Friday, August 13, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၉) အဆက်

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် တစ်စုံတစ်ရာ သဘောမကျသလို မျက်မှောင်ကြုတ်လျက်-
"အဲဒီ ရိုလင်ကုမ္ပဏီရဲ့ နာမည်ကိုတော့ ပြောင်းပစ်မှဖြစ်မယ်"ဟု ပြောလိုက်ပြီးနောက် ဆက်လက်၍-
"ဟုတ်တယ်၊ အဲဒီပိုင်ဆိုင်ခွင့် အစုရှယ်ယာ တစ်ဆယ်ရာခိုင်နှုန်းကို မစ္စတာကိုဟင်က ကျူပ်ရဲ့ ကိုယ်စားလှယ် အဖြစ် ကိုင်ထားမှာ ဖြစ်တယ်။ ဒါမှနောက်ပိုင်း ပြဿနာ မပေါ်အောင် ကြိုတင်ကာ ကွယ်ရာ ရောက်မယ်" ဟု ပြောလိုက်သည်။

ခရိတ်သည် စာချုပ်ကို တစ်ခေါက် ပြန်ဖတ်ချင်ဟန်ဆောင်ရင်း စဉ်းစားနေမိသည်။ ပွဲခ(သိုမဟုတ်) ကော်မရှင် အဖြစ် ကုမ္ပဏီ၏ အစုရှယ်ယာ တစ်ဆယ်ရာခိုင်နှုန်းပေးရမည်ဆိုခြင်းမှာ မတရားရာ ကျလွန်း သည်။ ထို့ကြောင့်မည်သို့ ကန့်ကွက်အရေးဆိုရမည်နည်းဟု စဉ်းစားနေခြင်း ဖြစ်သည်။
သို့သော် စဉ်းစား၍ မရချေ။ သူ့အနေဖြင့် ထိုမျှများများ ငွေလုံးငွေရင်းချေးယူ ရရှိနိုင်ရန် အခြား နည်းလမ်း လည်း မရှိကြောင်း ဆင်ခြင်းသုံးသပ်မိလေသည်။
ရှေ့နေကြီး ကိုဟင်သည် သူ၏ဖောင်တိန်အဖုံးကို ချွတ်၍ ခရိတ်အားလှမ်းပေး လိုက်သည်။

"မစ္စတာခရိတ်ခင်ဗျား၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးရဲ့ စစ်တပ်က တပ်မှူးကြီး တစ်ယောက် ကုမ္ပဏီ အစု ရှယ်ယာ ၀င် အဖြစ်ပါဝင်နေတာဟာ ခင်ဗျားအတွက် အများကြီး အကျိုးရရှိစေနိုင်ပါတယ်"
ခရိတ် က ဖောင်တိန်ကို လှမ်းယူလိုက်ချိန်တွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ပြုံးလျက်
"ဒီစာချုပ် က မူရင်းတစ်စောင်းပဲရှိတယ်။ မိတ္တူမရှိဘူး။ အဲဒီမူရင်းကို ကျူပ်ကပဲသိမ်းထားပါမယ်"ဟု ပြောရာ ခရိတ် လည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ဤအတိုင်း ဆိုလျှင် ခရိတ်၏လုပ်ငန်းတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာက အစုပါဝင်နေခြင်းကို ပြင်ပမှ လူအများ သိရှိ နိုင်ရန် အကြောင်းမရှိချေ။ မူရင်းစာချုပ်က ဖွန်ဂါဘီရာလက်တွင်သာ လုံခြုံစွာရှိနေ မည် ဖြစ်နေ ပေသည်။

ခရိတ်အနေဖြင့် ယင်းအစီအစဉ်ကို သဘောမကျမိသော်လည်း ရိုလင်ကုမ္ပဏီ ပိုင်မြေများကို သူသည် အလွန် လိုချင်သည့် ဆန္ဒပြင်းပြနေသဖြင့် ဘာပဲဖြစ်ဖြစ်ဟု သဘောထားကာ လက်မှတ် ရေးထိုး လိုက်လေ သည်။
ခရိတ်အဖို့ စာရေးဆရာအဖြစ် လိုအပ်ချက်ဆို၍ စာရေးရန် ကလောင်သာလျှင် လိုအပ်ခဲ့သော် လည်း ယခု တော့မူ ဧရာမလုပ်ငန်းကြီးတစ်ခု၏ ပိုင်ရှင်အဖြစ် လုပ်စရာလုပ်ငန်းတာဝန်တွေ အလွန် များပြား လာတော့မည် ဖြစ်သည်။

တိုတောင်းသော အချိန်အတွင်း အရေးတကြီး လုပ်ကိုင်ဆောင်ရွက်စရာ လုပ်ငန်းတွေ အများကြီး ရှိလာပြီး ဖြစ်သည်။
ယင်းသို့ ရှေ့လုပ်မည် လုပ်ငန်းတာဝန်တွေအကြောင်း စဉ်းစားရင်းစိတ်မော်သလို ဖြစ်နေရာမှ ဆယ်လီကို ရုတ်တရက် သတိရ မိလေသည်။ ဆယ်လီနှင့်တွေ့လိုက်ရလျှင် သူမကနှစ်သိမ့်အားပေး စကားပြောမည်မှာ သေချာ သည်။

ထို့ကြောင့် ခရိတ်သည် ဆယ်လီ၏ တိုက်ခန်းကို သူ၏မော်တော်ကားဖြင့် မောင်းသွားလိုက် သည်။
သို့ရာတွင် အိမ်တံခါး ပိတ်ထားပြီး သူမအတွက် စာတိုက်မှလာသော စာများအိမ်ရှေ့ရှိ စာပုံတွင် ပြည့်လျှံ စုပုံ နေသည်ကို တွေ့ရလေသည်။ ပို၍ သေချာစေရန်ခရိတ်က အိမ်တံခါးကို ခေါက်ကြည့် ပါသော်လည်း မည်သူ မှ တံခါးလာမဖွင့်သဖြင့် ဆယ်လီ မရှိကြောင်း သေချာပေသည်။

