Thursday, September 16, 2010

ဂျာနယ်ကျော် မမလေး ၏ ဘဝအဖော် အပိုင်း (၂) ဇာတ်သိမ်း

ကျွန်မက အတွေးကိုရပ်ကာ 'လက်သုပ်ရောင်းတာ ဘာဖြစ်လဲ ကျွန်မစိတ်ထဲမှာ ဒီအလုပ်ဟာ သိမ်ငယ် တယ်လို့ နည်းနည်းမှ မထင်ဘူး။ ၀င်ငွေလည်း ကောင်းသားပဲ' ဟု နှစ်သိမ့်အားပေး လိုက်လေ သည်။
ထမင်းစားပွဲပြင်ပြီး၍ ဒေါ်ဥခင်ပွန်းက ထမင်းစားရန် လာခေါ်သည်။ မောင်စိုးမြင့် ချက်ပြုတ်ထားသော ဟင်းခွက်များကို လှမ်းကြည့်လိုက်သည်။ ဟင်းခွက်များ စုံလင်လျက် စားချင်သဖွယ်ပင် ဖြစ်သည်။ လက်သုပ်ပ၀ါ ဆပ်ပြာခွက်ကအစ သပ်သပ်ရပ်ရပ် ချထားသည်။ ထမင်းတစ်စားပွဲလုံး ဖြူဖြူစင်စင် သန့်သန့် ရှင်းရှင်း ရှိလှသည်။

လက်သုပ်ရောင်း၍ ၀မ်းရေးအတွက် အောက်ခြေသိမ်း လုပ်ကိုင်နေကြစေကာမူ အနေအထိုင် အဆင့် အတန်း အောက်ကျနောက်ကျ မဖြစ်အောင် ဆွဲထိန်းထားနိုင်သည်။ ကျွန်မနံဘေး၌  ယပ်ခက် ပေးနေကြ သော မောင်စိုးမြင့်နှင့် မောင်အေးတို့ကို ကြည့်ကာ ကိုယ့်သားကလေးများနှင့်မခြား ချစ်ခင်ကြင်နာ၍ မဆုံး နိုင်အောင် ဖြစ်မိသည်။ လိမ္မာယဉ်ကျေးလျက် စည်းကမ်းကျနေသော အမူအရာအလေးတွေမှာ ချစ်စရာ ကောင်းလှပေသည်။
ထမင်းစားပြီး ရထားသို့ ဆင်းခဲ့သည်။ ဘူတာရုံသို့ သားအဖနှစ်ယောက် လိုက်ပို့ကြသည်။ မောင်စိုးမြင့်က ရထား ပေါ်တွင် ရှူသွားနိုင်ရန် ဒေါနပန်းစည်းကို မောကြီးပန်းကြီး ပြေးဝယ်ပေးလိုက် သေးသည်။


ပူပြင်းသော ရာသီဖြစ်သည်။ နေရောင်ကြဲကြဲထဲတွင် ရေတွင်း၌ ရေဆွဲနေသော ကလေးတစ်စုကို ရထားပေါ်မှ တွေ့မြင်ရသည်။ ဆင်းရဲသား ကျောမွဲကလေးတွေဖြစ်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရမည့် သွင်ဟန် လက္ခဏာလည်း ပေါ်၏။်ကျွန်မသည် ရထားပြင်ဘက်သို့ ငေးနေသည်။ ဖျက်ခနဲ တွေ့လိုက် ရသော ဆင်းရဲသားကလေးများ၏ ဘ၀။ ပြည်မြို့၌ တွေ့ကြုံခဲ့ရသော မောင်စိုးမြင့်တို့၏ ဘ၀နှင့် ကျွန်မ၏ သားသမီး သုံးယောက်၏ ဘ၀ပါမကျန် ဘ၀အထွေထွေကို နိုင်းယှဉ်ခြားနား၍ တွေးတောစဉ်းစားလျက် နေလေတော့သည်။

