Sunday, October 31, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄ဝ) အဆက် (၂)

ဖွန်ဂါရာဘီ သည် ရုရှဗိုလ်မှူးကြီးအား မျက်ရိပ်ပြလျက် လမ်းဘေးတစ်နေရာတွင် ဒူးထောက် ၍ နေရာ ယူလိုက် သည်။ နှစ်ယောက်စလုံး သေနတ်လက်နက်များ အဆင့်သင့်ထုတ်ကိုင်ထားပြီး ဖြစ်လေသည်။
သူတို့ ရောက်ရှိသော နေရာမှ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သော် တောင်ခြေသို့ သွားသည့်လမ်း သည် တစ်နေရာတွင် ပျောက်ကွယ်သွားသည်ကို သတိပြုမိကြသည်။
တွန်ဂါတာတို့ ပုန်းအောင်းနေရာ လျှို့ဝှက်စခန်းသို့ သွားသည့်လမ်းပင် ဖြစ်ရပေမည်။

ဖွန်ဂါဘီရာသည် ကျေနပ်သဘောကျဟန်ဖြင့် ခေါင်းညိတ်ပြီး ဘူခါရင်ဘက်သို့ လှည့်၍
"မာတာဘယ်လီ ခြေခွေးပုန်းအောင်းနေတဲ့ နေရာကိုတော့ ရောက်လာပြီဗျ။ အခု ဒီကောင် ဘယ်လိုမှ ကျုပ်လက် က ပြေးမလွတ်တော့ဘူး" ဟု ပြောလိုက်သည်။
"ရှိုနာတွေ လာနေပြီ၊ အမြန်ပြေးကြပါတော့၊ ရှိုနာတွေ လာနေပြီ၊ သူတို့က ..."
အမျိုးသမီးတစ်ဦး က မာတာဘယ်လီဘာသာဖြင့် ဟစ်အော်သတိပေးသံသည် ကားတန်းလန်းနှင့်ပင် ပျောက်ကွယ် ရပ်စဲသွားလေသည်။
မီးဖိုနားတွင် ကင်းစောင့်နေသူ ဆာရာသည် ကပျာကာ ထလိုက်င်္ရာ ဟင်းချက်သော အိုးကြီး တစ်လုံး ကို တိုက်မိပြီး အိုးကြီး မှောက်ကျသွားလေသည်။

သို့သော် ဆာရာ က လုံးဝဂရုမစိုက်ဘဲ မြေအောက်ရေအိုင်သို့ ဆင်းသည့် လမ်းကျဉ်းဆီသို့ အလျင် အမြန် ပြေးသွား လေသည်။
"အို ... အရှင်သခင်၊ ရှိုနာစစ်သားတွေ လာကုန်ပါပြီ။ အရှင့်အား ဖမ်းဆီးရန် ရှိုနာတွေ လာကုန်နေပြီ"
ဆာရာ က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပြန်သည်။

ခရိတ် သည် ကျောက်တုံးကြီးတစ်တုံးကို လက်တစ်ဖက်ဖြင့် ပိုက်လျက်ကျန်လက်တစ်ဖက်ဖြင့် ဆာရာအား ပွေ့ထား ကာ ရေအောက်ထဲ ငုပ်ဆင်းသွားလေသည်။
ရေအောက်ဘက် သို့ မရောက်မီ လမ်းတစ်ဝက်တွင် ဆာရာသည် အသက်ရှူရန် ကြိုးစားလာရာ ခရိတ် လည်း မိမိတို့အဖို့ ပြသနာတော့ ပေါ်ပြီဟု ချက်ချင်းရိပ်မိလေသည်။
ဆာရာ၏ မျက်နှာဖုံးခေါင်းဆောင်းကိရိယာအတွင်းသို့ ရေများဝင်လာရာ သူမသည် အသက်ရှူ ရခက်ဟန် လူးလွန့်ရုန်းကန်နေသည်။ ခရိတ်လည်း မနည်းကြိုး၍ ဆာရာအား ဖမ်းကိုင်ထား ရလေသည်။
ရေအောက် ဥမင်လမ်းကျဉ်းအ၀အနီးသို့ ရောက်သောအခါ ခရိတ်သည် ကိုယ်အလေးချိန်များ အောင် ကိုင်ထား သော ကျောက်တုံးကြိးကို လွှတ်ချလိုက်လေသည်။

