အာရ်ပီဂျီ အမှတ်(၇) ခေါ် ဒုံးကျည်လက်နက်တစ်မျိုးပင်တည်း။ သို့သော်လျင်မြန်လွန်းသဖြင့် သူတို့ဘက်မှ ပြောက်ကျား ရဲဘော်များအား ဟစ်အော်သတိပေးရန်ပင် အချိန်မရလိုက်ချေ။
ဒုံးကျည် သည် စစ်ကားကြီးအပေါ်တည့်တည့်မကျဘဲကား၏ ရှေ့နားတွင်ကျသွားလာရာ ယင်းကြောင့်ပင် လျှင် သူတို့ အသက်ချမ်းသာရာရသွားလေသည်။
ဒုံးကျည်ပေါက်ကွဲမှုကြောင့်ကား၏ အင်ဂျင်စက်တစ်ခုလုံးကြေမွပျက်စီးသွားရုံမက ကားပါကျွမ်းပစ်သလို လိမ့်ထွက် သွားလေရာ ခရိတ်သည်ကားပေါ်မှ လွင့်စဉ်ကျသွားလေသည်။
`ခရိတ်သည် ဒဏ်ရာကြီးကြီးကျယ်ကျယ်မရသဖြင့် လေးဘက်ထောက်တွား၍သွားရန် ကြိုးစားနေစဉ် တောင် ကုန်းပေါ်မှရန်သူစက်သေနတ်က သူရှိရာသို့ချိန်ပြီး ပစ်ခတ်ပြန်သဖြင့်မြေပြင်တွင် အလျားထိုး မှောက်နေ လိုက်ရလေသည်။
ပျက်စီးတိမ်းမှောက်နေသောတိုယိုတာကားကြီး၏ ဘေးနားတွင် ဒဏ်ရာရသူ ပြောက်ကျားရဲဘော်များ ရှိနေ လေသည်။ ရဲဘော်တစ်ဦးဆိုလျှင် ကိုယ်တစ်ပိုင်းကားကြီးပိနေလျှက်ငယ်သံပါအောင် ဟစ်အော် ညည်းညူ လျက် ရှိလေသည်။
ခရိတ်မှာမည်သို့မျှမတတ်နိုင်ဘဲ ကျန်ရဲဘော်များအား-
ဟေ့ ... နံရံအုတ်ထရံဘက်ကို ပြေးကြ၊ မြန်မြန်ပြေးကြ’’ ဟု မာတာဘယ်လီဘာသာဖြင့် ဟစ်အော်ပြောရင်း သူကိုယ်တိုင် စတင်ပြေးသွားလေသည်။
အုတ်ထရံဆိုသည်မှာ အကျဉ်းသားများအားသေဒဏ်ပေး ကွပ်မျက်သည့်နေရာပင်ဖြစ်သည်။ ယခု သူတို့ ရှိရာ နေရာမှ လက်ယာဘက်ကိုက်ခုနှစ်ဆယ်ခန့် ကွာဝေးလေသည်။
ရန်သူစက်သေနတ်ကသူတို့နောက်သို့ လိုက်ပစ်လျက်ပင်ရှိလေသည်။
ခရိတ် သည် ကျည်ဆန်များကို တိမ်းရှောင်သည့်အနေဖြင့်အရက်မူးသမားလို ယိမ်းယိုင်ကွေ့ကောက်၍ ပြေးသွား လေသည်။
ထိုအခိုက်သူ၏ရှေ့မှ ပြေးနေသူ ပြောက်ကျားရဲဘော်တစ်ဦးသည် ခြေထောက်နှစ်ဖက်စလုံးကို စက်သေနတ် ထိမှန်ပြီး လဲကျသွားသဖြင့် ခရိတ်ကခေတ္တရပ်တန့်လိုက်မိသည်။
ထိုရဲဘော်သည်ခရိတ်အားမော်ကြည့်ရင်း -
ဒီသေနတ်ကိုယူသွားပါ။ ကျွန်တော်သေပါပြီ’’ ဟု မာတာဘယ်လီဘာသာဖြင့်ပြောရင် အေကေ ၄၇ သေနတ် ကို ခရိတ်အား လှမ်းပစ်ပေးလိုက်သည်။
ခရိတ်လည်း သေနတ်ကိုယူလိုက်ပြီး -
