Sunday, September 26, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၆)

(၇)

မြသွင်အေး စာမေးပွဲ အောင်သွားသည်ကို တယ်လီဖုန်းဖြင့် ၀မ်းသာအားရ သတင်းမေးလိုက်ရ သည်။ မြသွင်အေးက တယ်လီဖုန်းထဲမှ နေပြီး သူ့မကျေနပ်ချက်ကို ဖော်လိုက်သည်။
"ဟေ့ သူငယ်ချင်း ... မောင်က ပြန်ပြောလို့ မြ သိခဲ့ပြီ ... ခင့် ယောက်ျား သဘောယုတ်လှ ချေလားကွဲ့"
မြသွင်အေး စကားကြောင့် မေမေခင် ရင်ထဲမှာ နင့်သွားရှာသည်။ မြသွင်အေးကို စိတ်ဆိုး၍ကား မဟုတ်။ သူ့ခင်ပွန်း မောင်မျိုး၏ ဆွေမျိုး မာန်တက်၍ မိုက်ရိုင်းစော်ကားမှုကြောင့် မောင်နှမ အရင်းအသွင် ချစ်ခင်သော သူငယ်ချင်း မောင်မင်းဇင်နှင့် အဆက်အသွယ် ပြတ်ရသော အဖြစ်ကို ရင်နင့်သွားရှာခြင်း ဖြစ်သည်။ အကျိုးအကြောင်း စုံလင်အောင် ပြောချင်သည့်အတွက် မြသွင်အေး လာနိုင်လျှင် လာရန် မေမေခင်က ခေါ်သည်။

"ခင့်အိမ်ကလူ မရှိမှ လာချင်တယ်နော် ခင် ... "
မြသွင်အေး ဆန္ဒပြုသည်မှာ မှန်သည်။ မောင်မောင်မျိုး မရှိမှ လွတ်လပ်စွာ ရင်ဖွင့်ပြောကြားနိုင်မည် ဖြစ်၏။ ထို့ကြောင့် မေမေခင်က မောင်မောင်မျိုး ရုံးသွားချိန်၊ ပြန်ချိန်၊ အပြင်ထွက်လည်ပတ်ချိန်၊ အစ်ကိုနှင့် မရီးထံသွားချိန် ပြန်ချိန်ကို တိတိကျကျ စာရင်းပေးသည်။ သို့မှသာ မြသွင်အေးက အဆင်ပြေချိန်မှာ လာနိုင်မည် ဖြစ်၏။

မြသွင်အေးက မေမေခင်ကို သနားကြင်နာသောစိတ်ဖြင့် လာခဲ့သည်။ ခြံဝင်းကြီးမှာ မာလီကြီး၏ ပြုပြင်မှုကြောင့် သန့်ရှင်းသာယာ၍ ပန်းငုံပန်းပွင့်များဖြင့် ဝေဆာနေသည်။ အိမ်ကြီးနှင့် ပေငါးဆယ် ကျော် အကွာလောက်မှာ ရှိနေသော ပိန္နဲပင်ကြီးသည် အခက်အလက်တွေ ဖြိုးဝေစွာဖြင့် ချမ်းမြေ့ သာယာသော အရိပ်အာဝါသကို ပေးနေသည်။ ပိန္နဲပင်ကြီး၏ ပင်စည်တွင်ကား ဖွံ့ဖြိုးကြီးထွားသော ပိန္နဲသီးကြီးများသည် ခွေးငယ်လေးတွေ နို့စို့ဘိသကဲ့သို့ မြေသို့ထက်အောက် ပြွတ်သိပ်စွာ သီးနေ ကြသည်။

