အကူအညီဘယ်လိုပေးရပါ့
စင်ဒီ။ ဇန်န၀ါရီ ၂၃ - ဖေဖော်ဝါရီ ၁။
တီဗွီဖန်သားပြင်ပေါ်တွင် ရိပ်ခနဲမြင်လိုက်ရပြီးနောက်တွင် ကလစ်၏ သတင်းဘာမှ ထပ်မကြားရ တော့ပါ။ သူအသက်ရှင်နေသေးကြောင်း သိရလို့ တက်ကြွပျော်ရွှင်နေသည့် ကျွန်မ၏ စိတ်ဓာတ်တွေ ပျက်ကြွေးပါး လျားစ ပြုလာ၏။
သူ့ပုံကို တီဗွီတွင်ပြပြီးနောက် အီရက်တွေ သူ့ကို အသက်ရှင်လျက်ထားကြပါ့မလား။ သူ့ကို အစာငတ် ရေငတ် ထားနေကြသလား။ သေကောင်ပေါင်းလဲ နှိပ်စက်နေကြပြီလား။
ဂျနီဗာသဘောတူချက်တစ်စောင်ကို ရအောင် ကျွန်မ ရှာ၍ ဖတ်ကြည့်သည်။ စာချုပ်ထဲတွင် စစ်သုံ့ ပန်းများ ကို နေရာထိုင်ခင်းပေးရမည်။ ကျန်းမာရေး ဂရုစိုက်ပေးရမည်။ အစားအသောက် ကျွေးမွေး ရမည်။ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများက လာရောက်စစ်ဆေးပိုင်ခွင့်ရှိရမည်။
သည်စာချုပ်ကို ၁၉၅၆ ခုနှစ်တွင် အီရတ်က လက်မှတ်ထိုးခဲ့ပြီးဖြစ်၏။ သို့သော် ပြောင်ပြောင်တင်း တင်း ချိုးဖောက် နေသည်မှာ ထင်ရှားနေပြီ။
အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီက အမေရိကန် စစ်သုံ့ပန်းတွေကို တွေ့ခွင့်ရဖို့ အကြိမ် ကြိမ်ကြိုး စားသည်။ အီရတ်က အကြိမ်ကြိမ် ပယ်ချသည်။ သည်တော့ ကျွန်မတို့ ပိုပြီး စိတ်ပူလာကြ ရတော့၏။ သူတို့ ကို ဘယ်မှာ ထားသလဲ။ သူတို့ ကျန်းမာရေးအခြေအနေကောင်းနိုင်ပါတော့မလား။
ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် သုံ့ပန်းတွေကို အမေရိကန်က ဗုံးကြဲဖို့ ရွေးထားသည့် ပစ်ကွင်းများသို့ ပို့ထားဖို့ စီစဉ်နေသည် ဟု ဘက်ကဒက်ရေဒီယိုမှ ကြေညာသည်။
မိထား သည့် အမေရိကန် လေသူရဲများစွာကို သူတို့ ဓားစာခံ လုပ်ကြတော့မည်။
နောက်ရက်များတွင် သုံ့ပန်းဖြစ်ခဲ့ဖူးသူ စစ်မှုထမ်းဟောင်းများကို ကျွန်မ လိုက်ရှာပြီး ဆက်သွယ် သည်။ အကြံဥာဏ်လိုက်တောင်းသည်။ သူတို့အားလုံးက ကျွန်မကို ၀ိုင်းဝန်းနှစ်သိမ့်ကြ၏။ ကလစ်၏ လေယာဉ် အုပ်စု မှ စာများလည် ကျွန်မဆီ ရောက်လာကြသည်။
" ကျွန်တော်တို့ တစ်တပ်လုံး သူ့ကို အားလုံးချစ်ကြပါတယ်။ အဖေတစ်ယောက်လို လေးစားကြပါ တယ်"ဟု ဗိုလ်ကြီး ဂျွန်ဂန်ဘိုဝါက ရေးလာသည်။
