ဦးကိုလတ် တိုက်ခန်းအကျယ်ကြီးဝယ်ပေးချင်ပါတယ်။ တတ်များတတ်နိုင်ရင် ဦးတို့ အညာမှာလို ခြံကျယ်ကြီး နဲ့ တောင် ထားလိုက်ချင်သေး။ ဦးက သစ်ပင်ပန်းပင်လဲ ချစ်ကချစ်တတ်နဲ့။ ခြံကျယ်ကြီးထဲမှာ စိုက်စမ်း… သစ်ပင်ပန်းပင်တွေ။ ညနေညခင်း ဦး ဘီယာတို့၊ အရက်တို့ ဇိမ်ခံသောက်ဖို့ ခြံထဲမှာ ထီးကျားကြီးတစ်စင်းလဲ စိုက်ပေး လိုက်ဦးမယ်။ ထီးကျားအောက်က ဒရင်းဘက်ပေါ်မှာ ဦးက ခြေညောင်းလက်ဆန့်နဲ့ ဘီယာ သောက်လို့။ ဘေးနားက ဒန်းကလေး ပေါ်မှာ လတ်ကလဲအချိုရည်ဘူးလေးနဲ့။ ကဲ… ဘယ်လောက်နိပ်လဲ။
အင်း… တစ်နေ့နေ့တော့ နေရမှာပေါ့ ဦးရယ်နော်။ လောလောဆယ်တော့ လက်တို့မှာ တိုက်ခန်း ကြွေးမကြေ သေးဘူးရှင့်။ အခန်းဝယ်ဖို့ ဦးသူငယ်ချင်းဆီးက ဆွဲထားတဲ့ကြွေးလေ။ တော်တော် ကျန် သေးတယ်။ တစ်လကို ငါးထောင်၊ ငါးထောင် ဆပ်နေရတာ။ အခန်းလေးဝယ်ဖြစ်အောင် ဆိုပြီး ဦးသူငယ်ချင်း က နှစ်သိန်းတောင် ထုတ်ချေးရှာတာ။ ရှစ်သောင်းကတော့ ကြေသွားပြီ။
ဒီးအခန်း ၀ယ်မယ်ဆိုတော့ လတ်တို့မှာ ဘာဝင်ငွေမှ ရှိတာ မဟုတ်ဘူး။ ထိုင်စားနေချိန်လေ။ ဦးလဲ အလုပ်မရှိ၊ လတ်လဲ အလုပ်မရှိ။ အဲ… အိမ်းဝယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးစုထားတဲ့ ပိုက်ဆံငါးသောင်း တော့ ဘဏ်မှာရှိတယ်။
အိတ်တီးဆဲဗင်း ကျူရှင်နှစ်ခု က စုလို့ရတဲ့ ပိုက်ဆံနှစ်သောင်းရယ် ဆိုတော့ ခုနှစ်သောင်းပေါ့။ အဲငွေ ခုနှစ်သောင်း ကို ထိုင်စားလိုက်တာ အိတ်တီးနိုင်း ဧပြီးမှာ ကုန့်ရော။ ဘာလုပ်မလဲ။ လတ်တို့မှာ ငှားနေတဲ့၊ အိမ်စပေါ် တင်ထားတဲ့ ငါးသောင်းပဲရှိတယ်။ တတ်နိုင်ဘူး။ နောင်ခါ လာမှနောင်ခါဈေး၊ စပေါ်ငါးသောင်း၊ တစ်လ နှစ်ရာ့ငါးဆယ်အိမ်က စပေါ်ငါးသောင်း ပြန်ယူပြီးတော့ တစ်လသုံးထော်နဲ့ ခြောက်လ တစ်သောင်း တန် (စပေါ်မရှိတဲ့) လချုပ်လုံးချင်း တိုက်ကလေးတစ်လုံးကို ငှားပစ်လိုက်တယ်။ ပိုတဲ့ငွေ သုံးသောင်း နှစ်ထောင် ကို အသုံးစရိုတ် လုပ်မယ်လေ။ အဲဒီ သုံးသောင်းနှစ်ထောင်ကုန်ရင်တော့ ဘာလုပ် ရမှန်း မသိဘူး။ လတ် လက်ဝတ် လက်စားလေး တွေတော့ ရှိတယ်ပေါ့။
