Monday, October 18, 2010

သေလမ်းကို ဖြတ်သန်းခြင်း အပိုင်း (၄) ဇာတ်သိမ်း

ဘုရားသခင်ကြားတော်မူသည်

ဒီဇင်ဘာလ အစောပိုင်းတွင် နောက်တကျော့ ခွဲစိတ်မှုစသည်။ သုံးရက်လုံးလုံး ခြင်ဆီထဲမှ သွေးနီဥ တွေ ထုတ်ယူသည်။ အလဲအလှယ်လုပ်ဖို့ ပြင်ဆင်နေခြင်းဖြစ်၏။
ထိုရက်ပိုင်း အတွင်း ကျွန်မဆံပင်တွေ၊ နည်းနည်းချင်း ပြန်ပေါက်လာသည်။ ပြီးတော့ ဆက်တိုက် များလာ၏။ ကျွန်မ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျွန်မ အမြတ်နိုးဆုံးအရာ မဟုတ်လား။
တဖြည်းဖြည်း နှင့် ပုံမှန်ပြန်ရောက်လာနေခြင်းလား၊ သို့သော် ခြင်ဆီလဲလှယ်လျှင် ဓာတုကုထုံးတွေ ပြန်လုပ် ရဦးမည်။ ကျွန်မ သိပ်သိသည်ပေါ့။

ပြန်ပေါက်စဆံပင်တွေ ထပ်ကျွတ်ဦးမည်။
ခွဲစိတ်ခန်း ထဲပြန်ဝင်ရခါနီးရက်များတွင် လာမည့်ဘေး ပြေးတွေ့ဖို့ ကျွန်မပြင်ဆင်ထားလိုက်၏။ ဘုရားသခင် ကို တိတ်ဆိတ်စွာ အာရုံပြုသည်။ ကျွန်မ၏ စိတ်ငြိမ်းချမ်းမှုသည် ဘုရား သခင်ထံတော်ပါး တွင်သာ ရှိတော့ ကြောင်း ကျွန်မနားလည်နေပြီ။

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ယောက်ျားလုပ်သူက ဂျော့ဝါရှင်တန် တက္ကသိုလ်ဆေးရုံ၊ ခြင်ဆီလဲ ဌာန သို့ ကျွန်မကို တင်ပေးသည်။
ရောက်သည့်နေ့က ကျွန်မ အခြေအနေသိပ်မဆိုး။ အိပ်ရာပေါ်တွင် ရေးနေသည့်ဆောင်းပါးကို အပြီးသတ် နိုင်ခဲ့၏။ နောက်တစ်နေ့တွင် ဆေးအပြင်းစားတွေ ကျွန်မကို ပေးတော့၏။
ပထမပိုင်း တွင်ပင် ချက်ချင်းအင်ကုန်ခန်းကာ ဘာမျှ မလုပ်နိုင်တော့ပေ။ အားယူပြီး စာဖတ်ခြင်းဖြင့် အချိန်ဖြုန်း ရ၏။ တတိယမြောက်နေ့ နောက်ပိုင်းတွင် ကျွန်မ၏ နေ့စဉ်မှတ်တမ်းသည် စာမျက်နှာ လွတ်တွေ ချည်း ဖြစ်လာ၏။

တစ်ကိုယ်လုံးအရိုက်ခံထားရသလို နာကျင်နေ၏။ အထက်လှန်အောက်လျှောကဲ့သို့ အန်လည်းအန် သည်။ ၀မ်းလည်း သွားသည်။ ခေါင်းက အဆက်မပြတ်ကိုက်နေ၏။ ပါးစပ်တွေက မီးလောင်ထား သလို ခြောက်သွေ့ ပူလောင် လာ၏။ ခဏခဏ ကျွန်မ သတိလစ် လစ်သွားသည်။
ကျွန်မ ၏ တိုက်ပွဲဝင်သတ္တိတွေ ဤမျှ တိုတောင်းလှသည့် အချိန်အတွင်း တစ်စစီဖြစ်သွာလိမ့်မည် မထင်ခဲ့။ အိပ်ရာထဲ တွင် လူးပျံ နေရ၏။ မညည်းမညူကြိတ်မှိတ်ခံဖို့ ကြိုးစားပါ၏။ သို့သော် မအောင် မြင်ပါချေ။ လေထဲ တွင် လက်တွေ ကိုးရိုးကားရား နှင့် ကူရာကယ်ရာကို လိုက်လံရှာဖွေနေသည့် အလား။

