လတ်လတ်တို့ တုန်းက ဖြင့် ငွေနှစ်သိန်းခွဲကို မျက်ဖြူဆိုက်မတတ် ရှာခဲ့ရတာပါ။ ပြီးတော့ အရစ်ကျနဲ့ ၀ယ်ရတာ။ ဆောက်ပြီးသာ အဆင်သင့် ကန်ထရိုက်တိုက်တွေကို မေးတောင် မမေးရဲဘူး။ ဦးလူပျို ဘ၀က နေ တဲ့ ဦးသူငယ်ချင်းအခန်းမှာ အားနာပြီး မနေချင်တာရယ်၊ အိမ်ထောင်ဦး လွတ်လွတ် လပ်လပ် နေချင် တာ ရယ်၊ အိမ်ငှားအဆင်မပြေတာတွေရယ်ကြောင့်သာ ၀ယ်ဖြစ်သွားတာ။
ကန်ထရိုက်က ဦးတပည့် ဖြစ်ခဲ့ ဖူးတာလဲ ပါတယ်။ တိုက်ဆောက်နေစဉ်ကာလမှာ ထုံးစံက နှစ်ရစ်ခွဲ ပေးရပေမယ့် လတ်လတ်တို့ကို လေးရစ် တောင် ခွဲယူရှာပါတယ်။ လတ်တို့အခန်းကို ဘိလပ်မြေတို့ သံချောင်း တို့လဲ ပိုထည့်ပေးတယ်တဲ့။ ဒါပေမယ့် ... နံရံမှာ သံရိုက်တိုင်း အင်္ဂတေတွေ တဖွားဖွား ကွာကျ တာပါပဲ။
ဦးရဲ အနှစ်နှစ်ဆယ်ကျော် စုငွေတွေလဲ အကုန်ပြောင်။ လတ်လတ်ရဲ့ မဖြစ်ညစ်ကျယ်စုငွေလေးတွေ နဲ့ လတ်လတ် လက်ဝတ်လက်စားလေးတွေလဲ အကုန်ပြောင်။ ဦးသူငယ်ချင်းရဲ့ စုငွေတွေတောင် ပါသေးတယ်။ အခု ဖဲ့ဆပ်နေရတုန်း။ ဒါတောင် လတ်လတ်တို့ မင်္ဂလာဧည့်ခံပွဲတွေ ဘာတွေ ဘာမှ မလုပ်လို့။ ပြီးတော့ ကလေး လဲ မယူလို့။
အို ... ဟို အိမ်ပွဲစားတစ်ယောက် ကြော်ငြာသလိုပေါ့။ စိန်မရှိရင် နေလို့ရတယ်၊ အိမ်မရှိရင် နေလို့ မရဘူး ဆိုတာလေ။ မှန်တာပေါ့၊ သိပ်မှန်တာပေါ့။ ရန်ကုန်မြို့က လူတွေအတွက် ပိုလို့မှန်တာပေါ့။ လတ်လတ်မှာ ဘာမရှိရှိ၊ နေစရာရှိပြီ။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတဲ့ ကိုယ့်မင်းကိုယ့်ချင်း ကိုယ်ပိုင် နေရာရှိပြီး (လတ်တို့က အပျောက်တိုက်ခန်းဆိုတော့ မြေညီထပ်မှာ နေတဲ့ မြေပိုင်ရှင်ကို တစ်လတစ်ရာ ပေးရတာကလွဲရင်) ဒီအခန်းကို ရောင်းလိုရောင်း၊ ပေါင်လိုပေါင်၊ နေချင်နေ စပေါ် တိုးတောင်းမယ့် သူလဲမရှိ၊ အိမ်လခ တိုးတောင်းမယ့် လူလဲမရှိ။ နှစ်ချုပ်သက်တမ်းစေ့ပြီး ဆက်မထားတော့မှာကို ပူရတဲ့ အပူမျိုးလဲ မရှိတော့ပြီ။
