ပြန်လည်၍ တွေ့ဆုံသည့်တိုင်
မိသားစုနှင့် ကျွန်မ ကွဲကွာသွားသည်မှာ နှစ်နှစ်နီးပါးကြာသည်။ ၀ိုင်းထိုင်ကြပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် အမျိုးမျိုး ကို တစ်လှည့်စီပြောကြ၏။
စစ်သည် လူတိုင်းကို ပုံသဏ္ဍာန်အမျိုးမျုးဖြင့် ဖျက်ဆီးပစ်ခဲ့လေပြီ။ ကျွန်မ နောက်ဆုံးမြင်ခဲ့သည့် မာမူစီယာ၏ ပိတုန်းရောင် ကေသာမှာ ငွေရောင်အတိဖြစ်သွား၏။ ဖေဖေတာတုစ်မှာ အလုပ်ပြုတ်ခဲ့ ပြီး ဖိနပ်ချုပ် သမားဖြစ်နေပြီ။ သည်အလုပ်ကိုတောင် ခိုးကြောင်ခိုးဝှက် လုပ်ရသည်တဲ့။ သို့သော် ကျွန်မတို့ အဖေ ကံကောင်းပါသည်။ ဘာသတင်းမှ မကြားရဘဲ ပျောက်သွားသည့်လူတွေ အများကြီး မဟုတ်လား။
မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့ပါပြီ။ သို့သော် ကျွန်မ အချစ်ဆုံးအစ်မ ဂျာနီနာတစ်ယောက် လိုနေ သေးသည်။ သူအိမ်ပြန်ရောက်လို့ ထမင်းစားခန်းထဲဝင်လာပြီး ကျွန်မကို လှမ်းမြင်တော့ ကြက်သေ သေသွားသည်။
ပြီးမှ "အိုင်ရင်း" ဟုအော်ပြီး ပြေးချလာသည်။ ကျွန်မတို့ ညီအစ်မ တစ်ယောက်ကိုတစ်ယောက် အားရ ပါးရ ပြေးဖက်ကြသည်။ ကျန်ညီအစ်မ ၃ ယောက်လည်း ကျွန်မတို့နှစ်ယောက်ကို ၀ိုင်းဖက်ကြ သည်။ ငိုလည်းငိုကြ၏။ ပြီးတော့ တစ်ပြိုင်တည်း အတင်းဖက်ကာ ရယ်ကြပြန်သည်။
ဘေးမသီ ရန်မခ ပြန်လည်တွေ့ဆုံကြခြင်းအတွက် ထိုညက ဒေါ်လေးအိမ်တွင် ၀တ်ပြုဆုတောင်းပွဲ ကလေး လုပ်ကြသည်။
ကျွန်မတို့အိမ်၊ ကျွန်မတို့ပိုင်ပစ္စည်းအားလုံးနှင့် ဓာတ်ပုံတွေ၊ စာအုပ်တွေ အားလုံးဆုံးခဲ့ပြီ။ ဘာဆို ဘာမှ မကျန်တော့။ မနက်စာ ညစာကို အနိုင်နိုင်ရှာစားနေကြရသော်လည်း ကျွန်မတို့အားလုံး ပြန်လည် ဆုံဆည်း ခဲ့ကြပြီ။ ကျွန်မတို့ မိသားစု အလွန်အင်မတန် ကံကောင်းပါ၏။
နောက်တစ်နေ့တွင် ဂျာနီနာက မြို့ထဲကို လျှောက်ပြသည်။ ဘယ်ကြည့်လိုက် ကြည့်လိုက် ဂျာမန်စစ်သား တွေချည်း။ ကြည်းတပ်စစ်ဗိုလ်တွေ၊ အညိုရောင်ယူနီဖောင်းနှင့် ဟစ်တလာ၏ ကိုယ်ရံတော် ထောက်လှမ်း ရေး တပ်ဖွဲ့တွေ။
