ခွဲစိတ်ခန်းဆီသို့
မကြာမီ မော်ဒယ်အေဂျင်စီဆစ်ခုမှ ကျွန်မဓာတ်ပုံကို တွေ့ပြီး သူ့လုပ်ငန်းအတွက် ဓာတ်ပုံရိုက်ချင်ပါ သည်ဟု ကမ်းလှမ်းလာ၏။ ကျွန်မ ဘာမှ နားမလည်ပါ။ သို့သော် တက္ကစီခပါပေးပြီး အခေါ်လွှတ်ခြင်း ဖြစ်၍ ကျွန်မ လိုက်သွားသည်။
သူ့ဆီတွင် နာမည်ကျော် မော်ဒယ်တွေ အများကြီး လမ်းလျှောက်နေသည်ကို တွေ့ရ၏။ ခြင်္သေ့မတွေ သားကောင် တစ်ကောင်ကို စားတော့မည့်ပုံ ဟန်ချီပြီး လျှောက်နေခြင်းမျိုး။
" အဲဒါ ဘာလုပ်နေကြတာလဲဟင် "
တစ်ယောက်ကို ကျွန်မ မေးလိုက်သည်။
" ပီရဲလီပြက္ခဒိန်အတွက်လေ "
" သြော် ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ရှင် "
ကျွန်မ ခေါင်းညိတ်ပြန်ပြောပြီးမှ " အဲဒါ ဘာပါလိမ့်" ဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိ၏။
ဓာတ်ပုံဆရာ တာရင့်စ်ဒိုနိုဗန်က ကျွန်မကို လက်ဖက်ရည်တိုက်ရင်း သူ့အလုပ်ကို ရှင်းပြ၏။ စားပွဲ တစ်လုံး ပေါ်တွင် ပြက္ခဒိန်တစ်ခုချထား၏။
သူက တစ်ရွက်ချင်းလှန်ပြသည်။ မြင်သူငေးရလောက်အောင် လှသည့် အလှပဂေး မိန်းကလေး ချည်း ပါလား။
သူက ဆက်ရှင်းပြသည်။
" ဒါ မနှစ်က ပြက္ခဒိန်၊ ဒီနှစ်ထူးခြားမယ်၊ အာဖရိကမဟူရာကလေးချည်း ရိုက်မယ် "
သူက လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းပြသည်။ ကျွန်မစိတ်တွေ လွတ်လပ်ပေါ့ပါးနေ၏။ ထိုအချိန်မှစ၍ ကျွန်မ သည် ရာနှုန်းပြည့် မော်ဒယ်ဖြစ်သွားတော့သည်။ သည်လုပ်ငန်းပြီးလို့ ပုံတွေရွေးသည့်အခါ ကျွန်မ ပုံသည် မျက်နှာဖုံးပုံအဖြစ် အရွေးခံရသည်။
မော်ဒယ် ဘ၀ဖြင့် ကျွန်မအလုပ်တွေ လက်မလယ်အောင် ရလာသည်။ ပါရီ၊ မီလန်နှင့် နယူးယောက် လိုမြို့ကြီးတွေကို လွန်းပြန်ပြေးနေရပြီ။ မမျှော်မှန်းခဲ့ဖူးသည့် ငွေတွေ လှိမ့်ဝင်လာသည်။
လက်ဝတ် ရတနာကုမ္ပဏီတစ်ခုအတွက် အာဖရိကတိုက်သူ အ၀တ်အစားဖြင့် ကြော်ငြာတွေ တသီကြီး ရိုက်ရ သည်။ ရက်ဗလွန်အတွက် မိတ်ကပ်ကြော်ငြာတွေရိုက်ရသည်။ နောက်ဆုံးထုတ်လုပ်သည့် Ajee ရေမွှေး အတွက်လည်း ထပ်ရိုက်ရသည်။
" အာဖရိက နှလုံးသားမှ မိန်းမသားတိုင်း၏ နှလုံးသားများကို ကိုင်လှုပ်မည့် မွှေးရနံ့မျိုး" ဟု စီးပွားရေး ကြော်ငြာ ကဏ္ဍတွင် အသံလွှင့်သည်။
နောက် ရက်ဗလွန်စီးပွားရေးကြော်ငြာတွေ စင်ဒီကရော့ဖို့ဒ်နှင့်တွဲပြီး ရိုက်ရသည်။ ပြီးတော့ ကလောဒီယာရှစ်ဖာ၊ လော်ရင် ဟတ်တန်တို့နှင့်လည်း တွဲရိုက်ရ၏။ ရက်ဗလွန်သည် ကျွန်မကို ထိပ်ဆုံး ရောက်အောင် တွန်းတင်ပေးလိုက်သည့် ကုမ္ပဏီကြီးဖြစ်၏။
