Wednesday, October 6, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၁) အဆက် (၁)

မကြာမီ ချုံနွယ်ပိတ်ပေါင်း ဖုံးအုပ်နေသော တောလမ်းဟောင်းနှင့်အတူ ရေခန်းခြေက်နေသော ချောင်းငယ် နေရာကိုပါ တွေ့ကြလေသည်။ တစ်ချိန်က အသုံးပြုခဲ့ကြသော တံတားအဟောင်း ပြိုကျ ပျက်စီး နေသည် ကိုလည်း တွေ့ရသည်။

တွန်ဂါတာသည် သူ၏ ဘိုးအေကြီးအား ရုတ်တရက် သတိရမိလေသည်။ အလွန် စိတ်မကောင်းဖြစ် လျက်-
"အဘိုး…အဘိုး ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်က လျှို့ဝှက်ထားပါမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက် ရပါတော့မယ်"ဟုလည်း တိုးတိုး ရေရွတ်လိုက်မိသည်။
ထိုအချိန်၌ ဘိုးအေကြီး ဂီဒွန်သည် သူ၏အနီးသို့ ရောက်ရှိနေသည်ကပင် စိတ်ထဲမှ ထင်မိလေ သည်။

ထို့နောက် ချောင်းတစ်ဖက်ကမ်းမှ တစ်ဆင့်ခြေကျင် ဆက်လျှောက်သွားကြလေသည်။
တွန်ဂါတာက ရှေ့ဆုံးမှသွားပြီး သူ၏နောက်မှ ကပ်လျက် လက်နက်ကိုင်စစ်သားနှစ်ဦး လိုက်ပါလာ လေသည်။ သူတို့နောက်မှ ဗိုလ်ချုပ် ဖွန်ဂါဘီရာက လိုက်ပါလာသည်။
ထိုသို့ လျှောက်သွားနေစဉ် တွန်ဂါတာသည် စကးမပြောဘဲ စိတ်ကူးယဉ်သလို အိပ်မက်မက်သလို စိတ်ကို လွတ်လပ်စွာ လွှတ်ထားလိုက်သည်။

ဤတွင် အတိတ်ကာလ နှစ်ပေါင်းတစ်ရာခန့်က မာတာဘယ်လီ လူမျိုးများ ခရီးရှည်ကြီး ထွက်ခဲ့ကြ ပုံကို မြင်ယောင်လာမိလေသည်။ သူ၏ ဘိုးအေ၏ဖခင် (အဘိုး)ဖြစ်သူ ဂန်ဒန်ကိုလည်း သတိရမိ သည်။
မိမိတို့ မာတာဘယ်လီလူမျိုးတွေ အခြေအနေမလှ၍ မူလနယ်မြေကို စွန့်လွှတ်ပြီး ထွက်ခွာခဲ့ရပုံကို လည်း တွေး၍ သနားကရုဏာ ဖြစ်မိလေသည်။ မာတာဘယ်လီလူမျိုးမျာ အုပ်စုလိုက် တိမ်းရှောင် ထွက်ခွာ လာစဉ် နောက်မှ ရန်သူမျက်နှာဖြူတွေက စက်သေနတ်များဖြင့် တရကြမ်း လိုက်လံပစ် ခတ်ခြင်း ခံခဲ့ရပုံကိုလည်း မြင်ယောင်ကာ အတိတ်ကာလက မိမိတို့လူမျိုးတွေ ရင်ဆိုင်ခံစားခဲ့ရ သော ဒုက္ခပေါင်းစုံ ကိုပါ စိတ်ကူးကြည့်မိလေသည်။