အို .... အသင်ရဲဘော် သင်သည်ယောင်္ကျားကောင်းပီသပါပေသည်’’ဟု မာတာဘယ်လီဘာသာဖြင့် ပြန်ပြောကာ ဆက်ပြေးသွားလေသည်။
ထိုအချိန်၌ ပြောက်ကျားခေါင်းဆောင်ရဲဘော်လွတ်ကောက်သည် အုတ်ထရံအနီးသို့ရောက်သွားပြီဖြစ်ရာ ရန်သူ စက်သေနတ်သမားက ခရိတ်ဘက်သို့ပြန်လည်ပစ်ခတ်နေပြန်သည်။ ခရိတ်လည်း ကွေ့ကောက် ရှောင်တိမ်းရင်း ဆက်ပြေးနေရသည်။
အုတ်ထရံအနီးသို့ရောက်သောအခါ ခရိတ်သည်ဘေ့စ်ဘောအားကစားသမားတစ်ယောက်လို ခြေနှစ်ဖက် ကို ရှေ့ သို့ ပစ်ထိုး၍ လှဲချလိုက်သည်။
ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သောအခါ မိမိတို့ရဲဘော်များအနက်ခေါင်းဆောင် ရဲဘက် လွတ်ကောက်နှင့် အခြားပြောက်ကျားရဲဘော်နှစ်ဦးတို့သာလျှင် ထိခိုက်မူမရှိဘဲ အုတ်နံရံဆီသို့ချောမောစွာ ရောက်ရှိ လာကြောင်း သတိပြုမိလေသည်။
ရန်သူရဲ့သေနတ်ကိုဖြိုခွင်းပစ်မှ ဖြစ်မယ်’’ ခရိတ်ကပြောလိုက်ရာ -
ရဲဘော်လွတ်ကောက်က ပြုံးလိုက်သည်။
အို .... သင်ကူဖီလာ၊ သင်ကိုယ်တိုင်ရန်သူ့သေနတ်ကို သွား၍ဖြိုခွင်းပါလော့။ ငါတို့ကစိတ်ဝင်စားစွာဖြင့် ကြည့်နေပါမည်’’
ရဲဘော်လွတ်ကောက်က ဤသို့ပြောပြီးချိန်မှာပင် အာရ်ပီဂျီဒုံးကျည်တစ်ခုသည် အုတ်နံရံသို့ လာရောက် ထိမှန် လေရာ ကျယ်လောင်စွာမြည်ဟည်းပေါက်ကွဲလျက်ခရိတ်တို့၏ တစ်ကိုယ်လုံး ဖုန်မှုန့်များ ဖုံးလွှမ်း သွာစေ တော့သည်။
ခရိတ်သည်ကိုယ်ကိုတစ်ပတ်လှိမ်းလိုက်ပြီးနောက် အေကေ ၄၇ ရိုင်ဖယ်သေနတ်ကိုစစ်ဆေးကြည့်ရာ ကျည်ဆန် ကတ် တွင် ကျည်ဆန်အပြည့်ရှိကြောင်း တွေ့ရလေသည်။
ရဲဘော်လွတ်ကောက်က သူ၏ကျော်ပိုးအိတ်ထဲမှာ နောက်ထပ်ကျည်ဆန်တစ်ကတ်ထုတ်ယူ၍ ခရိတ်အား ပေးလေသည်။
တတ်နိုင်သလောက် လက်နက်များများရှိရန်လိုအပ်သည်ဟု ယူဆမိသဖြင့်ခရိတ်သည် တိုကာရက်ဗ် မောင်းပြန်ပစ္စတိုသေနတ်ကို ခါးတွင်ထိုးထားလိုက်ပြီး လက်ပစ်ဗုံးနှစ်လုံးကိုလည်း သူ၏အင်္ကျီအိတ်ထဲ ထည့်ထားလိုက်သည်။
ခရိတ်သည်အုတ်နံရံများ၏ဘေးမှ အသာခေါင်းပြူကြည့်လိုက်ရာချက်ခင်းပင် စက်သေနတ်ကျည်ဆန်တွေ တရကြမ်း လာသဖြင့် ပြန်ဝပ်နေလိုက်ရသည်။
ရန်သူစစ်သေနတ်ရှိရာနေရာသည် ကိုက်တစ်ရာခန့်သာ ကွာဝေးသော်လည်း အန္တရာယ်ကြီးမားပုံအရ မိုင်တစ်ရာခန့် ဝေးမည်ဟုထင်ရလေသည်။
