Saturday, October 30, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄ဝ) အဆက် (၁)

မီးလှူံပြီး လက်ဖက်ရည်ပူပူ သောက်လိုက်ရသောကြောင့် အအေးသက်သာလာပြီ ဖြစ်လင့် ကစား ခရိတ်သည် ဦးခေါင်းထဲမှ နာကျင်ခြင်းဝေဒနာကို ခံရလေသည်။ခေါင်း အလွန်ကိုက် သလို ဖြစ်လာသည်။
အမှန်တော့ ဤသို့ဖြစ်ရခြင်းသည် ရေအောက်တွင် ပရက်ရှာ (ဖိအား) များသော အောက်ဆီ ဂျင်ဓာတ်ကို ရှူရှိုက် ရသဖြင့် အောက်ဆီဂျင်မှ အဆိပ်ဖြစ်လာခြင်း၏ဒဏ်ပင် ဖြစ်ကြောင်း ခရိတ်က ရိပ်မိလေသည်။

ထို့ကြောင့် နာကျင်ခြင်း သက်သာစေရန် အကိုက်အခဲပျောက် ဆေးပြားသုံးပြားကို လက်ဖက် ရည်ပူပူဖြင့် သောက်ချ လိုက်သည်။
ဆေး၏ အာနိသင်ပြလာသည့်တိုင်အောင် စောင့်ဆိုင်းနေရင်း ခရိတ်သည် သူ့ကိုယ်သူပြန်၍ ဝေ ဖန်သုံးသပ် ကြည့်မိလေသည်။ သူသည် အလွန်အေးသော ရေအောက်ထဲသို့ နောက်တစ်ကြိမ် ဆင်းငုပ်ရန် အတတ်နိုင်ဆုံး အချိန်ဆွဲထားချင်စိတ်ဖြစ်ပေါ်နေကြောင်း သုံးသပ်မိလေသည်။
တွန်ဂါတာ ကခရိတ်အား သေချာစွာ အကဲခတ်ကြည့်နေလေသည်။

ခရိတ်သည် သူ့အား တွန်ဂါတာ ကြည့်နေပုံမှာ နောက်ထပ် ရေဆင်းငုပ်နိုင်ပါမည်လောဟု စိန်ခေါ် နေသလို ဖြစ်နေသည်ဟု ယူဆလျက် ရုတ်တရက် မတ်တတ်ထလိုက်ပြီး သူ၏ကိုယ်မှ အနွေး အင်္ကျီထူထူကို ချွတ်ပစ် လိုက်သည်။
"ကိုင်း---လာ--သွားကြစို့။ ကျုပ် ရေပြန်ငုပ်ဦးမယ်။

ခရိတ်က ပြောလိုက်လျှင် တွန်ဂါတာလည်း အောက်ဆီဂျင် ကိရိယာကို ခရိတ်၏ကိုယ်တွင် ကူညီ တပ်ဆင် ပေးလေသည်။
နောက်မိနစ်အနည်းငယ်အတွင်း အလွန်အေးမြသော ရေထဲသို့ ဆင်းရပြန်လေရာ ခရိတ်သည် အ လွန်ချမ်းနေသော်လည်း သူ့စိတ်ကို ကြိုးစားတင်း၍ ဆင်းငုပ်သွားလေသည်။ သူသည် ရေထဲသို့ မဆင်းမဖြစ်၍ ဆင်းလိုက်ရသော်လည်း စိတ်အတော့ တုန်လှုပ်ချောက်ချားနေမိလေသည်။

ဘုရင်လိုဘင်ဂူလာ၏ ရေအောက်သချိုင်းဂူကိုလည်း အာဖရိကတိုက် ရိုးရာရှေးဟောင်း ဒဏ္ဍာရီထဲ မှ ကြောက်မက်ဖွယ် သတ္တ၀ါကြီးတစ်ကောင်က လာသမျှကိုစားမျိုပစ်ရန် ပါးစပ်ကြီးဟထားသည်ဟု စိတ်ကူးယဉ် မြင်ယောင်မိလေသည်။

