Saturday, October 16, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၆)

ဖိုးကျော် အိမ်သာတက်ပြီးလို့ ရေချိုးတဲ့အချိန်မှာ ကိုဝင်းအောင် ထမင်းကြော်တဲ့ ကိစ္စ ပြီးဆုံးသွား သလို သနပ်ခါးရေကျဲ၊ စပရင်းဆောင်း ကရင်ပတ်ဖ် ပါးပါး လိမ်းကျံပြီး မီးခိုးရောင် ရုံးယူနီဖောင်ကို ပါ အပြီးအစီး ၀တ်ဆင်ထားတဲ့ မယ်အေးတစ်ယောက်လည်း မိးဖိုခန်းထဲ ရောက်လာပြီ။ ထမင်းဘူး လေးဘူးတန်းစီချပြီး ကိုဝင်းအောင်ဘူး၊ မယ်အေးဘူး၊ လေးတန်းကျောင်းသူ မြတ်နိုးအောင်ဘူး၊ သုံးတန်းကျောင်းသူ ယုယအောင် ဘူး။

ကိုဝင်းအောင် ရေချိုးခန်းဝင်တဲ့ အချိန်မှာ မယ်အေးက အိမ်သာ ၀င်တယ်။ ကိုဝင်းအောင်က ညအိမ်သာ သမား။  တမင်ညကို အကျင့်လုပ်ထားတယ်။ ဒါမှ အေးအေးဆေးဆေး အချိန်ယူပြိး စာအုပ်ကလေးနဲ့ တက်လို့ရမှာ။ အိမ်သာထဲမှာ ကွမ်းလေးဝါးပြီး စာအုပ်လေး ဖတ်ရင်း အိမ်သာ တက်ရတာ အလွန်အရသာ ရှိတယ်။
"ခိုကလေးများတို့ရယ် ... မနက်ခင်း မိုးလင်းရင်"
ရေချိုးခန်းက ထွက်တာနဲ့ အိပ်ခန်းထဲ ရောက်သွားတတ်တဲ့ ကိုဝင်းအောင်ရဲ့ သီချင်းစာသား ပြောင်း သွားတယ်။ အိပ်ခန်းထဲမှာ သူ့အမေနှိုးထားခဲ့တဲ့ ကာလနဂါးလေး သုံးကောင် လှုပ်ရွနေကြပြီ လေ။
"ခိုကလေးများ တို့ရေ၊ မထသေးဘူးလားဟေ"

"ခို ဟုတ်ဘူး၊ ငှက် ငှက်၊ ငှက်ပါဆို၊ ရလဲရပဲနဲ့ ဖေကြီးက ငှက်ကလေးများတို့ရယ်"
သမီးကြီး မြတ်နိုးအောင်က ထုံးစံအတိုင်း သီချင်းကို ပြင်ပေတော့တယ်။
"ခိုနဲ့ ငှက် နဲ့ အတူတူပဲပေါ့ သမီးရယ်၊ သမီးတို့နေတဲ့ အခန်းလေးက ခိုအိမ်လေးပဲဟာ၊ အဲဒီတော့ သမီးတို့က ခိုကလေး တွေပေါ့"
"ဟာ ... ဒီလိုဆို၊ ဖေကြီးလဲ ခိုကလေးပေါ့ ... ကဲ"

"ဟုတ်တယ်လေ ... ဖေကြီးလဲ ခို၊ မေကြီးလဲ ခို၊ ဟောဒီ တိုက်မှာရှိတဲ့ လူတွေ အကုန်လုံး ခိုတွေ ချည်းပဲ"
"ဟုတ်ပဲနဲ့ အဲဒါ ... လူတွေ ... လူတွေ"
သမီးလတ် ယုယရဲ့လေသံကို ဟိုကောင် သုတက သံယောင်လိုက်ပြီး "လူတွေ ... လူတွေ"တဲ့။ ကိုဝင်းအောင် က ရယ်မောရင်း အငယ်ကောင်ကို ပွေ့ချီလိုက်တယ်"
"ကဲ ... ဖိုးအောင်ရေ ... မြန်မြန်၊ ကလေးတွေကို ခေါ်ခဲ့တော့လေ"