သူများသားသမီးများမြင်မှ ကိုယ့်သားသမီးအကြောင်းမှာ ပို၍ တွေးစရာဖြစ်လာသည်။ သူတို့ကို အေ၊ဘီ၊စီ သင်ကတည်းက ကျောင်းအိပ်ကျောင်းစား ပို့ခဲ့ရသည်။ အမေနှင့်ရင်အုပ်မကွာ ထိန်းသိမ်း သွန်သင် ခဲ့ရသည့် အခါမျိုးဆို၍ ယခုအချိန်ထိအောင် မရှိဖူးသေးချေ။ သားနှစ်ယောက်က နိုင်ငံခြား ကျောင်းမှာ နေချင်ပါသည်ဆို၍ မတတ်နိုင်တတ်နိုင် ကြံဖန်ကြိုးပမ်း၍ ပို့ခဲ့ရဖူးသည်။ လဆန်းတိုင်း ကျောင်းစရိတ်ငွေ ၇၀၀ကျပ် ပို့နိုင်ရေးအတွက် ကြံရဖန်၊ ခေါင်းကိုက်ရပုံတွေကို ပြန်လည် တွေးကြည့်လိုက်မိသည်။ ကျွန်မမှာ မိုးလင်းက မိုးချုပ်မအားမလပ် နေရေးထိုင်ရေး ၀တ်ရေးစားရေး အတွက်ရှေးရှုလုံးပန်းရင်းဖြင့် အချိန်တွေ ကုန်ခဲ့ရသည်။ ကျွန်မသည် မိခင်တစ်ယောက်နှင့် လုံးဝမတူတော့ချေ။

ကျွန်မအပေါ်၌ သားသမီးများကလည်း မိခင်တစ်ယောက်ခဲ့သို့ အသိအမှတ် မထားကြတော့ပေ။ တစ်ချိန်ထက်တစ်ချိန် အရွယ်ရောက်လာကြရာတွင် ကျွန်မကို အဖေလိုလို၊ အမေလိုလို ကွဲကွဲပြားပြား မဟုတ်သည့် ဆက်ဆံနည်းမျိုးဖြင့် တစ်မျိုးတစ်မည်ကြီး ဆက်ဆံနေကြသည်။

ကျွန်မသည် ၁၃နှစ်ပတ်လုံး ထမ်းရွက်လာခဲ့သည့် ဘ၀ခရီး၌ အခက်အခဲ အကျဉ်းအကျပ် အမျိုးမျိုး အဖုံဖုံရင်ဆိုင်ခဲ့ရသော်လည်း သူတို့ရှေ့၌ တစ်ချက်မျှ မျက်နှာပျက် မပြခဲ့ဖူးချေ။ ညည်းညည်း ညူညူ လည်း မလုပ်ခဲ့ဘူးချေ။ စီးပွားရေးဝင်ငွေ ဘယ်ရွ့ဘယ်မျှ ဟူ၍လည်း ပြောမပြခဲ့ဖူးချေ။ သူတို့အား အနေအထိုင်၊ အပြောအဆို၊ အသွားအလာစသည်တို့၌ လမ်းကြောင်းပြောဆိုပြုပြင် သွန်သွင်ပေးနိုင်သော အခါအခွင့် လည်း မရခဲ့ချေ။

နံနက်လင်းလျှင် အလုပ်ထွက်သွားကာ နေ၀င်မိုးချပ်မှ ပြန်ရောက်ခဲ့သည်။ အိမ်ပြန်ရောက်တော့ လည်းအိမ်အလုပ်နှင့် တွေ့ရပြန်သည်။ အိမ်ကိုအိမ်နှင့် တူအောင် ပြုပြင်မွမ်းမံရေးအတွက် အိမ်ဖော် များအား စနစ်တကျရှိစေရန် တတွက်တွက် တဖွဖွ ပြောရဆိုရ လုပ်ကိုင်ပြရပြန်သည်။  နောက်တစ်နေ့ အတွက် စားရေးဝတ်ရေး အိမ်ကစ္စအ၀၀ကို ယနေ့ညက ကြိုတင်၍ စီမံပြင်ဆင် ရသည်မှာ အလုပ်ကြီး တစ်လုပ် ဖြစ်နေပြန်သည်။ ကျွန်မမှာ အလုပ်ကပြန်လာကတည်းက မောလာလေပြီ။ အိမ်ရောက်ပြန်၍ အိမ်မှုကိစ္စအ၀၀နှင့် ရင်ဆိုင်ပြီးသည့်အခါတွင် စိတ်ကို ပန်းကျသွားသည်မှာ မလှုပ်မသယ် ချင် လောက်အောင် ဖြစ်သွားတတ်လေသည်။ မဂ္ဂဇင်းများ အတွက် ၀တ္ထုဆောင်းပါးရေးရန် ညအလုပ် ကလည်း ပါလာသေးရာ စိတ်မှာ အားလပ်ခွင့်ရသည်ဟူ ၍မရှိလှဘဲ တစ်ခါတစ်ရံမူ လူနှင့်မတူဘဲ သံပတ် ပေးထားသော စက်နှင့်သာ တူနေတော့သည်။