အဲဒီတုန်းမှာ တိုက်ကန်ထရိုက် ဆရာ့တပည့်နဲ့ တွေ့တယ်။ အရစ်ကျလဲ အရစ်ကျ၊ ရောင်းဈေးထက် တစ်သောင်း လဲ လျှော့ဦးမယ် ဆိုတော့ ယူချင်တာပေါ့။ အိမ်ငုား ဘ၀ကို တစ်နှစ်ကျော် ဖြတ်သန်းရုံနဲ့ လတ်လတ် စိတ်ညစ်နေပြီ။ ခြောက်လလောက် နေခါရှိသေး စပေါ်နဲ့ အိမ်လခ တိုးတောင်းတာ၊ သူ့အိမ်ကို သံရိုက် ရင် လာကြည့်တာ၊ ပိုက်ဆံချေးတာ၊ စပ်စုတာ အစုံပါပဲ။ အဲဒါတွေ အဲဒါတွေထက် အဓိက,က ဦးနဲ့ ပြသာနာ ။

နံရံတစ်ချပ်ခြား အခန်းချင်းကပ်လျက် ဦးနဲ့ ဘယ်လိုမှ မဖြစ်ဘူး။ ဟိုဘက်က ကလေးငိုသံ၊ ဆူညံသံကြားတာ နဲ့ ဒီဘက်ကနေ သူ့အသံကြီး မိုးချုန်းသလို အော်ငေါက်ပစ်လိုက်တာ။ လတ်မယ်ကြားထဲက အားတွေနာ၊ မျက်နှာတွေ ပူရတယ်။ သူက ဘယ်သူနဲ့မှလဲ အရောတ၀င် နေတတ်တာမဟုတ်။ အဲဒီတော့ မခက် ဘူးလား။ တက်မှာသာ ဟိုလူ့သွားလေး ဖြဲပြရ၊ ဒီလူ့ မျက်နှာချိုလေး သွေးလိုက်ရတဲ့လေ။
ဘာပဲဖြစ်ဖြစ် ကိုယ့်အိုး ကိုယ့်အိမ် အခန်းလေး တစ်ခုကို ဖြစ်နိုင်ရင်တော့ လတ်လိုချင်တာပေါ့။ အခါအခွင့် လဲသင့်နေတယ် မဟုတ်လား။ ဒီတော့ ဦး လူပျိုဘ၀တုန်းက တူတူနေတယ် မဟုတ်လား။ ဒီတော့ ဦးလူပျိုဘ၀တုန်းက တူတူနေကြတဲ့(ဦးနဲ့လတ် ညားခါစ အိတ်တီဆဲဗင်း က အဲဒီ ဦးသူငယ်ချင်း တိုက်ခန်း မှာပဲ နေရသေး တယ်) ဦးသူငယ်ချင်း၊ လူပျိုကြီး သဌေးဆီက ပထမ အရစ်ပေးဖို့ ပိုက်ဆံ ငါးသောင်းဆွဲလိုက်တယ်။ ပထမ အရစ်က တစ်သိန်းဆို တော့ လတ်လက်ဝတ်လက်စားလေးတွေ ရောင်းလိုက်တာနဲ့ ပြည့်သွားရာ။
