Saturday, October 16, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၅)

အခန်း(၃၅)

ခရိတ်သည် ကားတွင်းမှ ခေါင်းပြူး၍ ကောင်းကင်သို့ မော်ကြည့်ကာ လရောင်က များလွန်းလှသည်ဟု အောက်မေ့မိလေသည်။
အမှန်တော့ လပြည့်ရန် လေးရက်လိုသေးသည် ဖြစ်လင့်ကစား ကောင်းကင်တွင် လမင်းကြီးသည် ထိန်ထိန် သာလျက် အထူးပင် ၀င်းပထွန်းလင်းလျက် ရှိနေလေသည်။ ကမ္ဘာမြေပြင် တစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ဖြင့် အလင်းရောင်ပေးနေသည်ဟု ထင်ရပေသည်။

သူတို့၏ မော်တော်ကားသည် ကြမ်းတမ်းသော တောလမ်းအတိုင်း ဆက်လက်မောင်းနှင်သွားလေသည်။
ခရိတ်သည် ကား၏အရှေ့ခန်း (ယာဉ်မောင်းသူ၏ ဘေးနား)တွင် မထိုင်ဝံ့သဖြင့် အနောက်ပိုင်း ကင်းဗတ် တာလပတ် အမိုးအောက်တွင် လိုက်ပါလာခြင်း ဖြစ်လေသည်။

အကယ်၍ ရှေ့ခန်းမှ ထိုင်လိုက်လာပါက လမ်းဘေးမှ တစ်စုံတစ်ယောက်က သေချာစွာကြည့်လျှင် သူ့အား မှတ်မိနိုင်သည့် အန္တရာယ်ရှိသောကြောင့် ကား၏နောက်ပိုင်းတွင် တက်စီးလာခဲ့ခြင်း ဖြစ်သည်။
ပြောက်ကျားခေါင်းဆောင် ရဲဘော်လွတ်ကောက်ကမူ ရှိုနာ အရာခံဗိုလ်၏ ယူနီဖောင်းဝတ်စုံကို ၀တ်ဆင် လျက် ခပ်တည်တည် ယာဉ်မောင်းဘေးမှ ထိုင်လိုက်လာလေသည်။ ယူနီဖောင်းက အပြည့်အစုံဖြစ်၍ တတိယ တပ်မဟာ၏ တံဆိပ်ပါသော နီညိုရောင် ဦးထုပ်ပျော့၊ ပခုံးမှ ရာထူးအဆင့်တံဆိပ်များလည်း ပါရှိ လေသည်။

သူ၏ဘေးမှ ယာဉ်မောင်းသူ ပြောက်ကျားရဲဘော်သည်လည်း တတိယတပ်မဟာ၏ ဦးထုပ်ဆောင်းကာ ယူနီဖောင်း အပြည့်အစုံ ၀တ်ထားလေသည်။ ထိုရဲဘော်က ရှိုနာဘာသာစကားတတ်သူလည်း ဖြစ်သည်။
ကားပေါ်ရှိ စက်သေနတကြီးကို ကျည်ဆန်အပြည့်ထိုးထားကာ အသင့်ချိန်ရွယ်ထားပြီး ဖြစ်လေသည်။
ကျန် မာတာဘယ်လီ ပြောက်ကျားရဲဘော် ရှစ်ဦးတို့ကတော့ ကျဆုံးသူ ရှိုနာစစ်သားများထံမှ ချွတ်ယူခဲ့ သော ယူနီဖောင်းဝတ်စုံများ ၀တ်ဆင်ကာ ကား၏ နောက်ပိုင်းတွင် ပြောင်ပြောင်တင်းတင်းပင် လိုက်ပါလာ ကြလေသည်။

"အခုအချိန်ထိတော့  အားလုံး အိုကေပဲနော်"
ဆာရာက ခပ်တိုးတိုး ပြောရာ ခရိတ်ကလည်း-
"အေး…အခုထိတော့ အားလုံး ချောချောမောမောပဲ။ ဒါပေမဲ့  ငါ့သဘောက အစမှာ ဒုက္ခအကျပ်အတည်း တွေ့ပီး နောက်ဆုံးကျတော့ ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းရတာမျိုးကို ပိုသဘောကျတယ်"ဟု ပြန်ပြော လိုက်သည်။

