Thursday, October 7, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၂၇)

"အဲဒီအချိန်က ခင့်ဘိုးအေကြီး အသက် လေးဆယ်လောက် ရှိရောပေါ့"
"လေးဆယ် မပြည့်သေးဘူး၊ သုံးဆယ်ရှစ်နှစ်ပဲ ရှိသေးတယ်"
"တကယ့်အရွယ်ကောင်းပဲ"
"အေးပေါ့.. ဒါနဲ့ မြန်မာပြည်ထဲ ပြန်ရောက်လာ၊ ရိုးရိုးကုပ်ကုပ် လုပ်ကိုင်စားရင်း ဇာတ်မြုတ်နေရာ က ဘွားအေကြီး နဲ့ အကြောင်းပါ၊ ကုသိုလ်က ပေးလာတော့ တဖြည်းဖြည်း စီးပွားဖြစ် ချမ်းသာလာ ခဲ့တာပေါ့ မြရယ်.. "

"ဒီရတနာမျိုးဟာ လူ့လောကမှာ ပြောလို့မယုံနိုင်အောင် အင်မတန်ရှားပါးတဲ့ ရတနာပဲ ခင်ရဲ့၊ ကြောင် အမြုတေ ရထားတဲ့လူက ကြောင်အစွမ်းရှိသလို ပေါ့ပါးတယ်၊ ခုန်ပေါက် ပြေးလွှားနိုင်တယ်၊ အမြင့်က ကျလဲ နာကျင်မှု မရှိဘူ၊ လူတွေတက်ဖို့ သွားဖို့ မဖြစ်နိုင်တဲ့ ကပ်သီးကပ်သပ် ခဲခဲယဉ်းယဉ်း နေရာတွေကို တက်နိုင်သွားနိုင်တယ်၊ ချိုးအမြုတေ ဥဒေါင်း အမြုတေဆိုရင် အိမ်မှာထားရင် မီးမလောင်နိုင်ဘူးတဲ့၊ လာဘ်လာဘ ရွှင်တယ်တဲ့၊ အမြုတေ ရတနာ အမျိုးမျိုးရှိ သလို သူတို့ရဲ့ တန်ခိုးသတ္တိကလဲ တစ်မျိုး စီပဲနော်"
"အပေါဆုံး အမြုတေကတော့ ယောက်သွား သို့မဟုတ် မုတ်ခွံထဲက ရတဲ့ အမြုတေပဲ၊ ပုလဲပေါ့ မြရယ်"

"အေး.. ပုလဲတွေထဲမှာ တိမ်တိုက်ပုလဲကလွဲရင် မုတ်ခွံပုလဲကတော့ လူတိုင်းလိုလို ရှိကြတာပဲ မြရဲ့၊ အမယ် သူကလဲ တန်ခိုးသတ္တိလေးနဲ့၊ နှလုံးရောဂါသမားဆိုရင် ပုလဲနဲ့ သိပ်တည့်တယ် ဆိုပါလား"
"မြက ဆရာဝန် ဆိုတော့ သိမှာပေါ့"
"ထိုက်တန် တဲ့ လူဆိုတော့ အမြုတေ ရတနာက အလိုလိုရောက်လာတာပေါ့လေ၊ ဘယ်မှာလဲ မြကို ပြစမ်းပါဦး၊ မြင်ဖူးတယ်ရှိအောင် ကြည့်ချင်တယ်"
ဒေါက်တာမြသွင်အေးက ဆိုသဖြင့် မေမေခင်က ထုတ်ပြသည်။
ဒေါက်တာမြသွင်အေးက သေသေချာချာကြည့်ပြီး အကြံပေး၏။