မာတာဘယ်လီလူမျိုးတို့၏ ခေါင်းဆောင်ဘုရင် ဂန်ဒန်သည် သူတို့၏ ခိုင်းနွားတွေအားလုံး သေ ဆုံး ကုန်သော အခါ သူ၏ပစ္စည်းများ သယ်ဆောင်လာသော လှည့်များကို မိမိ၏ လက်ရွေးစင်တပ်ဖွဲ့ (အင်ယာတီ အထူးတပ်ဖွဲ့)မှ စစ်သည်များအား နွားကဲ့သို့ ဆွဲစေခဲ့သည်။
သေခါနီး အချိန်တွင် ဘုရင်ဂန်ဒန်သည် အစားကျူး၍ အလွန်ဝဖြိုးသော်လည်း ရောဂါဘယ ထူပြော လျက် စိတ်ဓာတ်ကျ နေသူတစ်ယောက် ဖြစ်ခဲ့ကြောင်းကိုလည်း တွန်ဂါတာက သိထားပြီး ဖြစ်သည်။
"အခုတော့ ငါကိုယ်တိုင်က ကိုယ့်လူမျိုးအပေါ် သစ္စာဖောက်ရတော့မှာပါကလား။ ဘုရင်ဂန်ဒန်ရဲ့ သင်္ချိုင်းဂူ ကို ရှိုနာတိရစ္ဆာန်တွေ ဖောက်ထွင်းပျက်ဆီးနိုင်အောင် ငါကိုယ်တိုင် လမ်းပြခေါ်ဆောင် လာခဲ့ရပေပြီ တကား"

ဤသို့လည်း သူ့ကိုယ်သူ ဝေဖန်သုံးသပ်မိလေသည်။
တွန်ဂါတာသည် လမ်းသွားရင်း သုံးကြိမ်တိုင်တိုင် တမင်သက်သက် လမ်းမှား၍ ခေါ်သွားခဲ့သည်။ ဗိုလ်ချုပ်ဖွန်ဂါဘီရာ စိတ်တိုစိတ်ပျက်လာအောင် တမင်လုပ်ခြင်းလည်း ဖြစ်သည်။
တစ်ကြိမ် လမ်းအမှားသို့ လိုက်ခဲ့ကြရပါကြောင်း သိသောအခါ ဖွန်ဂါဘီရာသည် အလွန်ဒေါသ ထွက်လျက် သူ၏ စစ်သားများအား တွန်ဂါတာကို ဖမ်းဆီးတုပ်နှောင်စေပြီး အပြစ်ဒဏ်ပေးသည့် အနေဖြင့် ကြံ့ရေကြာပွတ် တစ်ခုကို ကိုင်ကာ တအား လွှဲရိုက်ခဲ့လေသည်။

ယင်းသို့ အရိုက်ခံရ၍လည်း နောက်ဆုံးတွင် တွန်ဂါတာသည် လမ်းမှန်အတိုင်း ပြန်ခေါ်သွားလိုက် ရလေသည်။
မကြာမီ တွန်ဂါတာ ကောင်းစွာ မှတ်မိသော တောင်ကုန်းသို့ ရောက်သွားကြလေသည်။ သူတို့ သည် ဆင်တစ်ကောင်အရွယ် ပမာဏခန့်ရှိ ကျောက်တုံးကြီးများရှိသော လျှိုမြောင်ကြီးတစ်ခု အတွင်းမှ ဖြတ်သန်းလျှောက်လာရင်း တစ်ဖက်အစွန်းသို့ အရောက်တွင် သစ်ပင်တောအုပ်များ နည်းပါးလာရာမှ ဤတောင်ကုန်း သို့ ရောက်လာကြခြင်း ဖြစ်သည်။

ဤတောင်ကုန်းသည်ကား ရှေးဟောင်းအီဂျစ်နိုင်ငံမှ ဖရိုဘုရင်များ၏ သင်္ချိုင်းဂူ(ပီရမစ်)များကဲ့သို့ ဘုရင်လိုဘင်ဂူလာ ၏ ရုပ်ကလာပ် သင်္ဂြိုဟ်ခဲ့ရာ သင်္ချိုင်းဂူရှိရာ နေရာပင်တည်း။
"အဲဒါ သာဘတ်စ်နီကိုဆီ တောင်ကုန်းလို့ခေါ်တယ်။ ဘုရင် လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူတည်ရှိရာ နေရာပဲ"
တွန်ဂါတာ က ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက် ကျောက်တုံးများကြားမှ တောင်ကုန်း ဆင်ခြေလျှောအတိုင်း တက်ကြလေသည်။