မြသွင်အေး ရောက်လာချိန်တွင်ကား မေမေခင်သည် ပြောင်စင်သန့်ရှင်းသော ပိန္နဲပင်အောက်မှာ ဖျာခင်းပြီး စားသောက်ဖွယ်ရာများဖြင့် စောင့်နေသည်ကို တွေ့ရသည်။
"သူငယ်ချင်းရယ်၊ ဒီနေရာလေး အေးလိုက်တာကွယ်"
မြသွင်အေးက ပိန္နဲပင်ရိပ်ကို သဘောကျစွာ ပြောသောအခါ မေမေခင်က ...
"အေး ... ခင်လဲ သဘောကျတယ်၊ ဒါကြောင့် ပူတဲ့ အိုက်တဲ့အခါ ဒီပိန္နဲပင်အောက်မှာပဲ နေတာများ တယ် မြရဲ့၊ ဒါထက် ကိုမင်းဇင်နဲ့ မြတို့ ဘယ်တော့လက်ထပ်ကြမှာလဲ"
ဟု မေမေခင် မေးသည်။

"အစက အစီအစဉ်က တစ်မျိုး၊ အခုတော့ တစ်မျိုးဖြစ်သွားပြန်ပြီ ခင်ရေ ... "
"ဘယ်လိုအမျိုးလဲ"
"မြ ဆရာဝန်ဘွဲ့ရရင် လက်ထပ်ဖို့ပါပဲ၊ ဒါပေမဲ့ အပျို ဆရာဝန်မဘ၀နဲ့ ဆေးကုချင်သေးတယ်၊ အခု ရန်ကုန်ဆေးရုံကြီးမှာ အလုပ်သင် ဆရာဝန်အဖြစ် ၀င်ရမယ်၊ အလုပ်သင် ဆရာဝန် နှစ်စေ့ရင် ဘယ်ကို ပြောင်းရမယ် မသိသေးဘူး၊ အဲဒါကြောင့် လက်ထပ်ရေးကို ခဏ ဆိုင်းထားသေးတယ် သူငယ်ချင်း"
"မြတို့အနေနဲ့ကတော့ ခင့်လို အခြေအနေမှ မဟုတ်ဘဲ၊ ဘယ်အချိန်ကျမှ လက်ထပ်မယ်ဆိုတဲ့ ကန့်သတ်ချက် ထားနိုင်တာပေါ့။ ခင့်မှာသာ အခြေအနေက ဖန်တီးလာလို့ ပညာသင်ချင်ရက်နဲ့ လင်ယူလိုက်ရဟာ တွေးမိတိုင်း စိတ်မကောင်းဘူး။ ဒီအထဲ လင်ဘက်က ဆွေမျိုးက ... "

မေမေခင်က စိတ်မချမ်းမြေ့မှုဖြစ်လာ၍ စကား တစ်ပိုင်းတစ်စဖြင့် ရပ်လိုက်သည်။
"အေး အေး ... အဲဒါ မြ မေးမယ်လို့၊ ဆိုစမ်းပါဦး လင်ဘက်က အမျိုးတွေအကြောင်း အခု သူတို့ ဘယ်မှာလဲ"
"အဲဒါတွေပြောချင်လို့ မြကို ခေါ်တာပေါ့"

မေမေခင်က စကားပလ္လင်ခံပြီး ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားတို့အကြောင်း စုံလင်စွာ ပြောပြကာ ...
"အခု သူတို့သုံးယောက်နေတဲ့ အိမ်လခရော၊ သုံးယောက်စာ စရိတ်ရော၊ သူ့အစ်ကိုနဲ့ နောင်ဘုရား ဆိုတာကြီး အဂ္ဂိရတ်ထိုးတဲ့ စရိတ်ရော၊ အားလုံး ကိုမောင်မောင်မျိုးက ပခုံးထမ်း တာဝန်ယူထား တယ်လေ"
ဟု စကားအဆုံးသတ်လေ၏။

"ဟေ့ ခင်ရဲ့ ... အခု ခင်ပြောတဲ့ စရိတ်က မနည်းဘူးနော်၊ တစ်လဘယ်လောက် ထောက်နေရလဲ"
မြသွင်အေးက မေး၏။
"သူ့လခ အကုန်ပေါ့ ၊ အားလုံး ဖို့နေရတယ်၊ အိမ်စရိတ် တစ်ပြားမှ မပေးနိုင်ဘူး၊ ခင် ဘဏ်မှာ အပ်ထားတဲ့ ငွေ ထုတ်သုံးနေရတာ မြရဲ့"
"ဟောတော့ ... "
မြသွင်အေးက အလန့်တကြား ရေရွတ်လိုက်၏။