လတ်လတ်ကိုယ်ပေါ်ကို နောက်ဆုံး အပြီးသတ် ရေတစ်ခွက်လောင်းချလိုက်တဲ့အချိန်မှာ ပီပါထဲမှာ ရေနှစ်ရစ် လျော့သွားပြီ။ ဦးချိုးမှာကနှစ်ရစ်၊ ဒါဆို ရေက ပြောင်ရော။ လတ်လတ်ရော ဦးရော ရေ ကြိုက်တယ်။ ဒီအခန်းသဘာဝအရလဲ ရေကမချိုးဘဲ နေလို့မရဘူး။ ရေချိုးခန်းထဲကနေ လတ်လတ် ထဘီ ရင်ရှား နဲ့ တံခါးပေါက်ဆီ မြန်မြန်လျှောက်တယ်။ အပြင်ထွက်တဲ့ သစ်သားတံခါးကို ဖွင့်တယ်၊ သံဘာဂျာ တံခါးကို ဖွင့်တယ်။

ပြီးတော့ လှေကားထစ်တွေကို တစ်ထစ်ကျော်ဆင်းတယ်။ လှေကား တစ်ဆစ်ချိုးမှာ ရေမော်တာ ခလုတ် ရှိတယ်။ တော်သေးရဲ့၊ မော်တာခလုတ်က မီးလင်း မနေဘူး။ မီးလင်းနေရင်း သူတို့ အောက်လွှာ က ဖွင့်ထားလို့။ အိုကေ ... အိုကေ၊ ဦးရဲ့လေသံအတိုင်း လတ်လတ် ပျော်ရွှင်စွာ ခပ်တိုးတိုး အော်လိုက် ရင်း ရေခလုတ်ကို ဖွင့်လိုက်တယ်။ မလွယ်ဘူး၊ မလွယ်ဘူး၊ ကိုယ်က ဦးမှ မဦးရင် သူတို့ အောက်လွှာက လူတွေ အများကြီးရယ်။ ရေခလုတ်က တော်တော်နဲ့ ပိတ်တော့တာ မဟုတ်ဘူး။
သံဆွဲတံခါးကို မပိတ်တော့ဘဲ လတ်လတ် အခန်းထဲ ပြန်ဝင်ခဲ့တယ်။ သစ်သားတံခါးကို ပိတ်ပြီး အိပ်ခန်းထဲ ပြန်ဝင်၊ မီးလုံးဝါပြန်ဖွင့်၊ မိတ်ကပ်ပါးပါးလိမ်း၊ ပေါင်ဒါရိုက်တာကိုကို အမြန်လုပ်၊ ပြီးတာ နဲ့ အင်္ကျီဝတ်၊ ထဘီလဲ။ မီးဖိုထဲ ပြန်လာ၊ ရေချိုးခန်းထဲပီပါ ရေပြည့်ပြီလား ကြည့်ရင်း သစ်ပင် ရေလောင်းတဲ့အလုပ်ကို လတ်လတ် လုပ်ရတယ်။

အလှအပ ကြိုက်တဲ့ ပန်းချီဆရာကြီး ဦးချစ်တဲ့ အလှအပသစ်ပင်လေးတွေလေ။ ဦး ချစ်သလို လတ်လတ် ချစ်ပါတယ်။ လတ်လတ်လဲ အလှအပ ကြိုက်တတ်ပါတယ်။ ဒါပေမယ့် လတ်လတ်ကြိုက် တဲ့ အလှအပနဲ့ ဦးကြိုက်တဲ့ အလှအပ မတူကြ ဘူး။ လတ်လတ် ကြိုက်တဲ့ အလှအပတွေက မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါ၊ လက်သည်းဆိုးဆေး၊ အ၀တ်အစား အဆင်အဆန်းဆန်း၊ ဆံညှပ်ကလစ် ဖဲပားပုံစံလှလျ၊ လက်ဝတ်လက်စား ပုံစံဆန်းဆန်း၊ ဖိနပ်၊ လက်ကိုင်အိတ် လှလှကလေးတွေ။
ဦးကြိုက်တဲ့ အလှအပတွေက သစ်ပင်ပန်းပင်တို့၊ နေရောင်၊ လရောင်တို့၊ တိမ်တွေတို့၊ ငှက်တွေတို့၊ ပြီးတော့ ပန်းချီကား တွေ၊ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ။
ဒါတွေ ကို ဦး ချစ်သလို ချစ်နိုင်အောင် လတ်လတ် ကြိုးစားပါတယ်။ ဒါပေမယ့် စာအုပ်တွေကိုတော့ ဆော့ရီးပဲ၊ လတ်လတ် ချစ်လို့ မရဘူး၊ ဖတ်လို့မရဘူး (ဦးနဲ့လဲခင်ပြီး လတ်နဲ့လဲ ချစ်ခင်တဲ့ စာရေး ဆရာ တစ်ယောက်ရဲ့ ၀တ္ထုတွေကိုတော့ လတ်ဖတ်ပါတယ်နော်။)