တိုက်က အိတ်တီးနိုင်း ကုန်ခါနီးမှာ ပြီးမယ်။ ဦးကျူရှင်ကလဲ ဖွင့်လို့မရသေး ဘူး။ နောက်အရစ်တွေကို ဘယ်လို ပေးရပါ့မလဲဆိုတာ စဉ်းစားလို့မရဘူး။ ဦးသူငယ်ချင်းကိုလဲအားနာတာပေါ့။ ခြောက်လအိမ်က အိတ်ထီးနိုင်း အောက်တိုဘာ မှာ တစ်နှစ်ပြည့်တော့ တိုက်ကလဲ မပြီးသေးနဲ့ ဦးသူငယ်ချင်းအိမ်မှာ နှစ်လ လောက် ပြန်နေရသေးတယ်။ ပြီးတော့ တိုက်ဆောက်နေတုန်း နောက်တစ်ရစ်အတွက်လဲ သူ့ဆီကပဲ ယူပေး လိုက်ရတာ ပါပဲ။ နောက်တစ်ရစ် က ငါးသောင်း။
အဲ…..နောက်တစ်ရစ်ပြီးတော့ နောက်တစ်ရစ်လာပြီး ပေးစရာမရှိဘူး။ ဘာ လုပ်ရမှန်းလဲမသိဘူး။ ဦးသဘော ကတော့ အခန်းကိုမယူတော့ဘဲ ပြန်အပ်ချင် ပြီ။ လတ်က ကျတော့ မိန်းမ မဟုတ်လား။ ဘယ်ပြန်အပ် ချင်ပါမလဲ ဦးသူငယ် ချင်းကိုလဲ အားတော့နာတာပေါ့။ ဘယ်ပြန်အပ်ချင်ပါ့မလဲ ဦးသူငယ်ချင်း လူပျိုကြီး တစ်ကိုယ်တည်း။ အမွေတေ အများကြီး ရထားတာ။ သူကသာ ချေးမယ်ဆိုရင် လတ်က လိုချင် တယ်။ အဆင်ပြေတာနဲ့ ပြန်ဆပ်မှာပေါ့။ ဦးက တော့ ပြောမရဘူး။ မလုပ်ချင်ဘူးလေ။
တော်ပါသေးတယ်။ ဦးသူငယ်ချင်းက နှစ်အိမ့်တစ်အိမ်နေတာဆိုတော့ အကျိုးအကြောင်းသိပြီး သူ့အမေ စိန်လက်စွပ်ကြီး ထုတ်ပေးရှာတယ်။ သူကလဲ အမွေထိုင်စားတဲ့သူဆိုတော့ ငွေအများကြီး မရှိဘူးလေ။ လတ် တို့က အားနာပြီးငြင်းတော့ သူကိုယ်တိုင်သွားရောင်းပြီး ငွေတစ်သိန်းထပ်ချေးတယ်။ အခန်းလေး အဖတ်တင် သွားအောင် လုပ်လိုက်ပါတဲ့။
ဦးကျူရှင်က နိုင်တီးဇူလိုင်ကျမှ ပြန်ဖွင့်လို့ရတယ်။ လတ်တို့ ဒီတိုက်ပြောင်း တော့ကို ဘာဝင်ငွေမှ မရှိ သေးဘူး။ ရယ်စရာ တော့ကောင်းတယ်။ ကိုယ့်ငွေ ငါးသောင်း၊ သူများငွေနှစ်သိန်းနဲ့ ကိုယ်က တိုက်ခန်း ပိုင်ကြီး ပေါ့လေ။ ဒီတိုက် ပြောင်းတဲ့အချိန်မှာ အတော်ရယ်ရတယ်။ ရွှေကျောင်းပြောင်ပြောင်၊ ၀မ်းခေါင် ခေါင် အဖြစ်လေ။ လက်ထဲ ပိုက်ဆံက မရှိတော့ဘူး။ ငွေသုံးသောင်းကျော်က ကုန်ပြီ။ မထူးတော့ပါဘူး။ ကြွေးထူမပူ ၊ သန်းထူမယားဆိုတဲ့ စကားအတိုင်း ဦးသူငယ်ချင်းဆီက ငွေသုံးသောင်း ထပ်ယူရပြန်တယ်။ ဦးသူငယ်ချင်းရဲ့ အ ကြွေးဟာ နှစ်သိန်းနဲ့သုံးသောင်းတောင် ဖြစ်သွားတော့တယ်။
