Friday, October 29, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၉) အဆက် (၃)

စကားပြန်လုပ်သူလည်း အသံကိုမြှင့်၍ ကြိုးစားပြောလေသည်။
သို့ရာတွင် သူ၏ စကားမဆုံးသေးမီ အဘိုးကြီးဗူဆာမန်ဇီက အော်ပြောလိုက်သံသည် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။
" သင်တို့ထဲမှ မည်သူမဆို ရှိုနာတိရစ္ဆာန်ကောင်အား စကားပြောဆိုမည်ဆိုပါက ထိုလူအား ငါသည် ကျိန်ဆဲ ပါ၏။ သင်တို့အားလုံး ဆိတ်ဆိတ်နေကြရန် ငါအမိန့်ပေး၏။ ငါ့အား မည်သို့ပင် ပြုလုပ်စေကာမူ လုံးဝ စကားမပြော ကြရန် ငါသတိပေး၏။ ငါ၏ အမိန့်ကို လွန်ဆန်ဖောက်ဖျက်သူသည် ကျိန်စာသင့်ပါအံ့။ ဤကား ရေ တို့ကို လွမ်းမိုးနိုင်သော ငါ၏ တင်းကျပ်သော အမိန့်ပင် ဖြစ်၏။"

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် မျက်နှာထား တင်းမာလာကာ သူ၏ စစ်သည်များဘက်သို့ လှမ်း၍ ...
" ဟေ့ ... စလုပ်ကြတော့ " ဟု အမိန့်ပေးလိုက်သည်။
ရှိုနာလူမျိး တပ်ကြပ်ကြီးသည် အသင့်ကိုင်ထားသော ကြိုးစတစ်ဖက်ကို ခပ်တင်းတင်းဆွဲလိုက်ရာ ကြိုးကွင်း က အဘိုးကြီး၏ လည်ပင်းတွင် ညှပ်လိုက်သလို တင်းကျပ်လာကာ အဘိုးကြီးသည် မြေကြီးနျင့် ခြေနှစ်ဖက် ထောက်မိရုံ ဖြစ်သွားလေသည်။

နောက်ထပ်ကြိုးစကို ဆွဲလိုက်လျှင် အဘိုးကြီးသည် အပေါ်သို့ မြှောက်တက်သွားကာ သေဆုံးရတော့ မည်ဖြစ်သည်။
" ဟေ့ ... တော်တော့ ရပ်လိုက်ဦး "
ဖွန်ဂါဘီရာ က အမိန့်ပေးလိုက်သဖြင့် တပ်ကြပ်ကြီးက ကြိုးစတစ်ဖက်ကို ချည်နှောင်ထားလိုက်သည်။
ဖွန်ဂါဘီရာ သည် စကားပြန် အကျဉ်းသားအား အမိန့်ပေးလိုက်ပြန်သည်။

" လူတွေကိုပြောလိုက် အခုအချိန်မှာ သူတို့က ရှေ့ကို ထွက်လာပြီး ငါမေးတာကို ပြောဖို့ အချိန်ရှိသေးတယ်လို့ ပြောလိုက် "
စကားပြန်လည်း အမျိုးသမီးများ ရပ်နေရာသို့ လျှောက်သွားကာ တစ်ဦးချင်း ဖျောင်းဖျ ပြောဆိုကြည့် လေ သည်။
သို့ရာတွင် အဘိုးကြီးရဲ့ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးလိုက်စမ်း "

ဖွန်ဂါဘီရာ က အမိန့်ပေးလိုက်သည်တွင် ရှိုနာတပ်ကြပ်ကြီးသည် သူ၏ ရိုင်ဖယ်သေနတ်ဒင်ဖြင့် အဘိုးကြီး၏ ခြေတစ်ဖက် ကို အကြိမ်ကြိမ် ရိုက်ချိုးလိုက်သည်။ တအား လွှဲရိုက်ခြင်းဖြစ်၍ အဘိုးကြီး၏ ခြေထောက်မှ အရိုးများ ကျိုးသည့် အသံကိုပင် ကြားနေရလေရာ အမျိုးသမီးအချို့က ဟစ်အော်ငိုကြွေး ကြလေသည်။
သို့သော် ဖွန်ဂါဘီရာက လူလေးယောက် ပုန်းအောင်းနေသော နေရာကို ပြောရန် ထပ်မံမေး၍ အမျိုးသမီး များက မပြောဘဲ နေကြပြန်သဖြင့် သူ၏တပ်ကြပ်ကြီးအား အဘိုးကြီး၏ နောက်ခြေတစ်ဖက်ကို ရိုက်ချိုး ခိုင်းလိုက် ပြန်သည်။