"ဒီရတနာကို လိုချင်လို့ ခင့်ကို ရန်ရှာနေကြတာ ခင် သိပြီးသားပဲ၊ အလစ်မှာ ခင့်ကို အနိုင်အထက် ချုပ်ကိုင် ညှဉ်းဆဲနေမှာစိုးရတယ်၊ အဲဒီတော့ ခင့်အနေနဲ့ ဒီရတနာကို ကိုယ်နဲ့မကွာ အမြဲဆောင် ထားစေ ချင်တယ် ခင်ရယ်၊ လက်စွပ် အနေနဲ့ လက်ထဲမှာ ၀တ်ထားတာ လူမြင်မှာစိုးရင် ရွှေကြိုးနဲ့ ခိုင်ခိုင်ချည်ပြီး လည်ပင်း မှာဆွဲထား၊ ဆွဲကြိုးကို အင်္ကျီအောက်ဘက် သွင်းထားပေါ့၊ ဒါမှ ခင့်ကို သူတို့ မချုပ်နိုင် မဖမ်းနိုင်ဘဲ ခင် ဘေးကင်းရန်ကင်း ဖြစ်နိုင်မယ်၊ မြ အကြံပေးသလို မလုပ်နိုင်ဘူးလား ခင်"
စောစောက သူငယ်ချင်းနှစ်ယောက် အမြုတေ ရတနာ၏ ရာဇ၀င်ကို ဇာတ်စုံခင်းနေရသဖြင့် စိတ်ဆင်းရဲမှု တွေ အခိုက်အတန့် ပြေပျောက်နေခဲ့သော မေမေခင်သည် ယခု စိတ်ဆင်းရဲမှု ပင်းရင်းဌာနသို့ ပြန်ရောက် သွားရှာသည်။

"ခင်လဲ အဲဒီလို ဆောင်ထားမယ်လို့ အစီအစဉ် ရှိပါတယ်၊ မြပေးတဲ့အကြံနဲ့ အံကိုက်ပါပဲ၊ နောက်ဆုံး မှာလေ ခင့်ကို တစ်နည်းနည်းနဲ့ အသေသတ်နိုင်တယ် ဆိုဦးတော့၊ ဒီရတနာကတော့ ယုတ်မာသူတွေ လက်ထဲမှာ မတည်မြဲပါဘူး၊ ပျောက်ကွယ်မှာ သေချာပါတယ်၊ ဒီရတနာအကြောင်း ခင် သေသေချာချာ သိပါတယ်"
မေမေခင်က မျက်နှာညှိုးညှိုးဖြင့် ပြောသည်။
"ခင့် အတွင်းပစ္စည်းတွေရော"
အိမ်မှာ တစ်ခုမှ မထားဘူ မြ.. အားလုံးဘဏ်မှာ အပ်ထားတယ်၊ ဒါတွေအတွက်လဲ အားလုံး ခင် စီစဉ် ပြီးပြီ"

"ဘယ်လိုစီစဉ်ထားလဲ ခင်"
"၀တ်လုံတော်ရ တစ်ဦးနဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း သက်သေရှေ့မှာ စာချုပ်ထားခဲ့တယ်၊ ခင်ဟာ ဘယ်လိုနည်းနဲ့ဖြစ်စေ သေဆုံးသွားသည်ရှိသော် ဘဏ်မှာ အပ်နှံထားခဲ့တဲ့ ခင့်မိဘ ဘိုးဘွားပိုင် ခင့်ဘက် က အမွေအနှစ် ခင် တစ်ဦးတည်းပိုင် ပစ္စည်းတွေဖြစ်၍ စိန်ရွှေရတနာတွေနဲ့ ငွေတွေကို မိဘမဲ့ ကလေး တွေ၊ ခိုကိုးရာမဲ့ အမျိုးသမီးတွေ၊ ဘိုးဘွားရိပ်သာတွေကို အချိုးကျ ခွဲဝေလှူဖို့ အားလုံးစီစဉ်ထားပြီးပြီ မြ"

ဒေါက်တာမြသွင်အေးသည် အားကိုရာမဲ့ရှိသော မေမေခင်၏ မျက်နှာကို စိုက်ကြည့်ကာ ရင်ထဲမှာ ဆို့လာသည်။ ငါ ဘယ်လို အကူအညီ ပေးရပါမည်လဲဟု တွေးနေရာမှ သူ သိချင်စရာ မကုန်သေး ၍ မေးလိုက်၏။
"သြော်... မြ မေးချင်တာ တစ်ခုကျန်သေးတယ်၊ အခု ခင် နေတာ အိမ်ဖော်လဲ မရှိ၊ မာလီလဲ မရှိ၊ ခြံကြီးတစ်ခြံလုံးလဲ တောကြီးမျက်မည်းဖြစ်နေပြီ၊ အိမ်ဖော် မာလီ ရှိနေရင် ခင့်အဖို့ အတော်အသင့် အားကိုးရမှာပေါ့၊ ဘာကြောင့် အဖော်မထားဘဲ တစ်ယောက်ထဲ နေရတာလဲ"
မေမေခင်က မသက်မသာ သက်ပြင်းချပြီး ဖြေ၏။