" ကျွန်တော့်ကို တိုက်ရဲ ခိုက်ရဲအောင် သတ္တိတွေ ပေးတဲ့ ကျွန်တော့်တပ်မှူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူအမိခံလိုက်ရတယ်ဆိုတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝခံစားရ ပါတယ် အစ်မကြီး " ဟု တပ်ကြပ်ကလေး တစ်ယောက်က ရေးလာသည်။
အခြားအခြားသော တပ်မိသားစုများဆီကလည်း စာတွေ တစ်ပုံကြီးဝင်လာသည်။ ကျွန်မကို အားပေးကြ၏။ အိမ်တိုင်ရာရောက်မှာ လာနေပေးပြီး တယ်လီဖုန်းစောင့်ပေးသူက စောင့်ပေးနှင့် အိမ်တွင် လူပြတ် သည်ဟူ၍ မရှိတော့။ အိမ်ကခွေးကလေးကာမိကို လမ်းလျှောက်ပေးသူကပေးနှင့် ထောင့်စေ့နေ၏။
ဤသို့ဖြင့် ဘာသတင်းမှ မကြားရဘဲ ရက်တွေကြာလာသောအခါ ကျွန်မ စိတ်ဆိုးလာသည်။ ရင်ထဲ တွင် ဒေါသ တွေ အလိပ်လိုက်တက်လာသည်။ စစ်သုံ့ပန်းဘ၀ဖြင့် သူတို့ကြိုက်သလောက် ဖမ်းထား ပါစေ ဆိုပြီး ကျွန်မ ထိုင်စောင့်မနေနိုင်ပါ။ ကျွန်မကိုယ်တိုင် တစ်နည်းနည်းနှင့် လုပ်မှဖြစ်တော့မည်။
သို့သော် ဘာလုပ်ရမည်လဲ။ နောက်တစ်ပတ်ထဲတွင် ကျွန်မ လိုက်ရမည့်လမ်းကြောင်း ပေါ်လာ တော့၏။
ကျွန်မတို့၏ ရေတပ်မိတ်ဆွေတစ်ယောက်ဖြစ်သည့် "ကင်း"က ကုလသမဂ္ဂတွင် တာဝန်ထမ်း ဆောင် နေသည့် အီရတ်သံအမတ်ဆီ ပို့သည့်စာကို ကျွန်မအား မိတ္တူတစ်စောင်ပေးသည်။
ထိုမိတ္တူ နှင့် အတူ ကျွန်မဆီကို အားတက်စရာ စာတစ်စောင်လည်း သူရေးလာသည်။
" ကိုယ်တော့ အဲဒီစာမျိုးတွေ ဆက်ရေးနေမယ် စိတ်ကူးတယ်။ တခြားလူတွေလည်း ဒီလိုစာမျိုးတွေ ရေးချင် လာအောင် ကိုယ်စည်းရုံးမယ်၊ ကလစ်လွတ်လာတဲ့အထိ ကိုယ်ဆက်လုပ်သွားမယ် "
သူ့စိတ်ကူး ကို ကျွန်မ သဘောကျပါသည်။ ဒါပေမယ့် ဒီလို လုပ်ခြင်းအားဖြင့် ကလစ်အတွက် ဆေး ကြောင့် ပိုလေးနေမည်လား။ မကြာခင် ထောက်လှမ်းရေးနှစ်ယောက်ရောက်လာပြီး အားပေးသဖြင့် ကျွန်မ စိတ် သက်သာရာ ရခဲ့ပါ၏။
သူတို့က အီရတ်တို့ဖမ်းထားသည့် စစ်သုံ့ပန်းအားလုံး၏ မိသားစုစာရင်းတစ်စောင်ပေးသည်။ သူတို့ အားလုံး က ကုလသမဂ္ဂ၊ အီရတ်သံအမတ်ဆီကို စာတွေဝိုင်းတင်ဖို့ ထောက်ခံအားပေးခြင်းပြု၏။
နောက်ဆုံး တော့ ကျွန်မသွားရမည့်လမ်းကို ကျွန်မ အခိုင်အမာ ရွေးနိုင်ခဲ့လေသည်။
ကျွန်မ ကောင်းကောင်းအိပ်မပျော်ခဲ့သည်မှာ နှစ်ပတ်ကျော်ခဲ့ပြီ။ အားကစားရုံမှ အပြေးလေ့ကျင့် သည့်ကြမ်းပြင် သည်သာ ဆောက်တည်ရာမရဖြစ်နေသည့် ကျွန်မ၏ စိတ်တည်ငြိမ်ရာဖြစ်နေတော့၏။