"ကိုယ့်လင် ရှာစာ ဖွေစာ ကိုယ် မစားရဘဲ၊ သူများကို ကျွေးနေရတာပေါ့လေ ... ရှုံးလိုက်တာ ခင်ရယ်"
"အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ မြရယ်၊ တည်မိတဲ့ဘုရား လင်းတပဲ နားစေတော့ ဆက်ရှိခိုး ရုံအပြင် ဘာလုပ်နိုင်တော့မှာလဲ၊ နင်တို့ ဒီလို မတရားမလုပ်နဲ့ဟဲ့လို့ ခင့်ဘက်က ရပ်တည်မယ့်လူ တစ်ယောက်မှ မရှိဘူး၊ ဆွေမျိုးရင်းချာတွေ ရှိပါသော်လည်း ခင့်ပစ္စည်းကို လိုချင်ဇောကြောင့် အဆက်ပြတ်ခဲ့ရပြီ ဟုတ်လား၊ အခုလို ခင် တွေ့ကြုံနေရတာ သိကြရင် မှတ်ဟဲ ... ရယ်လို့ ၀မ်းသာ လိုက်ကြမယ့်ဖြစ်ခြင်း"

မေမေခင် အသံက အားငယ်ဝမ်းနည်းသံ ပေါ်နေသည်။ မြသွင်အေးသည် ချစ်လှသော သူငယ်ချင်း အတွက် အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်ရသည်။ ခင် ပြောသည့်အတိုင်း ခင့်ဘက်က ရပ်တည်မည့်သူ ဆွေမျိုးရင်းချာဟူ၍ ရှိလျက်နှင့် တစ်ယောက်မှ ကူညီသူမရှိချေ။ မြသွင်အေး အနေဖြင့် ၀င်ရောက်ပြောဆို တားဆီးပိုင်ခွင့် မရှိချေ။ မိမိလေးအကျင့်စာရိတ္တနှင့် လင်နှင့် မတ် အပေါ် လွှမ်းမိုး နိုင်သော အာဏာစက်အရှိန်အ၀ါကို မေမေခင်က အိတ်သွန်ဖာမှောက် ပြောထားပြီး ဖြစ်ရာ မြသွင်အေး သူငယ်ချင်း အတွက် ခံပြင်းစိတ်သက်သက်ဖြင့် ပြောစေကာမူ ...
"တရားဝင် မယားကြီးကတောင် တားဆီးမရ၊ ရှင်က မယားငယ်ဖြစ်လို့ ၀င်ကန့်ကွက်ရသလား"

ဟူသော ထိရောက်သည့် စကားတစ်ခွန်းတည်းဖြင့် မိမိလေးက ပိတ်ဆို့ပြီး မဟုတ်မတရား သိက္ခာ ချ ပြောတော့မည်မှာ သေချာသည်။ မြသွင်အေးသည် သူငယ်ချင်းကို ယုယကြင်နာစွာ နှစ်သိမ့်ရုံက လွဲပြီး ဘာမှ မတတ်နိုင်သော အခြေအနေမှာ ဖြစ်နေသည်။
"ဒါလောက် တောင် ဖြစ်လှတာ မပေါင်းဘဲ ကွာလိုက်ပါလား"
ဟူသော စကားကို စိတ်လိုက်မာန်ပါ ပြောလိုလှသော်လည်း သူများ လင်မယားအကြားမှာ အိမ်ထောင်ရေး ပြိုကွဲစေမည့် စကားမျိုးကား ပြောကောင်းသောအရာ မဟုတ်ချေ။

