Saturday, October 30, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၂ဝ)

သမီးနှစ်ယောက် က ဟေးခနဲအော်ပြီး ဖအေကို တစ်ဖက်တစ်ချက်ကနေ ဖက်တွယ် ထားကြသည်။ အငယ်ကောင် ကလဲ အားကျမခံ ဖအေရင်ခွင်ထဲ အတင်းဝင်လာတယ်။
    "သြော်...ဒီ သုတ စွယ်စုံလေးကလဲ ဖယ်စမ်းပါဦး ဟိုမှာ ဒုံးပျံ၊ ဒုံးပျံ ကြည့်ရအောင်"
    နေ့မှာ ဧည့်ခန်းရဲ့ထိုင်စရာ ၊ ညမှာယောက္ခကကြီးရဲ့အိပ်ယာ ဖြစ်တဲ့သစ်သား ခုတင်နိမ့်လေးပေါ်မှာ ကိုဝင်းအောင်က လှဲအိပ်လိုက်တယ်။ ဧည့်ခန်းတစ်ခုလုံးမှာ အကောင်းဆုံးလို့  ဒီခုတင်တစ်လုံးရှိတော့တယ်။ မျောက်သုံးကောင်ဆိုလို့ ဒီကုတင်တစ် လုံးရှိ တော့တယ် မျောက်သုံးကောင် သောင်းကျန်းတာနဲ့ ဆက်တီ တွေ အကုန်ကြိမ်ပေါက်ချည်းပဲ။ အဲဒီကြိမ်ပေါက်တွေကို နေ့ခင်းကျ လူမြင်ကောင်းအောင် ခင်းလိုက်၊ ညကျဧည့်ခန်း ထောင့်တစ်ချို့၊ မီးဖိုထဲတချို့ ပို့လိုက်နဲ့ အဲ...ဆက်တီစားပွဲ တစ်ခုပဲ ဣနြေ္ဒရတယ်။ တီဗွီ တင်ထားလို့ သူက သူ့နေရာနဲ့သူ ငြိမ်နေတယ်။

    " ဖေကြီး၊ နင်းပေးရမလား" "ဟာ... အကောင်းဆုံးပေါ့ ချစ်သမီးလေးရယ်" အစ်မကြီးမြတ်နိုးက တီဗွီကြည့်နေရာက ကောက်ကာငင်ကာ ထနင်းတယ်။ ထုံးစံအတိုင်း ယုယနဲ့သုတက လှုပ်လှုပ်ရွရွ ဖြစ်လာရော။
    " ဟိုး တစ်ယောက်ပဲနင်း၊ သမီးနဲ့သားက မေကြီးလာမှာ နင်ပေးကြ၊ ဖေကြီးကို မမကြီးပဲ နင်းပစေနော်" "ဘွားဘွားကို နင်းမယ် " သုတက ကုလားထိုင် ကြိမ်ပေါက် တစ်လုံးပေါ်မှာ ထိုင်နေတဲ့ သူ့အဘွားဆီကို ပြေး သွားတယ်။ "ဖေကြီး" "ဟေ"

    " သမီးနင်းပြီးရင် ဖေကြီး သမီးကိုပိုက်ဆံပေးရမယ်နော်" "ဟိုက်...သားသမီးတို့ မေတ္တာ တယ်လဲ ကြီးပါလားဟေ" နော်လို့...ဖေကြီး၊ ပေးမှာလားလို့ "ကဲ...ဖေကြီးက ဘယ်လောက်ပေးရမှာလဲ" လေးဆယ့် ငါးကျပ်"
    " အလိုလေးဆယ့်ငါးကျပ်၊ ဒါဆိုရင် ငါ့သမီး မုန့်ဝယ်စားဖို့တော့ မဖြစ်နိုင်ဘူး၊ လင်နောက်များ လိုက်ပြေး မလို့လားဟေ"
    " မုန့်ဝယ်စားဖို့ပါ ဖေကြီးရ၊ ချောကလက်စားချင်လို့၊ သမီးကျောင်းမှာ သမီးသူငယ်ချင်း အမြဲတမ်း စားတယ် နိုင်ငံခြားကလာတာ၊ တစ်ခုကို လေးဆယ့်ငါးကျပ်တဲ့"
    "ကဲ မိခင်ကြီးရေ၊ကြားတဲ့အတိုင်းပဲ၊ ဇာတ်လမ်းကတော့စလုံးရေစပြီ၊ ဒါကြောင့် ကိုယ့်ရပ်ကွက် ကျောင်းကလေးမှာပဲ ထားပါလို့ ငါပြောတော့ မင်းနားမထောင်ဘူး ထားချင်လိုက်ရတဲက ကျောင်း နာမည်ကြီး၊ စပြီ ဒါနောက်ဇာတ်လမ်းတွေ အများကြီးလာဦး မယ်"