ထိုနေ့ နှောင်းပိုင်းတွင် အီရတ်က ကြေညာချက်တစ်စောင်ထုတ်သည်။ စစ်သုံ့ပန်းအားလုံးသည် စစ်တရားခံ များ ဖြစ်သည်။ ထို့ကြောင့် စစ်တရားခံများအဖြစ်ဖြင့် စစ်ဆေးခြင်းခံရမည်တဲ့။
ကျွန်မ သည် အပြေးလေ့ကျင့်ကြမ်းပြင်ပေါ်တွင် သုတ်ခြေတင်နေ၏။ ကျွန်မရှေ့တည့်တည့်မှ နံရံတွင် သူ့ရုပ်သွင် ကို ကျွန်မ မြင်နေရ၏။ ယောက်ျားပုံပျက်နေသည့် သူ့မျက်နှာ၏နောက်ကွယ်တွင် ကျွန်မ အင်မတန် သဘောကျသည့် အင်အားတစ်မျိုးရှိနေကြောင်း ကျွန်မ အတိုင်းသားမြင်နေရပါသည်။
ကျွန်မခြေလှမ်းတွေ မြန်သည်ထက် မြန်လာသည်။ ပြီးတော့ ပြေးနေသည့် ခြေလှမ်းများ ဖြစ်သွား၏။ ကျွန်မဘက် မှ အင်အားကိုလည်း သူခံစားရမှာပါ။ ဒီတိုက်ပွဲကို ကျွန်မတို့နှစ်ယောက်ပေါင်း ပြီး လက်တွဲဆင်နွှဲမည်။ ကျွန်မ၏ အပြေးခြေလှမ်းတွေ တရိပ်ရိပ်ပိုမြန်လာသည်။ ကျွန်မတို့နှစ်ဦး စလုံး၏ ဘ၀ သည် သည်ခြေလှမ်းများပေါ်တွင် မူတည်နေသည့်အလား။
ခုတော့ ကျွန်မ ဘာလုပ်ရမယ်ဆိုသည်ကို ရှင်းရှင်းပြတ်ပြတ်မြင်နေပြီ။ သူငယ်ချင်း အပေါင်းအသင်းတွေနှင့် တိုင်ပင် ရမည်။ ဆွေမျိုးသားချင်းတွေနှင့် စကားပြောရမည်။ အိမ်နီးနားချင်း များ၏ စကားကိုလည်း ကြားနာ ရမည်။
စာသင်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေကိုလည်း ကျွန်မစည်းရုံးရမည်။ ကျွန်မ၏ တိုက်ပွဲကို ထောက်ခံ အားပေးကြ ဖို့ အကူအညီတောင်းရမည်။
ကျွန်မတို့ သေနင်္ဂဗျူဟာ အောင်မြင်ပါလေသည်။ ကုလသမဂ္ဂမှ အီရတ်သံအမတ်ဆီကို ကန့်ကွက် စာတွေ ထောင် နှင့် သောင်းနှင့်ချီ၍ ရောက်လာနေပြီ။
----------------------
နှလုံးသွေးပျက်ချင်စရာခြိမ်းခြောက်မှု
ကလစ်။ ဇန်န၀ါရီလ ၃၀ - ဖေဖော်ဝါ၇ီလ ၂၃။
ကာလအတန်ကြာ ဘာမှ ထူးခြားမှုမရှိဘဲ ကုန်လွန်သွား၏။ သို့သော် တစ်ရက်တွင် မမျှော်လင့်ဘဲ ဧရာမ လိမ္မော်သီးကြီးတစ်လုံး ကျွန်တော်ရသည်။ ဗီတာမင်အပြည့်ရရန် အခွံတွေခွာချပြီး အားရပါးရ စားပစ် လိုက်သည်။ နောက်တစ်ရက်တွင်လည်း အလားတူ တစ်လုံးထပ်ရပြန်၏။ အလကားတော့ ဟုတ်ဟန်မတူ။ တစ်ခုခု တော့ တစ်ခုခုဟု စိတ်ထဲထင့်နေ၏။
ထင်သည့်အတိုင်းပါပဲ။ ထိုညတွင် အစောင့်တွေရောက်လာပြီး ထုံးစံအတိုင်း ကျွန်တော့်ကို မျက်နှာ စည်း၊ လက်ထိပ်ခတ်ပြီး ကားတစ်စင်းပေါ်တင်ပြီး ထောင်ပြောင်းကြပြန်ပါသည်။