"စိတ်ကောင်းကောင်းသာထားပါ သူငယ်ချင်း၊ ခင့်ကို သူ အင်မတန် ချစ်လွန်းလို့ ဇွဲကြီးကြီးနဲ့ စောင့်ပြီး ယူထားတာပဲ၊ မေတ္တာ ပြယ်လွင့်သွားတာတော့ ဟုတ်မယ် မထင်ပါဘူး၊ အခိုက်အတန့်မှာ အစ်ကိုနဲ့ မရီးက အချော့ကောင်းတာလဲ တစ်ကြောင်း၊ အလုပ်ပြုတ် ဒုက္ခဖြစ်လာတော့ သနားစိတ် ကလဲ ၀င်နေတာကြောင့် ဒါလောက်လိုက်လျောနေတာ ဖြစ်မှာပါ။ သူ့အရှိန်နဲ့သူ လိမ့်စမ်းပါစေ၊ အရှိန်ကုန်ရင် ရပ်ပြီး ခင့်ဘက် ပြန်လှည့် လာပါလိမ့်မယ်။

မြသွင်အေးက ပြေရာပြေကြောင်း ဖျေားဖျသည်။ မေမေခင်က မြသွင်အေးစကားကို ငေးစိုက် နားထောင် ပြီး စကားဆုံးမှ မေး၏။
"ကိုမင်းဇင်က အထူးစုံစမ်း ထောက်လှမ်းရေးကဆိုတော့ သူတို့ရဲဘက်အချင်းချင်း သတင်းကြား ချင်လဲ ကြားမှာပေါ့၊ သူ့အစ်ကိုနဲ့ မရီးက ဘယ်လိုဖြစ်လာတာလဲ မသိဘူး၊ ရိုးရိုးပဲ အလုပ်က ထွက်လာတာလား၊ အကြောင်း တစ်ခုခုကြောင့် ပြုတ်လာတာလား ခင် သိချင်တယ် မြရယ်"

"အေး ... ဒီလိုဆိုရင် ကိုမင်းဇင်ကို မြ မေးမယ်၊ သူကတော့ ခင့်ဆီ မလာချင်ဘူးလို့ ပြောတယ်၊ ဟိုတစ်ခါ ခင့်လင်တော်မောင်နဲ့ ဘုကျလာခဲ့တာတွေ မြကို ပြန်ပြောပြီး တို့ကတော့ ငယ်သူငယ်ချင်း ဖြစ်လို့ တစ်ယောက်မေတ္တာ တစ်ယောက် သိပေမယ့် ဒီသတ္တ၀ါ လူစိတ်ရှိတာ မဟုတ်တော့ သားပုပ် လေလွင့် ယုတ်ပတ်ပြောနေရင် အားလုံး သိက္ခာကျကုန်မယ်၊ ငါစိတ်မထိန်းနိုင်ရင် လူသတ်မှု ဖြစ် ကုန်မယ်၊ အရေးကြီးတဲ့ကိစ္စ ပေါ်ရင်တော့ အချိန်မရွေး ပြောပါတဲ့၊ သူ တတ်နိုင်သမျှ အကူအညီ ပေးမယ်တဲ့၊ ကိစ္စမရှိဘဲနဲ့တော့ မလာဘူးလို့ မှာလိုက်တယ် ခင်ရဲ့"

မောင်မင်းဇင် စိတ်ထဲမှာ တော်တော်ပင် မကောင်း၍သာ ဤစကားထွက်လာကြောင်း သိရသော ခင်က မျက်နှာညှိုးသွားရှာသည်။
"ဒီစကားမျိုး ကိုမင်းဇင် ပြောထိုက်ပါတယ် မြရယ်၊ အပြောတောင် နည်းသေးတယ်"
မေမေခင် အမှန်အတိုင်း ပြန်ပြောသည်။
"ခင့်အိမ်ကို သူတို့ မလာကြဘူးလား"
"နှစ်ပတ် တစ်ခါလောက်တော့ သူ့အစ်ကိုနဲ့ သူ့မရီး လာတယ်၊ ဟို ... နောင်ဘုရားဆိုတာကြီးတော့ မပါဘူး"