ဤတွင် ဘွိုင်ယင်ဆီခေါ် ကိုယ်ပေါ့ပါးမှုသည် ချက်ချင်းပြောင်းလဲလာတော့သည်။ ဆာရာ၏ ကိုယ် သည် ပေါ့ပါး လျက် အပေါ်သို့ မြောက်တက်သွားရာ သူမ၏တံတောင်ဆစ်တစ်ဖက်က ခရိတ်၏ မျက်နှာကို ၀င်ဆောင့်မိလေသည်။နာကျင်လွန်းသဖြင့်ခရိတ်သည် ဆာရာအား ဖမ်းကိုင်ထားသည့် လကတစ်ဖက် ကိုလွှတ်လိုက်မိရာ သူမ၏ ကိုယ်သည် ပေါ့ပါးစွာဖြင့် အပေါ်သို့ တက်သွားလေသည်။
သည်တော့မှ ခရိတ်လည်း သတိရပြီး လျင်မြန်စွာလိုက်၍ ဆာရာ၏ ခြေတစ်ဖက်ကို ဖမ်းဆွဲထား လိုက်ရ လေသည်။ ထို့နောက် သူ၏ရုန်းကန်လှုပ်ရှားကာ ခရိတ်သည် မြေအောက်လိုဏ်ဂူလမ်း ပေါက်အတွင်းသို့ အတင်း ဆွဲခေါ် သွားလေသည်။

ဆာရာ၏ မျက်နှာဖုံးခေါင်းဆောင်နှင့် အောက်ဆီဂျင်ကိရိယာတို့သည် ချို့ယွင်းပျက်စီးနေပြီဖြစ် ကြောင်း ထင်ရှား နေပြီဖြစ်ရာ ခရိတ်သည် ဆာရာ၏ကိုယ်မှ ပစ္စည်းကိရိယာများကို ဖြုတ်ပစ် လိုက်သည်။
ဆာရာသည် သိသိသာသာ အားနည်းလာပြီဖြစ်၍ စောစောကကို ရုန်းကန်ခြင်း တွန်းထိုးခြင်းများ မ လုပ် နိုင် တော့ချေ။ ယင်းသို့ အားနည်းပြီး လှုပ်ရှားမှုမလုပ်နိုင်ခြင်းသည် အကောင်းမဟုတ်၊ ရေမွန်း၍  ရေနစ် သေဆုံးတော့ မည့် အရိပ်လက္ခဏာ ဖြစ်လေသည်။

ခရိတ်ကိုယ်တိုင်ကလည်း ဆာရာအား ငြိမ်အောင်ချုပ်ထိန်းရာ၌ အလွန်အားစိုက်ရသောကြောင့် သူ၏ အောက်ဆီဂျင်ဘူးထဲမှ အောက်ဆီဂျင်များ ပို၍ လျင်မြန်စွာ ကုန်သွားလေရာ သူ၏ ရင်တွင်းမှ အဆုတ်များ မီးဟုန်းဟုန်း တောက်လောင်နေဘိသကဲ့သို့ ခံစားနေရလေသည်။ ဤတွင် ခရိတ် သည် သူ့ကိုယ်သူ ပြန် သုံးသပ် ကြည့်ရာ မှ ထိတ်လန့်တုန်လှုပ်သွားလေသည်။
သူသည်လည်း ဆာရာကဲ့သို့ပင် အဆုတ်ထဲ ရေများဝင်ကာ ရေနစ်မွန်းနေပြီင်္ဖြစ်ကြောင်း သိရှိပြီး တုန်လှုပ် ချောက်ခြား မိခြင်း ဖြစ်လေသည်။
ဟုတ်ပါပြီ၊ ဆာရာနှင့် သူတို့နှစ်ယောက်စလုံး ရေအောက်ထဲမှာပင် အသေဆိုးကြရတော့မည် ဖြစ်ပေသည်။

ခရိတ်သည် သတိမလစ်ရန် အထူးကြိုးစား၍ စိတ်ကို တင်းထားသည့်ကြားမှ သတိလက်လွတ် ချင်သလို ဖြစ်လာသည်။ သတိလစ်သွားလျှင်ကား လုံးဝ ပြန်လည်သတိရတော့မည် မဟုတ်ဟု လည်း သိနေပေသည်။
ထိုခဏ ၌ တစ်စုံတစ်ယောက်က သူ၏ဆံပင်ကို ဆွဲလိုက်သလို ခံစားရပြီးနောက် မကြာမီ ရေမျက် နှာပြင် ပေါ်သို့ ရောက်ရှိလာလေသည်။
အသင့်စောင့်နေသူ ဆယ်လီသည် ရေအောက်ထဲ၌ ခရိတ်နှင့် ဆာရာတို့ ရေနစ်မွန်းတော့မည့်အ ဖြစ်ကို သူတို့၏ လက်နှိပ်ဓါတ်မီးရောင်ဖြင့် မြင်ပြီး ရိပ်မိသဖြင့် သူမကိုယ်တိုင် ရေထဲခုန်ဆင်းကာ  ခရိတ်၏ဆံပင်ကို ဖမ်းဆွဲ တင်လိုက်ခြင်းလေသည်။

