ရေလယ်ကောင်ဘက် ဆီသို့ ကူးသွားပြီးနောက် ခရိတ်က ကမ်းဘက်သို့ လှမ်း၍
’’ ကျုပ် အခု ရေအောက်ထဲ ငုပ်သွားတုန်းမှာ နာရီကြည့်ထားပါ။ စက္ကန့်ခြောက်ဆယ်ကြာတိုင်း ကြိုးကို နှစ်ကြိမ် တုံ့ဆွဲလိုက်ပါ၊ သုံးမိနစ်တိတိကြာရင်တော့ ကျုပ်ကို အပေါ်သာ ဆွဲတင်လိုက်ပေတော့’’ ဟု အော်ပြော လိုက်သည်။
’’ အိုကေ’’
တွန်ဂါတာက ပြန်ပြောရင်း ကြိုးခွေကို တဖြည်းဖြည်း ဖြေထုတ်၍ ဆန့်ပေးလေသည်။
ခရိတ်သည် ရေငုပ်ရန် ပြင်ဆင်သည့်အနေဖြင့် သူ၏ အဆုတ်တွင်းမှ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များကို ရှူထုတ်ပစ်လိုက်သည်။ ထို့နောက် လေကို အားရပါးရ ရှူရှိုက်လျက် ရေအောက်ထဲသို့ ငုပ်ဆင်း သွားလေသည်။
ခေတ်မီ ရေငုပ်သမားများကဲ့သို့ ရေငုပ်ကိရိယာတန်ဆာပလာများမပါဘဲ ရေအောက်တွင်းသို့ ငုပ်ဆင်းရ သည်မှာ အလွန် အန္တရာယ် များလှပေသည်။
ယခုခေတ် ရေငုပ်သမားများ သုံးသည့် မှန်တပ်ထားသော ဦးခေါင်းဆောင်းကိရိယာ (ခမောက်) လည်း မပါ သဖြင့် ရေထဲတွင်ကြည့်၍ ကောင်းမွန်ကြည်လင်စွာ မမြင်ရဘဲ လက်နှိပ်ဓာတ်မီးဖြင့်သာ ထိုးကြည့်ရင်း ဆက်ငုပ် သွားရသည်။
ခေါင်းဆောင်းကိရိယာတပ်ထားသလို နားနှစ်ဖက်ကို ကာကွယ်မထားသဖြင့် ခရိတ်၏ နားများမှာ ပြင်းစွာ နာကျက် လျက် ရှိလေသည်။
သူ၏ ခါးတွင် ချည်နှောင်ထားသော ကြိုးကို နှစ်ကြိမ်ဆက်၍ တုံ့ဆွဲလိုက်သဖြင့် သူသည် ရေအောက်၌ တစ်မိနစ်တိတိ ကြာသွားပြီဖြစ်ကြောင်း သိရလေသည်။ ထိုအချိန်မှာပင် သူ၏ အောက်တည့်တည့် ရေအောက်ထဲတွင် သင်္ချုံင်းဂူသဏ္ဍာန်လိုလို မြင်ရလေသည်။
ခရိတ်လည်း စိတ်ဝင်စားစွာဖြင့် သချိုင်္င်းဂူရှိရာသို့ ချဉ်းကပ်သွားလေသည်။ ဂူမှာ ထုံးကျောက်ဖြင့် ပြုလုပ် ထားပြီး ၀င်ပေါက်တစ်ခုလည်း ရှိသည်ကို သတိပြုမိလေသည်။
ထိုအချိန်၌ ခရိတ်၏ စိတ်ထဲတွင် ကျောချမ်းသလို ကြပ်သီးထသလို ခံစားရမိလေသည်။ ကြောက်စရာ ကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုသို့ တစ်ယောက်တည်း ရောက်နေ၍ ကြောက်သလို ဖြစ်လာ မိသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခါးမှ ကြိုးကို နှစ်ကြိမ်ဆက်၍ တုံ့ဆွဲလိုက်သဖြင့် နှစ်မိနစ်ကြာသွားပြီဟု သိရလေသည်။ သူ၏ အဆုတ်မှာလည်း လေမရှူရ၍ အောက်ဆီဂျင်ဓာတ် ခန်းခြောက်ကာ ပြင်းစွာ နာကျင် လျက် ရှိပြီ ဖြစ်သည်။
