"ဟောဒီနေရာမှာ တို့ အိပ်ရမယ်"
ဟု မောင်မောင်မျိုးက ပြထားသောနေရာမှာ ပါလာသော အိပ်ရာလိပ်ကို ဖြေပြီး ပြင်ဆင် ခြင်း၊ ရေချိုးခြင်း စသည်တို့ကို လုပ်ကိုင်နေရင်းနှင့်ပင် ညရှစ်နာရီ ထိုးသွားသည်။ မေမေခင် က ခရီးပန်းသည်ဟုဆိုကာ အပြင်မထွက်တော့ဘဲ အိပ်ရာပေါ်မှာ လှဲနေသည်။ အပြင်ခန်း တွင် သူတို့ သုံးယောက် ခပ်တိုးတိုး လေသံဖြင့် စကားပြောနေသည်ကို ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေရာမှာ တကယ်ပင် ခရီးပန်း မောပန်းနေသော မေမေခင်သည် အိပ် ပျော်သွားလေသည်။
ဤသို့နှင့်ပင် မလွှဲသာ မကင်းသာ မေးတစ်ခွန်း ပြောတစ်ခွန်းဖြင့် နှစ်ရက်မျှကြာသော အခါ ကိုအောင်စိုးတို့သွားရက်က နီးပြီဖြစ်၍ မောင်မောင်မျိုးနှင့် မေမေခင်တို့ ပြန်လာခဲ့ကြသည်။ တစ်လမ်းလုံး မောင်မောင်မျိုး မျက်နှာ မကြည်လင်ချေ။ မည်သည့်အတွက် မောင်မောင်မျိုး မျက်နှာ မကြည်လင်သည်မှာ မေမေခင်က တွေးသည်။ သူ့အစ်ကို သူ့မရီးကို မေမေခင်က ၀တ်ကျတမ်းကျေ ဆက်ဆံခဲ့ ၍ မကျေနပ်ခြင်း ဖြစ်မည်ဟု တွေး၏။ ဤအချက်ကလည်း မှန် သည်။ အချက်တစ်ချက်က ရှိနေသေး သည်။ ထိုအချက်ကား ခရီးထွက်ရာမှာ အရေးကြုံ လျှင် လိုရ မယ်ရ သဘောမျိုး ယူဆောင် လာသော ငွေတစ်ထောင်ကို မောင်မောင်မျိုး၏ လက်ဆွဲအိတ်ထဲမှ မိမိလေး နှိုက်ယူထား လိုက်သည့် အတွက် ဖြစ်သည်။
မောင်မောင်မျိုးက မေမေခင်ကို အသိမပေးဘဲ မြုံပြီး မျက်နှာမကောင်း ဖြစ်လာခဲ့ခြင်းပင်။ သို့သော် ငွေထားရာမှာ ကြည့်၍ မရှိသည်တွင် မေမေခင်က သိခဲ့ပြီး ဖြစ်၏။ မရီးတော်က ငွေတွေ နှိုက်ယူ ထားလိုက်သည်ကို မသဒ္ဓါ၍ မဟုတ်၊ မောင်မောင်မျိုး အလွန်အမင်း သဒ္ဓါ သည်။ သို့သော် ထိုငွေကို လက်ကိုင် အိတ်ထဲထည့်ပြီး အိမ်ပေါ်က ဆင်းသွားသော ဇနီးကို ကိုအောင်စိုးက တားဆီးမေးမြန်းခြင်း မပြုဘဲ ကြည့်နေခဲ့ခြင်း၊ မိမိလေးကလည်း ငွေကိုသာ နှိုက်ယူသည်၊ ဘာကိစ္စသုံးမည်ဟူ၍ အသိမပေးခြင်း အတွက် မောင်မောင်မျိုး စိတ်ထဲမှာ ထူးဆန်းနေရာမှ ဇနီး မေမေခင်က မေးလျှင် မည်သို့ ဖြေရမည်ကို စဉ်းစားမရတိုင်း မေမေ ခင် မမေးဝံ့အောင် သုန်မှုန်လာခြင်း ဖြစ်သည်။ စိတ်ထဲမှာ မကောင်းခြင်း ဖြစ်နေသော မေမေခင်ကလည်း ခင်ပွန်းသည်ကို ဘာစကားမှ ပြောဆို မေးမြန်းခြင်း မပြုတော့ဘဲ မျက်နှာ တည်တည် ပင် ထားသည်။