အချိန်ရွေ့လျားနေပုံက နှေးကွေးလွန်းလှ၏။ ရွေ့သည်ပင် မထင်ရ။ သို့သော် ကျွန်မ၏ ဝေဒနာက ခုမှ အစပင် ရှိသေးသည်။
ဘုရားတရား စဉ်းစားမိ၏။ နောက်နေ့၊ နောက်နေ့တွေကို ကျွန်မ မည်သို့ရင်ဆိုင်ရပါမည်လဲ။
အိပ်ရာပေါ် မှ ဆင်းနိုင်လောက်အောင်ပင် ကျွန်မတွင် အားအင်မကျန်တော့ပါ။ သို့သော် ဆရာမ အချိန်မှန် သည်။ မနက် ၆ နာရီတွင် ရောက်လာပြီး ရေချိုးပေးသည်။ သူချိုးပေးလျှင် ထိုင်ဖို့တောင် အနိုင်နိုင်ဖြစ်လာ၏။ ရေချိုး ရင်းလည်း ကျွန်မ ငိုနေရပါပြီ။

မနက် ၃ နာရီထိုးလျှင် ကျွန်မ၏ တဆတ်ဆတ်တုန် နေသော ခန္ဓာကိုယ်ကို ကတ္တားပေါ်တင်ချိန် သည် သွေးဖောက် သည်။ မနက်မိုးလင်းလို့ ဆရာဝန်ရောက်လာလျှင် အားလုံးအသင့်ဖြစ်အောင် သူ လုပ်ထား နှင့်သည်။
ပြန်ပေါက်ဆံပင် ကလေးတွေ အထွေးလိုက် အထွေးလိုက် ကျွတ်ကုန်ကြပြန်ပါပြီ။ မှန်ဆီ ကို ကျွန်မ လုံးဝ မျက်နှာ မမူတော့။
ပထမပိုင်းတွင် ကလေးတို့အဖေက သားနှင့်သမီးကို ဆေးရုံသို့ နေ့တိုင်းခေါ်လာသည်။ နောက်ပိုင်း တွင် ဆေးဝါး များကြောင့် သွေးဖြူဥနှုန်း ကျဆင်းလာသဖြင့် ကလေးတွေကို လောလောဆယ် ခေါ်မလာဖို့ ဆရာဝန် တွေ က ပြောလာသည်။

တစ်ချိန်လုံး အဖျားဝင် နေသဖြင့် ကျွန်မ၏ အခြေအနေသည် စိုးရိမ်စရာကောင်းသည့် အဆင့်တွင် ရှိနေ သည်။ လောလောဆယ်တွင် နေ့တိုင်း သွေးသွင်းနေရ၏။ ပဋိဇီဝဆေးတွေ စားနေရ၏။
ဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းများ အဆင့် ပြီးသွားပြီး ရက်အတန်ကြာတော့ ဆရာဝန်များ က ပင်မ သွေးနီဥ တွေ ကျွန်မကိုယ်ထဲသို့ ပြန်သွင်းသည်။ သည်အဆင့် က နောက်တစ်ကြိမ်သွေးမယူမီ ၇ ရက်ခန့်ကြာ၏။

သွေးနီဥ၊ သွေးဖြူဥနှင့် သွေးခဲစေသည့် ကလာပ်စည်းကလေးများ လူနာ၏ ခန္ဓာကိုယ်ထဲတွင် အချိုးကျစွာ သမ မျှတ ချိန် ရောက်မှ စိတ်ချရသည့် အခြေအနေသို့ ရောက်ခြင်းဖြစ်သည်။
သာမန် အားဖြင့် ဆေးရုံတွင် ၄ ပတ်မှ ၈ ပတ်အထိ နေကြရ၏။
ဝေဒနာ ကို မကြေညာဘဲ ကျွန်မ ကျိတ်ခံပါသည်။ ၀မ်းသွားလိုက်၊ အန်လိုက်ဖြစ်နေသည့်ကိစ္စကမူ ကျွန်မကို သေကောင် ပေါင်းလဲ နှိပ်စက်နေဆဲဖြစ်၏။ ခန္ဓာကိုယ်မှာလည်း ၀ါးခြမ်းပြားကလေး လောက်သာ ကျန် တော့သည်။