ယခုအတိုင်းဆိုလျှင် မိမိတို့သည် ညှပ်ပူးညှပ်ပိတ်မိနေပြီဖြစ်သည်။ လျှပ်စစ်မီးမောင်းကြီးများ၏ အလင်း ရောင်အောက်တွင် မည်သူမျှလွတ်အောင်ပြေးနိုင်မည် မဟုတ်ချေ။ ပြေးသည်နှင့် ရန်သူကအလွယ်တကူ ပစ်ချနိုင်မည်ဖြစ်လေသည်။
ခရိတ်သည် အကြံရခက်နေရာမှ သူတို့၏ ဒုတိယစစ်ကားကြီးကို လိုက်ရှာကြည့်ရာယာဉ်မောင်းသူက အကင်းပါးသဖြင့် အဆောက်အအုံတစ်ခု၏ နောက်တွင်ရပ်ထားသည်ကို တွေ့ရလေသည်။ ရန်သူ ဘက်မှ ဒုံးကျည် လက်နက်ဖြင့် စတင်ပစ်ခတ်ချိန်မှစ၍ ယာဉ်မောင်းရဲဘော်က ကားကြီးကို အန္တရာယ် ကင်းရာသို့ ရွှေ့မောင်းလိုက်ခြင်းဖြစ်လေသည်။
ကျန်ပြောက်ကျားရဲဘော်များကိုကား မမြင်ရချေ။ အားလုံးအကာအကွယ်ယူလျက် စောင့်နေကြဟန် တူလေ သည်။
သို့ဖြစ်လင့်ကစား မိမိတို့ဘက်မှ ထင်ထားသည်ထက်ပို၍ ထိခိုက်ကျဆုံးမူများနေသည်ဟုခရိတ်က သုံးသပ် မိလေသည်။
ဘာပဲဖြစ်ဖြစ် ရန်သူရဲ့သေနတ်ကိုအပိုင်သိမ်းလိုက်မှဖြစ်မယ် ’’
ဤသို့လျှင် သူ့ကိုယ်သူပြောသည့်အနေဖြင့်ရေရွတ်လိုက်မိလေသည်။
ထိုအချိန်တွင် တောင်ကုန်းပေါ်မှ ရန်သူစစ်သေနတ်သည် ပစ်မှတ်တစ်စုံတစ်ရာ မရှိသဖြင့် တိတ်ဆိတ် နေလေသည်။
သို့သော်ချက်ချင်းလိုပင် တိတ်ဆိတ်ခြင်းကိုဖောက်ထွင်းလိုက်သောအသံကို ကြားရပြန်သည်။ အသံကား မာတာဘယ်လီ ဘာသာဖြင့် သီချင်းတစ်ပုဒ်သံပြိုင်သီဆိုနေသံပင် ဖြစ်လေသည်။ သီချင်း၏အဓိပ္ပယ်က ဤသို့ ဖြစ်သည်။
အို... အသင် ရှင်ဂန်နိမှ မုဆိုးမအပေါင်းတို့၊ သင်တို့သည်ဘာကြောင့် ငိုကြွေးနေကြလေသနည်း။
သင်တို့၏ ဖခင်များကဘုရင်၏အမိန့်အတိုင်း လိုက်နာခဲ့ကြသည်မဟုတ်ပါလော။ သင်တို့ ဘာကြောင့် ငိုကြွေး နေကြလေသနည်း ’’
ခရိတ်သည် အသံကြားရာဘက်သို့လှမ်းကြည့်လိုက်ရာ သီချင်းဆိုသူများကိုတွေ့ရလေသည်။
သူတို့ကား အကျဉ်းစခန်းအဆောင်အသီးသီးမှ အုပ်စုလိုက်ထွက်လာကြသူ အကျဉ်းသားများပင် ဖြစ်သည်။
များသောအားဖြင့် အ၀တ်အစားမပါ၊ အတွင်ခံဘောင်းဘီသာဝတ်ဆင်ထားသူ အကျဉ်းသားများသည် သိချင်း သံပြိုင် သီဆို၍ ထွက်လာခြင်းဖြစ်သည်။ အချို့လူများမှာ အားအင်ချည့်နဲ့၍ လမ်းကောင်းစွာ မလျှောက်နိုင် ကြချေ။ လက်တစ်ဆုပ်မျှသော အကျည်းသားအချို့က ကျဆုံးနေသူလက်နက်ကိုင် စစ်သား များ၏ လက်နက်များကို ကောက်ယူလိုက်ကြသည်။
