အရွယ်ရောက်ခြင်း
ကျွန်မတို့၏ ခြေသလုံးအိမ်တိုင်ဘ၀မျိုးတွင် အပျိုရွယ်ကလေးများအတွက် နေစရာရှားလှသည်။ ထို့ကြောင့် မိခင်များက သမီးကညာများကို အခါမလင့်စေဘဲ ယောက်ကျားပေးစားဖို့ တာဝန်ရှိသည်ဟု ယုံကြည် ကြ၏။
ပြီးတော့ ဆိုမာလီတွင် ယနေ့တိုင် အရိုးစွဲနေသည့် ကိစ္စတစ်ခုလည်း မိခင်တိုင်းတွင် ရှိသေး၏။ မိန်းကလေး များတွင် မိန်းမကိုယ်ပြင်ပ အင်္ဂါသည် မရှိအပ်သည့် ပစ္စည်းဖြစ်သည်ဟု ယူဆကြသည်။ ခန္ဓာကိုယ်ကို ညစ်ညမ်းစေ၏။ ရမ္မက်ဆန္ဒကို ကဲလွန်စေ၏။ သည်အရာကို လှီးဖြတ်ထုတ်ပယ်ခြင်း (Female Genital Mutilation, FGM) မပြုလျှင် မိန်းကလေးတို့ ယောက်ျားယူခွင့်မရှိပေ။
ထို့ကြောင့် မိန်းကလေးတိုင်း ရိုးရာဓလေ့အတိုင်း အလုပ်ခံကြရ၏။ သည်ခွဲစိတ်ခအတွက် လက်သည် ဂျစ်ပစီမကြီး ကို ပေးရသည့် ငွေပမာဏမှာ အိမ်တစ်အိမ်၏ အကြီးမားဆုံး အသုံးစရိတ်ခေါင်းစဉ်ဖြစ်၏။
သို့သော်လည်း ဤကိစ္စကို ရင်းနှီးမြှုပ်နှံမှုအဖြစ် မိဘတိုင်း သဘောထားကြသည်။ သည်ကိစ္စ မပြီးမြောက် မချင်း သူတို့သမီးများကို လက်ထပ်ထိမ်းမြားခြင်းဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိကြပေ။
သည်အလုပ် ကို မည်သို့မည်ပုံ ပြုလုပ်ရကြောင်း မိန်းကလေးများ မသိရှိကြပေ။ မိန်းကလေးများအတွက် FGM သည် ပဟေဠိတစ်ပုဒ်ပင်။ သူတို့ကို ရှင်းလင်းပြောပြမည့်သူတစ်ယောက်မျှမရှိ။
ကိုယ့်အလှည့်ရောက်ရင် ကိုယ်လုပ်ရမည်ဆိုတာလောက်သာ သိထားကြ၏။ သည်တော့မှ မိန်းမသား တစ်ယောက်အဖြစ် ပြည့်ပြည့်၀၀ ခံယူနိုင်မည်ဖြစ်ကြောင်း ဆိုမာလီမိန်းကလေးတိုင်း နားလည်ထားကြ၏။
သည်လို FGM ကို အရင်က မိန်းကလေးများ အပျိုဖော်ဝင်မှ လုပ်ရိုးထုံးစံရှိခဲ့၏။ သို့သော် ကာလရွေ့ လျော လာသည့်အခါ ငယ်ငယ်ရွယ်ရွယ်ကလေးနှင့် လုပ်ပစ်ကြတော့သည်။ တစ်ညနေ ကျွန်မ၊ ငါးနှစ်သမီး အရွယ် လောက်တွင် အမေကပြောသည်။
" သမီးအဖေကပြောတယ်၊ ဂျစ်ပစီမကြီးတစ်ယောက်နဲ့တွေ့လို့ အိမ်ခေါ်ထားတယ်။ တစ်နေ့နေ့မှာ ရောက်လာ လိမ့်မယ်"
ထိုနေ့ညကို ရောက်လာခဲ့ပါပြီ။ တစ်အိမ်သားလုံး ကျွန်မကို ပျူပျူငှာငှာရှိနေကြ၏။ ညစာကို ပိုပိုသာသာ ထည့်ကျွေး နေ၏။ ရေနှင့်နို့ သိပ်မသောက်ဖို့အမေက ကျွန်မကို ကြိုပြောထားသည်။