ခရိတ်သည် သူ၏အိမ်သို့ ပြန်လာပြီး စာရေးစာပွဲတွင် ထိုင်ကာ စာရွက်တစ်ရွက်ယူကာ "လုပ်ရန် လုပ်ငန်းများ"ဟု ခေါင်းစဉ် ရေးလိုက်သည်။
ထိုအချိန် ၌ ခရိတ်သည် မိန်းကလေးတစ်ယောက်က သူ့အား ပြောခဲ့ဖူးသော စကားကို သတိရမိ လေသည်။
"ရှင်ဟာ ရှင့်ဘ၀တစ်သက်တာမှာ ကောင်းကောင်းမွန်မွန် လုပ်ခဲ့တာဆိုလို့ စာအုပ်ကောင်း ကောင်းရေးတာ တစ်ခုပဲ ရှိတယ်"
ဤသို့ မိန်းကလေးက ပြောခဲ့ခြင်းမှာ ခရိတ်သည် စာအုပ်ရေးခြင်း အလုပ်တစ်ခု သာလျှင် ကောင်း ကောင်း လုပ်နိုင်သည် ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ယခုတော့မူ မိမိလုပ်ကိုင်ရမည့် အလုပ်က စာအုပ်ရေးခြင်းထက် အဆပေါင်းများစွာ တာဝန်ကြီး သော ဒေါ်လာငွေ သန်းချီ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ရမည့် မြေယာကုမ္ပဏီလုပ်ငန်း ကြီး ဖြစ်နေလေရာ ခရိတ်သည် ထို လုပ်ငန်းကြီး ကို နိင်နင်းအောင် လုပ်နိုင်ပါမည်လောဟု သံသယဖြစ်မိလေသည်။

သို့သော် သူ၏မျိုးရိုးစဉ်ဆက် အခြေအနေကို ပြန်တွေးမိသောအခါ စိုးရိမ်ပူပန်စိတ်၊ သံသယစိတ် များ အနည်းငယ် လျော့နည်းလာ လေသည်။ သူ၏ဘိုးဘွားများ လက်ထက်ကပင် မိသားစု အနေဖြင့် ခေတ်မီ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ခဲ့ကြသည်။
ခရိတ် ကိုယ်တိုင် ငယ်စဉ်ကလေးဘ၀ကပင် ဘိုးအေကြီး ဘာဝူ၏သင်ပြပေးချက်ဖြင့် တိရစ္ဆာန် မွေး မြူရေး လုပ်ငန်း ကို အတော်ပင် နားလည်တီးခေါက်မိခဲ့သည်။ ဘိုးအေကြီးသည် မြေးဖြစ်သူ ခရိတ် အားနေ့စဉ် သူ၏ မြင်းပေါ်တင်ကာ အတူခေါ်သွားပြီး မွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှု့ ရင်းသူ၏ မြေးကလေး တစ်နေ့ ကြီးပြင်းလာလျှင် မွေးမြူရေးလုပ်ငန်း ကျွမ်းကျင်စေရန် ရည်ရွယ် ချက်ဖြင့် သင်ကြားပြသ ပေးခဲ့ သည်။

ယင်းသို့ ပြန်လည်သုံးသပ် စဉ်းစားမိသောအခါ ခရိတ်သည် စိတ်ဓာတ်တက်လာပြီး စာရွက်ပေါ်တွင် အောက်ပါ အတိုင်း ရေးချလိုက်သည်။

၁။ ဒင်နီရယ်ထံ ဖုန်းဆက်၍ ရိုလင်ကုမ္ပဏီပိုင် မြေယာများဝယ်ယူရန် အကြောင်းကြား။
၂။ အမေရိကန်ပြည် နယူးယောက်မြို့သို့ လေယာဉ်ဖြင့် အမြန်လိုက်သွား။
     က။ ကမ္ဘာ့ဘဏ် အစည်းအဝေး။
     ခ။  ဘဏ်တွင် စာရင်းရှင်ဖွင့်၍ ငွေသင်း၊ ကိုယ်ပိုင်သင်္ဘောဘာဝူကို ထုခွဲရောင်းချ။
၃။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ လေယာဉ်ဖြင့် လိုက်သွား
     က။ အစုရှယ်ယာများဝယ်ရန် စာချုပ်လက်မှတ်ထိုး။
      ခ။ ငွေပေးချေရန် စီစဉ်။

ဤသို့ လုပ်စရာရှိသည်တို့ကို ရေးမှတ်ပြီးသောအခါ ခရိတ်သည် စိတ်ပေါ့ပါး ကြည်လင်လာ လေသည်။
ထိုနောက် ဗြိတိသျှလေကြောင်း ကုမ္ပဏီသို့ တယ်လီဖုန်း ဆက်ကြည့်သောအခါ ကံအားလျော်စွာ ဒင်နီရယ် ရှိနေ သဖြင့် တိုက်ရိုက်စကား ပြောရလေသည်။
"ဟေ့လူ၊ ခင်ဗျား ဘယ်ပျောက်နေတာလဲ"

ဒင်နီရယ်က ပြောလိုက်သည့်လေသံအရ စောစောစီးစီး ယမကာအရက် စတင်မှီဝဲထားပြီး ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
"ဒီမယ်၊ ခင်ဗျား ကံကောင်းတာပဲ။ ခင်ဗျားအတွက် ပွဲခဒေါ်လာနှစ်သောင်း ငါးထောင်ရမယ့် အရောင်းအ၀ယ် အခုဖြစ်တော့မှာ သေချာပြီခင်ဗျ"
ဤသို့ အစချီကာ ခရိတ်က သူလိုအပ်သော ဒေါ်လာငွေသိန်းငါးဆယ် ချေးယူရရှိတော့မည်အ ကြောင်း အသေးစိတ် ပြောပြလိုက်သည်။
ထိုနောက် ခရိတ်သည် သူလုပ်စရာများကို ဆက်လက်စာရင်းပြုစရာ အတော်ပင် များလာလေ သည်။

အမှတ်စဉ် (၃၉)ဆိုလျှင်
"အိုကီဆိုသူကား တစ်ချိန်က ကင်းလင်းခြံကြီးတွင် စက်ပြင်ဆရာ(မက်ကဲနစ်) အဖြစ် နှစ်ပေါင်းနှစ် ဆယ်ခန့် အလုပ် လုပ်ခဲ့ဖူးသူ ဖြစ်သည်။ စက်ပြင်ဆရာအဖြစ် အလွန်ကျွမ်းကျင်သူဖြစ်၍ သူသည် လက်ထွန်စက် တစ်လုံး ကို အစတစ်စစီဖြုတ်ပြီး ရရှိသော အပိုပစ္စည်းများဖြင့် မော်တော်ကားနှစ်စီး ဖြစ်အောင် ဖန်တီး တည်ဆောက် နိုင်စွမ်း ရှိသူဟု ခရိတ်၏ ဘိုးအေကြီးက ကြွှားဝံ့ပြောခဲ့ဖူးလေသည်။
ယခု ခရိတ် က လုပ်ငန်းစလုပ်တော့မည်ဆိုလျှင် အိုကီလို ကျွမ်းကျင်သူ စက်ပြင်ဆရာတစ်ဦး အထူး လိုအပ် သောကြောင့် ရှာဖွေဆက်သွယ်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ခရိတ် သည် ဖောင်တိန် ကို ခေတ္တာချထားလိုက်ပြီး သူကိုယ်သူ ကျေနပ်ဟန်ဖြင့် ပြုံးလိုက်မိသည်။

"ဘိုးဘိုး ရေ၊ အခု ကျွန်တောက ဘိုးဘိုးရဲ့ ပိုင်နက်မြေကို ပြန်လာခဲ့ပြီခင်ဗျာ" ဤသို့လည်း ပါးစပ်မှ ရေရွတ် လိုက်မိသည်။
လက်ပတ်နာရီကို ကြည့်လိုက်သောအခါ အချိန်မှာ ဆယ်နာရီကျော်နေပြီ ဖြစ်ကြောင်း တွေ့ရလေသည်။ သို့သော် သူ့အနေဖြင့် စိတ်လှုပ်ရှားမှုကြောင့် အိပ်ရာဝင်လျှင် အိပ်ပျော်မည် မဟုတ် တထစ်ချ သိ နေလေ သည်။ ထို့ကြောင့် သူသည်ဆွယ်တာအကျီင်္တစ်ထည် ၀တ်၍ ပြင်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့လေသည်။
နောက် တစ်နာရီ ခန့်ကြာသော ခရိန်သည် ဆယ်လီ၏ တိုက်ခန်းရှေ့သို့ရောက် သွားလေသည်။

သည်တစ်ခါတော့ ပြတင်ပေါက် ပွင့်နေပြီး မီးများလင်းနေလျက်ရှိရာ ခရိတ်သည် ၀မ်းမြောက် ၀မ်းသာ အားတက် သွားကာ တိုက်ခန်းတံခါးသို့ သွား၍အသာတံခါးခေါက်လိုက်သည်။ ချက်ချင်းလိုပင် အိမ်ခန်းတွင်း မှ ဆယ်လီ ၏ အသံကိုကြားရလေသည်။
"ဘယ်သူပါလဲရှင်"
"ကျုပ်ပါ၊ ခရိတ်ရယ်ပါ"
"ဟင် ဟုတ်လား၊ အခုအချိန်က ညဥ့်သန်းခေါင် နီးနေပြီရှင့်"
"ဆယ့်တစ်နာရီခွဲပဲ ရှိပါသေးတယ်။ ကျုပ်အခုလာခဲ့တာဟာ မင်းကိုပြောစရာရှိလို့"
"ဒါဖြင့်လည်း လာလေ"
ဆယ်လီက တံခါးဖွင့်ပေးသဖြ င့် ခရိတ်သည် အတွင်းသို့ ၀င်လိုက်သည်။
ဆယ်လီမှာ ဓာတ်ပုံ အမှောင်ခန်းအတွင်း၌ ဖလင်များ ဆေးလက်စဖြစ်နေ၍ အမှောင်ခန်းထဲသို့ ပြန်ဝင်သွား လေသည်။

"ရှင်ငါးမိနစ်လောက် ခဏစောင့်နေဦးနော်။ ကျွန်မ သိမ်မကြာတော့ဘူးရှင့်။ ရှင်စောင့်နေတုန်း ကော်ဖီဖျော် သောက်နှင့် ပါလား"
ဤသို့ ဆယ်လီက အမှောင်ခန်းတွင်းမှ လှမ်းအော်ပြောလိုက်သည်။
ငါးမိနစ် ခန့်ကြာလျှင် ဆယ်လီသည် ပြန်ထွက်လာလေသည်။

"အခုလိုအချိန်မတော်ကြီး လာခဲ့တယ်ဆိုတော့ ရှင်ပြောစရာဆိုတာက တကယ်အရေးကြီးလို့ပဲ ဖြစ်မယ်"
"ကျုပ် က အခုရိုလင်ကို ပိုင်ဆိုင်လာပြီ" ခရိတ်၏စကားကို ဆယ်လီက နားလည်ပုံ မရချေ"
"နေပါအုံးရှင့်။ ရိုလင်ဆိုတာ ဘယ်သူလဲ ဘာလဲ"
"ကျုပ် တိုးရစ္စစခန်း ဖွင့်ဖို့ ရည်ရွယ်တဲ့ ဇမ်ဘောဇီဖြစ်ရေများဒေသ နယ်မြေကိုပိုင်ဆိုင်တာက ရိုလင်ကုမ္မဏီလေ"
သည်တော့မှ ဆယ်လီသည် သဘောပေါက်သွားကာ ၀မ်းမြောက်ဟန်ဖြင့် ခရိုတ်အနီးသို့ ချဉ်းကပ် လာလေ သည်။

"ဟင်၊ ဟုတ်လား။ ကျွန်မက ဒီကစ္စ ရေစုန်မျေားသွားပြီလို့ အောက်မေ့နေမိတယ်"
"ဗိုလ်ချုပ်ဖွန်ဂါဘီရာ ကိုယ်တိုင်က ဒေါ်လာငွေ သိန်းငါးဆယ် ချေးယူနိုင်ဖို့အတွက် အာမခံတယ်"
"ဟာ၊ ဒေါ်လာသိန်းငါးဆယ်ဆိုတော့ များလှချည်လားရှင့်။ ရှင်ကအဲဒီလောက်များများ ငွေကို ချေးယူမယ် ဆိုတော့ အတိုး က ဘယ်လောက်ကျနေမှာလဲ"]
ထိုကိစ္စ ကို ခရိတ်သည် မပြောလိုသဖြင့် ခေတ္တငိုင်နေမိရာ ဆယ်လီကလည်းချက်ချင်းရိပ်မိပြီး အားနာ သွားပုံ ရလေသည်။

"ကျွန်မမေးတာ စိတ်မရှိပါနဲ့နော်။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ရှင့်အတွက်သိပ်ဝမ်းသာတာပဲ။ အခုလို သတင်းကောင်း ကြားရမှတော့ ၀မ်းမြောက်တဲ့ အထိမ်းအမှတ် ယမကာသောက်မှ ဖြစ်မယ်"
ပြောပြော ဆိုဆို သူမသည် ၀ီစကီအရက်ပုလင်းထုတ်ယူလာပြီး ဖန်ခွက်နှစ်ခွက်တွင်ထည့်ကာ နှစ်ယောက် သား ဂုဏ်ပြုဧည့်ခံပွဲများမှာလို ခွက်မြှောက်ဆုတောင်းပြီး သောက်ကြလေသည်။
"ဇမ်ဘေဇီ မြစ်ရေများ စီမံကိန်းကြီး အောင်မြင်ပါစေ" ဆယ်လီက ဤသို့ဆုတောင်းပြီးမှ ဆက်လက်၍
"ကဲ အသေးစိတ် အချက်တွေ ပြောပြပါဦး၊ ရှင်ပြောလို့ ပြီးတော့မှ ကျွန်မကလည်း ရှင့်အတွက် သတင်း ကောင်း တစ်ခု ထပ်ပြောရဦးမယ်" ဟုပြောလေသည်။

ခရိတ် ကလည်း သူရည်ရွယ်ထားသော စီမံကိန်းအကြောင်း အသေးစိတ်ပြောပြလေရာ ညဥ့်သန်းခေါင် ကျော် တိုင်အောင်ပင် ဖြစ်သွားလေသည်။ မြေယာကွက်ကြီး၏တောင်ဘက်တွင် မွေးမြူရေးခြံကြီးနှစ်ခု တည်ဆောက် ပြီး မိမိတို့လူနေအိမ်ကြီးကိုလည်း ပြန်လည်တည်ဆောက်မည့် အကြောင်း၊ မွေးမြူရေးခြံ များတွင် နို့စားနွား၊ ခိုင်းနွားအမျိုးအစားကောင်းများကို ရယူမွေးမြူထား မည့် အကြောင်း စသည် တို့ကို အသေးစိတ် ပြောပြပြီးနောက်၊ ခရိတ်က အဓိကအားဖြင့် သူ၏ဇမ်ဘေဇီမြစ်ရေများ စီမံကိန်းအကြောင်းနှင့် တောရိုင်း တိရစ္ဆာန်မျိုးဆက် မပြုတ်အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး စီမံချက်အကြောင်းကို အကျယ် တ၀င့် ပြောပြလိုက် လေသည်။

ဆယ်လီ ကိုယ်တိုင် က အာဖရိက တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးကို အထူးစိတ်ဝင်စားမှန်း သိ၍လည်း ခရိတ် က အသေးစိတ်ပြောပြလိုက်ခြင်း ဖြစ်လေသည်။
"နောက်ပြီး၊ ကျုပ်တစ်ခုလည်း စဉ်းစားမိသေးတယ်။ ကျုပ်ရဲ့လုပ်ငန်းမှာ အမျိုးသမီးတစ်ယောက် ပါရင် ကောင်းမယ် ထင်တယ်။ စီမံကိန်းတွေ  အကောင်အထည်ဖော်ရာမှာ စိတ်ကူးကောင်းကောင်းနဲ့ အကွက်ချ စီမံ ပေးဖို့လိုတယ်။ အဲဒီအမျိုးသမီးကလည်း အာဖရိကတိုက်ရဲ့ သဘာဝရှုခင်းတွေ အကြောင်းစိတ်ဝင်စားပြီး နားလည်မှု ရှိတဲ့ အမျိုးသမီးဖြစ်ဖို့လိုတယ်"
ခရိတ် က စကားကို အဆုံးသတ်လိုက်လျှင် ဆယ်လီသည် ချက်ချင်းပင်ဆိုလိုသည့် အဓိပ္ပာယ်ကို သဘော ပေါက် သွားလေသည်။

"ဒီမယ်ခရိတ်၊ ရှင်အခုပြောလိုက်တာဟာ ကျွန်မကို ရည်ရွယ်ပြီး ပြောတာဆိုရင် မလွယ်ဘူးထင်တယ်။ ကျွန်မ ဟာ ကမ္ဘာတောရိုင်းများ ကာကွယ်စောင့်ရှောင့်ရေးအဖွဲ့ချုပ်ရဲ့ ထောက်ပံ့မှုနဲ့ ဒီကို လာနေရသူ ဖြစ်တော့ ကျွန်မကသူတို့အတွက်ပဲ အချိန်ပြည့် လုပ်အားပေးရမယ်ရှင့်"
"မင်းအနေ နဲ့ ကျုပ်ရဲ့ အလုပ်မှာအချိန်ပြည့် ၀င်လုပ်ဖို့မလိုပါဘူးကွဲ့။ လုပ်ငန်းရဲ့အတိုင်ပင်ခံ အကြံပေး ပုဂ္ဂိုလ် သဘောသက်သက်ပါပဲ။ မင်းအားလပ်လို့ အချိန်ရတဲ့ တစ်နေ့တလေ မင်းရဲ့လေယာဉ်နဲ့ မောင်းလာပြီး ကြည့်ရှုအကြံပေးဖို့လောက်ပဲ တာဝန်ရှိမှာပါ။ ကျုပ်အခြေကျလို့ လည်ပတ်လာတဲ့ အခါ ကျတော့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို မင်းကအာဖရိကတိုက် အကြောင်း တောရိုင်း တိရစ္ဆာန် တွေရဲ့ သဘာဝအကြောင်းတွေကို ဟောပြောပို့ချတာတို့၊ မင်းရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဆလိုက် ရုပ်ရှင် ပြစက်နဲ့ ပြသရင်း ရှင်းပြတာတို့၊ အဲဒီလုပ်ငန်းတွေရံဖန်ရံခါ လုပ်ပေးဖို့ပဲ ဖြစ်ပါတယ် ဆယ်လီရယ်"

ခရိတ် က ဤသို့ပြောလိုက်ခြင်းမှာ ဆယ်လီအနေဖြင့် မုချစိတ်ပါဝင်စားမည့်အချက် ကို အဓိကထား ပြောလိုက်ခြင်း ဖြစ်သည်။ သူမ၏ ဓာတ်ပုံလက်ရာများခင်းကျင်းပြသရန် အခွင့်အရေး ရမည်ဆိုလျှင် ဆယ်လီ သည် မလွဲမသွေ စိတ်ပါဝင်စားလိမ့်မည်ဟု တွက်၍ ပြောလိုက်ခြင်းဖြစ်သည်။
တကယ်လည်း ဆယ်လီက အနုပညာသမားပီပီ စိတ်ဝင်စားလာပုံ ရလေသည်။

"ကျွန်မ က အတိအကျ ကတိတော့ မပေးနိုင်သေးဘူးရှင့်"
ဤသို့ ဆယ်လီ က ခပ်တည်တည်ပြောလိုက်သော်လည်း တကယ်တော့ ဟန်ဆောင်ပြောခြင်းသာ ဖြစ်ပြီး စိတ်ထဲ ကတော့ သူမသည် ခရိတ်၏ ကမ်းလှမ်းချက်ကို စိတ်ဝင်စားရုံမက လက်ခံသည့် အသွင်မျိုး ဖြစ်နေသည် မှာ သိသာထင်ရှားနေပေသည်။
"သြော်ဒါထက် မင်းက ကျုပ်အတွက် သတင်းကောင်း ပြောစရာရှိသေးတယ်ဆို"
ခရိတ် က အသိပေးလိုက်မှ ဆယ်လီသည် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါရဲ့၊မေ့နေလိုက်တာ၊ ကျွန်မကသတင်းကောင်း ပြောစရာရှိတာ အမှန်ပဲ။ ဒီမယ် တောရိုင်း တိရစ္ဆာန် တွေ ကို မတရားခိုးသတ်ဖြတ်တဲ့ ဂိုဏ်းရဲ့အဓိက ထိပ်သီးခေါင်းဆောင်ကို သိရဖို့ ကျွန်မကသဲလွန်စ ရထားပြီရှင့်"
"ဟေ၊ ဟုတ်လား၊ အဖိုးတန် ဆင်ကြီးတွေ ခိုးသတ်နေတဲ့ ဂုဏ်းရဲ့ခေါင်းဆောင်လား။ ဒါဟာ တကယ့် သတင်းကောင်း ပဲပေါ့။ အဲဒီလူက ဘယ်မှာလဲ။ ဘယ်လိုလုပ်ပြီး ခိုးသတ်တာလဲ"
ခရိတ် က ၀မ်းသာအားဂရ ဖြစ်လျက် ပြန်ေးလိုက်သည်။

"လွန်ခဲ့တဲ့ဆယ်ရက်အတွင်း အရှေ့ပိုင်း တောင်တန်းဒေသကို ကျွန်မသွားနေခဲ့တာ ရှင်သိတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မက ရှင့်ကိုဘာသွားလုပ်တယ်ဆိုတာ အသေးစိတ်ပြောမပြခဲ့ဘူး။ တကယ်တော့ ကျွန်မ ဟာ ကမ္ဘာတောရိုင်းတိရစ္ဆာန်များကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ တာဝန်ပေးချက်အရ ကျားသစ် သတ္တ၀ါ တွေ အကြောင်းလေ့လာရေးသွားတာ ဖြစ်တယ်။ ကျားပေါက်တဲ့ စေသမှာ ကျွန်မနဲ့ အဆက် အသွယ် ရှိတဲ့ လူတွေ တော်တော်များများ ရှိတယ်။ ကျွန်မရဲ့လုပ်ငန်းက တော့ထဲလက်ရှိ ရှိနေတဲ့ ကျာသစ် သတ္တ၀ါတွေရဲ့ ကောင်ရေစာရင်းကို ကောက်ယူပြုစုရတဲ့ အပြင် ကျားသစ်တွေ သွားလာ ကျက်စား တဲ့ နေရာ တွေကိုပါ လေ့လာ မှတ်သားကြရပါတယ်။

ဒါအပြင် ကျားသစ်တွေ အစာအဖြစ် သားကောင်ဖမ်းယူတာတို့၊ ကျားသစ်မတစ်ကောင်က သားပေါက်ပြီ ဆိုရင် ဘယ်နှစ်ကောင် မွေးတယ်ဆိုတာကအစ အတိအကျ စာရင်းပြုစု မှတ်တမ်း တင်ရ ပါတယ်။ကျွန်မရဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးတဲ့ လူတစ်ယောက်အကြောင်း ပြောရဦးမယ်။ ဒီလူ ဟာ အသက်ရှစ်ဆယ်အရွယ် အဘိုးကြီးဖြစ်ပြီး တစ်ချိန်က သားရဲတိရစ္ဆာန်တွေ ခိုးသတ်တဲ့ ဂိုဏ်းထဲမှာ ပါခဲ့ ဖူးတယ်။ သူကရှန်ဂါနီ တိုင်းရင်းသားလူမျိုး တစ်ဦးပါ။ အလွန်ပျော်ပျော်နေတတ်ပြီး ၀ီစကီအရက်ကိုကိုလည်း သိပ်ကြိုက် တယ်။ ခပ်တေတေ အဘိုးကြီးတစ်ယောက်ဆိုပါတော့ရှင်။ ဒါနဲ့ ကျွန်မတို့ဟာ ဗန်ကောက် တောင်ပေါ်ဒေသကို သွားလေ့လာကြတုန်း၊ တစ်နေ့စခန်းမှာ သူနဲ့ကျွန်မ နှစ်ယောက်တည်း ရှိနေတုန်း အဘိုးကြီးလွှတ်ခနဲစကားတစ်ခု ပြောလိုက်မိတယ်။ တကယ်လို့ သူကကျားသစ်ရေ တစ်ခုရအောင် ယူနိုင်ရင် ဒေါ်လာ ငွေနှစ်ရာ ပေးဝယ်ယူဖို့ အသင့် ရှိသတဲ့။

အဲဒီ ၀ယ်နိုင်သူကလည်း ကျားသစ်ရေဆိုရင် ရနိုင်သလောက် ၀ယ်ယူဖို့ အသင့်ရှိသတဲ့။ နောက်ပြီး ကျာသစ် တွေကို အလွယ်တကူ ဖမ်းနိုင်အောင် သံမဏိထောင်ချောက်တွေကို ၀ယ်သူတွေက ပေးမယ်လို့လည်း ပြောတယ်တဲ့။ ကျွန်မကလည်း စိတ်ဝင်စားလာတာနဲ့ အကြောင်းစုံသိရအောင် အဘိုးကြီးကို အရက် ထပ်တိုက်ပြီး အစ်မေးကြည့်တာပေါ့။ အဲဒီလိုကျားသစ်ရေတွေကို ဈေးကောင်းပေးပြီး ၀ယ်မယ့်လူက အ၀တ် အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ တိုင်းရင်းသား လူမည်း လူငယ်တစ်ယောက်ပဲတဲ့။

အဲဒီလူက လာတဲ့အခါ အစိုးရပိုင်လင်ရိုဗာကားတစ်စီးနဲ့ လာတတ်တယ်လို့လည်းဆိုတယ်။ အဘိုးကြီးက ကျားသစ် တွေကိုခိုးသတ်တာကို မိသွားရင် ဖမ်းဆီးထောင်ချခံရမှာ ကြောက်တယ်လို့ ပြောတော့လူငယ်က အဖမ်း မခံရဘူးလို့ အာမခံချက် လည်းပေးတယ်ဆိုပဲရှင့်။ ဒါတင်မကသေးဘူး။ အဘိုးကြီးကို ဟာရာရေ မြို့တော် က ထိပ်သီးပုဂ္ဂုလ်ကြီးတစ်ဦးက ကာကွယ်စောင့်ရှောက်ထားမယ်လို့လည်း ပြောသေးတယ်တဲ့။ အဲဒီ ပုဂ္ဂိုလ် က တစ်ချိန်က တော်လှန်ရေးစစ်ပွဲအတွင်းက နာမယ်ကြီး စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး အခုတော့ ဇင်ဘာဘွေအစိုးရအဖွဲ့မှာ ၀န်ကြီးတစ်ဦး ဖြစ်နေတဲ့အပြင် သူ့ကိုယ်ပိုင် စစ်တပ်တစ်ခုကို လည်း ဖွဲစည်း ကွပ်ကဲ ထားတယ်လို့လည်း ဆိုတယ်"
ဤသို့ပြောပြီး ဆယ်လီသည် ခရိတ်အား ဖိုင်တွဲတစ်ခုကို ယူ၍ပြလေသည်။

ဖိုင်တွဲ၏အပေါ်ဆုံး စာရွက်တွင် ဇင်ဘာဘွေနိုင်ငံ အစိုးရအဖွဲ့ (ကက်လိနက်) ၀န်ကြီးများ အမည်စာရင်း အပြည့် အစုံ ဖော်ပြထားလေသည်။
စုစုပေါင်း ၀န်ကြီး နှစ်ဆယ်ခြောက်ဦးရှိပြီး ယင်းတို့၏ နာမည်နှင့်တကွ တာဝန်ယူထားသည့် ၀န်ကြီးဌာန များ၏ စာရင်းကိုပါ တွဲလျက် ဖော်ပြထားသည်။
ဆယ်လီ သည် ထိုအမည်စာရင်းကို ထောက်ပြရင်း ထပ်မံ၍ ရှင်းပြလေသည်။

"ဒီစာရင်းမှာ နာမည်နှစ်ဆယ်ခြောက်ခုပါပေမယ့် ကျွန်မတို့က အားလုံးကိုစဥ်းစားဖို့ မလိုဘူးရှင့်။ ရှန်ဂါနီ အဘိုးကြီး ပြောတဲ့အတိုင်းဆိုရင် ဂိုဏ်းခေါင်းဆောင်ဝန်ကြီးက တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တယ် လို့် ဆိုတယ် မဟုတ်လား။ အခုဒီစာရင်းထဲပါတဲ့ ၀န်ကြီးတွေထဲမှာ တော်လှန်ရေးစစ်ပွဲ အတွင်းက လက်တွေ့ ပါဝင် တိုက်ခိုက်သူဆိုလို့ လူနည်းနည်းပဲရှိတယ်။ ကျန်တဲ့ဝန်ကြီးတွေက လန်ဒန်မြို့ က ဇိမ်ခံဟိုတယ် လို နေရာမျိုး မှာသာနေရင်း တော်လှန်ရေးစစ်ပွဲ ပြီးသွားတာပဲ"
ဒုတိယ စာမျက်နှာတွင်ကားလူခြောက်ဦီး၏ အမည်များကို ဖော်ပြထားသည်။

"အဲဒီ လူခြောက်ယောက်ကတော့ ဇင်ဘာဘွေ တော်လှန်ရေးစစ်ပွဲအတွင်းက မပ်မှူးတွေအဖြစ် ပါဝင် တိုက်ခိုက် ခဲ့ကြတယ်"
ဆယ်လီက ရှင်းပြလျှင်ခရိတ်က
"ခြောက်ယောက်ဆိုတော့ များလွန်းတယ်။ ဒီထဲက ဘယ်သူဖြစ်နိုင်တယ်ဆိုတာ စဉ်းစားရမယ်" ဟုပြောရင်း ဒုတိယ စာရွက် ကို ပြန်ကြည့်လိုက်ရာ လူခြောက်ဦး၏ နာမည်ထိပ်ဆုံး၌ ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ အမည်ကိုတွေ့ရ လေသည်။

"ကျွန်မ တို့ အနေနဲ့ ဒီနာမည်ခြောက်ခုထဲက စဉ်းစားရွေးထုတ်ဖို့က မခက်ပါဘူးရှင့်။ မှောင်ခိုဂိုဏ်းကြီးကို ကြီးကြပ် ကွပ်ကဲ တဲ့ ခေါင်းဆောင်ဟာ လက်ရှိဝန်ကြီးတစ်ဦးဖြစ်နေတဲ့အပြင် ကိုယ်ပိုင်သီးသန့် စစ်တပ်လည်း ဖွဲ့စည်းထားတယ်လို့လည်းဆိုတယ်။ ဒါဆိုရင် လက်ရှိဇင်ဘာဘွေအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်အုပ်စုရဲ့ စစ်တပ်ဖြစ်နိုင်တာပေါ့။ ကျွန်မသိသလောက် လက်ရှိအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တွေက မာတာဘယ်လီတိုင်းရင်းသား တွေဖြစ်တယ်။ ဒီတော့ သူတို့ရဲ့ ခေါင်းဆောင်ဟာလည်း မာတာဘယ်လီ လူမျိုးပဲဖြစ်ရမယ် မဟုတ်လား"
ဆယ်လီ သည် ပြောပြောဆိုဆို ဖိုင်တွဲမှ တတိယစာရွက်ကို လှန်ပြလေသည်။
ထိုစာရွက်အား အမည်တစ်ခုတည်းသာ ရေးထားလေသည်။

"တော်လှန်ရေး စစ်ပွဲတုန်းးက ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့ တပ်မှူးတစ်ဦးက မာတာဘယ်လီ လူမျိုးလည်း ဖြစ်တယ်။ အခုသူဟာ တိုးရစ္စခရီးသွားလာရေးဌာန၀န်ကြီးဖြစ်နေတယ်။ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်ရေး ဌာနကလည်း အဲဒီဝန်ကြီးဌာနလက်အောက်မှာ ရှိနေတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ကျွန်မ ကို အရက်သမားအဘိုးကြီး ပြောတာတွေနဲ့ ကိုက်ညီနေတယ်ရှင့်"
ခရိတ် သည် စာရွက်ပေါ်တွင် ရေးထားသောအမည်ကို အသံထွက်အောင်ဖတ်လိုက်သည်။
"တွန်ဂါတာ"