အဘိုးကြီး ဗူဆာမန်ဇီသည် မခံမရပ်နိုင်အောင် ပြင်းစွာနာကျင်ခြင်း ဝေဒနာကို ခံစားနေရသဖြင့် ရှုံ့မဲ့ နေရှာ လေသည်။ ခြေနှစ်ဖက်လုံး ကျိုးနေပြီဖြစ်၍ ခန္ဓာကိုယ်ကို ခြေထောက်များက ထောက်ကူ၍ မထားနိုင် သောကြောင့် လည်ပင်းမှ ကြိုးကွင်းသည် တင်းသည်ထက် တင်းကျပ်လာပြီဖြစ်သည်။

အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး (အဘိုးကြီး၏ အကြီးဆုံး ဇနီး) သည် အမျိုးသမီးများမှ ထွက်လာကာ ဗူဆာမန်ဇီရိုရာသို့ ပြေးဝင်လာလေသည်။ စစ်သားများက ဟန့်တားမည်ပြုသောအခါ ဗိုလ်ချုပ် ဖွန်ဂါဘီရာက -
" ဟေ့ ... နေပါစေ၊ မင်းတို့ဘာသာ ကြည့်နေလိုက် " ဟု အမိန့်ပေးလိုက်သည်။

" မာတာဘယ်လီ ကြက်ဖအိုကြီး သေခါနီးမှာ သူ့ကြက်မကြီးက လာပြီး အလွမ်းသယ်တာကို မင်းတို့ ကြည့်ကြ ပေတော့။ ဟား ... ဟား "
ဖွန်ဂါဘီရာ က ရယ်လျက်ပြောရာ ရှိုနာစစ်သားများလည်း ၀ိုင်း၍ ရယ်မောကြလေသည်။

သို့ရာတွင် မကြာပါချေ။ အဘိုးကြီး ဗူဆာမန်ဇီသည် လည်ပင်း၌ စွပ်ထာ်းသော ကြိုးကွင်းတင်းသည်ထက် တင်း လာပြီးနောက် အသက်ပျောက် သွားရှာလေတော့သည်။
ဖွန်ဂါဘီရာသည် ရုရှဗိုလ်မှူးကြီးရှိရာသို့ ပြန်လျှောက်လာရာ ဘူခါရင်က စီးကရက်တစ်လိပ်ကို မီးညှိရင်း အထင်မကြီး သလို ဟန်မျိုးဖြင့် -
" ခင်ဗျားရဲ့ နည်းက အလွန် အဆင့်အတန်း နိမ့်တယ်။ ဘာမှလည်း မထိရောက်ဘူး "ဟု ဝေဖန်လိုက်သည်။

" ထိရောက်တာတော့ သေချာပါတယ်ဗျ။ အမျိုးသမိးတွေရဲ့ မျက်နှာကိုပဲ ကြည့်ပေတော့ "
ဖွန်ဂါဘီရာ က ပြန်ပြောပြီးနောက် စကားပြန်အား -
" နိုင်ငံတော်ရဲ့ ရန်သူတွေ ဘယ်မှာပုန်းနေတယ်ဆိုတာ ပြောပြဖို့ ထပ်မေးလိုက်စမ်း " ဟု အမိန့်ပေး လိုက်ပြန် သည်။