သူတို့အားလုံးသည် မာတာဘယ်လီလူမျိုးတို့၏ ရိုးရာစစ်ချီသီချင်းကို သံပြိုင်ဟစ်ဆိုနေကြလေသည်။
အံ့သြဖွယ်ကောင်းသည်ကား အကျဉ်းသားများသည် စခန်းပြင်ဘက်တောင်ကုန်းပေါ်ရှိ ရန်သူစက် သေနတ် ရှိရာသို့ ပြေးဝင်သွားကြခြင်းပင် ဖြစ်သည်။
လူအင်အား အလုံးအရင်းနှင့်ရန်သူအား အတင်းဝင်တိုက်ရန် သွားကြခြင်းဖြစ်ရာခရိတ်သည် အကြီးအကျယ် စိုးရိမ် တုန်လှုပ်သွားမိတော့သည်။
ဘုရား .... ဘုရား.....ဒီလူတွေအတုံးအရုံး သေကုန်ကြတော့မှာပါလား ’’ ဤသို့လျှင် သူသည်ခပ်တိုးတိုး ရေရွတ် လိုက်မိလေသည်။
အဆောင်သီးသီးမှ ထွက်လာသောအကျဉ်းသားများအနက် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် သေနတ် တစ်လက်ကိုင် ဆောင်ထားသူ အရပ်မြင့်မြင့်နှင့်လူတစ်ယောက်ကို ခရိတ်ကသတိပြုမိလေသည်။
ထိုလူသည် အကျဉ်းသားများအား ဦးဆောင်လျက်ရန်သူစက်သေနတ်နေရာသို့ သွားရောက်တိုက်ခိုက်ရန် ရည်ရွယ် ဟန် တူပေသည်။
ခရိတ်သည်ထိုလူအားသေချာစွာ ကြည်လိုက်တော့မှ မှတ်မိတော့သည်။ အလွန်ပိန်ချုံးချည့်နဲ့ပုံ ရ လင့် ကစား တည်ကြည်ခံ့ညားသော အင်္ဂါရုပ်ကြောင့်မှတ်မိခြင်းပင်ဖြစ်သည်။
ထိုလူအား မာတာဘယ်လီ တိုင်းရင်းသားတို့၏ခေါင်းဆောင် တွန်ဂါတာပင်တည်း။
ဟေ့ .... သူငယ်ချင်းတွန်ဂါတာ ရှေ့ဆက်မသွားနဲ့၊ ပြန်လှည့်လာခဲ့ပါ။ရှေ့ကိုတိုးမသွားပါနဲ့။
ခရိတ်ကသူ၏ သူငယ်ချင်းအား လှမ်းအော်သတိပေးလိုက်သည်။
သို့သော် တွန်ဂါတာသည် ဂရုမစိုက်ဘဲ ခပ်တည်တည်ပင် ဆက်လျှောက်လေသည်။
ပြောက်ကျား ခေါင်းဆောင် ရဲဘော်လွတ်ကောက်ကမူ အခြေအနေကိုအကဲခတ်ကြည့်ရင်း -
ကူဖီလာ ကိစ္စမရှိပါ။ အကျဉ်းသားများစုရုံးချီတတ်လာခြင်းကြောင့် ရန်သူကသူတို့ဘက်ကိုသာ အာရုံစိုက် နေလိမ့်မည်။ ဤသည်ပင်လျှင် ငါတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေမည်’’ ဟုပြောလိုက် သည်။
ခရိတ်လည်းသေချာစွာစဉ်းစားကြည့်သောအခါ ရဲဘောလွတ်ကောက်ပြောသည့်အတိုင်း မှန်ကန်ကြောင်း သုံးသပ်မိလေသည်။ ရန်သူသည် အကျဉ်းသားအုပ်ကြီးကို အာရုံစိုက်နေမည်ဖြစ်ရာ မိမိတို့အတွက် အကောင်းဆုံး အခွင့်ရေးရနိုင်မည် ဖြစ်ပေသည်။