သူ၏ငယ်ပေါင်း မိတ်ဆွေရင်း တွန်ဂါတာဖြစ်နေ၍ ခရိတ်သည် ဆင်ခိုးသတ်ဂိုဏ်း၏ ထိပ်သီး ခေါင်းဆောင် ဟူ၍ ခက်နေလေသည်။ မဟုတ်ပါစေနှင့် ဟုလည်း စိတ်ထဲမှာ ကျိတ်၍ မျှော်လင့်မိသည်။
"ဒါမေမဲ့ကွာ တွန်ဂါတာဟာ ကျုပ်နဲ့အတူ တစ်ချိန်က တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လူပဲ။ သူကကျုပ်လက်အောက်မှာ အလုပ်လုပ်ခဲ့တယ်"
ခရိတ်ကပြောနေစဉ် ဆယ်လီက ကြားဖြတ်လျက်
"ဟုတ်တယ်လေ၊ ဒါပေမဲ့ ရှေးလူကြီးများရဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လားရှင့်။ အဖိုးတန် ရတနာ တွေကို ကာကွယ်စောင့်ရှောင့်ဖို့ တာဝန်ကျတဲ့လူတွေက  အဲဒီရတနာတွေ ခိုးယူဖို့ အခွင့်အရေးပိုပြီး ရှိတယ် ဆိုတဲ့ စကားလေ" ဟုပြောလိုက်သည်။

"မင်းပြောတာမှန်ပါတယ်။ သို့သော်လည်း တွန်ဂါတာအနေနဲ့ ဘာဖြစ်လို့ ငွေးကြေးအမြောက်အမြား လိုချင်တဲ့ လောဘထွက်မှာလဲ။ တိရေစ္ဆာန်တွေ ခိုးသတ်တဲ့ဂိုဏ်းရဲ့ အကြီးအကဲဆိုရင် ဒေါ်လာငွေ သန်းချီပြီး ချမ်းသာ ကြွှယ်ဝ နေမှာဘဲ။ တွန်ဂါတာကရိုးရိုးကလး နေတတ်တဲ့လူ ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်အိမ်တို့ အဖိုးတန် မော်တော်ကားတို့လည်း မရှိတာ လူတိုင်းသိတယ်။ သူ့မှာကိုယ်ပိုင် မြေယာတွေလည်း မရှိဘူး"
"ဒါတွေမရှိတာ မှန်ပေမယ့် အဲဒါတွေထက် ပိုပြီးငွေကုန်ကြေးကျများတဲ့ ရည်မှန်းချက်တစ်ခု ရှိခင်ရှိနေမှာပေါ့။ အဲဒါ ကတော့ နိုင်ငံရေးအာဏာ ရလိုမှုပဲ"
ခရိတ် က အံ့အားသင့်ပြီး ငေးကြည့်နေမိစဉ် ဆယ်လီကပင် ဆက်ပြောပြန်သည်။

"ရှင်ပဲစဉ်းစားကြည့်လေ၊ နိုင်ငံရေးအာဏာ လိုချင်တဲ့လူဆိုရင် ကိုယ်ပိုင်သီးသန့် လက်နက်ကိုင် ဖွဲ့စည်းထားရမယ် မဟုတ်လား။ အဲဒီလကန်က်ကိုင်တပ်အတွင်း စရိတ်စက ငွေကြေးအမြောက် အမြားလိုမှာ သေချာတယ်"
ဆယ်လီပြောသည့်အတိုင်း တကယ်ပင် ဖြစ်နိုင်ကြောင်း ခရိတ်ရင်ထဲမှ ရင်နင့်စွားနှင့်ပင် ဆင်ခြင်သုံးသပ် မိလေသည်။ ကမ္ဘာဘဏ် ဒုဥက္ကဌ ဟင်နရီကလည်း ဇင်ဘာဘွေနိုင်ငံတွင် ဆိုဗီယက်တို့၏ လျှို့ဝှက် အားပေး ကူညီမှု ဖြင့် အာဏာသိမ်းရန် ကြံစည်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်းသတိပေးပြောခဲ့သည်။
လက်တွေ့ အားဖြင့်လည်း ဆိုဗီယက်တို့သည် ဇင်ဘာဘွေ တော်လှန်ရေးစစ်ပွဲအတွင်းက မျက်နှာဖြူ အစိုးရ အား တိုက်ခိုက်ခဲ့ကြသော တိုင်းရင်းသား တော်လှန်ရးအုပ်စု နှစ်စုအနက် မာတာဘယ်လီ လူမျိုးတို့၏ အုပ်စုဘက် မှ အားပေး ကူညီခဲ့ကြောင်း ခရိတ်ကမှတ်မိလေသည်။

ထို့ကြောင့် အကယ်၍ ဆိုဗီယက်ရုရှတို့၏ ဇင်ဘာဘွေနိုင်ငံတွင် သူတို့သြဇာခံအစိုးရ အာဏာရရေး ကိုလျှို့ဝှက်စွာ အားပေးမည်ဆိုပ်က ခေါင်းဆောင်အဖြစ် မာတာဘယ်လီ လူမျိုးတစ်ဦးကိုသာ ရွေးချယ် တောက်ခံမည် ဖြစ်ပေသည်။
သို့ဖြစ်လင့်ကစား ခရိတ်သည် သူ၏မိဆွေ တွန်ဂါတာလို လူကတိရစ္ဆာန်များ မတရားခိုးသတ်သည့် မှောင်ခိုဂိုဏ်းကြီးကို ကြီးကြပ်ကွပ်ကဲသူ ဖြစ်ပါမည်လောဟု သံသယ ဖြစ်မိလေသည်။
တွန်ဂါတာ သည် ငယ်စဉ်က ခရစ်ယာန် သာသနာပြုကျောင်းတွင် ပညာသင်ကြားခဲ့ရသဖြင့် ရည်မွန်ပြီး ကိုယ်ကျင့် တရား ကောင်းမွန်သူဖြစ်ကြောင်း ခရိတ်ကောင်းစွာသိပေသည်။ မျက်နှာဖြူ အစိုးရလက်ထက်က တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးဌာနတွင် ခရိတ်နှင့်အတူ အမှုထမ်းခဲ့စဉ်ကလည်း လုံးဝ အပြစ် ဆိုစရာမရှိအောင် ရိုးသားဖြောင့်မတ်စွာ အမှုထမ်းခဲ့သူလည်း ဖြစ်သည်။
စစ်ပွဲအတွင်းက ခရိတ်၏ခြေထောက်တွင် ပြင်းစွာဒဏ်ရာရခဲ့စဉ်ကလည်း တွနှ်ုဂါတာကပင် မိတ်ဆွေကောင်း ပီသစွာ ကူညီစောင့်ရှောင့်ခဲ့သည်။

