Sunday, September 26, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၈)

အခန်း(၂၈)

တွန်ဂါတာသည် ချစ်ချစ်တောက်ပူနေသော နေပူရှိန်ဒဏ်ကို မချိမဆံ့ ခံစားနေရလေသည်။ အဖြူ ရောင် ဆေးသုတ် ထားသည့် နံရံတစ်ခုကို မျက်နှာမူလျက် မတ်တပ်ရပ်နေချိန်တွင် နေရောင်က သူ ၏ မျက်နှာ တည့်တည့်ကို မီးမောင်းထိုးသည်ကဲ့သို့ တိုက်ရိုက် ကျရောက်လျက် ရှိပေသည်။

တွန်ဂွတာအနေဖြင့် ဤသို့ ရပ်နေရခြင်းမှာ နံနက်မိုးလင်းချိန်မှစ၍ ယခု မွန်းတည့်လုနီးချိန်အထိ ပင်ဖြစ်သည်။ သူ၏ ကိုယ်တွင် အ၀တ်အစားဟူ၍ ဘာမှမရှိ။ ဗလာကျင်းနေသည်။ သူ၏ ဘေးနှစ် ဖက်တွင် ရပ်နေကြသော တိုင်းရင်းသားနှစ်ဦးတို့သည်လည်း တွန်ဂါတာကဲ့သို့ပင် အ၀တ်မပါကြ ချေ။

သူတို့သုံးဦးစလုံးမှာ အလွန်ပိန်ချုံးလျက် အင်အားချည့်နဲ့လျက်ရှိပြီး နံရိုးများ ပြိုင်ပြိုင်ပေါ်နေပေ သည်။
တွန်ဂါတာသည် နေရှိန်ကိုခံနိုင်ရန် သူ၏မျက်လုံးများ စုံပိတ်၍ ထားလေသည်။ လူသုံးဦးစလုံးသည် အားပြတ် ၍ ကောင်းစွာပင် မတ်တပ်ရပ် မနေနိုင်ကြတော့ချေ။ အနီးရှိ လက်နက်ကိုင် အစောင့်များ က အဆက်မပြတ် ကြာပွတ်ဖြင့် ရိုက်နှက်နေ၍သာ အတင်းကြိုးစား မတ်တတ်ရပ်နေကြရရှာသည်။ ရပ်နေ သော်လည်း ခြေမခိုင်တော့ဘဲ ယိမ်းယိုင်လျက်ရှိကြသည်။

"ရဲဘော်တို့ သတ္တိရှိကြစမ်းပါ။ အကို ကြိတ်ပြီးသာ ခံနေလိုက်ပါ။ ရှိုနာခွေးသားတွေက အနိုင်ယူ တာမျိုး အဖြစ် မခံကြပါနဲ့"
တွန်ဂါတာက သူ၏ ဘေးနှစ်ဖက်မှ လူနှစ်ယောက်အား မာတာဘယ်လီဘာသာဖြင့် ခပ်တိုးတိုး ပြောလိုက် သည်။
အမှန်တော့ သူကိုယ်တိုင်က မတ်တတ်မှ ယိုင်လဲကျမသွားရန် မနည်းကြိုးစား၍ ရပ်နေရလေသည်။ စိတ်ဓာတ်ခိုင်မာစွာဖြင့် အထူးအားတင်းကာ ရပ်နေခြင်းဖြစ်သည်။
သူတို့အား မကြာမီ ကွပ်မျက်တော့မည်ဟု သိနေသော်လည်း အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ရဲရဲကြီး အသေခံ သွားရန် ဆုံးဖြတ်ပြီးဖြစ်သည်။

"အာမန်ဇီ အာမန်ဇီ"
တွန်ဂါတာ ၏ လက်ယာဘက်မှ လူက မာတာဘယ်လီဘာသာဖြင့် ရေသောက်ချင်ကြောင်း ပြော လေသည်။
"ဒီမယ် ရေအကြောင်း လုံးဝ မစဉ်းစားပါနဲ့။ ပါးစပ်ကလည်း ရေအကြောင်း မပြောပါနဲ့။ အခုလို အချိန်မှာ ရေ အကြောင်း စဉ်းစားရင်း ပြောနေရင် ခင်ဗျားစိတ်နောက်ပြီး ရူးသွားလိမ့်မယ်"
တွန်ဂါတာ က အားပေးသည့်အနေဖြင့် ပြောလိုက်သည်။