"ဟော ... မေကြီးအော်ပြီ၊ လာ ... ကိုကို မျက်နှာသစ်ပေးမယ်၊ ကဲ ... ကဲ ... ဟိုရှေ့က ဇာတ် မင်းသားက ကန့်လန့်ကာဆွဲ၊ ကန့်လန့်ကာဆွဲ"
မြတ်နိုးအောင်က အိပ်ခန်းနံရံ (သို့မဟုတ်) အိပ်ခန်း ကန့်လန့်ကာ အ၀တ်စကို မမီတမီနဲ့ အပေါက် ကျယ်ကျယ် ဖြစ်အောင် ဘေးကိုဆွဲတယ်။ ကိုဝင်းအောင်တို့ အခန်းနံ၏ရံက လှမှလှ။ တရုတ်ပြည် ကတောင် လာတာ။ ဈေးအပေါဆုံး တရုတ်ပိတ်စ အစိမ်းရောင်ကာတွန်းရုပ်ကလေးတွေလေ။ မီးဖိုခန်းဘက်ထွက်တဲ့ လမ်းကျဉ်း ကလေးကို ချန်ပြီး အိပ်ခန်းကို အ၀တ်စ နံရံနှစ်ဖက်နဲ့ ကာရံ ဖွဲ့စည်းထားတယ်။ ကိုဝင်းအောင်တို့ အခန်း က အောက်လွှာဆိုတော့ အောက်လွှာဖွဲ့စည်းပုံအတိုင်း လှေကားကနေ တိုက်ခန်းကို ၀င်ဖို့ ၀င်ပေါက် က ၀ရန်တာ တံခါးပေါက်။ ပြီးတော့ ဧည့်ခန်း၊ ဧည့်ခန်း ပြီးမှ အိပ်ခန်း၊ အိပ်ခန်းနဲ့ မီးဖိုခန်း၊ ရေချိုးခန်း အိမ်သာ နဲ့ ကပ်လျက်ပေါ့။

ဧည့်ခန်းမှာ ယောက်ဖလင်မယားနဲ့ ယောက္ခမကြီးတို့ အိပ်ကြရတယ်။ ရွှေ့လို့ပြောင်းလို့ရတဲ့ သစ်သားအ၀တ် လိုက်ကာလေး နှစ်ခုကို ညအိပ်ရာဝင်ခါနီးရင် ၀ရန်တာနံရံနဲ့ ကပ်ကာပြီး အိပ်ခန်း လေး တစ်ခု ဖန်တီး ကြတယ်။ အဲဒီ အိပ်ခန်းလေးထဲမှာ ယောက်ဖလင်မယား အိပ်ပြီး၊ ဘေးနားမှာ ယောက္ခမကြီး အိပ်ပေါ့။ ယောက်ဖ လင်မယားမှာ အရေးကြီးတဲ့ သစ်သားအ၀တ်လိုက်ကာ လုပ်ရတဲ့ အတွက် ခုတင်မ၀ယ်နိုင်တော့ အုတ်သမံသလင်းပေါ်မှာ မွေ့ရာပဲ ခင်းအိပ်ကြတယ်။ ယောက္ခမကြီး ကိုတော့ သစ်သားခုတင် အနိမ့်လေးတစ်ခု လုပ်ပေးထားတယ်။ လူကြီးကိုး။ ဒါတောင် ယောက္ခမ ကြီးက ပေတိပေတေရယ်။ ရခါစ သား နဲ့ ချွေးမ အနေကျပ်မှာကို စိုးရိမ်ပြီး ၀ရန်တာဘက်ထွက် ထွက်အိပ်တတ်လို့ သမီးလုပ်သူနဲ့ ခဏခဏ ပူညံ့ ပူညံ့ ဖြစ်ကြတယ်။