အဖျားဝင် မလာအောင် ကျွန်မတောင့်ခံထားသည်။ ဆရာမ က မလွဲမသွေ အဖျားသွေးဝင်လာဦး မည့် အကြောင်း ကျွန်မကို ကြိုပြောထား၏။
သည်တောင် ကို ကျွန်မကျော်နိုင်ပါတော့မည်လား။ သို့သော် ပုံပျက်ပန်းပျက်မဖြစ်အောင်ထိန်းဖို့၊ ကျွန်မ ကိုယ် ကျွန်မ အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။
အမှောင်ထဲတွင်တော့ တစ်ယောက်တည်း ဘုရားအာရုံပြုဖြစ်သည်။ ကျမ်းစာတစ်ပိုင်းတစ်စကို သွား သတိရ သည်။

" ဘုရားသခင် သည် ကျွန်ုပ်တို့ အားလုံးအား ဦးဆောင် ၍ သေမင်းတမန် တောင်ကြားကို ဖြတ်သန်း သွားနေခြင်း ဖြစ်၏ "
အို အရှင်၊ တပည့်တော်မအား သည်လောကငရဲ သြဃ၀ဲမှ ကယ်တင်တော်မူပါဘုရား။
ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း ကျွန်မသည် စိတ်ဓာတ်ရေးရာတိုက်ပွဲကိုတော့ ကျိတ်ပြီး တစ်ကိုယ်တော် ဆင်နွှဲလျက်ရှိပါသည်။

ဆရာမ လာပြီး အပူချိန်တိုင်းလျှင် ကျွန်မတွင် အဖျားမရှိဟု ခံယူထားလိုက်၏။ သူက အပူချိန်ကို အသံထွက် ဖတ်ပြ လျှင် ကျွန်မအတွက် တိုက်ပွဲခေါ်သံဟုပင် သဘောထားလိုက်၏။
ကျွန်မ လုံးဝမဖျားကြောင်း တစ်ညတွင် ဆရာမ တွေ့သွားသည်။ အံ့သြသည့်အမူအရာဖြင့်မေး၏။
" အစ်မ ဘာလုပ်ထားလဲဟင် " တဲ့။
ကျွန်မ အားနည်းစွာ ပြုံးပြလိုက်ရင်း
" ဘာမှမလုပ်ပါဘူးကွယ်၊ ဘုရားအာရုံပြုနေတာပါ "

အန္တရာယ်တောင်ကြားကို ကျွန်မတို့ ဖြတ်ကျော်ခဲ့ကြပါပြီ။ ကျွန်မကိုယ်ထဲတွင် သွေးနီဥတွေ တိုးတက် ရှင်သန် လျုက်ရှိပါပြီ။ တိုးတက်နေသည့် ပမာဏနှင့် နှုန်းကိုသိရတော့ ကျွန်မသည် ကမ္ဘာ ပေါ်တွင် အပျော်ဆုံး မိန်းမ တစ်ယောက်ဖြစ်သွား၏။
ကလေး တွေ ကျွန်မကို တွေ့ချင်နေကြပြီ။ ကျွန်မအခြေအနေကို ထိန်းနိုင်ပြီဆိုသည်နှင့် ဆရာဝန်က လာတွေ့ နိုင်ပြီ ဖြစ်ကြောင်း မီးစိမ်းပြသည်။
ဝေဒနာ ကို ဘေးချိတ်ထားလိုက်ပြီး သားနှင့်သမီးကို စကားတေ ဖောင်လောက်အောင် ကျွန်မ ပြောနေမိ၏။ သူတို့ ပြန် သွားတော့ တဒင်္ဂ ကျွန်မ၏ ပျော်ရွှင်မှုကလေးလည်း သူတို့နှင့်အတူ ပါသွား လေတော့သည်။

ရေချိုးခန်းဆီ ကို ဒယီးဒယိုင်လျှောက်သွားပြီး အားရပါးရ ငိုချပစ်လိုက်၏။
ကျွန်မ သည် လွင့်မြောနေသော ၀ိညာဉ်တစ်ခုလို ဖြစ်နေ၏။ နွေးထွေးလှသည့် ကျွန်မအိမ်ကို လွမ်းလှပါပြီ။ ညည နိုးလာလျှင် ပြတင်းပေါက်မှ အပြင်ကို ကျွန်မ ငေးကြည့်၏။ ၀ါရှင်တန်သည် မီးရောင်များမှအပ အိပ်မောကျ နေတတ်သည်။
နှင်း တွေ ဖွေးနေသည့် ညတစ်ည။ ပြတင်းပေါက်နှင့် တည့်တည့်တွင် သစ်ပင်တစ်ပင်ရှိနေ၏။ ဘယ်တုန်း ကမျှ ကျွန်မ သတိမထားမိခဲ့သည့် သစ်ပင်။ အခန်းပြင်မှ ကျွန်မကို အကာအကွယ်ပေးနေ သလိုပါလား။