သီချင်းတွေကိုတော့ အလွယ် တကူ လတ်ကြိုက်နိုင်သား၊ ဒါပေမယ့် ဦးကြိုက်တဲ့ သီချင်းမျိုးတော့ မဟုတ်ဘူး။ ဦးက "မြိုင်ဟေမန်" ဆိုတဲ့ မြိုင်ထသီချင်းကြီးမျိုးကို ကြိုက်တယ်၊ လတ်က ဟေမာနေ၀င်းရဲ့ "သဘောကောင်း လွန်းတဲ့ ကိုကိုမို့လေ ဟေမာဆိုးမိတာပါ" ဆိုတဲ့ သီချင်းမျိုးကိုပဲ ခဏခဏ ညည်း နေချင်တာ။ ရုပ်ရှင်ကတော့ ... သွား။ ဦးကြိုက်တဲ့ ပျင်းစရာ ရုပ်ရှင်ကားတွေကို လတ်လတ် လုံးဝ မကြိုက်။ ရုပ်ရှင် ကို လတ်လတ် ၀ါသနာလဲ မပါဘူး။ လတ်လတ်နဲ့ ရုပ်ရှင် ဘယ်လောက် ဝေးသလဲဆိုတော့ လတ်လတ် အပျိုတုန်းက အစ်မတွေ အတင်းခေါ်လို့ ရုပ်ရှင် လိုက်ကြည့်ဖြစ် တယ်။ ရုပ်ရှင်ကားနာမည်က "လူဆိုး တွေနဲ့ မောင်တိုင်ပင်"။ အဲဒီဇာတ်ကားကို ပျင်းရိငြီးငွေ့စွာနဲ့ ကြည့်ုရင်း အစ်မတွေကို လတ်လတ်က မေးတယ်။ "ဇာတ်လမ်းကဖြင့် တစ်ဝက် ကျိုးနေပြီ၊ မောင်တိုင်ပင်ဆိုတာ မလာသေးဘူးလား၊ ဘယ်တော့ လာမှာလဲ" တဲ့လေ။
အဲလောက် ရုပ်ရှင်နဲ့ နီးစပ်တာ၊ လတ်လတ်တို့ကတော့။ အခုတော့ ဦးရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် လတ်လတ် တော်တော် တိုးတက်လာပါပြီနော်။ ဦးပြောပြလို့ ခရီးသွားရင် လမ်းဘေးဝဲယာက သစ်ပင်တွေ တောအုပ် တွေ၊ အဲ ... အဲ ... စိမ်းလမ်းစိုပြည်တဲ့အလှကို လတ်ခံစားတတ်ပါပြီ။ အလျင်ဆို ခရီးသွားရင် ရထားပေါ်၊ ကားပေါ် ရောက်တာနဲ့ ပိုက်ဆံအိတ်ပွေ့ပြီး အိပ်တာပဲ။ လမ်းဘေးက သစ်ပင်တွေ့၊ ရှုခင်းတွေ ဘာမှ မသိပါဘူး။
ပန်းချီကားတွေကတော့ လတ်အတွက် အဆိုးဆုံးပဲ။ ဦးကြိုက်တဲ့ ဦးဆွဲတဲ့ ပန်းချီကားမျိုးတွေပေါ့။ လတ်နားမလည်ဘူး။ ဟို ... ဗိုလ်ချုပ်ဈေး ပန်းချီ ပြခန်းတွေမှာ တွေ့တဲ့ မင်းသားပုံတို့၊ ဆင်တွေ သစ်ဆွဲ နေပုံ တို့၊ ဆီမီးခွက် ကနေတဲ့ မင်းသမီးပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းပုံတူ၊ ကျော်ဟန်းပုံတူတို့ ကျတော့ လတ်လတ် နားလည်သားပဲ။