မကြာခင် ကျွန်မပုံတွေ Elle လို၊ Glamour လို၊ အီတလီ၊ ဗြိတိန်နှင့် အမေရိကန်ထုတ် Vogue လို မဂ္ဂဇင်းကြီးများတွင် ပါလာတော့သည်။
တစ်ဖက် တွင် လျှမ်းလျှမ်းတောက်အောင်မြင်လာသော်လည်း ဘ၀ဟောင်းမှ ဒဏ်ရာဒဏ်ချက်များကမူ ကျွန်မ ကို နှိပ်စက်နေမြဲဖြစ်ပါသည်။
ယခုတိုင် ကျွန်မဆီးသွားလျှင် တစ်စက်ချင်းပဲ သွားလို့ရ၏။ တစ်ခါသွားလျှင် အနည်းဆုံး ၁၀ မိနစ်ကြာ သည်။ ဓမ္မတာပေါ်ချိန်ဆိုလျှင် ကျွန်မ အသေအလဲခံရသည်။ ရက်ပေါင်းများစွာ ဘာမှ မလုပ်နိုင်ဘဲ အိပ်ရာထဲ လဲတော့၏။ ဆက်မခံနိုင်လောက်အောင်၊ သေပစ်ချင်လောက်အောင် နာကျင်ခြင်းမျိုး။
ဦးလေး မိုဟာမက်အိမ်တွင်နေစဉ် သည်ပြဿနာစခဲ့ခြင်းဖြစ်သည်။
တစ်နေ့မနက် လက်ဖက်ရည်ဗန်းကို ကိုင်ပြီး မီးဖိုဆောင်မှ ထမင်းစားခန်းသို့အလာတွင် ကျွန်မလုံးဝ သတိလစ် သွားသည်။ ပန်းကန်တွေ ကြမ်းပြင်ပေါ်ကျကွဲကုန်သည်။
ကျွန်မ သတိရလာတော့ အန်တီမာရီယမ်ကပြောသည်။
" မဖြစ်ဘူး၊ နင့်ကို ဆေးခန်းပို့မှဖြစ်မယ်၊ ငါဆရာဝန်နဲ့ ဒီနေ့ညနေချိန်းလိုက်မယ် "
ကျွန်မ FGM အလုပ်ခံထားရကြောင်း ဆရာဝန်ကို ဖွင့်မပြောသဖြင့် သူဘာမှ စမ်းသပ်၍မရခဲ့ပါ။
" ငါလုပ်ပေးနိုင်တာ တစ်ခုပဲရှိတယ်။ နင့်အနာသက်သာအောင် တားဆေးတွေစားရလိမ့်မယ် "
သူ့ဆေး စားကြည့်တော့ တစ်မျိုးကြီးဖြစ်လာ၏။ နေလို့ မကောင်းတော့။ အနာပဲခံတော့မည်ဆိုပြီး ဆရာ ပေးသည့် ဆေးတွေ ရပ်ပစ်လိုက်သည်။ သို့သော် ဝေဒနာက ကြာလေဆိုးလေဖြစ်လာ၏။ အခြား ဆရာဝန် တစ်ယောက်ဆီ ပြောင်းပြသည်။ သူကလည်း တားဆေးပင် ပေး၏။
" ကျွန်မ အဲဒီကိစ္စကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြမှဖြစ်မယ် အန်တီ "
အန်တီမာရီယမ် ကိုပြောတော့ သူက အလေးအနက်ထားပြီး မေးဖော်ရသည်။
" မလိုပါဘူး။ ဒါထက် ညည်းဟိုဆရာဝန်တွေကို ဘာတွေ ပြောခဲ့သေးလဲ "
" ဘာမှမပြောပါဘူး။ အနာသက်သာအောင် ကုပေးဖို့လောက်ပါပဲ"
အဒေါ်ဘာဆိုလိုသည်ကို ကျွန်မ သိပါသည်။ FGM ကိစ္စကို လူဖြူတွေရှေ့တွင် မပြောရဟူသည့် အစွဲ ဖြစ်ပါ၏။ ကျွန်မ တဖြည်းဖြည်း နားလည်လာပြီ။ တစ်ခုခုလုပ်မည်လား။ တစ်လမှာ ၁၀ ရက်လောက် ဝေဒနာ ခံနေမလား။
နှစ်အတန်ကြာတော့ ဆရာဝန်ကြီး ဒေါက်တာမက်ကရေးထံ ကျွန်မပြဖြစ်သည်။
" ကျွန်မ မပြောဘဲ ချန်ထားတာတစ်ခုရှိတယ်ဆရာ၊ ကျွန်မက ဆိုမာလီယာကပါ။ ကျွန်မ ... "
သူက ကျွန်မစကားကို ဆုံးအောင်နားမထောင်ဘဲ
