လွတ်မြောက်ခြင်း
၁၉၄၄ ခုနှစ်ထဲရောက်တော့ ဆိုဗီယက်နယ်စပ်တွင် တိုက်ပွဲကြီးတွေပြန်ဖြစ်သည်။ စစ်ကြောင်း ကြီး များသည် ကျွန်မတို့ဘက်သို့ တဖြည်းဖြည်းဦးတည်နေပြီး ကြာလေနီးလေ နီးလာ သည်။
ညည ဆိုလျှင် အရှေ့ဘက်ဆီမှ ပေါက်ကွဲသံတွေ၊ အမြောက်သံတွေ သဲ့သဲ့ကြားနေရ၏။ မြို့သူမြို့ သားတွေ တာနိုပို ကို တဖြည်းဖြည်း စွန့်ခွာနေကြလေပြီ။
အိမ်တွင် ဗိုလ်မှူးရုဂ်မာသည် ဂနာမငြိမ်ဖြစ်နေ၏။ မနက်စာ စားအပြီး တစ်နေ့တွင် နိဒါန်းမပျိုးဘဲ ကျွန်မကို ခေါ် ပြောသည်။
" သတင်းကတော့ သိပ်မကောင်းဘူး အိုင်ရင်း၊ ပိုလန်သူကလေးတစ်ယောက်ကို ကိုယ်ယူထားတယ် ဆိုတဲ့ သတင်း ဘာလင်ကို ရောက်သွားပြီ "
" အဲဒီတော့ ... "
တံခါးဝ ဆီကို ကျွန်မ အလန့်တကြားကြည့်လိုက်မိ၏။
" သူတို့ကို သွားပစေတော့ အိုင်ရင်း၊ မင်းတစ်ယောက်ကိုပဲ ကိုယ်ကာကွယ်နိုင်တော့မယ်၊ ဒါတောင် တော်တော် စွန့်စားရမှာ "
သူ့လေသံ က စိတ်တိုနေပုံ။
" ဒီနေ့ ကိုယ် လဗော့ကိုသွားရမယ်၊ ပြန်လာရင် သူတို့ မရှိစေနဲ့တော့ "
သူ့လေသံက ပြတ်သည်။ ကျွန်မကို တာဝန်အရအလုပ်မှ ရပ်ခဲ့ရသည့်တိုင် သူဆက်တာဝန်ယူမည်၊ သို့သော် ကျွန်မ မိတ်ဆွေတွေကတော့ သူတို့ထိုက်နဲ့ သူတို့ကံဆိုသည့်သဘော။
သူတို့ကို တောထဲအရောက်ပို့ပေးရုံမှတပါး အခြားမရှိပြီ။ တောထဲရောက်လျှင် အခြားလူတွေနှင့်ဆုံဖို့ မခက်တော့။ အိမ်တွင် မြင်းဆွဲစွတ်ဖားတစ်စီးရှိသည်။ ယောက်ျားတွေကို ပထမပို့ရမည်။ ပေါက်ချွန်းတွေ၊ ဂေါ်ပြားတွေ၊ စောင်တွေနှင့် အိမ်ဆောက်ပစ္စည်းတွေ ရသလောက် တင်ပေးပြီး တဲတစ်လုံး ဆောက် နှင့် ကြမည်။
ဟင်နရီ၏ အလုံးအရပ်မှာ ဗိုလ်မှူးနှင့်တစ်ဖြတ်တည်းဖြစ်၏။ ဗိုလ်မှူး၏ ယူနီဖောင်းကို ၀တ်ခိုင်းပြီး အပေါ်ရုံ ကုတ်အင်္ကျီကြီးစွပ်ကာ ကျွန်မနံဘေးမှာ ထိုင်ခိုင်းသည်။ ဂျာနော့ကာ သစ်တောစပ်ကို ရောက် သည် အထိ လှည့်ကင်းနှစ်ဖွဲ့နှင့် တွေ့သည်။ ဟင်နရီ ၀တ်ထားသည့် ယူနီဖောင်းမှာ နေရောင်ခြည် အောက် မှ နှင်းတွေဖွေးနေသည့် လမ်းတစ်လျှောက်တွင် တောက်ပသစ်လွင်နေ၍ ဘယ်ကင်း အဖွဲ့မှ ကျွန်မ တို့ကို စစ်လား ဆေးလားမလုပ်ကြပါ။