ဦး ပန်းချီဆွဲတာကလဲ တစ်မျိုးကြီးပါ။ ပန်းချီကားတွေ ဆွဲပြီး ဧည့်ခန်းနဲ့ အိပ်ခန်းထဲမှာ အကုန် လျှောက်ချိတ်ထားတာပဲ။ ဦး မိတ်ဆွေ ပန်းချီဆရာတွေက ဦး ကားတွေကို ပန်းချီပြပွဲမှာ ချိတ်ဖို့ ယူသွားရင်လဲ ကားမှ တစ်ခါတည်း စာကပ် ပေးလိုက်တယ်။ (Not For Sale) ရောင်းရန် မဟုတ်၊ မရောင်းပါတဲ့။ အစ ကတော့ လတ် မသိပါဘး၊ တစ်ခါ ဦးခေါ်လို့ ဦးကားတွေ ချိတ်တဲ့ ပန်းချီပြပွဲ သွားကြည့်တော့မှ သူများ ပန်းချီကားတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းတွေ မြင်တာ။ ငါးထောင်တဲ့၊ ရှစ်ထောင်တဲ့၊ တစ်သောင်းတဲ့။ ကဲ ... Not For Sale ဦးကို လတ် မအံ့သြရတော့ဘူးလား။
အဲဒီ အဖိုးတန် Not For Sale တွေကို အခန်းကျဉ်းလေးထဲမှာပဲ လျှောက်ချိတ်ထားတယ်လေ။ တချို့ ကြောက်စရာကားတွေကိုတော့ မီးဖိုထဲမှာ လာ မချိတ်ပါနဲ့လို့ ဦးကို တောင်းပန်ထားရတယ်။ ဟုတ်တယ်၊ တချို့ ဦး ပန်းချီကားတွေကို လတ် ကြောက်တယ်။ ဟင်း ... မီးဖိုထဲမှာ ချိတ်ဖို့ ငှက်ပျောသီးတွေ၊ ပန်းသီးတွေ၊ နာနတ်သီးတွေ ပါတဲ့ စားချင့်စဖွယ် သစ်သီး ပန်းချီကားတစ်ခု လောက် ဆွဲပေးပါလို့ ပူဆာတာကျတော့ မရဘူး။ ပြီးတော့ လတ်ရဲ့ ပုံတူရယ်။ ဆွဲပေးပါဆို ဘယ်တော့မှ ပူဆာလို့ မရဘူး။
ဒီသစ်ပင်တွေဆိုလဲ လတ်ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် ဂရုတစိုက် ပြုစုယုယရ လွန်းတယ် (လတ်က ဦးတစ်ယောက်တည်းကို ပြုစုယုယချင်တာ ရှင့်)။ တစ်နေ့ နှစ်ကြိမ် ရေလောင်းရတာ အချိန်ကုန်တယ်။ ပြီးတော့ ဒီသစ်ပင်ပေါက်စတွေက ဈေးလဲ ကြီးတယ်။ ဟောဒီ ဆက်တီ စားပွဲပေါ် က အပင်က ထိုင်းစံကား တဲ့။ ထောင်ကျော်တန်သတဲ့၊ ဦး တပည့် တစ်ယောက်အိမ်မှာ နှစ်ပင်ရှိလို့ တစ်ပင်ကို ငါးရာနဲ့ မျှတာ။ စာအုပ်ဗီရို နဲ့ တီဗွီကြားခုံလေးပေါ်က ထင်းရှူးပဒေသာဆိုတာကလဲ ဈေးကြီးတာပဲ။ ၀ရန်တာ ဘက်မှာလဲ အပင် တွေ ရှိသေးတယ်။ ဂမုန်းလဲ ရှိတယ်။
ရွက်လှလဲ ရှိ တယ်။ နှင်းဆီအိုးတွေလဲ ရှိတယ်။ လသာတဲ့ ညကျမှ လရောင်နဲ့ ပွင့်တတ်ပြီး အိပ်ခန်းတစ်ခုလုံး သင်းထုံ နေတတ်တဲ့ ကုမုဒြာ အဖြူပွင့်ကြီးပွင့်တဲ့ ပန်းအိုးကိုတော့ ဦး အမြတ်နိုးဆုံးပဲ။ လတ် သဘောသာဆို ဆက်တီ စားပွဲပေါ်မှာ၊ တီဗွီပေါ်မှာ၊ စာအုပ်ဗီရိုပေါ်မှာ လတ်ရဲ့ လက်ရာ တစ်ချောင်းထိုး ဇာပန်း အခင်း ၀ိုင်းလေး တွေ ရောင်စုံကို အောက်ကခံပြီး ရောင်စုံ ပလတ်စတစ် ပန်းစိုက်အိုးလေးတွေ တင်ထားလိုက်မှာပဲ။
