထည့်မပေးဘူး။ လတ်တို့ကတော့ ဟင်းခါး တောင် မှုတ်ပြီး တိုက်လိုက်ချင်သေးတာ။ ရခါစ လူတွေရှေ့မှာ တစ်ခါလုပ်မိလို့ အော်ခံရပြီး ကတည်းက လတ်လဲ နောက်မလုပ်ရဲတော့ဘူး။ မကလက်နဲ့တဲ့။ ကလက်တာကို ဦးက မကြိုက်ဘူးတဲ့။ ဒါ...... ကလက်တာ မှ မဟုတ်ဘဲ ချစ်တာကိုး.............နော်။
ထမင်းတွေ ဘာလို့ အများကြီးစားနေတာလဲ..............၊ ဟင်း များများစားလို့ဆို ချတ်လစ် နော်........ ၀တုတ်ကြီး ဖြစ်လာလို့ ကတော့ ပြောလိုက်ပါပေရဲ့ဗျာ
အို..... လုပ်ကြည့်လေ၊ လတ်ကလဲ ပြောပြီးသားပါနော်
ဦး ကို ကြောက်တာနဲ့ လတ် ထမင်းကို နောက်ထပ် မထည့်ရဲတော့ဘူး။ ဦးကတော့ ရတယ် ။ ထမင်းကို တစ်ပန်းကန် ပဲ။ နောက်ထပ် ဘယ်တော့မှ ထပ်မထည့်ဘူး။ ဟင်းပဲ များများစားတယ်။ တော်ပါသေးတယ်၊ ကလေးမရှိ၊ ဘာမရှိ နှစ်ယောက် တည်းလဲ နှစ်ယောက်တည်း ၀င်ငွေလေးလဲ အသင့်အတင့်မို့ နို့မို ဆိုလို့ကတော့ စိတ်လျှော့ရေးအတွက် ဦးဟင်းစားပုံနဲ့ ဒီနေ့ အသားငါး ဈေးနှုန်းနဲ့ ဦးစိတ်တိုတို့ ကြည့်လို တောင် ကောင်းဦးမယ်။
ဦးက ထမင်းစားပြီးရင် ရေနွေးကျကျ သောက်တတ်တယ်။ ဦးထမင်းစားပြီးခါနီး ဓါတ်ဘူးထဲကနေ ရေနွေး တစ်ခွက် လတ် ငှဲ့ထားပေးရတယ်။ သူ့ဟာသူ ငှဲ့ရင် အပူကလောင်ဦးမယ်လေ။ အပူလောင်ရင် ကလေးဆိုး ကြီးလို အော်ဦးမယ်။
ဓါတ်ဘူးက အချောင်ကွဲရဦးမယ်။ တစ်ခါဖြစ်ပြီး ကတည်းက မလတ်လတ်ထွေးတို့ မှတ်သားပြီးပြီ။ ထမင်းစားပြီးခါနီးမှာ ကြိုတင်ငှဲ့ထားပေးလိုက်ပြီ။
ဦးကသောက်ပြီးတဲ့ ရေနွေးခွက်ကို စားပွဲပေါ်ချလိုက်ပြီး ထိုင်ရာက မတ်တတ်ရပ်လိုက်တယ်။
ကဲ......ဘယ်လိုလဲ ဒေါ်ချတ်လစ်၊ ကျုပ်အလျင် သွားရမလား ခင်ဗျား အလျင်သွားမလား ကျုပ်ကတော့ အချက် ပေးနေပြီ။
ထုံးစံအတိုင်း ထမင်းစားပြီးတာနဲ့ လတ်တို့ ပြဿနာက စပြီ။
ထမင်းစားပြီးတာနဲ့ နှစ်ယောက်တစ်ပြိုင်နက် ၀မ်းသွားချင်လာတဲ့ ပြဿနာပေါ့။
ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့ ပြဿနာကို ထမင်းစားပြီးတာနဲ့ လတ်တို့ ရင်ဆိုင်ရမြဲ။
လတ်ကြိုးစားကြည့်ပါတယ်။ အချိန်ပြောင်းလဲဖို့လေး ဘယ်လိုမှ မရဘူး။ ဦးထမင်းစားပွဲက ထရပ်လိုက်တဲ့ အချိန်မှာ လတ်ကလဲ အချက်ပေးနေပြီလေ။ ဒါပေမယ့် သိတယ် မဟုတ်လား ဦးစိတ်တိုကြီး အကြောင်းကို။
ဦး သွားပါ၊ လတ်က ရသေးတယ်၊ ပန်းကန်တွေ ဆေးလိုက်ဦးမယ်။
အဲဒါပဲ.............ကျုပ်ဒါကြောင့် ပြောတာပေါ့ အခန်းတစ်ခုဟာ လူနှစ်ယောက်ရှောင်သာအောင် အပေါက်ကျယ် ရမယ် အိမ်သာနှစ်လုံးပါရမယ် ဒါမှပေါ့
ဟော....... အခန်းဘက်ကို လှည့်လာပြန်ပြီ ဦးရယ်....အောက်လွှာက လူတွေလိုများဆို ဘယ်နှယ့် လုပ်ပါ့မလဲ။ ခြောက်ယောက် ခုနှစ်ယောက်တွေ၊ အင်း....လတ်တို့လိုတော့ ခြောက်ယောက် ခုနှစ်ယောက် စလုံး တပြိုင်နက် အိမ်သာတက်ချင်တာမျိုးတော့ မဖြစ်လောက်ပါဘူးနော်။ ဖြစ်များဖြစ်ရင် တော့ ဒုက္ခ။ ဟိုဘက်ခန်း က အပျိုကြီး နှစ်ယောက်ရော လတ်တိုလိုများ ဖြစ်သလားမသိ။ သူတို့လဲ စားအတူတူ သွားတူတူ ပဲလေ။ အောက်ဆုံထပ်က အလွှာနှစ်လွှာ ရထားတဲ့ ဆန်နီတို့ မြေပိုင်ရှင် သားအမိကတော့ ဒီပြဿနာ ဖြစ်မှာ မဟုတ်ဘူး။ အိမ်သာ က အပေါ်တစ်လုံး အောက်တစ်လုံးကိုး။
ဆက်ရန်
.

No comments:
Post a Comment