"နောင်ဘုရားဆိုတာကြီးကို ခင် မြင်ဖူးလား"
မေမေခင်က ဦးခေါင်းရမ်းပြီး ပြောသည်။
"ဟင့်အင်း ... အဲဒီသတ္တ၀ါကြီး မပါဘူး၊ တစ်ခါမှ မလိုက်လာဘူး၊ သူတို့လင်မယားပဲ လာကြတယ်၊ လာတာကလဲ အကောင်းမဟုတ်ပါဘူး မြရယ်"
"ဘယ်လို အကောင်းမဟုတ်တာလဲ ... "

"သူ့အစ်ကိုနဲ့ သူ့မရီးက ခင့်အိမ်ပေါ်တက်လာပေမယ့် ခင့်ကို လုံးဝ လူရာသွင်းတာ မဟုတ်ဘူး၊ အင်မတန် ကို မလွှဲသာတဲ့ကိစ္စ မေးစရာ ပြောစရာရှိမှ၊ ဥပမာ သူတို့ ဒီမှာ ထမင်းစားမယ်၊ ဘယ်လို ဟင်းမျိုး စားချင်တယ်၊ ဒါလောက်ပဲ စကားပြောတယ်၊ အိမ်ကလူနဲ့သာ ပြုံးကာရယ်ကာနဲ့ သုံးဦး သား ခေါင်းချင်းဆိုင် ပြောလိုက်ကြ၊ တိုးတိုးပြော ကျယ်ကျယ်ပြော အမျိုးမျိုးပေါ့လေ ... "
မေမေခင် စကားမဆုံးမီ မြသွင်းအေးက ခံပြင်းလှစွာ တောက်ခေါက်၏။
"တောက် ... ဒါနဲ့များ ခင်က သူတို့ အမိန့်နာခံပြီး ကျွေးနေရသလား ခင်ရယ်၊ မြ စိတ်ထဲမှာလေ ..."
မြသွင်အေးသည် ခံပြင်းလွန်းသည့်စိတ်ကြောင့် ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။

မေမေခင်ကသာ ဆက်ပြော၏။
"ခင် ဘာမှ လုပ်မပေးပါဘူး၊ ခင် ... လူတစ်ဖက်သားအပေါ် ဘယ်လောက် အလျှော့ပေးတယ်၊ သည်းခံတယ်ဆိုတာ မြ အစင်းသိပါ၊ ဒါပေမဲ့ သူတို့လင်မယား နှစ်ယောက်လုံးက ခင့်လင်ရဲပစ္စည်း ခင့်ပစ္စည်းပေါ့လေ အခန့်သား သုံးစားကြတယ်၊ ခင်တို့လင်မယားချင်း မေတ္တာပျက်အောင် စိတ်ဝမ်း ကွဲအောင် အိမ်ထောင်သာယာရေး ပြိုကွဲအောင် တို့ပေး ဆွပေး မြှောက်ပေး ခလောက်ဆန်သမျှ အိမ်ကလူက ကြည်ကြည်ဖြူဖြူ နာခံပြီး ခင့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာ ခင် ကျွေးမွေးချင်တဲ့ စေတနာ ရှိပါမလား၊ ခင်က လူစိတ် ထားခဲ့ပါသေးတယ်၊