တစ်နေကုန်၍ ပန်းကျသွားတော့သည့်အတိုင်း သားသမီးများကို မတော်တာ မလျော်တာ မြင်သည့် ကြားသည့်တိုင်အောင် သူတို့ နားလည်ကြရန် စိတ်ရှည်ရှည်နှင့် ပြောဆိုသွန်သင် မနေနိုင်တော့ဘဲ ပြောချင် လျက်နှင့် စိတ်မောလှ၍ မပြောနိုင်ခဲ့သော အကြိမ်ပေါင်းကား မရေမတွက်နိုင်အောင် ကြုံတွေ့ ခဲ့ရသည်။
သူတို့မှာ လွတ်လပ်နေကြသည်။ သူတို့စိတ်နှင့် သူတို့ကိုယ် ဖြစ်နေကြသည်။ ကျောင်းအိပ် ကျောင်းစား ဘ၀ အမေနှင့် ၁၀နှစ်ခန့် ခွဲနေခဲ့ကြပြီးနောက် အမေနှင့် အတူတကွ နေကြရပြန်တော့ လည်းမနက်တစ်ခါ ညတစ်ခါ လောက်သာ မျက်နှာချင်းဆိုင်ရသော အမေကို နီးလျက်နှင့် ဝေးနေကြတော့သည်။

သူတို့အတွက် အစစအရာရာ အကုန်လုံးအဆင်သင့် အရန်သင့်ရှိအောင် စီစဉ်ပေးထားခြင်းဖြင့် အိမ်တာဝန်ဆို၍ ဘယ်နေရာ ဘယ်အကွက်ကမှ သူတို့ပါဝင်စရာမရှိအောင် ဖြစ်နေသည်။ သူတို့ကို မျက်စိအောက် တွင် ထားကာ စောင့်ကြည့်၊ စောင့်ခိုင်း၊ စောင့်ပြော သွန်သင်နည်းပြရမည့် မိခင် ၀တ္တရား များ မပြည့်မ၀ ဖြစ်နေရ၏။
ကျွန်မ ၏ ဘ၀ကို ပြန်လည်သုံးသပ်၍ ကြည့်လိုက်ပြန်သည်။

ကျွန်မမှာ သားသမီးသုံးယောက်နှင့် အဖေလည်း မဟုတ်၊ အမေလည်းမဟုတ်၊ အိမ်ထောင်စုတစ်ခုတွင် ဟိုမရောက် သည်မရောက် ဖြစ်နေခြင်းအတွက် အကြီးအကျယ် စိတ်ပျက်မိသည်။ မိခင်တစ်ဦး၌ ရှိရမည့် ၀တ္တရားတွေ ဘယ်လောက် ပျက်ကွက်နေသည်ကို ကျွန်မကိုယ်တိုင်လည်း ကျွန်မ သိမြင်သည်။ အမေနှင့် မတူ၍ အဖေတစ်ဦးအဖြစ်ဖြင့် အိမ်ကို လုံးလုံးလျားလျားကြီး မျက်နှာလွှဲရန် မဖြစ်နိုင်ပုံကိုလည်း တွေ့ရ သည်။

နှစ်ရှည်ကြာညောင်းလာသည့်အခါ၌ သားသမီးများသည် ကျွန်မကို အများနည်းတူ မြင်လာကြ လေသည်။ ဘာမဆို ကျွန်မ ဖန်တီးနိုင်သည်။ ယုတ်စွအဆုံး ကျွန်မ နေထိုင်မကောင်း ရှိသည့်အခါပင် ဆေးဆရာပဲ ဟူသောအသိဖြင့် ကြည့်ရှုရန် မလိုသကဲ့သို့ ပူစရာ မဟုတ်သကဲ့သို့ ပြုစုရမှန်းလည်း မသိ အခန်းဝမှ လိုက်ကာကို အသာဖယ်၍ 'မေမေနေကောင်းသွားပြီလား' ဟု သတင်းမေးကာ ထွက်သွာတက်ကြသည်။

ကျွန်မမှာ သူတို့အကြောင်းတွေကို တွေးရင်း တွေးရင်း သားသမီးသုံးယောက်အနက် သမီးမိန်း ကလေးအတွက် ပိုမို၍ စိတ်ပူပန်လာသည်။ လောက၌ အကောင်းနှင့် အဆိုးဟူ၍ ဒွန်တွဲလျက် ရှိနေ လေရာ အဆိုးနှင့်တွေ့ကြုံရသည့် အလှည့်၌ ခံနိုင်ရည်ရှိပါ့မလားဟု တွေးတောမိလာရသည်။ ယခု အချိန် အထိ လောကအကြောင်းကို ပြည့်စုံအောင် သူမသိသေးချေ။ အရွယ်လည်း ရောက်လာပေပြီ။ သူ့အရွယ် လောက်တုန်းက ကျွန်မ သိခဲ့သလို လောကရေးရာများကို သုံးပုံ ပုံ၍မှ တစ်ပုံပင် သူမသိသေးချေ။