" ကဲ သွား၊ အ၀တ်လဲ၊ ဆရာ ကြည့်ပေးမယ်" ဟု ဖြတ်ပြောတော့၏။ ပြီးတော့ အထိတ်တလန့်ဖြစ်နေ သည့် ကျွန်မ မျက်နှာကို ကြည့်ရင်း ဆက်ပြောသည်။
" သွားပါ အားလုံး အဆင်ပြေစေရမယ် "
ဆရာဝန်ကြီးက သူနာပြုဆရာမကိုခေါ်ပြီး ကျွန်မကို အ၀တ်လဲပေးဖို့ပြောသည်။ ခွဲစိတ်ခန်း အ၀တ်အစား တွေ ၀တ်နေရင်း ဆရာမကို ကျွန်မမေးလိုက်သည်။
" ဒီဆေးရုံမှာ ဆိုမာလီစကားပြောတတ်တဲ့ တစ်ယောက်ယောက်များ ရှိသလား ဆရာမ "
ဆရာမ ထွက်သွားသည်။ ခဏနေတော့ ဆိုမာလီသားယောက်ျားတစ်ယောက်နှင့် ပြန်ဝင်လာ၏။ ကျွန်မ အရမ်း စိတ်ညစ် သွားသည်။ သည်ကိစ္စမျိုးကို ဘာသာပြန်ပေးဖို့ ကျွန်မဘယ်လို ပြောထွက်ပါမည်လဲ။
ဆရာဝန်ကြီး ပြောသည့်အတိုင်း သူ ဘာသာပြန်ပေးသည်။
" နင့်ကို ရှင်းပြပါတဲ့။ နင်ဒါလောက် ကြာကြာကြီးခံနေနိုင်တာ သူအံ့သြနေတယ်တဲ့။ အမြန်ဆုံး ခွဲမှ ဖြစ်မယ်တဲ့ "
စကာပြန် လုပ်ပေးသူ ကျွန်မကို လုံးဝမကြည့်ကြောင်း သိသာနေပါသည်။ ဆရာဝန်ကို စိန်းစိန်းကြည့်ပြီး သူ ပြောပုံကြည့်လေ။
" နင်က ခွဲစိတ်ခံမယ်ဆိုရင်တော့ သူတို့ခွဲမှာပေါ့၊ ဒါပေမယ့် အဲဒါ နင့်တိုင်းပြည်ယဉ်ကျေးမှုနဲ့ လုံးဝဆန့် ကျင်နေတယ် ဆိုတာ နင်သိလား၊ နင့် မိသားစုက နင်ဒီလို လုပ်မယ်ဆိုတာ သိလား "
" မသိဘူး "
" နင် သူတို့ဆီက ခွင့်ပြုချက်အရင်ယူရမယ် "
ကျွန်မ ခေါင်းညိတ်လိုက်ရပါ၏။ ပုံစံကျ အာဖရိကတိုက်သားတစ်ယောက်နှင့် ကျွန်မ ကံဆိုးစွာ ဆုံရခြင်း ဖြစ်ပါ၏။ တစ်နှစ်လောက် ကျွန်မ တွေဝေနေခဲ့သည်။
နောက်ဆုံးမှခွဲစိတ်ဖြစ်တော့သည်။ အလွန်တော်သည့် ဆရာဝန်ကြီးဖြစ်ပါ၏။ ကျွန်မသူ့ကို ကျေးဇူးတင်လို့ မဆုံး တော့ပါ။ သူက ကျွန်မကို ရှင်းပြသေးသည်။
" မင်း တစ်ယောက်တည်းမဟုတ်ဘူး ဝါးရစ်။ ဆူဒန်တို့၊ အီဂျစ်တို့ကလာတဲ့ မိန်းကလေးတွေလည်း မင်းတို့ ဆိုမာလီသူ တွေလိုပဲ။ တချို့ ယောက်ျားမသိဘဲ လာလုပ်ကြတယ် "
ခွဲစိတ်ပြီး ၃ ပတ်အကြာ အပေါ့သွားဖို့ အိမ်သာတက်တော့ အမယ်လေး ကျွန်မ လန့်များတောင် လန့်သွား မိပါ၏။ ပေါ့ပါးလွတ်လပ်သွားလိုက်ပုံမှာ ပြော၍မပြနိုင်အောင်ပင်။
--------------------------
အခန်း (၉) ဆက်ရန်
.
3 comments:
Thanks.
Ray
ကျေးဇူးတင်ပါတယ်ခင်ဗျ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
I’ve recently started a blog, the information you provide on this site has helped me tremendously. Thank you for all of your time & work.
Post a Comment