ငါ့ဘက်က ဆွေမျိုးတွေက ပစ်ပယ် ထားတော့ ဒီလင်နဲ့ ဒီအမျိုးပဲ အားကိုးရမယ်ရယ်လို့ အလိုက်အထိုက် နေကြည့်ခဲ့သေးတယ်၊  ဒီလင် ကို မပြတ်ရင် ဒီအမျိုးလဲ ပြတ်နိုင်မယ် မဟုတ်ဘူးလို့ တွေးခဲ့မိလို့ပါ၊ ဒါပေမဲ့ သူတို့က လူပါးဝလာကြ တော့ ခင်က ဘာသိဘာသာ နေလိုက်တော့တယ်လေ၊ သူတို့ ပွဲတော်တည်စရာကို အိမ်မှာ ခင်ငှား ထားတဲ့ ထမင်းချက်နဲ့ အဖော် ကောင်မလေးက ပြုပြင် လုပ်ကိုင်ပေးရတယ်၊ မလုပ်ဘဲ မနေ၀ံ့လို့ ပေါ့၊ အိမ်ကလူတွေ အစ်ကိုနဲပ မရီး သဘောမကျရင် ထမင်းချက်နဲ့ ကောင်မလေးကို ဆူပူ ကြိမ်းမောင်းတော့ ကြောက်တာနဲ့ လုပ်ပေးနေကြရတယ် ... "
မေမေခင် ပြောပြနေသည်ကို မြသွင်အေးက စိတ်မသက်သာစွာ နားထောင်နေရာမှ မေးလိုက် သည်။

"သူတို့နေတဲ့ အိမ်ကိုရော ခင် မသွားဘူးလား"
"မသွားဘူး မြ၊ အိမ်ကလူက ခဏခဏခေါ်တယ်၊ သူ့အစ်ကို သူ့မရီးကသာ ဒီအိမ်ကို လာရကြောင်း၊ ခင်က တစ်ခါမှ မသွားဘဲနေတာ ၀တ္တရားပျက်ကြောင်း၊ ရိုင်းကြောင်းတွေပေါ့၊ သူ ဘာပြောပြော ခင်က မလိုက်ပါဘူး"
"အတင်းအဓမ္မ ခေါ်ရင်ကော"
မြသွင်အေး မေးသည်။

"ခင်က ပြောထားပါတယ်၊ သူတို့အိမ်ကို ခင် သွားသင့်သွားထိုက်တဲ့အကြောင်း၊ မသွားရင် မဖြစ်တဲ့ အကြောင်း ပေါ်လာမှ သွားမယ်လို့ ပြောထားတယ်"
မြသွင်အေးက မေမေခင် မျက်နှာကို စိတ်မကောင်းခြင်း၊ ကြင်နာခြင်းဖြင့် စိုက်ကြည့်ကာ နှစ်ဦးသား အတန်ကြာမျှ နှုတ်ဆိတ်နေကြသည်။ ထို့နောက် မြသွင်အေးက သူ့လက်မှ နာရီကို ငုံ့ကြည့်ပြီး ပြောသည်။

"မြက အခု အလုပ်ဝင်ရတော့မယ် ခင်ရဲ့၊ ဆရာဝန်အလုပ်ဆိုတာ တကယ် အလုပ်လုပ်တဲ့ ဆရာဝန်၊ လူနာအပေါ် တကယ် စေတနာထားတဲ့ ဆရာဝန်အနေနဲ့ အားလပ်ချိန် သိပ်နည်းတယ်၊ ရုံးချိန်အတွင်းမှာ ခင့်ဆီကို မြ လာဖို့ရာ မဖြစ်ဘူး၊ ရုံးဆင်းချိန်နဲ့ ရုံးပိတ်ရက်ဆိုရင်လဲ ခင့်လင်တော် မောင်နဲ့ ဆွေတော်မျိုးတော်တွေကို မျက်နှာချင်း မဆိုင်ချင်ဘူး၊ အင်မတန်စိတ်ရှည်တဲ့ ကိုမင်းဇင် တောင် စိတ်ချုပ်တည်းသွားရသေးတာ၊ မတော်တဆ မြနဲ့ ဘုကျကြရင် မြက ခြေမြန်လက်မြန် သမား၊ မဖြစ်သင့်တာတွေ ဖြစ်ပြီး ကြားက ခင် စိတ်ဆင်းရဲမှာစိုးတယ်၊ အဲဒီတော့ မြ အလုပ်ဝင်ပြီး တယ်ဆိုရင် မြကို ခေါ်နိုင် စကားပြောနိုင်မယ့် ဖုန်းနံပါတ် ခင့်ကို လှမ်းပြောလိုက်မယ်၊ ခင် ပြောချင် တာ ဖုန်းထဲကပြော၊ ဒါမှမဟုတ် ဒင်းတို့ မရှိချိန် ကြာကြာ စကားပြောဖို့ အခြေအနေရတယ်ဆိုရင် မြကိုခေါ်၊ မြဖြစ်အောင် ကြိုးစားလာခဲ့မယ် ... နော် ခင် ... "

"ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ် ... ကိုမင်းဇင်ကိုလဲ ပြောပါ၊ အိမ်ကလူ လူစိတ်ပျောက်တာ ဘေးဖယ်ပြီး ခင့်ကို ပစ်ပယ်မထားပါနဲ့လို့"
မြသွင်အေးသည် မေမေခင်ကို သနားကြင်နာစွာဖြင့်ပင် မောင်မောင်မျိုး ပြန်ရောက်လာချိန် နီးပြီ ဖြစ်၍ လူချင်း မဆုံမိစေရန် ပြန်သွားလေတော့သည်။

ဆက်ရန်
.

1 comment:

Anonymous said...

အဲဒီခင်တယောက်က ကိုယ့်ဥစ္စာနဲံကိုယ်...
ညှိကြည့်လို့မှမရရင် တခုခုတော့ လုပ်သင့်တယ်။ စိတ်ဆင်းရဲခံမလား .. ကွဲမလား.. တခုခု လုပ်ပစ်သင့်တယ်။ တရားရုံးမှာ အပြစ်ရှိသူကို သက်သေသက္ကာယနဲ့ပြပီး ကွဲရင် ကိုယ့်ပစည်း ဘာမှ မပေးရဘူးဆိုတာ မသိဘူးလား။ ဒီလိုပျော့စိစိနဲ့ ပြသနာကို မကိုင်တွယ်နီုင်တဲ့ မိန်းမတွေကို အားမရလိုက်တာ။
စိတ်ဆင်းရဲတာများခံနေသေးတယ်။ ချစ်နေသေးရင်တော့တမျိုးပေါ့.. သည်းခံတာတောင် ကိုယ့်စည်း သူ့စည်း ရှိတယ်။ ဘောင်ကျော်လာရင် ဘာမှ ငုံ့ခံနေစရာအကြောင်းကို မရှိဘူး။
မကောင်းရင် ဂျောင်းပဲ။ သည်းခံပေးပီးပီပဲဟာ..ဘာမှ ဆက်ပီး ခေါင်းငုံ့ခံစရာကိုအကြောင်းမရှိဘူး။ ကျမမကြိုက်ဘူးဆိုပီး ပညာစပေးပေါ့..။ ပညာရှိနည်းနဲ့ ပြန်နှိပ်စက်ပီး ကိုယ့်ဖက်ပါအောင်စွယ်ရင်စွယ်..ဒါကိုမှ မရတော့ဘူးဆိုရင် မျဉ်းပီးဖြတ်ပလိုက်ပေါ့..။ ဟွန်း ..
အဲလို ပျော့ညံ့တဲ့မိန်းမတွေပေါ့..ယောင်္ကျားသေပီးတာနဲ့ နောက်ယောင်္ကျားယူတာ.. ပြောမယ်..တယောက်တည်း မတင့်တယ်လို့လေ..ဒါသူတို့ဆင်ခြေ .. စီးပွါးရေးမပြေလည်ရင်ထားတော့.. ကိုယ်တိုင်ရပ်တည်နေနိုင်တာပဲဟာ..အချစ်နဲ့တည်ဆောက်တာကို လက်ခံနိုင်ပေမဲ့.. အချစ်ကင်းပီး မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတော့... လွှင့်ပလိုက်တာအေးတယ်.

ဝါးရစ်ကို ကျေနပ်စိတ်တိုင်းကျသလောက် ခင်ကိုတော့ စိတ်ပျက်တယ်။

မြတ်နိုး