သို့သော် စိတ်ဝင်စားမှုက ပြင်းထန်နေသဖြင့် ဂူပေါက်ဝဆီသို့ ချဉ်းကပ်သွားမိလေသည်။
အသက်မရှူရ၍ အူ၏ အဆုတ်များ လွင့်ထွက်လုမတက် ခံစားနေရလင့်ကစား ခရိတ်သည် ဂူပေါက်ဝအတွင်းသို့ ၀င်၍ လေ့လာကြည့်လေသည်။ လက်ဖြင့် စမ်းသပ်ကြည့်ရင်း သတ္တုကဲ့သို့ အရာဝတ္တု မာမာ တစ်ခု စမ်းမိသဖြင့် ဆုပ်ကိုင်ယူလိုက်လေ၏။
တစ်ချိန်တည်းမှာပင် သူဝင်လိုက်သော ဂူပေါက်ဝ အထက်နားရှိ ထုံးကျောက်နှင့် အင်္ဂတေများ ပြိုအက်ကာ ဂူပေါက်ပိတ်ဆို့သွားနိုင်မည့် အန္တရာယ်ကို တွေးမိသဖြင့် လျင်မြန်စွာ ပြန်ထွက်လိုက်ရသည်။
အသက်မရှူ ရ၍ အောက်ဆီဂျင်ဓာတ် မရသောကြောင့် တစ်ကိုယ်လုံး ထူပူကာ သတိမေ့တော့မလို ဖြစ်နေ၍ မနည်းကြိုးစား သတိထားနေရသည်။ ထိုအချိန်မှာပင် သူ၏ ခါးမှကြိုးကို အပေါ်မှ ဆွဲတင်စ ပြုနေကြောင်း သိရလေသည်။
သုံးမိနစ်ပြည့်၍ တွန်ဂါတာက ကြိုးကို အပေါ်သို့ ဆွဲတင်နေခြင်း ဖြစ်လေသည်။ မကြာမီ သူသည် ရေမျက်နှာပြင် ပေါ်သို့ ရောက်သွားလေရာ ရေထဲသို့ ဒူးဆစ်ခန့် မြုပ်အောင် ဆင်းစောင့်နေသူ တွန်ဂါတာက သန်မာ သော လက်မောင်းကြီးများဖြင့် ခရိတ်အား ဖမ်းဆွဲ၍ ကမ်းစပ်ဆီသို့ တွဲခေါ်သွားလေသည်။
အမျိုးသမီး နှစ်ဦး ကလည်း ရေစပ်တွင် အသင့်စောင့်နေပြီး ခရိတ်အား ၀ိုင်းကူဆွဲတင်ပေးကြလေသည်။
ခရိတ်သည် ခြေပစ်လက်ပစ် လဲကျသွားကာ ပါးစပ်မှ ရေတွေ အန်ထုတ်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။
ဆယ်လီ က သူ့အား မှောက်လျက်နေစေပြီး ကျောပြင်ကို လက်နှစ်ဖက်ဖြင့် ဖိ၍ နှိပ်ပေးလေသည်။ ဤတွင် ခရိတ် ၏ ပါးစပ်မှ ရေတွေ တရဟော အန်ထွက်လာလေသည်။
အတန်ကြာ မှ သူသည် ထထိုင်နိုင်တော့သည်။
’’ ဘယ့်နှယ်လဲရှင့် ဘယ်လို နေသေးသလဲ’’
ဆယ်လီက စိုးရိမ်ဟန်ဖြင့် မေးရာ ခရိတ်က မချိသွားဖြဲ ပြုံးလျက်-
’’ ကောင်းပါတယ်ကွာ၊ အခုလို တစ်ခါတလေ ရေငုပ်ရတာ ကောင်းပါတယ်’’ဟု ပြန်ပြောလိုက်သည်။
တွန်ဂါတာကလည်း ခရိတ်ကို အကဲခတ်ကြည့်ပြီး ဆယ်လီဘက်သို့ လှည့်၍-
’’ဘာမှ မစိုးရိမ်ပါနဲ့၊ သူက အခြေအနေ ကောင်းပါတယ်။ အခုလို စကားကို ဘုကျကျပြောလာပြီဆိုရင် သူ အခြေအနေ ကောင်းတာ သေချာပါတယ်’’ ဟုပြောလိုက်သည်။
ခရိတ်သည် လက်ဖျားများ အေးနေသဖြင့် ရေနံဆီမှန်အိမ်အနီးသို့ လက်များကပ်ထားပြီး အနွေးဓာတ်များကို ယူနေလေသည်။