အချို့သစ်ကိုင်းများသည် ထမ်းထားရသည့် နှင်းထုကြောင့် ငိုက်ယွန်းယွန်းရှိနေကြ၏။ သို့သော် ပင်စည်ကမူ မားမား မတ်မတ်။ တိတ်တိတ်ဆိတ်ဆိတ်၊ ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ရပ်နေပုံမျိုး။
မြင်ကွင်းကိုကြည့်ပြီး ကျွန်မ အလေးအနက် စဉ်းစားနေမိသည်။ ဖောင်တိန်ကိုကောက်ကိုင်ပြီး တုန်ယင် နေသည့် လက်များဖြင့် ကျွန်မ တသွင်သွင်ရေးချနေမိတော့သည်။
ကျွန်မ စာပြန်ရေးနိုင်ပြီ။ ကျွန်မ ကိုယ်ကျွန်မ ရှာဖွေတွေ့ရှိပြီ။ စင်စစ် ကျွန်မကိုယ်ထဲမှ ကျွန်မ ပြန်လည် လွတ်မြောက် လာခြင်းဖြစ်ပါ၏။

တဖြည်းဖြည်း နေကောင်းလာသည် နှင့် အမျှ တယ်လီဖုန်းတွေ ဖြေလို့ မနိုင်နိုင်အောင် ၀င်လာသည်။ ဧည့်သည် တွေ အဆက်မပြတ် ရောက်လာကြ၏။ ဖက်စ်တွေ အဆက်မပြတ်ဝင်နေ၏။
နွေးထွေးလှ စွာ ကျွန်မကို ကြိုဆိုကြသည့် မိတ်ဆွေ အပေါင်းအသင်းအားလုံးကို ကျွန်မ တုံ့ပြန်ရပါ သည်။ သို့သော် ကျွန်မ အားမရလှပါ။ ဆေးရုံက အမြန်ဆုံးဆင်းခွင့်ရပြီး အိမ်ကို အစောဆုံးပြန်ချင် သည်က ကျွန်မ ၏ အဓိကဆန္ဒမဟုတ်လား။ နောက်ဆုံးတွင် ကျွန်မ မျှော်လင့်သည့်နေ့ကို ရောက် လာခဲ့ပါ၏။ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း ဆရာဝန်ကပြောတော့ ကျွန်မ ၀မ်းသာအားရထအော်မိသည်။
" တကယ် ကျွန်မအိမ်ပြန်ခွင့်ရပြီ၊ ဟုတ်လားဆရာ၊ ကျေးဇူးတင်လိုက်တာဆရာရယ် "

ဆေးရုံ တွင် ကျွန်မ သုံးပတ်မျှ နေခဲ့ရပါသည်။ ၄ ပတ်သို့ မဟုတ် ၈ ပတ်နေရမည်ထင်ခဲ့၏။ ဘယ်လောက် ပျော်စရာ ကောင်းသည့် အဖြစ်ပါလဲ။
ဒေါက်တာ တက်ဘရာက ကျွန်မနှင့်အတူလိုက်ပြီး စိတ်လှုပ်ရှားနေရင်း " မင်း နောက်စံချိန်သစ် တစ်ခုကို ချိုးလိုက်ပြန်ပြီ " ဟု အားပေး စကားပြောရှာ၏။
---------------------------
အိမ်အပြန်လမ်း

၁၉၉၅ ခုနှစ်တွင် ကျွန်မ အိမ်ပြန်ခဲ့ရသည်။ အရာအားလုံးကို အရင်အတိုင်းမပြောင်းမလဲတွေ့ရ၏။ ဆောင်းနေခြည် သည် မှန်ပြူတင်းကို ဖြတ်သန်းစီးဆင်းပြီး တစ်အိမ်လုံးကို ရွှေရောင်ဆွတ်ဖျန်းနေ၏။
အိုး၊ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်လာရခြင်းမှာ အဟောသုခံ ချမ်းသာလေစွ။ သို့သော် ပြန်ရောက်စ ရက်များ တွင် ပုံမှန်အခြေအနေ ပြန်မရောက်သေးသဖြင့် လန်းလန်းဆန်းဆန်းမရှိသေးပါ။
တနင်္ဂနွေ တစ်ရက်တွင် ဆိုဖာပေါ်လှဲနေရင်း ၀ါရှင်တန်ပို့စ်သတင်းစာကို ကောက်ကိုင်လိုက်မိသည်။ အမေရိကန် နှင့် တရုတ်ပြည်မကြီး ဆက်ဆံရေးဆောင်းပါး ပါလာ၏။ သိပ်ထူးခြားသည့် အခြေခံ အချက် အလက် များ မပါရှိပါ။