မိန်းကလေးများ သိသင့် သိအပ် သိထိုက်သော သြ၀ါဒမျိုးကို တဖွဖွ ပြောနိုင်၊ ဆိုနိုင်၊သတိပေးနိုင်မှသာ တန်ကာကျသည်။ သူ့အပေါ်၌ ကျွန်မ ပျက်ကွက်ရသော ၀တ္တရားကား ပြောစရာ မရှိအောင် ချို့ယွင်းနေသည်ကို တွေးမိသည်။ လွတ်လပ်ခွင့် အများကြီးရှိသော သူ့ဘ၀၌ သူ့ကိုယ်သူ ထိန်းသိမ်းလျက် မပျက်မစီးအောင် နေသည်ကိုပင် ကျေးဇူးတင်ရသေးသည်။ အကွပ်မရှိသောကြမ်း ပရမ်းပတာ ဆိုရိုးးအတိုင်း သားနှစ်ယောက်ထက် အရွယ်ရောက်သော သမီးမိန်းကလေးက အထူးအရေးကြီး နေပေသည်။ ခေတ်ပညာတတ်ရုံနှင့်မပြီး၊ လိမ္မာယဉ်ကျေးရုံနှင့် မပြီး။ အိမ်ထောင်ဦးစီး အုပ်ထိန်းနိုင်ရုံနှင့် မပြီး။ ဆင်ခြင်တုန်တရားနှင့် သတ္တိစွမ်းရည် ရှိမှသာလျှင် လူ့လောကအလယ်တွင် ဒေါင်လိုက်ကျကျ ပြားလိုက် ကျကျ မလဲမပြိုဘဲ မတ်မတ်ရပ်နိုင်စွမ်း ရှိပေလိမ့်မည်။

ကျွန်မသည် သူတို့နှင့် ခွာ၍ သူတို့အကြောင်းကို စဉ်းစားနေရင်ရင်ထဲ၌ လှိုက်ဖိုလာတော့သည်။ ကျွန်မ အိမ်ပြင်သို့ ထွက်ရှာနေခိုက် အိမ်ထဲတွင် ကျွန်မကိုယ်စား စိတ်ချရသော တစ်ဦးတစ် ယောက်ရှိဖို့ လိုအပ်သည်။ သူတို့ကို မျက်ခြည်မပြတ် သင်ကြားပြောဆို ဆုံးမရန် လိုပေသည်။ စည်းစနစ်လည်း ကျအောင် နည်းပေးလမ်းပြ ဆိုဆုံးမနိုင်မည့်သူကို ရှာဖွေကြည့်မိသည်။ ဆွေထဲမျိုးထဲ၌လည်း တစ်ယောက်မှ မရှိ။ မိတ်ထဲဆွေထဲ၌လည်း တစ်ယောက်မှ မရှိ။

သူတို့ ဝေယျာဝစ္စကို လုပ်ကိုင်ပေးကြရန် အိမ်ဖော်မိန်းကလေးများသာလျှင် သူတို့အပါး၌ ရှိနေကြ၏။
ကျွန်မမှာ အိမ်ပြင်မထွက်ဘဲ အိမ်ထဲတွင်ရှိနေကာ သူတို့ကို ရင်အုပ်မကွာ သွန်သင်ဆုံးမ နည်းပေးလမ်းပြ လုပ်လိုသော စိတ်မှာ ပြင်းထန်၍သာ လာလေသည်။ အရွယ်ရောက်စ ဖြစ်ကြ၍ သင်ပြထိမ်းသိမ်းရန် အချိန်မီသေးသည်။ ဘ၀အသိတရားများ ပေးလိုက်ဖို့ အချိန်ရှိသေးသည်။ ဤအခွင့်အရေးမျိုးရအောင် ဘယ်ပုံကြံရမည်နည်းဟု ကြံဆစဉ်းစားရင်း စိတ်ထဲ၌ မချင့်မရဲ ဖြစ်လာမိသည်။ ကိုယ်ခွဲမရှိသော ဘ၀ကို စေ့စေ့ တွေးလျက် စိတ်မချမ်းမသာ ဖြစ်လာပြန်သည်။

