Sunday, September 26, 2010

တင်မောင်မြင့် ဘာသာပြန် (လေထန်ပေမယ့် ပန်းမကြွေ) အပိုင်း (၁ဝ)

ကျွန်မ၏တာဝန်

ကျွန်မအလုပ်က တက်လို့မဆုံးနိုင်အောင်ဖြစ်နေ၏။ စီးပွားရေးကြော်ငြာများအပြင် တေးဂီတ ဗွီဒီယိုခွေ တွေပါ ရိုက်ရ၏။ ကမ္ဘာကျော် ဓာတ်ပုံဆရာများနှင့် ဖက်ရှင်လောကထဲတွင် ကျွန်မလွင့်မျောနေ၏။
ကျွန်မဘ၀သည် ထိပ်တန်းသို့ရောက်နေပြီ။

အိမ်ထောင်ရေးနှင့်ပတ်သက်၍ အမေ့ကိုပြောခဲ့စဉ်က ဘယ်ယောက်ျားမှ ကျွန်မ မျက်စိမကျသေးပါ။ သို့သော် ၁၉၉၅ ခုနှစ်တွင် ဂျက်ဇ်တေးဂီတကလပ်ကလေးတစ်ခုတွင် သူ့ကို ကျွန်မ စတွေ့ခဲ့ပါသည်။ သူက ၁၉၇၀ ပြည့်နှစ်များဆီက ခေတ်စားခဲ့သည့် အာဖရိက ဆံပင်ပုံစံထားသော ဒရမ်တီးသမားတစ် ယောက်ဖြစ်ပါသည်။ သူ့နာမည်က ဒါနာမှုရေး မြင်လျှင်မြင်ချင်းပင် လျှင် ကျွန်မ၏ ချစ်လင်ဖြစ် ရမည်ဟု တန်းသိ လိုက်၏။

နောက်တစ်နေ့တွင် ကျွန်မတို့ အတူတူညစာစားရင်း တစ်ချိန်တွင် သူ့ ကလေးကို ကျွန်မ မွေးဖြစ်လိမ့် မည်ဖြစ်ကြောင်း ရယ်ရယ်မောမော ပြောဖြစ်ခဲ့၏။ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် ကျွန်မယောက်ျား ယူချင်စိတ်ပေါက်လာခြင်းဖြစ်သည်။ မကြာမတင်အတွင်း ကျွန်မတို့နှစ်ယောက် ချစ်နေပြီဖြစ်ကြောင်း သိလာကြတော့၏။ ပြီးတော့ ဘ၀အဖော်အဖြစ်နဲ့ မခွဲတမ်းနေသွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကျွန်မ၏ ခပ်ကြောင်ကြောင် ဟောကိန်းသည် ၁၉၉၇ ခုနှစ်တွင် တကယ်ဖြစ်လာတော့၏။ ဇွန်လ ၁၃ ရက်နေ့တွင် ကျွန်မ သားယောက်ျားကလေး ဖွားမြင်ခဲ့ပါသည်။ ခြေတံလက်တံရှည်ရှည်၊ ပိုးသားလို အနက်ရောင် ဆံပင်တွေ နှင့် ချစ်စရာသားကလေး။

သူ့ပါးစပ်ကလေးက ခပ်ကျဉ်းကျဉ်းမို့ "အလီကီ" ဟု နာမည်ပေးလိုက်ကြသည်။ ပါးဖောင်းဖောင်း ကလေး နှင့် ခေါင်းပေါ်တွင် ဆံပင်ခွေကလေးတွေနှင့်မို့ မဟူရာမြားနတ်မောင်ရုပ်ကလေးနှင့် တူနေ၏။
သားကလေး မွေးပြီးကတည်းက ကျွန်မဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားလေတော့သည်။ သူ့ဆီက ရရှိ သည့် ပျော်ရွှင်မှုမျိုး ဘယ်တုန်းကမှ၊ ဘယ်သူ့ဆီကမှ မရခဲ့ဖူးပါ။ သားကလေးသည် ကျွန်မဘ၀အတွက် အကောင်းဆုံး လက်ဆောင်မွန်စစ်စစ်ဖြစ်ပါသည်။