"အိမ်ဖော်နဲ့ မာလီတွေ မရှိတော့တာက အိမ်က ကိုယ်တော်မြတ်ကောင်းမှုပေါ့၊ အမြုတေရတနာ ကစ္စ ဖြစ်ပြီး ကထဲက သူကြိမ်းထားတဲ့စကား ရှိတယ် ဟုတ်လား.. ဒီအိမ်ပေါ်က မဆင်းဘဲ ဒီဇွဲကို ကျွတ်အောင် ချွတ်မယ် ဆိုတာလေ၊ အဲဒီစကားကို အကောင်အထည် ဖော်တဲ့သဘောနဲ့ စိတ်ဆင်းရဲအောင် နည်းမျိုးစုံ အသုံးပြုနေတာပဲ၊ ရှိရင်စွဲ အိမ်ဖော်နဲ့ မာလီကို မြန်မြန်ပြေးအောင် မဟုတ်မတရား စွပ်စွဲတယ်၊ နားကြည်းအောင်ရှက်အောင် ချိုးချိုးဖဲ့ဖဲ့ ပြောတယ်၊ ဆဲဆိုရိုက်နက် လုပ်တယ်၊ ကုန်ကုန်ပြောရရင် မြရယ်.. မိန်မအိမ်ဖော်ကို ခိုးတယ် ၀ှက်တယ်လို့ စွပ်စွဲပြီး လင်မယားချင်း တဆူဆူ တကျက်ကျက်ဖြစ်တော့ အစွပ်စွဲ ခံရတဲ့ အိမ်ဖော်တွေ မာလီတွေဟာ နေလို့ဖြစ်တော့မလား၊ ခင်က တောင်းပန်တယ်၊ လခ ပို ပေးတယ်၊ ဒါပေမဲ့ သူ့ယုတ်မာတဲ့ဒဏ် မခံနိုင်ကြတော့ ပြေးကြတာပေါ့ မြရယ်... အခုတော့ အိမ် နာမည်ပျက်ပြီး ဘယ်သူ့မှ ငှားလို့ မရတော့ဘူး၊ ခင်ကိုယ်တိုင်ကလဲ ငှားရမှာ ရှက်နေပြီ၊ အိမ်မှာ ခင် တစ်ယောက် ထဲရှိမှ သူ လွတ်လွတ်လပ်လပ် ညှဉ်းဆဲနိုင်မယ်ဆိုတဲ့ သဘောပေါ့"
မေမေခင်က စကားဖြစ်ပြီး ငြိမ်နေသလို ဒေါက်တာမြသွင်အေးက စဉ်းစားသလို ငြိမ်နေသည်။ အတန်ကြာ မှ ဒေါက်တာမြသွင်အေးက စကားစပြော၏။

"ခင့်အိမ်မှာ မြနဲ့ ကိုမင်းဇင် လာနေမယ် ဆိုရင်ကော"
မေမေခင်သည် သူ့နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။
"ဘာ.. မြ ခင့် ဆီမှာ မြတို့လာနေမယ်... ဟုတ်လား"
မေမေခင် အသံမှာ ၀မ်းသာလွန်းသဖြင့် တုန်နေသည်။
"နေမယ်လို့ စိတ်ကူးမိတယ် ခင်"