ဒေါ်ဥမိသားစုနှင့် ကျွန်မ မိသားစု ဘ၀အခြေအနေကို နှိုင်းယှဉ်စဉ်းစားကြည်လိုက်သည်။ ဒေါ်ဥတို့ မိသားစုက အဘက်ဘက်က ပြည့်စုံသည် ထားစေဦး၊ မိဘနှင့် သားသမီးတို့ အပြန်အလှန် ထားရှိရမည့် ၀တ္တရား ကို နှိုင်းယှဉ်ကြည့်လျှင် ကျွန်မတို့မိသားစုမှာ သူတို့မိသားစုကဲ့သို့မဟုတ်ဘဲ လျော့ပါးနေသော အချက် များကို တွေ့ရပေသည်။ အမှန်စင်စစ် ကျွန်မသည် အဖေတစ်ယောက် အနေနှင့် ရှေ့ကနေ၍ ဦးဆောင် ထမ်းရွက်သွားနိုင်သလို အမေတစ်ယောက်နေဖြင့်မူကား နောက် ပိုင်းဟာ၍ နေသည်ကို တွေ့ရ ပေသည်။

ပြည်-ရန်ကုန် ဒီဇယ်ရထားသည် စက်ကုန်ဖွင့်လျက် မောင်းနေလေသည်။ သူတို့၏ အကြောင်း၊ သူတို့၏ အနာဂတ်ရှေ့ရေးတွေကို တွေးတောစဉ်းစားနေသော ကျွန်မသည် ဒီဇယ်ရထားနှင့်အတူ လိုက်ပြေး နေသော သူကဲ့သို့ပင် ပင်ပန်းမောဟိုက်၍ လာလေသည်။

ကျွန်မ၌စုမိ ဆောင်းမိ ရှိမည်ဆိုလျှင် အချိန်ကိုပိုင်းကာ အိမ်ထဲတွင် သားသမီးများနှင့် ရင်အုပ်မကွာ အတူနေ ချင်သည်။ အေးအေးထိုင်စားနိုင်သော အောင်စုမိ ဆောင်းမိသော ပစ္စည်းလည်း မရှိ၊ တစ်လနှင့် တစ်လ အပြေးအလွှား ရှာဖွေနေရသော ဘ၀ကို သားသမီးများအတွက် အသည်းနာမိ သည်။ ကံကြမ္မာ ဖန်လာပုံ ကား နောက်ပိုင်း၌ သူတို့အတွက်(၀ါ)သမီးပျိုမိန်းကလေးအတွက် စောင့်ရှောက်ကြည့်ရှုမည့် ကြီးတော်၊ ဒွေးလေး၊ ဘကြီး၊ ဦးလေးမျိုးဆို၍ တစ်ယောက်တလေမျှ အမြဲတစေ အိမ်၌ လာရောက်နေထိုင်ပေးနိုင်မည့်သူ မရှိသည့်အတွက် အကျပ်အတည်းတွေ့ကာ စိတ်အိုက်နေလေသည်။

ကျွန်မသည် အနာဂတ်ခရီးကို ခေါင်းနောက်အောင် တွေးနေသည်။ သက်ပြင်းသာချမိသည်။ သူတို့ရှေ့ရေးအတွက် ခုနေများ ကျွန်မ သေသွားလျှင် အခက်ဟု တွေးမိသည်။ စင်စစ် ကျွန်မဘ၀မှာ ခုပုံအတိုင်းနေလျှင်လည်းအခက်၊ သေလျှင်လည်း အခက် ဖြစ်ချေသည်။ လောက ကြောင်အားဖြင့် ပြုပြင်နိုင်သော လမ်းတစ်သွယ်ကို အတောမသတ် စဉ်းစားတွေးတောရင်း ရန်ကုန် ဘူတာကြီးထဲသို့ ရထား ၀င်သွားလေသည်။ 



တနင်္ဂနွေနေ့ ဖြစ်လေ၏။
အိမ်တွင်ဧည့်သည်စဲကာ လူရှင်းနေခိုက် ဧည့်ခန်းတွင် သားသမီးများနှင့် ထိုင်းစကးပြော နေကြသည်။ ပြည်က ဒေါ်ဥတို့၏ မိသားစုပုံပြင်ဝတ္ထုကို တွေ့မြင်ခဲ့သည့်အတိုင်း ပြောပြမိလေ သည်။  ပုံပြင်ထဲ၌ သမီိးနှင့်ပက်သက်လျက် နာယူမှနတ်သားသင့်သော အချက်ရောက်လျှင် ကျွန်မ ၏ ထင်မြင်ချက်များ၊ မှတ်ချက်များဖြင့် ဖြည့်စွက်၍ အကျယ်တ၀င့် ပြောပြသည်။ ပြောရင်း သူ့အကဲ ကိုသည်း ခတ်ကြည့်သည်။ ယောက်ျားပျိုလေးတစ်ဦးက မိန်းကလေးနှင့်မခြား အိမ်ထောင်ထိန်း သိမ်းမှု အတတ်ပညာဘက်၍ လိမ္မာရေးခြားရှိကာ ကျွမ်းကျင်တတ်မြောက်နေဟန်ကို သရုပ်ပေါ် အောင် ဖိပြောလိုက်သည်။