ကပ်ထားလိုက်သည့် ပိုစတာတွေကလည်း နေရာလပ် မကျန်သလောက်ပင်။ အားလုံး ဂျူးဆန့်ကျင် ရေး၊ ဂျူးသုတ်သင်ရေး ကြွေးကြောသံတွေ၊ ရုပ်ပြောင်တွေ၊ သရော်စာတန်းတွေချည်း။ ဂျာနီနာက ကျွန်မကို ဂလင်းနစ် ဟုခေါ်သည့် ရာဒမ်မြို့၏ ဂျူးရပ်ကွက်သို့ ခေါ်သွားသည်။ အိမ်တိုင်းကို သံဆူး ကြိုးတွေ ခတ်ထားပြီး ဂျာမန်စစ်သားတွေ စစ်ခွေးတွေ စောင့်နေ၏။
ဂျာနီနာ က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး တိုးတိုးပြောသည်။
" အဲဒါဂလင်းနစ် ဂျူးသုံ့ပန်းစခန်းပဲ။ ဂလင်းနစ်မှာရှိတဲ့ ဂျူးတွေရော၊ တောပိုင်းက ဂျူးတွေကိုပါ ဒီမှာ စုထားတယ်။ ပြီးမှ အားလုံး ၀ါလိုဝါကို ပို့မှာတဲ့ "
" အဲဒါ ဘာအဓိပ္ပာယ်လဲဟင် "
" အဲဒါတော့ ဘယ်သူမှ မသိကြဘူး အိုင်ရင်း "
ကိုဇလိုဝါဂိုရာ မှာတုန်းက တားတုစ်က ကြွေထည်မြေထည်စက်ရုံတစ်ရုံမှာ ဒီဇိုင်းဆရာလုပ်ခဲ့ဖူးမှန်း ဂျာမန် တွေ သိသွားတော့ ဇူလိုင်လထဲမှာ သူ့ကို လာခေါ်သွားကြပါလေရော။ ကျွန်မတို့ မိသားစုအားလုံး အရမ်း စိတ်ပူ နေကြရပါသည်။
ရက်သတ္တပတ်ပေါင်းများစွာ အဖေ့သတင်း ဘာမှမကြားရတော့ ကျွန်မတို့အားလုံးပိုပြီး စိုးရိမ်လာကြ သည်။ မကြာခင်ဖေဖေ့ဆီမှ စာတစ်စောင်ရောက်လာသည်။ စာကိုဖတ်ပြီး မေမေမာမူစီယာ တက် မတတ် ချက်မတတ် ငိုကြွေးပါလေတော့၏။
ဖေဖေ့စာထဲတွင် ဂျာမန်တွေအတွက် အလုပ်လုပ်ပေးနေသည့် ဂျာမန်အလိုတော်ရိဟု စွပ်စွဲပြီး မိတ် ဟောင်း ဆွေဟောင်း တွေက စကားမပြောကြတော့ကြောင်း၊ ကျွန်မတို့ အိမ်ကြီးပေါ်ကိုလည်း လူစိမ်း သူစိမ်း တွေ တက်နေကြသည့် အကြောင်းများကို ဖေဖက နာနာကြည်းကြည်း ရေးထားသည်။
သူ့ကိုယ်သူ ပြန်ထိန်းနိုင်သည့်အချိန်တွင် မေမေက ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်သည်။ သမီး ၃ ယောက်ကိုခေါ်ပြီး အဖေရှိရာ ကိုဇလိုဝါဂိုရာကို ပြန်မည်တဲ့။ ပိုလန် သူကလေးများကို ဂျာမနီပို့ပြီး စစ်တပ် ဆောင်ကြာမြိုင် များတွင် အလုပ်လုပ်ခိုင်းသည့် သတင်းကို မေမေကြားပြီးသားဖြစ်ပါသည်။ သည့် အတွက် ကျွန်မနှင့် ဂျာနီနာကို ခေါ်မသွားဘဲထား ခဲ့မည်တဲ့။
အတူတူ လိုက်ပါရစေဟု ကျွန်မတို့ ငိုယိုတောင်းပန်သော်လည်း မရပါ။
ဘူတာရုံလိုက်ပို့သည့်အချိန် အထိ ကျွန်မတို့ အကြိမ်ကြိမ် ထပ်ပြောပါသေးသည်။ မေမေက ခေါင်းမာစွာ ပယ်ချခဲ့ပါသည်။