ကိုဝင်းအောင်တို့ အိပ်ခန်းထဲကတော့ ခုတင် ရှိတယ်။ ဖိုးအောင်နဲ့ မယ်အေးရဲ့ မင်္ဂလာဦး ခုတင်။ ခုတော့ သားသမီး သားအဖ ငါးယောက် ကျပ်ကျပ်သတ်သတ် ကန့်လန့်ဖြတ် အိပ်ရတဲ့ မိသားစု ခုတင်ပေါ့။
"ကဲ ... မြန်မြန်လုပ်ကြ၊ ဟို ခိုမလေးက ပြီးရင် ဘွားဘွားကြီးဆီသွား၊ သြော် ... ဒီ ခိုမလေးက တယ်နှေးတာကိုး"
ရေချိုးခန်းထဲမှာ ဒီအချိန်ဆိုရင် ထုံးစံအတိုင်း သားအဖတစ်တွေ အသံက ဆူညံမြဲ။ မြတ်နိုးနဲ့ ယုယက မျက်နှာသစ်ပြီး ဧည့်ခန်းက အဘွားဆီ သွားတယ်။ ဧည့်ခန်းက (မိန်းမ သုံးယောက် ပိုင်ဆိုင်ကြတဲ့) ဘုံကျောက်ပျဉ် မှာ သူတို့ဘွားအေက သနပ်ခါးလိမ်းပေးလိမ့်မယ်။

"ဟင်း ... ခိုအိမ် ... ခိုအိမိနဲ့၊ သူဖြင့် ဒီလိုခိုအိမ်မျိုးကိုတောင် အပိုင် ၀ယ်နိုင်လို့လား"
ထမင်းစားပွဲဝိုင်းပေါ်မှာ ထမင်းကြော်ပန်းကန်တွေ ပြင်ဆင် နေရာချနေရာက ထုံးစံအတိုင်း မယ်အေး ပြောပြီ။ ဒါ သူ့အလုပ်လေ။ ကိုဝင်းအောင် ခိုအိမ်ပြောတိုင်း ပြောရမယ့် မယ်အေး အလုပ် လေ။ ကိုဝင်းအောင် က သားလုပ်သူကို မျက်နှာသစ်မပျက်။

"အေးလေကွာ၊ အပိုင် မ၀ယ်နိုင်လို့ ငှားနေတာပေါ့ကွ ဟုတ်ဘူးလား"
"သွားစမ်းပါ၊ ကျုပ်တို့တော့ ခိုပဲ ဖြစ်ဖြစ်၊ လင်းတပဲဖြစ်ဖြစ်၊ ဒီလိုအခန်းမျိုးလေး အပိုင်ရတဲ့နေ့ သေပျော်ပြီ"
ကိုဝင်းအောင် ခဏငြိမ်သွားတယ်။ ခဏပါပဲ၊ ပြီးတာနဲ့ စပ်ဖြဲဖြဲ မျက်နှာက ပြန်ဖြစ်လာတယ်။

"သြော် ... မယ်အေး ... မယ်အေး၊ ရည်မှန်းချက်ကလဲ မမြင့်မားလိုက်တာ မိန်းမရယ်၊ မှန်းချင်မှန်း အင်းလျားလမ်းထဲက ခြံကျယ်ကျယ်နဲပ တိုက်လှလှမျိုးကို မှန်းပစ်စမ်းပါကွာ မင်းနှယ်"
"အိုး ... ကိုယ်မှန်းနိုင်သလောက်ပဲ မှန်းတယ် ရှင်ရေ့"
"အောင်မယ်၊ လူဆိုတာ ဘယ်ပြောနိုင်မလဲကွ၊ ဒီနေ့ဒီလို အခန်းမျိုး မ၀ယ်နိုင်ပေမယ့်၊ ကိုယ်ဝယ်နိုင်တဲ့ အချိန်ကျတော့ သိန်းပေါင်းများစွာ တန်တဲ့ ခြံတွေတိုက်တွေ ၀ယ်ပစ်နိုင်တာမျိုး တွေ ဘာတွေ ဖြစ်ချင်ဖြစ် မှာပေါ့ကွ၊ ကဲ ... မပူပါနဲ့ကွာ၊ ဆယ်သိန်းဆု တစ်ပြိုင်နက် ဆယ်ဆု ပေါက်ရင် ဖြစ်နိုင်ပါတယ်။