"တကယ်ပြောနေတာလား မြရယ်... ခင်က လာနေပါလို့ ပြောမယ် စိတ်ကူးမိပါတယ် မြရယ် ယုံပါ.. ဒါပေမဲ့ မြအနေနဲ့ ဖြစ်နိုင်ပါ့မလား၊ ကိုမင်းဇင်နဲ့ လက်ထပ်ဖို့က ရှိနေတော့ စိတ်အေးချမ်း သာနေချင်တဲ့ ညားကာစ လင်မယားက စိတ်ဆင်းရဲစရာကောင်းလှတဲ့ ခင့်အိမ်လိုနေရာမျိုးကို ခေါ်ဖို့သင့်ပါ့မလား ဆိုတဲ့ စိတ် ကြောင့် ခင် မပြောဘဲ နေတာပါ၊ မြတို့ တကယ်လာနေနိုင် မလား..ဟင်.. "
မေမေခင်သည် ၀မ်းမြောက်အားတက်စွာ ပြန်မေးသည်။ ဒေါက်တာမြသွင်အေးက ရေလည်စွာ ပြန် ပြောပြ ၏။

"လာနေမယ်... ခင်လဲ လုံခြုံမှု ရသွားအောင်ပေါ့ ဒါပေမဲ့ ခင် ဆယ့်ငါးရက်လောက်ကတော့ ဆိုင်းဦး၊ ဘာကြောင့်လဲ ဆိုတော့ မြက နက်ဖြန်ခါ ကွင်းဆင်းမယ့် ဆရာဝန်အုပ်စုမှာ ပါနေတော့ အဲဒါက တစ်ပတ်ကျော် ရှစ်ရက် ကိုးရက်လောက်တော့ ကြာမယ်၊ ကွင်းဆင်းရာက ပြန်လာပြီး လက်ထပ် ရေး စီစဉ် ရမယ်၊ အကျယ်ချဲ့မှာတော့ မဟုတ်ပါဘူး၊ မြရော ကိုမင်းဇင်ရော ငွေ အချည်းနှီးကုန်မယ့် ပကာသန မင်္ဂလာ ဆောင်နည်း မကြိုက်ဘူး၊ ရုံးတက် လက်မှတ်ထိုးကြမှာပါ၊ လက်ထပ်ပြီးမှ ရွှေ့လာနေကြမယ်လေ၊ ဒါမှ ခင့်မော်တော်လဲ မြကို မယုတ်မာနိုင်ဘူး ကိုမင်းဇင်နဲ့လဲ ခင့်ကို မစွပ်စွဲနိုင်တော့ဘူး.. ဟုတ်လား ခင်ရဲ့"

ဒေါက်တာမြသွင်အေး အစီအစဉ်က များစွာ မှန်ကန်သင့်လျော်သဖြင့် မေမေခင်သည များစွာဝမ်း သာသွားသည်။
"မြ သဘောပါ.. ကိုမင်းဇင်နဲ့ မြ သဘောကျသလိုသာ စီစဉ်၊ ခင်ကတော့ မြတို့ လာနေမယ်ဆိုတာ ကိုပဲ စိတ်ချမ်းသာပြီး ၀မ်းသာလိုက်တာ မြရယ်၊ အခန်းကျယ်ကြီးတစ်ခန်းကို ခင် ရှင်းထားလိုက် မယ်၊ မြတို့ ကစ္စ မြန်မြန်ပြီးအောင် လုပ်နော်၊ ခင် မျှော်နေမယ်နော် မြ၊ ခင် ဘာလုပ်ထားရဦး မလဲဟင်" မေမေခင်သည် ဆွေ့ဆွေ့ခုန်မျှ ၀မ်းသာနေရှာသည်။
"ဘာမှ လုပ်ထားစရာ မလိုပါဘူး ခင်၊ တစ်ခုတော့ ခင် သတိထားနော်"

"ဘာလဲ မြ ပြော ... ခင် အားလုံး နားထောင်မယ်"
"မြတို့ ပြောင်းလာနေမယ်ဆိုတာကို ခင့်မောင်တော် လုံးဝမသိစေနဲ့၊ ကြိုတင် သိနေရင် သူတို့ ဥာဏ်နီဥာဏ်နက်တွေ ထုတ်ပြီး အခြေအနေတစ်မျိုးဖြစ်သွားအောင် ခင့်ကို ဒုက္ခပေးနေဦးမယ်"
ဒေါက်တာ မြသွင်အေးက နှုတ်ပိတ်သတိပေးသည်။
"ဟုတ်တယ် မြ၊ စိတ်ချနေ ခင် လေသံတောင် မဟဘူး"
မေမေခင်က ကတိပေးပြီး ဆက်ပြောသည်။
"အခုလို မြတို့ လာနေမယ်ဆိုတာ ခင် ကျေးဇူးတင်၊ ၀မ်းလဲသာပဲ၊  အဖော်ခေါ်ရမလောက်တဲ့ အခြေအနေ ဖြစ်နေတော့ ခင် ဘယ်လောက်အထိ စဉ်းစားတယ်ထင်လဲ မြ"
"ဘယ်လိုစဉ်းစားလဲ ခင် ..."