ထိုအခိုက် ကား၏ ရှေ့ခန်းမှ ရဲဘော်လွတ်ကောက်က ကားမှန်ကို ခေါက်၍ အချက်ပေးလိုက်သည်။ အဓိပ္ပာယ်က အကျဉ်းစခန်းကို လှမ်းမြင်နေရပြီဟူ၍ပင် ဖြစ်သည်။
ခရိတ်လည်း ကင်းဗတ်တာလပတ် အမိုးကြားမှ အသာချေင်းကြည့်လိုက်ရာ အကျဉ်းစခန်းမှ လက်နက်ကိုင်စောင့်များရှိသော မျှော်စင်များကို လှမ်းမြင်ရလေသည်။ အကျဉ်းစခန်း ပတ်ပတ် လည် ကာရံထားသော သံဆူးကြိုးများကိုလည်း မြင်နေရပြီး ဖြစ်သည်။

ထိုအခိုက် ပတ်ဝန်းကျင်တစ်လုံး အလင်းရောင်ဖြင့် လင်ထိန်သွားလေသည်။  အကျဉ်စခန်း ပတ်ဝန်းကျင်ရှိ လျှပ်စစ်မီးမောင်ကြိုးများ လင်းလာခြင်းပင်ဖြစ်သည်။
"သူတို့က လျှပ်စစ်အင်ဂျင်စက်ကို စက်နှိုးမောင်းလိုက်ပြီကိုး။ ကျုပ်တို့ကို ခရီးဦးကြိုပြုဖို့ မီးးမောင်း ကြီးတွေ ထိုးထားလိုက်တာနဲ့ တူတယ်"
ခရိတ်က စိတ်ပျက်အားလျော့ဟန်ဖြင့် ညည်းလိုက်မိသည်။

သူသည် ပထမဆုံးအမှားကို ပြုလုပ်မိခဲ့ပြီးဖြစ်သော  မူလက  စစ်ဆင်းရေးကို ကြံစည်ပြင်ဆင်စဉ်က မိမိတို့၏ ကားမီးလုံးကြီးများမှလွဲ၍  စခန်းတစ်လုံး  မှောင်မည်းမည်းမည်ဟု တွက်မိခဲ့သည်။
မှောင်မည်းနေခိုက် လက်နက်ကိုင် စောင့်များသည် မော်တော်ကား မီးလုံးကြီးများ၏ အလင်း ရောင်ကြောင့် မျက်စိပြာကာ ရုတ်တရက် ဘာလုပ်မှန်းမသိအောင် ဖြစ်နေခိုက် မိမိတို့က တရကြမ်း  ၀င်စီးကြမည်ဟု ရည်ရွယ်ခဲ့သည်။

တကယ်တော့ မိမိတို့၏ ကားသံကိုကြားသည်နှင့် လက်နက်ကိုင်အစောင့်များက ရိက္ခာတင်ကား များလာပြီ ဟု ယူဆကာ လျှပ်စစ်အင်ဂျင်စက်နှိုး၍ မီးမောင်းများ ထိုးကြည့်ခြင်းမှာ သဘာဝကျပေ သည်။ ဤသို့မည်ဟု ကြိုတင် မစဉ်းစားမိခြင်းသာလျှင် မိမိ၏အမှားဖြစ်ပေသည်။

သို့ရာတွင် ယခုအခြေအနေကျမှတော့ မည်သို့မှ မတတ်နိုင်။ မိမိတို့အနေဖြင့် လှည့်ပြန်၍ မဖြစ်တော့ချေ။ လျှပ်စစ်မီးရောင်အောက်မှပင် ဆက်၍ သွားရပေတော့မည်။
ခရိတ်သည် အတော်စိတ်ပျက်သွားမိလေသည်။ လောလောဆယ်သူသည် ကား၏ နောက်ပိုင်းတွင် ရှိနေ သဖြင့် ရှေ့ဆုံးမှရဲဘော်လွတ်ကောက်နှင့်ပင် အလွယ်တကူမဆက်သွယ်နိုင်သည့် အခြေအနေ ဖြစ်နေလေ သည်။ ယခုလို အခြေအနေမျိုးအတွက်ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့မိလေခြင်းဟုလည်း သူ့ကိုယ်သူ  အပြစ်တင် မိလေသည်။

 လက်နက်ကိုင် အစောင့်များသည် သူတို့အတွက် ရိက္ခာတင်ကားများလာပြီဟု ယူဆဟန်ဖြင့် ဂိတ်ဝမှ တံခါးမကြီးကို ဖွင့်နေကြပြီ ဖြစ်သည်။
တံခါးမကြီးအနီးတွင် သဲအိတ်များ အကာအကွယ်ပြု၍ တပ်ဆင်ထားသော စက်သေနတ်ကြီးကိုပင် မြင်နေရ လေပြီ။ စပ်သေနတ်ပြောင်းဝက မိမိတို့ကားဘက်ဆီသို့ ချိန်ရွယ်ထားသည်ကိုလည်း ခရိတ်က သတိပြုမိ လေသည်။