ထောင်အသစ် ကိုရောက်တော့ တစ်စုံတစ်ယောက် အော်ဟစ်အမိန့်ပေးသံကို နားထောင်ပြီး ဧရာမ အဆောက် အအုံကြီးဖြစ်လိမ့်မည်ဟု ကျွန်တော်ခန့်မှန်းလိုက်၏။
အော်ဟစ်အမိန့်ပေးသံ ပဲ့တင်ပြန်လာသည်မှာ အတန်လှမ်းသောအရပ်မှ ပြန်လာခြင်းဖြစ်၏၊ ကြောက်မက် ဖွယ်ရာ ဧရာမ အခိုင်အခန့်အကျသ်းထောင်ကြီးဖြစ်လိမ့်မည်။
သည်တစ်ခါ တိုက်ပိတ်ခံရသည့်အခန်းမှာ ရင်ခွဲရုံတမျှ အေးသည့်အခန်းမျိုးဖြစ်၏။ စောင်တစ်ထည် ကား ပေးပါ၏။ ဘယ်လိုမှနွေးအောင်လုပ်လို့မရပါ။ ကျွန်တော် မေးချင်းရိုက်ပြီး ခိုက်ခိုက်တုန်အေးနေ ပါသည်။ သည်လို ညမျိုး ၂၃ ည ကျွန်တော် ဖြတ်သန်းရ၏။
သည်နေရာရောက်သည်နှင့် ကျွန်တော့်ကို စနစ်တကျ ရိက္ခာဖြတ်ကြတော့သည်။ နေ့စဉ် ကျွန်တော် ရသည့်အစားအစာမှာ စွပ်ပြုတ်ယောက်ချိုတစ်ဇွန်းနှင့် ပေါင်မုန့်ခြောက် နှစ်ဖဲ့မျှသာဖြစ်သည်။
စတုတ္ထမြောက်နေ့တွင် ကျွန်တော့် ၀မ်းခေါင်းထဲတွင် ဘာ အာဟာရမျှ မရှိတော့ဘဲ ဟင်းလင်းကြီး ဖြစ်နေ သည်။ ဆာလောင်မွတ်သိပ်မှုဒဏ်ကို မခံနိုင်တော့သည့်အဆုံးတွင် ရေကလေးတစ်ပေါက်မျှ ရနိုင် မလား၊ ပေါင်မုန့် အပဲ့ကလေး တစ်စတလေများ ရနိုင်မည်လားဟု အခန်းထဲတွင် ဟိုစမ်းစမ်း သည်စမ်းစမ်း လိုက်ရှာမိ၏။
သည်လို အခြေအနေကို အစောင့်တွေမြင်သွားလျှင် ၀ိုင်းဟားကြသေးသည်။ အိပ်ကောင်းခြင်းလည်းမအိပ်ရ။ ကျွန်တော် အိပ်ပျော်သွားသည်နှင့် ၀ိုင်းနှိုးကြ၏။ ခြိမ်းခြောက်ကြ၏။ ကန်ကျောက်ရိုက်နှက်ကြ၏။ သရော် လှောင်ပြောင် ကြ၏။
" မင်းလိုကောင်မျိုး ဒီနေရာမျိုးနဲ့ပဲတန်မယ် " ဟုလည်း ပြောတတ်ကြသေး၏။
မကြာခင် ရက်ပိုင်းအတွင်း စစ်ဆေးမေးမြန်းခြင်းတွေ ပြန်စသည်။ ကမ်းတက်တပ်တွေ ကူဝိတ်ကို တက်ရောက်မည့် ကိစ္စကို အီရတ်တွေ အရမ်းစိတ်ဝင်စားနေကြ၏။ သည်စစ်ဆင်ရေးအသေးစိတ် ဆွေးနွေးစဉ် က ကျွန်တော်ပါခဲ့သည်။ ကျွန်တော် ဖော်လိုက်လျှင် သူ့အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံး ရမည် မုချဖြစ်ပါသည်။
အမှန်တွင် ကမ်းတက်တပ်တွေနှင့် ကူဝိတ်ကို ၀င်တိုက်ဖို့ အစီအစဉ်က ပျက်နေနှင့်ပြီ။ ဆော်ဒီကတစ်ဆင့် ကြည်းကြောင်း က ၀င်ဖို့ သေနင်္ဂဗျူဟာပြောင်းထားပြီးဖြစ်၏။ ထိုပြင်ဆင်ပြောင်း လဲမှုကို ကျွန်တော်မသိချေ။