သမီးမိန်းကလေးမှာ ထမင်းဟင်း ချက်ပြုတ်တတ်သည်၊ ကြမ်းတိုက်၊ အိမ်သိမ်း၊ အ၀တ်လျှော် စသော အလုပ်များကို နေ့စဉ် ၀တ္တရားအနေနှင့် မလုပ်ကိုင်သော်လည်း စိတ်ပါလျှင် ထလုပ်တတ်သဖြင့် အိမ်ထောင် ထိန်းသိမ်းမှု အတတ်ပညာ၌ လုံးလုံး မတတ်သိ မကျွမ်းကျင်ဟု မဆိုသာ။ သို့ရာတွင် နေ့စဉ်ဝေယျာဝစ္စအနေနှင့် အိမ်မှုကိစ္စကို မလုပ်ကိုင်သည့် တိုင်အောင် မိခင်၏ ဝေယျာဝစ္စကို တာဝန်တစ်ရပ်အနေဖြင့် နေ့စဉ်လုပ်ကိုင်ဆောင်ရွက်ပေးရန် အသိဥာဏ်ပေးနည်းမျိုး သွယ်ဝိုက်လမ်းခင်း ပြောပြ သွားသည်။ 

သားများနှင့် သက်ဆိုင်နေသော အခန်းသို့ ရောက်လျှင် တစ်ဖက်လမ်းက မိဘကို ကူဖော်လောင် ဖက်ရလျက် တစ်ဖက်က ပညာကို ကြိုးစားသင်နေကြပုံကို လေးလေးနက်နက် အဓိပ္ပယ်ပေါက် အောင် ပြောပြနေမိသည်။ သားအလတ်မှာ ကျောင်းနေချင်စိတ် လုံးဝမရှိချေ။ လွန်ခဲ့ သော၂ နှစ် ခန့်က ပေတေကာ လွင့်လျက်နေသည်။ အလုပ်တစ်ဖက် အိမ်တစ်ဖက်နှင့် ဒုက္ခများ လှသော အထဲ မှ အချိန်တန် အိမ်ပြန်မလာ၍ ညဥ့်နက်သန်းခေါင်ကြီးတွင် သူသွားမည်ထင်ရာ နေရာအနှံ့အပြား မကြာမဏ လိုက်ရှာခဲ့ရခြင်းကြောင့် သူ့အတွက် အမျိုးမျိုး သောကရောက်ခဲ့ရသည်။ ယခုမှ ခြေငြိမ် သွားကာ စိတ်ငြိမ်စ ရှိသေးသည်။ မောင်စိုးမြင့်တို့၏ ဘ၀ကို သူတို့ကိုယ်တိုင် ကိုယ်တွေ့မျက်မြင် စဉ်းစား နိုင်လာ အောင် စိတ်ပါလက်ပါ အားတိုက် ခွန်တိုက်ပြောပြမိသည်။

ဒေါ်ဥတို့ ဇာတ်လမ်းပုံပြင်တဲမှ အတုယူစရာ၊ အားကျစရာ၊ သတိတရား ရစရာ ဖြစ်ကြစေအောင် ပြေပြရသည်မှုာ အာခြောက်သွားတော့သည်အထိ ဖြစ်သည်။ သားအလတ်သည် စဉ်းစားတတ် သော သဘောရှိသည်။ သားအငယ်မှုကား ရှည်ရှည်ဝေးဝေးကြီး ပြောနေစရာမလို၊ အရိပ်ပြသည် နှင့်ကောင်အထင်ကာ ပါးရည်နပ်ရည် ရှိလေသည်။

အကြီးနှစ်ယောက်သည် ၀တ္ထုပုံပြင်တစ်ခုကို နားထောင်နေရုံမျှသာဟု သဘောထားကြပုံရသည်။ အငယ်ဆုံး မှာ ဘယ်အဓိပ္ပာယ်နှင့် သည်လောက်စိတ်ရှည်လက်ရှည်နှင့် ပြောနေမှန်းကို ရိပ်မိဟန် ရသည်။
"မင်းတို့အတွက် မေမေတော့ ရင်လေးလှတယ်။ မင်းတို့မှာ ရှိတဲ့ချို့ယွင်းချက်တွေဟာ မင်းတို့အပြစ် လည်းလုံးလုံး မဟုတ်ဘူး။ မင်းတို့ငယ်စဉ်တောင်ကျေးကတည်းက ခုချိန်ထိ မင်းတို့စိတ် မင်းတို့သ ဘာတိုင်း လွှတ်ပေးထားရတဲ့အတွက် မင်းတို့ရဲ့ ချို့ယွင်းချက်ဟာ မေမေနေရာက မိခင်တစ် ယောက်ရဲ့ ပျက်ကွက်မှုကြောင့်သာဖြစ်တယ်။ ဒီအတိုင်းသာ မပြင်ကြဘူးဆိုရင် မင်းတို့ မေမေ မရှိရင် ခက်မှာပဲ"