ဝေလီဝေလင်း တွင် အမေ ကျွန်မကို လာနှိုးသည်၊ ကောင်းကင်တစ်ခွင်လုံး မှောင်မည်းနေဆဲဖြစ်၏။ အိပ်ချင် မူးတူးဖြင့် စောင်ပိုင်း ကလေးကို ဆွဲပြီး ကျွန်မ ထလိုက်သွားသည်။
ချုံပုတ်တွေကို ကျွန်မတို့ ဖြတ်လျှောက်သွားပြီး တစ်နေရာအရောက်တွင် "ဒီနေရာမှာ တို့စောင့်ကြ ရလိမ့်မယ်"ဟု အမေက ပြော၏။ အေးစက်နေသည့် မြေကြီးပေါ်တွင် ကျွန်မတို့ ထိုင်စောင့်နေကြသည်။ အရုဏ် တက်ပြီဖြစ်၍ အလင်းရောင်တဖြည်းဖြည်း ပျို့လာ၏။
သိပ်မကြာပါ။ ဂျစ်ပစီမကြီး၏ ဖိနပ်သံတဖျပ်ဖျပ်ကြားရပါတော့သည်။ ချက်ချင်း ကျွန်မအနား ရောက်လာ ၏။ ဘယ်ဘက်က လာမှန်းပင် မသိလိုက်ပါ။
" ဟိုမှာသွားထိုင် "
ကျောက်ဖျာတစ်ချပ်ပေါ်ကို လက်ညှိုးထိုးပြပြီး အမိန့်ပေး၏။ သည့်ထက်ပိုပြီး ဘာတစ်ခွန်းမှမပြော။ အလုပ် သဘော သက်သက်သူရောက်လာခြင်းဖြစ်၏။
အမေက ကျွန်မကို ခပ်ပြေပြေကျောက်ဆောင်ပေါ်တွင် နေရာချပေးသည်။ ကျွန်မကိုယ်ပေါ်တွင် အမေက ခွစီးထားပြီး ကျွန်မ ဦးခေါင်းကို သူ့ရင်ခွင်ထဲတွင် ပွေ့ထား၏။ အမေ့ပေါင်ကို ကျွန်မ သိုင်းဖက် ထားလိုက် သည်။ သစ်မြစ်တစ်ခုကို ကျွန်မ၏ ပါးစပ်ထဲ ထည့်ပြီး "အဲဒါကို နာနာကိုက်ထား"ဟုပြောသည်။
ကြောက်လွန်းလို့ ကျွန်မ တစ်ကိုယ်လုံး အေးစက်နေပြီ။ သစ်မြစ်ကိုက်ထားရင်း ကျွန်မ ဗလုံးဗထွေးမေး လိုက်သည်။
" သိပ်နာမှာလားအမေ "
အမေက ကျွန်မ နားနားကပ်ပြီး တိုးတိုးပြောသည်။
" ခဏလေးပြီးသွားမှာ၊ အမေ့အတွက် သတ္တိရှိပေးနော်၊ သမီးက လိမ္မာပါတယ် "
ခြေရင်းက ဂျစ်ပစီမကြီးကို ကျွန်မ ခြေထောက်ကြားက ချောင်းကြည့်လိုက်သည်။ မိန်းမကြီးက ကျွန်မကို ကြောက်စရာ မျက်လုံးကြီးများဖြင့် မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်နေ၏။ ပြီးတော့ သူ့အလုပ် ကို စ လုပ်ပါ တော့သည်။
ကျွန်မ မခံနိုင်တော့။ ခြေထောက်တွ တဆတ်ဆတ်တုန်လာ၏။ မြန်မြန်ပြီးသွားဖို့ ဘုရားတပြီး ကျွန်မ ဆုတောင်း လိုက်မိပါသည်။ ကျွန်မ ဆုတောင်းပြည့်ပါ၏။ လုံးဝသတိလစ်သွားသောကြောင့် ဖြစ်ပါသည်။
သတိရလာတော့ မျက်လုံးစည်း မရှိတော့ပါ။ သေသွားပါစေဟု ဆုတောင်းလိုက်မိ၏။ လူမသေဘဲ အသိ ဥာဏ် တွေတော့ ခဏသေသွားသည်ထင်၏။ ကျွန်မ မှန်ဥာဏ်တွေ ထိုတဒင်္ဂတွင် ထုံထိုင်းသွားသည်။
မျက်စိ ဖွင့်ကြည့်လိုက်တော့ ဂျစ်ပစီမကြီးမရှိတော့။ ခြေချင်းဝတ်မှစပြီး တင်ပါးနားအထိ အ၀တ်စတွေဖြင့် ချည်ထားသည်။