"တော်စမ်းပါ ဖိုးအောင်ရယ်၊ သွား အင်္ကျီလဲ၊ ထမင်းကြော်စားမယ်၊ ကလေးတွေ ပြီးရင် လာကြ"
နှုတ်ခမ်းစူသွားတဲ့ မယ်အေးပါးကို ရေစို လက်နဲ့ တို့ပြီး စလိုက်ရင်း ကိုဝင်းအောင် အိပ်ခန်းထဲ ပြန်ဝင်တယ်။ သြော် သူလဲလေ မိန်းမသားကိုး။ အထူးသဖြင့် ရန်ကုန်မှာ နေရတဲ့ မိန်းမသားပေကိုး။ ရန်ကုန်မြို့နေ မိန်းမသား အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ ဆန္ဒမျိုး သူ့မှာလဲ ရှိရှာမှာပေါ့။ ကိုယ်ပိုင်အိမ် ဆိုတဲ့ အရာကလေးကို လိုချင် တောင့်တခြင်းလေ။ ရူးသွပ်လုမတတ် လိုချင်တောင့်တနေ သူတွေ ထဲမှာ မယ်အေး တစ်ယောက် ပါတယ်။

ဒီအခန်းကို နှစ်ချုပ်နဲ့ ငှားတာကိုလဲ မယ်အေးက သိပ် မကျေနပ်ချင်ဘူး။ မဖြစ်လို့သာ။ တစ်လကို သုံးထောင် နဲ့ တစ်နှစ်ကို သုံးသောင်းခြောက်ထောင်ပေးရတာ။ မယ်အေး ငှားနေခဲ့ဖူးတဲ့ အိမ်တွေက လခတစ်ရာ၊ နှစ်ရာ၊ အလွန်ဆုံး သုံးရာထိပဲ ပေးရတာကိုး။ ဒါပေမယ့် အဲဒီအိမ်တွေက စပေါ်တင်ရ တယ်။ စပေါ်ငါးထောင်၊ နှစ်သောင်း၊ လေးသောင်းပေါ့။ ဒီနှစ်ချုပ်ကတော့ စပေါ် မရှိဘူး။ တစ်နှစ်စာ အပြတ်ပေးပဲ။ ကြိုက်ရင် နောက်တစ်နှစ်နေမယ်ဆိုရင် နောက်တစ်နှစ် ဈေးနဲ့ (သုံးထောင်ဟုတ်ချင် မှ ဟုတ်တော့မယ်) ထပ်ချုပ်ပေါ့။

မယ်အေးသဘောက မ၀ယ်နိုင်သေးရင် လခနည်းတဲ့ အိမ်မှာပဲ ငှားနေချင်သေးတယ်။ ဟုတ်ပြီ။ ဒါ မှန်ပါတယာ်။ ဒါပေမယ့် ကိုးဆယ့်နှစ်အိမ်စပေါ်ကို မယ်အေးအန်တုနိုင်လို့လား။ ကိုယ်တတ်နိုင်တဲ့ စပေါ်က ခြောက်သောင်း။ ခြောက်သောင်းအပြင် ငါးပြားမှ မပိုနိုင်တော့ဘူး။ ဒီနေ့ စပေါ် ဈေးက ကြမ်းခင်းဈေး ရှစ်သောင်းကနေ တစ်သိန်း၊ နှစ်သိန်း ပတ်ဝန်းကျင် ရှိတယ်။ ဘယ်လို လုပ်မလဲ။
ကိုယ်နေချင်တဲ့ နေရာက မိသားစုရဲ့ အလုပ်။ ကျောင်း၊ ဈေးနဲ့ အဆင်ပြေတဲ့ ကမာရွတ်နယ်မြေ။