ခရီးမထွက်စဖူး ထွက်ခဲ့ကြသော မောင်မောင်မျိုးနှင့် မေမေခင်တို့၏ ခရီးလမ်းတစ်လျှောက် ကား သာယာကြည်နူးဖွယ် ကောင်းပါဘိ။
အိမ်ပြန်ရောက်လာကြသောအခါမှာလည်း တစ်ယောက်နှင့်တစ်ယောက် မကြည်မလင် ဖြစ်နေရာမှာ သုံးလေးရက် ကြာသောအခါ မောင်မောင်မျိုးကပင် စတင်အလျှော့ပေးကာ ပြန်လည်သင့်တင့်၍ ကြင်ကြင် နာနာ ချစ်ချစ်ခင်ခင် ဖြစ်လာကြပြန်သည်။ သို့သော် မေမေခင်၏ စိတ်တွင် ရှင်းလင်းခြင်း မရှိတော့ချေ။ ငွေတစ်ထောင် ကို ပြန်သိမ်းမည် ပြုသောအခါ ရှာမတွေ့တော့၍ မောင်မောင်မျိုးကို မေးသည်။ မောင်မောင်မျိုး က တိကျ ရေရာသော အဖြေကို မပေး။ မေမေခင်ကပင် ယောင်ယောင်မှားမှားဖြင့် မယူခဲ့ဘဲ၊ အိမ်မှာ မေ့နေသယောင်ယောင်။
ပြန်မရတော့မည့်အတူတူ မေမေခင်က ငွေစကား မဆက်တော့ဘဲ ဖြတ်ထားလိုက်သည်။ မိမိလေး နှိုက်ယူထားမည်ဖြစ်ကြောင်း မေမေခင်က အတတ်သိသည်။ ဤအစ်ကို ဤမရီး ၏ ဆိုးဝါးယုတ်ညံ့သော စိတ်သဘောထား၊ အကျင့်စာရိတ္တ၊ ငါ့အစ်ကိုမှ ငါ့အစ်ကို၊ ငါ့မရီးမှ ငါ့မရီး တစ်ဖက်သတ် သဘောထားပြီး အစ်ကိုနှင့် မရီး စကားကို နားဝင်ကာ မယားကို နှိမ်ချင်သော ဆန္ဒရှိသည့် ဤလင်ယောက်ျားတို့ကြောင့် ဤအိမ်ထောင်ရေးသည် တာရှည်မှ အေးချမ်းစွာ တည်တံ့နိုင်ပါမည်လောဟု မေမေခင်က တွေးရင်း သွေးသားအရင်းအချာတွေ ရှိပါလျက် အားကိုး၍ မဖြစ်သော သူ့ဘ၀ကို ၀မ်းနည်းမိရှာသည်။ သို့သော် မောင်မောင်မျိုး အပြုအမူက ယခင်အတိုင်းပင် ကြင်နာယုယသည်ကို တွေ့ရသောအခါ မေမေခင်မှာ စိတ်ဖြေသာ သွားပြန်သည်။
ဤသို့နှင့်ပင် မောင်မောင်မျိုးအဖို့ ရာထူးတစ်ဆင့် တက်ကာ အခြားတစ်မြို့သို့ ပြောင်းရပြန် သည်။ မောင်မောင်မျိုး အနေဖြင့် သူ့အစ်ကိုနှင့် မရီးကို စာအဆက်အသွယ်ရှိ မရှိ၊ မေမေခင်က စိတ်အနှောင့်အယှက်မခံ မမေးတော့ဘဲ သူ့သူငယ်ချင်းနှစ်ယောက်ထံကိုသာ အကျိုးအကြောင်း စာမပြတ်ရေးနေခဲ့သည်။
မောင်မင်းဇင်နှင့် မြသွင်းအေးတို့ထံကလည်း စာ အဆက်မပြတ်လာသည်။
တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်လာခဲ့ရာမှ မောင်မင်းဇင် ဘွဲ့ရပြီး ရဲဘက်တွင် ၀င်ရောက်အမှုထမ်းလိုက်ပြီဖြစ်ကြောင်း၊ မြသွင်အေး ဆရာဝန်ဘွဲ့ယူပြီးမှ လက်ထပ် မည်ဖြစ်ကြောင်း ကို မေမေခင် သိရသည်။ ပညာရေးမှာ ချောမွေ့ဖြောင့်ဖြူးသော ငယ်သူငယ်ချင်း နှစ်ယောက် အတွက် မေမေခင်သည် ၀မ်းမြောက် ကြည်နူးမိပေသည်။
မြသွင်အေး ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ရောက်သည့်အချိန်မှာ မောင်မောင်မျိုးသည် ရာထူးတစ်ဆင့် တက်ပြန်ကာ ရန်ကုန်သို့ ပြောင်းရွှေ့ရလေသည်။ မေမေခင်၏ ၀မ်းမြောက် မှုကား ဆိုဖွယ်မရှိတော့ချေ။
မြသွင်အေးက ရန်ကုန်ဆေးတက္ကသိုလ်မှာ မောင်မင်းဇင်က အင်းစိန် စုံထောက်ဌာနမှာ။
ချစ်ခင်လှသော ငယ်သူငယ်ချင်းနှစ်ယောက်နှင့် ကွဲကွာနေခဲ့သည်မှာ ကြာပေပြီ။ ယခု ပြန်တွေ့ ရပေတော့မည်။ နောက်တစ်ချက်ကလည်း မောင်မောင်မျိုး ပြောင်းရွှေ့အမှုထမ်း ရမည့် ဌာနသည် ရန်ကုန် မြို့ပေါ် မှာ အမြဲတမ်းနေရမည့်ဌာန ဖြစ်ချေသည်။ အဘယ်မှာ လျှင် မေမေခင် ၀မ်းမသာဘဲ နေမည်နည်း။
"ခင်တို့ ရန်ကုန်မှာ ကိုယ်ပိုင်အိမ် ၀ယ်နေကြရရင် မကောင်းဘူးလား ကိုမျိုး"
ရန်ကုန်မှာ တိုက်ခန်းငှားနေရသည့်ဒုက္ခကို မေမေခင်က ငြီးငွေ့လာသည်။ မေမေခင်သည် သူ အပျိုဘ၀က သူပိုင် ခြံဝင်းနှင့် အိမ်နှင့်နေခဲ့သလို လွတ်လပ်ကျယ်ဝန်းစွာ နေလိုသည်။ မေမေခင်၏ သဘောထားကို မောင်မောင်မျိုးက နားလည်သည်။ မောင်မောင်မျိုး ကိုယ်တိုင်ကပင် ခြံဝင်းနှင့် အိမ်သန့်သန့်နှင့် အေးချမ်းစွာ နေလိုသည်။ ထို့ကြောင့် မေမေခင်ဆန္ဒကို မကန့်ကွက်ချေ။
"ခင် သဘောကျ ရှာကြည့်ပေါ့။ အေးဆေးတိတ်ဆိတ်တဲ့ နေရာမျိုး ကောင်းတယ်နော်"
"ခင်လဲ အဲဒီနေရာမျိုးပဲ သဘောကျပါတယ်၊ ခင် စုံစမ်းရှာဖွေ ကြည့်မယ်လေ၊ တွေ့ရင် ကိုမျိုးနဲ့ ခင်နဲ့ နှစ်ယောက်သွားကြည့်ပြီး စိတ်တိုင်းကျ ၀ယ်တာပေါ့ ဟုတ်လား ..."
"သဘောပါဗျာ၊ ခင့်စိတ်ကြိုက်ဖြစ်ရင် ပြီးတာပါပဲ"
မောင်မောင်မျိုးစိတ်သည် အစ်ကိုနှင့် မရီး ဝေးကွာနေလျှင် ကောင်းသည်။ မေမေခင်ကို ရှေးယခင်အတိုင်း ယုယချစ်ခင်သည်။ အလိုလိုက်သည်။ နှစ်လ တစ်ကြိမ်လောက်၊ သုံးလေးလ တစ်ကြိမ်လောက် အစ်ကိုနှင့် မရီးထံမှ စာရောက်လာလျှင် စာထဲမှာ ဘာတွေ ရေး၍၊ ဘယ်လိုညွှန်ကြားချက်တွေ ပေးထားသည် မသိ။ စာကို မေမေခင်အား မပြဘဲ စာရောက်ပြီး တစ်ပတ်လောက်တော့ မေမေခင်ကို ရန်သူကြီးလို သုန်မှုန် နေတတ်သည်။ အပြစ်ရှာပြီး ရက်ရက်စက်စက် မထောက်မညှာ ပြောတတ်ဆိုတတ်သည်။ တစ်ပတ်ကျော် ဆက်ရက်မျှ ကြာသွားလျှင်ကား သုန်မှုန်ခြင်းများ ပျောက်သွားပြန်သည်။ စိတ်ကောင်း ပြန်ဝင်လာပြန်သည်။ မေမေခင်အနေဖြင့်ကား ဂြိုဟ်မွှေလှသော အစ်ကိုနှင့် မရီးအတွက် စိတ်ဆင်းရဲ သော်လည်း ...
"သူ့ခမျာ အနယ်ထိုင်သွားပြန်တော့လဲ ငါ့ကို သိပ်ယုယ ချစ်ခင်ရှာသားပဲ၊ ငါ့မှာလဲ မြော်မြင် အားကိုစရာဆိုလို့ ဒီယောက်ျားပဲရှိတာ၊ ဖြေဖျောက်ပြီး အလိုအထိုက်ပဲ နေရတော့မှာပါ ကလား"
တစ်ခါတစ်ရံ မေမေခင်သည် ၀မ်းနည်းမိရှာသည်။ သို့နှင့်ပင် မောင်မောင်မျိုး စိတ်ကောင်း ၀င်ခိုက် တိုင်ပင်ပြီး အိမ်ရှာခဲ့သည်။
မေမေခင် စိတ်ကြိုက် အိမ်တွေ့လေပြီ၊ ကမ္ဘာအေးလမ်းမကြီးမှ အတွင်းဘက်သို့ မြေနီကား လမ်းအတိုင်း ကိုက်တစ်ရာမျှ ၀င်မိလျှင် ဧက၀က်ကျော်ကျော် ကျယ်ဝန်း၍ သရက်၊ ပိန္နဲ၊ သော်ကပင်ကြီးမျာ အုပ်ဆိုင်းသော ခန့်ညားသပ်ရပ်သည့် အိမ်တစ်လုံး ရှိသည်။ ရောင်းရန် အဆင်သင့်ဖြစ်နေသော ထိုခြံကြီးနှင့် အိမ်ကြီးကို မောင်မောင်မျိုးနှင့် မေမေခင်တို့ နှစ်ဦး လုံး သဘောကြိုက်ညီကာ ၀ယ်ယူ နေထိုင်ကြ လေသည်။
ထိုအိမ်ကြီးကို ပြောင်းရွှေ့ပြီးမှ မောင်မင်းဇင်နှင့် မြသွင်အေးတို့ မောင်မောင်မျိုး မရှိခိုက်မှာ ရောက်လာကြသည်။
"သူငယ်ချင်းတို့ ရန်ကုန် ရောက်လာတယ်ဆိုတော့ တို့နှစ်ယောက်က ၀မ်းသာအားရ လာခဲ့ ကြတယ် ခင်ရယ်၊ ဒါပေမဲ့ ခင့်ယောက်ျားက ဘယ်လိုဟာလဲ၊ ဖော်ဖော်ရွေရွေလဲ မရှိ၊ နှုတ်လဲ မဆက်၊ အဲဒါ မျက်နှာကြောမတည့်လို့ အခု သူ မရှိခိုက်မှာ လာတာခင်ရေ့"
ပွင့်ပွင့် လင်းလင်း ပြောတတ်သော မြသွင်အေးက သူ့မကျေမနပ်ချက်ကို ဖွင့်ဟသည်။ မေမေခင်က စိတ်မဆိုး ပေ။
"အေးပါ မြရယ် ... ပြောထိုက်ပါတယ်၊ အဲဒီအချိန်မှာ သူက ပယောဂပူးနေတဲ့အချိန် မြရဲ့"
