အခန်း (၃၉)
ကောင်းကင်တွင် လရောင်အသင့်အတင့်ရှိနေသဖြင့် ခရိတ်နှင့် တွန်ဂါတာတို့ သည် အခက်အခဲမရှိဘဲ အဘိုးကြီး ဗူဆန်မန်ဇီ၏ ကျေးရွာသို့ လျှောက်သွားနိုင်ကြလေသည်။ သူတို့သည် အဘိုးကြီး ရုတ်တရက် လန့်မသွားစေရန် အထူးသတိထား၍ ရွာသို့ ချဉ်းကပ်သွားကြလေသည်။
ရွာသို့သွားရာ၌ တောင်ပေါ်ဒေသရှိ လူသွားလမ်းကလေးတစ်ခုမှ ဖြတ်သွားရ လေရာ တစ်နေရာတွင် ခွေးတစ်ကောင်က သူတို့အား ဟောင်လိုက်လေသည်။ သို့သော် ခရိတ်က တွန်ဂါတာတို့က လျက်မြန်စွာ သုတ်ခြေတင် သွားသဖြင့် ခွေးသည် ဝေးကွာကျန်ရစ်ခဲ့လေသည်။
နံနက်မိုးလင်းသည့်တိုင်အောင် သူတို့သည် လူသွားလမ်းတွင်ပင် ရှိနေကြ သေးသည်။
လမ်း၌ သူတို့ နှစ်ကြိမ်ကြိမ်တိုင်တိုင် လမ်းဘေးချုံပုတ်များအကြား ၀င်၍ ပုန်းနေခဲ့လေသည်။
တကြိမ်တွင် သူတို့သည် ရှိုနာစစ်သား ကင်းလှည့်တပ်ဖွဲ့တဖွဲ့နှင့် ပက်ပင်း တိုးတော့မလို ဖြစ်သွားခဲ့သည်။ ရှေ့မှ သွားနေသူ တွန်ဂါတာက ရန်သူစစ်သားများအား ကြိုတင်မြင်ပြီး ခရိတ်အား လက်ဖြင့် အချက်ပြ သတိပေး လိုက်၍ သာ နှစ်ယောက်သား အချိန်မီ ဝင်ပုန်းနေနိုင်ခြင်း ဖြစ်လေသည်။ သူတို့သည် မြက်ပင်ရှည်ကြီး များ အကြား ဝင်ပုန်းနေလိုက်ကြသည်။ ရှိုနာ စစ်သားများဖြတ်၍ သွားသည်အထိ ပုန်းနေစဉ် ခရိတ်သည် အထူးပင် သည်းထိတ်ရင်ဖိုဖြစ်နေမိသည်။
ကျုပ်က အသက်နည်းနည်း ရလာလို့လားမပြောတတ်ဘူး အခုလို အချိန်မျိုးမှာ တုန်လှုပ်ချောက်ချားမိတယ် ဟု ပြန်ပြောလေသည်။
ကျုပ်လည်း ပဲ မထူးပါဘူး ခင်ဗျားလိုပဲ စိတ်ထဲက ချောက်ချားမိတယ် ဟု ပြန်ပြောလေသည်။
ဒုတိယအကြိမ် ဝင်ပုန်းကြပုံက ကောင်းကင်မှ ရဟတ်ယာဉ် တစင်း၏ ပန်ကာဒလက် များ အသံကို ကြားလိုက် ရ၍ ဖြစ်သည်။ ရန်သူဘက်မှ ကင်းထောက်ရဟတ်ယာဉ် မှန်းသိသဖြင့် သူတို့သည် လျင်မြန်စွာ လမ်းဘေး ရှိ ချုံနွယ်ပိတ်ပေါင်း များအကြား တိုးဝင်ကာ ပုန်းနေလိုက်ရသည်။ သူတို့အပေါ်မှ ရဟတ်ယာဉ် ဖြတ်သန်းပျံသွားသည်ကို လှမ်းကြည့်လိုက်သောအခါ ရဟတ်ယာဉ်ပေါ်၌ စက်သေနတ်သမား တစ်ဦးပါလာ သည်ကို မြင်ရလေသည်။
သို့သော် ရဟတ်ယာဉ်က သူတို့အား မမြင်ဘဲ ဆက်လက် ပျံသန်း သွားလေသည်။
ခရိတ် နှင့် တွန်ဂါတာ တို့သည် ရွာကို ကွေ့ရှောင်ပြီး တောလမ်းအတိုင်း ဆက်လျှောက်သွားကြရာ ခရီးက အတော်ပင် ဝေးသဖြင့် မွန်းတည့်ချိန်ကျော်ပြီး နေစောင်းတော့မှ သာ စက်ဆနာလေယာဉ်ပျက် ဝှက်ထားရာ နေရာသို့ ရောက်သွားကြလေသည်။
သူတို့ ဖုံးကွယ်ထားသော လေယာဉ်ပျက်ကို အခြားသူ တစ်စုံတစ်ယောက် တေ့ရှိသွားခဲ့လေသလော ဟု သေချာစွာ ဂရုစိုက် စ်စ်ဆေး ကြည့်ရှု့ ကြလေသည်။ ရန်သူ ဘက်က တွေ့သွားပြီး ယခု မိမိတို့အလာကို ကင်းပုန်းဝပ်၍ စောင့်နေသလော ဟူ၍ လည်း ရန်သူ၏ အရိပ်အယောင်ကို သေချာစွာ ရှာဖွေ ကြည့်ကြ သည်။
သေချာတော့မှ သူတို့သည် လေယဉ်အနီးသို့ ချဉ်းကပ်သွားကြပြီး အနီးကပ် လေ့လာကြည့်သောအခါ မည်သူမှ တွေ့ရှိပုံမရဘဲ မူလအတိုင်း လက်ရာမပျက် ရှိနေကြောင်း တွေ့ရလေသည်။
တွန်ဂါတာ က အေကေ ၄၇ ရိုင်ဖယ် သေနတ်ဖြင့် ကင်းစောင့် ပေးနေစဉ် ခရိတ်သည် လေယာဉ်ပေါ်သို့ တက်၍ သူအလိုရှိသော ပစ္စည်းကို ဖြုတ်ယူလေသည်။
ဆယ်လီ ပြောပြလိုက်သည့်အတိုင်း လိုက်ဖ်ဂျက်ကက်ကို ပေါ်နေစေရန် လေမှုတ်သွင်း နိုင်သည့် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ဆေးတောင့်များလည်း ပါသည့်ပြင် ဘက်ထရီ ဓါတ်ခဲသုံး မီးလုံးတခုစီ ဝတ်စုံ ၏ ရင်ဘတ်နေရာတွင် ပါရှိလေသည်။
ထို့ပြင် ယင်းလိုက်ဖ် ဂျက်ကက်ဝတ်စုံမှာ ချို့ယွင်း သွားပါက ပြင်ဆင်ပြုပြင်ရန်လိုအပ်သော ကရိယာ (ကတ်ကြေး ပလာစတာ စသည်တို့) ပါသည့် သေတ္တာငယ် တခုကိုလည်း ပိုင်းလော့ (လေယာဉ်မှုး) ထိုင်ခုံအောက် တွင် တွေ့ရလေသည်။ သံမဏိ ဖြင့် ပြုလုပ်ထားသော အောက်ဆီဂျင် ဓါတ်ဗူး များသည် ခရီးသည် ထိုင်ခုံများ၏ အနောက်ဘက် လေယာဉ် နံရံတွင် ဝက်အူဖြင့် စုပ်၍ တပ်ဆင်ထားလေသည်။ စုစုပေါင်း သုံူးဘူးတွေ့ရပြီး တစ်ဘူးလျှင် အရွယ် ပမာဏ အားဖြင့် သုံးလီတာခန့် ရှိသည်။
ယင်းနှင့် တွဲဖက်သုံးသည့် ဓါတ်ငွေ့ကာ မျက်နှာဖုံးများလည်း တွေ့ရသည်။ ထိုပြင် အသုံးပြုသူက ရှူထုတ်လိုက်သော ကာဗွန် ဒိုင်အောက်ဆိုဒ် အဆိပ်ငွေ့များကို ပြန်လည် သန့်စင်၍ အောက်ဆီဂျင် အဖြစ် သို့ ရောက်အောင် ပြုပြင်ပြောင်းလဲပေးသည့် ကိရိယာလည်း ပါရှိလေသည်။
ခရိတ်သည် ထိုပစ္စည်း များကို အထူးသတိထားလျက် ဖြုတ်ယူလိုက်သည်။ ထို့နောက် ထိုင်ခုံများပေါ်တွင် ဖုံးအုပ်ထားသော ထိုင်ခုံအစွပ်များကို ဖြုတ်ယူ၍ ပစ္စည်းများ ထုပ်ယူလိုက်ရာ ပစ္စည်းကိုရိယာ အတော် များသဖြင့် အထုပ် နှစ်ထုပ်ဖြစ်အောင် ထုပ်ပိုးလိုက်ရသည်။
အားလုံးပြီးစီးသော အခါ လေယာဉ် ပျက်ပေါ်မှ ပြန်ဆင်း၍ ခပ်လှမ်းလှမ်း ရှိ တောင်ကမူထိပ်တွင် ကင်းစောင့် နေသူ တွန်ဂါတာအား လေချွန်၍ ပြန်ခေါ်ယူလိုက်သည်။
အချိန်မှာ ညနေစောင်း၍ မှောင်စပြုနေပြီ ဖြစ်သည်။ နှစ်ယောက်သား ပြန်ထွက်လာကြသောအခါ မြေကြီးပေါ် တွင် ထင်ကျန်ရစ်သော သူတို့၏ ခြေရာများကို ကြိုးစား၍ ဖျောက်ဖျက်ပစ် လိုက်ကြလေသည်။
ထို့နောက် နှစ်ယောက်သား ခပ်သုတ်သုတ် လျှောက်ထွက်ခဲ့ကြရာ လမ်းတွင် လုံးဝ မရပ်နားဘဲ ဆက်လျှောက် သွားကြသဖြင့် နံနက် အရုဏ်တက်ချိန်တွင် တောင်ပေါ်ဒေသရှိ ဂူကြီးသို့ ပြန်ရောက် သွားကြလေသည်။
ဆယ်လီ သည် ခရိတ်ကို မြင်လျှင် ဘာမှမပြောဘဲ ပြေးလာပြီး ခရိတ်၏ ရင်ခွင်တွင် ဦးခေါင်းကို မှီထား လိုက်သည်။
ဆာရာ ကတော့ မာတာဘယ်လီတို့၏ ဓလေ့ထုံးစံအတိုင်း တွန်ဂါတာ အား အရိုအသေ ပြုလိုက်ပြီး နောက် ဘီယာ အိုးတစ်လုံးကို ယူလာပေးလေသည်။
တွန်ဂါတာ က အမောပြေ ဘီယာသောက်လိုက်ပြီးမှ ဆာရာသည် ဒူးတုပ်ထိုင်လိုက်သည်။
အို --အရှင်သခင် အရှင်၏ မျက်နှာကို မြင်ရ၍ အလွန်ဝမ်းမြောက်ပါ၏။ ဝမ်းသာလွန်း၍ မျက်ရည်ကျမိပါတော့သည်။
ရှိုနာ လူမျိုးတပ်ကြပ်ကြီးသည် လုံးဝမနားဘဲခြေကျင်ကင်းလှည့်နေခဲ့ရသည်မှာ အချိန်သုံးဆယ့် သုံးနာရီ ခန့်ရှိပြီ ဖြစ်သည်။
ယမန်နေ့ နံနက်က သူတို့ အဖွဲ့သည် အကျဉ်းစခန်းမှ ထွက်ပြေးသွားသူ အကျဉ်းသားတစ်စု နှင့် ပက်ပင်းတိုးရာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ သို့သော် မာတာဘယ်လီ အကျဉ်းသားများအုပ်စု က သုံးမိနစ်ခန့်သာ ခုခံပစ်ခတ်ပြီးနောက် လူစုခွဲကာ တိမ်းရှောင်သွားကြလေသည်။
တပ်ကြပ်ကြီးသည် စစ်သည် ငါးဦးနှင့် အတူ အကျဉ်းသား အုပ်စုတစ်စုနောက်သို့ လိုက်သွားခဲ့သည်။ သို့ရာတွင် ဇမ်ဘေဇီ မြစ်ဝှမ်းဒေသ ရောက်သောအခါ အကျဉ်းသားအုပ်စုအား မျက်ခြည် ပြတ်သွားလေသည်။
ယခုတော့ ရှိုနာ တပ်ကြပ်ကြီး သည် သူ၏ စစ်သည်များကိုပါ ခေါ်၍ လှည့်ပြန်လာလေသည်။ ရိက္ခာများ ပြန်လည် ဖြည့်တင်းရန်နှင့် အထက်မှ နောက်ထပ် ညွှန့်ကြားချက်အမိန့်ကို နာခံရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။
လုံးဝ မနားရဘဲ တောက်လျှောက်သွားလာ လှုပ်ရှားခဲ့ရသော်လည်း တပ်ကြပ်ဘကီးသည် ပင်ပန်းနွမ်းနယ် ပုံမရ ဖျတ်လတ် လန်းဆန်းလျှက်ပင် ရှိပုံရသည်။ လမ်းလျှောက် ရာ ၌ ခြေလှမ်း သွက်လက်လျှက် ပင်ရှိနေသည်။
ယင်းသို့သွာားနေရင်း တပ်ကြပ်ကြီးသဘည် ရုတ်တရက် ရပ်လိုက်ပြီး သူ၏လူများအား လက်ဖြင့် အချက်ပြလိုက်သည်။ သူသည် အေကေ ၄၇ ရိုင်ဖယ်ကို ပစ်ရန် အသင့် ပြင်ထားလိုက်ပြီး မြေပြင်တွင် ဒူးထောက်ချ လိုက်သည် သူ၏ လူများသည်လည်း အန္တ၇ယ် တစ်စုံတရာ ရှိပြီ ဟု သိသဖြင့် လျှင်မြန်စွာ ဝဲယာ ဖြန့်လျှက် နေရာယူထားလိုက်ကြသည်။ ထိုနေရာ ၌ မြက်ပင်ရှည် ကြီးများ ရှိရာ သူတို့သည် မြက်ပင်များ အကြား ၀ပ်လျက် အခြေအနေကို သတိထားကြည့်နေလိုက်ကြသည်။
တပ်ကြပ်ကြီးကမူ သူစောစောက မြင်လိုက်သော မင်္သကာဖွယ်ရာကို ဆက်လက်၍ စောင့်ကြည့် နေလေသည်။
ထိုမင်္သကာဖွယ်ရာမှာ သူတို့နှင့် မျက်နှာချင်းဆိုင်ဘက်ရှိ မြက်ပင်ရှည်ကြီးများ ပုံသဏ္ဍာန်အနေအထား ပျက်နေခြင်း ပင်ဖြစ်သည်။ လူတစ်ယောက်ဝပ်နေရာမှ ထသွားသည့် ပုံမျိုးဖြစ်သည်။ ချုံခို တိုက်ရန် ၀ပ်စောင့် နေသူတစ်ယောက်ယောက် ရှိသည့်ဟန်မျိုးဖြစ်သည်။
တပ်ကြပ်ကြီးသည် နှစ်မိနစ်ခန့် ငြိမ်သက်စွာ စောင့်ကြည့်လေသည်။
တစ်ဖက် မှ လှုပ်ရှားမှု ပစ်ခတ်မှု လုံးဝမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတော့မှ တပ်ကြပ်ကြီးသည် ရှေ့သို့ ခြေလှမ်း တိုးသွားပြီးမြေပြင်တွင် ၀ပ်နေလိုက်ပြန် သည်။
နောက်ထပ် နှစ်မိနစ်ခန့် လှုပ်ရှားမှု အရိပ်အယောင်မရှိသဖြင့် တပ်ကြပ်ကြီး သည် မတ်တပ်ထလိုက်ပြီး သတိရှိစွာဖြင့် စောစောက ပုံပျက်နေသော မြက်ပင်ရှည်ကြီးများရှိရာသို့ သွားကြည့်လေသည်။ မြက်ပင်များ၏ အနေအထားကို လေ့လာကြည့်သောအခါ မကြာသေးမီက လူတစ်စု ထိုနေရာတွင် ခိုအောင်းသွားခဲ့ကြောင်း သိသာထင်ရှားပေသည်။
တပ်ကြပ်ကြီးသည် သူ၏ စစ်သည်များကို ခေါ်လျက် ထိုနေရာမှ ရန်သူထွက်သွား သည့် ခြေရာများကို ကြည့်ကာ လိုက်သွားလေသည်။
သူတို့ထဲတွင် ခြေရာခံကျွမ်းကျင်သူ တစ်ဦးပါလေရာ ထိုသူသည် ရှေ့ဆုံးမှ သွားရင်း မိနစ် အနည်းငယ် အတွင်း မှာပင် ပြန်၍ သတင်းပို့လေသည်။
ဆရာလူနှစ်ယောက် လျှောက်သွားတာ သေချာတယ်။ လူတစ်ယောက်က လက်ဝဲဘက် ခြေထောက် နည်းနည်း ဆာသလို ခြေလှမ်း လှမ်းသွားတယ်။ သူတို့ဟာ မြစ်ဝှမ်းဘက်ကို ဦးတည်သွားနေကြတယ်။
ပြောရင်း ထိုသူသည် ခြေရာတစ်ဖက်ကို လက်ဖြင့် ဖော်ကြည့်ပြန်သည်။
ဒီလူနှစ်ယောက် လျှောက်သွားတာ အချိန်ခြောက်နာရီက ရှစ်နာရီလောက်ကြာ သွားပြီဆရာ။ သူတို့က သွားတာကလည်း ညအချိန်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဆုံးဖြတ်ချက်ချလိုက်သည်။
ကောင်းပြီ ဒီလူတွေ ဘယ်ကိုသွားတယ်ဆိုတာ ငါတို့မသိရင် သူတို့ဘယ်ကလာ တယ်ဆိုတာ သိအောင် လုပ်မယ်။ မင်းက သူတို့ခြေရာတွေ ပြန်ကြည့်ပြီး ဘယ်ကလာတယ်ဆို သိရအောင် နောက်ပြန် ခြေရာ ခံစမ်း။
နောက် သုံးနာရီ ကြာသောအခါ ရှိုနာတပ်ကြပ်ကြီးသည် စက်ဆနာ လေယာဉ်ပျက် ၀ှက်ထားရာ နေရာသို့ ရောက်သွား လေသည်။
ဆက်ရန်
.
1 comment:
Thanks.
Ray
Post a Comment