သားအလတ်သည် မိခင်၏ လက်ရှိအခက်အခဲများကို ခရေစေ့တွင်းကျ စဉ်းစားကြည့်ပုံ မပေါက်
သော်လည်း သူ့စိတ်ထဲတွင် ကြိုတင် စဉ်းစားထားမိသော အချက်တစ်ခုကို ထုတ်ဖော်၍ ပြောလိုက်သည်။

"မခက်ပါဘူး၊ ခုနေ မေမေ သေသွားရင် မမနဲ့ မိုးဟိန်းကို ကုက္ကိုင်းက ဒေါ်ကြီးတို့ဆီ ပို့လိုက်မယ်။ ကျွန်တော် ကတော့ စာပုံနှိပ်တိုက်ကို ပြေးမှာပဲ။ ဒီတိုက်ကို ဘယ်သူမှ မထိရဘူး"
သူ့စကား မဆုံးခင် သမီးက ၀င်ပြောသည်။
"အောင်မယ်၊ ဒီတိုက်က မင်းချည်းပဲ မဆိုင်ဘူး။ တို့နာမည်နဲ့လည်း ရှယ်ယာပါတယ်"
"ပါပေ့စေလေ၊ ဘယ်သူပဲပါပါ ပုံနှိပ်တိုက်တော့ ကိုယ်သိမ်းလိုက်မှာပဲ။ အလုပ်လုပ်ပြီး မမတို့ကို ကျောင်းဆက် ထားပေးမှာပေါ့"

သမီးသည် မျက်လုံးထောင့်ကပ်လျက် သူ့ကို လှမ်းကြည့်လိုက်ကာ မျက်နှာထားနှင့် ပြောလိုက်
သည်။
"ဟင်း…ကျောင်းပဲ ဆက်ထားပေးမလား၊ ပုံနှိပ်တိုက်က ရှိတာလေးပဲ အကုန်လုံး ဖြုန်းပစ်လို့ ကုန်မလား"
သူတို့ သည် အမေတစ်ယောက်လုံး ရှေ့ထားလျက် သေစကားပြောနေကြကာ အမွေဆိုင်နေကြ သည်။ သေတာလောက်သာ သူတို့ သိကြသည်။ ဘယ်မျှ မလွယ်ကူကြောင်းကိုတော့ ထည့်၍မျှ စဉ်းစားပုံ မရကြချေ။ ကျွန်မသည် သူတို့်အချင်းချင်း သေစကား၊ အမွေစကား ပြောဆိုနေခိုက် ဘ၀သစ်ကို မျက်နှာမူ လိုက်မိလေသည်။

မျက်နှာမူကြည့်မိသော ထိုဘ၀သစ်ကား သေစကားပြောနေ၍ ဘ၀တစ်ပါးကူးပြောင်းသွားသော ဘ၀သစ်မဟုတ်ဘဲ လက်ရှိဘ၀ကို တွန်းလှန်ပြောင်းလဲ၍ စိတ်ကူးထဲတွင် ဘ၀သစ်တစ်ခု ထူထောင်ကြည့် လိုက်ခြင်းဖြစ်သည်။

ထိုအချိန်၌ ကျွန်မ အတွေးထဲဝယ် ကျွန်မအား ဘ၀ခရီးတွင် တစ်ယောက်တည်း မနေပါရန် ဘ၀အဖော်အဖြစ် လိုက်ပါ ရစေဟု တိုက်တွန်းတောင်းဆိုနေသော အကျဉ်းထောင်မှ လွတ်မြောက်
လာသူတစ်ဦး၏ မေတ္တာတရားသည် လူပျို အပျိုများ တစ်ဦးပေါ်တစ်ဦး ထားရှိကြသော မေတ္တာမျိုး မဟုတ်မှန်း အကဲခတ်မိသည်။ ကျွန်မဘ၀ခရီးအတွက် တစ်ဖက်တစ်လမ်းမှနေ၍ ကူညီရိုင်းပင်းချင် သာ စေတနာသည် ကွယ်လွန်သွာသော ကျွန်မ၏ ခင်ပွန်းကို ကြည်ညိုရင်းက ကျွန်မပေါ်၌ လေးစား ခင်မင်ရင်း က အကြောင်းခံဆက်စပ်၍ ထွက်ပေါ်ပြင်းပြလာသော စေတနာလည်း မှန်ကန် ပ၏။ သူသည် ထင်ရှား ကျော်စော သော ပုဂ္ဂိုလ်ကြီးတစ်ဦးတစ်ယောက် မဟုတ်ချေ။ သည်းခံတတ် သာ စိတ်နှလုံးနှင့် ရိုးဖြောင့်သော သူတစ်ဦးသာ ဖြစ်သည်။