တောထဲရောက်သည်နှင့် စွတ်ဖားပေါ်တွင် ဖုံးအုပ်ခေါ်လာသော လူ ၃ ယောက်ခုန်ဆင်းလာကြသည်။ ပြီးတော့ အထုပ်အပိုးတွေ သယ်ကာ တောနက်ထဲသို့ ၀င်သွားကြ သည်။ ဟင်နရီက သူတို့နောက်သို့ လိုက်မသွားခင် " ဘုရားသခင် မင်းနဲ့ အတူရှိပါစေ အိုင်ရင်း" ဟု ကျွန်မကို ဆုတောင်းပေးသွားသေးသည်။
မတ်လဆန်းပိုင်းတွင် ဟယ်လင် သူ့ပစ်ကတ်ကားကလေးနှင့် ရောက်လာသည်။ အမျိုးသမီးများကို သူ့ကားနှင့် တောထဲပို့ရပြန်၏။ တောထဲရောက်တော့ အစားအစာတွေ၊ပစ္စည်းတွေ ကားပေါ်မှ ချကြ သည်။ ဟယ်လင်က ကျွန်မကို နမ်းပြီး နှုတ်ဆက်သည်။
" ဂွတ်ဘိုင် အိုင်ရင်း "
သူ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မည် မဟုတ်ကြောင်း ကျွန်မ သိလိုက်သည်။
ဆောင်းတွင်းကြီးမို့ ကျွန်မ မိတ်ဆွေတွေ ရာသီဥတုဒဏ်ခံရမည်၊ အနေအစားဆင်းရမြည်။ သို့သော် သူတို့အနက်နဲ့ကိုယ် အိုးစားမကွဲဘဲ လွတ်လပ်နယ်မြေကို ရောက်သွားကြလေပြီ။
ဂျာမန်တို့က ဆုတ်ပြီးရင်းဆုတ်ပေးနေရ၏။ တစ်ပတ်အကြာတွင် ဗိုလ်မှူးရုဂ်မာပြန်ရောက်လာသည်။ ဆိုဗီယက် တပ်တွေ နီးလာပြီဖြစ်ကြောင်း၊ ကီလ်စီသို့ ပြေးကြရ မည့်အကြောင်း ကျွန်မကို ပြောသည်။
ကျွန်မ ပျော်သွားသည်။ တောထဲတွင် သိခဲ့သည့် မိတ်ဆွေတစ်ယောက်က ပိုလန် မြေအောက် တော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်ရန် ကျွန်မကို စည်းရုံးလွှတ်လိုက်သည်။ ကီလ်စီတွင်ရှိသည့် သူ့ယောက်ဖ အိမ်လိပ်စာပေးပြီး ဆက်သွယ်ခိုင်းထားသည်။
အခက်အခဲပေါင်းများစွာနှင့် နပန်းလုံးခဲ့ရသော ကျွန်မ၏ လွတ်မြောက်ပုံမှာ လွယ်လွန်းနေသဖြင့် အံ့သြ ရသေးသည်။ ရုဂ်မာက ကျွန်မကို ကီလ်စီသို့ ကားနှင့်ခေါ်သွားသည်။ ဟိုရောက်တော့ ဟိုတယ်ခန်းထဲတွင် ကျွန်မ ကို စောင့်ခိုင်းပြီး သူက အထက်လူကြီးဆီ သတင်းပို့ရန် ထွက်သွားသည်။
သူကြည့်ရသည်မှာ အလွန်အမင်း ပင်ပန်းနေပုံ၊ တစ်စုံတစ်ခုအတွက် အစိုးရိမ်ကြီးနေပုံလည်းရ၏။ သူ ကျွန်မ ကို မည်သို့အလဲအလှယ်လုပ်ပြီး မည်သို့အသုံးချခဲ့သည်ဖြစ်စေ၊ သူ့ကို ကျွန်မ ခွင့်လွှတ် နိုင်ခဲ့ ပါသည်။ သူ့ကြောင့် လူပေါင်းများစွာ၏ အသက်ကို ကျွန်မ ကယ်နိုင်ခဲ့ခြင်းမဟုတ်လား။