ကျွန်တော်သည် မရှိတော့ပြီဖြစ်သည့် စစ်ဆင်ရေးသတင်းကို မပေးဘဲ အညှဉ်းဆဲခံနေခြင်းဖြစ် လေသည်။ သူတို့ဘယ်လိုမှ ကျွန်တော့်ပါးစပ်ကို ဖွင့်ခိုင်း၍မရ။
ဤသို့ဖြင့် "တိုက်" ခန်းထဲတွင် ဆက်လက်အသက်ရှင်နေနိုင်ရေးအတွက် အထောက်အကူပစ္စည်း အတိုအစကလေးများ ရလိုရငြားဆိုပြီး ကျွန်တော်ရှာကြည့်သည်။ ဆပ်ပြာမှုန့်ကလေး ဟိုတစ်စ သည်တစ်စမှလွဲပြီး ဘာမှမတွေ့။ ဆပ်ပြာမှုန့်ကလေးတွေကို စုပြီး တံတွေးနှင့်ဆွတ်ကာ လက်ထိပ် ခတ်ထား သဖြင့် အသားတွေကြေနေသည့် နေရာကို ပွတ်နေမိသည်။ လူစစ် နာမည်ခေါ်ပြီဆိုလျှင် ကိုယ့်နာမည် ကိုယ်အကျယ်ကြီး ထူးဖို့ ကျွန်တော် အကျင့်ဖြစ်နေပြီ။ အခန်းနီးချင်းများကြားသွားလျှင် သူတို့တွင် အဖော် တစ်ယောက် တိုးနေကြောင်း သိစေချင်၍ ဖြစ်၏။
အခြား အခြားသော အခန်းများကလည်း သည်အထာကို ပေါက်ကြသည်။ ဤသို့ဖြင့် ကျွန်တော်နှင့် မလှမ်းမကမ်း တွင် "ဇောန်"၊ "အက်ဘာလီ"နှင့် "ကလပ်"တို့ ရှိနေကြကြောင်းသိလာ၏။
မျက်နှာကျက်နှင့် ကပ်ဖောက်ထားသည့် ပြတင်းပေါက် ငယ်ငယ်ကလေးမှနေ၍ အလင်းရောင် ဖျော့ဖျော့ ကိုမြင်ရသည်။ ဖြတ်သွားနေသော မိုးတိမ်မိုးသားတို့ကိုလည်း ရံခါတွေ့ရသည်။
ပြင်ပ ကမ္ဘာကြီးကိုလှမ်းမြင်နိုင်သည့် တစ်ခုတည်းသော နေရာကလေးဖြစ်ပါ၏။ ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လှဲနေသည့်အခါများတွင် ကျွန်တော့် မျက်နှာပေါ်သို့ နေရောင်ခြည် ရသည့်အခါ ရ၏။ သည်လိုအခါမျိုးတွင် ကျွန်တော့်ကိုယ်တွင်းသို့ အားအင်တွေ ၀င်လာသလို ခံစားရ သည်။ မိနစ်သုံးဆယ် လောက် နေရောင်ခြည်ရလျှင် ကျွန်တော့် စိတ်ဓာတ်တွေပါ တက်ကြွလန်းဆန်း လာတတ်၏။
နေရောင်ခြည် ထိုးဆင်းသည့် အလင်းတန်းကို နံရံတွင် လိုက်ချစ်မှတ်ပြီး ကိုယ်ပိုင်ပြက္ခဒိန်လုပ်ထား သည်။
အိမ်ကို မကြာခဏအိပ်မက်မက်သည်။ ကျွန်တော်တို့ လင်မယား ကမ်းခြေဘက်ကို လမ်းလျှောက် ကြသည်။ ကျွန်တော် တို့၏ အချစ်တော် ခွေးကလေးကာမီက နောက်မှ တကောက်ကောက်ပေါ့။ အစ်မ လုပ်သူ ကိုလည်း ကျွန်တော် သတိရနေ၏။ သူ အခု ကလေးသုံးယောက်ရနေပြီ။ အမေနှင့် အဖေကိုလည်း ကျွန်တော် အောက်မေ့နေ၏။