ဂိတ်ဝရှိ ကင်းတဲမှ လက်နတ်ကိုင် ကင်းတပ်ဖွဲ့သည် အပြင်ဘက်သို့ ထွက်လာလေသည်။ စစ်သည် လေးဦး တို့အား  တပ်ကြပ်ကြီးတစ်ဦးက ဦးဆောင်ကွပ်ကဲလေသည်။
ရှေ့မှ ကားကြီးသည် ဂိတ်ဝသို့ ချဉ်းကပ်မောင်းဝင်လာစဉ်  တပ်ကြပ်ကြီးသည် ကား၏ ရှေ့တည့် တည့်လမ်းမှ ရပ်၍ လက်တစ်ဖက် မြှောက်ပြလိုက်သည်။
ကာကြီးကလည်း ဘရိတ်အုပ်ရပ်လိုက်ရာ  တပ်ကြပ်ကြီးက ယာဉ်မောင်းသူဘက်သို့ လျှောက်လာ ပြီး ရှိုနာ ဘာသာဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။

ရှိုနာဘာသာစကား ကျွမ်းကျင်သူအနီရောင် ဦးထုပ်ပျော့ ဆောင်းထားသော  ပြောက်ကျားရဲဘော် ကလည်း သွက်လက်စွာ ရှိုနာဘာသာဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် တပ်ကြပ်ကြီး၏ အမူအရာသည် ချက်ချင်းပြောင်းလဲလာလေသည်။ ပြောက်ကျားရဲဘော် ဖြေလိုက်ပုံ က မှားယွင်းနေသောကြောင့် ဖြန်ဟန်တူသည်။
တပ်ကြပ်ကြီးက သင်္ကာမကင်း ဖြစ်လာပုံရကာ ရှိုနာဘာသာဖြင့် တစ်စုံတစ်ခုပြောလိုက်ရာ လက်နက်ကိုင် အစောင့် များသည် လျင်မြန်စွာ လူချင်းခွဲဖြန့်လျက် ရိုင်ဖယ်သေနတ်ဖြင့် စစ်ကားကို ၀ိုင်းချိန် ထားလိုက်ကြတော့သည်။

ခရိတ်တို့၏ လှည့်စားရန် အကြံအစည်သည် ယခု ခရိတ်ရောက်မဆိုက်မှာပင် အလိမ်ပေါ်သွားဟန် တူပေ သည်။
ခရိတ်ကလည်း မတတ်သာဘဲ အခြေအနေအရ ကြည့်လုပ်ရတော့မည်ဟု ဆုံးဖြတ်ကာ သူ၏ ဘေးနားတွင်  ရပ်နေသူ ယူနီဖောင်းဝတ် ပြောက်ကျားရဲဘော်၏ ခြေတစ်ဖက်ကို အသာပုတ်လိုက် သည်။ ဤကား ကြိုတင်ညှိ ထားသည့် အချက်ပေးခြင်းဖြစ်သည်။

ပြောက်ကျားရဲဘော်သည် သူ၏ လက်တွင် အသင့်ကိုင်ထားသော လက်ပစ်ဗုံးမှပင် (စနက်တံ) ကိုဖြုတ်၍ တအားလွှဲပစ်လိုက်ရာ စက်သေနတ်ဆင်ထားရာနေရာသို့ တည့်တည့်မတ်မတ် ကျသွား လေသည်။
တစ်ချိန်တည်းမှပင် ခရိတ်သည် သူ၏ တစ်ဖက်ဘေးမှ ပြောက်ကျားရဲဘော်အား-
"ဟေ့..ပစ်ကြတော့"ဟု အမိန့်ပေးလိုက်လေသည်။