ဟုတ်ပါ၏။ အသင်ရဲဘော်လွတ်ကောက် အဆင်သင့်သာ ပြင်ထားပါလော့ ’’
ခရိတ်က မာတာဘာလီဘာသာဖြင့် ပြန်ပြောလိုက်ချိန်မှာပင် ရန်သူ့စက်သေနတ်က အကျဉ်းသား အုပ်ကြီး ဘက်သို့ စတင်ပစ်ခတ်လေသည်။
ရဲဘော် လွတ်ကောက်များလည်း ပြန်လည်ပစ်ခတ်မည်ပြုရာ ခရိတ်ကဟန့်တားလိုက်သည်။
ရှေ့လောမကြီးပါလင့် အသင်ရဲဘော်လွတ်ကောက်၊ စက်သေနတ်သမားက ကျဉ်ဆန်ကတ်အသစ် လဲထည့်ချိန်ကို ခေတ္တစောင့်ပါလော့ ’’
ခရိတ်ကဆိုလိုသည်မှာ ရန်သူစက်သေနတ်သမားသည် ကျည်ဆန်တစ်ကတ်ကုန်သွားခိုက်သည့်အခါ နောက်ထပ် တစ်ကတ်အသစ်လဲနေခိုက် မိမိတို့ကပစ်ခတ်တိုက်ခိုက်လျှင် ပို၍ထိရောက်မည်ဟူ၍ ပင်ဖြစ် သည်။
ရန်သူ့စက်သေနတ် မှ ထရေစာအမျိုးအစားကျည်ဆန်များသည် အကျဉ်းသားလူအုပ်ကြီး၏ ရှေ့ဆုံးမှ လူများ ကို ထိမှန် လျက် အတုံးအရုံးကျဆုံးကုန်သည်မှာ အလွန်ရင်နာဖွယ်ကောင်းလှပေသည်။
သို့ရာတွင် အကျဉ်းသားများသည်နောက်ထပ်ပြန်မဆုတ်ဘဲ ကျဆုံးသူများနေရာတွင် နောက်လူများက နေရာ ၀င်ယူကာ ဇွတ်အတင်းပင်တိုးလာကြလာသည်။
တွန်ဂါတာသည် အခြားလူများ၏ရှေ့မှပြေးကာ -
သူ၏အေကေမောင်းပြန်သေနတ်ဖြင့် ရန်သူရှိုနာစစ်သားများအား ပစ်ခတ်နေလေသည်။ ရန်သူစစ်သေနတ် သမားများကလည်း တွန်ဂါတာဘက်သို့ ချိန်၍ပစ်ခတ်သည်။ သို့သော်အံ့သြဖွယ်ကောင်းသည်မှာ တွန်ဂါတာ အားကျဉ်ဆန်ထိမှန်ခြင်းမရှိဘဲ ဘေးသို့သာ ချော်ထွက်ကုန်ကြခြင်းပင်ဖြစ်သည်။
ထိုအခိုက်ရန်သူစက်သေနတ်မှ ပစ်ခတ်မူရုတ်တရက် ရပ်သွားလေသည်။
ကျဉ်ဆန်တစ်ကတ် ကုန်သွားပြီ၊ ရဲဘော်တိုးပြေးဝင်တိုက်ခိုက်ကုန်ကြလော့’’
ခရိတ်ကမာတာဘယ်လီဘာသာဖြင့် အော်ပြောလိုက်ရာပြောက်ကျားရဲဘော်တို့လည်း အတင်း ပြေးဝင် သွား ကြ လေသည်။
ဒုံးကျည်လက်နက်တစ်ခုသည် သူတို့၏ခေါင်းပေါ်မှ ၀ီခနဲဖြတ်သန်းသွားလေသည်။ ရန်သူက သွေးရူး သွေးတန်း ဖြင့် ပစ်ခတ်ခြင်းကြောင့်လွဲချော်သွားဟန် တူပေသည်။
သူတို့ပစ်လိုက်သောဒုံးကျည်လက်နက်သည် လက်နက်ကိုင်အစောင့်များ၏ စစ်တန်းလျားအနီးရှိ ဓာတ်ဆီ သိုလှောင်တိုင်ကီကြီးကို ထိမှန်လေရာဝုန်းခနဲမီးထတောက်လေသည်။ ဓာတ်ဆီတိုင်ကီမှ မီးလျှံများသည် အမြင့်ပေနှစ်ရာခန့်ပင် တတ်လာလေသည်။