လုံးဝလှုပ်မရတော့ပါ။ တစ်ဖက်ကို စောင်းငဲ့ကြည့်လိုက်သည်။
နေပူရှိန်သည် ကျွန်မ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ထိုးဆင်းနေ၏။ အစ်မအေမင်နှင့် အမေ ကျွန်မကို လာဆွဲ ခေါ်သွားကြသည်။ ကျွန်မနေဖို့ သူတို့နေရာလုပ်ပြီးပြီ။
သစ်ပင်တစ်ပင်အောက်တွင် တဲကလေးတစ်လုံးထိုးထားပေးခြင်းဖြစ်သည်။ ထုံးတမ်းစဉ်လာအရ ကျွန်မ အိမ်ကို မပြန်ရသေးပါ။ ရက်သတ္တပတ်ပေါင်းများစွာနေရဦးမည်။ လုံးဝနေကောင်းမှ အိမ်ပြန်ရမည်ဖြစ်၏။
နာရီပေါင်းများစွာကြာပြီးနောက် ကျွန်မ ဆီးသွားချင်လာသည်။ အစ်မလုပ်သူကိုပြောတော့ သူက စီစဉ် ပေးသည်။
တဲထဲတွင် ရက်ပေါင်းများစွာ ကျွန်မ လဲနေခဲ့ပါသည်။ နောက်ပိုင်းတွင် အနာရင်းကာ အဖျားဝင်လာ တော့၏။ အပြင်းအထန်ဖျားလာတော့ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်လာသည်။ နှစ်ပတ်လုံးလုံး အမေ က ရေနှင့် အစားအသောက်တွေ လာပို့သည်။
ခြေထောက်တွေကို ချည်ထားဆဲမို့ ဘာကြောင့်လဲ၊ ဘာအတွက်လဲဆိုတာ စဉ်းစားနေရုံမှ တစ်ပါး အခြား ဘာမှ မလုပ်နိုင်ခဲ့ပါ။ သည်အရွယ်တွင် ကျွန်မအနေဖြင့် အချစ်ကိစ္စ၊ လိင်ကိစ္စသည် အမေ့ ခွင့်ပြု ချက်ဖြင့် တိရစ္ဆာန်တစ်ကောင်လို အမဲဖျက်ခံလိုက်ရပြီဟူ၍ ဖြစ်ပါ၏။
ကျွန်မ သေကောင်ပေါင်းလဲ ခံစားရပါသည်။ သို့သော် ကံကောင်းပါသည်။ ကျွန်မ မသေခဲ့၍ ကံကောင်း ခြင်း ဖြစ်ပါ၏။ မိန်းကလေးတော်တော်များများ သွေးသွန်ကြ၊ မေးခိုင်ပိုးဝင်ကြနှင့်အသက် ဆုံးရှုံးကြ ရပါသည်။ နောင်တွင် ကျွန်မ သေသေချာချာပြန်စဉ်းစားကြည့်သည်။ သည်လို လုပ်နည်းလုပ်ဟန် ဖြင့် မသေမပျောက် ရှင်ကျန်နေခြင်းမှာ အံ့သြစရာအတိပါကလား။
-------------------------
အပိုင်း (၄) ဆက်ရန်
.
4 comments:
သူတို့ ဆီက မိန်းကလေးဖြစ်ရတာလဲ သူတို့ အစဉ်အလာကြီးက ကြောက်စရာကြီးနော်..
:)
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
အောင်မငီး....
များတို့ဆိုရင်လဲဖြတ်ပစ်မလားမသိဘူးနော်...
အို....ကြောက်စရာကြီး......
အဲဒီလို ကိစ္စတွေကို ဒီရောက်မှ ကြားဖူးတယ် အစ်မ။
ဒီမှာတော့ သိပ်ပြီးတော့ သူတို့ အတွက် မထူးကြတော့ဘူး။ ဒါပေမဲ့ မြန်မာမှာတော့ မကြားမိဘူး။
What did they do the small girl?
Please explain me
Post a Comment