သို့သော် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက " တိန့်ရှောင်ဖိတ်ခေတ် နောက်ပိုင်းတရုတ်ပြည်" ကို သုတေသန ပြုထားသည့် အချက်ပါလာသည်။
သည်အချက် က ကျွန်မ၏ သတင်းစာသမားညဉ်ကို လှုပ်နှိုးပေးလိုက်သလို ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် သည်အကြောင်း ကို ကျွန်မ ဇောက်ချလေ့လာဖြစ်ခဲ့ပါသည်။ China Times အယ်ဒီတာချုပ်၊ ဟွမ်ချိုဆန်းက စာလုံးရေ ၈၀၀၀ ပါသည့်  ဆောင်းပါးတစ်ပုဒ် လိုချင်သည်တဲ့။ ကျွန်မ ရေးနိုင်မည် လားဟု လှမ်းမေးသည်။ ကျွန်မ ကျန်းမာရေး အခြေအနေ က ရေးခွင့်ပေးပါမည်လားတဲ့။
အိပ်ရာထဲ တွင် လှဲရင်း ကိုယ်တစ်ပိုင်းထရင်း ကျွန်မ စာပြန်ရေးသည်။ စင်စစ် စာရေးနိုင်လောက် အောင် ကျွန်မအား မပြည့် သေးပါ။

ကွန်ပျူတာမရိုက်နိုင်သဖြင့် လက်ရေးတွေက ရှုပ်ထွေးပွလျနေ၏။
သို့သော် တဖြည်းဖြည်း ကျွန်မလက်တွေ ငြိမ်လာသည်။ ခံစားနေရသည့် ဝေဒနာတွေ ဘယ်ရောက် ကုန်မှန်း မသိအောင် တိုးတက် လာသည်။ ကျွန်မဆောင်းပါးပို့လိုက်တော့ ဘုတ်အဖွဲ့ချယ်ယာမင်က
" သည်လို အခြေအနေထဲကနေပြီး သည်လောက်အချိန်ကလေးနဲ့ သည်ရွေ့သည်မျှ ထူးခြားပြည့်စုံ တဲ့ ဆောင်းပါးမျိုး ကို မင်း ရေးနိုင်ခဲ့တယ်နော်။ အိပ်ရာထဲမှာ ခေါင်းအုံးဖက်ပြီး ပက်လက်နေရမယ့် အချိန်မှာ မင်း ဟာ မိခင်သတင်းစာတိုက်အတွက် တာဝန်ကျေခဲ့တယ်နော်၊ အဲဒီအတွက် ကိုယ်တို့ တိုက်သားတွေရဲ့ မေတ္တာတွေ၊ စာနာမှုတွေ ... "
အပေါင်းအသင်းများ နှင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များက မေးကြသည်။

" ရန်လျန်းတစ်ယောက် သည်လိုခွန်အားတွေ ဘယ်ကရခဲ့တာပါလိမ့်တဲ့ "
နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့ ကလေးတွေနှင့် နေချိန် ကျွန်မ ပိုရခဲ့သည်။ သည်တိုက်ပွဲကို အောင်မြင် ခဲ့ခြင်း အတွက် အားလုံးကို ကျွန်မ ကျေးဇူးတင်မဆုံးတော့ပါ။ အထူးသဖြင့်ကတော့ ကျွန်မ မိသားစု ကိုပေါ့။

၁၉၉၆ ခုနှစ်တွင် အားနည်းလျက်ကပင် ထိုင်ဝမ်ကို ပြန်ပြီး အဖေ့ကိုကန်တော့ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ သမီး မီလာကို ကျွန်မနှင့် အတူ ခေါ်သွားသည်။ ကျွန်မတို့ သားအမိကို တွေ့တော့ အဖေပျော်နေပုံမှာ မျက်ရည် လည်စရာဖြစ်ပါသည်။ အိမ်ပြန်ရောက်နေသည့်ရက်များတွင် ကျွန်မသည် အတိတ် အကြောင်း တွေပြောရင်း အဖေ့အား ပစ္စုပ္ပန်သို့ ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါသည်။ ရှေးဖြစ်နောက်ကြောင်းတွေပြောပြီး အဖေ ပျော်အောင် ကျွန်မ လုပ်ပေးနိုင်ခဲ့ပါသည်။