ဆာရာမှာမူ လုံးဝသတိမရတော့ဘဲ ရေထဲတွင် မှောက်လျက်မျောနေပြီ ဖြစ်သည်။
ခရိတ် သည် အထူးစိုးရိမ်လာမိသဖြင့် ဆယ်လ အား အကူအညီ တောင်းလိုက်သည်။
"ဆယ်လီ---ဆယ်လီ ငါ့ကို ၀ိုင်းကူပါဦး။ ဆာရာကို ရေထဲက မြန်မြန်ဆယ်ထုတ်မှ ဖြစ်မယ်။ မြန်မြန် လုပ်စမ်းပါ။"
ဆယ်လီလည်း အခြေအနေကို ချက်ချင်းသဘောပေါက်မိသဖြင့် ခရိတ်နှင့်အတူ နှစ်ယောက်အင်အားဖြင့် ဆာရာ အား လျင်မြန်စွာ ရေထဲမှ ဆွဲတင်လိုက်ကြလေသည်။

ခရိတ်သည် ဆာရာ၏ပါးစပ်ထဲသို့ လက်ညှိုးထိုး၍ ရေတွေ အန်ထွက်အောင် ကြိုးစားကြည့်ရာ ကံအား လျော်စွာ ရေများ အန်ထွက်လာပြီး သူမသည် အသက်ပြန်ရှူစ ပြုလာလေသည်။
သည်တော့ မှ ခရိတ်လည်း စိတ်ချသွားကာ သူ၏ လတ်တလော တာဝန်အကြောင်း ပြန်စဉ်းစား နိုင်တော့သည်။
"ဒီမယ် ဆယ်လီ ရေငုပ်ဝတ်စုံနဲ့ ကိရိယာတွေက သုံးလို့မရတော့ဘူး။ ပျက်စီးကုန်ပြီ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ငါ တစ်ခေါက်ပြန်ရေငုပ်ရလိမ့်ဦးမယ်။ ဟိုပေါ်မှာ တွန်ဂါတာတစ်ယောက်တည်း ပြန်သွားပြီး ဒီကို ခေါ်လာခဲ့မှ ဖြစ်မယ်။"

"ဟင် ---ရှင် တစ်ခေါက် ပြန်သွားလို့ ဖြစ်ပါမလား။ ရှင် သေသွားလိမ့်မယ်။"
ဆယ်လီ စိုးရိမ်၍ ပြောရှာသော်လည်း ခရိတ်က လက်မခံဘဲ ခေါင်းခါလိုက်သည်။
"မသွားလို့ မဖြစ်ဘူး။ ငါ့သူငယ်ချင်း တွန်ဂါတာကို သွားခေါ်မှ ဖြစ်မယ်"
"ဒါဖြင့် လည်း သတိထား သွားပါနော်။ ရှင် ချောချောမောမော ပြန်လာခဲ့ပါ ဒါလင်ရယ်"

သို့ရာတွင် မြေအောက်ရေအိုင်သို့ ပြန်ရောက်သွားပြီး ခေါင်းဖော်ကြည့်လိုက်သောအခါ သူ၏ မျက်လုံး ကျိန်းစပ် လျက် အသက်ရှူ၍ မရသလို ဖြစ်လာလေသည်။
ရန်သူရှိနာစစ်သား များက ဂူအတွင်းသို့ဝင်လာပြီး ဂက်စ်ဓါတ်ငွေ့များ လွှတ်ထားကြောင်း သိသာ ထင်ရှား နေပေသည်။
တွန်ဂါတာ ကိုမူ ရေထဲတွင် ခါးမြှပ်အောင် ဆင်းလျက် ကျောက်တုံှးှကြီးတစ်တုံးအကွယ်တွင် ၀ပ်နေသည်ကို မြင်ရ လေသည်။ သူ၏ ရှပ်အကျီင်မှာ စုတ်နေပြီး အင်္ကျီမှပိတ်စကို နှာခေါင်းနှင့် ပါးစပ်တွင် ပတ်ထားသည် ကို လည်း သတိပြုမိလေသည်။"

သူငယ်ချင်း ဂူတစ်ခုလုံးမှာ ရှိုနာစစ်သားတွေ ရောက်နေပြီ"
တွန်ဂါတာ ပြော၍မဆုံးမီပင် အသံချဲ့စက်ဖြင့် တစ်စုံတစ်ယောက်က အင်္ဂလိပ်လိုအော်ပြောသံကို ကြားရ လေသည်။
"ခင်ဗျား တို့ အခုချက်ချင်း လက်နက်ချ အညံ့ခံရင် ခင်ဗျားတို့ကို အနာတရမဖြစ်စေရဘူး။ ခုချက်ချင်း လက်နက်ချ လိုက်ပါ"
ယင်းသို့ ရာဇသံပေးလိုက်သည်ကို ပိုမို လေးနက်စေရန် လက်တွေ့ပြသည့် သဘောပဲလား မသိ။ အဝေးသို့ လက်ပစ်ဗုံး ပစ်လွှတ်သည့် လောင်ချာ လက်နက်ဆွဲသံကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် မျက်ရည်ယို ဗုံးတစ်လုံး ဂူအတွင်းသို့ ၀င်ရောက်ကျလာလေသည်။

"သူတို့တွေက ဂူအောက်ကို အလုံးအရင်းနဲ့ ဆင်းလိုက်လာကြပြီး ကျုပ်တစ်ယောက်တည်းနဲ့ သူတို့ကို တားလို့ မရဘူး။"
တွန်ဂါတာက ပြောရင်းနှင့် သူ၏ မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် ရန်သူဘက်သို့ တစ်ချက်ဆွဲပစ်လိုက်သည်။
နောက်ထပ် ပစ်၍မရတော့ချေ။ ကျည်ဆန် လုံးဝကုန်သွားပြီ ဖြစ်သည်။

တွန်ဂါတာသည် စိတ်ပျက်ပျက်နှင့် ရိုင်ဖယ်သေနတ်ကို ရေထဲပစ်ချလိုက်ပြီးနောက် မိမိတို့အတွက် နောက်ဆုံး အခြေအနေတွင် အသုံးပြုရန် ၀ှက်ထားသော ကျည်ဆန်လေးထောင့်ကို သတိရကာ သွားယူမည် ပြုရာ ခရိတ်က ရိပ်မိသဖြင့် ဟန့်တားလိုက်သည်။
"သူငယ်ချင်း ဒီလိုလုပ်ဖို့ မလိုသေးပါဘူး။ အခု ကျုပ်တို့ ဒီရေအောက်က ငုပ်သွားရင် တစ်နေရာမှာ  ထွက်ပေါက် ရှိတယ်"
ခရိတ် က ဖျောင်းဖျသလို ပြောလိုက်သည်။

"ကျုပ်က ရေမကူးတတ်ဘူးလို့ ပြောထားပြီ မဟုတ်လား"
"မဆိုင်ပါဘူး၊ ခင်ဗျားလိုပဲ လုံးဝရေမကူးတတ်တဲ့ ဆာရာကိုတောင် ကျုပ်ကရေအောက်ထဲက တစ်ခေါက် ခေါ် သွားပြီးခဲ့ပြီ။ သူငယ်ချင်းကိုလည်း ကျုပ်က ဖြစ်အောင် ရေငုပ်ခေါ်သွားနိုင်မှာပါ။
တွန်ဂါတာက ခရိတ်၏မျက်နှာကို သေချာစွာ အကဲခတ်ကြည့်နေရာ ခရိတ်က
"သူငယ်ချင်း ကျုပ်ကို ယုံကြည်စိတ်ချစမ်းပါ"ဟုပြောလိုက်သည်။
"ဆာရာက ဘေးကင်းရာကို ရောက်သွားပြီနော်။

"ဟုတ်ပါတယ် သူငယ်ချင်း၊ ဆာရာဟာ ဟိုမှာ စိတ်ချရတဲ့နေရာ ရောက်နေပြီ ဆိုတာ ကျုပ် တာဝန်ခံပါတယ်။ ပြီးတော့ သူငယ်ချင်းအနေနဲ့ ရန်သူဘက်က လက်ရဖမ်းဆီးတာကို အဖမ်းခံလို့ မဖြစ်ဘူး။ ဆာရာနဲ့တကွ ခင်ဗျားတို့ မာတာဘယ်လီ လူထုကိုငဲ့ပြီး ခင်ဗျားက ရန်သူကို ဆက်တိုက်မှ ဖြစ်မယ်ဆိုတာကိုလည်း စဉ်းစားပါဦး။
"ခရိတ်က ဤသို့ပြောလိုက်ခြင်းမှာ တွန်ဂါတာသည်  သူတို့ မာတာဘယ်လီ လူမျိုးတွေ ဖိနှိပ်ခံနေခြင်းမှ လွတ်မြောက်ရေးကို ထိပ်တန်းတင် ဦးစားပေးမည်ဟု တထစ်ချသိ၍ ပြောလိုက်ခြင်းဖြစ်သည်။
သည်တော့ မှ တွန်ဂါလည်း ခရိတ်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ ကျုပ် ဘာလုပ်ရမယ်ဆိုတာသာပြောပါ"
"ဘာမှ အထူးလုပ်စရာ မရှိဘူး။ လေကို ၀၀ရှူပြီး အသက်အောင့်ထားလိုက်ပါ။ ကျုပ်က သူငယ်ချင်းကို ရေငုပ်ပြီး ရေအောက်ထဲက ဆွဲခေါ်သွားမယ်"
ထို့နောက် ခရိတ်သည် တွန်ခါတာအား ဆွဲခေါ်ကာ ရေထဲငုပ်ဆင်းသွားလေသည်။ အမှန်တော့ သူသည် အလွန်ပင်ပန်းအားနည်းနေပြီဖြစ်၍ တွန်ဂါထာ၏ ခန္ဓာကိုယ် အလေးချိန်ကို အလွန်ပင်ပန်းကြီးစွာဖြင့် ဆွဲခေါ် သွားရ လေသည်။