ဦးမှာ ကျူရှင်ကျောင်းသား လေးရာလောက်ရှိတယ်။
တစ်ယောက်ကိုငါးဆယ် ပဲ ဦးကယူတော့ တစ်လကို လတ်တို့ ၀င်ငွေဟာ နှစ်သောင်းရှိတယ်။ ကျူရှင် အခန်းငှားခ က တစ်လကို နှစ်ထောင့်ငါးရာ။ နွေရာသီ ၀င်ငွေပရှိတဲ့အချိန် သုံးဖို့နဲ့ တစ်နှစ်အတွက် အမြတ်ခွန် ငါးထောင်အတွက်ကို လတ်က တစ်လသုံးထောင်စုတယ်။ ဦးသူငယ်ချင်းကို တစ်လငါးထောင် ဆပ်တယ်။ ကျန်တာ အသုံးစရိတ်ပေါ့။
ခုတော့ ဦးသူငယ်ချင်းဆီမှာ ရှစ်သောင်းဝင်သွားပြီ။ နိုင်တီးက သုံးသောင်း ဆပ်တယ်၊ နိုင်တီးဝမ်းက ငါးသောင်း ဆပ်တယ်၊ တစ်လကို ငါးထောင်နဲ့ နောက်သုံးနှစ်ဆပ်မှ တိုက်ခန်းကြွေးကကြေမှာပါလား။ (မင်္ဂလာစုံတွဲ လေး ဘာ လေး ဒီကြားထဲ ပေါက်ရင်တော့လဲ တစ်မျိုးပေါ့လေ)။ ဦးသက်ဦးကြီးရေ…. နိုင်တီဖိုက် ကကျော်မှ တိုက်ခန်းကျယ်တို့၊ မြေတို့ဆိုတာ စိတ်ကူးယဉ်နိုင်မယ် ရှင်ရေ။ စိတ်ကူးပဲ ယဉ်ရမှာ နော်၊ လက်တွေ့ ဘယ်လိုလဲ မသိသေးဘူး။
`ဟောဗျာ ၊ မီးငြိမ်းသွားပြီ၊ မီးပျက်သွားတာလား ဒေါ်ချတ်လစ်`
`အဲ…အဲ… ပြဿနာတစ်ခုက ဖြစ်ပြန်ပြီ။ အိမ်သာတက်ရင် ဦးက စာဖတ် တတ်တယ်လေ။
`မီးမပျက်ဘူးဦး၊ မီးလုံးကျွမ်းတာပဲဖြစ်မယ်၊ မီးအားတက်တာကြောင့် ဖြစ်မယ်၊ တက်လိုက် ကျလိုက် ဆို မီးကျွမ်း ရော`
`ဒုက္ခပဲကွာ`
ဦးထွက်ခဲ့လေ၊ မီးလုံးအသစ်ရှိတယ် ၊ လတ်တပ်ပေးမယ် လျှပ်စစ်အကြောင်း လဲ သူဘာမှသိတာမဟုတ်ဘူး။ မီးလုံးတောင် လဲတတ်တာမဟုတ်ဘူး။မျက်စိ ကမှုန်၊ ဒေါသကလဲ ဒေါ်သနဲ့ဆိုတော့ မတော်ဓါတ်တွေ ဘာတွေ လိုက်ကုန်မှ လဲ လတ်ကစိုးတယ်လေ။ မီးလုံးကျွမ်းရင် လတ်ပဲတတ်တယ် ။ မီးဖိုကွိုင်ပြက် လဲ ကိုယ့်ဟာ ကိုယ် ဆက်လိုက်တာပဲ။
ဒီလိုမီးလုံး ခဏခဏ ကျွမ်းနေလို့တော့ ဘယ်ဖြစ်မလဲ
ဒီိလိုပဲ…. ဦးရဲ့