    "မြတ်နိုးသမီးကို မေကြီး ဘာပြောထားလဲ" သူ့ဆုံးမစာတွေကို ပြန်လှန်လေ့ကျင့်ခန်း လုပ်ဖို့ မယ်အေးတစ်ယောက် ဧည့်ခန်းထဲ ရောက်လာတယ်။ တစ်ဆက်တည်း ကိုဝင်းအောင်ကိုပါ ဆုံးမပို့ ချတော့တယ်။
    "ဖအေလုပ်တဲ့သူကလဲ ဘယ်တော့မှ ပြောမရဘူး၊ ဒီပေါက်စလေးတွေကို လင်ကြောင်း သားကြောင်း တွေပဲ၊ တော်တော် လင်ပေးစားချင်နေတယ်ဟုတ်လား၊ ရှင်အပြောကောင်း လို့လေ၊ ဟိုနေ့က ကျုပ်ကို မေးတယ်၊ ရှင့်သမီး တင်ပါး လှုပ်တုပ် လှုပ်တုပ် ဖြစ်ပြီ လားတဲ့... ကဲ" "ဘာတဲ့တုံး "
    "ရေချိုးခန်းထဲမှာ ရေချိုးရင်းသူတင်ပါးကိုပြပြီး မေကြီးသမီး တင်ပါး လှုပ်တုပ်လှုပ်တုပ် ဖြစ်ပြီလားတဲ့...ကဲ"
    ကိုဝင်းအောင်က သူဘေးထိုင်ချလိုက်တဲ့ လေးတန်းကျောင်းသူ ဆယ့်တစ်နှစ်သမီးကို ကြည့်ပြီး တဟားဟား ရယ်တယ်။ မြတ်နိုးအောင်ကပါ ဖအေနဲ့အတူ လိုက်ရယ်တယ်။

    "မေကြီးကလဲ၊ အဲဒါသမီးသူငယ်ချင်းက ပြောလို့ပါ၊ ဆယ့်သုံးနှစ်ဆို တင်ပါးလှုပ် တယ်တဲ့"
    "ကဲ...ကဲ ကြားလား၊ အဲဒါ ငါ့ကြောင့်မဟုတ်ဘူး၊ မင်းရဲ့နာမည်ကြီးကျောင်းက တတ်လာတာ၊ ငါနဲ့ မဆိုင်ဘူး"
    "အိုး... ဖိုးအောင်လဲ ပါတာပဲ၊ မြတ်နိုး၊ယုယ၊လာစာကျက်မယ်၊ လွယ်အိတ်ယူ"
    "ဟုတ်ကဲ့ပါ မေကြီးကလဲ၊ ဖေကြီး မနက်ကျ ပိုက်ဆံပေးနော်၊ ချောကလက် ၀ယ်မလို့ဆို၊နော် ဖေကြီး
    နေပါဦးကွာ၊ သမီးကလဲ၊ ချေကလက်စားချင်တဲ့စိတ်လေး အောင့်ထားလိုက်ဦး၊ သိလား၊ ဒီမှာ ဈေးကြီးတယ်ကွ၊ ဖေကြီးနိုင်ငံခြားသွားမှ အများကြီးဝယ်လာခဲ့မယ်နော်"

    "ဟာ..ဖေကြီးက ဘယ်တော့သွားမှာလဲ" "နက်ဖြန်၊ သန်ဘက်ခါသွားမှာပေါ့ သမီးရ" "တကယ်နော်" "နှစ်ကယ်ကွာ၊ သွားစာကျက်တော့" "ဖေကြီး၊ သမီးဖို့ရောနော်" အေး..အေး
    ကိုဝင်းအောင်တစ်ယောက် ငြိမ်သွားတယ်။ တီဗွီကိုကြည့်နေပေမယ့် စိတ်တွေက ပျံ့လွင့်နေတယ်။ မိဘတို့ရဲ့ အသည်းနှလုံးဟာ သားသမီးနဲ့ကျတော့ တယ်လဲတုန်လှုပ်လွယ် ပါလားနော်။ ကလေးတွေကို အစားအသောက်နဲ့ ပတ်သက်ပြီး ချုပ်ချယ်တာကို ကိုဝင်းအောင် အင်မတန်မုန်းတာပါ။

သားသမီးတွေကို ရုပ်ပိုင်းရော စိတ်ပိုင်းရော လွတ်လွတ်လပ်လပ် ဖွံဖြိုးစေချင်လွန်းလို့ တတ်နိုင်သမျှ ကိုဝင်းအောင်  ပြုစုပျိုးထောင်နေသားပဲ။ "သမီးတို့ရေ ၊အ လျင်လို ဆိုရင်တော့ ဖေကြီးချက်ချင်း ၀ယ်ကျွေး မှာပါကွာ။ အင်းနောက်လခ စပြီး ဖေကြီး ကျူရှင်ဝိုင်းတစ်ဝိုင်း ပြုတ်သွားပြီကွ။ တစ်ဝိုင်းစာ လျော့သွားပြီဆိုတော့ ဖေကြီးအလျင်လို မမိုက်ရဲတော့ဘူးကွ၊ ပိုက်ဆံပေါတဲ့နေ့ သမီးတို့ကို ဆယ်ခုတိတိ ၀ယ်ကျွေး ပါ့မယ်ကွာ"
    "အမေ၊ အမေ လုပ်ပါဦး" ကိုဝင်းအောင် ခုတင်ပေါ်ကနေ အလန့်တကြား ထထိုင်လိုက်တယ်။
    ဖိုးကျော်လေ၊ ၀ရန်တာကနေ ပြေးလာတာ။ ယောက္ခမကြီးက ငိုက်နေရာက ကပျာကယာ ထရပ်တယ်။

    "ဘာလဲ၊ ဘာလဲ သား" "ဟေ့ ကောင်ဘာတုံးဟ၊ အလန့်တကြား" "ဝေေ၀လေ၊ ဟိုမှာ မူးလဲနေတယ်၊ ဝေေ၀ပြသာနာပဲ မူးလဲတာကိုထားခဲ့ရသလားဟာ"
    ကိုဝင်းအောင် တို့ တစ်အိမ်လုံး ၀ရန်တာဘက် အပြေးအလွှား ရောက်သွားကြတယ်။ ၀ရန်တာကို မှီပြီး ဝေေ၀ က မျက်လုံးတွေမှိတ်လို့၊ ချွေးစေးတွေနဲ့။ ဖိုးကျော်က ကြောင်စီစီနဲ့ သူ့မိန်းမဘေးမှာ ထိုင်ချ လိုက်တယ်။ "ပွေ့လိုက်လေ" လို့ ကိုဝင်းအောင်က အော်တော့မှ သူ့မိန်းမကို ဆွဲပွေ့တယ်။

    "ဝေေ၀ သမီး၊ သတိရလား၊ ဝေေ၀"
    အဘွားကြီးက ချွေးမလေးကို စိုးရိမ်တကြီး ခေါ်ရင်း ဝေေ၀့လက်ကို လှုပ်တယ်" "မုန်းတယ်"
    ဝေေ၀ဆီက အသံသဲ့သဲ့ လေးထွက်လာတယ်။ မယ်အေးက သမီးကြီးယူလာတဲ့ ယပ်တောင်နဲ့ ခေါင်း ကို လှမ်းခတ်တယ်။
"ရှူဆေးဘူး၊ ရှူဆေးဘူး"

ရှူဆေးဘူးကို ကိုဝင်းအောင်ပြေးယူပြီး ယောက္ခကကြီးကို ပေးလိုက်တယ်။ ပြီးတော့ မယ်အေးနဲ့ လင်မယားနှစ်ယောက် အဓိပ္ပါယ်သော အကြည့်များနဲ့ ကြည့်လိုက်ကြတယ်။
    "ဝေေ၀၊ ရှူဆေး ရှူလေ၊ သက်သာလားဟင် အမေ အမေ လုပ်ပါဦး"
    "အို...ကိစ္စမရှိပါဘူးသားရယ်၊ ဘာမှမဖြစ်ပါဘူး" ဟေ့ကောင်-မင်း ဘာမှပူမနေနဲ့ ၊ပူရမှာက မင်းမိန်းမ မင်းကလေး အဖေဖြစ်တော့မယ်၊ နားလည်လား"
    မနေနိုင်တဲ့ ကိုဝင်းအောင် ပါးစပ်က အလျင်စလို ထွတ်သွားတယ်။ ဖိုးကျော်က ကြောင်စီစီနဲ့ သူ့အမေ ကို ကြည့်တယ်။

    "ဟုတ်လား အမေ"
    မအေလုပ်သူက ခေါင်းညိတ်ပြီး ကလေးဆိုတာကို ၀မ်းသာဟန်မပြဘဲ ရှုပ်ထွေးအံ့ သြဟန် ပြနေတဲ့  သားမျက်နှာကို နားလည်သလို ကြည့်တယ်။
    "ဟာ ဒုက္ခပဲ၊ ကျွန်တော်တို့က ကိုယ့်အခန်းလေးနဲကိုယ်ဖြစ်တော့မှ ကလေးယူမလို့၊ ပြသာနာပဲ" ကိုဝင်းအောင်က ယောက်ဖပခုံးကို ခပ်တင်းတင်းဆုပ်ပြီး လှုပ်လိုက်တယ်။
    "မင်းကလဲကွာ အဲဒါတွေ ဘာတွေဘာမှ တွေးမနေနဲ့၊ နောင်ခါလာ နောင်ခါဈေး၊ ပျော်ရမယ့်အချိန် ပျော်ပစ်လိုက်စမ်း၊ ဟဲ..ဟဲ.. ငါ့တုန်းကဆို ကွေးနေအောင် ထကတာကွ မင်းလဲတစ်ချီလောက် ကလိုက် ပါလား"

    "ဖိုးအောင်ကလဲ ဘာတွေလျှောင်ပြောနေတာလဲ"
    "မှန်တာပြောတာလေ၊ ဟေ့ကောင်ဖိုးကျော်၊ ပွေ့ပြီးအိပ်ရာပေါ်သာခေါ်သွားတော့၊ ဖြည်းဖြည်းသက်သာ သွားမှာပါ၊ ဒီလိုပဲ၊ သွား.. မယ်အေးက အိပ်ရာခင်းပေးလိုက်"
    "အမေခင်းပေးမယ်၊ အမေခင်းပေးမယ်"
    ယောက္ခမကြီးပျာလို့။ နောက်မြေးတစ်ယောက်ရဲ့ ဒုက္ခကိုခံဖို့အတွက် ခုကတည်းက ပျာလို့။ ဖိုးကျော် တို့ရဲ့ မွေ့ရာခင်းက၊ခေါင်းအုံးတွေချ၊ သစ်သားလိုက်ကာလေး နှစ်ခုကာ၊ ခြင်ထောင်ကို အဆင်သင့်လုပ်နဲ့။

    မိန်းမကို ပွေ့ချီပြီး မသယ်နိုင်တဲ့ ဖိုးကျော်က နည်းနည်းသက်သာလာတဲ့ မိန်းမကို ပခုံးမှီပြီး လမ်းတရွေ့ရွေ့လျှောက်စေတယ်။
    "မြတ်နိုး၊ယုယ၊သုတစွယ်စုံ၊ မကြာခင် ဖေကြီးတို့အခန်းထဲ အူဝဲလေးရောက် လာတော့ မယ်"
    "ဖိုးအောင်ရယ်၊ ကလေးတွေကို လျှောက်ကပြောပါနဲ့ဆိုနေမှ"
    မယ်အေးမျက်နှာထားကြောင့် ကိုဝင်းအောင် တဟဲဟဲနှင့် ပါးစပ်ပိတ်သွားတယ်။ မိန်းမမျက်နှာတော့ ကိုလူပျော်ကြီး သိသားပဲ၊ အင်းကိုလူပျော်ကြီးလို မယ်အေး နေနိုင်ရင်လဲကောင်းသား။ မောင်လုပ်သူပြောတဲ့ စကားလေး ကြားရတာ မယ်အေး စိတ်မကောင်းလိုက်တာ။

ကိုယ်အခန်းလေးနဲ့ကိုယ်တဲ့၊ ဟုတ်တာပဲ၊ သူအားကိုးနေတဲ့ အစ်မရဲ့အိမ်ကရော။ တစ်နှစ်အိမ်လေ၊ တစ်နှစ်သာနေခွင့်ရှိတဲ့အိမ်။ တစ်နှစ်ဆိုရင်ကလေး နီတာရဲလေးနဲ့။ မယ်အေးတို့ကလဲ ဘယ်မှာဘယ်လို နေကြရမှန်းမသိတဲ့။ အို... ကိုလူပျော်ရဲ့ နောင်ခါလာ နောင်ခါဈေးကို မယ်အေး နှလုံးသွင်းမှ ဖြစ်မယ်။ မဟုတ်လို့ကတော့ မယ်အေး ဒီညအိပ်ပျော်မှာ မဟုတ်တော့ဘူး။တိုက်အပေါ်ဆုံးထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာ မှာတော့ ညဦးပိုင်းအချိန်ဆိုရင် လူသံမဆူညံပဲ စက်သံနှစ်သံ အမြဲဆူညံလေ့ရှိတယ်။ "တီဗွီသံနဲ့ ရေဒီယိုသံ လေ။

    တီဗွီနဲ့ ရေဒီယိုကို တစ်ပြိုင်နက်ဖွင့်ထားတဲ့ အသံဟာ တိုက်ခန်းကျဉ်းကလေးထဲမှာ ထိုင်းကြာဆံပြုတ် အနံ နှင့် အတူ ရောနှော ထွက်ပေါ်နေတတ်တယ်။
    ပလေကတ်လုံချည် တစ်ပတ်နွမ်း၊ အင်္ကျီတုံးလုံးကျွတ်မူပိုင် ဟန်နဲ့ ဆရာဦးသက်ဦး ဟာ ခလုတ်ရေဒီယိုလေးကို မြှောက်ကိုင်ရင်း ဧည့်ခန်းထဲမှာ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက် သတင်း နားထောင် တတ်တယ်။

    ဦးရဲ့လက်ကတော့ အဲဒီအချိန်မီးဖိုထဲမှာ။ ညစာထမင်းမစားတဲ့ လတ်တို့နှစ်ယောက် စာ ရယ်ဒီမိတ် ထိုင်းကြာဆံထုပ်နှစ်ထုပ်ကို ပြုတ်နေရတယ်လေ။လတ်တို့နှစ်ယောက် ညနေစာထမင်းမစားတာ ကြာလှပြီ။ ဦးရဲ့ ၀ိတ်လျှော့ရေး အစီအစဉ်ပေါ့။ ဦးကလတ်နဲ့ မရခင်ကတည်းက ညနေစာထမင်းစားတဲ့ အကျင့် မရှိတာတဲ့။ လတ်ကတော့ ဦးနဲ့ရပြီးတောင် တော်တော်နဲ့ အကျင့်လုပ်လို့မရဘူး။ လတ်လတ်ထွေး ဆိုတဲ့ မိန်းမ က ထမင်းကို သိပ်ကြိုက်တာ။နို့မို့ဆို တစ်ခုခုလိုသလိုနဲ့ အိပ်တော်မပျော်ဘူး ထမင်းကြိုက်တဲ့ မိန်းမ။

    ဦးသက်ဦး မိန်းမဖြစ်တော့မှပဲ ဒုက္ခလှလှ တွေ့တော့တာပဲ။ အိမ်မှာတုန်းကတော့ မုန့်တီ၊ ခေါက်ဆွဲ့အ၀ လုပ်စားတဲ့နေ့၊ ထမင်းမချက်ဘူးဟေ့လို့ ဘယ်လောက် ကြွေးကြော်ကြော်၊ မလတ်လတ်အတွက်တော့ ထမင်းအိုးသေးတစ်လုံး ချက်ရတာချည်းပဲ။ အဲလောက် ထမင်းကြိုက်ခဲ့တာလေ။ ဦးနဲ့ကျမှ ဦးနဲ့ကျမှ။ အမေသိရင် ဘယ်လောက်များ ဆဲလိုက်မလဲ။
    အစကတော့ လတ်ဦးတို့ လိုက်မစားပါဘူး။ ညနေစာထမင်းတစ်စာကို နံနက်ကတည်းက ပိုချက် ထားတယ်။

ဟင်းလဲ ဒီလိုပဲပေါ့။ ဒါပေမယ့် ကြာလာတော့ စိတ်ပျက်လာတယ်။ စဉ်းစားကြည့်လေ၊ လင်မယား နှစ်ယောက်ရှိတာ ကိုတစ်ယောက်က တစ်မျိုး၊ တစ်ယောက်တစ်မျိုးနဲ့၊ ညနေစာကို နှစ်မျိုးလုပ်ရတယ်။ စားတော့လဲ အကွဲကွဲ အပြားပြားနဲ့ လုပ်ရတာကိုလဲ လတ်စိတ်မရှည်တော့ဘူး။ ပြီးတော့ လတ်အကြောက် ဆုံးကတော့ အမြဲတမ်းမြည်နေတဲ့ ဦးရဲ့ဝမ်နင်ဘဲလ်ကြီးပေါ့။ ထမင်းတွေစားလို့ ၀လာရင် နောက်တစ်ယောက် ယူမယ်ဆိုတာလေ။ အဲဒါကိုတော့ လတ်လတ်ကြောက်တယ်။ ဒါနဲ့ လတ်လဲ ဦးရဲ့ ညနေစာ မစားရေးအသင်းထဲမှာ ၀င်လိုက်ရတော့တာပေါ့

    ခုတော့လဲ စားတတ်သွားပါပြီ။ စားခါစကတော့ ဘယ်လိုကြီးမှန်းကို  မသိဘူး။ လတ်ထုံးစံအတိုင်း ဟာတာတာ နဲ့ မ၀သလိုလို၊ မတင်းတိမ်သလိုလို။ နောက်တော့မှ နေတတ်သွားတာ။
    ကြာဆံပြုတ်ပြီးရင် လတ်ကော်ဖီ တစ်ခါ နှပ်ရဦးမယ်။ ကြာဆံပြုတ်သောက်ပြီး ကော်ဖီနဲ့ မုန့်တစ်ခုခုကို အစာပိတ်စားဦးမှလေ။ ကော်ဖီကတော့ ဦးအရက်မသောက်တဲ့ နေ့မျိုးမှာ လုပ်ရတာ။ ဦးအရက် သောက်တဲ့နေ့ကျရင်တော့ မလိုပါဘူး။

    ဦးကတစ်ပတ်မှာ နှစ်ရက်သောက်တယ်။ နားရက်မတိုင်ခင်နေ့ ညနေရယ်၊ နားရက်ညရယ်မှာ သောက်တယ်။ ဦးမှာ တစ်ပတ်မှာ တစ်ရက်ပဲ နားရက်ရှိရှာတာ။ နားရက်ကလဲ သူများတွေလို စနေ၊တနင်္ဂနွေ နားရတာ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေဆိုတာ ကျူရှင်ရဲ့ အရေးကြီးဆုံးနေ့တွေလေ။ ဘယ်နားလို့ ဖြစ်မှာလဲ။ ကြားရက် ပဲ နားလို့ရတယ်။
    ဦးက ကြာသပဒေးနေ့မှာနားတယ်။ အဲဒါ ဗုဒ္ဓဟူးနေ့ ညနေဆိုရင် လတ်က ဦးကြိုက်တတ်တဲ့ အမြည်း ဖွယ်ဖွယ် ရာရာ လုပ်ရပြီး။ ပြီးမှတော့ အရက်ကောင်းကောင်းကို ဆော်ဒါနဲ့ ဖြည်းဖြည်းချင်း ဇိမ်ခံသောက် တော့တယ်။ အများကြီးလဲမသောက်ဘူး။ နောက်နေ့ ကြာသပဒေးနေ့ ညနေမှာလဲ ဒီလိုပဲသောက်တယ်။

ဆက်ရန်
.

1 comment:

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်

တိုက်ခန်းတွေမှာ ရှိတဲ့ မိသားစုမျိုးစုံရဲ့ လူနေမှုပုံစံမျိုးစုံကို ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်... အညာက မြေကွက်ရောင်းလာပြီး ချွေးမနဲ့ သားအတွက် ဆိုက်ခန်းဝယ်ပေးထားပြီး လမ်းလေးတောင်မှ ဆင်းမလျှောက်ရတဲ့ ဘိုးဘတင်လို အဖိုးကြီးတွေကို သနားမိတယ်... ကျူရှင်ဆရာ ဖိုးစိတ်တိုရဲ့ မိန်းမတော့ မဖြစ်ချင်ဘူး.... သူ့မှာ တိုက်ခန်းတခန်းတောင်မှ ဖြောင့်အောင် မပိုင်ဆိုင်သေးပဲ အောက်ခြေလွတ်နေသေးတယ်... အပြင်မှာလဲ ဒါမျိုးလူတွေ ရှိတယ်။ ကိုဝင်းအောင် တယောက် သူများကြောင်တွေ သွားသတ်မှာလဲ စိုးရိမ်မိနေတယ်.. ပူးတေက ကြောင်တွေ သိပ်ချစ်တာလေ.. ပူးတေကြောင်ကို လာထိရင်လဲ စိတ်မကောင်းဖြစ်မိမှာ...အပျိုကြီး ကြောင်တွေကို အစာကျွေးရင်း စကားပြောနေပုံကို ဖတ်ရတော့ ကိုယ့်ကိုယ်ပြန်သဘောကျမိတယ်... တော်သေးတယ်။ ကြောင်တွေမွေးပြီး အပျိုကြီးလို အပျိုကြီး မဖြစ်တာ။ ဟိ :D ကြောင်တွေတော့ ခုထိ ချစ်တုန်းပဲ။ ကြောင်သံကြားရင် မနေနိုင်ဘူး။ လိုက်ရှာရတာ အမောပဲ။ :)

မမရွှေစင်ရေ အခန်းဆက်တွေ စောင့်ဖတ်နေပါတယ်..... စာတွေအများကြီးကို စိတ်ရှည်ရှည်နဲ့ ကွန်နက်ရှင်မကောင်းတဲ့ကြားက တင်ပေးနေတဲ့ မမရဲ့ စေတနာကိုလဲ အရမ်းကို လေးစားချီးကျူးမိပါတယ်...

ခင်မင်စွာဖြင့်
ပူးတေ