တွန်ဂါတာနှင့် ဖွန်ဂါဘီရာ နှစ်ဦးစလုံးသည် တောင်ကုန်းပေါ်သို့ ခပ်သွက်သွက်ပင် တက်သွားကြ သည်။ လက်နက်ကိုင် အစောင့်များက အောက်ခြေတွင် စောင့်နေကြပေသည်။
"အခုနေ အခါ ငါက သူ့ကို အလစ်မှာ တောင်ကုန်းပေါ်က တွန်းချလိုက်ရင် ဖြစ်မယ်"
တွန်ဂါတာသည် ရှေ့မှ တက်သွားရင်း ဤသို့ စဉ်းစားမိပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ဖွန်ဂါ ဘီရာက သူ၏ နောက်ခြေလှမ်း ဆယ်လှမ်းခန့်အကွာမှ တက်လိုက်လာသည်ကို မြင်ရပေသည်။
ဖွန်ဂါဘီရာသည် လက်တစ်ဖက်တွင် ပစ္စတိုလ်သေနတ် တစ်လက် အသင့်ကိုင်ထားပြီး တွန်ဂါတာ အား ပြုံးလျက်-
"မလုပ်ပါနဲ့ ရဲဘော်ကြီး"ဟု ပြောလိုက်သည်။

တွန်ဂါတာ မည်သို့ စိတ်ကူးနေသည်ကို ရိပ်မိ၍ ပြောလိုက်ပုံမျိုးဖြစ်နေသည်။
တကယ်လည်း သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသဖြင့် နောက်ထပ် ဘာမျှ မပြောကြ တော့ချေ။
တွန်ဂါတာသည် အကြမ်းဖက်ရန် စိတ်ကူးကို ပယ်ဖျောက်လျက် ဆက်တက်သွားလေသည်။
ပေငါးရာခန့်မြင့်သောနေရာသို့ ရောက်သောအခါ နေရောင်တွင် ဇမ်ဘေစီမြစ်ဝှမ်းဒေသနယ်မြေကို လှမ်းမြင်ရလေသည်။ မြစ်ရေကိုအသုံးပြုလျက် လူတို့ဖန်တီးထားသော ကာရီဘာရေအိုင်ကြီးကို လည်း မြင်နေ ရသည်။

ဖွန်ဂါဘိရာ၏ စစ်သားများသည်လည်း နောက်မှ လိုက်တက်လာကြပြီ ဖြစ်သည်။
ဖွန်ဂါဘီရာ သည် တွန်ဂါတာအား လှမ်းကြည့်၍-
"ကျုပ်တို့ ဆက်သွားကြစို့ အသင့်ပဲ"ဟု ပြောလိုက်သည်။
"ဆက်သွားစရာ သိပ်ဝေးဝေး မရှိတော့ပါဘူး"

တွန်ဂါတာက ပြန်ပြောပြီး သူကပင် ရှေ့ဆောင်လျက် ဆက်သွားကြလေသည်။
တောင်ကုန်းပေါ်ဖြစ်သော်လည်း ကျောက်တုံးများ အက်ကွဲသည့်ကြားမှ သစ်ပင်များပေါက်နေသည် ကို တွေ့ရလေသည်။
တွန်ဂါတာသည် ရှေ့ဆုံးမှလျှောက်လျက် ကျောက်တုံးနှင့် သစ်ပင်ငယ်များကို ဖြတ်ကျော်၍ ခေါ် သွားရာ ၀က်သစ်ချသီး ပင်အချို့ကိုလည်း တွေ့ရလေသည်။
တစ်နေရာတွင် ကြက်တူရွေးအုပ်တစ်အုပ်သည် လူသံကြား၍ လန့်ဖျပ်ကာ ပျံပြေးသွားလေသည်။