စကားပြန်က ဘာသာပြန်ပြော၍ မဆုံးမီ မာတာဘယ်လီ အမျိုးသမီးကြီးသည် ဖွန်ဂါဘီရာရှိရာသို့ ပြေးလာပြီး မျက်နှာချင်းဆိုင်လိုက်သည်။
" ကျုပ်တို့ရဲ့ သခင်ကြီးဟာ ရှင်တို့မေးတာကို လုံးဝမဖြေဘဲ အသေခံသွားပြီ မဟုတ်လား။ သူက ကျုပ်တို့ကို လည်း အမိန့်ပေးလိုက်ပြီဖြစ်တယ် "
အဘွားကြီးက ရန်တွေ့သလို ပြောလေရာ ဖါန်ဂါဘီရာသည် အဘွားကြီး၏ ရင်ဘတ်သို့ သူ၏ လက်ကိုင် တုတ်ဖြင့် ခပ်ကြမ်းကြမ်း ထိုးလိုက်သည်။
အဘွားကြီးသည် ပုံလျက်သား လဲကျသွားရှာလေသည်။

ထို့နောက် ဖွန်ဂါဘီရာသည် အသက်အငယ်ဆုံး ကလေးမိခင်တစ်ဦးဆီသို့ လျှောက်သွားပြီး သူ၏လက်မှ ကလေးငယ် ကို အတင်းဆွဲယူလိုက်သည်။
ကလေးက ယောက်ျားကလေးဖြစ်ပြီး မိခင်နို့စို့နေရာမှ ဆွဲယူခံလိုက်ရသဖြင့် အော်ငိုလေတော့သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကလေးငယ်အား ခြေထောက်မှကိုင်ကာ ဇောက်ထိုးဆွဲ၍ အသင့်ရှိနေသော မီးဖိုပေါ် တွင် မြှောက်ကိုင်ထားလိုက်သည်။

" နိုင်ငံတော်ရဲ့ ရန်သူတွေ ဘယ်မှာလဲဆိုတာ မေးစမ်း "
ဖွန်ဂါဘီရာက စကားပြန်မှတစ်ဆင့် မေးလိုက်သည်။
" အမျိုးသမီး က သူမသိဘူးလို့ ပြောပါတယ် ဗိုလ်ချုပ် "
စကားပြန်က အမျိုးသမီး၏ အဖြေကို ဘာသာပြန်ပြောရာ ဖါန်ဂါဘီရာလည်း ကလေးငယ်ကို မီးဖိုရှိ မီးတောက် မီးလျှံ များအနီးသို့ နှိမ့်ချလိုက်သည်။

စင်စစ်အားဖြင့် ဖါန်ဂါဘီရာသည် မိခင်တို့က မိမိရင်၌ဖြစ်သော ရင်သွေးငယ်အပေါ်ထားရှိသည့် ကြီးမားသော မေတ္တာတရားကိုသိသဖြင့် အသုံးချလိုက်ခြင်းဖြစ်လေသည်။
ကလေးငယ်အား ဇောက်ထိုးဆွဲလျက် တဖြည်းဖြည်း မီးပုံပေါ်သို့ နှိပ်ချရာမှ စကားပြန်အား အမိန့်ပေး လိုက်ပြန် သည်။

" ဟေ့ ... သူ့ကို ပြောလိုက်စမ်း၊ ငါက ဒီကောင်လေးကို အရှင်လတ်လတ် မီးကင်လိုက်ပြီး အဲဒီကလေးရဲ့ အသားကို သူကိုယ်တိုင် အတင်းစားစေမယ်လို့ ပြောလိုက် "
မိန်းကလေးသည် သူ၏သားငယ်ကို ပြန်လုယူရန် ကြိုးစားရှာလေသည်။ သို့သော် ဖွန်ဂါဘီရာက လက်လှမ်း မမီသည့် နေရာသို့ ပြောင်းရွှေ့ကိုင်လိုက်သည်။

နောက်ဆုံးတွင် မိခင်သည် မိမိသားငယ်ကလေးဖြစ်အင်ကို မကြည့်ရက်တော့ချေ။
" လူလေးယောက် ပုန်းနေတဲ့နေရာကို လိုက်ပြပါတော့မယ်တဲ့ ဗိုလ်ချုပ် "
စကားပြန် က ပြန်ပြောလိုက်တော့မှ ဖွန်ဂါဘီရာသည် ကလေးငယ်အား မိခင်လက်သို့ ပြန်ပစ်ပေးလိုက် လေသည်။
------------------------------


အခန်း (၄၀)

ခရိတ်သည် ရေအောက် ပေလေးဆယ်ခန့်အနက်တွင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ရေပေါ်သို့ ပြန်တက်မသွားစေရန် ကျောက်တုံးတစ်တုံးနှင့် ခိုင်မြဲစွာချည်နှောင်ထားလေသည်။
သူသည် လက်နှိပ်ဓာတ်မီး၏ မှုန်ဝါးဝါးအလင်းရောင်နှင့်ပင် သင်္ချိုင်းဂူ၏ အနေအထားကို လေ့လာ စစ်ဆေးကြည့် နေသည်။ အင်္ဂတေကိုင်ထားသော အုတ်ဂူ၌ အလွယ်တကူ ဖောက်ဝင်နိုင်မည့် နေရာ ကိုလည်း စမ်းသပ်ရှာဖွေလျက်ရှိသည်။

ခိုင်ခံ့သော အုတ်နံရံတစ်ခုသဖွယ် ဖြစ်နေသည့် သင်္ချိုင်းဂူ၏ အောက်ခြေတွင်ကား ထုံးကျောက်ကြီးများ အလွန် စိပ်စိပ် စီချထားသည်ကို သတိပြုမိလေသည်။
ဤဂူကို ပိတ်ဆို့ခဲ့သူ မှော်ဆရာကြီးနှင့်အဖွဲ့သည် အကြီးဆုံးကျောက်တုံးများကို ရွေးချယ်အသုံးပြုခဲ့ပုံ ရသော် လည်း အချို့ ကျောက်တုံးများက ခပ်ငယ်ငယ် ဖြစ်နေသည်ကို တွေ့ရလေသည်။
ရေအောက် ထဲ ကျောက်တုံးကြီးကြီး လိုသလောက်ရှာမရသဖြင့် ရရာကျောက်တုံးငယ်များကိုယူ၍ ပိတ်ဆို့ ခဲ့ဟန် တူပေသည်။ သို့သော် အသေးဆုံး ကျောက်တုံးက လူတစ်ယောက်၏ ဦးခေါင်းပမာဏခန့် ရှိလေ သည်။

ခရိတ်သည် အငယ်ဆုံး ကျောက်တုံးတစ်တုံးကို လက်ဖြင့် တွန်းဖယ်ပစ်ရန် ကြိုးစားကြည့်လေသည်။ သူ၏ လက်များ မှာ ရေထဲ ကြာရှည်နေရန် အလွန်နုနယ်နေလေရာ ကျောက်တုံးနှင့် ခိုက်မိပြီး ပွန်းရှလျက် သွေးစ အနည်းငယ် ထွက်လာလေသည်။

သို့သော် ရေထဲ ကြာရှည်နေရသဖြင့် ထုံကျဉ်နေသောကြောင့်ပဲလား မပြောတတ်။ နာကျင်ခြင်းဝေဒနာ မခံစားရချေ။
ထို့ကြောင့် ဆက်လက်ပြီး ကျောက်တုံးကို ကြိုးစားတွန်းဖယ်ကြည့်ရာ သူ၏ လက်မှ သွေးထွက်၍ ရေများ နီရဲနေရာမှ ရုတ်တရက် အရောင်အဆင်း ပြောင်းလာလေသည်။ မြေမှုန်များကြောင့် ပိတ်မှောင် လာလေ သည်။

ထိုအတောအတွင်း သူရှူရှိုက်နေသော အောက်ဆီဂျင်ဓာတ်က တစ်မျိုးဖြစ်လာသည်။ ဓာတ်ပြု ပြောင်းလဲ လာပုံ ရသည်။ ချောင်းဆိုးချင်လာသော်လည်း ချောင်းမဆိုးရဲဘဲ ချုပ်ထိန်းထားရသည်။ ချောင်းဆိုးလိုက်ပါက သူ၏ မျက်နှာတွင် တပ်ဆင်ထားသော ခေါင်းဆောင်းကိရိယာ ပြုတ်ထွက်သွားနိုင်သည့် အန္တရာယ် ရှိသောကြောင့် ပင် ဖြစ်သည်။
အရေးထဲ ရေက အလွန်အေးမြနေရာ ခိုက်ခိုက်တုန်အောင် ချမ်းနေပြန်သည်။ ထို့ပြင် ဤအတိုင်း ကြာရှည်ဆက်နေပါက အောက်ဆီဂျင်က အဆိပ်ဓာတ်ငွေ့ အဖြစ် ဓာတ်ပြုပြောင်းလဲသွားနိုင်သည့် အန္တရာယ် လည်း စိုးရိမ်ရပေသည်။

သို့ဖြစ်လင့်ကစား ခရိတ်သည် စိတ်ကို တအားတင်း၍ သင်္ချိုင်းဂူတွင်းသို့ ၀င်နိုင်အောင် ကျောက်တုံး များကို ကြိုးစား ဖယ်ရှား နေလေသည်။
ထိုအချိန်၌ သူ၏ စိတ်ထဲမှ အဘိုးကြီး ဗူဆာမန်ဇီ၏ ဘိုးဘေးဘီဘင်များအား ဤမျှ ခက်ခက်ခဲခဲ သင်္ချိုင်းဂူကို ပိတ်ဆို့ထားရကောင်းလားဟု ကျိန်ဆဲနေမိသည်။
နာရီဝက်ခန့် ကြိုးစားလိုက်သောအခါ သင်္ချိုင်းဂူကို ပိတ်ဆို့ထားသည့် နံရံမှ ကျောက်တုံး အတော်များများ ဖယ်ရှားပြီးစီး သွားလျက် လူတစ်ယောက် ကျဉ်းကျသ်းကျပ်ကျပ် ၀င်သာရုံ အပေါက်တစ်ခု ဖြစ်လာလေ သည်။ သို့သော် ကျောက်တုံးများစီ၍ ပြုလုပ်ထားသည့် ဂူနံရံက ထုထည်မည်မျှရှိကြောင်းကို တိကျစွာ ခန့်မှန်း ၍ မရသေးချေ။

ခရိတ်သည် ကြာကြာဆက်၍ ရေအောက်ထဲ မနေနိုင်တော့သဖြင့် ခေတ္တအပန်းဖြေရန် ဆုံးဖြတ်ကာ သူ၏ ကိုယ်နှင့် ဆွဲချည်ထားသော ကျောက်တုံးကို ကြိုးဖြုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်လည်း လျင်မြန်စွာ ရေမျက်နှာပြင် သို့ တက်သွားလေသည်။

အပေါ်သို့ ရောက်သည်နှင့် အသင့်စောင့်နေသူ တွန်ဂါတာက ခရိတ်အား ကူညီတွဲခေါ်လေသည်။ တွဲမခေါ်၍ လည်း မဖြစ်တော့၊ ခရိတ်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ရေအောက်ထဲ ကောင်းစွာ အသက်မရှူ ရသဖြင့် အားအင်ချည့်နဲ့နေသည့် အပြင် သူ၏ ကျောတွင် ပိုးလွယ်ထားသော ပစ္စည်းကိရိယာ၏ အလေးချိန် က ပင်ပန်းစေလေသည်။
တွန်ဂါတာသည် ခရိတ်၏ မျက်နှာတွင် စွပ်ထားသော ဦးခေါင်းဆောင်း (သဲခမောက်)ကို ဖြုတ်ပေးလိုက် သည်။ ဆာရာ ကလည်း လက်ဖက်ရည်အကြမ်းပူပူ ခပ်ကျကျ တစ်ခွက်ကို ခရိတ်အား တိုက်လေသည်။

ဆယ်လီ တစ်ယောက် ကောဟု ခရိတ်က မေးလိုက်ရာ တွန်ဂါတာက -
" အပေါ် ဂူခန်းမကျယ်ကြီးမှာ ကင်းစောင့်နေတယ် "ဟု ပြန်ပြောလေသည်။

ခရိတ်သည် လက်ဖက်ရည် ထည့်ထားသော မတ်ခွက်ကိုကိုင်ကာ ဖြည်းဖြည်းချင်း သောက်ရင်း မီးဖိုနား ဆီသို့ တိုးသွားပြီး မှ ရေအောက်မှ အတွေ့အကြုံကို ပြောပြလေသည်။
" ကျုပ် က သင်္ချိုငြ်းဂူရဲ့ နံရံမှာ အပေါက်ငယ်တစ်ခု ဖောက်လိုက်ပြီးအတွင်းကို သုံးပေလောက်အထိ ၀င်နိုင်ပြီ ဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ် ဘယ်လောက်ဝေးဝေး သွားရဦးမယ်ဆိုတာ မပြောနိုင်သေးဘူး။ တစ်ခုတော့ လိုအပ် တယ်။ ကျုပ်က စိန်ရတနာတွေ ရှာလို့တွေ့ပြီ ဆိုပါတော့။ အဲဒါတွေထည့်ပြီး သယ်ယူလာဖို့ ထည့်စရာ တစ်ခုခု ယူသွားမှ ဖြစ်မယ်။

မူလက စိန်တွေ ထည့်ထားတဲ့ ဘီယာအိုးဆိုတာက သိတဲ့အတိုင်းပဲ အလွန်ကွဲရှလွယ်တယ်။ တစ်ချိန်တုန်းက အယ်ဆူရှာဆိုတဲ့ လူကြီးတောင် အိုးတစ်လုံး ခွဲမိခဲ့သေးတယ် မဟုတ်လား။ ဒါကြောင့် ကျုပ်ကိုယ်တိုင် လက်ဆွဲ ထိုင်ခုံ အဖုံးတွေနဲ့ လုပ်ထားတဲ့ အိတ်တွေကို ဒီတစ်ခေါက် ဆင်းငုပ်ရင် ယူသွားမှဖြစ်မယ်။ နောက်ပြီး အချိန်စေ့လို့ ဆာရာက အပေါ်ကိုတက်ပြီး ကင်းစောင့်တာဝန် အလှည့်ယူတဲ့အခါ ဆယ်လီကို ဒီကို လွှတ်လိုက် စေချင်တယ်"

ဆက်ရန်
.

5 comments:

Anonymous said...

Thanks.

Ray

ဇွန်မ said...

အမရေ ဆက်ရန်လေးမျှော်နေမယ် ကွန်နက်ရှင်မကောင်းတဲ့ကြားက ပို့စ်တွေ တင်ပေးတဲ့အတွက် ကျေးဇူးပါနော်။

ဒေါင်းမင်း said...

မျှော်နေ၏ဆက်ရန်။ဖက်ရတာအားမရဘူး...ဟီး
ဆက်ရန်များနေတယ်..ဇာတ်ရှိန်တက်နေတုန်းဆက်ရန်..
တဲ့..
ခင်မင်စွာဖြင့်
ဒေါင်းမင်း

Unknown said...

အဖိုးကြီးသနားပါတယ်...။ စိတ်တောင်မကောင်းဘူး...။
ဇာတ်ရှိန်ကတော့ တရိပ်ရိပ်တက်နေတာ ဘယ်အထိ တက်မလဲတာ မသိတား))

မနေ့က လူရော အင်တာနက်ရော ဒေါင်းသွားလို့ ဒီနေ့မှာ လာဖတ်ရတော့တယ်းD။

အင်တာနက်မကောင်းပေမယ့် ဂရုစိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်နော်။ နောက်ပီး ဂရုစိုက်တင်ပေးတဲ့ ပိုစ်နည်းနည်းလေးထဲမှာ ဇင်ဘာဘွေလေး မဖြစ်မနေထည့်ပေးတာကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ ..

သောစေယျံ said...

ကျွန်တော်လဲ လာဗျူးမယ်နော် ရမလား မမရွှေစင် ဘာမှတော့မဗျူးချင်ပါဘူး လူ့လောကရောက်တဲ့ ရက်အရေအတွက်လေးသိပါရစေဗျာ...............