ဆာရာသည် ခရိတ်၏ ကိုယ်၌ အ၀တ်မပါ ဗလာကျင်းနေသည်ကို ကြည့်ပြီး တွန်ဂါတာဘက်သို့ ပြုံးစေ့စေ့ လှမ်းကြည့် လိုက်သည်။ ခရိတ်လည်း ကပျာကယာ အတွင်းခံဘောင်းဘီကို ဆွဲဝတ်လိုက်ရလေသည်။
ဆယ်လီ သည် ခရိတ်ဘက်မှ ရှေ့နေလိုက်သည်ဟန်ဖြင့် ဆာရာအား- ပုံမှန်အတိုင်း ရှင်တို့ မတွေ့ရတာပါ’’ ဟု ပြုံး၍ ပြောလိုက်သည်။
ခရိတ်သည် ရေအောက်သင်္ချုံင်းဂူထဲမှ ကောက်ယူလာသော သတ္ထုပစ္စည်းများကို သတိရသဖြင့် ထုတ်ကြည့် လိုက်ရာ သံအတိုအစတစ်ခု ဖြစ်နေသည်ကို တွေ့ရလေသည်။ ၏
’’ဒါက သံကြိုးတစ်ခုရဲ့ အစိတ်အပိုင်းပဲ။ နွားလှည်းမှာအသုံးပြုတဲ့ သြံကိုးမျိုးဖြစ်တယ်’’
ခရိတ် က သံစကို ကြည့်ရင်း ပြောလိုက်သည်။
ထိုအချိန်ထိ ဘာမှ ၀င်မပြောဘဲ ဆိတ်ဆိတ်နေ၍ ထိုင်ကြည့်နေသူ ဗူဆာမန်ဇီသည် ယခုမှ စကား ပြောလေ သည်။
’’ဒီပစ္စည်းဟာ ဘုရင် လိုဘင်ဂူလာရဲ့ သီးသန့်လှည်းမှာ အသုံးပြုတဲ့ သံကြိုးအပိုင်းအစ ဖြစ်တယ်။ ကျူပ်ရဲ့ အဘိုး က ဘုရင်ရဲ့ ရုပ်ကလပ်ကို အောက်ကိုချရာမှာ ဒီသံကြိုး အသုံးပြုခဲ့တယ်’’
’’ဒါဖြင့် သူငယ်ချင်းက ဘုရင်ရဲ့ သင်္ချုံင်းဂူကို တွေ့ခဲ့ပြီဆိုပါတော့’’
တွန်ဂါတာက မေးလိုက်ရာ ခရိတ်ကဘလည်း သူ၏ ခြေတုကို ပြန်တပ်ဆင်ရင်း-
’’ဟုတ်တယ် ထင်တာပဲ။ သင်္ချုံင်းဂူမှာ ဗူဆာမန်ဇီ ပြောပြတဲ့အတိုင်း ၀င်ပေါက်တစ်ခုလည်း ရှိတယ်။ ၀င်ပေါက် က ဂူရဲ့ ထိပ်ဖျားကနေပြီး ဆယ့်ငါးပေလောက် အောက်ဘက်မှာ ရှိတယ်။ အဲဒီဝင်ပေါက်က ၀င်သွား လိုက်ရင် ပေနှစ်ဆယ်လောက်ရောက်တော့ ပိတ်နေပြန်တယ်။ ထုံးကျောက်တုံးကြီးတွေနဲ့ စနစ်တကျ စီပြီး ပိတ်ထားတယ်။ ကျောက်တုံးကြီးတွေက ဘယ်လောက် ထုထည်ရှိတယ်ဆိုတာတော့ ခန့်မှန်း လို့ မရဘူး။ ကျုပ်ကလည်း ခေတ်ပေါ်ရေငုပ်ကိရိယာ တန်ဆာပလာတွေ မပါတော့ စက္ကန့်သုံးဆယ် ထက် ပိုပြီး နေလို့မရဘူး’’
ဆယ်လီသည် အထူးစိတ်အားထက်သန်ပုံရလျက်-
’’ဘာပဲဖြစ်ဖြစ် အခု အခြေကျမှတော့ ကျွန်မတို့ နောက်ဆုတ်လို့ မဖြစ်တော့ဘူးရှင့်။ နောက်ပြီး ကျွန်မအနေနဲ့ ရေအောက်ထဲက သင်္ချုံင်းဂူထဲမှာ ဘာတွေရိုတယ်ဆိုတာ မသိရမချင်း ကျွန်မတော့ ကျေနပ်မှာ မဟုတ်ဘူး’’ ဟုပြောလေသည်။
ဤတွင် ခရိတ်က စကားကို သရော်သလို ပြောလိုက်ဟန်ဖြင့်-