တောင်ကမ်းပါးယံ အစွန်းတစ်ခုသို့ရောက်သောအခါ တွန်ဂါတာသည် ကျောက်တုံးများ၏ မျက်နှာ ပြင်ကို သေချာစွာ ကြည့်လေသည်။ သူသည် ဤနေရာကို မှတ်မိသဖြင့် သေချာစွာ ကြည့်ခြင်းဖြစ် လေသည်။
ခဏမျှကြာအောင် သူရှာဖွေသည့် အမှတ်အသားကို တွေ့ရသဖြင့်-
"ဟုတ်ပြီ ဟောဒီနေရာပဲ"ဟု ပြောလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အလွန်ကျေနပ်သဘောကျသွားဟန်ဖြင့် ရှေ့သို့တိုးလာကြည့်ရာ တွန်ဂါ တာ က တောင်ကမ်းပါးယံရှိ ကျောက်သားနံရံ တစ်နေရာကို ညွှန်ပြလိုက်သည်။
သေချာစွာ ကြည့်လိုက်သောအခါ လိုဏ်ဂူကဲ့သို့ ၀င်ပေါက်တစ်စုံတစ်ခုကို ကျောက်တုံးကြီးဖြင့် ပိတ်ဆို့ ထားသလို ဖြစ်နေကြောင်း သတိပြုမိလေသည်။
ဖွန်ဂါဘီရာသည် မည်သို့ ဆက်လုပ်ရမည်ကို ချက်ချင်း သဘောပေါက်သဖြင့် တွန်ဂါတာအား ရှေ့ ဆုံးမှ နေစေပြီး သူ၏ စစ်သားများနှင့်အတူ ကျောက်တုံးကြီးကို ဖယ်ရှားပစ်ရန် ကြိုးစားလေသည်။
ဆယ့်ငါးမိနစ်ခန့် အားစိုက်၍ ကြိုးစားဖယ်ရှားလိုက်ရာ ပိတ်ဆို့နေသော ကျောက်တုံးကြီးကို တွန်း ဖယ် ပစ်လိုက် နိုင်လေသည်။

ဖွန်ဂါဘီရာလည်း ၀မ်းသာအားရဖြင့် ရှေ့သို့တိုးလာပြီး ကြည့်လိုက်ရာ အတွင်း၌ အင်္ဂတေကိုင်ထား သော နံရံတစ်ခု ကို တွေ့ရလေသည်။
မူလပြုလုပ်သူများက သင်္ချိုင်းဂူအား ဒုတိယမြောက် အတားအဆီးဖြင့် ကာကွယ်ထားခြင်း ဖြစ်ဟန် တူပေသည်။ ထိုအင်္ဂတေနံရံကိုလည်း ဖယ်ရှားပစ်ရန်လိုရာ နေရာက ကျဉ်းမြောင်းသဖြင့် လူနှစ် ယောက် သာ ၀င်၍ အလုပ်လုပ်နိုင်မည့် အခြေအနေမျိုး ဖြစ်နေပြန်လေသည်။

ထိုအချိန်၌ နေ၀င်သွားပြီဖြစ်၍ ဆက်လက် အလုပ်လုပ်ရန် မဖြစ်နိုင်တော့လေရာ ဖွန်ဂါဘီရာသည် မတတ်သာဘဲ ထိုနေ့အဖို့ လုပ်ငန်းရပ်ဆိုင်း၍ ညအိပ်ရပ်နားကြရန် ဆုံးဖြတ်လိုက်လေသည်။
တွန်ဂါတာသည် သင်္ချိုင်းဂူ၏ အတွင်းနံရံ ပတ်ဝန်းကျင်တွင် သူ တစ်ချိန်က သတိပြုမိသော အမှတ် အသား လက္ခဏာများကို ယခုလည်း ပြန်တွေ့ရလေသည်။
ဘိုးအေကြီးနှင့် အတူလာခဲ့စဉ်ကလည်း ယင်းအမှတ်အသား လက္ခဏာများကို သတိပြုမိသဖြင့် မည်သို့ အဓိပ္ပာယ် ရှိသည်ကို သူ ရိပ်မိခဲ့သည်။ သို့သော် ဘိုးအေကြီး စိတ်အနှောင့်အယှက် မဖြစ် စေရန် မပြော ဘဲ နေခဲ့လေသည်။

ယခုတစ်ဖန် သူသည် ဤသင်္ချိုင်းဂူဝအနီးသို့ တစ်ခေါက် ရောက်လာရပြန်ပေပြီ။
တွန်ဂါတာသည် ဘိုးအေကြီး ဂီဒွန်ကို အထူး သတိရမိလေသည်။
ညအိပ်ရပ်နားကြသောအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ အမိန့်ဖြင့် တွန်ဂါတာအား တတိယတပ်မဟာမှ စစ်သားတစ်ဦး ၏ လက်နှင့် ပူးတွဲလက်ထိတ်ခတ်ထားလိုက်သည်။ လက်ထိတ်ခတ်ထား၍ တွန်ဂါတာ အနေဖြင့် မည်သို့မှ ကောင်းစွာ မအိပ်နိုင်ချေ။

အိပ်မပျော်တစ်ချက် ပျော်တစ်ချက်နှင့်ပင် အချိန်ကုန်သွားလေသည်။ ထိုအတောအတွင်း တွန်ဂါ တာ သည် စိတ်ကို ကြိုးစားဖြေလျက် အိပ်ရလေသည်။
နံနက်လင်းအားကြီး အချိန်နီးမှပင် သူသည် အိပ်ပျော်သွားလေသည်။ အတူ ပူးတွဲလက်ထိတ်ခတ် ထားသော စစ်သားကတော့ ကောင်းစွာ အိပ်ပျော်နေလေသည်။
အရုဏ်တက်ချိန် နီးကပ်လာသောအခါ ဗိုလ်ချုပ်ဖွန်ဂါဘီရာက တွန်ဂါတာနှင့် စစ်သားတို့နှစ်ဦး စလုံးကို ခြေဖြင့် ကန်၍ နှိုးလိုက်သည်။
အလင်းရောင်က နည်းသေးသဖြင့် မှောင်လျက်ပင် ရှိနေရာ လုပ်ငန်းမစနိုင်ဘဲ နံနက်စာအဖြစ် ပါ လာသော ပြောင်းဖူးမုန့်နှင့် လက်ဖက်ရည်တို့ကို စားသောက်နေကြလေသည်။
စားသောက်၍ ပြီးပြီးချင်းပင် ဖွန်ဂါဘီရာက ဂူဝနံရံသို့ သွားရောက်အလုပ်စကြရန် အမိန့်ပေးလိုက် လေသည်။

တွန်ဂါတာ၏ လက်များသည် ယမန်နေ့က ကျောက်တုံးကြီးကို ဖယ်ရှားပစ်ခဲ့ရခြင်း ဒဏ်ကြောင့် လက်ချောင်းများ တောင့်တင်းကာ နာကျင်လျက်ရှိလေသည်။
ထို့ကြောင့် ယခု အင်္ဂတေနံရံကို ဖယ်ရှားရန် ကြိုးစားရာတွင် လက်နာနေသဖြင့် အလုပ်ကောင်းစွာ မလုပ်နိုင်ဘဲ ဖြစ်နေလေသည်။ သို့သော် အလုပ်ကို ခိုကပ်၍မဖြစ်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာက နောက် မှနေ၍ ကြိမ်တုတ် ဖြင့် နံရိုးများရှိရာကို မကြာခဏထိုးပြီး ကျွဲနွားမောင်းသလို အတင်းမောင်းလျက် ဆက်လုပ် ခိုင်းလေသည်။

လုပ်ရသည်မှာ မသက်သာလှပေ။ အင်္ဂတေကိုင်ထားသော ကျောက်တုံးကြီးများမှ အင်္ဂတေကို ဖျက် ထုတ်၍ ကျောက်တုံးကြီးများ တစ်ခုစီ ဖယ်ရှားရသည်ဖြစ်ရာ တွန်ဂါတာသည် စိတ်တိုတိုနှင့် ကျောက်တုံးကြီး တစ်တုံးကို မချီ၍ တအား လွှဲပစ်ချလိုက်လေသည်။
တဖြည်းဖြည်းနှင့် နေမြင့်လာရာ နေရောင်ခြည် အလင်းရောင်သည် သူတို့ အလုပ်လုပ်နေသော တောင် ကမ်းပါးယံ ဆီသို့ပင် ရောက်ရှိကာ လျှပ်စစ်မီးမောင်းထိုးပေးထားသလို ထိန်ထိန်လင်းနေ လေသည်။
တွန်ဂါတာသည် စစ်သားတစ်ဦး၏ အကူအညီဖြင့် ကျောက်တုံးကြီးတစ်တုံး မတင်ဖယ်ရှားပစ်လိုက် ရာ ကျန်ကျောက်တုံးများပါ ရွေ့လျားလာပြီး သူတို့ပေါ်သို့ နံရံတစ်ခုလုံး လဲပြိုကျတော့မလို အသံ များ မြည်ဟည်း လာသဖြင့် နှစ်ယောက်စလုံး လျင်မြန်စွာ နောက်သို့ ခုန်ထွက်လိုက်ရလေသည်။

ဤတွင် ဂူအတွင်းသို့ဝင်သည့် အပေါက်ဝကို မြင်ရလေသည်။
ဂူအတွင်းသို့ ၀င်ကြည့်ရန်သာ ရှိတော့ပေသည်။
"ခင်ဗျား ရှေ့ဆုံးက ၀င်ပါ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက အမိန့်ပေးလိုက်သဖြင့် တွန်ဂါတာလည်း ၀င်ရန်ဟန်ပြင်လိုက်ပြီးမှ ခေတ္တ ရပ် နေလိုက်ပြန်သည်။ ဂူအတွင်းသို့ ၀င်ရမှာ ကြောက်သလို မကောင်းဆိုးဝါး တစ်စုံတစ်ရာတွေ့ မည်ကို စိုးရိမ် မိသလို ဖြစ်လာသောကြောင့် ခေတ္တဆိုင်းထားလိုက်ခြင်း ဖြစ်သည်။

စင်စစ်အားဖြင့် တွန်ဂါတာသည် ခေတ်ပညာတတ်တစ်ယောက်ဖြစ်၍ ယခုကဲ့သို့ အယူသီး၍ ထိတ် လန့် တုန်လှုပ် ခြင်းမျိုး မဖြစ်သင့်ချေ။
သို့သော် သူသည် အာဖရိကတိုက်သားစစ်စစ် ဖြစ်လေရာ အာဖရိကတိုက်သားတို့၏ ရိုးရာဓလေ့၊ အယူအဆ၊ အတွေးအခေါ်တို့က သူ၏သွေးထဲ ပါလာသည်ဟု ထင်ရပေသည်။
ထို့ကြောင့် ဤသင်္ချိုင်းဂူတွင် မိမိတို့ ဘိုးဘွားဘီဘင်များ၏ ၀ိညာဉ်များက ကာကွယ်စောင့်ရှောက် နေသည် ဟူသော ယုံကြည်ချက်က သူ၏အတွင်းစိတ်၌ ရှိသင့်သလောက် ရှိနေပေသေးသည်။
"ဟေ့လူ ရှေ့ကို တိုးသွားလေ"

ဖွန်ဂါဘီရာက ခပ်ထန်ထန် အမိန့်ပေးလိုက်သဖြင့် တွန်ဂါတာလည်း မရဲတရဲနှင့်ပင် ဂူအတွင်းသို့ စတင် ၀င်လိုက်ရလေသည်။
အလင်းမှ အမှောင်အတွင်းသို့ ရုတ်တရက် ၀င်လိုက်ရခြင်းကြောင့် ဘာမှမမြင်ဘဲဖြစ်နေရာ ခေတ္တ ရပ်၍ စောင့်နေလိုက်ရသည်။ အတန်ကြာမှ မျက်လုံးများသည် ကျင့်သားရလာပြီး မြင်စပြုလာလေ သည်။
ဂူအတွင်း ရှိ ကြမ်းပြင်မှာ ချောမွတ်နေလေသည်။ သို့သော် မသိမသာ ဆင်ခြေလျှော ဖြစ်နေသည်။

ဤလိုဏ်ဂူသည် တစ်ချိန် သားရဲတိရစ္ဆာန်တို့ခိုအောင်းရာ နေရာတစ်ခု ဖြစ်တန်ရာသည်။ ကမ္ဘာဦး မှ ကျောက်ခေတ်လူသားတို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟု တွန်ဂါ တာက ယူဆမိလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် တွန်ဂါတာ၏ နောက်မှ ကပ်လျက်လိုက်ပါလာပြီး လက်နှိပ်ဓာတ်မီးဖြင့် ဟိုဟို သည်သည် ထိုးကြည့်လေသည်။
ဂူ၏ အပေါ်အမိုးကို ကြည့်လိုက်သောအခါ မီးခိုးမှိုင်းများ စွဲကပ်နေသလို မည်းနေကြောင်း တွေ့ရ ပေသည်။ ရှေးနှစ်ပေါင်းများစွာက လူသားများ၏ ဤဂူအတွင်း နေထိုင်၍ စားသောက်ဖွယ်ရာများ ချက်ပြုတ် သည့် မီးဖိုများမှ မီးခိုးမှိုင်းများ ဖြစ်ဟန်တူပေသည်။

ဂူ၏ နံရံများတွင်ကား ရှေးခေတ်လူများ ရေးဆွဲထားဟန်တူသော နံရံဆေးရေးပန်းချီလက်ရာအချို့ တွေ့ရသည်။ အာဖရိကတိုက် တောင်ပိုင်းမှ သဲကန္တာရဒေသတွင် နေထိုင်သော ဘွတ်ရှ်မင်းခေါ် တိုင်းရင်းသား လူပုကလေးများသည် တစ်ချိန်က ဤဂူအတွင်း နေထိုင်ရင်း သူတို့၏ ရိုးရာပန်းချီ အနုပညာ လက်ရာများ ရေးဆွဲထားခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းရပေသည်။
ပန်းချီအရုပ်များမှာ ကျွဲ၊ သစ်ကုလားအုတ်၊ သခင်၊ ကြံ့စသော သတ္တ၀ါများ၏ပုံများဖြစ်၍ တစ်ချိန်က ဤဒေသရှိ တိုင်းရင်းသား (ဘွတ်ရှ်မင်း)များ တောလိုက်အမဲပစ်ခဲ့သည့် သတ္တ၀ါများ ဖြစ်ဟန်တူပေ သည်။

တိရစ္ဆာန်ရုပ်များအပြင် လေးမြားလက်နက်စွဲကိုင်သူ လူများအမဲလိုက်နေသည့် ပုံများလည်း ရေးဆွဲ ထားသည်ကို တွေ့ရလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဂူအတွင်းမှ နံရံဆေးရေးပန်းချီ အရုပ်များကို လက်နှိပ်ဓာတ်မီးဖြင့် ခေတ္တ ထိုးကြည့်ပြီးနောက်-
"ရှေ့ကို ဆက်သွားပါတော့လား"ဟု အမိန့်ပေးလိုက်ရာ တွန်ဂါတာလည်း ရှေ့သို့ ဖြည်းဖြည်းချင်း တိုး၍ လျှောက်ဝင် သွားလေသည်။
ကျောက်တုံးများ နှစ်ဖက်နှစ်ချပ် ရှိနေသော ဂူအတွင်းမှ လမ်းမှာ အလွန်ကျဉ်းမြောင်းသောကြောင့် မြန်မြန် မသွားနိုင်ဘဲ ဖြည်းဖြည်းချင်း သတိထား၍ တွားသွားရလေသည်။
ခြေလှမ်း ငါးဆယ်ခန့် သွားမိပြီးနောက် တွန်ဂါတာသည် ရုတ်တရက် ရပ်တန့်ပြန်လေသည်။

ထိုနေဂယ၌ လိုဏ်ဂူအမိုးသည် ပေနှစ်ဆယ်ခန့်မြင့်ပြီး ကြမ်းပြင်ကလည်း ချောမွတ်နေလေသည်။ သို့သော် အပေါ်မျက်နှာကြက်အမိုးဆီမှ ပြိုကျသော ကျောက်တုံးများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲ လျက်ရှိ လေသည်။
နေရာအားဖြင့် အတော်ကျယ်ဝန်းသော ဤနေရာကို တွန်ဂါတာက ရပ်ပြီး ငေးကြည့်နေမိခြင်းမှာ တစ်ဖက်အစွန်းတွင် တစ်စုံတစ်ခု သတိပြုမိသောကြောင့်ပင် ဖြစ်လေသည်။
လူတစ်ယောက်၏ ပခုံးခန့်မြင့်သော ကျောက်ဖျာသဖွယ် ဖြစ်နေသည့် ကျောက်သားခုံမြင့်ပေါ်တွင် အရာဝတ္ထု များ တင်ထားလေသည်။

ဖွန်ဂါဘီရာက ထိုးလိုက်သော လက်နှိပ်ဓာတ်မီး အလင်းရောင်တွင် မြင်ရသည်ကား နွားလှည်းတစ် စီး၏ အစိတ်အပိုင်းများ ဖြစ်လေသည်။ ရှေးနှစ်ပေါင်းတစ်ရာကျော်က နွားလှည်း အမျိုးအစားဖြစ်ပြီး ကြီးမားသော လှည်းဘီးနှင့် လှည်းကိုယ်ထည်အစိတ်အပိုင်းများပင် ဖြစ်သည်။ ပစ္စည်းများသည် မူလ အသွင် အတိုင်း မဟုတ်တော့ဘဲ ကျိုးပဲ့ပျက်စီးနေသည်။
"အဲဒါ ဘုရင်လိုဘင်ဂူလာရဲ့ ကိုယ်ပိုင်လှည်းကြီးပဲ။ သူဟာ ဒီလှည်းကို အလွန်မြတ်နိုးတယ်။ မြောက်ဘက် ကို ခရီးရှည်ကြီးထွက်လာတော့ နွားတွေသေကုန်တဲ့အခါ လိုဘင်ဂူလာရဲ့ စစ်သည် တွေကိုယ်တိုင် လှည်း ကို ၀င်ဆွဲခဲ့ကြရတယ်လို့ ဆိုတယ်" တွန်ဂါတာက ခပ်တိုးတိုး ပြောလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာက သူ၏ ပစ္စတိုသေနတ်ဖြင့် တွန်ဂါတာ၏ ကျောကိုထောက်လျက်-
"ဟေ့လူ ရှေ့ကို ဆက်သွားလိုက်ပါ"ဟု အမိန့်ပေးလိုက်ပြန်သည်။
တွန်ဂါတာလည်း ရှေ့သို့ တိုးသွားရလေသည်။

တစ်နေရာတွင် သေနတ်လက်နက်များ စီတန်း၍ ထားသည်ကို မြင်ရလေသည်။ သေနတ်အမျိုး အစားက ရိုးရိုးရိုင်ဖယ်သေနတ်အပြင် 'အင်ဖီးလ်'အမျိုးအစား အထူးရိုင်ဖယ်များလည်း ပါရှိသည်။ မျက်နှာဖြူ အင်္ဂလိပ်လူမျိုး ရို့ဒ်က လိုဘင်ဂူလာအား သူတို့မျက်နှာဖြူများအတွက် အခွင့်အရေးများ ပေးခဲ့ခြင်းကြောင့် ကျေးဇူး တုံ့ပြန်သည့်အနေဖြင့် လက်ဆောင်ပေးခဲ့သော လက်နက်များပင် ဖြစ် လေသည်။
သေနတ်လက်နက်အပြင် ရို့ဒ်က လိုဘင်ဂူလာအား လစဉ် ရွှေဒင်္ဂါးများလည်းပေးခဲ့သေးသည်။ ယင်းသို့ ပေးကမ်း စည်းရုံးခြင်းနည်းဖြင့် မျက်နှာဖြူရို့ဒ်သည် မိမိတို့ တိုင်းရင်းသားပိုင် မြေယာများ ကို တစစ သိမ်းယူ ခဲ့သည်။

လိုဘင်ဂူလာ သည် မိမိတို့ မာတာဘယ်လီလူမျိုးများအား ကျွန်သပေါက်ဘ၀သို့ရောက်အောင် တိုင်းပြည် ကို ရောင်းစားခဲ့ခြင်း ဖြစ်သည်ပါတကားဟု တွန်ဂါတာသည် နာကြည်းစွာဖြင့် တွေးမိလေ သည်။
စုပုံထားသော အခြားပစ္စည်းများတွင် ဓားရှည်များ၊ သားရေဖြင့်ပြုလုပ်ထားသော အိတ်များတွင် ထည့်ထားသည့် ဆားများ၊ ပုတီးကုံးများ၊ အဆီရိုင်ခေါ် တိုင်းရင်းလက်နက်ဓားများ စသည်တို့ ပါဝင် လေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ထိုပစ္စည်းများကို စိတ်မ၀င်စားဘဲ စိန်ရတနာသိုက်ကိုသာ လိုချင်နေသဖြင့်- "ဟေ့လူ ရှေ့ကို ဆက်သွားပါ။ မြန်မြန်လည်းလုပ်၊ ကျုပ်တို့က လိုဘင်ဂူလာရဲ့ ရုပ်အလောင်းကို ရှာတွေ့ ဖို့ အရေးကြီးတယ်။ ဒါမှ ကျုပ်တို့ စိန်တွေရမှာ"ဟု ပြောလိုက်သည်။

ဆက်ရန်
.

1 comment:

Anonymous said...

ဒီတခါ အများကြီး တင်ပေးတာမို့ ၀မ်းသာအားရ ဖတ်သွားပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်း))