ကဲ…ဦးရယ်၊ ညည်ညူစိတ်တိုတာ နောက်ထား ၊ မြန်မြန်လေး ဆင်းတော်မူပါ၊ လတ်မှာလဲ ဗိုက်နဲ့ပဲရှင့် ။ ဦးကိုညှာလို့ ဟိုတွေး၊ ဒီတွေးနဲ့ စိတ်ကိုဖျောက်ထား ရတာ။ ပန်းကန်တွေကို ဇိမ်ဆွဲဆေးရင် အန္တရာယ်ကို လွယ်ထား ရတာ။
ဟင်… မီးမရှိဘဲ ဒီတိုင်းသွားမလို့လား ၊ မီးလုံးတပ်အုံးမယ်လေ ရတယ်၊ လတ် ပြီးမှ တပ်တော့မယ် သြော်… ဦးရယ်၊ ခက်ပါဘိတော့၊ မီးမရှိတာက ကိစ္စမရှိဘူး
အန္တရာယ် ကို လွယ်မထားနိုင်တော့ဘူးရှင့်။
ဒီနားမှာထားတဲ့ ဆေးလိပ်နှစ်လိပ် ဘယ်ရောက်ပြန်ပလဲ
ဟော…ကြားရပါပြီ။ ဧည့်ခန်းထဲက ဦးရဲ့အသံ၊ လတ် အိမ်သာထဲဝင်မလို့၊ ခဏပဲရှိသေးတယ်။
ဒေါ်ချတ်လစ်….ကျုပ်ဆေးပေါ့လိပ်တွေ ဘယ်မှာသိမ်းလိုက်သလဲ
ဆက်တီစားပွဲ အံဆွဲထဲမှာလေ ဦးရဲ့ အိုကေ ….အိုကေ အိုသာကေတာ တစ်ခါတလေ တွေချင်မှ တွေတာ ဆိုတော့ စိတ်ကမဖြောင့်ဘူး။ဦး တွေလား မတွေ့ပါဘူးဗျာ…..ရှာတာပဲ မပြောဘူးလား၊ မပြောဘူးလား၊ ကိုယ့်လူ အကြောင်းကိုယ်ပဲသိပါတယ်လို့ဆို။ ရှိပါတယ် ၊ ဦးကလဲ ၊ အံဆွဲထောင့်လေးမှာ စက္ကူအိတ်နဲ့ ထည့်ထား တယ် ၊ ထောင့်လေးမှာလေ။
အိုကေ….အိုကေ ၊ တွေပြီ၊ ဆေးပေါ့လိပ်များ စက်က္ကူအိတ်နဲ့ ထည့်ထားရ ထယ်လို့ဗျာ ကြည့် ….့ ကြည့် အပြစ် က မလွတ်ချင်သေးဘူး။ ဦးဟာလေ၊ တ ကယ်ပဲသိလား။ လတ်အိမ်သာကထွက်လာတော့ ဧည့်ခန်မှာ ဦးက ဆေးပေါ့ လိပ်ကို မီးခိုး ထောင်းထောင်းထအောင် ဖွားရှိုက်ရင်း ငြိမ်သက်နေတယ်၊ လတ်ကတော့ အိပ်ခန်းထဲ တန်းသွားပြီး သိမ်းထားတဲ့ မီးလုံးအသစ်ကို ယူပြီး အိမ်သာမီးကို လဲလိုက်တယ်။ လတ် အတွက် ဘာမှ မခက်ပါဘူး။ မီးလုံးလဲတာ လောက်တော့ လတ်သိပ်ကျွမ်းနေပါပြီ။
ဦးရေ….ဒူးကို ဆေးလိမ်းမယ်လေ၊ တော်ပြီ တော်ပြီ ညကျမှပဲ လိမ်းမယ်၊ ဒူး ကခုကျတော့ ပျောက်သွား ပြန်ပြီဗျာ၊ လှေကားတက်လို့ပါဦးရဲ့ ၊ နားလိုက်တော့ ပျောက်သွားတာပေါ့၊ ကဲ… ဒီနေ့လယ် နားလက်စနဲ့ နားလိုက် ဦး၊ ဦးဆင်းလိုက် တက်လိုက် မလုပ်နဲ့တော့။ လုပ်မယ် ၊ နို့မို့ဆို ကျုပ်အိပ်မိလိမ့်မယ်၊ တစ်ခါတ လေပဲ၊