ထိုအတောအတွင်း နေပူရှိန်သည် မခံမရပ်နိုင်အောင် ပို၍ ပြင်းထန်လာသည်။
"ကျွန်တော် ဘာမှ မမြင်ရတော့ဘူး၊ ကျွန်တော့် မျက်စိ ကန်းသွားပြီ"
ဒုတိယလူက ညည်းညူလိုက်ပြန်ရာတွင် တွန်ဂါတာက-
"ဒီမယ် ရဲဘော်၊ ဒီမှာ ကြည့်စရာဆိုလို့ ကျက်သရေမရှိတဲ့ ရှိုနာသတ္တ၀ါတွေရဲ့ မျောက်လိုမျက်နှာ တွေပဲ ရှိတယ်။ ရဲဘော် မျက်စိမမြင်တာကို ၀မ်းနည်းစရာ မရှိပါဘူး"ဟု ပြောလိုက်သည်။
ထိုအခိုက်မှာပင် နောက်နားဆီမှ ရှိုနာဘာသာဖြင့် အမိန့်ပေးသံများနှင့်အတူ လူများ လှုပ်ရှားသွား လာသည့် ခြေသံများ ကြားရလေသည်။

"သူတို့ လာကုန်ကြပြီ၊ လာကုန်ကြပြီ"
မျက်စိကန်းနေသူ မာတာဘယ်လီ တိုင်းရင်းသားက ခပ်တိုးတိုး ပြောလိုက်ရာ တွန်ဂါတာသည် စိတ် ထဲ မကျေနပ်ခြင်း၊ ဒေါသထွက်ခြင်း စသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေသည်။
ယခု ကြားနေရသော ခြေသံများသည် သူ့အား ကွပ်မျက်သတ်ဖြတ်ရန် ပါးကွက်အာဏာသားများ လာသည့် ခြေသံများပင် ဖြစ်လေသည်။

တွန်ဂါတာအနေဖြင့် အချိန်ကြာမြင့်စွာ အကျဉ်းခံနေစဉ်ကာလအတွင်း မကြာခဏ ကြားခဲ့ရဖူးသည့် အကျဉ်းသားတစ်ဦးအား ကွပ်မျက်ကာနီး ရိုင်ဖယ်သေနတ်ကိုင် တပ်ဖွဲ့ဝင်စစ်သားများ လျှောက် လာသည့် ခြေသံပင် ဖြစ်သည်။ စစ်ရေပြကွင်းတွင် အသတ်ခံရမည့် အကျဉ်းသားအား ရိုင်ဖယ် သေနတ်ကိုင် အထူး တပ်ဖွဲ့ က ပစ်သတ်ကွပ်မျက်လေ့ရှိသည်။
ယခု ကြားရသည်မှာ အလားတူ ခြေသံမျိုးပင် ဖြစ်ရာသည်။ တစ်ခါတော့ မိမိအလှည့် ရောက်လေပြီ ပါတကားဟု တွန်ဂါတာက တထစ်ချ တွက်မိလေသည်။

သူသည် သေရမည့်အရေးကို မကြောက်။ သို့သော် သူ၏ မာတာဘယ်လီတိုင်းရင်းသားများအား ယခုလို အရေးတွင် မကူညီနိုင်ခြင်းကိုသာ ၀မ်းနည်းမိလေသည်။ သူချစ်မြတ်နိုးသော မိန်းကလေး နှင့် နောက်ထပ် တွေ့ဆုံရတော့မည် မဟုတ်ဟု တွေး၍လည်း စိတ်မကောင်းဖြစ်မိသည်။ သူ၏ဘ၀ တွင် အနာဂတ်မရှိ မျှော်လင့်ချက် အလားအလာများ ရည်မှန်းချက်များ အကြီးအကျယ် ရှိခဲ့သော် လည်း ယခုတော့ ရည်မှန်းချက် များ အကောင်အထည် မပေါ်သေးမီ အသက်ဆုံးရှုံးရတော့မည်ပါ တကားဟုလည်း ၀မ်းနည်း မိလေသည်။

တစ်ချိန်တည်းမှာ တွန်ဂါတာသည် အတိတ်ကာလ နှစ်ပေါင်းများစွာက ဖြစ်ရပ်တစ်ခုကို ရုတ်တရက် ပြန်သတိရ မိလေသည်။
ထိုစဉ်က သူသည် ဘိုးအေကြီးနှင့်အတူ ပြောင်းခင်းများ၌ အလုပ်ကူလုပ်နေခဲ့သည်။ ပင်ပန်းကြီးစွာ ကြိုးစားစိုက်ပျိုးခဲ့ရသော ပြောင်းခင်းများသည် မမျှော်လင့်ဘဲ ကျရောက်လာသော မုန်တိုင်းဒဏ် ကြောင့် ပျက်စီး ကုန်သောအခါ ဘိုးအေကြီးက
"ငါတို့ ကြိုးစားလုပ်ခဲ့သမျှ သဲထဲရေသွန်သလို အလဟဿ ဖြစ်ကုန်ပါပေါ့လား"ဟု ပြောခဲ့သည်။

ထိုစကားများကို တွန်ဂါတာ သတိရမိလေသည်။ ယခု မိမိဘ၀သည်လည်း ကြိုးစားလှုပ်ရှားခဲ့ရ သမျှ အလဟဿ ဖြစ်ကာ သေဆုံးရပေတော့မည်။
လက်နက်ကိုင် အစောင့်များက သူ၏ လက်ကောက်ဝတ်နေရာတွင် ကြိုးနှင့် တုပ်နှောင်ကြစဉ် တွန် ဂါတာ သည် မျက်လုံးဖွင့်ကြည့်လေသည်။
သူ၏ ရှေ့တည့်တည့်တွင် လက်နက်ကိုင် စစ်သားများ တန်းစီရပ်နေသည်ကို တွေ့ရလေသည်။
တွန်ဂါတာ၏ ၀ဲယာနှစ်ဘက်မှ မာတာဘယ်လီ တိုင်းရင်းသားနှစ်ဦးကိုလည်း အလားတူ ကြိုးတုပ်၍ ခေါ်လာ လေသည်။

မျက်စိကန်းနေသူ တိုင်းရင်းသားသည် အားအင်မရှိတော့သဖြင့် ဒူးဆစ်များခွေယိုင်ကာ လဲကျသွား သည်။
"ဟေ့လူ မတ်တပ်ပြန်ထလိုက်ပါ။ မာတာဘယ်လီ အမျိုးသားပီပီ ခြေနှစ်ဖက်စုံရပ်ပြီး ရဲရဲကြီး အသေခံ လိုက်စမ်းပါ"
တွန်ဂါတာက အမိန့်ပေးသလို မာတာဘယ်လီ ဘာသာဖြင့် ပြောလိုက်သည်။

ဤတွင် ထိုလူသည် ကြိုးစား၍ ပြန်ထလေသည်။
"အသေခံရမယ့် နေရာကို ရင်ကော့ပြီး လျှောက်သွားစမ်းပါ။ မျက်စိမမြင်ရင် မှန်းပြီးသာ လျှောက် သွား၊ ရှေ့တည့်တည့် လက်ဝဲဘက် နည်းနည်းတိမ်းပြီး သွားလိုက်"
တွန်ဂါတာ က ဆက်လက် အမိန့်ပေးလိုက်ရာ ထိုလူလည်း ဖြည်းဖြည်းချင်း စမ်းသွားရာ အသတ်ခံရ မည့် ကားစင်သို့ ရောက်သွားလေသည်။
အစောင့် များက ထိုသူအား ကားစင်တွင် ကြိုးဖြင့် တုပ်နှောင်ထားလိုက်သည်။

သူ့အား ကွပ်မျက်ရန် ရိုင်ဖယ်သေနတ်ကိုယ်စိဖြင့် တန်းစီရပ်နေသော ပါးကွက်အာဏာသားအဖွဲ့ တွင် စစ်သည်ရှစ်ဦးပါဝင်ပြီး ကွပ်ကဲသူ တပ်မှူးက တတိယတပ်မဟာမှ ကက်ပတိန် (ဗိုလ်ကြီး) တစ်ဦး ဖြစ်သည်။
တပ်မှူးသည် တန်းစီနေသော စစ်သားများရှေ့မှ ဖြတ်လျှောက်ရန် တစ်ဦးချင်းထံမှ ရိုင်ဖယ် သေနတ်ကို ယူပြီး သေချာစွာ စစ်ဆေးကြည့်လေသည်။
ယင်းသို့ သေနတ်များကို စစ်ဆေးစဉ် ကက်ပတိန်သည် သူ၏ စစ်သားများအား ရယ်စရာတွေ ပြောနေလေသည်။ ရှိုနာဘာသာစကားဖြင့် ပြောသဖြင့် တွန်ဂါတာနားမလည်ချေ။ စစ်သားများက သာ ရယ်မော နေကြသည်။

စစ်သည်နှစ်ဦးသည် လူတစ်ယောက်အား သတ်ဖြတ်ကွပ်မျက်ရမည်ကို မည်သို့မျှ စိတ်လှုပ်ရှားပုံ မရဘဲ ပျော်ရွှင်နေပုံ ရလေသည်။ သူတို့သည် သတ်ဖြတ်ကွပ်မျက်ခြင်းကို ထမင်းစား ရေသောက် သလို လုပ်နေကျ သာမန် အပြုအမူကဲ့သို့ သဘောထားပုံရသည်။
ဤပါးကွက်အာဏာသားတပ်ဖွဲ့မှ သုတ်သင်ကွပ်မျက်သော လူဦးရေကလည်း မနည်းလှတော့ပေ။
ဒီလိုလူမျိုးတွေကို တွန်ဂါတာကိုယ်တိုင်က ပြည်တွင်းစစ်ကာလအတွင်းက အတော်များများ တွေ့ခဲ့ ဖူးလေ သည်။

ကက်ပတိန်သည် တန်းစီနေသူများရှေ့တွင် ရပ်လိုက်ပြီး အင်္ကျီအိတ်ထဲမှ လက်နှိပ်စက်ရိုက်ထား သော စာရွက်တစ်ရွက်ကို ထုတ်ယူကာ စတင်ဖတ်လေသည်။
အင်္ဂလိပ်ဘာသာဖြင့် ဖတ်နေခြင်း ဖြစ်သော်လည်း ကက်ပတိန်သည် အင်္ဂလိပ်စကား မကျွမ်းကျင် သဖြင့် ပီသအောင် မဖတ်နိုင်ဘဲ ခပ်တိုးတိုးသာ ဖတ်သွားရာ တွန်ဂါတာက ကောင်းစွာ မကြားရ ချေ။
ဖတ်နေသော စာက စီရင်ချက်အမိန့်ပင် ဖြစ်သည်။

"သင်တို့သည် နိုင်ငံတော်၏ ရန်သူများဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဤအမိန့်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဤစီရင်ချက်အမိန့်ကို ဇင်ဘာဘွေသမ္မတနိုင်ငံတော်၏ ဒုတိယသမ္မတကိုယ်တိုင် သဘောတူ အတည်ပြုပြီး ဖြစ်သည်"

တွန်ဂါတာသည် ဦးခေါင်းကိုမော့၍ သီချင်းတစ်ပုဒ် ဟစ်အော်သီဆိုလေသည်။ သူ၏ သံချင်းသံက ကျယ်လောင်သဖြင့် ရှိုနာကက်ပတိန် စီရင်ချက် ဖတ်နေသံကိုပင် ဖုံးအုပ်လွှမ်းမိုးနေလေသည်။
သီချင်းက မာတာဘယ်လီ တိုင်းရင်းသားတို့ စစ်တိုက်ထွက်သည့်အခါ စစ်မြေပြင်တွင် သံပြိုင်သီဆို လေ့ရှိသော ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသည့် သီချင်းတစ်ပုဒ်ပင် ဖြစ်သည်။
တွန်ဂါတာသည် သီချင်းကို ခေတ္တရပ်၍ သူ့ရဲဘော်များအား-
"ဟေ့…၀ိုင်းဆိုကြလေ၊ မာတာဘယ်လီ ခြင်္သေ့မင်းရဲ့ ဟောက်သံကို ရှိုနာတောခွေးတွေကြား အောင် ၀ိုင်းဆိုကြ"ဟု အမိန့်ပေးလိုက်ရာ ကျန်မာတာဘယ်လီတို့လည်း သီချင်းကို သံပြိုင်လိုက် ဆိုကြ လေသည်။

ရှိုနာလူမျိုးကက်ပတိန်က အမိန့်ပေးလိုက်ရာ စစ်သည်ရှစ်ဦးစလုံး ရိုင်ဖယ်သေနတ်များကို တစ်ပြိုင် တည်း ချိန်ရွယ်လိုက်ကြသည်။
တွန်ဂါတာလည်း စစ်သားများအား စေ့စေ့ကြည့်ရင်း သီချင်းကို ဆက်ဆိုလေသည်။ သူ၏ ဘေးမှ လူများ သည်လည်း အားတက်လာဟန်ဖြင့် သီချင်းကို ကျယ်လောင်စွာ သီဆိုနေကြလေသည်။
သေနတ် သမား ရှစ်ဦးတို့သည် ကွပ်မျက်ခံရမည့် လူသုံးဦးကို စိုက်ကြည့်နေကြသည်။

ထိုအခိုက် အကျဉ်းထောင်အတွင်းမှ အသံများ ကြားရလေသည်။
အကျဉ်းစခန်းများအတွင်းမှ မာတာဘယ်လီ တိုင်းရင်းသားများသည် တွန်ဂါတာတို့၏ သီချင်းသံကို ကြားရပြီး ထိုသီချင်းကိုပင် သံပြိုင်ဟစ်အော် သီဆိုသံများပင် ဖြစ်သည်။
ရာပေါင်းများစါာသော မာတာဘယ်လီ အကျဉ်းသားများက ကွပ်မျက်ခံရအံ့ဆဲဆဲ သူတို့ရဲဘော်သုံး ဦးကို အားပေးသည့်အနေဖြင့် သီဆိုနေကြခြင်း ဖြစ်ပေသည်။
ရှိုနာအမျိုးသား ကက်ပတိန်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် လက် ကို ပြန်ချ လိုက်ပြီး-
"ပစ်"ဟု အမိန့်ပေးလိုက်သည်။

ရိုင်ဖယ်ရှစ်လက် တစ်ပြိုင်နက် ပစ်လိုက်သည့်အသံမှာ တစ်လက်တည်းကပင် ပစ်လိုက်သည်ဟု ထင်ရ သည်။
တွန်ဂါတာ၏ အဖော် မာတာဘယ်လီ တိုင်းရင်းသားနှစ်ဦးတို့သည် ကျည်ဆန်များဒဏ်ကြောင့် ကြိုးဆွဲ ကနေသော ရုပ်သေးရုပ်များလို တုန်ခါလှုပ်ရှားနေရာမှ နောက်ဆုံး ငြိမ်သက်သွားလေသည်။ ကြိုးတုပ် ထား၍သာ မြေပြင်သို့ လဲကျမသွားခြင်း ဖြစ်သည်။

တွန်ဂါတာက သီချင်းကို ဆက်၍ ဆိုနေသည်။
စစ်သည်များသည် သေနတ်များကို ပြန်ချ၍ ရယ်မောနေကြလေသည်။
အကျဉ်းထောင်အတွင်းမှ သီချင်းဆိုသံများကလည်း ဆက်လက်၍ ကြားနေရသည်။
တွန်ဂါတာသည် အသက်ပျောက်နေသူ မာတာဘယ်လီလူမျိုးနှစ်ဦးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ လေသည်။ သူကိုယ်တိုင်လည်း စိတ်ဓာတ်ကျသလိုဖြစ်ကာ ဒူးဆစ်များ မခိုင်တော့ဘဲ ယိုင်လဲကျလု မတတ် ဖြစ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းနေပြီဖြစ်ကြောင်း ထင်ရှားလေသည်။ သို့သော်လည်း တွန်ဂါတာသည် စိတ်ဓာတ်ကို ခိုင်ခိုင်ထားကာ အားတင်းလိုက်လေသည်။
ရှိုနာ အမျိုးသား ကက်ပတိန်သည် သူ၏ ရှေ့တည့်တည့်တွင် လာရပ်ပြီး အင်္ဂလိပ်ဘာသာဖြင့်-
"ဘယ့်နှယ်လဲဗျာ ပျော်စရာ မကောင်းဘူးလား"ဟု သရော်သလို ပြောလေသည်။

တွန်ဂါတာမှာ အားအင်ချည့်နှဲ့နေပြီဖြစ်၍ ဘာမှ ပြန်မပြောနိုင်ချေ။
ဤတွင် ကက်ပတိန်က စစ်သည်တစ်ဦးအား သောက်ရေယူလာရန် လှမ်းအမိန့်ပေးလိုက်သည်။ ချက်ချင်းလိုပင် စစ်သားသည် သံဇလုံငယ်ဖြင့် ရေလာပေးလေသည်။
ကက်ပတိန်ကိုယ်တိုင် ရေဇလုံကို ပါးစပ်တွင်တေ့၍ တိုက်ရာ တွန်ဂါတာလည်း အားပါးတရ သောက်လေ သည်။ ရေက အလွန်အရသာရှိသည်ဟုလည်း ထင်မိသည်။

အခန်း (၂၈) ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူး ဆရာမရေ....

ခင်မင်စွာဖြင့်
ဇော်သိင်္ခ