အဲဒီ ကမာရွတ် လှည်းတန်းဆိုတဲ့ အရပ်မှာ အတော်အသင့် သပ်ရ့်တဲ့ ကိုးပေးလေးဆယ့်ငါးပေ အခန်းကျဉ်းရှည်လေးမျိုးတွေကို စပေါ်ရှစ်သောင်း မတင်ဘဲနဲ့ ငှားလို့ မရနိုင်ဘူး။ ကဲ ... ဒီတော့ ဘယ်လို လုပ်မလဲ။ ကိုယ်က ဒီနယ်မြေကနေ ခွာပြီး ရွှေပြည်သာတို့၊ ဒဂုန်မြို့သစ်တို့မှာ သွားနေနိုင် သလား။ မနေနိုင်ဘူး။ ဒီမှာပဲ နေချင်တယ်။ ကိုယ့်လက်ထဲမှာရှိတာက ခြောက်သောင်း။ ကဲ ... နှစ်ချုပ်အခန်းဟာ ကိုယ်နဲ့အသင့်တော်ဆုံး ဖြစ်မနေဘူးလား။ ဟော တစ်နှစ်အတွက် သုံးသောင်း ခြောက်ထောင် (တစ်လ သုံးထောင်ဆိုတာ သက်သာသေးတာ) ပေးပြီးတော့ လက်ထဲ နှစ်သောင်း လေးထောင်တောင် ကျန်သေး တယ်။ တီဗွီ အလွန့်ကြည့်ချင်ရှာသော သမီးလေးတွေ၊ သားလေး တွေ အတွက် ဂွတ်စကင်းဟင်း ၁၄လက်မ ကာလာ တီဗွီတစ်လုံး သောင်းရှစ်ထောင်နဲ့ ၀ယ်လိုက် တယ်။

ကျန်တဲ့ခြောက်ထောင်ကို မိသားစုအရေးပေါ်ကိစ္စအတွက် သိမ်းထား။ လုံးဝ မထိနဲ့။ လစဉ် အသုံး စရိတ်ကို မယ်အေး လခ တစ်ထောင်၊ ကိုယ့်လခက လေးထောင့်ငါးရာ ထားပါတော့။ အဲဒီတော့ ငါးထောင် နဲ့ လောက်အောင်သုံး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ကတော့ ကိုဝင်းအောင်က ချောလို့။ မယ်အေးကတော့ ဒီနှစ်ကုန် လို့ နောက်နှစ် နေစရာ မရှိမှာကို တွေးပူလို့ မဆုံး။ မပူလေနဲ့ ရှင်မ။ တို့ရဲ့ ခံတွင်းတွေဟာ လူထွင်း တဲ့ ခံတွင်းမဟုတ်။ နတ်ထွင်းတဲ့ခံတွင်းတွေဖြစ်သလို တို့ရဲ့ ကိုယ်ခန္ဓာ တွေဟာလဲ ဗြဟ္မာကြီးတွေ ဖန်ဆင်း ထားတာသာ ဖြစ်ချေတယ်။ ငါတို့၏ နေစရာအတွက် သူတို့ မျက်နှာလွှဲနေ၍ မရ။ သူတို့ အဆင်ပြေအောင် ဖန်တီး ပေးပေလိမ့်မည် ရှင်မ။ မပူနဲ့။ မပူလေနဲ့။

ထီပေါက်တာမျိုးပဲဖြစ်ဖြစ်၊ ဦးဝင်အောင်၏ ရူပဗေဒ သင်တန်းဝိုင်းမှာ လူစည်းစေခြင်းငှာ သိပ္ပံတွဲ ကျောင်းသား များအား စာမေးပွဲကျစေ၍ ၀ိဇ္ဇာတွဲကျောင်းသားများသာ စာမေးပွဲ အောင်စေခြင်းမျိုးပဲ ဖြစ်ဖြစ် သူတို့ လုပ်ပေးလိမ့်မယ်။