ခရိတ်သည် ရေငုပ်သွားပြီး သချိုင်းဂူအနီးသို့ ရောက်သွားသောအခါ ယခင်က နည်းတူ သူ၏ ကိုယ်ကို ရေပေါ်သို့ ပြန်ကြွမတက်စေရန် လေးလံသော ကျောက်တုံးကြီးတစ်ခုနှင့် ခိုင်မြဲစွာ ချည်နှောင်ကာ  သင်းဘော် မှာ ကျောက်ဆူးချသလို ပြုလုပ်ထားလိုက်သည်။
ပထမ တစ်ခေါက်တုန်းက ကျောက်စအပဲ့များ၊ မြေမှုန်များ  ထနေခြင်းသည် ငြိမ်သက်သွားပြီး ရေသည် ပြန်၍ကြည်လင်လာပြီ ဖြစ်သည်။  ထို့ကြောင့် ခရိတ်သည် သူ၏ လက်နှိပ်ဓါတ်မီး အလင်းရောင်တွင် သချိုင်း ကို ကောင်းစွာ မြင်နေရလေသည်။

သို့သော် အချိန်မရွေး မြေမှုန်များ ၊ ရွှံ့တုံးများ လှုပ်ရှားထကြွပြီး လုံးဝ မမြင်ရနိုင်သည့် အခြေအနေ ပြန်ဖြစ်လာနိုင်သည်ကို စိုးရိမ်ရလေသည်။
အရေးထဲ ခရိတ်သည် စိတ်ကျဉ်းကျပ်သလို မူးချင်သလို ဖြစ်လာလေသည်။ အလွန် ကျဉ်းမြောင်း သော အခန်းငယ်တစ်ခုအတွင်း ပိတ်လှောင်ခံရ၍ စိတ်ကျဉ်းကျပ်ပြီး နေရထိုင်ရခက်သလို ဖြစ် လာလေသည်။
မည်သို့ပင်ဖြစ်စေ လုပ်စရာရှိသည်ကိုတော့ ဆက်လုပ်မှ ဖြစ်မည်ဟု ဆုံးဖြတ်ကာ ခရိတ်သည် သချိုင်းဂူမှ ထုံးကျောက်တုံး များကို ဆက်လက်၍ဖယ်ရှားပစ်ရန် ကြိုးစားလေသည်။ ကျောက်တုံး များ ဖယ်ရှား ပစ်လိုက်သည်နှင့် အောက်ခြေမှ မြေကြီးမှုန်စများကြွတက်လာကာ ရေသည် နောက် ကျိသွားပြန်လေသည်။
ခရိတ်သည် သူ၏ လက်နှိပ်ဓါတ်မီးကို ပိတ်ပစ်လိုက်ပြီး မှောင်ထဲမှာပင်ဆက် အလုပ်လုပ်လေသည်။

ယခုဆိုလျှင် သူသည် ရေမျက်နှာပြင်ပေါ်ရှိ လူအများနှင့် အဆက်အသွယ်ဆို၍ သူ၏ ခါးတွင် ချည် နှောင်ထားသော အချက်ပြ ကြိုးသာလျှင် ရရှိတော့သည်။ ယင်းကြိုးကပင်လျှင် သူ၏စိတ်တုန်လှုပ် ချောက်ချားမှုကို အနည်းငယ် သက်သာစေလေသည်။
မိနစ်နှစ်ဆယ်ခန့်ကြာသော် သူ၏ ခေါင်းထဲ ပြင်းစွာ ကိုက်ခဲလာလေသည်။ မူးနောက်နောက် ဖြစ်ရာမှ သတိမေ့ချင် သလိုလည်း ဖြစ်လာသည်။ ငါတော့ နောက်ထပ်ဆယ်မိနစ်ခံနိုင်မှာ မဟုတ် ဘူး ဟုလည်း စိတ်ပျက်စွာ နှင့် သုံးသပ်မိသည်။

သို့သော် နောက်ထပ် ငါးမိနစ်ခန့် သတိမမေ့အောင် ကြိုးစား၍ သတိထားနေမည်ဟု ဆုံးဖြတ်လိုက် သည်။
ခရိတ်သည် သူ၏ခန္ဓာကိုယ်ကို ဂူတွင်းသို့ ၀င်သည့်ဝင်ပေါက်ထဲ တိုးဝင်ကြည့်ရာ အောက်ဆီဂျင်ထည့် သော သံမဏိဘူးနှင့် ကျောက်တုံးတစ်တုံး ထိမိပြီး ခေါင်းလောင်းတီးသလို အသံမြည်သွားလေသည်။
မျက်စိက ဘာမှမမြင်ရသဖြင့် ခရိတ်သည် လက်ဖြင့် စမ်းကြည့်ရာ တြိဂံပုံသဏ္ဍာန် (ထောင့်များ ချွန်ထက်နေသော) ကျောက်တုံးကြီးတစ်တုံးကို စမ်းမိလေသည်။