အဖေသည် ကျွန်တော့်အား လောကမီတိအကြောင်း၊ သစ္စာတရားနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် အကြောင်း တို့ကို သင်ပေးခဲ့၏။ တာဝန်နှင့် စည်းကမ်းပိုင်းကို နားလည်အောင် ပညာပေးခဲ့၏။
အဖေ ပေးခဲ့သည့် အမွေများသည် တပ်ထဲရောက်သည့်အခါ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင် သည့် အရည်အချင်း များဖြစ်လာခဲ့သည်။ အမေကတော့ အပြောကျယ်လှသည့် မေတ္တာတရား အကြောင်း နားလည်အောင် သင်ပေးသည်။ ကျွန်တော့်ကြောင့် စိတ်သောက အကြီးအကျယ်ရောက်နေကြရသည့် အမေ နှင့် စင်ဒီအတွက် ကျွန်တော် အလွန်အမင်းစိတ်ထိခိုက် ရပါသည်။
အခြားမကင်းရာမကင်းကြောင်း လူတွေလည်း သူတို့နည်းတူ သောကပင်လယ် ဝေနေကြလိမ့်မည်။ သမီးကလေး စတက်ဖနီအကြောင်း ခေါင်းထဲပေါ်လာတော့ ကျွန်တော် သူ့ကို ရင့်ကျက်တည်ငြိမ် သည် အရွယ် အနေအထားဖြင့် တွေ့ချင်လာသည်။ သူနားလည်အောင် ကျွန်တော့်မှာ ပြောပြစရာ တွေ အများကြီး လေ။
အစာ ကျွေးဖို့အချိန် ရောက်လာပြီဆိုသည်နှင့် ကျွန်တော့် ၀မ်းက တောင်းဆိုမှုကို မတားနိုင် မဆီးနိုင် ဖြစ်ပါ တော့ သည်။
နေ့စဉ် အနံ့အသက်မကောင်းတော့သည့် ပေါင်မုန့်အပိုင်းကလေးနှစ်ခု၊ သွေးရောင်လိုလို၊ ခရမ်းချဉ်သီး နှစ် လိုလို စွပ်ပြုတ်တစ်ဇွန်း။
ကျွန်တော့် ကိုယ်အလေးချိန် ကျဆင်းသွားပုံမှာ မယုံကြည်နိုင်လောက်အောင်ပင်။
တစ်နေ့ညတွင်တော့ ကျွန်တော့်ဘ၀ထဲမှ ကျွန်တော်အတင်းရုန်းထွက်လိုက်သည်။ မှတ်မှတ်ရရ အဲဒီနေ့က ကျေးဇူးတော် နေ့ဖြစ်သည်။
ထမင်းစားဆောင် ခန်းမကြီးသည် မီးရောင်စုံဖြာကာ နွေးထွေးလျက်ရှိ၏။ ပို၍နွေးထွေးနေသည်က စင်ဒီ့ လက်ချောင်း ကလေးများ။ ထိုလက်ချောင်းကလေးများက ကျွန်တော့်လက်ထဲမှာ။
အခန်းထဲ တွင် မြူးကြွရယ်မောသံများ၊ ကြက်ဆင်ကောင်လုံးကင်နဲ့ ထောပတ်နံ့သင်းနေသည့် သီးနှံစုံ အနံ့ များက စားဖိုဆောင်ထဲမှ စားသောက်ခန်းအထိ ပျံ့နှံ့လျက်။
စင်ဒီ့ လက်ကို ကျွန်တော် တင်းတင်းဆုပ်လိုက်သည်။ သူက ကျွန်တော့်ကို မော့ကြည့်ပြုံးနေ၏။
ပန်းကန်တွေကို ဧည့်သည်များဘက်သို့ ကျွန်တော်ကိုယ်တိုင် ထိုးပေးဖို့လုပ်နေစဉ် ကျွန်တော့်မူလ အကျဉ်းထောင် တိုက်ခန်းထဲမှ ရှိရင်းစွဲနေရာကို ပြန်ရောက်သွားသည်။
အခြေအနေ ကို ကျွန်တော် သိလိုက်ပါသည်။ ဆိုးသည်ထက် ဆိုးဖို့သာရှိပါသည်။
