Friday, August 13, 2010

ကြယ်နီ အပိုင်း (၃၂)

ဗျိုင်းကျွန်းအင်းသားကြီး ဖိုးရွှေသီး

 (၁ )

အဟမ် ... အဟမ်း ... ကျုပ်ကတော့ ဘာလဲလို့ဆိုတော့ ဗျိုင်းအင်းသားကြီး ဖိုးရွှေသီးကိုဗျ၊ နှယ်နှယ်ရရတော့ မမှတ်လိုက်ကြနဲ့ဗျ နော်၊ ဖိုးရွှေသီး ဖိုးရွှေသီးနဲ့ ဒီနယ်တရိုးမှာ ဟိုးဟိုးကျော်နေ တာ ကျုပ်မှ ကျုပ်အစစ်ပဲဗျ။ မကျော်ဘဲ နေနိုင်ရိုးလား ... ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သာမညောင် ည ကျုပ်မဟုတ်ဘဲ တမိုးအောက် တစ်ယောက် လို့ ဆိုလောက်တဲ့ အာဂ ကျုပ် ပေကလားဗျ။ ဟဲ ... ဟဲ ... ကြွားတယ်လို့ မထင်ကြနဲ့နော်၊ တကယ် ပြောနေတာ။

ကျုပ်တို့ဆီမှာတော့ အင်းပိုင်တဲ့ အင်းသားကြီးဆိုရင် တယ်ပြီး မျက်နှာကြီးတာကလားဗျာ၊ မျက်နှာ ပွင့်ဆေး လိုချင်ရင် ပီယဆေး မဆောင်နဲ့၊ လေလံမှာ တက်ပြီး အင်းကိုသာ ရအောင်ဆွဲ၊ မလွဲတမ်း မျက်နှာ ပွင့်လန်း ရမှာပေါ့ဗျာ။ သမီးကညာ ဆက်ချင်တဲ့ လူကလည်း မရှားဘူး၊ ငှက်ပျော၊ သခွား၊ တောရှောက်၊ မာလကာ စတဲ့ ခြံထွက်သီးနှံတွေကို လက်ဆောင်ပဏ္ဏာ ဆက်သချင်တဲ့ လူတွေက လည်း အပုံပေါ့လေ...။ သမီးကညာ ဆက်ချင်တဲ့ လူတွေကတော့ ကျုပ် အင်းပိုင်နက်ထဲက အင်း လက်တက်ကလေးတွေကို အဖိုးချိုချိုနှင့် လုပ်နိုင်ခွင့် ရအောင် သမီးကညာ ဆက်သပြီး မျက်နှာချိုး သွေးတာပေါ့ဗျာ...။ ပြီးတော့ ခင်ဗျားတို့ မြို့မှာ မင်းကတော်၊ ဗိုလ်ကတော်ဆိုတဲ့ ဘွဲ့ထူးကို သမီး ရှင်တိုင်းက မက်မောသလို ကျုပ်တို့ဆီမှာလည်း အင်းသားကြီးကတော်ဆိုတဲ့ ဘွဲ့ထူးကို သမီးရှင် တိုင်းက ငမ်းငမ်းတက်ဖြစ်နေကြတာကလားဗျ။ အဲ ခြံထွက် သီးနှံတွေကို လက်ဆောင်ပဏ္ဏာတွေကို ပို့ဆက်ပြီး မျက်နှာလို မျက်နှာရ လုပ်ကြတာပေါ့ဗျာ။

အဲဒီလို အင်းသားကြီးဆိုရင် မျက်နှာကြီးတဲ့အခါမှာ ကျုပ်ဟာ ဒီ ဗျိုင်းကျွန်းအင်းကို တစ်နှစ်မှ အလွတ် မပေးဘဲ ရအောင် ဆွဲနိုင်တဲ့ လူဆိုတော့ ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်သလို ကျော်ကြား ပေမပေါ့ဗျာ။ ကျုပ်ဟာ ဒီအင်းနဲ့ပဲ စီးပွားတက်ပြီး အိမ်ကြီးရခိုင်နဲ့ ဘာနဲ့ အကျအန နေနိုင်လာတယ်။ အဲဒါကို မနာလို မရှုဆိတ်တဲ့လူတွေက ကျုပ်ကို အပြုတ်ချမယ်ဆိုပြီး အမျိုးမျိုး ကြံကြတာပေါ့၊ လေလံမှာလည်း တက်ပြီး ကျုပ်နဲ့ အပြိုင် လုဆွဲကြသေးတယ်လေ၊ ဒါပေမဲ့ ဖိုးရွှေသီးကို သူတို့ ဘာရမလဲဗျာ၊ ကျုပ်က သူတို့လို အနုညာတ အထိုင်း အအကြီးတွေမှာ မဟုတ်ဘဲလား ဗျ။

ပါးပြီး ပေါက်နေတဲ့လူ၊ ချက်ဆိုရင် နားခွက်က မီးထ တောက်တဲ့လူ၊ လျင်လွန်အားကြီးလို့ ခေတ်ရှေ့က ဒုန်းပြေးနေရတဲ့ လူဆိုတော့ ဒင်းတို့တစ်တွေ အင်းမရဘဲ ရှိတဲ့ ပစ္စည်းကလေးတွေတောင် ပြုတ် ပြုတ်ပြုန်း ကုန်ပါရော လားဗျ။
ကျုပ်ကို  လာတုလို့ ဖြစ်တာ မဟုတ်ဘူးဗျ။ ဖားတုလို့ ခရုခုန်ရင် အိုင်ပျက်ရုံသာ ရှိတော့မပေါ့၊ ဆီမီး ခွက်က လကို ပြိုင်၊ ဒီကမ္ဘာ နိုင်နိုင်ရိုးလား ဆိုသလိုပေါ့ လေ။ ကျုပ်က ကျုပ်လုပ်ငန်းနဲ့ ပတ်သက် လာရင် အပေါင်း အသင်း အဆက်အသွယ် ငွေရေးကြေးရေးက စပြီး လုပ်ခန်းကိုင်ခန်းအထိ လာဘ်မြင်ပြီး ကျွမ်းကျင် ပြီးသား လူမို့ ကျုပ်ကို ယှဉ်ပြိုင်လာတဲ့လူဟာ ကာလနာ တိုက်တာကမှ သက်သာလိမ့်ဦးဒမယ်ဆိုတာ ကျုပ်က ပြောရဲ ပါတယ်ဗျာ။

ခေတ်ဟောင်းတုန်းကဆိုရင် ဗြူလိုကလက်ဆိုလား ဘာလားဗျာ၊ ကျုပ်တော့ ကောင်းကောင်း မခေါ် တတ်ပါဘူး၊ အဲဒီ အရာရှိတွေကို ကျုပ် အများဆုံး ပေါင်းထားရတာပေါ့၊ ပေါင်းဆိုပေမဲ့ သူငယ်ချင်း မျိုး ပေါင်းတာမျိုး မဟုတ်ဘူးနော်။ ဆရာနဲ့တပည့်၊ သခင်နဲ့ကျွန်လို ပေါင်းရပုံမျိုးကို ပြောတာ။ ဘယ်လိုပဲ ပေါင်းရ ပေါင်းရ ကျုပ်ကတော့ ကျုပ် လိုလားချက်ရရင် ပြီးတမ်းမို့ မမှုပေါင်။ အထူးသဖြင့် အင်းအင်စပက်တာဆိုတဲ့ အရာရှိ ကို ပိုပြီး ပေါင်းရတယ်ဗျာ၊ ဘာပြုလို့လဲဆိုတော့ အင်းအိုင် စတဲ့ တံငါလုပ်ငန်းနဲ့ ပတ်သက်လာရင် သူပြီးရင် မီးသေတာမို့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ ဗျာ၊ ဒါကြောင့်မို့ သူ့ကို နံပါတ်တစ်က ထားပြီး ပေါင်းရတာပေါ့။ အင်းအင်စပက်တာနဲ့ ပေါင်းထား တယ်လို့သာ ဆိုရတယ်၊ သူနဲ့ တိုက်ရိုက် ပေါင်းသင်း ဆက်ဆံရတယ်လို့ပဲ မရှိပါဘူး ဗျာ၊ မင်းကတော်ကတစ်ဆင့် ဆက်ဆံရတဲ့ အကြိမ်က များပါတယ်။