ခရိတ်သည်ပစ်ခတ်ရင်း ရန်သူရှိရာသို့ပြေးသွားရာ သူ၏ခြေတုတစ်ဖက်ကြောင့် ခရီးမတွင်လှဘဲ ရဲဘော် လွတ်ကောက်ဦးဆောင်သော မာတာဘယ်လီပြောက်ကျားများအားလိုက်ရန် မမီအောင်ဖြစ်နေလေသည်။
ထိုတောအတွင်းသူသည် ရန်သူစက်သေနတ်သမား ကျည်ဆန်ကတ်အသစ်တပ်ဆင်၍ ပြန်လည်ပစ်ခတ်နိုင် မည့်အချိန်ကို ခန့်မှန်းတွတ်ကြည့်နေမိသည်။ အလွန်လျင်မြန်ချက်လတ်သော စစ်သည်တစ်ဦးလျှင် စက် သေနတ် မှ ကျည်ဆန်တစ်ကတ် အသစ်လဲရာ၌ ဆယ်စက္ကန့်မျှဖြင့်ပြီးအောင် လဲလှယ် တပ်ဆင်နိုင်မည် ဖြစ်သည်။
ယခုဆိုလျှင် ခုနစ်စက္ကန့်ရှိသွားပြီဖြစ်ရာ အချိန်မရွေးရန်သူစစ်သေနတ်သည် ပြန်လည်အသက်ဝင်လာကာ တရကြမ်း ပစ်ခတ်တော့မည်ဖြစ်ပေသည်။
ရဲဘော်လွတ်ကောက်သည်ရှေ့ဆုံးမှလျှင်မြန်စွာပြေးသွားသဖြင့် ရန်သူရှိရာသဲအိတ်များ စုပုံထားရာသို့ ရောက်သွား ပေပြီ။
ထိုအခိုက်ခရိတ်အားတစ်စုံတစ်ခု အရှိန်ပြင်းစွာဖြင့်လာထိမှန်ပြီး မြေပြင်သို့လဲကျသွားလေသည်။ သူ၏ ဘေး ပတ်ပတ်လည် တွင်လည်း ကျည်ဆန်များပလူပျံသလို အဆက်မပြတ်ကျရောက်လျက်ရှိသည်။
ခရိတ်သည်တစ်စုံတစ်ခု လာထိမှန်သော်လည်းမည်သို့မှနာကျင်ထိခိုက်ခြင်းမရှိသဖြင့် အံ့သြနေမိသည်။ သေချာစွာစဉ်းစားကြည့်လိုက်တော့မှ ရန်သူ၏သေနတ်ကျည်ဆန်သည် သူ၏ ခြေတုကိုလာထိမှန်ကြောင်း သိရ လေသည်။ ဤတွင်ခရိတ်သည် ရယ်မောလိုက်သည်။
တစ်ချိန်တည်း မှာပင် စိုးရိမ်တုန်လှုပ်မိလေသည်။
သို့သော် စိုးရိမ်နေ၍မပြီးသဖြင့် ထပြီးဆက်ပြေးရာရန်သူ၏ ခြေကုပ်စခန်းရှိရာ တောင်ကုန်းအနီးသို့ ရောက်သွားလေသည်။ ရေဒီယိုဆက်သွယ်ရေး စက်ကိုအပိုင်စီးဖို့ အရေးကြီးသည်ဟုစိတ်ကို အာရုံစိုက်ကာ အတင်းဆက်ပြေးသွားရာရန်သူ၏ စခန်း အဆောက်အအုံဆီသို့ ရောက်သွားလေသည်။
သို့သော်ရဲဘော်လွတ်ကောက်က သူထက်ပို၍ဦးနေလေသည်။
လူနှစ်ယောက်သတ်ပုတ်နေသလို အသံကြားရသဖြင့်ခရိတ်ကလှမ်းကြည့်လိုက်ရာ အာရ်ပီဂျီခေါ် ဒုံးကျည် ပစ် သေနတ် အနီးတွင် ရဲဘော်လွတ်ကောက်သည် ရှိုနာစစ်သားတစ်ဦးလဲကျနေရာအနီးမှ ပြန်ထ လာသည်ကို မြင်ရလေသည်။ ရဲဘော်လွတ်ကောက်က အာရ်ပီဂျီသေနတ်ကိုင်တွယ်ပစ်ခတ်သူ ရှိုနာ စစ်သား အား လူချင်းပူး၍သုတ်သင်ကွပ်မျက်လိုက်ပြီးဖြစ်သည်။