ဤသို့ဖြင့် တစ်ညတွင် ထုံးစံအတိုင်း မျက်စိပိတ်၊ လက်ထိပ်ခတ်ပြီး ခေါ်သွားကြပြန်ပါသည်။ သို့သော် သူတို့ ခေါ်သွားသည့် နေရာရောက်တော့ ဘယ်သူမှမရှိ။ ဘာမေးခွန်းမျှမမေး။
သို့သော် နောက်ဆုံး မေးခွန်းများ စက်သေနတ်ပစ်သလို ထပ်တလဲလဲဝင်လာကြပြန်ပါသည်။
ကျွန်တော်က အချက်အချာကျသည့် မေးခွန်းမှန်သမျှ မဖြေတော့။ ကျွန်တော့်ကို စစ်ဆေးသူ၏ ခြေလှမ်းများသည် အခန်းထဲတွင် စိပ်သည်ထက်စိပ်လာပြီး
" ခင်ဗျားကို စစ်ရတာ ကျုပ်စိတ်ညစ်လာပြီ၊ မနက်ဖြန်မှ ကျုပ်တို့ မေးတာမရရင် ခင်ဗျား လက်ချောင်း ကလေးတွေ သွားပြီသာမှတ်၊ မေးခွန်းတစ်ခွန်းကို လက်ချောင်းတစ်ချောင်း "
" ခင်ဗျား ကျွန်တော်တို့ကို ကူညီမယ်ဆိုရင် ခင်ဗျားလက်ချောင်းနဲ့ အိမ်ပြန်ရမယ်။ အဲ အဲဒီလို မဟုတ်ရင်တော့ ခင်ဗျားမှာ လက်ဖ၀ါးနှစ်ဖက်တော့ အိမ်ပြန်ပါသွားမယ်။ လက်ချောင်းတွေ တော့ပါမှာ မဟုတ်တော့ဘူး " သူ့စကားမဆုံးသေးပါ။
" ကိစ္စက အဲဒီလောက်နဲ့ မပြီးသေးဘူးနော်၊ ကျုပ်တို့ မရိုင်းပါဘူးဗျ၊ ခင်ဗျားအလောင်းကို အိမ်တိုင် ရာရောက် ပို့ပေးမှာပါ။ အဲ တစ်စစီပေါ့လေ "
သူတို့ ပြောသည့်အတိုင်း လုပ်ကြမည့်လူတွေဟု ကျွန်တော် ယုံကြည်ထားပြီးသားဖြစ်ပါ၏။
ကျွန်တော့် ဘက်မှ တိုက်ပွဲအရှိန်မှာ အမြင့်ဆုံးသို့ လွင့်တင်ပြီးသားဖြစ်၏။ သူတို့ဘက်ကလည်း ပြော သည့်အတိုင်း လုပ်မည်မှာ မုချဟု ကျွန်တော် သံသယမရှိပါ။
ရက်ပေါင်း တော်တော်ကြာကြာ သူတို့ ကျွန်တော့်ကို စောင့်ကြည့်နေကြဟန်တူ၏။ ကျွန်တော် ဘယ်လမ်း ကိုရွေးမည်လဲ။ ထိုကာလသည်သာ ကျွန်တော်၏ တဒင်္ဂဖြစ်ပါ၏။
ကျွန်တော့် ကို အပြတ်ရှင်းပစ်မည်ဟု သူတို့ပြောင်ပြောင်တင်းတင်းပြောလာကြ၏။
ဤတွင် ကျွန်တော်၏ ဆင်ခြင်တုံတရားနှင့် လောကနီတိအချီအချဖြစ်ကုန်တော့၏။
ကျွန်တော့်ကိုယ်ကျွန်တော် အလေးနက်ဆုံး အတွင်းနှိုက်ပြီးရှာကြည့်သည်။
" မင်းဘာအတွက် အသက်ရှင်နေခြင်းလဲ၊ အသေခံဖို့ ဖြစ်လာရင် မင်းဘာအတွက်အသေခံမလဲ "
ကျွန်တော့် ရင်ထဲမှထွက်လာသည့် ကျွန်တော့် ဒုတိယအသံများ။
စစ်ဆေးမေးမြန်းသူအရာရှိက အပ်ကြောင်းထပ်ပြန်၏။ ကျွန်တော်၏ ဆီယက်တယ်နေအိမ်လိပ်စာ။ ကျွန်တော် အမိခံရသည်မှာ ငါးပတ်ကြာခဲ့ပြီ။ သေချာပါသည်။ စင်ဒီတစ်ယောက် သူ့မိဘတွေရှိရာ ဆီယက်တယ် ကို ပြန်ရောက်နေလောက်ပြီ။ သို့မှမဟုတ် အိမ်မှာတွင် ရှိနေပြီး လုံခြုံရေးအစောင့် အရှောက် နှင့် ရှိနေလောက်ပြီ။