ငါးနှစ်သမီးအရွယ် တွင် အမဲဖျက်သလို စနစ်ဆိုးတစ်ခု၏ အဖျက်ဆီးခံလိုက်ရပြီးချိန်မှစ၍ အသက် ၃၀ ရွယ်တွင် သားကလေး မွေးသည်အထိ မိန်းမသားဘ၀တွင် ကျင်လည်ခဲ့ရပြီးနောက် အမေ့ကို ကျွန်မ ပိုပြီး လေးစားကြည်ညို လာသည်။ ဆိုမာလီသူ မိန်းမသားတို့၏ အားမာန်ကို ကျွန်မ နားလည်လာသည်။

သဲကန္တာရထဲတွင် ဆိတ်ကျောင်းနေသည့် ကောင်မလေး ကို ကျွန်မ ပြန်လည်မြင်ယောင်လာသည်။ ကီလိုမီတာ ပေါင်းများစွာ ရေရှာထွက်ခဲ့ရသည့် ကောင်လေး။ ဧရာမ သိုးအုပ်ဆိတ်အုပ်ကြီးကို ထိန်းကျောင်း ခဲ့ရသည့် ကောင်မလေး။ ပြီးတော့ ဆာလောင်နေသည့် ကလေးတွေကို ကျွေးဖို့ ကိုယ်ဝန် ၉လ နှင့် သဲကန္တာရထဲတွင် အစာရှာထွက်ရသည့်အမေ။ ပြီးတော့ ကလေးမွေးပြီးသည်နှင့် ယောက်ျား ကျေနပ်အောင် အပျိုစင်ကလေးလို ပြန်ဖြစ်ဖို့ နောက်ထပ် အသားအနာခံရသည့်အမေ။ သည်အမေလို သတ္တိမျိုး ကျွန်မတွင် ရှိနိုင်ပါမည်လား။

တဖြည်းဖြည်း အသက်ကလေးရ၊ ပညာကလေးတတ်လာတော့ ရက်စက်ရိုင်းစိုင်းသည့် ရိုးရာဓလေ့၏ သားကောင် များဖြစ်ကြသော အာဖရိကတိုက်သူ အမျိုးသမီးပေါင်းများစွာ၏ဘ၀ကို ကျွန်မနားလည်လာ သည်။
သည်အကြောင်းတွေကို ကမ္ဘာက ကြားအောင် ပြောပြ ဖော်ထုတ်ဖို့လိုသည်။ ကန္တာရထဲ၌ ခြေသလုံးအိမ် တိုင်ဘ၀မျိုး တွင် ဆိုးရွားစွာ ကျင်လည်နေရသည့် ဘ၀တူ အမျိုးသမီးများကို ကယ်တင်ဖို့ အတတ်နိုင် ဆုံး ကူညီမည် ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။

မကြာသေးခင်က မာရီကလယ်ဖက်ရှင် မဂ္ဂဇင်းမှ ကျွန်မကို ဗျူးဖို့ စာရေးဆရာမ လော်ရာဇစ်ဗ်က ရက်ချိန်း တောင်းသည်။
ရောက်လာတော့ လိုရင်းကို ကျွန်မ တန်းပြောလိုက်သည်။
" ဆရာမ ဘယ်လိုဇာတ်လမ်းမျိုး လိုချင်တာလဲ၊ ဆူပါမော်ဒယ် ဘ၀ဆိုတာမျိုးကတော့ ဆီသည်မ လက်သုတ်ဖြစ်နေပါပြီ။ တကယ်ရေးမယ်ဆိုရင် ကျွန်မဘ၀ဇာတ်ကြောင်းကို အားလုံး ပြောပြ ချင်ပါတယ် "
" ဟာ ရေးမှာပေါ့၊ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးမယ်" ဟု သူက အားတက်သရောပြော၏။

သူက အသံဖမ်းစက်ဖွင့်သည်။ ကျွန်မအကြောင်းပြောရင်း ကျောက်ဖျာပေါ်တွင် အမဲဖျက်ခံရသည့်အခန်း ရောက်တော့ စာရေးဆရာမသည် စက်ကိုပိတ်ပြီး ကြူကြူပါအောင် ငိုပါလေ တော့၏။
" တကယ်ပြောတာပါရှင်၊ ဒါလောက်အောက်တန်းကျပြီး ဒါလောက်ကြောက်စရာကောင်းတဲ့အဖြစ်တွေ ဒီနေ့ အထိ ရှိနေသေးတယ်ဆိုတာ ကျွန်မ လုံးဝမသိခဲ့ပါဘူး "
" ဟုတ်တယ်၊ အနောက်နိုင်ငံကလူတွေ ဘယ်လိုလုပ် သိနိုင်မလဲ၊ ဒါကြောင့် အားလုံးသိအောင် ကျွန်မ ပြောချင် နေတာ "