မင်းကတော်ဆိုလို့ ပြောရဦးမယ်၊ အင်းအင်စပက်တာရဲ့ မင်းကတော်တွေကလည်း အများကြီးပဲဗျ၊ များလွန်း အားကြီးလို့ ဘယ်နှယောက်ဆိုတာတောင် ကျုပ်ဖြင့် မပြောတတ်ပါဘူးဗျာ။ မင်းကတော် ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောချောလှလှကလေးတွေချည်းပဲဗျ၊ အင်းစပက်တာမင်း နယ်လှည့်ဆင်းရင်း သူ့အကြိုက် တွေ့သမျှ အချောအလှကလေးတွေကို တစ်ရွာတစ်ယောက် တော်ကောက်ခဲ့တဲ့ ဟာကလေး တွေပေါ့ဗျာ။

ရှက်ရှက်နဲ့ ဖွင့်ပြီး ၀န်ခံလိုက်ရဦးမယ်ဗျာ။ အဲဒီ မင်းကတော်ကလေးတွေထဲမှာ ကျုပ်ကိုယ်တိုင် အောင်သွယ် လုပ်ပြီး ဆွယ်ပေးလိုက်ရတဲ့ ကျုပ်တို့ရွာက အချောကလေးတစ်ယောက်လည်း ပါ သဗျို့။ မိန်းကလေး ကတော့ သဘောမတူပါဘူး၊ သူ့ရဲ့မိခင်ကြီးက ဆိုရင်လည်း "ဆင်းရဲသား သား သမီးဟာ ဆင်းရဲသူ သားသမီး နဲ့ သာ တော်ပါတယ်"ဆိုပြီး ဇွတ်ငြင်းတယ်။ ဒါပေမဲ့ ကျုပ်က ဘယ်နေ လိမ့်မလဲဗျ၊ ဒီကိစ္စ အောင်မြင်မှုဟာ အင်းအင်စပက်တာရဲ့ အောင်မြင်မှုသာ မဟုတ်ဘဲ ကျုပ်ရဲ့ အောင်မြင်မှုပါ ဖြစ်တယ်ဆိုတာ ကျုပ် သဘောပေါက်ထားပြီးသား လူကိုးဗျ။

ဒါကြောင့်မို့ "ဟ နင့်သမီး ကောင်းစာတာကို နင် မကြည့်နိုင်ဘူးလားဟ၊ နင့်သမီးတင် မဟုတ်ဘူး၊ တော်ကြာ နင်တို့ပါ အင်းပိုင်တွေ ဘာတွေနဲ့ ဖြစ်လာမှာ ဟ၊ နင်တို့က သဘောမတူဘူးဆိုရင် သူတို့က မင်းစိုးရာဇာ တွေမို့ ရာဇမာန် ရှသွားမှဖြင့် နင်တို့တစ်တွေ ဘေးတွေ့ကုန်မယ်"လို့ ချော့လို့တစ်မျိုး၊ ခြောက်လို့တစ်ဖုံ၊ နည်းမျိုးစုံနဲ့ သုံးလိုက်တာ၊ ဘာခံနိုင်မလဲ တစ်ခါတည်း ကျွမ်းပစ်ရှာတော့တာပေါ့။ အဲဒီကိစ္စ အောင်မြင်ပြီးတဲ့ အချိန်ကစပြီး ကျုပ်လည်း အင်စပက်တာမင်း အိမ်ကို တံခါးမရှိ ဓားမရှိ ၀င်ထွက်နိုင်ခွင့် ရသွားပြီး ကျုပ်အင်းကို ဘယ်သူ ၀င်လုမှာကိုမှလည်း မစိုးရိမ်ရတော့ဘူး။ ဟဲ ဟဲ ကျုပ်ကလည်း ဒီအထိ အကွက်မြင်တာဗျ၊ နှယ်နှယ်ရရလူ မမှတ်လိုက်ပါနဲ့၊ အကြိုက်ပေးပြီး ကိုယ်ကျိုးရှိအောင် ပေါင်းတတ်တဲ့ လူပါဗျာ။