"ဖေကြီးရေ ... မြန်မြန်လာ၊ ထမင်းကြော်တွေ အေးကုန်းတော့မယ်"
အေး ... အေး ... လာပါပြီဟ ...၊ ဒီမှာ ဖေကြီးက နှုတ်ခမ်းနီ ဆိုးနေလို့ပါ"
"ဖေကြီးက ရှောက်သီးဆေးပြား ရောင်းမလို့လား"
"သွပ်ပြားဆီက ... ၀ယ်နော် ... နော်လို့"

ကလေးတွေက ဖအေးကို ကြည့်ပြီး တခိခိနဲ့ ရယ်လို့ မဆုံးနိုင်တော့ဘူး။ မယ်အေးက ပြုံးစိစိနဲ့ မျက်စောင်း ထိုးတယ်။ ယောက္ခမကြီးကလဲ ခွင့်လွှတ်အပြုံးနဲ့ ကြည့်ရှာပါတယ်။ နံနက် ၆နာရီခွဲပြီးတဲ့ အချိန်။ မီးဖိုခန်း ခုံနိမ့်စားပွဲဝိုင်းမှာ ကိုဝင်ေးအာင်တို့ မိသားစုနဲ့ ယောက္ခမကြီးတို့ရဲ့ ထမင်းကြော်ဝိုင်း ကျင်းပမြဲ။ အိမ်ရှေ့ ၀ရန်တာ သီးသန့် ထမင်းစားခန်းမှာတော့ ကျော်ကျော်တို့ ဇနီးမောင်နှံ။ သူတို့ ကတော့ ထမင်းကြော် မဟုတ်ဘူး။ ထမင်းတစ်ထပ်ကို ဟင်းနည်းနည်းနဲ့ အဆာပြေ စားကြတာ။

ထမင်းဘူးက ယူရဦးမှာလေ။ ထမင်းဘူးကလဲ လင်မယားနှစ်ယောက် တစ်ဘူးပဲ။ နံနက်အဆာပြေ စားတော့လဲ ဇလုံတစ်ခုတည်း။ အင်း ... ခုချိန်ကတော့ ပန်းကန်နှုတ်ခမ်းပေါ် တက်ထိုင်တော့မလို ဆိုတဲ့ အချိန် ကိုး။ တူနှစ်ကိုယ်အုတ်သမံလင်းပေါ်မှာပဲ အိပ်ရ၊ အိပ်ရပေါ့။

"ကဲ ... မြန်မြန်၊ မြန်မြန သမီးတို့၊ ကျောင်းနောက်ကျလိမ့်မယ်၊ ဖိုးအောင်၊ လမ်းမှာ ကလေးတွေ အလိုလိုက် မနေနဲ့ ဦးနော်၊ ဟိုရပ်ဒီရပ် လုပ်မနေကြနဲ့"
"အေးပါ၊ တို့အက်စ်အီးကို ဘယ်မှ မရပ်ပါဘူး၊ ကျောင်းတောက်လျှောက် မောင်းမှာပါ"
ကိုဝင်းအောင်ေတို့ သားမိသားဖတစ်တွေ ၀ရုန်းသုန်းကားနဲ့ ထမင်းကြော်ဝိုင်းက ထကြပေမယ့် အငယ်ကောင် သုတနဲ့ သူ့ဘွားအေ၀ိုင်းက ကောင်းမြဲ။

"အေး ... ငါ့မြေးစား၊ သွားပစေ၊ သူတို့ဟာ သူတို့ သွားပစေ၊ လမ်းမှာ ဆင်ကြီးနဲ့တွေ့မှာ သိလား"
"ဆင်ကြီးနဲ့တွေ့မှာ၊ ဟုတ်တယ်၊ သားက ငယ်သေးလို့နော်၊ ကျောင်းမလိုက်ရတာနော်"
သူ့ဘွားအေ အမြဲပြောတဲ့ စကားကို ရှေ့က ကြိုပြောပြီး လူလည်လုပ်တတ်တဲ့ သားကို ကိုဝင်းအောင်နဲ့ မယ်အေး ပြုံးမိကြတယ်။ အလျင်ကတော့ ဖအေရော၊ မအေရော၊ အစ်မတွေရော ထွက်ပြီဆိုရင် ထွန့်ထွန့် လူးအောင် ငိုတော့တာ။ ကြာတော့လဲ ဒီကောင် အကျင့် ဖြစ်သွားပါပြီ။