သူ့ကို ကျွန်မဘ၀ဇာတ်ကြောင်းပြောပြီးတော့ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေသည်။ ကျွန်မ၏ အတွင်းရေး တွေကို လူတွေသိကုန်တော့မည်။ ကျွန်မ၏ အခင်ဆုံး အရင်းနှီးဆုံးလူတွေ မသိသည့် ကျွန်မ၏ ငယ်ဘ၀ ကို လူစိမ်းသူစိမ်းတွေ သန်းနှင့်ချီပြီး သိကုန်တော့မည်။ သေသေချာချာ ပြန်စဉ်းစား တော့မှ ကျွန်မ ရင်ထဲတွင် နှစ်ပေါင်းများစွာ နာနေခဲ့သည့် သည် FGM ကိစ္စကို ပြောသင့်သည်ဟု ကျွန်မ သဘောပေါက် လာ၏။

ကျန်းမာရေးရှုထောင့် တစ်မျိုးတည်းအတွက်သာ ဆိုးသည်မဟုတ်။ ကျွန်မသည် လင်မယား ဘ၀၏ အရသာ ကို လုံးဝ ခံစားလို့ မရတော့ပါ။ မည်သို့မျှ ပြုပြင်နိုင်သည့် ကိစ္စမဟုတ်သဖြင့် စိတ်ဓာတ်ကျရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါ။
သည်အစဉ်အလာဆိုးကြီး ယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း လူတွေ သိစေချင်သည်။ ဒါကြောင့် ကျွန်မ ရင်ဖွင့်ရမည်၊ သည်အစဉ်အလာကြောင့် မိန်းကလေးပေါင်းများစွာ ကျွန်မလို ခံစားနေကြရသည်။ မိန်း ကလေးပေါင်း များစွာ သေကျေပျက်စီးနေရသည်။

မဂ္ဂဇင်းထဲတွင် သည်ဆောင်းပါး ပါလာတော့ ထင်တာထက် ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ မဂ္ဂဇင်း တိုက် ကို စာတွေ ဖတ်လို့ မကုန်နိုင်အောင် ရောက်လာသည်ဆို၏။
ကျွန်မဆီ လာဗျူးသည့်လူတွေ ပိုများလာ၏။ ကျောင်းများတွင်လိုက်ပြီး ဟောပြောပွဲတွေ လုပ်ပေးရ၏။ အဖွဲ့အစည်းအမျိုးမျိုးတွင်လည်း ဟောရပြောရ၏။ ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNITED NATION POPULATION FUND) မှ FGM တိုက်ဖျက်ရေးတွင် သူတို့နှင့်ပူးပေါင်းလုပ်ဆောင် ဖို့ ကျွန်မကို ဖိတ်ခေါ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (The World ealth Organisation)က သည်ပြဿနာကို စာရင်းဇယားပြု စုတော့ ကြောက်မက်ဖွယ်ရာ ကိန်းဂဏန်းများထွက်လာသည်။ စာရင်းဇယားများကို တွေ့ရပြီးနောက် ပိုင်းတွင် သည်ကိစ္စမှာ ကျွန်မတစ်ယောက်တည်း၏ကိစ္စမဟုတ်တော့ကြောင်း ပိုရှင်းလာ၏။

FGM ကို အာဖရိက ၂၈ နိုင်ငံတွင် ကျင့်သုံးလျက်ရှိ၏။ ယခုအချိန်တွင် ဥရောပနိုင်ငံများနှင့် အမေရိကန် ရှိ အာဖရိကတိုက်သူ မိန်းကလေးများပါ လိုက်လုပ်နေကြရပြီဟုသိရသည်။
တစ်ကမ္ဘာလုံးတွင် FGM လုပ်ထားသည့် မိန်းကလေးပေါင်း သန်း ၁၃၀ ရှိသည်။ နှစ်စဉ် မိန်းကလေး ၂ သန်းလုပ်ကြရ၏။ တစ်နေ့ ၆၀၀၀ နှုန်းဖြစ်၏။ ရွာလက်သည်များသည် ယနေ့တိုင် မီးဖိုချောင်သုံး ဓားတွေ၊ ကတ်ကြေးတွေနှင့် ခွဲစိတ်ဖြတ်တောက်နေကြဆဲဖြစ်၏။ လုံးဝ ထုံဆေးမသုံး။

မိန်းမငယ်ကလေးတွေ ကျွန်မ အတိုင်း ခံစားနေကြရဆဲဖြစ်ကြောင်း ခေါင်းထဲဝင်လာလျှင် ကျွန်မရင်နာ ရသလို ဒေါသလည်း ဖြစ်ရ၏။ ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့၏ ကမ်းလှမ်းချက်ကို ကျွန်မ ဂုဏ်ယူစွာ လက်ခံ လိုက်သည်။ သည်တိုက်ပွဲတွင် ကျွန်မကို အထူးသံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေး၏။
သည်ရာဇ၀တ်မှုကို ဖော်ထုတ်ဖို့ အာဖရိကကို ကျွန်မ ပြန်သွားရမည်။ မိတ်ဆွေအချို့က ကျွန်မအတွက် စိတ်ပူကြ၏။ ကျွန်မ အသက်ခံရမည်ကို စိုးရိမ်ကြ၏။ တစ်ယူသန်သမားများက FGM ကို မြင့်မြတ်သည့် အလုပ်၊ ကိုရန်ကျမ်းစာအလိုအရ လိုက်နာရမည့် အလုပ်ဟု ယုံကြည်နေကြသောကြောင့်ဖြစ်၏။

စင်စစ်ဘယ် ကိုရန်ကျမ်း၊ ဘယ်သမ္မာကျမ်းမှာမှ FGM ကိစ္စမပါ။ သည်ကိစ္စကို ဘယ်မိန်းကလေးမှ မခံစားရစေချင်ပါ။ အတိတ်မှာ ကျန်ခဲ့သည့်အဖြစ်ဆိုးတစ်ခု ဖြစ်စေချင်လှပါပြီ။ ဒါကြောင့်လည်း ကျွန်မ ကြိုးကြိုး စားစား ဆက်လုပ်နေခြင်းဖြစ်ပါ၏။

ခြသေ့င်္ရန်မှ ကာကွယ်လိုက်ခြင်းမှာ ဘုရားသခင်က ကျွန်မကို နောက်တာဝန်တစ်ခုပေးဖို့ ရှခြင်းကြောင့် ဖြစ်မည် ဟု ကျွန်မစိတ်ထဲစွဲနေ၏။ သည်တာဝန်မှာ ယနေ့ ကျွန်မဆီရောက်လာသော တာဝန်ဖြစ်ပါ လိမ့်မည်။
ကျွန်မလုပ်ရမည့် အလုပ်သည် အန္တရာယ်များပါလိမ့်မည်။ ကျွန်မတွေးကြောက်မိကြောင်း ၀န်ခံပါသည်။ သို့သော် သည်အခွင့်အရေး ကို ကျွန်မ လက်လွတ်ခံလိမ့်မည်မဟုတ်ပါ။
အခွင့်အလမ်းကို လက်လွတ်မခံခြင်းသည် ကျွန်မ တစ်သက်လုံး ကျင့်သုံးခဲ့သည့် နီတိမဟုတ်ပါလား။
--------------------------

ပြီးပါပြီ
.

3 comments:

Anonymous said...

အရမ်းချီးကှူးမိတယ်.. အားလဲကျတယ်..ဂုဏ်ယူလဲယူတယ်။ ဒီလိုပဲဖြစ်နေရမယ်။
အစက အဲဒီကိစ္စကို သေချာမသိဘူး။ ဘယ်နေရာကိုလုပ်နေတာလဲဆိုပီး.. တော့..နောက်မှ သူငယ်ချင်းတယောက်ကိုမေးတော့ ပုံပြတော့ ပီးတဲ့အထိတောင်မကြည့်ရဲဘူး။ ၁ပုံ ၂ပုံနဲံရပ်လိုက်တယ်။ ကြောက်စရာကောင်းလိုက်တာ။ သူတော်တော်ခံစားရမှာပဲ။ အဲဒါ လူမဆန်တဲ့လုပ်ရပ်။ မိန်းကလေးတွေရဲ့ ရှေ့က မားမားရပ်တဲ့ ၀ါးရစ်ရဲ့ စိတ်ဓာတ်အားမန်ကို တအားသဘောကျတယ်။ အတုယူမိတယ်။

တင်ပေးတဲ့ အမကို ကျေးဇူးပါလို့...


မြတ်နိုး

Anonymous said...

Thank you very much for this post.

Ray

ဇော်သိင်္ခ said...

ကျေးဇူးတင်ပါတယ် ဆရာမရေ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