"ရှိသမျှ ပစ္စည်းတွေအားလုံး ရောင်းပစ်ပြီး လွတ်ရာလွတ်ကြောင်း ထွက်သွားဖို့တောင် စိတ်ကူးမိ တယ်၊ ဒါပေမဲ့ ဒင်းက ဒီအိမ်ပေါ်က မဆင်းဘဲ ပေနေရင် ၀ယ်တဲ့လူက နောက်ဆုတ်သွားမယ်ဆို တာ တွေးမိလို့ လူသိမခံတော့ဘဲ ကြိတ်မှိတ်နေခဲ့တာ ... "
"ဟုတ်တယ် ခင်ရဲ့၊ အိမ်ဝယ်ပြီး နေတဲ့လူက ဆင်းမပေးရင် စိတ်ဆင်းရဲစရာကောင်းလို့ အိမ်ဝယ် သူတွေကလဲ အဲဒီအချက်ကို သိပ်ဂရုစိုက်ကြတာ"
သူငယ်ချင်းနှစ်ယေ.ာက် စကားလက်ဆုံ ပြောမကုန်အောင် ဖြစ်နေရာကြရာ နေ၀င်ပြီး မှောင်ရိပ် လွှမ်းလာသည်ကိုပင် သတိမထားမိကြချေ။ ဧည့်ခန်းထဲရှိ သံစုံတိုင်ကပ်နာရီကြီးမှ ခြောက်နာရီထိုး သံ ထွက်လာသည်။

"ဟယ် ... အချိန် ကုန်မှန်းမသိ ကုန်သွားလိုက်တာ မှောင်စပျိုးလာပါပြီကော၊ တို့နှစ်ယောညက်က ၀ရန်တာမှာ ထွက်ထိုင်နေကြတော့ မှောင်မှန်းမသိဘဲ ဖြစ်နေတယ်"
နာရီထိုးသံကြား၍ ဒေါက်တာမြသွင်အေးက ပြောမှ မေမေခင်
"ဟုတ်သားပဲ မြရေ ..."
ဟု ဆိုကာ ထိုင်ရာကထပြီး မီးတွေဖွင့်လိုက်သဖြင့် အိမ်ထဲမှာ လင်းသွားသည်။
"ကြည့်စမ်း ခင်ရယ် ... တို့နှစ်ယောက် စကားကောင်းနေလို့ ကျေးသားလေးကို မကြည့်မိဘူး၊ ခု နေ၀င်လို့ မှောင်နေပြီ၊ သူ မအိပ်သေးဘူးနော်၊ မြနဲ့ ခင် စကားပြောတာကို နားထောင်နေတယ် ထင်တယ်၊ ကျေးသားလေးက မြမျက်နှာကိုရော အသံကိုရော ကောင်းကောင်းမှတ်မိမယ် ထင်တယ်"

မေမေခင်က လှောင်အိမ်ကို ဖြုတ်ယူနေရာမှ ...
"သူကလေး သိပ်လိမ္မာတယ်၊ ညအချိန်မှာလေ ခင် ခြင်ထောင်ချ မီးငြိမ်းပြီး အိပ်ရာထဲ ၀င်လာတဲ့ အထိ သူ မအိပ်ဘူး၊ လှောင်အိမ်ထဲက နေပြီး ခင့်ကိုပဲ ကြည့်နေတယ်"
မေမေခင်က ပြောပြီး ငှက်လှောင်အိမ်ကို အိပ်ခန်းထဲ ယူသွားသောအခါ ဒေါက်တာမြသွင်အေးက မေမေခင့် အခန်းထဲ လိုက်လာပြီး ကြည့်သည်။ သပ်ရပ်သန့်ရှင်းသော အခန်းထဲတွင် အိပ်ရာပြင်ထား သော တစ်ယောက်အိပ် ခုတင်တစ်လုံး၊ အ၀တ်ဗီရို၊ သောက်ရေအိုးနှင့် ငှက်လှောင်အိမ် တင်သော စားပွဲ တစ်လုံး ရှိနေသည်။
ဒေါက်တာမြသွင်အေးသည် မေမေခင် အဖြစ်ကို သနားကြင်နာလျက်နှင့်ပင် မပြန်မဖြစ်၍ ပြန်ရပေ တော့မည်။

"စိတ်ချမ်းသာအောင်နေ ... မကြာပါဘူး ခင်ရယ်၊ ဆယ့်ငါးရက်ထဲပါ။ မြတို့ ရောက်လာတော့မှာပါ၊ ဒီရက် အတွင်း သတိမလစ်စေနဲ့ ... ကဲ မြ ပြန်ဦးမယ်"
ဒေါက်တာမြသွင်အေးက ပြောပြောဆိုဆို ထိုင်ရာက ထသောအခါ မေမေခင်၏ မျက်နှာသည် အားငယ်ဝမ်းနည်းသွားသော အရှိန်ကြောင့် ညှိုးသွားရှာသည်။
"မြ သတိပေးတဲ့အတိုင်း ခင် နေပါမယ်"
သူငယ်ချင်းနှစ်ယောက် တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ပြီး အိမ်အောက်ဆင်းလာကြ သည်။ ဆင်ဝင်အောက်တွင် ဖွင့်ထားသော လျှပ်စစ်မီးရောင်ကြောင့် ဒေါက်တာမြသွင်အေး၏ မော်တော်ကား ရပ်ထားသည့် နေရာမှာ လင်းနေသည်။

"ကဲ မြသွားမယ် ... ခင် အိမ်ပေါ်ပြန်တက်၊ တံခါး သော့ခတ်လိုက်တော့"
ဒေါက်တာမြသွင်အေးက မော်တော်ကားပေါ် ပြန်တက် စက်နှိုးပြီး ပြောသည်။ မေမေခင် အိမ်ပေါ် ပြန်တက်သွားပြီး တံခါးသော့ခတ်လိုက်မှ ဒေါက်တာမြသွင်အေးက စိတ်မကောင်းစွာ ကားကို မောင်းထွက် လာခဲ့သည်။

ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားတို့သည် ခေါင်းချင်းဆိုင်ကာ အကြိတ်အခဲကြီးစွာဖြင့် တီးတိုး တိုင်ပင်နေကြသည်။ မြွေ အမြုတေ ရတနာ၏ တန်ခိုးအစွမ်းသတ္တိကို ချစ်သောလင်ကို ယုံကြည် စတ်ဖြင့် ဖွင့်ဟပြောမိသော မေမေခင်၏ စကားအားလုံး မောင်မောင်မျိုးက တစ်လုံးမကျန် ပြန် လည်  အစီရင်ခံထား၍ ကြားရသော သူတို့သုံးယောက်သည် အမြုတေ ရတနာကို များစွာ မက်မောနေကြသည်။ လိုချင် လောဘကြီးလှစွာဖြင့် မည်ကဲ့သို့သောနည်းဖြင့် ရနိုင်မည်ဟု ကြံစည် ကြသည်။ တွေးကြသည်။ မောင်မောင်မျိုး အနေဖြင့်ကား မေမေခင်ကို ကိုယ်ထိလက်ရောက် ချုပ်ကိုင်လုယူရန် အရေးကို မည်သည့်နည်းနှင့်မှ မလုပ်ဝံ့ကြောင်း အတိအလင်း ဖွင့်ဟပြောကြား ထားပြီးလေပြီ။ မောင်မောင်မျိုးက သူကိုယ်တိုင် ခံစားလာခဲ့ရသော ကိုယ်တွေ့အဖြစ်ကို တိတိ ကျကျ ပြောသဖြင့် ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားတို့က မေမေခင်ကို ချုပ်ကိုင်နိုင်ရန် အရေး အမျိုးမျိုး ကြံစည်တွေးကြသည်။

သူတို့အဖို့ ခက်သည်က မေမေခင်၏အိမ်သည် တစ်ထပ်ခြေတံရှည် အိမ်အမြင့် ဖြစ်သည်။ နောက်ဖေး လှေကားထိပ်တံခါးသည် မည်သည့်အခါမှ မဖွင့်ဘဲ အတွင်း အမြဲ မင်းတုပ်ချပိတ်ထား သည်။ အိမ်ရှေ့လှေကားထိပ်တံခါး၏ သော့သည် မောင်မောင်းမျိုးထံမှ သော့တစ်ချောင်း ရှိနေ၍ အချိန်မရွေး ဖွင့်နိုင် ၀င်နိုင်သည် ဆိုသော်လည်း အိမ်ပေါ်အမြင့်က စီးကြည့်နေသော မေမေခင် သည် သူတို့လာသည်ကို ကြိုတင် မြင်နေသည်ဖြစ်၍ သူတို့အိမ်ပေါ်ရောက်သည့်အခါမှာ မေမေခင် နှင့် ကျေးသားလေးက အခန်းထဲရောက်နှင့်ပြီး တံခါးကို သော့ခတ်ပိတ်ထားပြီးသား ဖြစ်နေသည်။ မေမေခင် ယူထားသော အခန်းထဲမှာ ရေချိုးခန်း၊ အိမ်သာ အစုံအလင် ရှိသည်။ တယ်လီဖုန်းကို မေမေခင်က သူ့အခန်းထဲ ရွှေ့သွင်းထားသည်။

သူတို့လူစု လာအိပ်သည့်အခါ မေမေခင် အခန်းထဲက မီးပိတ်ထား၍ မှောင်နေသည်။ အသံဟူ၍ လုံးဝ မကြားရချေ။ သူတို့က အပြင်ဘက်မှ ခေါ်ပြောနှုတ်ဆက်သော်လည်း မေမေခင်ထံမှ တုံ့ပြန် ချက် လုံးဝမရ။ အိပ်ပျော်ခြင်း မဟုတ်ဘဲ မြုံနေကြောင်း သူတို့ သေသေချာချာ သိကြသည်။

သူတို့အဖို့ မရှုနိုင် မကယ်နိုင်ဖြစ်အောင် အကြံရ ကြပ်နေသည်မှာ မေမေခင်ကို အသက်သေအောင် သတ်လျှင် မြွေအမြုတေ ရတနာ ရှာမတွေ့ဘဲ ဆုံးရှုံးမည်။ မေမေခင်ကို ချော့မော့သိမ်းသွင်းပြီး အကြည်အသာ တောင်းယူရအောင်ကလည်း သူတို့လူစုကို မေမေခင်က လုံးဝ စကားလက်ခံ ပြောဆိုခြင်း မပြုဘဲ ဖြစ်နေသည်။ ထိုအခါ ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားသည် မောင်မောင်မျိုး မလိမ္မာ၍၊ အကိုင်အတွယ် မတတ်၍၊ စကားပြော မဆင်ခြင်၍သာ မေမေခင် ရိပ်မိ သွားခြင်းဖြင့် အမြုတေ ရတနာကို ရယူရန် ခဲယဉ်းသွားပြီဟု မှတ်ချက်ချကာ မောင်မောင်မျိုးကို အပြစ်တင်ကြသည်။ မောင်မောင်မျိုးသည် သူ ယုံကြည်လွန် ကြည်ညိုလွန်းသော နောင်ဘုရား၊ သူချစ်သော အစ်ကို၊ သူချစ်သော  မရီးတို့မှ မျက်နှာကောင်း မရဘဲ အပြစ်တင်ခံရသောအခါ မေမေခင်ကို မုန်းသည်ထက် မုန်းလာသည်။