’’ကျုပ်ကတော့ လူတကာ အကြံပြုတာကို လက်ခံဖို့ အသင့်ပါပဲ။ ဒါထက်ခေတ်မီရေငုပ်ကိရိယာ တစ်စုံလောက် ဘယ်မှာရနိုင်မှာလဲ။ ဒါမှမဟုတ် မှော်ဆရာကြီးဗူဆာမန်ဇီကို ဆိတ်တစ်ကောင်သည် ဥာဏ်ပူဇော်ခ ပေးပြီး မျက်လှည့်အတတ်နဲ့ ရေကန်ထဲက ရေတွေခန်းအောင် လုပ်ခိုင်းရင် ကောင်းမလား’’ဟု ပြော လိုက်သည်။
’’ရှင်ကလည်း အရေးထဲ ခွစကား ပြောနေပြန်ပါပြီ’’
ဆယ်လီက မျက်စောင်းထိုး၍ ပြောလိုက်သည်။
သည်တော့မှ ခရိတ်က အလျှော့ပေးသလို ခေါင်းညိတ်လိုက်လေသည်။
လိုဏ်ဂူအောက်မှ မြေမျက်နှာပြင်သို့ ပြန်တက်ကြသောအခါ မည်သူမှ စကားမပြောဘဲ အားလုံး ကိုယ့်စိတ်ကူး နှင့်ကိုယ် တိတ်ဆိတ်ငြိမ်သက်စွာနှင့်ပင် တက်လာကြလေသည်။
ခရိတ်ကမူ တောင်အောက်လိုဏ်ဂူများအတွင်းရှိ လမ်းကျဉ်းများနှင့် တကွလမ်းနှစ်ခွရှိရာနေရာများကို အထူး ဂရုစိုက်၍ မှတ်သားခဲ့လေသည်။
လိုဏ်ဂူ အတွင်းရှိ သူတို့ စောစောက ဖြတ်သန်းလာခဲ့သော ခန်းမကျယ်ကြီးသို့ ရောက်သောအခါ အနည်းငယ် စိတ်ကြည်လင်လာကြလေသည်။
စောစောက စိတ်ဓာတ်ကျနေကြသလောက် လက်ဖက်ရည်ပူပူ သောက်လိုက်ရသောအခါ အနည်းငယ် စိတ်ကြည်လင် လာလေသည်။
အဘိုးကြီး ဗူဆာမန်ဇီသည် သူ၏အာဘော်ကို လက်ဖက်ရည်သောက်ရင်း ပြောလေသည်။
’’ကျွနုပ် အနေဖြင့် ကျေးရွာသို့ ပြန်သွားရပေမည်။ အကယ်၍ ရှိနာစစ်သားများရွာသို့ ရောက်လာပြီး ကျွနုပ် အား မတွေ့ရလျှင် သံသယဖြစ်ကြမည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအခါ ရှိနာသတ္တ၀ါများသည် ကျွနုပ်၏ အမျိုးသမီး များအား ညှန်းပန်းနှိပ်စက်စော်ကားကြလိမ့်မည်။ ထို့ကြောင့် ကျွနုပ်က ရွာပြန်၍ အမျိုးသမီး များအား ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။ ရှိနာစစ်သားများပင်လျှင် ကျွနုပ်၏ မှော်ပညာအတတ်၊ မျက်လှည့် ပညာ အတတ် တို့ကို ကြောက်ရွံ့ကြကုန်၏’’
ပြောရင်းနှင့် အဘိုးကြီးသည် သူ၏ ပစ္စည်းများနှင့် တောင်ဝှေးကို ကောက်ယူလိုက်သည်။
တစ်ဖန် ကျန်လူများအား အဘိုးကြီးက ဆက်လက် ညွန်ကြားလေသည်။
’’သင်တို့အားလုံးကမူ လိုဏ်ဂူအတွင်းမှာပင် တောက်လျှောက် နေကြမှ ဖြစ်ပေမည်။ ဂူအတွင်းမှ ထွက်လိုက် ပါက ရန်သူရှိုနာစစ်သားများ တွေ့သွားနိုင်သည့် အန္တရာယ် ရှိပေသည်။ ဤနေရာ၌ သင်တို့အတွက် စားစရာ နှင့် သောက်ရေအပြင် မီးဖိုရန် ထင်း၊ ခြုံရန် စောင်များ၊ ရေနံဆီမီးအိမ်များလည်း ရှိသဖြင့် သင်တို့ အပြင်ဘက် ထွက်ရန်လည်း မလိုချေ။ သန်ဘက်ခါကျလျှင် ကျွနုပ်၏ အမျိုးသမီးများက သင်တို့ထံသို့ လာ၍ စားစရာ များနှင့် သတင်းများပါ ယူလာကြမည် ဖြစ်သည်’’