ကျွန်မ၏ ကျန်းမာရေးအခြေအနေကို ကျွန်မ ကောင်းကောင်းသိပါသည်။ သည်မျှ ဝေးလံသည့် ခရီး မျိုးကို မထွက်သင့် သေးပါ။ သည်အသိဖြင့် ထိုင်ဝမ်မှ ပြန်ထွက်ခွာရမည့် အချိန်ရောက်တော့ ကျွန်မ အသည်းတွေ တစ်စစီ ကြွေခဲ့ရပါသည်။
အဖေက လက်တွန်းလှည်းဖြင့် ခြံဝအထိ ကျွန်မတို့ သားအမိကို လိုက်ပို့သည်။ အဖေ့ကို တင်းတင်း ဖက်ပြီး ကျွန်မ နှုတ်ဆက်သည်။ မျက်ရည်မကျအောင် ထိန်းနိုင်ခဲ့၏။ အဖေ့နားနားကပ်ပြီး တိုးတိုး ကလေးပြောခဲ့၏။

" အဖေ၊ စိတ်တင်းထားနော်၊ ကျန်းမာအောင်နေနော် "
သည်တော့မှ အဖေမျက်ရည်တွေ ကျလာသည်။ သို့သော် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်၏။
---------------------------------
မြစ်တစ်စင်း၏မေတ္တာရေအလျဉ်

၁၉၉၇ ခုနှစ်၊ ဇွန်လထဲတွင် ကမန် ဆေးရုံ တွင် ပြန်လည် စစ်ဆေးခံရသည်။ ခြင်ဆီလဲ ကုထုံးအပြီး နှစ်နှစ် ကြာခဲ့ပြီ ဖြစ်၏။ သည်ရောဂါကို အပြီးအပိုင် သတ်နိုင် မသတ်နိုင်၊ ကင်ဆာအမြစ်တွေ သေမသေ ထပ်မံ စစ်ဆေးရန် လိုအပ်နေသေး၏။ သွေးအမျိုးမျိုးဖောက်ပြီး ဒေါက်တာ တက်ဘရာနှင့် ကျွန်မ ထပ်တွေ့ရသည်။ ခါတိုင်း လိုပင် သူက ခပ်ရွှင်ရွှင်။ ကျွန်မ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပုံမှန်ရှိမရှိ မေးသည်။ သည်တော့မှ ခုရက်ပိုင်း အတွင်း ကျွန်မ၏ ဘယ်ဘက်ရင်သား နည်းနည်းနာနေကြောင်း သတိပြုမိ၏။

ဆရာဝန် က နာသည့်နေရာကို လက်နှင့်ဖိကြည့်သည်။ နာလွန်းလို့ ကျွန်မ လန့်အော်မိသည်။ မာမာ ကျစ်ကျစ် အလုံးတစ်ခု စမ်းမိသည်တဲ့။
" အင်း အရိုးလား၊ ကြွက်သားလုံးလား သိပ်မသေချာဘူး။ ဒီလိုလုပ်ပါလား၊ ကျွန်တော် တွေ့တဲ့ အလုံးဟာ ကင်ဆာကျိတ် ဟုတ်မဟုတ် သွေးပါရဂူနဲ့ သွားစစ်လိုက် "
ဆေးရုံမှ ပြန်ထွက်လာသောအခါ ကျွန်မ၏ ခြေလှမ်းများသည် အလာတုန်းကလို သွက်သွက်လက် လက်မရှိ တော့ပါ။

လွန်ခဲ့သည့် ၃ နှစ်လုံးလုံး တိုက်ပွဲပေါင်းများစွာဝင်ခဲ့ပြီး ဖြစ်၍ နောက်ပိုင်းတွင် ကြောက်စိတ်လည်း မရှိတော့။ လွယ်လွယ် ကူကူ နှင့် မျက်ရည်မကျတော့။ ခုတော့ ငိုရမည့်အစား ကျွန်မရင်ထဲတွင် ဒေါသတွေ လှိုင်းထ လာသည်။
ကျွန်မ၏ ဒုတိယအသံကို ပြန်ကြားလိုက်သည်။
" ဟုတ်ရင်ဘာလုပ်မလဲ၊ တကယ်ဖြစ်နေရင် ဘာဆက်လုပ်မလဲ "
သွေးပါရဂူ မှာ ခပ်ရွယ်ရွယ်အမျိုးသမီး ဆရာဝန်မဖြစ်၍ စိတ်ထဲ သက်သောင့်သက်သာဖြစ်သွား၏။ သို့သော် စိုးရိမ် စိတ်ဖြင့် ကျွန်မ ခပ်တောင့်တောင့်ကြီး ဖြစ်နေဆဲ။
ဆရာဝန်မ က ကြင်နာတတ်သည့်လေသံဖြင့် အားပေးစကားဆိုသည်။

" ဘာမှ မကြောက်နဲ့နော်၊ အကျိတ်က သွေးနည်းနည်းယူရမယ်၊ ဒီမှာလေ အပ်က သိပ်ထက်ပါတယ်၊ ပြီးတော့ သေးသေးလေးရယ်ပါ "
အပ်ဝင်သွားပြီး အထဲရောက်တော့ ဟိုဘက်သည်ဘက် လှည့်သေးသည်။ နာလွန်းလို့ ကျွန်မအော် လိုက် မိပါသည်။
" ပြီးပြီလားဟင် "
ချွေးသီးချွေးပေါက် ကျလျက်က ကျွန်မမေးလိုက်သည်။ ချက်ချင်းထပြန်ချင်နေပြီ။

" ခဏလေးနော်၊ မပြီးသေးဘူး၊ ၃ နေရာက ယူရမှာ၊ နံဘေးပတ်ဝန်းကျင်က သွေးနီဥတွေပါ စစ်ရမယ်၊ ဒါမှ ပိုသေချာ တဲ့ အဖြေရမှာ "
သူနာပြုဆရာမက ကျွန်မကို ပြန်လှဲချလိုက်ပြန်ပါသည်။ စောစောကအတိုင်း ၃ ကြိမ်ထပ်လုပ် သည်။ နာလိုက်ပုံ မှာ ကျွန်မ သတိလစ်သွားမလား အောက်မေ့ရ၏။
အဖြေရဖို့ တစ်ပတ်စောင့်ရသည်။ ထိုရက်သတ္တပတ်အတွင်း ကျွန်မ ပုံမှန်အတိုင်း လုပ်စရာရှိသည် များကို ဣနြေ္ဒ မပျက် ဆက်လုပ်နေ၏။ သို့သော် နှလုံးသွေးပျက်ချင်စရာကောင်းလှသည့် အရိပ် မည်းကြီးကို မကြာ ခဏ သတိရနေ၏။

" ထပ်ဖြစ်ဦးမှာလား "
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် မိုင်းလ်(စ်)က ကျွန်မနှင့်အတူ ဆေးရုံလိုက်လာသည်။ ဆရာဝန်မကို စောင့်နေစဉ် ကျွန်မ၏ စိတ်အစဉ်သည် ဆောက်တည်ရာမရ လှုပ်ရှားနေ၏။
" ဟုတ်နေလား၊ ထပ်တွေ့နေဦးမှာလား "
ထိုစဉ် ဒေါက်တာတက်ဘရာ ဖြတ်လျှောက်လာသည်ကို ကျွန်မ လှမ်းမြင်လိုက်သည်။ အချိန်ဖြုန်း မနေတော့ ဘဲ အတင်းလိုက် မေးသည်။
" ဆရာ ဆရာ အဖြေရပြီလားဟင် " ဆရာက တိုတို တုတ်တုတ် ဖြေသည်။

" ရပြီ၊ ကောင်းပါတယ်။ ဘာမှမတွေ့ဘူး "
ပျော်လွန်း သဖြင့် လက်နှစ်ဖက်ကို ကျွန်မ လေထဲမြှောက်လိုက်မိ၏။
ဆေးသွင်း နေခဲ့ရသည့်အချိန်များကို ကျွန်မ ပြန်သတိရနေ၏။
သမ္မာကျမ်းစာ တွေနှင့် ဗုဒ္ဓဘာသာစာအုပ်တွေ ဖတ်နေချိန်လေ။

စာအုပ်တိုင်းတွင် လေးနက်သည့် လောကအမြင်တွေပါ၏။ စာအုပ်တိုင်းတွင် သစ္စာတရားအကြောင်း၊ မေတ္တာတရား အကြောင်း၊ ခန္တီပါရမီအကြောင်း၊ ကိုယ်ကျင့်တရားအကြောင်းများ ပါသော်လည်း ထိုထိုသော သဘောတရား အားလုံးသည် အခြေခံအားဖြင့် ချစ်ခြင်းမေတ္တာဟူသည့် အကြည်ဓာတ်တွေ ပေါင်းဆုံ စုဝေးကြခြင်း ဖြစ်လေသည်။
မကြားဝံ့မနာသာ သည်ရောဂါဆိုးကြီးကို ၃ နှစ်လုံးလုံး ကျွန်မ တိုက်ပွဲဝင်ခဲ့၏။ သည်လို လုပ်နိုင် အောင် ကျွန်မ ကို တွန်းပို့ပေးသည့် အရာမှာ မိသားစု၏ အချစ်၊ အပေါင်းအသင်းများအချစ်နှင့် သူတို့ အတွက် ကြောင့် ဖြစ်တည်လာသည့် ဘ၀တဏှာဖြစ်ပါ၏။

ဤသို့ဖြင့် ကျွန်မသည် ချစ်ခြင်းမေတ္တာအကြောင်း၊ ဘ၀ကို ခင်တွယ်တပ်မက်ခြင်းအကြောင်းများကို ရှာဖွေ တွေ့ရှိခဲ့ ပါသည်။
သမ္မာကျမ်းစာ၏ အနှစ်သာရသည် မေတ္တာတရားဖြစ်ပါ၏။ ဗုဒ္ဓ၏ တရားဒေသနာများမှာလည်း မေတ္တာတရား ပင်ဖြစ်ပါ၏။
ချစ်ခြင်းမေတ္တာ သည် အရာရာတိုင်းကို လွှမ်းခြုံနိုင်သည်ဟု ကျွန်မ နှစ်နှစ်ကာကာ ယုံကြည်ခဲ့ပါပြီ။ ထောင်ပေါင်း များစွာသော မြစ်ချောင်းတို့သည် မဟာမြစ်ကြီးတစ်စင်းအဖြစ်ကို ဖန်တီးနိုင်သည် မဟုတ် ပါလား။

လူစီရန်လျန်း သည် ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလတွင် သားအိမ်ကင်ဆာရောဂါ ခံစားရပြန်သည်။ ဓာတု ကုထုံး နှင့် ခွဲစိတ်မှု ခံယူပြီးနောက် ကျန်းမာရေးပြန်ကောင်းလာခဲ့သည်။ " ကျွန်မကတော့ ကျွန်မ ဘ၀ ကို ဘုရားသခင်ရဲ့ လက်ထဲထည့်ထားပါတယ်၊ အနာဂတ်မှာ မျှော်လင့်ချက်ရှိတယ်လို့ ကျွန်မ အမြဲ ယုံကြည် ပါတယ်" ဟု လူစီရန်လျန်းက ပြောပါသည်။

ပြီးပါပြီ
.

6 comments:

:P said...

ရင်သားကင်ဆာရော၊ သားအိမ်ကင်ဆာရော ဖြစ်သတဲ့လား... သူ့ခမျာ သနားပါတယ်..။

သောစေယျံ said...

ကိုင်းဗျာ ဇာတ်သိမ်းကိုဖတ်လိုက်ပြီး ဘာပဲဖြစ်ဖြစ် ဘာသာရေးကိုအခြေခံထားပြီး အရာရာကိုကျော်ဖြတ်နိုင်ကြပါစေ

Anonymous said...

ဖတ်ပြီး ကိုယ်ဖြစ်သလိုပဲ ရင်ထဲမှာ မောကျန်ခဲ့တယ်။ သူမတကယ့်ကို သတ္တိရှိလိုက်တာနော်..။

ကိုဇော် said...

ဇာတ်သိမ်းလေးမှာ ဘာသာရေးလေးနဲ့ ခြုံပြသွားတာ အနှစ်ကျလွန်းတယ်။

ဇွန်မ said...

ဇာတ်သိမ်းလေး ဖတ်သွားပြီအမရေ ဘာသာရေးအပြင် မိမိစိတ်နဲ့လည်း ဆိုင်တာပေါ့နော်...

Anonymous said...

အမရေ..ကြံ့ကြံ့ခိုင်နီုင်တဲ့ သတ္တိကိုတော့ အတုယူချင်တယ်..ဒါမဲ့...စာရေးဆရာကတော်တော့..
နာမှာကြောက်လိုက်တာ...
နာတဲ့အဆင့်ကို မခံစားချင်ဘူး..အမရာ..

မျက်စိထဲမှာ ပြေးမြင်တာ... တီချယ်တယောက် ...ခုတော့ သေသွားပါပီ။

နောက်..ဘကျောက်တယောက်..သူလဲ ရောဂါကိုကြံ့ကြံ့ခံဖို့ ဘယ်လောက်တောင် အားတင်းကျော်ဖြတ်ရမယ် မသိဘူးနော်..ဟူးးး

နောက်ဆုံးကျတော့ ဘုရားတရားဂုဏ်ကျေးဇူးနဲ့ စိတ်ဓာတ်အင်အားက ရောဂါကိုအနိုင်ရသွားတယ်နော်။

မြတ်နိုး