ညီအစ်မ နှစ်ယောက်သည် မျက်စိသူငယ်နှင့် ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းတွင် အိပ်၍လည်းမပျော်တော့ ပါ။ အိပ်ပျော် ပြန်လျှင်လည်း အိပ်မက်ဆိုးများနှင့် လန့်နိုးလာရသည်က ခပ်များများ မိသားစုပြန်လည်ဆုံ ဆည်း ပြီး သည်လောက် မြန်မြန်ဆန်ဆန် ပြန်ခွဲရလိမ့်မည်ဟု ကျွန်မတို့ လုံးဝမမျှော်လင့်ခဲ့ ကြပါ။
ကျွန်မနှင့်ဂျာနီနာ တစ်အိပ်ရာတည်းတွင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အိပ်ကြသည်။ အိမ်ကြီး သည် ပို၍ပို၍ ခြောက်သွေ့လာ၏။ ဂျာမန်တို့သည် ပိုလန်သူကလေးများကို အခြားနေရာ များတွင်လည်း အသုံးချဖို့လုပ်နေကြောင်း ကျွန်မတို့ နားသို့ ရောက်လာသည်။
တနင်္ဂနွေ တစ်ရက် ဘုရားကျောင်းတွင် ကျွန်မ ဒူးထောက်ဝတ်ပြုနေစဉ် စစ်ဖိနပ်သံတွေ၊ တံခါးထုသံ တွေ ကြားလိုက်ရသည်။ တစ်ပြိုင်တည်းတွင် စစ်သားတွေ ၀ုန်းဒိုင်းကြဲဝင်လာပြီး " ထွက်၊ ထွက်၊ အားလုံးထွက်" ဟု အော်ကာ သေနတ်နှင့်ချိန်ရင်း အပြင်ထွက်ခိုင်းပါသည်။
ပြီးတော့ ကလေးတွေနှင့် သက်ကြီးရွယ်အိုတွေကို တစ်ဖက်၊ လူရွယ်လူလတ်ပိုင်းကို တစ်ဖက် အုပ်စု ခွဲလိုက်ကြသည်။ ထို့နောက် ကျွန်တို့ကို စစ်ကားတွေပေါ်သို့ စုပြုံမောင်းတင်ပြီး ငပိသိပ်၊ ငါးချဉ်သိပ် ခေါ်သွားပါတော့သည်။
ဂျာမန် တို့သည် စစ်ပစ္စည်းထုတ်လုပ်မှုအတွက် အလုပ်သမားတွေ အမြောက်အမြားလိုနေသည်။ ကျွန်မက ရာဒမ် ခဲယမ်း မီးကျောက်စက်ရုံ ထုပ်ပိုးရေးဌာနတွင် တာဝန်ကျသည်။
စက်ရုံထဲတွင် အသံဗလံတွေ ဆူညံကာ ဓာတုပစ္စည်းအခိုးအငွေ့တွေကလည်း လေထုထဲတွင် အသက် မရှုနိုင်အောင် ပျံ့လွင့်နေ၏။ ပင်ပန်းလွန်းသည်ပြင် လေထုညစ်ညမ်းမှုနှင့် အာဟာရချို့တဲ့မှု ကြောင့် ကျွန်မ သည် မေ့မြောလဲကျသွားတော့မလို မကြာခဏ ဖြစ်နေ၏။
နာရီပေါင်းများစွာ မတ်တတ်ရပ်ပြီး နားခွင့်မပေးဘဲ အလှလုပ်ကြရ၏။ သည်အတွက် လုပ်ခကြေး ငွေတစ်ပြား တစ်ချပ်မှ မရကြပါ။ ကျွန်မတို့သည် ဂျာမန်တို့၏ ကျေးကျွန်တွေ ဖြစ်နေလေပြီ။
--------------------------
ဆက်ရန်
.
3 comments:
Thanks.....
အပိုင်း ၄ တတ်လာမှ ဒါကို လိုက်ရှာရတယ်။
ဘယ်တုန်းက တင်လိုက်မှန်းကို မသိလိုက်ဘူး။
၃ ပြီးပြီ
Post a Comment