ကျွန်တော့် အသံတွေ မူမမှန်တော့ပါ။ ကျွန်တော် အတိုင်းအတာတစ်ခုအထိ လျှော့ပေးလိုက်ရပါပြီ။ သို့သော် များများ စားစားကားမဟုတ်ပါ။ သည် မဖြစ်စလောက် တစ်စတစ်စကလေးကိုပေးလိုက် ရသည်ကိုပင် ကျွန်တော့် ကိုယ် ကျွန်တော် ယူကျုံးမရဖြစ်နေရပါ၏။
အရာရှိသင်တန်းတက်ခဲ့ရစဉ် နှစ်ပေါင်းများစွာက ကျွန်တော့်ကို ကျောင်းမှ ရိုက်သွင်းခဲ့သည့် သင်ခန်းစာများ ကျွန်တော့် ခေါင်းထဲတွင် ရှင်သန်နိုးကြားနေဆဲပါ။ "လွယ်ကူသော အမှားတွေထဲက အခက်ခဲဆုံး အမှန်ကို ရွေးပါ" ဟူသည့် ဆောင်ပုဒ်ဖြစ်ပါ၏။
မနက်ဖြန် ကျွန်တော် ရင်ဆိုင်ရမည့် မေးခွန်းများကို ကျွန်တော် ကြိုတင်ခန့်မှန်းနိုင်နေပါပြီ။
သို့သော် ကျွန်တော့် ရဲဘော်ရဲဘက်တွေ အသက်ပေါင်းများစွာဆုံးရှုံးရမည့်အစား ကျွန်တော် တစ်ယောက် တည်း အသေခံလိုက်ပါမည်။
ထိုညတွင် မိုးမြေသိမ့်သိမ့်တုန်သွားအောင် ဗုံးတွေ သွန်းချလာတော့၏။ အင်း ကုလသမဂ္ဂတပ်တွေ ကျွန်တော် တို့ကို သတိရနေကြပါသေးသကော။
" ဟေး ရဲဘော်တို့၊ မြန်မြန်ချ၊ မြန်မြန်လုပ်၊ တို့ကို ဒီငရဲခန်းထဲက မြန်မြန်ထုတ်" ဟု ကျွန်တော့်စိတ်ထဲက အော်နေ မိသည်။
သို့သော် အားမရှိလှပါ။ စင်ဒီ၊ ချစ်သောစင်ဒီကို ကျွန်တော်နှုတ်ဆက်ချိန်မှရပါတော့မည်လား၊ မနက်ဖြန် မိုးသောက်ယံ အထိ ကျွန်တော့်အနားမှာ ဘုရားသခင် ရှိနေပါစေဟူ၍သာ ဆုတောင်းနေရပါတော့သည်။
ကျွန်တော် မသိသည့်အချက်တစ်ခုရှိနေပြန်သည်။ ကူဝိတ်မှ ဆုတ်ခွာပေးရန် ကုလသမဂ္ဂ၏ ရာဇသံကို အီရတ် က ပယ်ချလိုက်ပြီဟူသည့် သတင်းဖြစ်၏။
အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ရှဗာ့ဇကော့က ကြည်းကြောင်းမှဝင်ပြီး တိုက်ဖို့စီစဉ်နေပြီ။ ရာသီ ဥတု ကြည်လင် နေသည့် ဖေဖ်ေဝါရီလ ၂၃ ရက်နေ့ညတွင် မဟာမိတ်လေယာဉ်များသည် အသုတ်ပေါင်း ၃၀၀၀ ကျော်မျှ ခွဲ၍ ဗုံးကြဲကြတော့မည်။
ထိုည တွင် F.117 ကိုယ်ပျောက်လေယာဉ်အုပ်စုတစ်စုသည် အီရတ်ထောက်လမ်းရေးဌာနချုပ်ကို ပစ်မှတ် ထား၍ ဗုံးကြဲကြသည်။ ယင်းအဆောက်အအုံသည် ကျွန်တော်တို့ကို ထိန်းသိမ်းထားရာ အကျဉ်းစခန်း ပင်ဖြစ်ပါသည်။
--------------------------------
ဆက်ရန်
.
No comments:
Post a Comment