(၂)

အဲ ဗြူရိုကရက်တွေ ခေတ်တိမ်သွားပြီး တစ်ခါ ဘာတွေ ခေတ်စားလာပြန်သလဲဆိုတော့ ပါတီတဲ့၊ သမ၀ါယမ တဲ့ ဗျာ။ ပါတီဆိုတာ ကျုပ်တို့ မြန်မာစကားမဟုတ်လို့ ဘယ်လိုအနက်အဓိပ္ပာယ် ရှိတယ် ဆိုတာ ကျုပ်တော့ ကောင်းကောင်း မသိပါဘူးဗျာ။ ကျုပ်တို့ရဲ့ ဆရာတော် ဦးဝါယမကတော့ "ဟဲ့ ဖိုးရွှေသီးရဲ့၊ ပါတီဆိုတာ "အဖ" သို့မဟုတ် "အဖေ"လို့ အနက်ထွက်တယ်ကွ၊ ဒါကြောင့်မို့ မင်းတို့ ဟာ ပါတီကို ကိုယ့်အဖေလို သဘောထားပြီး ဆက်ဆံရမယ်ကွ"လို့ အမိန့် ရှိဖူးတယ်။ ဒါပေမဲ့ ပါတီ က ကျုပ်တို့ကို ဆက်ဆံတဲ့ အခါမှာ အဖေ လို ကြင်ကြင်နာနာ မဟုတ်ဘဲ၊ ပထွေးလို ရက်စက်လွန်း လို့ ဆရာတော်ရဲ့ အနက်ပြန်ဆိုချက်ကို ကျုပ်ဖြင့် တယ်ပြီး သဘောမတူပါဘူးဗျာ။

ဒါပေမဲ့ ပါတီဟာ ဘယ်လိုပဲ အနက်အဓိပ္ပာယ်ရှိရှိ တစ်နေ့ကျရင် ခေတ်စား လာတော့မယ်ဆိုတာ ခေတ်မီချင်လွန်းလို့ သတင်းစာကလေး၊ စာတိုပေစ  ကလေးအစ မတောက်တခေါက် ဖတ်ထားတဲ့ ကျုပ်က ကြိုပြီး မြင်ထားတာပေါ့။ ဒါကြောင့်မို့ ကျုပ်သားကို ပါတီထဲ သွင်းထားလိုက်တယ်လေ၊ ကျုပ်ကိုယ်တိုင်လည်း ပါတီထဲက အရေးပါတဲ့ လူတွေနဲ့ ပေါင်းထားလိုက်တယ်။ ပါတီက လူတွေ သုံးစားဖို့ ငါးခြောက်ငါးခြမ်းနဲ့ ငါးပိ၊ ငံပြာရည် ကောင်းကောင်းကလေးတွေလည်း လက်ဆောင်ထိုး ရတယ်။ ပါတီရန်ပုံငွေ ဆိုရင်လည်း ကျုပ်က ရှေ့ဆုံး က နေပြီး ထည့်လိုက်တာပဲ။ ဒါပေမဲ့ ကျုပ်က စေတနာသဒ္ဓါတရား ထက်သန်လွန်းလို့တော့ မဟုတ်ဘူးနော်။ အဲဒါတွေအတွက် ရလဒ်ဟာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျုပ် ကောင်းကောင်းကြီး မြင်ထားလိုပဲ။

ကျုပ်တွက်ကိန်း မလွဲပါဘူးဗျာ၊ တဖြည်းဖြည်းနဲ့ ပါတီဟေ့ဆိုရင် မီးသေတဲ့အချိန်ကိုလည်း ရောက် ရော ကျုပ်လည်း ကျုပ်နယ်မှာ လူတွင်ကျယ်တစ်ဦးဖြစ်မြဲ ဖြစ်နေတာပေါ့ဗျာ။ ကျုပ်အင်း ဆိုရင် လည်း ဘယ်သူမှ မျက်စောင်း မထိုးဝံ့တော့ဘူး၊ အဲဒီအရှိန်ကလေးနဲ့ ကျုပ်ကလည်း ပြိုင်ဘက်တွေ ကို မလှုပ်နိုင်အောင် ