မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းကို နယ်ချဲ့မျက်နှာဖြူယူဆောင် နန်းချလိုက်၍ မြန်မာပြည် တစ်ပြည်လုံး ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘ၀ ကျရောက်ရသည်ကို မချိတင်ကဲ ဖြစ်လှသော မြင်းတပ်မှူး ဘုရင်ကျော်ခေါင်သည် သူ့လက်အောက်ခံ တပ်သားများကို စုဆောင်း သိမ်းယူကာ မျိုးချစ်လှတွေ မှန်သမျှ အားလုံးပေါင်းစည်းပြီး အလောင်းဘုရား၏ ဇတိချက်ကြွေ အောင်မြေ အဖြစ် သတ်မှတ်ရာ ရွှေဘိုနယ်ကို ခြေကုန်ယူပြီး နယ်ချဲ့တွေကို အချိန်ကြာမြင့်စွာပင် တွန်းလှန် တိုက်ခိုက် နေခဲ့သည်။ သို့သော် လူအင်အား လက်နက်အင်အားကလည်း မမျှ၊ နယ်ချဲ့ မျက်နှာဖြူများ၏ သွေးဆောင် မြှူခေါ်ချက်ဖြစ်သော ဆုငွေကို ရာထူးတွေကို မက်မောစိတ်ပေါ်လာ သည့် တပည့်ငယ်သား တွေက စိတ်ဓာတ်ကျ သစ္စာဖောက်လာကြသောအခါ ဘုရင်ကျော်ခေါင် သည် သူ့အသက် ဘေးရန် အတွက် ပင် စိတ်မအေးရသော အခြေအနေသို့ ရောက်လာသည်။
ဤအချိန်တွင် မြန်မာဘုရင် ရှိစဉ်ကပင် တစ်နှစ်တစ်ကြိမ် ရွှေမြို့တော်သို့ ရောက်လာလေ့ရှိသော ချင်းတောင် မှ ဆယ့်နှစ်ရွာအုပ်ချင်း သူကြီး ခါကျင်ခိုင်က ဘုရင်ကျော်ခေါင်နှင့် ခင်မင်ရင်းနှီးရင်းစွဲ ရှိသည့် အလျောက် သစ္စာဖောက်တို့လက်ချက်ဖြင့် အသက်အသေမခံစေလို၊ သူနေရာ ချင်းတောင်း သို့ လိုက်လာပြီး ဘေးကင်းရန်ကင်း အေးဆေးစွာ နေထိုင်ပါ။ သူ့တစ်သက်တာမှာ သစ္စာရှိရှိ စောင့်ရှောက် ကာကွယ် သွားပါမည်ဟု လာရောက်ခေါ်ဆောင်သည်။ မည်ကဲ့သို့မှ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်ရန် အခြေအနေ မရှိတော့သော ဘုရင်ကျော်ခေါင်သည် အားမတန် မာန်လျှော့ကာ ခါကျင်ခိုင် ခေါ်ဆောင်ရာ ချင်းတောင်သို့ လိုက်ပါသွားသည်ကို သစ္စာဖောက် ငယ်သားများက သိလိုက်ကြသည်။
သို့သော် ဘုရင်ကျော်ခေါင်သည် ချင်းတောင်ရောက်အောင် လိုက်မသွားချေ။ နောက်က မီးခိုး ကြွက်လျှောက် လိုက်လာရန်မူကြမည့်ဘေးကို တွေးမိသည့်အလျောက် ချင်းတောင်ဘက်သို့ ခြေယောင်ပြကာ လမ်းခုလတ်မှ ဖဲ့ထွက်ပြီး အောက်သို့ စုန်လာခဲ့သည်။ ရခိုင်ရိုးမတောင်ကို ပင်ပန်း ခဲယဉ်းစွာ ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲမှ ခိုဝင်ဇာတ်မြှုပ်နေလိုက်သည်။ ထိုအချိန်က ဘုရင် ကျော်ခေါင်၏ အသက်အရွယ်သည် သုံးဆယ်က နှစ်နှစ်စွန်းရုံမျှ ရှိသေး၍ သန်တုန်း မြန်တုန်း အရွယ်ကောင်းတုန်းပင် ဖြစ်သည်။
ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းမှ လူသိနည်း ချောင်ကျသော ရွာငယ်တစ်ရွာမှာ မထင်မရှား နေပြီး တံငါအလုပ်ဖြင့် အသက်မွေးနေထိုင်ခဲ့သော ဘုရင်ကျော်ခေါင်သည် တစ်နေ့သောအခါဝယ် ငါးဖမ်းလှေတစ်စင်းဖြင့် ပင်လယ်ဘက်ကို ထွက်လာခဲ့သည်။ ပင်လယ်ပြင် ရောက်ပြီး မကြာမီမှာ ပင် သာယာကြည်လင်သော မိုးကောင်းကင်မှ အရိပ်လက္ခဏာပင် မမြင်လိုက်ရဘဲ ရုတ်တရက် မိုးသက်မုန်းတိုင်း ကျလာခဲ့သည်။ ဘုရင်ကျော်ခေါင် စီးလာသော လှေမှာ လေမုန်းတိုင်းဒဏ် လှိုင်းဒဏ်ကို မခံနိုင်ဘဲ ပင်လယ်ထဲ လွင့်မြောသွားရာမှ ကျောက်ဆောင်ကြီးတစ်ခုနှင့် ပြင်းထန်စွာ ရိုက်မိကာ လှေကွဲပျက်သွားသည်။ ဘုရင်ကျော်ခေါင်ကား ရေထဲကို စင်ကျသွားပြီးမှ သတိထား၍ ကျောက်ဆောင်ရှိရာ ပြန်ကူးလာပြီး ကျောက်ဆောင်ပေါ် တွယ်တက်လိုက်ရသည်။
မိုးသက်မုန်းတိုင်းစဲ၍ ကြည်လင်သာယာလာသောအခါမှ ဘုရင်ကျော်ခေါင်သည် သူရောက်နေရာ ကျောက်ဆောင်ထက်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထိုအခါ သူ ရောက်နေသော နေရာသည် ကျောက်ဆောင် ထူထပ်သော သေးငယ်သည့် ကျွန်းကလေးတစ်ကျွန်း ဖြစ်နေသည်ကို တွေ့ရ သည်။ ကျွန်းပေါ် တွင်ကား ကြီးမားသော ကျောက်တုံးကြီးများ ပြန့်ကျဲနေပြီး အမျိုးအမည် မသိရ သော လက်ပံပင် နှင့် ဆင်ဆင်တူသည့် အလွန်အမင်း ကြီးမားလှသော သစ်ပင်ကြီးတွေမှလွဲ၍ သစ်ပင်ငယ် ချုံငယ်ဟူ၍ မရှိချေ။ အောက်ခြေ ရှင်းနေသည်။
မေမေခင်စကား ဤနေရာ ရောက်သောအခါ ဒေါက်တာမြသွင်အေးက..
"ဘာပင်ကြီးတွေပါလိမ့်"
ဟု ဖြတ်ပြောလိုက်၏။
"မသိဘူး မြရဲ့၊ ဘိုးအေလဲ ကျွန်းမြေပေါ်တက်ပြီး ကမ်းခြေနဲ့ အနီးဆုံး သစ်ပင်ကြီး တစ်ပင်အောက်မှာ အရိပ်ခို အနားယူမယ် စိတ်ကူနဲ့ သွားလိုက်တာ၊ သစ်ပင်နားလဲရောက်ရော ချက်ချင်း နောက်ပြန် ဆုတ်ပြေး မိတာပဲတဲ့ မြရယ်... "
"ဘာတွေ တွေ့လိုလဲဟေ့"
"အပိုင်းပိုင်း အတစ်တစ်ပြတ်နေတဲ့ မြွေသေတွေတဲ့"
"ကြံကြံ စည်စည်ဟာ၊ မြွေတွေ ဘယ်သူက သတ်ထားပါလိမ့်"
"အေး... အံ့သြစရာပဲတဲ့၊ ကျွန်းပေါ်မှာလဲ လူရိပ်လူခြေ လုံးဝမမြင်ရ၊ လူသံသူသံလဲ လုံးဝမကြားရဘဲ ဒီသစ်ပင် အောက်မှာ မြွေသေတွေ တင်းကျမ်းပြည့်နေတာ ဘိုးအေက စဉ်းစားမရအောင် ဖြစ်နေတယ်၊ တချို့ မြွေတွေဆိုရင် နေရာက မရွ့နိုင်ပေမယ့် မသေမရှင်တွေတဲ့"
"အမယ်လေး.. ကြက်သီးထလိုက်တာ ခင်ရယ်"
"အဲဒီလိုနေရင်နဲ့ မကြာခင်မှာ လေတိုက်သံလိုလို ကြားလာတော့ ဘိုးအေလဲ ဘာမှန်းမသိရတဲ့နေ ရာမှာ ငါ ပုန်းကွယ်နေတာ ကောင်းပါတယ်လို့ စိတ်ကူပြီး ကျောက်တုံးကြီးတွေကြားက ပုန်းပြီး ချောင်းကြည့် နေတော့ လေတိုက်သံလိုလို အသံဟာ ပိုပြီး ပြင်းထန်ကျယ်လောင်လာတာကိုး၊ ဒါနဲ့ ဘိုးအေက အသံ ကြားရာ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ငှက်ကြီးတစ်ကောင် ပြန်လာတာ တွေ့ရတယ်၊ တဖြည်းဖြည်း နီးလာလေ ငှက်ကြီးက ကြီးမားလာလေနဲ့၊ အဲဒါနဲ့ တော်တော်ကိုကြီး တဲ့ ငှက်ကြီး တစ်ကောင် ဟာ ဘိုးအေစိတ်ထင် လူတစ်ယောက် ကောင်းကောင်းစီးနိုင်အောင်ကိုကြီး တဲ့ ငှက်ကြီးပေါ့၊ အောက်မှာ မြွေသေတွေ တင်းကျမ်းပြည့်နေတဲ့ သစ်ပင်ကြီးက ပင်လယ်ဘက် ထွက်နေတဲ့ သစ်ကိုင်းပေါ် မှာ နားလိုက်တာ ဘိုးအေက ကောင်းကောင်းမြင်ရတယ်၊
ငှက်ကြီးဟာ သစ်ကိုင်းပေါ်မှာနားပြီး ပင်လယ်ဘက်ကို လည်ဆန့်မျှော်ကြည့်နေတာ တွေ့ရတော့ ဘိုးအေကလဲ ငှက်ကြီးကြည့်ရာကို လိုက်ကြည့်မိတယ်၊ ကွမ်းတစ်ရာညက်လောက်ကြာရင်ပဲ ဒီရေ တက် သလို တက်လာတဲ့ ပင်လယ်လှိုင်းလုံးတွေက ကျွန်းငယ်ကမ်းခြေကို လာရိုက်တာတွေ့ရပြီး ငှက်ကြီးလဲ သစ်ကိုင်း ပေါ်က အတောင်ကိုစုပြီး လှိုင်းလုံးရှိရာ တဟုန်းထိုး စိုက်ဆင်းသွားတယ်၊ ငှက်ကြီး ပျံတက် လာတဲ့ အခါမှာတော့ ငှက်ခြေသည်းကြားမှာ တွန့်လိမ်ပြီးပါလာတဲ့ မြွေကြီးတစ်ကောင်ကို တွေ့ရတာပဲ"
"ထူးဆန်းလိုက်တာ ခင်ရယ်၊ ငှက်ကြီးက ဂဋ္ဌုန်ဖြစ်ပြီး မြွေက ရေနဂါးတွေများလားနော်.. "
မေမေခင်က ဦးခေါင်းညိတ်သည်။ ဒေါက်တာမြသွင်အေး ထောက်ပြောလိုက်၏။
"ငှက်ကြီး က အဲဒီလိုဖမ်းပြီး သစ်ကိုင်ပေါ်မှာစား၊ ကျန်တဲ့ အစိတ်အပိုင်းတွေ အောက်ပစ်ချ ထားလို့သာ သစ်ပင်အောက်မှာ မြွေသေတွေ ပြန့်ကျဲနေတာ ဖြစ်မယ်"
မေမေခင် ပြောရမည့် စကားအတိုင်းပင် ဒေါက်တာမြသွင်အေးက ထင်မြင်ချက်ပေးသောအခါ မေမေခင် အပြောသက်သာ အမောသက်သာသွားသည်။
"ငှက်ကြီးက သူ မ၀မချင်း တစ်ကောင်ပြီးတစ်ကောင် ဖမ်းစားနေမှာပေါ့နော်..ခင်"
မေမေခင်က ဦးခေါင်းညိတ်ပြပြန်သည်။
"ကဲ.. အမောပြေရင် ဆက်ပြောဦး ခင်ရဲ့၊ နားအရသာပျက်သွားပြီ"
ဒေါက်တာမြသွင်အေးက တိုက်တွန်းသောအခါ မေမေခင်က ဆက်ပြောသည်။
"အဲဒီလိုနဲ့ ငှက်ကြီး ဖမ်းစားတာ မြွေနှစ်ကောင် ရှိသွားပြီ၊ ငှက်ကြီးက မြွေကို အကုန်စားတာ မဟုတ်ဘူး တဲ့၊ ဗိုက်ကိုဖောက်ပြီး ၀မ်းပျဉ်းသား အဆီနေရာလောက်သာ စားတာတဲ့၊ တတိယ မြောက် ဆင်းဖမ်း လိုက်တဲ့အခါ အဲဒီမြွေကြီးဟာ ငှက်ကြီးခြေသည်းကြားထဲ ပါလာလိုက် ပြန်လွတ်ကျသွားလိုက် လွတ်သွားလိုက် နဲ့ ဖြစ်နေတာ ဘိုးအေကလဲ ကြည့်ကောင်းတာနဲ့ သေသေချာချာ ကြည့်နေတယ်တဲ့၊ မြွေကြီး က ပင်လယ်ရေထဲ ဆင်းပြေးပေမယ့် ငှက်ကြီးက သိပ်မြန်တာတဲ့၊
ရေနက်ထဲ မရောက်ခင် ပြန်မိလာတာပဲတဲ့၊ ဒါပေမဲ့ မြဲအောင် မကုတ်နိုင်ဘဲ ဖမ်းတိုင်း ပြန်လွတ်နေတယ်၊ မြွေကြီး ကိုယ်လုံးမှာလဲ ငှက်ကြီး ကုတ်ဖဲ့ထိုးဆိတ်ထားလို့ ဒဏ်ရာတွေဖြစ်ပြီး နာနေပြီ၊ နောက်ဆုံးတစ်ခါ ဖမ်းလာတော့ ပင်လယ်ကမ်းစပ်နဲ့ ခပ်လှမ်းလှမ်း ဘိုးအေ ပုန်းနေတဲ့ ကျောက်တုံးတွေနား အရောက်မှာ ငှက်ကြီးဟာ အလှမ်းဝေးသွားတဲ့ ပင်လယ်ကမ်းခြေဘက် မပြေးတော့ဘဲ ဘိုးအေ ပုန်းနေတဲ့ ကျောက်တုံးကြား ၀င်ပြေးလာတော့ ဘိုးအေလဲ ငါ့ မြွေကိုက်သေတော့မှာပဲလို့ တွေးပြီး သိပ်ကြောက် သွားတယ်၊ အပြင်ဘက် ထွက်ပြေးပြန်ရင်လဲ ငှက်ကြီးက အစာမှတ်လို့ ထိုးသုတ်ပြီး ဗိုက်ဖောက်စားရင် ခက်ရချေရဲ့ လို့ တွေးပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်၊ ဒါပေမဲ့ မြွေကြီးဟာ ဘိုးအေရှိရာ ရောက်အောင် မလာနိုင် ရှာတော့ပါဘူး၊ ငှက်ကြီးထိုးသုတ်လို့ မဖြစ်နိုင်ရုံ ကျောက်တုံးနှစ်ခုကြားမှာဝင်ပြီး ခိုအောင်းနေ လိုက်တယ်၊ ဘိုးအေကလဲ ဘေးကင်းရန်ကင်းဖြစ်အောင် မြွေကြီးကိုရော ငှက်ကြီးကိုရော မေတ္တာပို့ နေရတယ်တဲ့"
"စိတ်ဝင်စားစရာကောင်းလိုက်တာ ခင်ရယ်"
ဒေါက်တာမြသွင်အေးက သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်လိုစိတ်ပေါ်ပြီး ပြေလိုက်သည်။
"အေးပေါ့မြရယ်.. မေမေ ပြောပြခဲ့တာ နားထောင်နေရစဉ်က ခင်စိတ်ထဲမှာ မြွေကြီးကို သနားနေတယ်"
မေမေခင် က ထောက်ခံသည်။
"ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ ခင်ရဲ့၊ ဆက်ပြောပါဦး"
"အေး... ငှက်ကြီးလဲ ခဲရာခဲဆစ်ဖြစ်နေတဲ့ ကျောက်တုံးကြားက ဒဏ်ရာတွေနဲ့ လွတ်သွားတဲ့ မြွေကြီးကို မဖမ်းတော့ဘဲ ရေလှိုင်းအလိမ့်မှာ ပါလာတဲ့ မြွေတွေ တစ်ကောင်ပြီးတစ်ကောင် ဖမ်းစား၊ ၀မ်းဝတော့ ပျံထွက်သွားရောတဲ့"
"ဘယ်ကိုပျံသွားလဲ"
"အဲဒါ ဘိုးအေကလဲ သိချင်လို့ ကျောက်တုံးကြားက ထွက်ကြည့်တာပဲ၊ ကောင်းကင်ကို အမြင့်ကြီး ပျံတက်ပြီး မိုးတိမ်တွေကြားထဲဝင် ပျောက်သွားတယ်တဲ့ မြရဲ့"
"ခင့်စကား ကြားရတော့ မြ ရထားဖူးတဲ့ လေးချိုးလေးတစ်ပုဒ်ကို သွားသတိရတယ် ခင်ရယ်"
"ဆိုပြစမ်းပါဦး"
မြ အသံကတော့ မကောင်းဘူး၊ ဒါပေမဲ့ ဆိုပြမယ်လေ နားထောင်"
ဒေါက်တာမြသွင်အေးက ပြောကာ အောက်ပါလေးချိုးကလေးကို သံနေသံထားဖြင့် ဆိုပြသည်။
"ငှက်ကြီးရယ်တဲ့ လင်းယုန်၊ ကျောက်တောင်ဖျား
နေနားကာ ခြေစုံကုတ်တယ်၊ ဆင်းရုပ်တပုံ။ မိုးတိမ်တွင်း
နေမင်းရှိရာဆီက အပြီးပ တိတ်ဆိတ်ကြုံ နေပုံတော့
ဟန်ဘိခြင်း။ အောက်ပင်လယ် ကမ်းခြေရစ်သွယ်လို့..
ထိုးသုတ်ဖွယ် အစာမြင်တော့၊ ဘာမထင် စက်ရှိန်ကျိုးသလို
မိုးကသက်ဆင်း.. "
ဒေါက်တာမြသွင်အေး ဆိုပြ၍ ဆုံးသောအခါ မေမေခင်က -
"ဟုတ်တယ်ဟေ့ ဘိုးအေ မြင်ခဲ့တာနဲ့ မြသီချင်းလေးက အံကိုက်ဟပ်မိနေတာပဲနော်.. "
ဟု ချီးကျူးထောက်ခံလိုက်သည်။
"ခင် အမောပြေအောင် မြက ကြံရတာ၊ ကဲ ဆက်ပြောပေတော့"
ဒေါက်တာမြသွင်အေး က တိုက်တွန်းသောအခါ မေမေခင်က ဆက်ပြောသည်။
"ငှက်ကြီးကို မျက်စိပသာဒက ပျောက်သွားတော့ ဘိုးအေလဲ မြွေကြီး ပြန်သတိရလိုက်တယ်၊ မြွေကြီးဟာ ပင်လယ်ထဲ ပြန်ဆင်းဖို့ ကြိုးစားသလား မသိဘူးတဲ့၊ ကျောက်တုံးကြားထဲက ထွက်သွားတယ်တဲ့.. "
"သြော်.. သနားစရာဟယ်"
"ဟုတ်တယ် မြ၊ ငှက်ကြီး ပျံထွက်သွားတာသိလို့ ကျောက်တုံးကြားက ထွက်လာတာ ထင်တယ်နော်၊ ဘိုးအေက အနားကပ်ကြည့်တော့ ငှက်ကြီး ထိုးဆိတ်ကုတ်ဖဲ့ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကလဲ တစ်ကိုယ်လုံး ရစရာမရှိဘူး၊ အဲဒီဒဏ်ရာနဲ့ သေတာပေါ့၊ ဘိုးအေလဲ မြွေသေကြီး ဂရုမစိုက်တော့ဘဲ ဒီကျွန်းပေါ် မှာ ဘယ်လိုနေထိုင်ရပါ့မလဲလို့ တွေးပြီးစိတ်ညစ်တာ တစ်မျိုး၊ ဆာလောင်တာက တစ်မျိုး၊ ရေငတ်တာက တစ်မျိုး သောကတွေများပြီး ကျွန်းကလေးပေါ် လျှောက်ကြည့်ရှုရှာဖွေတော့ ကျောက်တုံး တွေကြားမှာ ရေအိုင်လေးတစ်အိုင် တွေ့တော့မှ ၀မ်းသာအားရ ရေအ၀သောက်ပြီး တော်တော်မြင့်တဲ့ ကျောက်တုံးကြီး တစ်တုံးပေါ်တက်ပြီး၊ ကယ်သူကို တွေ့လိုတွေ့ငြား အရပ်လေးမျက်နှာ မျှော်ကြည့်ရင်း မိုးချုပ်သွားရောတဲ့"
"ဘယ်လောက်ဆာမလဲ မသိဘူနော်.. "
"ဆာမှာပေါ့၊ မိုးချုပ်သွားပြီဆိုပေမယ့် လဆန်းရက် ဖြစ်နေတော့ ကြယ်ရောင် လရောင်နဲ့ ကျွန်းကလေးပေါ်မှာ လင်းနေတယ်၊ ကမ်းစပ်သဲသောင်ပြင် ဖွေးဖွေးမှာ စိမ်းရောင်လိုလို ပြာရောင်လိုလို ၀င်းဝင်းလက်လက် တစ်ခုကို ကျောက်တုံးပေါ်ထိုင်နေတဲ့ ဘိုးအေက မြင်တော့ ဘာရယ်လဲသိရအောင် သွားကြည့်တာကိုး၊ သွားကြည့်တော့ နေ့ခင်းက သေနေတဲ့ မြွေကြီး ဦးခေါင်းက အရောင်ထွက်နေတာ သိရတယ်။ ဒါနဲ့ ဘိုးအေကလဲ မြွေသေကြီးဦးခေါင်းက ဘာ့ကြောင့် အရောင်ထွက်နေသလဲလို့ စူးစမ်းချင်တာ နဲ့ ကျောက်ခဲ ခပ်ကြီးကြီးတစ်ခုနဲ့ ကောက်ထုလိုက်တော့.. မြွေဦးခေါင်းကွဲပြီး အထဲက အမြုတေ ထွက်လာတာကိုး။
ဘိုးအေက ကောက်ယူပြီး ကြည့်လိုက်တော့ မြွေအမြုတေမှန်းလဲသိရော ၀မ်းသာလိုက်တာတဲ့လေ၊ ဆာလောင်တာတွေတောင် မေ့သွားတယ်ဆိုပဲ.. "
"အဘိုးကြီးက မြွေ အမြုတေမှန်း ချက်ချင်းသိတာပဲလား"
"အဘိုးကြီးက ကျမ်းဂန်စာပေ နှံ့စပ်ထားပြီးသားဆိုတော့ အမြုတေမှန်း သိတယ်၊ အစွမ်းသတ္တိလဲ သိတယ်၊ နေ့လယ်က ငှက်ကြီး ဖမ်းမရဘဲ လွတ်ထွက်နေတာ ဒီအမြုတေကြောင့်ပဲဆိုတာ ဘိုးအေက စဉ်းစား မိတာပေါ့"
"မြွေကြီး ပုံသဏ္ဍန် အရောင်အဆင်းက ဘယ်လိုနေလဲ၊ အခုမြတို့ ခင်တို့မြင်တွေ့နေရတဲ့ နဂါးရုပ်တွေလို အချွန်အတက် အမောက်တွေ အထွဋ်တွေပါလား"
ဒေါက်တာမြသွင်အေးက စဉ်းစဉ်းစားစား မေးသောအခါ မေမေခင်က လိုအပ်သမျှ ဖြေ၏။
"ခင်က အဲဒီဘိုးအေကြီးရဲ့ မြစ်ဆိုတော့ မေမေ ပြောသမျှသာ မှတ်ခဲ့ရတာပဲ၊ မြွေကြီးရဲ့ ပုံသဏ္ဍန် အဆင်းအရောင်၊ ငှက်ကြီးရဲ့ ပုံသဏ္ဍာန် အဆင်းအရောင်ကို မေမေက ပြောဖို့ မေ့သွားတာလား ဆိုတာ တော့ ခင်လဲ အသေအချာ မသိဘူ မြရဲ့"
"ကဲ.. ကဲ.. ထားပါတော့၊ ဆက်သာပြောပါ ခင်ရယ်"
"ဘိုးအေလဲ မြွေအမြုတေရပြီး နောက်တစ်နေ့မှာပဲ သင်္ဘောတစ်စင်းကတွေ့လို့ ကယ်လာတာ ပေါ့။ ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း တံငါရွာက ငါးဖမ်းလှေနဲ့ ပင်လယ်ထဲ မြောသွားလို့ သင်္ဘောတစ်စင်းက ကယ်လာခဲ့ရတဲ့ တံငါသည်ကြီးဟာ မြန်မာပြည် အထက်ပိုင်း ရွှေဘိုနယ်ကို အောင်မြေနင်းပြီး နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး တပ်မှူးဘုရင်ကျော်ခေါင်ရယ်လို့ ဘယ်သူက သိတော့မှာလဲ၊ နောက်ပြီး နယ်ချဲ့တွေ ရထားတဲ့သတင်းက ချင်းတောင်တွေဘက် ရောက်သွားပြီ ဆိုတာကိုး... ဘိုးအေက ချင်းတောင်ဘက် ခြေရောင်ပြပြီး ရခိုင်ပြည်နယ်ထဲ ရောက်နေတာက ခြောက်နှစ်တောင် ကျော်နေမှပဲ၊ ဘယ်သူမှလဲ မမှတ်မိတော့ဘူးလေ.. "
ဆက်ရန်
.

2 comments:
မရွှေစင်ရေ။
မြင်းတပ်မှူး နာမည်က တုရင်ကျော်ခေါင် ဖြစ်မယ်ထင်တယ်။ စာရိုက်ပေးတဲ့သူ ဘုရင်ကျော်ခေါင်လို့ ရိုက်မိသလားလို့။
ပို့စ်တွေ တင်ပေးနေတဲ့ စေတနာအတွက် မရွှေစင်နဲ့ စာရိုက်ပေးတဲ့ နှမငယ်တွေကို ကျေးဇူးများစွာ တင်ပါတယ်။
တုရင်ကျော်ခေါင် မှန်ပါတယ်ဗျာ ကျနော် ပြင်ပေးထားလိုက်ပါမယ် ကျေးဇူးပါ
Post a Comment