လတ် သစ်ပင် ရေလောင်းပြီးတဲ့ အချိန်မှာ ပီပါရေ ပြည့်လျှံနေပြီ။ ပလတ်စတစ်ပုံးနဲ့ တစ်ပုံး ကဲ့ခပ် လိုက်ပြီး ရေခလုတ် ပိတ်ဖို့ အခန်းပြင် ထွက်ရပြန်တယ်။ လတ် ရေခလုတ် ပိတ်ချိန်မှာ ရေဖွင့်ဖို့ ထွက်ထွက် လာတတ်တဲ့ အောက်လွှာအမြွာ သမီးနှစ်ယောက်ထဲက ကောင်မလေး တစ်ယောက်ကို မတွေ့ရဘူး၊ အိပ်ရာထ နောက်ကျကုန်ကြပြီ ထင်တယ်၊ အခန်းထဲက အသံဗလံတွေ ကြားနေရ တယ်။ သူတို့ ပြောင်း လာတာ မကြာသေးတော့ လတ်တို့နဲ့ သိပ်မသိဘူး။ အလျင်လူတွေက ရောင်း ပြီး ပြောင်းသွားကြပြီ။
လတ် အခန်းထဲ ၀င်ပြီး သံဘာဂျာတံခါးကို ဆွဲပိတ်လိုက်တာနဲ့ အိပ်ခန်းထဲက ၀ရန်တာ တံခါး ဖွင့်သံ ကြားရတယ်၊ ဟော ... ဦးနိုးပြီ။ ဒါဆို ခြောက်နာရီထိုးပြီးပြီ။
"ဟော ... ကြည့် ... ကြည့်၊ လုပ်ထားပြန်ပြီ၊ ဒီ ကြောင်နဲ့တော့ကွာ"
အောင်မြင် ခန့်ညားလှတဲ့ ဦးရဲ့ အသံဟာ အလိုမကျ ဖြစ်စွာနဲ့ မင်္ဂလာ နံနက်ခင်းကို နှုတ်ဆက် လိုက်ပါတယ်။ မဆိုင်းမတွဲ ၀ရန်တာဘက်ကို လတ် အပြေးလေး ရောက်သွားရပြီ။
"ကြောင်ချေးတွေ ပါထားပြန်ပြီလား။ ဒီကြောင်ဟာ ဘယ်လောက် ရိုက်ရိုက် မရဘူး၊ ညဆို ၀ရန်တာချင်း ခုန်ကူး နေတာပဲ၊ ဖယ် ... ဖယ်ဦး၊ လတ် လုပ်ပစ်လိုက်မယ်"
"ဒီတစ်ခါ ချေးပါနေတာများ တွေ့လို့ကတော့ကွာ၊ ကြောင်စုတ်ကို ခြေထောက် နှစ်ချောင်းက ကိုင်ပြီး တစ်ခါ တည်း ကိုင်ပေါ က် သတ်ပစ်မယ်"
"အိုး ... ဦးကလဲ တိုးတိုးပြောပါ၊ ဟိုဘက်က ကြားသွားရင် ဘယ်ကောင်းပါ့မလဲ ဦးရဲ့"
"ကြား ... ကြား၊ တိရစ္ဆာန်တွေကို အရေးအယူလုပ်တဲ့ဟာတွေဆို သောက်မြင် ကက်လွန်းလို့"
"သောက်မြင်ကတ်လို့ မဖြစ်ဘူး ဆရာကြီး၊ လတ်တို့ ခရီးထွက်ရင် ၀ရန်တာက သစ်ပင်တွေကို ဟိုဘက် ကနေ သူတို့ပဲ ရေလှမ်းလောင်းပေးဖော်ရတာရှင့် သိလား"
"မဆိုင်ပါဘူး၊ သောက်မြင်ကတ်တာ ကတ်တာပဲ"
"ဦးကလဲ ... ဆိုင်တာပေါ့၊ သူတို့သာ ရေလောင်းမပေးရင် ဦး သစ်ပင်တွေ သေကုန်မှာပေါ့"
"သေ ... သေ၊ သေပေ့စေ"