ဤသို့ပြောပြီး အဘိုးကြီးသည် တွန်ဂါတာ၏ ရှေ့တွင် ရိုသေစွာ ဒူးတုပ်လိုက်သည်။
’’ အို… အရှင် ကူမာလို၏ သားတော်မင်းသား ဤနေရာတွင် စိတ်ချမ်းသာစွာ နေပါလော့။ ကျွနုပ်၏ နှလုံးသား က သင်သည် အတိတ်တဘောင်မှ ခြင်္သေ့ငယ်အမှန်ဖြစ်သည်ဟု ပြေနေပါ၏။ သင်သည် ဘုရင် လိုဘင်ဂူလာ ၏ ၀ိညာဉ်ကို အနှောင်အဖွဲ့မှ လွတ်မြောက်အောင် မလွဲဧကန် ကယ်တင်နိုင်ပါအံ့’’
တွန်ဂါတာ ကလည်း ခေါင်းညိတ်လိုက်သည်။
’’ အို… အသင် ဖခင်ကြီး ကျွနုပ်သည် တစ်နေ့ကျလျှင် ဘုရင် လိုဘင်ဂူလာ၏ သင်္ချုံင်းဂူအတွင်းသို့ ၀င်ရောက် နိုင်ရန် လိုအပ်သော စက်ယန္တရားကိရိယာများ စုံလင်စွာဖြင့် ပြန်လာကောင်း လာနိုင်ပါလိမ့်မည်’’
’’ ဖြစ်နိုင်ကောင်းပါ၏။ ကျွန်ုပ်အနေဖြင့်လည်း လိုအပ်သော ယဇ်ပူဇော်ခြင်းများပြုလုပ်ထားပါအံ့။ နာမ် လောက မှ ၀ိညာဉ်အပေါင်းကိုလည်း တိုင်တည်ပါအံ့။ ထိုအခါ ၄င်တို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက် သည့် အနေဖြင့် ကောင်းသော လမ်းညွန်မှု များ ပေးကောင်းပေးပါကုန်အံ့’’
ပြောရင်းနှင့် အဘိုးကြီးသည် ဂူဝသို့လျှောက်သွားပြီး ကျန်လူများအား အလေးပြုရင်း-
’’ အို… ကျွန်ုပ်၏ သားသမီးများတို့ အခြေအနေ လုံခြုံစိတ်ချရသောအခါ ကျွန်ုပ် ပြန်လာခဲ့ပါအံ့။ ယခုတော့မူ ငြိမ်းချမ်းစွာ နေကြပါကုန်လော့’’ ဟု ပြောလျက်ထွက်သွားလေတော့သည်။
’’ကျုပ် စိတ်ထဲမှာတော့ ဒီမှာ အကြာကြီးနေရလိမ့်မယ်လို့ ထင်နေတယ်ဗျ။ ပြီးတော့ ဒီနေရာက တယ်ပြီး နေချင်စရာ ကောင်းတာ မဟုတ်ဘူး’’
ခရိတ် က သူ့ကိုယ်သူ ပြောသလို ပြောလိုက်သည်။
အမှန်တော့ သူတို့အားလုံးသည် အစဉ်သဖြင့် ဘလှုပ်ရှားထကြွသူများ ဖြစ်လေရာ ယခုကဲ့သို့ ကျောက်ဂူကြီး အတွင်း အပြင်ဘက် မထွက်ဘဲ နေရမည်ဖြစ်သောကြောင့် အလိုလို စိတ်ကျဉ်းကျပ်နေမိကြလေသည်။
သို့သော် အခြေအနေအရ မည်သို့မှ မတတ်နိုင်သဖြင့် ဖြစ်သမျှအကြောင်း အကောင်းချည်းဟုသာ သဘောထား လိုက်ကြရလေသည်။
ဆက်ရန်
.

1 comment:
Thanks.
Ray
Post a Comment