ရေအောက် ဥမင်လမ်းကျဉ်းသို့ ရောက်သောအခါ ခရိတ်သည် အောက်ဆီဂျင်ဓာတ်နည်းပါးမှုကြောင့် သတိမေ့ချင် သလို ဖြစ်လာသည်။ သတိမမေ့အောင် စိတ်ကို ကြိုးစားတင်း၍ အပေါ်ရေမျက်နှာပြင်ဆီ သို့ တက်ရန် ကူးသွားလေသည်။ သို့သော် ကြာရှည်မထိန်းနိုင်ဘဲ ခရိတ်သည် ရေထဲမှာပင် သတိမေ့ သွားလေ တော့သည်။
သတိမေ့သွားခါနီး သူ၏ စိတ်ထဲတွင် ငါတော့ သေရတော့မှာပဲဟု ထင်မိလိုက်လေသည်။
သို့ရာတွင် မကြာမီ သတိပြန်ရလာတော့မှ မသေသေးကြောင်း သိရလေသည်။ သူ၏ ဘေးနားတွင် လူတွေ ရှိနေမှန်းလည်း သိနေသည်။

ထို့ပြင် ချစ်သူ ဆယ်လီ၏ အသံဖြင့်
"ခရိတ် ... ခရိတ် ... ဒါလင် သတိရလာပြီ မဟုတ်လားဟင်" ပြောသံလည်း ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က -
"ဟုတ်ပါတယ်၊ သူ ပြန်သတိရလာပါပြီ" ဟု ပြောလိုက်သည်။

အခန်း (၄၁)

သူတို့အားလုံးသည် ခိုက်ခိုက်တုန်အောင် ချမ်းနေကြလေသည်။
မိန်းကလေး နှစ်ဦးက ထိုနေရာရှိ သစ်သားလှေကားရင်းတွင် ရှိနေကြပြီး ခရိတ်ကို လှေကားတိုင်ရင်းတွင် မှီနေစေ ရန် ၀ိုင်းထိန်းထားကြလေသည်။
တွန်ဂါတာကတော့ ကိုယ်တစ်ပိုင်း ရေထဲမှာပင် ရှိနေလျက် ခရိတ်၏ ဦးခေါင်းရှေ့သို့ ငိုက်ကျမသွားအောင် လက်ဖြင့် ကိုင်ထိန်းထားသည်။
အမှန်တော့ ခရိတ် သတိမေ့သွားချိန်တွင် တွန်ဂါတာက ၀င်ကူထိန်းပေးထား၍သာ ရေနစ်မသေခဲ့ခြင်းဖြစ် လေရာ ခရိတ်သည် အားပြတ်နေသည့်ကြားမှပင် တွန်ဂါတာအား ပြုံးပြလိုက်သည်။
" ဒါနဲ့များ သူငယ်ချင်းက ရေမကူးတတ်ဘူး၊ ရေကို ကြောက်သလေး ဘာလေးနဲ့ ပြောခဲ့သေးတယ် "

ခရိတ်က တွန်ဂါတာအား အထူးကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်လေသည်။
ဆယ်လီ သည် အသားတွေ ဆတ်ဆတ်တုန်အောင် ချမ်းနေရာမှ ...
" ကျွန်မတို့ ဒီမှာ ကြာရှည်ဆက်နေလို့ မဖြစ်ဘူးရှင့် "ဟု လက်တွေ့ အခြေအနေကို သတိပေးလိုက်သလို ပြောလိုက် သည်။
" ဒီနေရာက ထွက်ဖို့ရာ လမ်းတစ်ခုပဲ ရှိတယ် "

ထိုအခါ အားလုံးသည် သစ်သားလှေကားမှ တက်သွားရမည့် မီးခိုးပြောင်းတိုင်ကဲ့သို့ အပေါက်ကျဉ်းဆီသို့ မော့ကြည့်လိုက်ကြသည်။ ထိုနေရာမှ တက်သွားပါက ဘာတွေရှိ၍ ဘယ်နေရာ ရောက်သွားမည်ကိုကား မသိရချေ။

ခရိတ်သည် အားပြတ်လျက်ရှိနေသော်လည်း တွန်ဂါတာ၏ လက်ကိုတွန်းဖယ်ပစ်ကာ ထလိုက်သည်။ ထို့နောက် သစ်သားလှေကား၏ အခြေအနေကို သေချာစွာ လေ့လာစစ်ဆေးကြည့်လေသည်။
ထိုလှေကားမှာ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းဆေးဆရာ (မှော်ဆရာကြီး) များက သစ်ခေါက်ကြိုးများဖြင့် လှေကားကို တုပ်ချည်ကာ ပြုလုပ်ထားလေသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်၍ လှေကားသည် ခိုင်ခံ့ပုံ မရတော့ချေ။

" လှေကားကလည်း ကျွန်မတို့အားလုံးတက်ဖို့ ခိုင်ပါ့မလားရှင့် "
ဆာရာက မေးလိုက်ရာ ခရိတ်သည် လှေကားအခြေအနေကို သေချာစွာ ပြန်ကြည့်ပြီးမှ ဖြေလေသည်။
" တစ်ယောက်ချင်း တက်မှဖြစ်မယ်။ လှေကားက သိပ်မခိုင်တော့ဘူး။ အရင်ဆုံး ဆယ်လီက တက်သွား။ ပြီးတော့မှ ဆာရာက လိုက်တက်ရမယ်။ မင်းတို့တက်ရင် ကြိုးတစ်ချောင်းပါ ယူသွား။ အပေါ်ရောက်ရင် အဲဒီကြိုး နဲ့ ကင်းဗတ်အိတ်တွေရယ်၊ မီးအိမ်တွေရယ် ကြိုးနဲ့ ဆွဲတင်ယူရမယ် "
ဆယ်လီသည် ခရီတ်ညွှန်ကြားသည့်အတိုင်း ကြိုးခွေကို ပခုံးတွင် လွယ်ကာ သစ်သားလှေကားမှ စတင် တက် လေသည်။

သူမ ခပ်သွက်သွက် တက်သွားသဖြင့် လျေကားသည် အသံများမြည်လျက် သူမ၏ ခန္ဓာကိုယ် အလေးချိန် ကြောင့် ဟိုဘက်သည်ဘက် ယိမ်းယိုင်လျက်ရှိလေသည်။
ဆယ်လီ က မီးအိမ်တစ်ခုပါ ယူဆောင်၍ တက်သွားလေရာ အပေါ်နားသို့ ရောက်သောအခါ လူကို မမြင်ရ တော့ဘဲ မီးအိမ်မှ အလင်းရောင်ကိုသာ အောက်မှ လူများက မြင်နေရတော့သည်။
ခဏ မျှကြာလျှင် မီးအိမ်၏ အလင်းရောင်ပါ ပျောက်ကွယ်သွားလေသည်။

" ဆယ်လီ ... ဆယ်လီ "
အောက်မှ လှမ်းအော်ခေါ်ကြည့်သောအခါ ချက်ချင်းပင် သူမက ပြန်ထူးလေသည်။
" ကျွန်မ ဒီပေါ်မှာ ရှိပါတယ်။ အိုကေပါပဲ၊ ဒီပေါ်မှာ ပလက်ဖောင်းလိုလိုတစ်ခုရှိတယ်ရှင့် "
" ဘယ်လောက်ကြီးသလဲကွဲ့ "
" တော်တော် ကြီးပါတယ်။ ကျွန်မ အခု ကြိုးကို ပြန်ချပေးလိုက်မယ် "

ဆယ်လီက ပြောပြီး ကြိုးစကို အောက်သို့ ပြန်ချပေးလိုက်ရာ တွန်ဂါတာသည် ကင်းဗတ်အိတ်များကို ကြိုးစ တွင် ချည်နှောင်ပေးလိုက်သည်။
" ကဲ ... ဆယ်လီရေ ကြိုးစကို ဆွဲတင်တော့ဟေ့ "
ဆယ်လီ သည် ကြိုးစကို အပေါ်သို့ ဆွဲတင်ယူလိုက်သည်။
" အိုကေ အခု ဆာရာကို လွှတ်တင်လိုက်တော့ "
ဆယ်လီ က အပေါ်မှ လှမ်းပြောသဖြင့် ဆာရာသည် လှေကားမှ တက်သွားလေသည်။

မကြာမီ မိန်းကလေးနှစ်ဦး တီးတိုးပြောသံကို သဲ့သဲ့မျှ ကြားကြရလေသည်။
" အိုကေ နောက်တစ်ယောက် တက်လာပေတော့ "
ဆယ်လီ က အပေါ်မှ ခေါ်ပြန်သဖြင့် ခရိတ်သည် တွန်ဂါတာအား -
" ကဲ ... သူငယ်ချင်း အရင်တက်သွားပါ " ဟုပြောလိုက်သည်။

သို့သော် တွန်ဂါတာက လှေကားဆီသို့ မသွားဘဲ ...
" သူငယ်ချင်းက ကိုယ်အလေးချိန် နည်းတယ်မဟုတ်လား၊ ခင်ဗျား အရင်သွားနှင့်ပါ "ဟု ပြောရာ ခရိတ်သည် စိတ်မရှည် သလို ဖြစ်လာလေသည်။
" ကျုပ်က သွားဆိုရင် သွားစမ်းပါဗျာ ပြန်ပြီး ငြင်းခုံမနေပါနဲ့ မြမနမြန်သာသွားလိုက်စမ်းပါ "
သည်တော့မှ တွန်ဂါတာသည် ဆက်မငြင်းတော့ဘဲ သစ်သားလှေကားပေါ်သို့ စတင်တက်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အလေးချိန်က အတော်များလေရာ သစ်သားလှေကားဟောင်းသည် ဒဏ်ကို ခံနိုင်ပုံမရချေ။ လှေကားထစ် တစ်ခုသည် တွန်ဂါတာ၏ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ပြုတ်ထွက်ကျသွားလေသည်။

" သူငယ်ချင်း အောက်က ရှောင်လိုက်ဦး "
တွန်ဂါတာက အရေးတကြီး ဟစ်အော်သတိပေးလိုက်သဖြင့် ခရိတ်လည်း လျင်မြန်ဖျတ်လတ်စွာ တစ်ဖက်သို့ တိမ်းရှောင်လိုက်စဉ်မှာပင် လှေကားမှ ပြုတ်ကျလာသော သစ်သားတန်းသည် ခရိတ်၏ ဘေးမှ ကပ်၍ အောက်သို့ ကျသွားလေသည်။
တွန်ဂါတာက သတိထားလျက် လှေကားမှ အပေါ်သို့ ဆက်တက်သွားလေရာ လူပါ ပျောက်ကွယ်သွားလေ သည်။
သို့သော် သူ၏ အသံကိုတော့ ကြားနေရသည်။

" သူငယ်ချင်း ခရိတ်၊ လှေကားကတက်ရင် အထူးသတိထားပြီး တက်ပါ။ လှေကားက တော်တော်ဆွေး နေပြီ။ လုံးဝ မခိုင်တော့ဘူး "
ခရိတ်လည်း ရေထဲမှ အပေါ်သို့ လျင်မြန်စွာ တက်၍ သူ၏ ခြေတုတစ်ဖက်ကို တပ်ဆင်လိုက်လေသည်။
" အိုကေ ကျုပ်တက်လာတော့မယ် "
ပြောပြောဆိုဆို ခရိတ်သည် သစ်သားလှေကားမှ စတင်တွယ်တက်လေသည်။ သို့ရာတွင် သူသည် ဆန္ဒစောပြီး ရှေ့လောကြီးစွာဖြင့် တက်သွားသောကြောင့် နဂိုက ဆွေးနေသော လှေကားသည် ကျိုးပဲ့ပြုတ် ကျတော့မလို အသံများ မြည်စပြုလာလေသည်။

ခရိတ်လည်း ထိတ်လန့်လျက် လက်နှစ်ဖက်ဖြင့် တွင်း၏ အပေါ်နှုတ်ခမ်းနှင့် ဆက်စပ်နေသော သစ်သားတန်းကို ဖမ်းဆွဲထားလိုက်ရသည်။ သူ၏ ခြေနှစ်ဖက်က သစ်သားလှေကားထစ်ပေါ်တွင် မရှိဘဲ လွတ်နေပြီ ဖြစ်လေသည်။
" သူငယ်ချင်း တွန်ဂါတာ ကျုပ် ဘယ်လိုမှ မလုပ်တတ်တော့ဘူး။ နောက်ထပ် လှုပ်တာနဲ့ လှေကားတစ်ခုလုံး ပျက်ကျပြီး ကျုပ်ပါ အောက်ကို ပြုတ်ကျသွားလိမ့်မယ် "
ခရိတ် က အပေါ်သို့ လှမ်းပြောလိုက်သဖြင့် တွန်ဂါတာသည် အပေါ်မှနေ၍ ကြိုးစတစ်ခု ချပေးလေသည်။
ခရိတ် က ထိုကြိုးကို ဖမ်းဆွဲကိုင်မိလျှင် တွန်ဂါတာသည် အပေါ်မှ ဆွဲတင်လိုက်သည်။

ခရိတ်သည် အလွန်ပင်ပန်းပြီး အားနည်းနေပြီဖြစ်ရာ တွန်ဂါတာ၏ ခွန်အားဗလအထူးကောင်းမွန်၍သာ ယခုကဲ့သို့ မိမိအား ကောင်းစွာဆွဲတင်နိုင်ခြင်းဖြစ်သည်ဟု ဆင်ခြင်သုံးသပ်မိကာ တွန်ဂါတာအား အထူး ကျေးဇူးတင် မိလေသည်။