မေမေခင်က ပြောသောအခါ မောင်မင်းဇင်က မေးသည်။
"ဘာပယောဂလဲ ... မယားငယ် ပယောဂလား"
မေမေခင် ရယ်ပြီး အစ်ကို ကိုအောင်စိုးနှင့် မရီးတော် မိမိလေးအကြောင့် စုံစေ့စွာ ပြောပြ လိုက်၏။
"အဲဒီပယောဂပဲ၊ နှစ်လ တစ်ခါလောက်၊ သုံးလေးလ တစ်ခါလောက် စာရောက်လာတိုင်း ဖြစ်တယ်၊ အခု စာရောက်လာကာနီးပြန်ပြီ၊ ခင့်အနေနဲ့ကတော့ စိတ်ဆင်းရဲလိုက် စိတ်ပြေ သွားလိုက်နဲ့၊ ရယ်သာ ရယ်နေတာ ပျော်တယ်တော့ မထင်နဲ့ သူငယ်ချင်းတို့"
"ဒုက္ခပါလား ... ခင်ရယ် ... "
မောင်မင်းဇင်က ညည်းသည်။
မြသွင်အေးကမူ ...
"မြသဘော ပြောရမယ်ဆိုရင် ဒါလောက်ဖြစ်နေတာ သူ့မရီးနဲ့ သူ ဘယ်လိုသဘောလဲလို့ သာ ဖွင့်မေးလိုက်ချင်တယ်"
ဟု ဒေါသသံဖြင့် ဆိုသည်။
"ခင်တော့ ရန်ကုန် ပြောင်းလာခဲ့ရတာ နယ်မှာနေရတာနဲ့ မတူဘူး၊ သူငယ်ချင်းတို့နဲ့ နီးနေလို့ သိပ်အားရှိလာတာပဲ မြရယ်၊ ကိုမင်းဇင်ရော မြရော ခဏခဏ လာကြနော်"
"အေးပါ လာမှာပေါ့ ... ခင်ရေ မြတို့ လာချင်လွန်းလို့သာ လာခဲ့ကြတာ မြက အခုပြန်မယ်၊ နောက်ဆုံးနှစ် ဆိုတော့ စာကို ပေါ့လို့မဖြစ်ဘူး၊ ကိုမင်းဇင် နေချင် နေခဲ့၊ မြ ပြန်နှင့်မယ်နော်"
မြသွင်အေး က ပြောပြောဆိုဆို ထွက်သွားသည်။
မေမေခင်နှင့် မောင်မင်းဇင်တို့ ထွေရာ လေးပါ စကားအစပေါ်ရာ ပြောနေကြစဉ်မှာ မောင်မောင်မျိုးက ပြန်ရောက်လာသည်။ မေမေခင်က ၀တ္တရားရှိသည့်အတိုင်း ကားတံခါးကို ဖွင့်ပေးပြီး စာရွက်စာတမ်း ဖိုင်တွဲတွေ ကို ဆီးကြိုယူလိုက်၏။ မောင်မောင်မျိုးက သုန်မှုန်သောမျက်နှာဖြင့် ကားပေါ်မှ ဆင်းလာ သည်ကို မြင်လျှင်ပင် ပယောဂစာလွှာတွေ ရောက်လာပြီဖြစ်ကြောင်း မေမေခင်က သိလိုက် သည်။ မေမေခင်သည် မသက်သာသော စိတ်ဖြင့် သက်ပြင်းချလိုက်ရှာသည်။ ဧည့်ခန်းထဲ မှာ ထိုင်နေသော မောင်မင်းဇင်ကို မြင်လျှင်ပင် သုန်မှုန်သော မောင်မောင်မျိုး မျက်နှာက ရွာတော့မည်မိုးလို ညိုမှိုင်းသွားသည်။
"ခင့်သူငယ်ချင်း ကိုမင်းဇင်လေ ကိုမျိုး မြင်ဖူးတယ် ဟုတ်လား"
မေမေခင်က မောင်မင်းဇင်ကို လူမိုက်ကြည့် ကြည့်နေသော ခင်ပွန်းသည်အား ပြေရာ ပြေကြောင်း ဖြစ်အောင် မိတ်ဆက်စကားပြောလိုက်ာမှ ပိုဆိုးသွားတော့သည်။
"တက္ကသိုလ်မှာထဲက မြင်ဖူးပါတယ် ခင်ဗျား၊ ကံ့ကော်ပင်အောက်မှာ ထိုင်နေခဲ့ကြတာ မမေ့ နိုင်လို့ ဒီအိမ်မှာ လူမရှိခိုက် လာထိုင်တာလား"
မောင်မောင်မျိုး၏ စကားကြောင့် ...
"အို ... ကိုမျိုး ဘယ်လိုပြောလိုက်တာလဲ"
ဟု မေမေခင်က ထိတ်လန့်အံ့သြစွာ ဆိုလိုက်၏။ မောင်မင်းဇင်သည် ထိုင်ရာမှ လျင်မြန်စွာ ထလိုက်သည်။
"ဒီမှာ ခင်ဗျားလဲ အစိုးရ အရာရှိတစ်ယောက် ကျွန်တော်လဲ အစိုးရ အရာရှိတစ်ယောက် ခင်ဗျားက ကျွန်တော့် ထက် အသက်ကြီးပါတယ်၊ လူကြီးလူကောင်း ပီသတဲ့ စကား ပြောပါ"
မောင်မင်းဇင်က ပြောသောအခါ ...
"ကျုပ်အိမ်မှာ ကျုပ် ပြောချင်သလို ပြောမယ်"
ဟု မောင်မောင်မျိုးက ရိုင်းစိုင်းစွာ ပြောပြီး ခြေသံပြင်းပြင်း နားကာ အတွင်းခန်းဘက်သို့ ၀င်သွားသည်။ အမှန်ကမူ မောင်မောင်မျိုးသည် မေမေခင်နှင့် မောင်မင်းဇင်တို့ မောင်နှမ အရင်းလိုခင်ကြောင်း အသေအချာ သိသည်။ အစ်ကိုနှင့် မရီးထံမှ စိတ်မကောင်းစရာတွေ ဆွပေးမြှောက်ပေးသည့် စကားတွေပါသော စာရှည်ကြီးက ယနေ့ရောက်လာသည်။ ရုံး လိပ်စာနှင့် ရောက်လာသော စာရှည်ကြီးကို ဖတ်ပြီး ယခင်ကလို ရိုးရိုးပယောဂသာ မဟုတ် တော့ဘဲ အစ်ကိုနှင့် မရီးအတွက် စိတ်ဆင်းရဲမှုကြီးကပါ ထပ်လောင်း လိုက်သောအခါ စိတ်က ပိုပြီးသုန်မှုန်ခက်ထန်လာသည်။ အစ်ကိုနှင့်မရီးအတွက် ဆောင်ရွက် ပေးရမည့် ကိစ္စ ကို မေမေခင်က တားဆီးကန့်ကွက်လျှင် အလျှော့မပေးဘဲ မေမေခင်ကို ပြတ်ပြတ် သားသား နှိမ်မည်ဟု စိတ်ကို မောင်းတင်လာသည်ဖြစ်ရာ စစ်ဦးဘီလူးအဖြစ် မေမေခင် ထိတ်လန့် ၀ပ်လျှိုး သွားအောင် မောင်မင်းဇင်ကို အကြောင်းမဲ့ သက်သက် မိုက်ရိုင်းပြလိုက် ခြင်း ဖြစ်သည်။
အိမ်အတွင်းခန်းကို ၀င်သွားသော မောင်မောင်မျိုး၏ ကျောပြင်ကို မောင်မင်းဇင်သည် အရောင်တဖျတ်ဖျတ်ထွက်သော မျက်လုံးဖြင့် လှမ်းကြည့်ပြီး ...