"ငါ လင်ယောက်ျား တစ်ယောက်လုံးကို ဒင်းကို မယုံမကြည်နဲ့ လူပါးဝလိုက်တဲ့ မိန်းမ၊ ဒီမြွေအမြုတေ ရတနာကို ငါ့လက်ထဲ ရော်ကလာအောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါ ကြံမယ် ..."
မောင်မောင်မျိုးသည် သူတို့ဘက်က ဆိုးယုတ် ရက်စက်စွာ ပြုမူထားသည်များကို မမြင်မတွေးဘဲ မေမေခင် ကိုသာ မုန်းတီးစွာ အပြစ်ဖို့ နေသည်။
"မျိုး ဘာကိုပဲဖြစ်ဖြစ် မိမိတို့နဲ့ တိုင်ပင်ပါ"
လေသံအေးအေးဖြင့် မိမိလေးက မှာကြားသည်။

"ညီလေးရာ မင်း ရှေ့လောကြီးပြီး မဆင်မခြင်လုပ်လို့ အခုလောက် နှောက်နှေးသွားရတာ၊ မင်းသာ လိမ္မာပါးနပ်ရင် ဒီရတနာဟာ အခုဆိုရင် တို့လူစုထဲက တစ်ယောက်ယောက် ပိုင်နေပြီ၊ ညီလေး သိပ်လို သွားတယ်ကွာ"
ကိုအောင်စိုးက မချင့်မရဲ အပြစ်တင်သည်။
နောင်ဘုရားက စဉ်းစားသလို ငြိမ်နေရာမှ ပြောလိုက်၏။

"အချိန်သိပ်ဆွဲနေလို့ မဖြစ်တော့ဘူး၊ ကိစ္စတစ်ခုဟာ ဆောင်ရွက်စရာရှိတာကို မြန်မြန်ဆောင်ရွက်မှ ကောင်းမယ်၊ အဲဒီတော့ နှမငယ် အသက်ကို ရန်မရှာဘဲ ရတနာကို လက်ဝယ်ရတဲ့နည်း နောင်ဘုရား အကြံပေးမယ်၊ နောင်ဘုရား အစီအစဉ်အတိုင်း လိုက်နာကြ"
"နောင်ဘုရား မိန့်ကြားချက်တွေကို မြေ၀ယ်မကျ နားထောင်ခဲ့ကြသူတွေပါ။ နောင်ဘုရား အစီအစဉ်ကိုသာ မိန့်ကြားပါ ..."
မိမိလေးက ကျိုးနွံနာခံစွာ ပြောသည်ကို ကိုအောင်စိုးနှင့် မောင်မောင်မျိုးတို့ ညီအစ်ကိုက သဘောကျ ကျေနပ် ဟန်ဖြင့် စောဒက မတက်ကြဘဲ နောင်ဘုရား မျက်နှာကို ယုံကြည်အားကိုးစွာ ကြည့် နေကြ လေသည်။

ဒေါက်တာမြသွင်အေးသည် မေမေခင်ထံမှ ပြန်လာခဲ့ပြီး ခရီးမထွက်မီ ရသမျှ အချိန်လေးမှာ ချစ်သူ မောင်မင်းဇင်နှင့် တွေ့ဆုံကာ သူနှင့် မေမေခင် တိုင်ပင်လာသည့် အစီအစဉ်ကို ပြောပြသည်။ မောင်မင်းဇင် က ဒေါက်တာမြသွင်အေး စကားကို မပယ်ရှားချေ။

ဆက်ရန်
.

6 comments:

Anonymous said...

အသဲယားလာပီ..အမရေ...



မြတ်နိုး

Thida said...

အစ်မရယ်, ရင်တွေတောင်တုန်တယ် ဖတ်ရတာ :(

yuyusan said...

စောင့်မျှော်နေပါတယ် အမရေ

မေဓာဝီ said...

မြကရော စိတ်ချရပါ့မလား မသိ။
လူတွေကို ယုံဖို့ရာ ခပ်ခက်ခက် ဖြစ်နေပြီ။

:P said...

မနေ့က တင်တာကို ခုမှ လာဖတ်တယ် အစ်မရေ.... ဖတ်ရရင် စိတ်မချမ်းမြေံ့စရာတွေ ကျန်နေလို့.. ဇာတ်သိမ်းမှ စုဖတ်မယ်ဆိုပြီး မဖတ်ပဲလဲ မနေနိုင်ဘူး

Unknown said...

hi ဘယ်က