ပြောက်ကျားရဲဘော်များလည်း ချက်ချင်းပင် သူတို့၏ အေကေ ၄၇မောင်းပြန်ရိုင်ဖယ် သေနတ် ပြောင်းများကို ရှိုနာစစ်သားများရှိရာသို့ ချိန်လိုက်ကြသည်။
ပစ်မှတ်နှင့်အကွာအဝေးမှာ ခြေလှမ်းဆယ်လှမ်းမျှသာရှိရာ လျင်မြန်စွာ ပစ်ခတ်လိုက်သောအခါ ရှိုနာတစ်ခုစစ်သားများသည် မိမိတို့သေနတ်များကို ပစ်ရန်ပင် အချိန်မရလိုက်ကြချေ။
အရာခံဗိုလ် သည် အခြေအနေကို ရိပ်မိသဖြင့် ကင်းတဲ အဆောက်အအုံဆီသို့ တအားပြေးလေ သည်။ သို့သော် ကား၏ ရှေ့ခန်းမှ ရဲဘော်လွတ်ကောက်က သူ၏တိုကာရပ် ပစ္စတိုလ်သေနတ်ဖြင့် နှစ်ချက်ဆင့် ပစ်လိုက်ရာ အရာခံဗိုလ် သည် လမ်းခုလတ်မှာပင် ကျသွားလေသည်။

တပ်ကြပ်ကြီး လဲကျသွားချိန်မှပင် မာတာဘယ်လီ ပြောကျားရဲဘော်များပစ်လိုက်သော လက်ပစ်ဗုံး တစ်လုံး က စစ်သေနတ်ကြီးရှိရာ သဲအိတ်များအနီးတွင် ပေါက်ကွဲလေသည်။
လက်ပစ်ဗုံး ၏ဒဏ်ကြောင့် စစ်သေနတ်ကြီးကို ထိမှန်ရုံမက စစ်သေနတ်သမား ရှိုနာစစ်သားသည် လည်း မရှုမလှ သေဆုံးသွားလေတော့သည်။
"ဟေ့ ....ကားကို မောင်းထွက်တော့၊ ဂိတ်ပိတ်ထားရင် အတင်းဝင်တိုက်ပြီးမောင်းထွက်သွား"
ခရိတ်က ကားရှေ့ခန်းမှ ယာဉ်မောင်းသူပြောက်ကျားရဲဘော်အား အော်၍ အမိန့်ပေးလိုက်ရာ တိုယိုတာ အမျိုးအစား စစ်ကားကြီးသည် အရှိန်ဖြင့်ါ ထွက်သွားလေသည်။
ပထမဆုံး တွေ့ရသော တံခါးက ပိတ်ထားသဖြင့် ကားကြီးသည် အတင်းဝင်တိုက်၍ မောင်းထွက် သွားလေ သည်။

ခရိတ်သည် ကားခေါင်မိုးပေါ်ရှိ စစ်သေနတ်သမားအနီးသို့  တက်သွားပြီး ပစ်ခတ်ရန် မောင်းထွက် သွားလေ သည်။
"ဟေ့...လက်ဝဲဘက်ကို ပစ်ကွ"
ခရိတ်က အမိန့်ပေးလိုက်သည်နှင့် စက်သေနတ်သမားလည်း အ၀တ်အစားအပြည့်အစုံ မ၀တ်ရ သေးဘဲ အဆောင်တွင်း မှ ပြေးထွက်လာသူ ရှိုနာစစ်သားများ အုပ်စုဘက်ဆီသို့ ချိန်၍ ပစ်ခက် လိုက်လေသည်။
"ဟို....လက်ယာဘက်က မျော်စင်ကိုပစ်လိုက်ဦး"
ခရိတ်က ဆက်လက် ညွှန်ကြားလိုက်သည်။

ထိုအချိန်၌ မျှော်စင်ပေါ်မှ ရှိုနာစစ်သားနှစ်ဦးက သူတို့အား လှမ်းပစ်ခတ်နေလေသည်။ သို့သော် စက်သေနတ်သမားက မျှော်စင်ဘက်သို့ လှည့်၍ တရကြမ်း ပစ်ခတ်လိုက်သောအခါ မျှော်စင်မှ သစ်သား အပိုင်းအစ များ ပြတ်ထွက်လာပြီး ရှိုနာစစ်သားနှစ်ဦးလည်း ကျည်ဆန်ထိမှန်လျက် ပက်လက်လန် လဲကျ သွားကြလေသည်။
"ဟိုရှေ့နားမှာ အဆောင်အမှတ်(၁)ရှိတယ်ဟေ့"
ခရိတ်က ဆရာအား သတိပေးလိုက်သည်
ဆရာကလည်း  ပြောက်ကျားရဲဘော်နှစ်ဦးနှင့်အတူ ကား၏ နောက်ပိုင်းတွင် ၀ပ်လျက် အသင့်ပြင်ထားပြီး ဖြစ်သည်။

တိုယိုတာကားကြီးသည် အရှိန်ကို လျှော့၍ မောင်ပေးရာ ဆရာတို့အဖွဲ့သည် လျင်မြန်ဖျက်လက် စွာ ကားပေါ် မှ ခုန်းဆင်လိုက်ကြလေသည်။
 ဆာရာက သံဆူးကြိုးဖြတ်သည့် ကိရိယာကို ကိုင်ထားပြီး ပြောက်ကျားရဲဘော် နှစ်ဦးက သူမ၏ ရှေ့မှ ပြေးရင် ရန်သူရှိုနာစစ်သားတို့အား ပြန်လည်ပစ်ခတ်သွားကြလေသည်။
ခရိတ်သည် ကားကြီး၏ ဘေးမှ ခြေနင်းခုံပေါ်တွင် ရပ်ပြီး ယာဉ်မောင်းသူအား -
"ဟေ့..... ရေဒီယိုဆက်သွယ်ရေးစက်ရှိတဲ့နေရာကို အမြန်မောင်းစမ်းပါ။  ငါတို့က ဆက်သွယ်ရေး စက်ကို အပိုင်စီးနိုင် ဖို့ အရေးကြီတယ်"ဟု အမိန့်ပေးလိုက်သည်။

ရေဒီယိုဆက်သွယ်ရေးစက်ရှိရာ အဆောက်အအုံကို သွားရန်မှာ လျှပ်စစ်မီးထိန်လင်းနေသော ကွင်းကျယ်ကြီး ကို ဖြတ်သန်းသွားရမည်ဖြစ်၍ အလွန် အန္တာရယ်များလှပေသည်။
ခရိတ်သည် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ဆာရာတို့အဖွဲ့က  အဆောင်အမှတ် (၁) အနီးသို့ ရောက်နေပြီး သံဆူးကြိုးများကို ဖြတ်တောက်နေကြပြီဖြစ်ကြောင်း တွေ့ရပေသည်။
သူကြည့်နေစဉ်မှပင် ဆာရာတို့သည် သံဆူးကြိုးများကို ဖြတ်တောက်ဖယ်ရှားပစ်ပြီး အဆောင် အတွင်းသို့ ၀င်သွားကြ လေသည်။
ခရိတ်သည် ဒုတိယစစ်ကားကို ကြည့်ပြန်ရာ ထိုကားပေါ်မှ ပြောက်ကျားရဲဘော်များက လက်နတ် ကိုင်အစောင့် များ ရှိရာ စင်များကို လှည့်ပတ်၍  စက်သေနတ်ဖြင့် တရကြမ်း  ပစ်ခတ်တိုက်ခိုက်နေ သည် ကိုတွေ့ရ လေသည်။

ယင်းသို့ တိုက်ခိုက်ခြင်းကြောင့် မျှော်စင်လေးခု ပျက်စီးသွားပြီဖြစ်၍ နောက်ထပ်မျှော်စင်နှစ်ခုသာ လျှင် ကျန်တော့ သည်။
ဒုတိယကားမှ ရဲဘော်များသည် ရှိုနာစစ်သားတို့၏ တန်းလျားများကို ၀င်တိုက်ရန် ပြောက်ကျားအ ဖွဲ့တစ်ဖွဲ့ ကို ချထားရာ ယင်းအဖွဲ့က လက်ပစ်ဗုံးများ ပစ်ဖောက်၍ တိုက်ခိုက်လျက်ရှိလေသည်။ လက်ပစ်ဗုံးများ ပေါက်ကွဲစဉ်မှပင် ပြောက်ကျားရဲဘော်များသည် တန်းလျား အဆောင်များဆီးသို့ အတင်းပြေးဝင် တိုက်ကြပြန်သည်။ ရဲဘော်များသည် တန်းလျား အဆောင်များဆီးသို့ အတင်းပြေး ၀င် တိုက်ကြပြန်သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် မာတာဘယ်လီ  ပြောက်ကျားများက အကျဉ်းစခန်းတစ်ခုလုံးကို အပိုင်စီးထားလိုက်လေညသည်။ မျှော်စင်အားလုံးကို ဖြိုခွင်းလိုက်ပြီး လက်နက်ကိုင် အစောင်တို့၏ ကင်းတဲ ကိုလည်း တိုက်ခိုက်ချေမှုန်းပစ်လိုက်ပြီးဖြစ်သည်။

ရှိုနာစစ်သားတို့၏ စစ်တန်းလျားနှစ်ခုကိုလည်း သိမ်းပိုက်ထားပြီးဖြစ်၍  စခန်းတစ်ခုလုံးကို အပိုင်စီး ထားနိုင်သည့် အခြေအနေ ရောက်လာပြီဖြစ်သည်။
ခရိတ်သည်  စစ်အောင်နိုင်သူ စစ်သူကြီးတစ်ဦးကဲ့သို့ ၀မ်းမြောက်အားတက်မိလေသည်။ ကျေနပ်အားရစွာဖြင့် စခန်းဝင်းအတွင်းရူခင်းကို ကြည့်နေစဉ်မှာပင် စခန်းအပြင်ဘက် တောင်ကုန်းငယ်တွင် သဲအိတ် များစီ၍ နေရာယူထားသော  ရှိုနာကင်းပုန်းမှ ထရေစကျည်ဆန်များ ထွက်သည့် ဒုံးကျည် လက်နက် ဖြင့် သူတို့၏ စစ်ကားကို ပစ်ခတ်တိုက်ခိုက်လေရာ ကျည်ဆန်အချို့ က ကားကြီး၏ နောက်ပိုင်း ကို ထိမှန်လေသည်။

စစ်ကားကြီးသည် ကျည်ဆန်ထိမှန်သဖြင့် တည့်တည့်မသွားဘဲ ကွေ့ကောက်သွားနေရာ ယာဉ်မောင်းသူ ပြောက်ကျားရဲဘော်သည် အထူးကြိုးစား၍ ထိန်းမောင်းနေရလေသည်။
"ဟေ့....ဆက်သာ မောင်းကွ၊ ရေဒီယိုဆက်သွယ်ရေးစက်ကို ငါတို့ ရောက်အောင်သွားမှ ဖြစ်မယ်"
ခရိတ် က ဟစ်အော် အမိန့်ပေးလိုက်သည်။

ရန်သူဘက်မှ စက်သေနတ်ကလည်း ထရေစာကျည်ဆန်းများဖြင့် ဆက်လက် ပစ်ခတ်နေဆဲပင် ရှိသည်။
မကြာမီ ကျည်ဆန်များက ကားကြီး၏ ရှေ့မှန်ကို ထိမှန်လေရာ ရှေ့မှန်ကြီး ကွဲသွားလျက် ယာဉ်မောင်း ရဲဘော်၏ ရင်ဘက်ကို ထိမှန်ကာ မရှုမလှသေဆုံးသွားရှာလေသည်။ မော်တော်ကား သည်လည်း အရှိန်လျော့ သွားလေသည်။

ခရိတ်သည် လျင်မြန်စွာ ကားတံခါးကို ဖွင့်လိုက်သည်။ ယာဉ်မောင်းရဲဘော်၏ ရုပ်အလောင်းသည် အပြင်ဘက် သို့ လျှော့ထွက်ကျသွားစဉ် ခရိတ်က ယာဉ်မောင်းနေရာသို့ ၀င်ထိုင်ပြီး လီဗာခလုတ် ကို တအား နင်းလိုက်သည်။ စစ်ကားကြီးလည်း ရှေ့သို့ တိုးထွက်သွားလေသည်။
ခရိတ် ၏ ဘေးနားရှိ ရဲဘော်လွတ်ကောက်သည် ရှေ့မှန်းကွဲသွားသည့်နေရာမှ သူ၏ အေကေ၄၇ ရိုင်ဖယ် သေနတ်ဖြင့် ရန်သူစစ်သားများအား ဆက်တိုက် ပစ်ခတ်လေသည်။
ကား ခေါင်းမိုးပေါ် မှ စက်သေနတ်ကလည်း အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။

ထိုအခိုက် ခရိတ်သည် တစ်စုံတစ်ခုကို မြင်မိလေသည်။
စခန်းအပြင်ဘက် တောင်ကုန်းရှိ သဲအိတ်များစီထားသော ရန်သူစက်သေနတ်ရှိရာ နေရာမှ နာနတ်သီး အရွယ်ပမာဏရှိ  အနက်ရောင် ပစ္စည်းတစ်ခု လွင့်ထွက်လာလေသည်။ ယင်းပစ္စည်း၏ နောက်မြီးတွင်လည်း မီးတောက်မီးလုံးလိုလို ဖြစ်ပေါ်လျက်ရှိသည်။
ခရိတ်သည် ဘာပစ္စည်းဖြစ်ကြောင်း ချက်ချင်းရိပ်မိလေသည်။

ဆက်ရန်
.

No comments: