မမယ်ကြော့မှာ မယ်ကြွယ်စိုးထက်ပိုပြီး ကသိကအောက်ဖြစ်နေ၏။ ကျီးဒန် လက်ကောက်ချင်းထိအောင် အသံထွက်အောင် တမင်လုပ်၏။ ၀တ်ထားသော လက်စွပ် ကျွန်ကျ အောင် လုပ်ပြနေ၏။
" ဒါဟာ ငါ့ကို တမင်ချိုးတာပဲ "
သူ့တူမ၏ အပြုအမူများသည် သူ့ကို ရည်ရွယ်နေကြောင်း မမယ်ကြော့သာသိသည်။ ဒေါ်ရွှေအိမ်မှာ သူ့အစ်မ နှင့် သူ့သမီးတို့ လူပုံအလယ်တွင် ပညာပြိုင်နေကြောင်း မရိပ်မိ။ မယ်ကြွယ်စိုးနှင့် မရင်းနှီး သော ဧည့်သည်များကို ဧည့်ခံနေရသောကြောင့်ဖြစ်သည်။
" အစ်မရေ၊ ဟောသည်မှာ ထမင်းဆာတယ်တဲ့ဗျို့ "
ဘမင်းနှင့် ဘ၀င်းသည် တူမ ချောစိန်ကို တစ်ဖက်တစ်ချက်စီ လက်ဆွဲလျက် ရောက်လာကြ၏။
" သမီး ဟုတ်လား "
ကလေးသည် ခေါင်းညိတ်မပြပေ။ ဒေါ်ကြော့ရှေ့ရှိ လက်ဖက်နှင့် ချင်းသုပ်ပန်းကန်များကို မြင်သောကြာင့်ဖြစ်သည်။ ကလေးက ခေါင်းညိတ်မပြပါဘဲလျက် ကျီးဒန်သည် ထမင်းတစ်ပန်းကန် ထည့်လာ၏။ ကလေးကို ကြွေရည်သုတ် သံပန်းကန်ဖြင့်သာ ထမင်းကျွေးနေကျ ဖြစ်ပါလျက် " တိုက်ပန်းကန်ပြား" ကြီးဖြင့် ထည့်လာသည်။ ထမင်းက ပါလေကာ။ ဟင်းတွေ ဗုံးပေါလအောဖြင့်။ သည်မျှ ဟင်းတွေ အများကြီးဖြင့် မစားဖူးသော ချောစိန်သည် အထူးအဆန်းအဖြစ် ကြည့်နေ၏။ ကြက်သား ဆိုလည်း ကြက်သားဟင်းတစ်ဖတ်၊ အမဲသားဆိုလျှင် အမဲသားတစ်ဖတ်သာ ပါနေကျ။ ယခုသော်ကား ၀တ်သား၊ ကြက်သား၊ အမဲသား အကုန်ထည့်ထား၏။
သူ့တူမ သူ့ကို လုပ်နေပြီဟု ဒေါ်ကြော့ ရိပ်မိသည်။
" ပြန်ဦးမှပဲအေ့ " ဆိုကာ ထသည်။
" ထမင်းရော ဟင်းရော ကျက်နေပြီ မိကြီးရဲ့ "
ကျီးဒန်က လက်ကိုဆွဲသည်။
" အချိန်မရလို့ပါအေ။ အခုတောင် ညည်းယောက္ခမကို အားနာလို့ လာတာ "
ဒေါ်ကြော့ ထရပ်သည်။ ကျီးဒန်လည်း အသင့်ထုတ်ထားသော ချင်းသုပ်နှင့် လက်ဖက်ထုပ်များကို လှည်းပေါ်လိုက်ပို့သည်။
" စောပါသေးတယ် မိကြီးရဲ့ "
" ညည်းကသာ စောတယ်ထင်နေတာ။ ဟိုမယ်မြင်လား၊ ကျီးကန်းတွေတောင် အိပ်တန်းပြန်ကြပြီ "
ဒေါ်ကြော့ ပြောနေဆဲတွင် လှည်းဘီးများ လိမ့်သည်။ ကျီးဒန်သည် ပြုံးရွှင်စွာကြည့်လျက် ကျန်ခဲ့ သည်။ ၀ိုင်းထဲမှ ထွက်သွားသော မိကြီး၏လှည်းသည် ရုတ်ခြည်း နှစ်စီးဖြစ်လာသည်။ အိမ်ဘက်သို့ လှည့်ရာတွင်လည်း မြင်မြင်သမျှသည် ကျီးဒန်အတွက် နှစ်ခုချည်း မြင်ကုန်၏။ ခြံစည်းရိုးကို ကျီးဒန် လှမ်းကိုင်၏။ ခြံစည်းရိုးအဆွေးသည် ကျီးဒန်ကို ကူညီထိန်းမ မပေးနိုင်။
" အစ်မ အစ်မ "
ဘ၀င်းသည် ပြေးလာပြီး ကျီးဒန်၏ လက်မောင်းကို ကိုင်၏။ အိမ်ပေါ်သို့လည်း လှမ်းပြီးအော်၏။
" လာကြပါဦးဗျို့၊ အစ်မ မူးနေလို့ "
မယ်သုန်နှင့် မလှငွေတို့ ပြေးဆင်းလာကြ၏။ သူတို့နောက်တွင် ဒေါ်ရွှေအိမ် ပါလာသည်။ ကျီးဒန် မှာ နဖူးကို လက်ခွဖြင့် ထောက်လျက် ဆောင့်ကြောင့်ထိုင်ကာ လေတက်နေသည်။ မယ်သုန်မှာ အပျိုမို့ မအေးတတ်ငြား ကလေးတစ်ယောက်အမေဖြစ်သော မလှငွေက တီးတိုးမေးသည်။ ဒေါ်ရွှေအိမ်အလာတွင် " ကလေးရှိတာထင်တယ် အရီးရဲ့" ဟုဆီးပြောသည်။ ကျီးဒန်သည် ကသိ ကအောက် ခံစားနေရာက ရှက်နေသည်။
" မသိပါဘူးဟယ်။ တချို့လည်း ကလေး တစ်ခါရှိ၊ တစ်ခါ နေမကောင်း။ တချို့ကျတော့လည်း သားဦးပဲ အော့တာအန်တာ "
ဒေါ်ရွှေအိမ်က သူကြုံဖူးသော ကိုယ်ဝန်ဆောင်များအကြောင်းကို ဇာတ်စုံခင်းနေသည်။ သို့စဉ်တွင် မီးဖိုထဲမှ ထွက်လာသော မယ်မျှင်သည် စောင်ရန်းတန်း အဆွေးကိုကိုင်လျက် ထိုင်နေသော ယောင်းမကို လှမ်းမြင်သဖြင့် အပြေးဆင်းလာသည်။ မလှငွေထံ စုံစမ်းသည်။
" ညည်းဆို့မှာ အမျိုးတစ်ယောက် တိုးဦးမှာပေါ့အေ"
မိမယ်မျှင် ၀မ်းသာသွားသည်။ " ယောက်မ ဟုတ်လား" မေးရင်း ပြေးဖက်ရာ ကျီးဒန်က တွန်းပစ် သည်။ သို့ကြောင့် မိမယ်မျှင်သည်အိမ်ပေါ်သို့ ပြေးတက်လာသည်။ မောင်မောင်အေးထံ သတင်း ပေးရန်ဖြစ်သည်။ သို့သော် မောင်မောင်အေးက ကိုးဆူဆရာနှင့် စကားကောင်းနေ၏။
ကိုးဆူဆရာ၏ ကျောဘက်တွင် ဘုရားကိုးဆူကျောင်းဆောင်သည် မီးတထိန်ထိန်၊ ပန်းတဝေေ၀၊ တံခွန် ကြက်လျာ တလွှားလွှားဖြင့် တင့်တယ်၏။ သည်ဘက်ဘေးတွင် ငှက်ပျောဖက် ဂြိုဟ်ခွင်က ငှက်ပျောဖတ် မှန်းသိပါလျက် ၀င့်ကြွားမာန်မူနေငြား၊ သူလည်း ကိုးဆူကျောင်းဆောင်ကို တုပနေ၏။ သည်ဘက် တွင် နတ်ကြီးငါးပါး။ သူရဿတီ၊ စန္ဒီ၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဂေါရ၀ိန္ဒ။ ပန်းတွေ၊ သစ်သီး တွေမြိုင်ဆိုင်၏။ ဆီမီးနှင့် တံခွန်ကုက္ကား မုလေးပွားတို့ ဝေဆာ၏။
" ကျွန်တော်လည်း ဆရာစဉ်သမားဆက် ကြားဖူးတဲ့အတိုင်း ပြောရတာပဲ ဆရာလေးရေ့။ ဘုရားကိုးဆူ ကပ်တာဟာ အာယုဝဍ္ဎန သတို့သားက စတာတဲ့ဗျား "
ကိုးဆူဆရာသည် သူ့အနားသို့ မောင်မောင်အေး လာထိုင်ကတည်းက စိတ်မဖြောင့်။ ရောင်ခြည် တော် ဘုရားကိုးဆူကို ရွတ်ဆိုနေရငြား စိတ်က တထင့်ထင့်။ အလှူဒါယကာ၊ ဒါယိကာမတို့၏ သမက်သည် ကျောင်းဆရာဖြစ်၏ ဟူ၍ သိသည်နှင့် စိတ်ထင့်နေခဲ့၏။ သို့သော် မောင်မောင်အေး သည် လူတစ်ဖက်သား အနေခက်အောင် မလုပ်ပါ။ သူကြားဖူးသည့် ဘုရားကိုးဆူဓလေ့သည် ဟရိဘုဉ္ဇ (ဇင်းမယ်) ဘက်မှ လာသည်။ ဂြိုဟ်ကိုးလုံးကို ပူဇော်ပသသော ဓလေ့သည် ဗုဒ္ဓဘာသာ မြန်မာတို့ထံ အရောက်တွင် ပင်မအလုပ်က မှိန်သွားသည်။ မှီငြမ်းသော ကိုးဆူဓလေ့က ထွန်းကား ကြီးကျယ်လာသည်။ ထိုဓလေ့အကြောင်းကို ဆွေးနွေးချင်သော်ငြား မဆွေးနွေးဖြစ်ပါ။
ကိုးဆူဆရာသည် " လက်ယာရံ လက်ဝဲရံ ကိုယ်တော်ကြီး နှစ်ပါးလောက်တော့ ပင့်ထားဦးမှဗျို့" ဟုဆိုကာ စကားဖြတ်ပြီး ကြေးစည်ကို ကောက်တီး၊ ပေါက်ပေါက်တွေ ကြဲသည်။ မောင်မောင်အေးလည်း ထိုအခါကျမှ ဘေးဆီသို့ သတိပြုမိသည်။ တစ်စုံတစ်ရာ ပြောလိုဟန်ရှိသော ဇနီး။
မိမယ်မျှင် ပြောလိုသော တစ်စုံတစ်ရာမှာ ကျီးဒန်၏ သတင်းဖြစ်သည်။ ထိုသတင်းအတွက် မောင်မောင်အေး လည်း ၀မ်းသာသည်။ သို့အတွက် ယောက်ဖတော် မောင်ဆေးရိုးအား လိုက်လံ ရှာဖွေသည်။
အချို့သောသူများသည် အိမ်ပေါ်သို့ တက်ပြီး ဘုရားဖူးကြသည်။ လက်ဖက်မစား၊ ချင်းသုပ်မစားဘဲ ဆင်းလာကြသည်။ ပြန်သွားလျှင် အကောင်းသား။ ပြန်မသွားဘဲ နွားတင်းကုပ်ထဲသို့ လာရောက် ထိုင်နေကြသောအခါ မောင်ဆေးရိုး အလိုက်သိရသည်။ ထန်းရွက်အစို ဖုံးထားသော မြူအိုးတွေကို တင်းကုပ်ထဲသို့ သွင်းရသည်။
" ဟဲ့ကောင်တွေ၊ ကြေးစည်သံကို နားထောင်ပြီး သောက်ရတဲ့ ထန်းရည်ဟာ အဆိပ်သင့်လိမ့်မယ်၊ တော်ကြတော့ "
မောင်ဆေးရိုး မည်သို့ပင် ပြောစေကာမူ အသောက်သမားများကား ခံတွင်းတွေ့ကြဟန်ရှိ၏။ သို့ဖြင့် မောင်ဆေးရိုးမှာ အထဲဝင် အပြင်ထွက် ဖြစ်နေစဉ် ကျီးဒန်၏ သတင်းက မောင်ဆေးရိုးထံ ရောက်လာ၏။ ထိုင်ရမည်သို့၊ ထရည်သို့၊ ကရမည်သို့၊ ခုန်ရမည်သို့ ဖြစ်နေသော မောင်ဆေးရိုးထံ မောင်မောင်အေး ရောက်လာ၏။ မောင်မောင်အေးသည် အာမပြော ညာမပြော မောင်ဆေးရိုးကို လက်ဆွဲနှုတ်ဆက်သည်။
" ၀မ်းသာတယ် အစ်ကို "
သို့သော် မောင်ဆေးရိုးမှာ ခံစားချက် မပါ၊ တောင့်တောင့်ကြီး ဖြစ်နေ၏။ သို့အတွက် မောင်မောင် အေးမှာ ဖွင့်ပြောရ၏။
" အစ်မကျီးဒန်မှာ နောက်ထပ် သားသမီးရှိနေပြီလို့ မယ်မျှင်ဆီက ကြားရလို့ပါအစ်ကို "
ထိုသို့ ရှင်းလင်းပြသော်ငြား မောင်ဆေးရိုးသည် " သြော်ဟုတ်သားပဲ "ဟူသည့် စကားရောဖွဲရော အမှုသော်မျှ မလုပ်နိုင်ပေ။ တောင့်တောင့်ကြီး ရပ်ကာ မကြာခင်က ကြောင်ကြောင်ကြီးရပ်နေသော အနေအထားမှ မပြောင်းချေ။
*
မည်သည့် သတင်းတွေ မည်သို့ပင် ထွက်နေစေကာမူ မောင်ဆေးရိုးတို့၊
မယ်သည့်သတင်းတွေ မည်သို့ပင် ထွက်နေစေကာမူ မောင်ဆေးရိုးတို့၊ ကျီးဒန်တို့၏ ကနားဖျင်းထဲမှ လက်ခတ်သံများကား တိတ်ဆိတ်မသွားပါ။ ကျီးဒန်သည် ရှေးမူမပျက် သွက်လက်စွာ လှုပ်ရှားနေ၏။
''နင်ဒါလောက် သွက်လက်ပေါ့ပါးနေရင်တော့ ယောက်ျားလေးမွေးမှာပဲ''
ယောက်ျားလေးဟုဆိုသောကြောင့် မောင်ဆေးရိုး၏ ရင်ထဲ၌ နွေးခနဲ ခံစားရ၏။ သားယောက်ျား ကလေးဆိုလျှင် သာသနာ့အမွေ ခံရတော့မည်၊ ခံထိုက်ပြီဟု ၀မ်းသာရ၏။ ကျီးဒန်ကမူ ဤသို့မဟုတ်။
''သမီးပဲဖြစ်ဖြစ် သားပဲဖြစ်ဖြစ် ထူးပြီး ၀မ်းသာတာတို့၊ ၀မ်းမသာတာတို့ မရှိပါဘူးတော်၊ ကိုယ့်သားသမီးပဲဟာ''
မောင်ဆေးရိုးမှာ အိုးဖုတ်ရန် လှည်းတစ်စီးစာ ထင်းကိုအမြဲတမ်း အပိုဆောင်ထားရသည်။ သို့သော် မီးနေထင်းမှာမူ အိုးထင်းနှယ် ခုတ်၍မရ၊ လူမီးလှုံမည့် ထင်းဖြစ်သည်။ မီးလှုံမည့်သူမှာလည်း သာမန်မဟုတ်။ မီးဖွားမီ သုံးလကတည်းက သွေးသားနုလာခဲ့သော မီးနေသည်။ သို့အတွက် ဆေးဖက်ဝင်မည့်ထင်းကို အိုးထင်းခုတ်ရင်း ညှပ်ပြီး ခုတ်ရသည်။
မောင်ဆေးရိုးသည် တစ်ချေင်းစ နှစ်ချောင်းစ ခုတ်ယူရရှိသော ဆေးဖက်ဝင် မီးနေထင်းများကို တစ်တောင်အရွယ် ဖြတ်သည်။ သီးခြားထားသည်။ ထိုထင်းပုံ တစ်တောင်ခန့် မြင့်လာချိန်ဝယ် ဦးကျန်ကြီး မယ်ကြွယ်စိုးတို့၏ လယ်ပွဲများ စိုက်ချေပြီ။
မောင်မောင်အေးသည် အဖိတ်နေ့သို့မဟုတ် ဥပုတ်နေ့များတွင် စာကြည့်တိုက်ကို လာရောက် စောင့်ရှောကရင်းက မောင်ဆေးရိုးရှိရာ လယ်ထဲသို့ လိုက်လာသည်။ လိုက်လာစဉ်က စာကြည့်တိုက် အကြောင်း ပြောရန်ဖြစ်ငြား၊ လူချင်းအတွေ့တွင် မပြောဖြစ်။ ညည်းတွားသည်။
"ဒါလောက်အဝေးကြီးကို လာပြီးလုပ်ရသလား အစ်ကိုရာ"
မြောင်းမကြီးတစ်လျှောက် ဘိုင်စကယ်စီးလာခဲ့ပြီး လယ်ကြားသို့ ၀င်မှဆင်းပြီး တွန်းရသူက ညည်းတွား၏။ မောင်ဆေရိုး သဘောမကျပါ။ နေ့စဉ် ခြေကျင်သွားနေရသူက မဝေးဘဲ ဘိုင်စကယ်ဖြင့် လာရသူက ဝေးကွာလွန်းလှချည့် ညည်းတွားသည်ကို သဘောမတွေ့။ သဘော မတွေ့ သော်ငြား မလာနဲကကွာဟု မောင်ဆေးရိုးမပြောအား။ သူ့အတွက် ခက်ခဲသော သည်ခရီး ကိုအပင်ပန်းခံပြီး လာနေခြင်းမှာ ခင်မင်သောကြောင့်ဟု တွေးမိသည့် အတွက်ဖြစ်သည်။ မောင်မောင်အေး လယ်ထဲသို့ လိုက်လာသည့်အတွက် မောင်ဆေးရိုးမှာ စာမဖတ်ဘဲ ဗဟုသုတ ရသည်။ သူ့ယောက်ဖသည် မြေသြဇာဟုပြောသည်။ ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးဟုပြောသည်။ စက်မှုလယ်ယာဟု ပြောသည်။
မောင်ဆေးရိုး နာမလည်သော်ငြား နှစ်သက်သည်။ သို့ရာတွင် မတိုးတက်သေးသော လယ်ယာဘ၀ကို မောင်မောင်အေးလည်း မည်သို့မျှ မလုပ်တက်ချေ။ ဟိုဟို သည်သည် ဖတ်ဖူးသော စာအုပ်စာတမ်းများမှ ရသော ဗဟုသုတကို ဖြန့်ဖြူးခြင်းသာ ဖြစ်သည်။ လယ်ထဲတွင် အလုပ်ပူလာချိန်ဝယ် နွားနှစ်ကောင်ရော၊ မောင်ဆေးရိုးပါ အိမ်မပြန်တော့ပေ။ အိမ်သို့ပြန်နေမည့်အချိန်၊ အိမ်မှလာနေမည့် အချိန်များသည် လယ်ကွက် "ထောင့်"လေးခု တူးချ၍ ပြီးနိုင်သည်။ ကန်သင်းခုံရှိ ကိုင်းတောများကို ခုတ်ပစ်နိုင်သည်။ မောင်ဆေးရိုးအတွက် အဖေတစ် လှည့်အမေတစ်လှည့် ထမင်းပို့နေရာက အမေမလာတော့ပေ။
"မင့်မိန်းမ ဗိုက်နာနေပြီဟေ့။ မင့်အမေ မလာနိုင်ဘူးဟ"
အဖေ့ထံမှ သည်မျှသာ သတင်းရသောလည်း မောင်ဆေးရိုး ၀မ်းသာနေသည်။
"ရှင်ဒါယကာဖြစ်ရအောင် ယောက်ျားကလေး မွေးပါစေဗျာ"
ထိုဆုတောင်းသည် သားဦးတွင် မပြည့်။ မပြည့်သော်ငြား မောင်ဆေးရိုး ထပ်မ့ဆုတောင်းပြန်ပြီ။
ပျိုးနုတ်သမားတွေ ရောက်လာကြပြီ။ ထိုသူများနှင့်အတူ ကျီးဒန်၏သတင်း ပါလာမည်လားဟု မောင်ဆေးရိုး မျှော်စောင့်သည်။ တွေ့ရာနှာမောင်၊ ထွေလာကေလာတွေသာ လျှောက်အော်ကြ ပြောသြည်။ ကျီးဒန်သတင်းမပါပေ။ အဖေ့ထံတွင် မေးမြန်းမည် ကြံရွယ်ငြား အဖေလာသွားသည်ကို မသိ။ ညောင်ကိုင်းတွင် ချိတ်ဆွဲထားသော ထမင်းထုပ်ကို မြင်ရတော့မှ "အဖေ ဘယ်အချိန် လာသွားပါလိမ့"ဟု တစ်ယောက်တည်း မေးရသည်။
လယ်ကွက်တွေထဲတွင် ပျိုးဆုပ်တွေ ရောက်နေပြီ။ သို့သော်ကောက်စိုက်မများကား ရောက်မလာသေး။ ဘမင်း၊ ဘ၀င်းတို့လည်း သူတို့လယ် စိုက်ရက်နှင့် ဆုံနေသောကြောင့် ယောကဖထံသို့ လာရောက်မကူညီနိုင်ကြ။ မောင်ဆေးရိုးသည် ဤသို့ ကသီလင်တဖြစ်မည်ကို စိုးရိမ်သောကြောက် ကောက်စိုက်စည်းကို သုံးရက်ခွာပြီး ရက်ယူသည်။ သို့ကြောက် စွတ်ဖားကို အေးအေးလူလူ ဆွနိုင်သည်။ စွတ်ဖား မ၀င်နိုင်သောနေရာကို 'အထမ်း'ဖြင့် ၀င်သည်။ သည်ရက် တွင် လူငှားလည်း ငှား၍မရ။ အချင်းချင်းလည်း မကူညီနိုင်။ သို့တစေ အားလုံး အသင့်ဖြစ်ပါပြီ။
ကောက်စိုက်မတို့၏ မောင်ကလေးသံ ပေါ်လာကတည်းက မောင်ဆေးရိုး နိုးထလာသည်။ မြောင်းထပ် ကတွက်ပေါက်သို့ လာရောက်စစ်ဆေးသည်။ ကောက်စိုက်မည့် လယ်များတွင် ရေရှိနေရမည်။
မောင်းကလေးသံ ထွက်ပေါ်လာရာဘက်သို့ မျှော်ကြည့်သည်။ ကောက်စိုက်မတွေအား ကောက်ညှင်းပေါင်း ချရမည်။ ကောက်ညှင်းပေါင်း ရောက်မလာသေးပေ။ ကောက်စိုက်မတို့အား လက်ဖက်ချရမည်။ ဆေးလိပ်ချရမည်။ ယင်းတို့မှာလည်း ကောက်ညှင်းပေါင်းနှင့်မှ အတူပါမည်။ ပါမှဖြစ်မည်။ ကောက်ညှင်းပေါင်းနှင့် ဆေးလိပ်၊ လက်ဖက်သည် ကြေးထိုက်လှသည်မဟုတ်ငြား ကောက်စိုက်မ၏ ပါးစပ်မှာ ဆိုးသည်။
"လက်ဖက်ကလေး တစ်မျက်ချေး ဆားဖျော်လို့ကျွေး၊ လယ်ကြီးရှင် သူမရှက်တယ်၊ တို့ရှက်လှသေး" ဟူသည်မှာ ကောက်စိုက်မတို့၏ ပါးစပ်မှ ထွက်သောတေး ဖြစ်သည်။ သူတို့အတွက် ချသော လက်ဖက်ကိုနည်းလျှင် နည်းသည်ဟု မပြော။ လက်ဖက်ကလေး တစ်မျက်ချေး ဟူ၏ ဆားငန်းသည်ကို ငန်သည်ဟု မပြာ။ 'ဆားဖျော်လို့ ကျွေး'ဟု ပြောလိုက်ပုံမှာ လွန်သည်။
"ဟဲ့ ဆေးရိုး၊ ငါ့လင်"
မသင်းအုံ၏ အောင်သံအဆုံးတွင် အုန်းခနဲ ရယ်မောသံကြီး ပါလာ၏ မောင်ဆေရိုးမှာ ထွက်ပြေး ချင်ငြား မျက်နှားပိုးသတ်ပြီး နေရသည်။
"ကျီးဒန် ဗိုက်နာနေလို့ ငါတို့ စားမယ့်ဟာကို ငါတို့ဘာသာ ရွက်လာရတယ်ဟေ့"
ကောက်စိုက်စည်းခေါင်း၏ လက်ထောက်လည်းဖြစ်၊ ကောက်စိုက်မတို့၏ ခေါင်းလည်းဖြစ်သော မသင်းအုံသည် ခွဲတောင်းကြီးကို မောင်ဆေးရိုးရှေု၌ချသည်။ ဆေးလိပ်စည်းနှင့် လက်ဖက်ပန်းကန် ကိုထုတ်ပေးသည်။
"တင်စရာ မြှောက်စရာကို တင်မြှောက်ပြီးရင် စားကြလေ"
"နင်တို့လယ်အတွက် ငါက၀င်ပြီး တင်မြှောက်ရအောင် ငါကနင့်မယားမို့လား။ ကိုယ့်ဘာသာ ကိုယ်မြှောက်ပေါ့"
ကောက်စိုက်မများသည် ကောက်ညှင်းပေါင်း တစ်ယောက်တစ်ဆုပ်ယူပြီး ဆီနှင့်တို့၊ နှမ်းတောင်း ဖြူးရာက အော်ကြီးဟစ်ကျယ် ရယ်မောကြ၏။ ပေါက်ကရတွေ အခွန်းတစ်ရာမက ပြောနေကြငြား ကျီးဒန်သတင်း လုံးဝမပါ။ အလကား ဟာမတွေဟု ကျိတ်ပြီး ရေရွတ်သည်။ သို့လျှင် မကျေမချမ်း ဖြင့် လက်ဖက်ပန်းကန် ကွမ်းယာများကို ယူပြီး ညောင်ပင်ခွကြားတွင် ခဏတစ်ဖြုတ်ထားပေးပြီး နောက်ကန်သင်းဆုံသို့ ယူလာပြီး ချထး၏။
"လက်ဖက် ရပြီးနော်၊ လက်ဖက်"
မောင်ဆေးရိုးမှာ ကောက်ညှင်းပေါင်း မဆိုစလောက် ဆုပ်ယူစားမိသဖြင့် ဆာရလောင်ရမှန်း မသိပေ။ ကောက်စိုက်မများကြားတွင် ယောက်ျားတစ်ယောက်တည်း ညပ်နေသည်။
ပျော်တစ်လှည့်၊ စိတ်ည်စတစ်လှည့် ဖြင့်ပင် လယ်ကွက်များ တစ်ကွက်ပြီးတစ်ကွက် ပိတ်သွားသည်။
"အစ်ကိုရေ ထမင်းဗျို့ ထမင်း"
ဘမင်း၏ အသံကို ကြားမသော်ငြား 'ဆွမ်းစားခေါင်းလောင်း ထိုးပါပြီကော' ဟူသည့် မောင်ဆေးရိုး ၏ အတွေးကို မချိုးဖောက်နိုင်ပေ။
"အစ်ကိုရေ အစ်မမွေးပြီဗျ"
နောက်ဆက်တွဲ ဘ၀င်း၏ အသံကြောင့် မောင်ဆေးရိုး ချာခနဲက လှည့်မေး၏။
"ဘာလေးတဲ့လဲကွ"
"ယောက်ျားလေးတဲ့ဗျ"
"ဟေး ပွတာပဲကွ။ ဟားပွပြီ ပွပြီ"
မောင်ဆေးရိုးအော်ဟစ် ရယ်မောသည်။ ကျေနပ်သောစိတ်သည် ထမင်းဆာလာသော ဝေဒနာကို အတန်ကြာအောင် လွှမ်းအုပ်ထား၏။
"ငါးကလေးတွေ့ရင်လည်း နှစ်ဆယ်သားလောက် ၀ယ်ထားပါတဲ့။ အမေက မှာလိုက်သေးသဗျား"
ဘမင်းက လှည့်ပြောပြန်သည်။
"ကြံကြံဖန်ဖန် လယ်ကြားငါး ဘာလုပ်ဖို့ပါလိမ့်"
"ရှင်ကြီးတင်ဖို့၊ ကလေးကင်ပွန်းတပ်ဖို့တဲ့ဗျား"
အရှည် လက်သေးသစ်ရွယ် လယ်ကြားငါးလေးများသည် အမေတို့ မိန်းမသားတွေ သဘော ကျစရာဖြစ်၏။ ဆားနှင့်နယ်၊ အကြေးဖောက်ပြီး နေလှန်းထားသည်ကို မြင်ဖူး၏။ သို့သော် ရှင်ကြီးတင်နှင့် ကလေးကင်ပွန်တပ်မှာ မောင်ဆေးရိုး၏ အာရုံမှ တစ်ခဏအတွင်း လွင့်၏။ ကောက်စိုက်မတွေထံ ပြေးရသည်။ လိုသောပျိုးကို ၀ါးလုံးလျှိုပြီး ထမ်းပိုးရသည်။
"မယ်မင်းကြီးမတွေ ပျိုးလိုလို့ကတော့ အားမနာနဲ့၊ ပြောသာပြော"
ကောက်စိုက်မတွေ ပြန်သွားလျှင် မွန်းတိမ်းပြီ။
မောင်ဆေးရိုးမှာ ယခုမှ အပြေးအလွှား ထမင်းစားရသည်။ လက်စလက်နများကို ယောက်ဖနှစ် ယောက်ကို ခိုင်းစေရမည်။
လယ်ထဲတွင် ထွန်းတုံးပိတ်ပြီး ဆိုနိုင်ပေမဲ့ အိမ်သို့ မောင်ဆေးရိုးမပြန်နိုင်သေး။ ပျိုးခင်းကျွတ် ကိုစိုက်ရသေးသည်။ ကတွက်ပေါက်တွေကို ရေကျော်လုပ်ရသေး၊ ကန်သင်းများတွင် ပဲထိုးရသေးသည်။ အလုပ်လုပ်နေသူအတွက် တစ်နေ့တာသည် ပြောပလောက်အောင် မရှည် လျား။ မောင်ဆေးရိုးမှာ လုပ်စရာအများကြီး။ အချိန်က နည်းပါးနေသည်။ သို့ဖြင့် အိမ်သို့ ၆ရက်ကြာမှ ရောက်သည်။ ထို့နောက်လူရော နွားပါ ရေချိုးပြီးနောက် အ၀တ်အစား အိပ်ရာများကို လွယ်လျက် အိမ်သို့ပြန်လာခဲ့လေသည်။