ကြိုးကို ဖြည်းဖြည်းချင်း ဆွဲတင်၍ မကြာမီ အပေါ်သို့ ရောက်သွားလေရာ ဆယ်လီ၏ မျက်နှာကလေးကို မြင် လိုက်ရသောအခါ ခရိတ်သည် ချက်ချင်းပင် အားတက်သွားမိလေသည်။
အပေါ်သို့ ရောက်သွားပြီးနောက် ခရိတ်သည် ခေတ္တနားနေပြီးမှ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနိုင်လေ သည်။
ယခု သူတို့လေးဦးရောက်ရှိနေသော ပလက်ဖောင်းသဖွယ် ကျောက်ပြားမှာ ထုံးကျောက်များဖြင့် သဘာဝ အလျောက် ဖြစ်နေသော ကျောက်ပြားကြီးတစ်ခုပင် ဖြစ်သည်။
သို့ရာတွင် သူတို့သည် လိုဏ်ဂူကြီး၏ အပြင်ဘက်သို့ မရောက်သေး။ ဂူကြီး၏ ရှုပ်ထွေးသော အတွင်းတစ်နေရာတွင်ပင် ရှိနေကြသေးသည်။ သေချာစွာ ကြည့်လိုက်သောအခါ ထိုနေရာမှတစ်ဆင့် သွား နိုင်သည့် ဥမင်လိုဏ်ခေါင်းငယ်တစ်ခုကို တွေ့ရပြန်လေသည်။

" အဲဒီ လိုဏ်ခေါင်းလမ်းက သွားကြရမှာပဲထင်တယ်။ တခြားလမ်းလည်း မရှိဘူး။ တစ်ချိန်တုန်းက မှော်ဆရာကြီးတွေလည်း ဒီလမ်းက သွားခဲ့တာ ဖြစ်မှာပါပဲ "
ဆယ်လီက ခပ်တိုးတိုး ပြောလိုက်သည်။
မည်သူကမှ ပြန်မပြောကြချေ။ အားလုံးမှာ မောပန်းပြီး ရိုးတွင်းခြင်ဆီသို့ တိုင်အောင် အအေးဒဏ်ကို ခံနေကြရလေသည်။
" ဒီလိုပဲ ထိုင်နေကြလို့ မဖြစ်ဘူးရှင့်။ ကျွန်မတို့ အားလုံးကြိုးစားပြီး လှုပ်ရှားသွားလာနေမှ တော်လိမ့်မယ် "
ဆယ်လီက ထပ်မ့ပြောလိုက်တော့မှ ခရိတ်သည် ခြေပစ်လက်ပစ် ထိုင်နေရာမှ ကြိုးစား၍ မတ်တတ်ထ လိုက်သည်။

ဆက်ရန်
.

4 comments:

လသာည said...

အားလုံးလွတ်မြောက်ပါစေ....

အစ်မရေ ကျေးဇူး...

Anonymous said...

Thanks.

Ray

ဇွန်မ said...

အဆက်လေး မျှော်နေတယ်နော် ကျေးဇူးပါ အမရေ။

Unknown said...

မရွှေဇင်ရေ မရွှေဇင် အင်တာဗျူးလေးကို VOA မှာ နားဆင်လိုက်ရပါတယ် ကျနော်ပြောမယ့်အကြောင်းအရာကတော့ ဆိုတော့မဆိုင်ပါဘူး ဒါပေမဲ့ မရွှေဇင်လိုခြင်တယ်ဆိုယင်တော့ပေးဘို့အတွက် စိတ်ကူးမိလို့ပါ အင်တာနက်နဲ့ဝေးနေတဲ့ဒေသမှာရောက်နေတော့ စာပဲရေးထားရတယ် စာရေးထားတယ်ဆိုတာထက် စာအုပ်ကကူးထားတယ်ပေါ့ ပြီးတော့ ပီဒီအက်ဖိုင်လုပ်ထားတယ် ``အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း´ပေါ့နော် အဲဒါလေးကို မရဲ့ပို့လေးမှာတင်ခြင်တယ်ဆိုယင် ပေါ့နော် ကျနော်ပို့ပေးပါရစေ ကျနောမှာပို့မရှိပါဘူး စာဖတ်တာတော့အရမ်းကိုဝါသနာပါပါတယ် လိုခြင်တယ်ဆိုယင်တော့ mgnaylinthat@gmail.com ကိုဆက်သွယ်လို့ရပါကြောင်း လေးစားစွာဖြင့် ရေးသားအပ်ပါတယ်ခင်များ မရွှေဇင်ဦး နှလုံးစိတ်ဝမ်းအေးချမ်းစေကြောင်းဆုတောင်းလျှက်
မောင်နေလင်းသက်