သူသည် ထိုကျောက်တုံးကြီးကို အတင်း တွန်းဖယ်ပစ်ရန် ကြိုးစားရာ နုနယ်သော သူ၏ လက်များ သည် ကျောက်တုံး၏ အချွန်အတက်များနှင့် ခိုက်မိပြီး ပြင်းစွာ နာကျင်သွားလေသည်။ ပါးစပ်က အသံ ထွက်အောင် ဟစ်အော်ပြီး ညည်းညူလိုက်ချင်ပါသော်လည်း ရေအောက်ထဲဖြစ်နေ၍ အော်ရန်လည်း မဖြစ်ချေ။
လက်များ နာကျင်လျက်နှင့်ပင် ခရိတ်သည် ကျောက်တုံးကြီးကို ဆက်လက် တွန်းဖယ်လေသည်။

နောက်ဆုံးတွင် ကျောက်တုံးကြီး လိမ့်ထွက်သွားပြီး ဘေးပတ်ပတ်လည်မှ အင်္ဂတေအစအနများ မြေမှုန့်များ ဖွာကြဲသွားကုန်လေသည်။
"တော်လောက်ပြီ၊ ငါ ရေပေါ်ပြန်တက်မှ ဖြစ်ချေတော့မည်" ဟု ဆုံးဖြတ်လျက် ခရိတ်သည် နောက်ပြန် ဆုတ်ထွက်ရာ အံ့အားသင့်သွားမိလေသည်။ သူ၏ လက်နှင့် ခန္ဓာကိုယ်သည် အစိုင်အခဲထုထည် ဘာမျှ မထိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို အံ့သြစွာ သိရလေသည်။

လက်ဖြင့် ထပ်မံ၍ စမ်းကြည့်သော်လည်း ဘာကိုမျှ မစမ်းမိချေ။ သည်တော့မှ သူသည် အဖြစ်မှန်ကို စဉ်းစား သဘောပေါက်မိတော့သည်။ ဘုရင်၏ သင်္ချိုင်းဂူအတွင်းဘက်ကို ကာဆီးသော နံရံကြီး ပြိုကွဲ ပျက်စီး သွားပြီ ဖြစ်၍ ဟာလာဟင်းလင်း ဖြစ်နေသည်ပါတကားဟု စဉ်းစားမိလေသည်။

ဤတွင် အာဖရိက တိုင်းရင်းသားတို့ ရှေးအစဉ်အဆက်က ယုံကြည်ပြီး ထိတ်လန့်တုန်လှုပ်တတ်သော အယူသီးမှုတစ်ခုကို ခရိတ်၏ စိတ်ထဲမှ ခံစားမိလေသည်။
တစ်ဖန် အပေါ်ဘက်သို့ စမ်းကြည့်လိုက်သောအခါူ၏ အမိုးမျက်နှာကြက်ကို စမ်းမိလေသည်။ သို့သော် မျက်စိက ဘာမှ မမြင်ရသဖြင့် မျက်ကန်းတစ်ယောက်လို ရမ်းသမ်းစမ်းနေရလေသည်။ မကြာမီ သူသ်ည ရေမရှိသော ကျောက်ဂူ၏ တစ်နေရာ (ကျောက်ဖျာလို ဖြစ်နေသောနေရာ)ကို စမ်းမိရာ ကြိုးစား၍ ထိုကျောက်ပြား ပေါ်သို့ တွယ်ကပ်လိုက်သည်။