တားလို့လဲ ရမှာမဟုတ်တဲ့တူတူသွား၊ သွား… တစ်ယူသန် သမားကြီးရေ။ နေ လယ်ထမင်းစားပြီးတာနဲ့၊ လှည်တန်းထိပ် က မီနီမားကက်တွေကို မသွားရ မနေနိုင်တဲ့ ရောဂါဦးမှာရှိတယ်။ နေ့လယ်အိမ်မှာနေရင် အိပ်မိမှာ စိုးလို့တဲ့။ အိပ်မိရင် ၀လာမှာ သူကြောက်တယ်လေ။
ဒီတော့ ထမင်းစားပြီးကတည်းက ညနေကျူရှင်ချိန် သုံးနာရီ မတိုင်ခင်ထိ မီနီမားကက်တွေ၊ စတိုးဆိုင် တွေကိုသွားတယ်။ ပစ္စည်းအသစ်အဆန်းတွေကို၊ လျှောက်ကြည့်တယ်။ တိုလီမုတ်စ အထူးအဆန်းပစ္စည်းလေးတွေကို ၀ယ်တယ်။ နယူးစ်ဝိခိဘို့၊ တိုင်းမ်တို့သွားထုတ်တယ်၊ နှစ်နာရီခွဲလောက်မှ အခန်းပြန်လာလိမ့်မယ်။ အဲဒါ နေ့တိုင်းသူ့အကျင့်ပဲ။
လတ်ကတော့ ထမင်းစားပြီးတာနဲ့ လတ် ထုံးစံအတိုင်း အိပ်ရာပေါ်ရောက် သွားပြီ။ နံနက်လေးနာရီ အိပ်ရာ ထထားရတာ နေ့ခင်းတစ်ရေးမအိပ်ဘဲ လတ် ဘယ်လိုမှမနေနိုင်ဘူး။ ဦးဘယ်လိုပြောပြော၊ ဒါကိုတော့ ဆောရီး ပဲဆရာ။
ဒေါ်ချတ်လစ် ကျူပ်ပိုက်ဆံအိတ်ရော၊ ဟော…ကြည့်၊ မျက်လုံးမှေးနေပြီ၊ ပြောလို့လဲမရဘူး၊ ဟေး ထပြီး ဈေးတွေ ဘာတွေ သွားပါလား၊ အင်္ကျီတို့ထဘီ တို့ သွားဝယ်လေ….. ဒေါ်ချတ်လစ်၊ ဇယ်ဝေး၊ ဇယ်ဝေး၊ ဇယ်ဝေး မသွားဘူးလား။
အိပ်ရာပေါ်က လတ်က မျက်လုံးတွေ မှတ်ထားရင်း ခေါင်းကိုယမ်းတယ်။ ဟင့် အင်း…..ဒီအချိန်မှာတော့ လတ်ကို ဘာနဲ့မျ လာမြှူဆွယ်လို့မရဘူးမှတ်။ အေးနော်၊ နေ့လယ်၊ နေ့လယ်အိပ်ပြီး ၀တုတ်ကြီး ဖြစ်လာလို့ ကတော့၊ သေး သေးသွယ်သွယ် ဆလင်းဘော်ဒီလေး တစ်ယောက်ကို ရှာရမယ်၊ ကြားလား ဒေါ်ချတ်လစ်၊