"ခင့်မျက်နှာကို ထောက်လို့ ကျွန်တော် သည်းခံမယ်၊ ခင့်ကို နှမသားချင်းအရင်းလို ဖြူဖြူ စင်စင် ခင်မင်ပေမယ့် ပါးစပ် စည်းကမ်းမဲ့သူ၊ သဘောထားသိမ်ဖျင်းသူရဲ့ မိုက်ရိုင်းတဲ့ စကားက လူကြားမကောင်းဘူး၊ ခင့်သိက္ခာကို အများကြီး ထိခိုက်မယ်၊ ပယောဂကောင် တွေအဖို့ ချက်ကောင်း ရသွားမယ်၊ ဒါကြောင့် ခင့်အိမ်ကို ကျွန်တော် မလာတော့ဘူး၊ ကိစ္စ ရှိရင် မြကတစ်ဆင့် ပြောနော် ခင်"
မောင်မင်းဇင်က စကားဆုံးလျှင် အိမ်ထဲမှ ထွက်သွားလေသည်။ မောင်မင်းဇင်၏ စကား တွင် ပယောဂကောင်တွေအဖို့ ချက်ကောင်းရသွားမယ်၊ ဒါကြောင့် ခင့်အိမ်ကို မလာတော့ ဘူး ... ဟု ပြောသွားသော စကားအဓိပ္ပာယ်ကို မေမေခင်က နားလည်သည်။ မောင်မောင် မျိုး ပြန်မလာမီ ကိုအောင်စိုး နှင့် မိမိလေးတို့၏ ပယောဂပါသော စာတွေအကြောင်း သိထား သော မောင်မင်းဇင်က အဓိပ္ပာယ်ရှိရှိ ပြောသွားခြင်း ဖြစ်သည်။
ဆက်ရန်
.

2 comments:
ရှေ့ပိုင်း၂- ၃ လောက်မှာ မောင်မောင်မျိုးကို အထင်ကြီးထားတာတွေ အလကားပဲ...
ပစ္စည်းမရှိတဲ့ မိန်းကလေးက အားကိုးအားထား ရှာတဲ့အနေနဲ့ အိမ်ထောင်ပြုတာ မဆိုးပါဘူး။ ပစ္စည်းအပြည့်နဲ့ ဗြုန်းခနဲ မိဘမဲ့ ဖြစ်ကျန်ခဲ့တဲ့ မိန်းကလေးက အားကိုးရှာပြီး အိမ်ထောင်အမြန်ပြုရင်တော့ အကြံသမားနဲ့ တွေ့ဖို့ များတယ်ဗျ။
ယူတဲ့လင်က အကြံသမား ခုမဟုတ်ရင်တောင် နောက် ဟုတ်လာနိုင်တယ်။ သူမဟုတ်ရင်လဲ ခုဝတ္ထုထဲကလို သူ့ဆွေမျိုးတွေက ချူစားချင်တဲ့ အကြံသမား ဖြစ်နေနိုင်တယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ်၊ ကိုယ့်ပစ္စည်း သူများချူတိုင်း ငုံ့မခံချင်စိတ် မွေးပြီးမှ အိမ်ထောင်ပြုသင့်တယ်။
မောင်မောင်မျိုးက အရာရှိပေမယ့် မေမေ့ခင့်စီးပွား ထိုင်စားနေရတာဆိုရင် ဒီလိုအချိုးမျိုး သည်းမခံဘဲ မေမေခင်က နှင်ချလိုက်ပေါ့ဗျာ။ မိန်းမအရိပ် ခိုစားပြီး ငနဲကတောင် ပြန်ပြီး မျက်နှာထိမျက်နှာထား လုပ်ချင်နေရင်။
Post a Comment