ကိုဝင်းအောင်တို့အလျင် ဖိုးကျော်တို့လင်မယားက ထွက်ကြမယ်။  သူတို့စာကြည့်တိုက်ပညာ ဒီပလိုမာ သင်တန်း က ခုနှစ်နာရီ စမှာလေ။ တက္ကသိုလ်ထဲမှာပဲ၊ သင်တန်းကို ဆယ်နာရီထိ တက်ပြီး၊ ပြီးရင် စာကြည့်တိုက် ကို ကူး၊ ဖိုးကျော်တို့က အလျင်ထွက်ပြီး အပေါ်လွှာနဲ့ အောက်လွှာကြားက ဘုံရေခလုတ် (နံနက် ကတော့ ကိုယ်ချည်းဖွင့်တဲ့ရေခလုတ်)ကို ပိတ်လိုက်ဖို့က ဖိုးကျော်တာဝန်။
ကိုဝင်းအောင်က သမီးနှစ်ယောက်ရဲ့ ဝေယျာဝိစ္စ ပလတ်စတစ်ခြင်းကို ဆွဲတယ်။

ပခုံးမှာတော့ ဆရာ ကိုဝင်းအောင် မူပိုင်ဟန်အတိုင်း ကချင်လွယ်အိတ်အနွမ်း။ မယ်အေးကလဲ ရုံးပလတ်စတစ် ခြင်း အပြာနုရောင်ကို ကိုင်ဆွဲလို့။ အမှန်မှန်ဆိုရင် မယ်အေး ရုံးက ကိုးနာရီမှ သွားရမှာ။ ဌာနတွင်း မွမ်းမံ စည်းကမ်းသင်တန်းကြောင့် မယ်အေးက ရန်ကုန်မြို့ရဲ့ ကုသိုလ်က အကောင်းဆုံး ရုံးသမား တစ်ယောက် အဖြစ် ဘတ်စ်ကားကို ခြောက်မှတ်တိုင်ပဲ စီးရမယ်။ ကလေးတွေလဲ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ကျောင်းသားလေးတွေပဲ။ ကိုယ်ပိုင်ကားဖိုးမကုန်၊ ဖယ်ရီခမကုန်ဘဲ ကျောင်းကို ခြေကျင် လျှောက် သွားလို့ ရတယ်။ ဒါကြောင့် မယ်အေးရယ်။ ဒီတိုက်ခန်းခ သုံးထောင်ဟာ အလွန့် အလွန်တန် ပါတယ်ဆိုမှ နော်။

"ကားလမ်း ကြည့်ကူးနော် ဖိုးအောင်၊ ကလေးတွေကို လွှတ်မပေးနဲ့"
"ဟုတ်ကဲ့ပါ အမေရယ်၊ သားတို့ နားထောင်ပါ့မယ်"
သမီးနှစ်ယောက် က ရယ်ကြတယ်။ မယ်အေးက မျက်စောင်း တစ်ချက်ထိုးတယ်။ ပြီးတော့ ၀ရန်တာ တံခါးပေါက် ကို တွန်းဖွင့်လိုက်တယ်။

တတိယထပ် ဘယ်ဘက်ခြမ်းအောက်လွှာ ဆက်ရန်
.

1 comment:

ကိုဇော် said...

ုလုပ်လာပြီ...
အခန်းကုန်မှ ပြဿနာတွေ စ . . အာဟ . .
ဆရာမ နုနုရည် ( အင်းဝ ) ရေးတာတွေကို အဲဒလိုတွေမို့ သဘောကျတာ...