ယခုတွန်ဂါတာသည် နိုင့်ငံရေးအာဏာရူး တိရစ္ဆာန်ခိုးသတ်ဂိုဏ်း၏ ထိပ်သီးခေါင်းဆောင် ဖြစ်နေသည် ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လော။ ထို့ကြောင့် ခရိတ်သည် ဆယ်လီအား လှမ်းကြည့်လျက် "ဒီလူက ကျုပ်ရဲ့ မိတ်ဆွေပဲ" ဟုပြောလိုက်သည်။

"တစ်ချိန် ကတော့ ရှင့်မိတ်ဆွေ ဖြစ်ခဲ့တာ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့အခုသူက ပြောင်းလဲသွားပြီရှင့်။ မကြာသေး ခင်က ရှင်သူနဲ့သွားတွေ့တော့ ရှင့်ကိုရန်သူလို ဆက်ဆံလိုက်တယ် မဟုတ်လား၊ ရှင်ကိုယ်တိုင်ပဲ ကျွန်မကို ပြောပြခဲ့တယ်လေ"
ခရိတ်လည်း ၀န်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။ တစ်ချိန်တည်မှာ ပင်သူတည်းခို သည့် ဟိုတယ် သို့ ထောက်လှမ်းရေးအထူးရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေသွားပုံကို သတိရမိသည်။ ဟိုတယ် မန်နေဂျာ ၏ ပြောပြချက်အရ ယင်းသို့ရှာဖွာရခြင်းမှာ ထိပ်သီးပုဂ္ဂုလ်ကြီးကြီးတစ်ဦး၏ ညွှန်ကြားချက် အရ ဟု လည်း ဆိုသည်။

ဝန်ကြီးတွန်ဂါတာအနေဖြင့် မိမိသည် ကမ္ဘာဘဏ်၏ ဧဂျင်း(သူလျှိ) တစ်ဦးဖြစ်ကြောင်း သံသယ ဖြစ်ဟန် တူသည်။
ဇင်ဘာဘွေ နိုင်ငံတွင် သားရဲတိရစ္ဆာန်များ တရားမ၀င် ခိုးသတ်ခြင်းကိစ္စ နိုင်ငံရောအာဏာ သိမ်းယူရန် လျှို့ဝှက်ကြံသည်မှု ကိစ္စတို့ကို လာရောက်စုံစမ်း ထောက်လှမ်းရန် တာဝန်ဖြင့် မိမိလာရောက်ခြင်း ဖြစ်သည် ဟု သင်္ကာမကင်း ဖြစ်ပုံရသည်။

ထို့ကြောင့်သာလျှင် ၀န်ကြီးတွန်ဂါတာသည် ဇင်ဘာဘွေနိုင်ငံတွင် မြေယာဝယ်ပြီး အခြေစိုက် အလုပ် လုပ်ရန် ရည်ရွယ်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင် နှောက်ယှက်ခြင်း ဖြစ်တန်ရာသည်။
"အင်း... ကျုပ်စိတ်ထဲတော့ ဘ၀င်မကျသလို ဖြစ်မိတယ်။ ဒါပေမဲ့လည်း တကယ်ကတော့ မင်းပြောသလို ဖြစ်နိုင် ပါတယ်"
ခရိတ် က ၀န်ခံသလို ပြောလိုက်ရာ ဆယ်လီက
"ကျွန်မ တော့ သိပ်သေချာတယ်လို့ ထင်မိတယ်ရှင့်" ဟုပြန်ပြောလေသည်။

"ဒီတော့ မင်းက ဘာလုပ်မယ် စိတ်ကူးသလဲ"
"ကျွန်မကတော့ ဒီအထောက်အထားတွေ ယူပြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာ ဆီကိုသွားမယ်"
"ဒီလိုဆိုရင် ဖွန်ဂါဘီရာက တွန်ဂါတာကို အပြုတ်တိုက်ချတော့မှာပဲ"
"တွန်ဂါတာက ကောင်းမှ မကောင်းဘဲရှင့်။ သူဟာတကယ့် လူဆိုးကြီးဖြစ်နေတယ်"
"သူက ကျုပ်ရဲ့ မိတ်ဆွေဖြစ်တယ်"
"အတိတ်ကာလ တစ်ချိန်ကသာ ရှင်ရဲ့မိတ်ဆွေ ဖြစ်ခဲ့တာပါ။ သူဟာဘယ်လောက် ပြောင်းလဲလာ တတ်တယ် ဆိုတာ သိတယ်မဟုတ်လား။ နိုင်ငံရေး အာဏာနဲ့ပတ်သက်လာရင်လည်း လူတွေဟာ အကြီး အကျယ် ပြောင်းလဲ လာနိုင်တယ်။ စိတ်ထားပြောင်းနိုင်တယ်။

"ဘာပဲဖြစ်ဖြစ်ကွာ၊ ကျုပ်အနေနဲ့ ဒီအဖြစ်ကို စက်ဆုပ်မိတယ်"
"ဒီမယ် ကျွန်မနဲ့အတူ ရှင်ပါဗိုလ်ချုပ် ဖွန်ဂါဘီရာဆီ လိုက်ခဲ့ပါလား။ ကျွန်မကတွန်ဂါတာအပေါ် စွပ်စွဲချက် တင်ပြ တဲ့ အခါ ရှင်ပါ ရှိနေစေချင်ပါတယ်။
ပြောပြောဆိုဆို ဆယ်လီသည် ခရိတ်၏ လက်တစ်ဖက်ကို အသာဆုပ်ကိုင်လိုက်သည်။
"ကွှန်မ ရှင့်အတွက် ၀မ်းနည်းပါတယ်ရှင်၊ တကယ်ပဲ စိတ်မကောင်းပါဘူး"
ဤသို့လည်း ဆယ်လီ က နှစ်သိမ့်သလို ပြောလိုက်သည်။

အခန်း (၁ဝ) ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ဆရာမရေ.. အပိုင်း(၉) ကို ဖတ်သွားပါပြီခင်ဗျ..
ကျေးဇူး တင်ပါတယ်

ခင်မင်စွာဖြင့်
ဇော်သိင်္ခ