မုဆိုးမဘ၀နှင့် ကျင်လည်ခဲ့ရသော ခရီး၌ သားရေး၊ သမီးရေး၊ အိမ်တွင်းရေးတို့အပြင် ကိုယ်ရေးကိုယ်တာအဖို့ပါ တည်တံ့ခိုင်မာမှုရှိစေရန် ကျွန်မ၏ ယုံကြည်လေးစားမှု ရရှိသော ထိုသူအား ဘ၀အဖော်အဖြစ် လက်ခံစဉ်းစားတွေးခေါ်ကြည့်လိုက်မိသည်။ သားရေး၊ သမီးရေး၊ ဘ၀၏ အနာဂတ်ရေး၊ လူမှုဆက်ဆံရေး၊ လူ့လောကအလယ်၌ တင့်တောင်းတင့်တယ်ဖြစ်ရေး၊ စိတ်
ချမ်းသာမှု ကိုယ်ချမ်းသာမှုစသော ထောင့်အမျိုးမျိုးမှ ချိန်းထိုးတွက်ဆ၍လည်း ကြည့်နေမိလေသည်။

ကျွန်မ အိမ်ထောင်ပြုစဉ်က သွားလေသူ၏ ဘ၀ခရီးကြမ်းတစ်လျှောက်တွင် ကူဖော်လောင် က်အဖြစ် လက်တွဲလိုက်ပါရန် စေတနာပြဠာန်း ဆုံးဖြတ်ချက် ချခဲ့သည့်နည်းတူ ယခု ထိုသူကလည်း သားကြီး၊ သမီးကြီးများနှင့် မုဆိုးမဘ၀ တစ်ယောက်တည်း ဦးဆောင်သော ခရီးကြမ်းတစ် လျှာက်တွင် ကုဖော်လောင်ဖက်အဖြစ် စေတနာ ပြဠာန်းပုံချင်း ထပ်တူကျနေသည့်အတွက် သူ့စေ နာ သူ့မေတ္တာကို နှိုင်းဆခန့်မှန်းနိုင်သည်။ ဤစေတနာမျိုး ဤမေတ္တာစေတနာဟု အဆုံးအဖြတ် ပေးနိုင်သည်။

အဆုံးအဖြတ် ပေးနိုင်ငြားလည်း သူ့အကျိုး သူ့အတွက် ရှေးရှု့ထောက်ထားလျှက် လွတ်လပ်သောသူ ဖြစ်သည့် အတိုင်း လွတ်လပ်သော သူအခြင်းခြင်း နှင့်သာ ပေါင်းသင်း ချစ်ခင်ကြစေရန် တောင်းဆိုချက်ကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

အကြောင်းအမျိုးမျိုး ပြလျှက် အတန်တန် ငြင်းပယ်နေခဲ့လျှက် နောက်မဆုတ်ခြင်းဖြင့် ရှေ့တိုး၍သာ ထင်ရှားဖော်ပြနေသည်။
ခုနေ ကျမသေသွားလျှင် ဘာလုပ်မည် ညာလုပ်မည် အပြန်ပြန်အလှန်လှန် ပြောဆိုနေကြသော သားသမီး များ ရှေ့ ၌ သူတို့က တလမ်း စဉ်းစားနေချိန်တွင် ဘဝခရီး အတွက် ဘဝအဖော်နှင့် သွားသင့် မသွားသင့် တယောက်တည်း ကျိတ်၍ ကျမ က တလမ်း စဉ်းစားနေမိလေသည်။

ပြီးပါပြီ
.

3 comments:

ကိုဇော် said...

သြော်...နောက်ဆုံးကျတော့ ဒီလိုကိုး...

Anonymous said...

ama, I think Journal Kyaw Ma Ma Lay's child care is totally wrong even she is smart .


thanz for sharing this story.


Myatnoe

Cameron said...

သူလိုလူ ကိုဖတ်ဖူးထားတော့ စာရေးသူအတွေးကို နားလည်သဘောပေါက်မိပါတယ်....


ခင်တဲ့
မိုးငွေ့