ရေအောက်ထဲမှ ရေမမရှိသော ကျောက်ဖျာတစ်ခုပေါ်သို့ ထူးဆန်းစွာ ရောက်သွားခြင်းပင် ဖြစ်သည်။ သူသည် မျက်နှာမှ ခေါင်းဆောင်းကိရိယာကို ချွတ်ပစ်လိုက်ပြီး လေကို အားရပါးရ ရှူရှိုက်လိုက်သည်။
ထိုအချိန် ခါးတွင် ချည်ထားသော ကြိုးကို အပေါ်မှ တွန်ဂါတာကာ ခြောက်ကြိမ်ဆက်၍ တုံ့ဆွဲအချက် ပေးလိုက်သည်။ ယင်းအချက်ပေးခြင်း၏ အဓိပ္ပာယ်က
"ရေအောက်မှာ အခြေအနေ ဘယ်လိုလဲ၊ အိုကေရဲ့လား" ဟု မေးလိုက်သည့် သဘောပင် ဖြစ်သည်။
ခရိတ်ကလည်း အသက်ရှင်လျက်ရှိနေကြောင်း ပြန်၍ အချက်ပေးလိုက်သည်။

ထို့နောက် သူသည် လက်နှိပ်ဓာတ်မီးကို ပြန်ထိုးလျက် မှုန်ဝါးဝါး အလင်းရောင်တွင် ဘေးပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်ရှုလေသည်။
တစ်ချိန်က ဗူဆာမန်ဇီ၏ ဘိုးဘေးဘီဘင်များ (မှော်ဆရာကြီးများ)က လိမ္မာပါးနပ်စွာ ထွင်းထားသော ရေအောက်လျှို့ဝှက်တစ်နေရာဖြစ်ပြီး ထိုနေရာမှတစ်ဆင့် အပေါ်သို့တက်င်္ရန် သစ်သားလှေကား ဟောင်းတစ်ခုကိုလည်း တွေ့ရလေသည်။

ခရိတ်သည် ထိုလှေကားက သူ၏ ကိုယ်ခန္ဓာအလေးချိန်ကို ခံနိုင်ရည် ရှိမရှိ စမ်းသပ်ကြည့်လေသည်။ အနည်းငယ် ဆွေးနေသော်လည်း လှေကားကား ကိုယ်၏ အလေးချိန်ကို ခံနိုင်ကြောင်း တွေ့ရှိရလေ သည်။
ထိုအချိန်၌ ခရိတ်သည် အလွန်မောပန်းလျက်ရှိနေရာ ခေတ္တ အနားယူနေရန် ဆုံးဖြတ်လျက် မျက်လုံး နှစ်ဖက်ကို မှိတ်ကာ ငြိမ်နေလိုက်သည်။
ထိုအချိန် မှာပင် သူ၏ ခါးကြိုးကို အပေါ်မှ သုံးချက် လျင်မြန်စွာ ဆင့်ဆွဲလိုက်သည်။

ယင်းသို့ သုံးချက်ဆင့်ဆွဲခြင်းမှာ အရေးတကြီး အပေါ်သို့ ပြန်တက်လာရန်  ခေါ်လိုက်သည့် အဓိပ္ပာယ် ပင် ဖြစ်သည်။ အန္တရာယ် တစ်စုံတစ်ရာ နီးကပ်နေကြောင်း ကြိုတင်သတိပေးလိုက်သည့် သဘော လည်း ဖြစ်သည်။ ခရိတ်အား တွန်ဂါတာက အရေးတကြီး ပြန်ခေါ်နေလေပြီ။
ထို့ကြောင့် ခရိတ်လည်း သူ့အား ရေမျက်နှာပြင်ပေါ်သို့ ပြန်ဆွဲတင်ရန် အချက်ပေးလိုက်သည်။