ဦးခွကျကြီး၊ သူ့စိတ်ချည်းပဲ၊ ကြောင်ချေးကျုံးတဲ့ အလုပ်ကို အပိုအလုပ်တစ်ခုအနေနဲ့ လတ် လုပ်ပြီး တဲ့အချိန်မှာ မျက်နှာသစ် ရေမိုးချိုးနေပြီ၊ လတ် ကော်ဖီဖျော်ပြီးတဲ့ အချိန်မှာ ကော်ဖီကို ပန်းကန် တွေထဲထည့်၊ ရေခဲသေတ္တာထဲက သင်္ဘောသီးမှည့်တစ်ခြမ်းကို ယူ၊ တစ်စိတ်စိတ်၊ သံပရာသီး တစ်စိတ်လှီးပြီး သင်္ဘောသီး စိတ်ပန်းကန်သေးမှာတင်၊ ထောပတ် ဘူးနဲ့ စတော်ဘယ်ရီကို ပုလင်းချ၊ သကြားခွက်ချ။
"ဦးရေ ... လာတော့၊ ကော်ဖီသောက်မယ်"
"အိုကေ ... အိုကေ"
ဒီစကားသံ နှစ်သံဟာ နံနက် ၆နာရီခွဲမှာ အမြဲတမ်းကြားရတဲ့အသံ။ ပြီးတာနဲ့ ကြားရမယ့် အသံ တစ်သံက လေလှိုင်းထဲက အသံ။ ဦးရဲ့ Globe ဂလုပ်ခရီးဆောင် ရေဒီယိုလေးရဲ့ အသံလေ။
"လန်ဒန်မြို့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က အသံလွှင့်နေပါတယ်" ဆိုတဲ့ လေလှိုင်းသံနဲ့အတူ ဦးကော်ဖီစားပွဲ ရောက်လာတယ်။ ရေဒီယိုကို စားပွဲတစ်နေရာမှာ ချတယ်။ ပြီးတော့မှ ကော်ဖီ သောက်တယ်။ ပေါင်မုန့်နှစ်ချပ်နဲ့ ကြက်ဥကြော်နှစ်လုံး စားတယ်။ လတ်လတ်က ပေါင်မုန့်နှစ်ချပ် ကို ထောပတ်နဲ့ သကြားဖြူတစ်ချပ်၊ စတော်ဘယ်ရီ ယိုသုတ် သကြားဖြူတစ်ချပ် လုပ်ပြီး ထားတယ်။
"ဒေါ်ချတ်လစ်နော်၊ သကြားတွေ ကြပ်ကြပ်စား၊ လတ်မောင်းကြီးတွေ တုတ်လာပြီ"
"ဟင် ... ဟုတ်ပဲနဲ့နော် ဦး၊ ချတ်လစ် လက်မောင်းတွေဖြင့် သေးသေးလေး ဥစ္စာ"
နှစ်ယောက်တည်းကျမှ ဦး ချစ်စနိုး ခေါ်တတ်တဲ့ "ချစ်လတ်" (ချတ်လစ်)ဆိုတဲ့ စကားလိမ်လမ်းကို လတ်လတ်က ကြည်ကြည်နူးနူး သုံးစွဲရင်း မူနွဲကတယ်၊ ဦးက မချိုမချဉ် ပြုံးလို့။
"မှန်ထဲမှာ သေချာ ကြည့်ပါဦးနော်၊ အေး ... ဒီထက် လက်မောင်းကြီးတွေ တုတ်လာလို့ကတော့ ကွာ၊ နောက် တစ်ယောက် အရှာပဲသာ မှတ်"
"ရှာကြည့်လေ၊ ရှာကြည့်၊ လတ်လတ်ထွေးရဲ့ ၀က်သားခုတ်ဓားနဲ့ တွေ့သွားမှာပေါ့ ... ဟင်း"
"ဘယ်သူ့ကို ခုတ်မှာလဲ"
"ဦးကိုပေါ့၊ ဦးကို သုံးပိုင်း ပိုင်းပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်၊ ပြီးတော့ညမှ လတ်က ဖြည်းဖြည်းချင်း ကြော်စား ပစ်မယ် သိလား"
"အမယ်လေးဗျာ၊ ကြောက်စရာကြီး ပြောပါဦး၊ ဘယ်အပိုင်းကို အလျင် စားမှာတုံး"
"ဦးနော် ... ဦးနော်"
တဟားဟား အော်ရယ်နေတဲ့ ဦးကို လတ်လတ်က လက်သုတ်ပ၀ါနဲပ ပစ်ပေါက်လိုက်တယ်။ ဒီလို ကျတော့လဲ ဦးက ကလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်ဖို့ ကောင်းလိုက်တာ။ အမြဲတမ်း အလိုမကျဖြစ်နေတတ်တဲ့ ဦးသက်ဦးရဲ့ မျက်နှာထားကြီး ဘယ်ရောက်သွားပါလိမ့်။
"သင်္ဘောသီးမစားဘူးလား ဒေါ်ချတ်လစ်" "ဟင့်အင်း"
လတ်က နောက်ဆုံးတစ်ကျိုက် ကော်ဖီကို အမြန်သောက်လိုက်ပြီး ထိုင်ရာမှ ထတယ်။ သင်္ဘောသီး မှည့်ကို နံနက်အစောကြီး ကော်ဖီနဲ့တွဲပြီး လတ်မစားတတ်ပါဘူး။ ပေါင်မုန့်နဲ့ ကော်ဖီတောင် ဦးနဲ့ရမှ လတ် အကျင့်လုပ်ယူရတာ်။ နံနက်ဆို လတ်က ပဲပြုတ်ထမင်းကြော်တို့၊ မုန့်ဟင်းခါးတို့၊ ခေါက်ဆွဲ သုတ်တို့ပဲ စားချင်တာ။
ကော်ဖီပန်းကန်တွေကို လက်ဆေးဇလုံထဲ လတ်သွားထည့်တယ်။ ပန်းကန်ဆေးဖို့ အချိန်မရှိတော့ ဘူးလေ။ အမြန်နှုန်းနဲပ လတ်အိတ်ခန်းထဲ ပြန်ဝင်ခဲ့တယ်။ ဦးရဲ့ ဗီရိုဖွင့်ပြီး ဦးအင်္ကျီအဖြူနဲ့ ရခိုင် လုံချည်တစ်ထည်ကို ထုတ်တယ်။ စာသင်ချိန်တွေမှာ အမြဲတမ်း အင်္ကျီအဖြူလက်ရှည်နဲ့ ရခိုင် လုံချည်ကိုပဲ ၀တ်တတ်တဲ့ လက်ထောက်ကထိက ဆရာဦးသက်ဦးကို စာသင်ခုံကနေ လတ် ငေးမော စိတ်ဝင်စားခဲ့တုန်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီအင်္ကျီအဖြူနဲ့ ရခိုင်လုံချည်ကို ကိုယ်တိုင် ထုတ်ပေးရလိမ့်မယ်လိုပ လတ်မတွေ့ မိခဲ့ပါ ဘူးနော်။
ခုတင်ပေါ်မှာ ဦးဝတ်စုံကို တင်ပြီး လတ်ခေါင်းဖြီးတယ်၊ မျက်နှာ တစ်ချက်နှစ်ချက် ပုပ်ပြီး နှုတ်ခမ်းနီး ဆိုးတယ်။ ပြီးတော့ လက်ကိုင်အိတ်ယူရင်း ညကတည်းကထည့်ထားတဲ့ ကျူရှင်ခန်းသော့ ပါ၊ မပါ လက်ကိုင်အိတ် လှုပ်ကြည့်။ နောက်ဆုံး ဟန်းချိန်းဘတ်ကြိုးလေးပတ်၊ နာရီလဲပတ်ရင်း နာရီကြည့် တော့ လတ်လတ် စံတော်ချိန်ဟာ အကိုက်ပဲ။ ခြောက်နာရီခွဲပြီး ဆယ်မိနစ်။ ခုနှစ်နာရီထိုးဖို့ မိနစ် နှစ်ဆယ်အလို။ လတ်လတ် ဧည့်ခန်းထွက်လာတဲ့အချိန်မှာ ဧည့်ခန်းထဲမှာ ဦးထိုင်နေပြီ။ ရေဒီယို လိုင်းပြောင်းတဲ့ ကြီကြီ ကြာကြာ အသံတွေကလဲ ဆူညံနေပြီ။
"လတ်သွားပြဦး" "အိုကေ .... အိုကေ"
လတ်ကို ဦးမကြည့်အားဘူး။ တကယ်ဆို ထလာပြီး လတ်နဖူးလေးကို နမ်းပြီး နှုတ်ဆက်လိုပါလား။ လတ်ကလေ ဦးထိုင်နေတဲ့ဆီလာပြီး (သာတယ် နာတယ် မတွက်ပါဘူး) ကစ် Kiss ပေးလိုက်ချင် ပါတယ်။ တော်ကြာနေ ဘာရူးတာလဲလို့ အော်လိုက်မှာစိုးလို့။ သစ်သားတံခါးကို လတ်လတ် ဖွင့် လိုက်တယ်။ ဒီလိုပဲ ... လတ်က ကျူရှင်ခန်းကို အလျင်သွားနေကျလေ။

ကလပ်စ်က ခုနှစ်နာရီမှာ စမှာ။ အုပ်ချုပ်ရေးမှူးလဲဟုတ်၊ စာရေးမ လဲဟုတ်၊ P.Aလဲဖြစ်တဲ့ လတ်လတ်ထွေးက ကျူရှင်ခန်းကို အလျင်သွား၊ တံခါးဖွင့်၊ အားလုံး ရယ်ဒီ ပြင်ထား။ ခုနှစ်နာရီထိုးဖို့ ငါးမိနစ်အလိုမှာ (တစ်မိနစ် တစ်စက္ကန့် နောက်မကျစေရဘဲ) ဆရာ ဦးသက်ဦး ကြွလာ လိမ့်မယ်ရှင့် ၊ သံဘာဂျာတံခါးကို လတ်လတ် တွန်းဖွင့်လိုက်တယ်။
ဆက်ရန်
.
ဆက်ရန်
.
10 comments:
ဖတ်ပြီးသားထင်တာ.. မဖတ်ရသေးဘူး..အစ်မရေ..
အင်း...
ချတ်လစ်.. .၊ ဦး...
ဟာ... ရှုပ်နေတော့ တာပဲ။
ဒါနဲ့  သူတို့  နှစ်ယောက် အသက်ဘယ်လောက်ကွာ...။
ဖတ်ဘူးတာကြာပါပြီ...။အရမ်းကြိုက်တာဘဲ။ပြန်ဖတ်ချင်နေတာ.....။မရွှေစင်ကိုကျေးဇူးအထူးတင်ပါတယ်၊
ကျန်တဲ့အပိုင်းတွေကိုလဲအမြန်ဖတ်ချင်လြှပီ၊နောက်ဆုံး
ဇာတ်သိမ်းလေးကလဲရင်နင့်စရာဘဲနော်..။မရွှေစင်ဘေ လော့ဂ်ကိုလာမိတာကံကောင်းတာဘဲ..။ကျမကြိုက်တဲ့စာရေးဆရာတွေရဲ့စာတွေအများကြီးဘဲ၊နေ့တိုင်းလာဖတ်မယ်နော်...။
နုနုရည်ရဲ့ရေးသားတင်ပြပုံတွေက အရမ်းရဲတာလေးတွေကို ကြိုက်တယ်၊
တခါတုန်းကတော့ သာရမဂဇင်းမှာဖေါ်ပြဘူးတဲ့ သူရဲ့"'နမ်းမှာလားမောင်ရဲ့မွှေးတယ်ရှင်""ဆိုတဲ့ဝထ္ထုလေးကတော့ ဂယက်ရိုက်သွားဘူးတာ မှတ်မိတယ်။
အားကျအောင် လုပ်တဲ့ ဇာတ်...
အဲသလိုနဲ့ သတ်မှတ်ပလိုက်ဒယ်။
ဖတ်ပြီးကြောင်း
ဂျိုစီလေးလဲမျှော်နေကြောင်းပါ။
မယ်ဆင်တို့ ..ခေတ်နောက်ကျနေခဲ့ပါ့လား
အမရေ ဆက်ရန်လေးကို မျှော်နေတယ်နော်
ဖတ်ရင်း အဲလူကြီးလည်ပင်းညစ်ချင်လာပီ ဟိဟိ
ဆရာမ နုနုရည်ရဲ့ ဒီဝတ္တုလေးအရမ်း ဟာတ်ထိတယ် မရွှေစင်ရာ..။ အပြီးသတ်သွားရင် Ebook လေးလုပ်ပေးပါလားနော်..။ နော်...။
သိမ်းထားချင်လို့..။
Post a Comment