ခရိတ်သည် ဆက်သွယ်ရေးရေဒီယိုစက်ရှိရာသို့ ဆက်ပြေးသွားလေသည်။
ရှိုနာစစ်သားရေဒီယိုဆက်သွယ်ရေးသမားသည် ရေဒီယိုစက်မှစကားပြောခွက်ကိုကိုင်၍ စကားပြောနေရာ ခရိတ်သည် မိမိတို့နောက်ကျသွားလေပြီလားဟု စိုးရိမ်သွားမိလေသည်။
ရှိုနာစစ်သားကဟာရာရေမြို့ရှိ သူတို့၏ဌာနချုပ်နှင့်ဆက်သွယ်သတင်းပို့နေခြင်း ဖြစ်သည်။
ဌာနချုပ်မှတာဝန်ကျဆက်သွယ်ရေးသမားက အင်္ဂလိပ်ဘာသာဖြင့် ပြန်ပြောသံကိုလည်းခရိတ်က ကြား နေရ လေသည်။
သတင်းပို့ချက်ကို ရရှိ၍နားလည်ပြီ၊ ဆက်ထိန်းထားပါ။ အမြန်ဆုံးစစ်ကူတပ်တွေ ပို့လိုက်မည်။ ဆက်ပြီး ထိန်းထား ပါ’’
ထိုစကားမဆုံးမီခရိတ်သည် သူ၏အေကေ ၄၇ ရိုင်ဖယ်သေနတ်ဖြင့် ရေဒီယိုဆက်သွယ်ရေးစက်ကို လှမ်းပစ်လိုက်ရာ စက်တစ်ခုလံုးရစရာမရှိအောင် ပျက်စီးသွားလေတော့သည်။
ရှိုနာစစ်သားရေဒီယိုအော်ပရတာသည်လည်း မိုက်ခရိုဖုန်းကို လွှတ်ချကာကြမ်းပြင်ပေါ်ဝပ်ချရင်း ခရိတ်အား အလွန် ထိတ် လန့်တုန်လှုပ်ဟန်ဖြင့် ကြည့်နေလေသည်။
ခရိတ်သည်အေကေ ၄၇ သေနတ်ကိုထိုစစ်သားဘက်သို့ လှည့်ချိန်လိုက်သည်။ သို့သော်မပစ်ရက်ဘဲ စက္ကန့်ပိုင်း မျှ ငေးကြည့်နေမိလေသည်။
ထိုအခိုက်ခရိတ်၏နောက်နားဆီမှ မောင်းပြန်သေနတ်ဆွဲပစ်လိုက်သံကြားလိုက်ရပြီး ရှိုနာစစ်သားရေဒီယို အော်ပရေတာ သည်မရှုမလှသေဆုံးသွားလေသည်။
ခရိတ် သည် အံ့အားသင့်နေစဉ် နောက်နားဆီမှအရပ်ထောင်ထောင်မောင်းမောင် လူတစ်ယောက်က -
သူငယ်ချင်း ကတယ်ပြီး စိတ်နှလုံးသားပျော့လွန်းတာပဲကိုး။ ဒီလိုနေရာမျိုးမှာ သနားနေလို့မဖြစ်ဘူးဗျ’’ ဟု ပြောလိုက် သည်။
သည်တော့မှခရိတ်သည်ထိုလူအားမှတ်မိပြီး ၀မ်းမြောက်အားတတ်သွားမိလေတော့သည်။
ဟင် .... တွန်ဂါတာ ......သူငယ်ချင်း၊ ခုလိုသူငယ်ချင်းနဲ့ပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ သူငယ်ချင်း’’
ခရိတ်က ၀မ်းသာအားရပြောလိုက်မိသည်။
အခန်း (၃၆) ဆက်ရန်
.

1 comment:
တော်သေးတယ် လူကြမ်းတွေ လဲရင် ကြိုက်တယ်း))
Post a Comment