"အကြံခက်ပါသနော်၊ သန်လျက်တော်ယူသည့် သူခိုးကိုလ"
မောင်ဆေးရိုး ပြန်လည့်လမ်းမှာ ခဲတစ်ပစ်ကျော်ဝေးသည် နေရာမှဖြစ်သည်။ မြက်ရိတ်သူ ဖြစ်ဟန် တူသည်။
"ဟေ့ကောင် စောစောစီးစီး မင်္ဂလာမရှိဘူးကွ"
မောင်ဆေးရိုး လှမ်းအော်သည်။
"သည်နေ့ ငါ့သားကင်းပွန်းတပ်တဲ့နေ့ကွ။ မင်္ဂလာရှိတဲ့နေ့ကွ"
တစ်ဆက်တည်း အော်ရာက 'သည်ကောက် ဘာနေ့သားပါလိမ့်'ဟု စဉ်းစားသည်။ လယ်စိုက်သည့် နေ့ကဟု အဖြေပေါ်လာသည်။ သို့သော်မိုးမလင်းမီကလော၊ မိုးလင်းမှလော၊ မည်သည့်အချိန် မည်သည့်နေ့။
မောင်ဆေးရိုးသည် သားကိုနာမည်ပေးလိုသောကြောင့် နေ့ကိုစဉ်းစားသည်။ နေ့ကိုစဉ်းစား၍မရ သောအခါ လက်လျှော့်လိုက်ရငြား တစ်ယောက်တည်း ပြုံးမိရပြန်သည်။
"သည်ကောင် ဖြူသလား၊ မည်းသလား"
အတွေးဖြင့်ပင် မောင်ဆေးရိုး ကြည်နူးသည်။
"သည်ကောင် ရှည်မှာလား၊ ပုမှာလား"
မောင်ဆေးရိုး၏အဖေ ဦးကျန်ကြီး ထွားကျိုင်းသော်ငြား ငထွန်းကားတစ်ယောက်သာ ဖအေတူပြီး ထွားကျိုင်းသည်။ မယ်မျှင်နှင့် မောင်ဆေးရိုးမှာမူ မအေတူသဖြင့် သာမန်မျှသာ။
တိတ်ဆိတ်နေသော နေ့သစ်သည် ငှက်သံများ ၀င်လာ၏။ အရှေ့အရပ်မှ အလင်းရောင်းများ ဖြာကျလာ၏။ နေ့သစ်သည် လှပဆဲအားမာန်သစ်ဆဲအချိန်တွင် မောင်ဆေးရိုးသည် ကနားဖျင်း ရှေ့၌ ရပ်၏။
"ကျီးဒန်ရေ နေကောင်းလားဟေ့"
"ကိုရင် ပြန်လာပြီလား။ ကောင်းပါ့တော်"
ကျီးဒန်သည် ပြောပြောဆိုဆို အဖီထဲမှ ထွက်လာသည်။ လက်တစ်ဖက်တွင် အနှီးဖွေးဖွေးနှင့် သားငယ်။ လက်တစ်ဖက်တွင် ကင်းပွန်းတပ် အလှူပစ္စည်း။
မောင်ဆေးရိုးသည် သူတစ်ကြိမ်မျှ မကြည့်ရသေးသော သားကိုငုံ့ကြည့်သည်။ ကလေးက ပါးစပ် ဖြင့်ဟိုဟိုသည်သည် လိုက်လံဟပ်သည်။ ဟပ်၍မရသောအခါ အသံသြကြီးဖြင့် ငိုသည်။
"ကဲ မမြင်ဖူးလို့ ကြည့်ချင်ရင် ခေါ်ထားလိုက်။ ကင်ပွန်းတပ်အလှူကို လိုက်ဝေးလိုက်ဦးမယ်"
ကျီးဒန်က ကောက်ညှင်းပေါင်းနှင့် ကွမ်းယာထည့်ထားသော လင်ပန်းကို မြှောက်ပ်ြသည်။
"ပေးပါဗျာ၊ ပေးပါ။ ငါပဲ လိုက်ပေးလိုက်ပါ့မယ်"
မောင်ဆေးရိုးသည် ကင်ပွန်းတပ် အလှူပစ္စည်းများ၊ ပန်ကန်းများ ထည့်ထားသော လင်ပန်းကို ယူလျက် ကျောခိုင်းလိုက်ရငြား ရင်ထဲတွင် အေးချမ်းသည်။ မျက်နှာက ပြုံးနေသည်။
ပြီးပါပြီ
.

1 comment:
Thanks.
Ray
Post a Comment