ဟိုတယ် မှ ကျွန်မ ထွက်လာခဲ့သည်။ ကျွန်မ မိတ်ဆွေများ ပေးလိုက်သည့်သတင်းတွေ၊ တစ်ပွေ့တစ် ပိုက်ကြီး နှင့်ပေးလိုက်သည့် လိပ်စာကို ရှာတွေ့သည်။ မြေအောက်တော်လှန်ရေးအဖွဲ့ နှင့်ကျွန်မ ဆက် မိပြီ။
၁၉၄၄ ခုနှစ်လည်ပိုင်းတွင် မြေအောက်တော်လှန်ရေး ယူနစ်များနှင့် ဂျာမန်တွေအတွက် အလုပ်လုပ် ပေးနေသည့် ပိုလန်သူလျှိုများအကြားတွင် ကျွန်မ အဆက်အသွယ်၊ သတင်းပေးသတင်း ယူလုပ်ပေး နေခဲ့သည်။ ရံခါတွင် အင်္ဂလန်မှ ခိုးသွင်းထားသည့် လက်နက်ဖိုးငွေထုပ်ကြီးတွေကို မြေအောက် မျိုးချစ်များ ဆီရောက်အောင် ကျွန်မ ပို့ပေးရသည်။
ကျွန်မဘ၀ကို အမိနိုင်ငံတော်အတွက် တော်လှန်ရေးတာဝန်တွင် မြှုပ်နှံထားလိုက်သည်။ ကျွန်မ အလုပ်သည် မည်မျှအန္တရာယ်ပြွမ်းသည်ဖြစ်စေ။ ပျော်စရာကောင်းနေ၏။ ပင်ပန်းရမှန်းမသိ။ သို့သော် ဒီဇင်ဘာလထဲရောက်တော့ အဆုတ်အအေးမိရောဂါဖြင့် ကျွန်မ အိပ်ရာထဲတွင် ဗုန်းဗုန်းလဲ တော့သည်။ ၃ လလုံးလုံး ကျွန်မ ဖျားနေခဲ့၏။
ရုရှားတပ်နီတော်သည် ဂျာမနီအတွင်းပိုင်းသို့ရောက်အောင် ထိုးဖောက်သွားပြီး ကမ္ဘာကျော် ဘာလင် တိုက်ပွဲကြီး ကို ဆင်နွှဲနေလေပြီ။ ဘာလင်မြို့ကြီး စိစိညက်ညက်ကြေပြီးနောက် ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ဟစ်တလာ သူ့ကိုယ်သူသတ်သေသွား၏။
ပိုလန်နိုင်ငံတစ်ဝက်သည် ဂျာမန်တို့လက်အောက်မှ လွတ်မြောက်ခဲ့လေပြီ။ သို့သော် တစ်နိုင်ငံလုံး ရုရှား လက်အောက် သို့ ရောက်သွားခဲ့၏။
ကျွန်မ ပင်ပန်းလှပါပြီ။ ဆက်လက်တိုက်ပွဲဝင်နိုင်အားလည်း မရှိတော့ပါ။ မိသားစုနှင့် ပြန်ဆုံချင်လှပြီ။ အမေ့ ကို တွေ့ချင်လှပြီ။ ရှာပုံတော်ဖွင့်ဖို့ အချိန်ရောက်ပြီ။
-------------------------
ဆက်ရန်
.
4 comments:
ထပ်မျှော်ရအုံးမယ်။
အပင်ပန်းခံ ရိုက်တင်ပေးတာ ကျေးဇူးအကြီးကြီးပါ အစ်မ
ဟစ်တလာ သူ့ကိုယ်သူ သတ်သေသွားတဲ့နေ့ ၁၉၄၅
ဧပြီ ၃၀ မှန်း ခုမှသိတယ်။ :)
ဒီအခန်းမှာ စာရေးဆရာ ဇာတ်ချုံ့တာ မြန်သွားသလိုပဲ။
ကောက်ကြောင်း များများတော့ ပေးသင့်တာ..
ဒါပေမဲ့လည်း ဇာတ်ကတော့ မပြတ်သွားပါဘူး။
ကျေးဇူးပဲ အစ်မ..
ဆက်စောင့်နေတယ်။
( အပေါ်က မပြီးသေးပဲ အလိုလို တတ်သွားလို့ )
Post a Comment