ကြားတယ်၊ ကြားတယ်။ ဦးဘာသာ ရှာချင်ရှာ၊ မရှာချင်နေ၊ လတ်ကို ၀တုတ်ကြီးဆိုပြီး ပစ်ချင်လဲ ပစ်ခဲ့တော့။ အမြဲ ရှူးရှူးရှားရှား၊ ဒေါသဖြစ်နေကျ ဦးကို လတ်က ဒီအချိန်မှာတော့ အားလုံးကို အရှုံးပေးမြဲအတိုင်း ဘာမှ ပြန်မပြောနိုင်တော့ဘူး။ အိပ်ချင်မူးရီနဲ့ အတွေးတွေ ရှုပ်ယှက်ခတ်ကုန်စပြုနေ ပြီ။ ဦးရေ။ ဦးသွားရင် အပြင်ကတံခါး သော့ခတ် သွားဖို့ မမေ့နဲ့ဦး။
ဦးကို နားတဲ့နေ့မှာ ဆိတ်ရိုးစွပ်ပြုတ်လုပ် ပေးရဦးမယ်။ ဆိတ်ရိုးတို့၊ ၀က်ရိုးတို့က ခြင်ဆီအားကောင်း တယ်လေ။ သံဆွဲတံခါး ဆွဲပိတ်သံကြောင့် လတ်မျက်လုံးတွေပွင့်မလို၊ ဖြစ်သွားပြီးမှ ပြန်မှိတ်သွားတယ်။ ဦးတံခါးဆွဲရင် ဒီ လိုချည်းပဲ။ ဟိုဘက်ကအပျိုကြီးတွေရဲ့ တံခါးဆွဲသံကျရင်တော့ သူဒေါသဖြစ်ပြီ ဦး နှစ်ချက်ခွဲရောက်အောင် ပြန်လာနော်။ လတ် ကော်ဖီအဆင်သင့် လုပ်ထား မယ်။ နေ့လယ်ရေချိုးဖို့ ရေလဲ ဖွင့်ရဦးမယ်။ နေ့လယ် ကော်ဖီနဲ့ စားဖို့ကိတ်မုန့် တစ်ပိုင်းကျန်တာ လောက်မှာပါ။
သုံးနာရီမှာ ကော်ဖီသောက်။ ပြီးတော့ သုံးနာရီခွဲ အမီလတ်တို့ ကျူရှင်ပြန် သွားရမယ်။ သြော်…ဦး စီးကရက်ဘူးဝယ်ဖို့ သတိရမှာထင်ပါရဲ့။ ရမှာပါ။ သူ့ဟာသူမေ့။ ပြီးတော့ လတ်ကိုပဲ…… လတ် ဆက်မတွေး နိုင်တော့ဘူး။ အတွေးစတွေ ဖြတ်တောက်ပြီး လတ် အိပ်ပျော်သွားခဲ့ပြီ။
ဆက်ရန်
.

3 comments:
အသက်ကွာပြီး ချစ်နေကြသူနှစ်ယောက်ရဲ့ 
မတူတဲ့ စရိုက်လေးတွေကို ရှင်းလင်းမြင်သာ
နေအောင်၊ ကြွ တက် လာအောင် ရေးထားသားပဲ။
ဂွပ်ပါတယ်....၊
ကဲရီးအွန်.....။
အဲဒီလိုမျိုး..ချတ်လစ် တစ်ယောက်လောက် များရရင် “ ဦး ” ဆိုပြီး အခေါ်ခံရရင် ရပါစေ အစ်မရေ.. ကိုယ့်မောင်လေးကို လက်တို့ပါဦး..ဟီးဟီး..
အသက်ကွာပြီး ချစ်နေကြသူနှစ်ယောက်ရဲ့ 
မတူတဲ့ စရိုက်လေးတွေကို ရှင်းလင်းမြင်သာ
နေအောင်၊ ကြွ တက် လာအောင် ရေးထားသားပဲ။
ဂွပ်ပါတယ်....၊
ကဲရီးအွန်.....။ >>
May be Ahphyulay is too young to know who is NuNuYee (Inwa)
Post a Comment