သူသည် မျက်နှာဖုံးခေါင်းဆောင်းကို ပြန်လည် တပ်ဆင်လိုက်ပြီးနောက် ချက်ချင်းလိုပင် အပေါ်မှ တွန်ဂါတာ က လျင်မြန်စွာ ခရိတ်အား ရေပေါ်သို့ ဆွဲတင်လေသည်။
----------------------------------------------------------
မာတာဘယ်လီ အမျိုးသမီး ကလေးအမေအား သူ၏ ရင်သွေးငယ်ကို ပြန်ပေးထားလိုက်သော်လည်း သူမ၏ လက်တစ်ဖက်ကို တတိယတပ်မဟာမှ တပ်ကြပ်ကြီးနှင့်တွဲ၍ လက်ထိတ်ခတ်ထားလိုက်သည်။ အမျိုးသမီး ထွက်မပြေးနိုင်အောင် ဖမ်းဆီးထားလိုက်သည့် သဘောပင် ဖြစ်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် တွန်ဂါတာနှင့် ခရိတ်တို့အား လျင်မြန်စွာ လိုက်လံ ဖမ်းဆီးနိုင်ရန် ရဟတ်ယာဉ်ကို အသုံးပြုရန် စိတ်ကူးမိလေသည်။ သို့သော် နောက်ဆုံးတွင် ခြေကျင်ပင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဤသည်မှာလည်း အကြောင်း ရှိပေသည်။ တွန်ဂါတာနှင့် ခရိတ်တို့သည် အလွန်အကင်းပါးသူများ ဖြစ်၍ ရဟတ်ယာဉ်နှင့် လိုက်ပါက အင်ဂျင်စက်သံနှင့် ပန်ကာဒလက်မြည်သံကို ကြားရုံနှင့် မိမိတို့ မှန်းသိကာ လျင်မြန်စွာ တိမ်းရှောင်ထွက်ပြေးသွားမည် ဖြစ်လေသည်။

မိမိတို့နောက်မှ လိုက်လာကြောင်း လုံးဝ မရိပ်မိစေရန် အရေးကြီးသဖြင့် ရဟတ်ယာဉ်ကို မသုံးဘဲ ခြေကျင် သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
လူအင်အားကိုလည်း အမြောက်အမြား မသုံးဘဲ ထိန်းနိုင်းသိမ်းနိုင်ရုံ လက်ရွေးစင် တပ်သားနှစ်ဆယ် သာ ရွေးခေါ်လေသည်။
စစ်သည်များကိုလည်း တစ်ဦးချင်း အသေးစိတ် ညွှန်ကြားလေသည်။

"မင်းတို့ကို ငါအတိအကျ ပြောထားမယ်၊ လူလေးယောက်အနက် မာတာဘယ်လီလူမျိုးကို အရှင် ဖမ်းရမယ်။ ဘယ်နေရာပဲဖြစ်ဖြစ် မင်းတို့ရဲ့ အသက်အန္တရာယ်ရှိရင်တောင်မှ မသတ်ရဘူး။ ဒီလူ့ကို ငါက အရှင်ဖမ်းချင်တယ်။ အဲဒါ မင်းတို့ အားလုံး မြဲမြဲ မှတ်ထားကြ။

ဖွန်ဂါဘီရာ၏ အစီအစဉ်မှာ တွန်ဂါတာတို့ လူစုရှိသည့်နေရာသို့ ရောက်သည်နှင့် ရဟတ်ယာဉ်သို့ ရေဒီယိုဖြင့် ဆက်သွယ်ရန်ပင် ဖြစ်သည်။ ထိုအခါ တတိယတပ်မဟာမှ စစ်သည်အင်အား သုံးရာတို့ သည် ရန်သူရှိရာ ပတ်ပတ်လည်တွင် ၀ိုင်းထားလိုက်ပြီး မည်သူမှ ထွက်မပြေးနိုင်အောင် တားဆီးကြရ မည် ဖြစ်လေ သည်။
သို့နှင့်ပင် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ခေါင်းဆောင်လျက် သူတို့သည် ခရိတ်နှင့် တွန်ဂါတာတို့နောက်သို့ အမဲလိုက် သလို လိုက်ကြလေတော့သည်။

အားလုံး ခြေလှမ်းသွက်သွက်သွားကြလေရာ မာတာဘယ်လီ အမျိုးသမီးကလေးအမေခမျာ မြန်မြန် မလိုက်နိုင်ရှာသော်လည်း ရှီုနာလူမျိုး တပ်ကြပ်ကြီးက အတင်းပင် ဆွဲခေါ်သွားလေသည်။
သူမသည် မိမိတို့လူမျိုး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်သစ္စာဖောက်မိသည့်အတွက် အလွန် စိတ်မကောင်း ဖြစ်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုကြွေးရင်း လိုက်ပါခဲ့ရှာလေသည်။
"ကျေးရွာက လူတွေဟာ ဟိုလူလေးယောက်ကို မှန်မှန်ရိက္ခာပစ္စည်းတွေ ပေးနေတာ သေချာတယ်ဗျ။ အခု ကျုပ်တို့ သွားနေတဲ့ လူသွားလမ်းရဲ့ အခြေအနေကို ကြည့်ရုံနဲ့ လူတွေ ဒီလမ်းက မကြာခဏ လျှောက်သွား တယ်ဆိုတာ သိသာထင်ရှားနေတယ်"

ဖွန်ဂါဘီရာက ဗိုလ်မှူးကြီးအား ပြောလိုက်ရာ ဘူခါရင်သည် ဘေးပတ်ဝန်းကျင်ရှိ တောင်ကုန်များကို လှမ်းကြည့်လိုက်သည်။
"ဒီနေရာက ချုံခိုတိုက်ခိုက်ခံရမှာ စိုးရိမ်ရတယ်။ ဒီလူလေးယောက်အပြင် ထွက်ပြေးသွားတဲ့ အမျိုးသား အချို့ သူတို့နဲ့ အတူရှိချင် ရှိနေနိုင်တယ်။"
"ချုံခိုတိုက်မယ်ဆိုရင်လည်း သူတို့နဲ့ တိုက်ရိုက်တွေ့ရမှာမို့ ကျုပ်တော့ သဘောကျတယ်"

ဖွန်ဂါဘီရာက ပြောလိုက်ရာ ရှရုဗိုလ်မှူးကြီး ဘူခါရင်သည် ဘာမှ ဆက်မပြောသော်လည်း စိတ်ထဲမှ သဘောကျ ကျေနပ်သွားမိသည်။
ဇင်ဘာတွေနိုင်ငံတွေ သူရွေးချယ်လိုက်သော တိုင်းရင်းသား ခေါင်းဆောင်သည် တကယ် လိုလား အပ်သူတစ်ယောက်ပေကား။ ဖွန်ဂါဘီရာသည် မိုက်ရူးရဲတစ်ယောက်ဖြစ်၍ မိမိတို့ လိုလားသည့် အတိုင်း တကယ်ပင် လုပ်ရဲကိုင်ရဲရှိသူ တစ်ယောက်ပင် ဖြစ်သည်။

ယခု အတိုင်းဆိုလျှင် ပြည်တွင်းရေးအခြေအနေ အနည်းငယ်သာ ပြောင်းလဲလာရန် လိုတော့သည်။ ထိုအခါ မိမိတို့၏ အထက်အာဏာပိုငများ (မော်စကိုမြို့မှ ပုဂ္ဂိုလ်များ)အနေဖြင့် အာဖရိကအလယ်ပိုင်း တွင် လွှမ်းမိုးနိုင်ရေးအတွက် ခြေကုပ်ရရန် သေချာသလောက် ဖြစ်နေပေပြီ။
သို့သော် တစ်ခုတော့ ရှိသည်။ မိမိတို့ လိုအပ်ချက် ပြည့်ဝပြီးလျှင်ကား  ဖွန်ဂါဘီရာဆိုသူအား အထူး သတိထားကြည့်ရန် လိုမည် ဖြစ်သည်။ သူသည် မိမိတို့ လိုသလို ကြိုးဆွဲရာ ကမည့်ရုပ်သေးလို သာမန် ပြောက်ကျား ခေါင်းဆောင်တစ်ယောက် မဟုတ်၊ အတွင်းစိတ်ထားက နက်ရှိုင်းပြီး ခန့်မှန်းရခက်သူ ဖြစ် သည်။

ထို့ကြောင့် ဖွန်ဂါဘီရာ၏ တကယ့်ရည်မှန်းချက်က ဘာဖြစ်သည်ကို လေ့လာစုံစမ်းရန် လိုအပ်သည်။ ယင်းသို့ လေ့လာစုံစမ်းရန် မိမိပင် တာဝန်ယူရမည် ဖြစ်သည်။
ဘူခါရင်အနေဖြင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား အနီးကပ် လေ့လာစုံစမ်းထောက်လှမ်းရမည်ကိုပင် ကျေနပ် သဘောကျ မိလေသည်။
ဤသို့ ဆင်ခြင်သုံးသပ်ရန် ရုရှဗိုလ်မှူးကြီး ဘူခါရင်သည် ဖွန်ဂါဘီရာ၏ နောက်မှ လိုက်လျှောက်လေ သည်။ တွန်ဂါတာ အနားရှိ မာတာဘယ်လီခေါင်းဆောင်အား အမဲလိုက်သလို လိုက်ရခြင်းကိုလည်း တောလိုက် ၀ါသနာ ပါသူအနေဖြင့် ကျေနပ်သဘောကျနေမိလေသည်။

သူ၏ စိတ်ထဲမှ နောက်တစ်ခု သိနေသည်ကား မာတာဘယ်လီခေါင်းဆောင်ကို ဖမ်းမိရုံနှင့် မိမိတို့ အမဲလိုက်ခြင်း သည် ကိစ္စမပြီးဆုံးသေးဟူ၍ပင် ဖြစ်သည်။
မိမိတို့အနေဖြင့် နောက်ထပ် သားကောင်တစ်ကောင်အား ဆက်လိုက်ရဦးမည် ဖြစ်သည်။ ယင်းသားကောင် သည် အလွန်လျင်မြန်ပါးနပ်သဖြင့် အထူးဂရုစိုက်၍ လိုက်ရမည် ဖြစ်သည်။
ဘူခါရင် သည် ရှေ့မှ လျှောက်သွားနေသူ ဖွန်ဂါဘီရာ၏ ဦးခေါင်းနောက်စေ့ကို ကြည့်ရင်း ပြုံးနေလိုက် သည်။

သူ့အနေဖြင့် နှစ်ပေါင်းများစွာ ရုရှထောက်လှမ်းရေးတွင် အမှုထမ်းခဲ့ခြင်းသည် ယခုတော့ အလွန် ကျေနပ် အားရ ဖွယ်ရာ အဆုံးသတ်ရတော့မည်ပါတကားဟု တွေးပြီး ကြည်နူးပီတိ ဖြစ်မိလေသည်။ မိမိတို့အနေဖြင့် ရရှိမည့် ဆုလာဘ်သည်ကား မာတာဘယ်လီ၊ ရှိုနာနှင့် ဇင်ဘာတွေနိုင်ငံတစ်ခုလုံးပင် ဖြစ်သည် မဟုတ် ပါလား။
ဆက်သွားကြရင်းနှင့် တောင်ပေါ်ဒေသသို့ ရောက်လာကြလေရာ တောင်ကုန်းပေါ်သို့ တက်သည့် လမ်းက အလွန် ကျဉ်းမြောင်း လှသည်ကို သတိပြုမိကြလေသည်။
တွန်ဂါတာ သို့ ပုန်းအောင်းနေရာသို့ နီးကပ်လာပြီဖြစ်ကြောင်း သိသာထင်ရှာလာပြီ ဖြစ်သည်။

ထိုအခိုက် ရှေ့မှ လမ်းပြအဖြစ် သွားနေသူ မာတာဘယ်လီ အမျိုးသမီးသည် အသံကုန်ဟစ်၍ အော်လိုက် သည်။
ပုန်းအောင်းနေသူများအား သတိပေး ဟစ်အော်လိုက်ခြင်းဖြစ်၍ ဖွန်ဂါဘီရာသည် ပြင်းစွာ ဒေါသ ထွက်လျက် အမျိုးသမီး အနီးသို့ လျင်မြန်စွာ ချဉ်းကပ်သွားလေသည်။
ထို့နောက် သူ၏ သန်မာသောလက်တစ်ဖက်ဖြင့် သူမ၏မေးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကျန်လက် တစ်ဖက်ဖြင့် ဦးခေါင်းကို နောက်သို့ လှန်ချိုးလိုက်သည်။ မာတာဘယ်လီ အမျိုးသမီးခမျာ ချက်ချင်းပင် ဇက်ကျိုး လျက် ပျော့ခွေလဲကျကာ ငြိမ်သက်သွားရှာပေတော့သည်။

ဖွန်ဂါဘီရာသည် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်ပြီး သူ၏ တပ်သားများအား အရေးတကြီး အချက်ပြ ညွှန်ကြားလိုက်ရာ စစ်သားများလည်း လမ်းဘေးသို့ ပြေးဝင်လျက် နေရာယူထားလိုက်ကြ သည်။

ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

Anonymous said...

ရက်စက်လိုက်တာ။ လူယုတ်မာကြီး ဖွန်ဂါဘီရာ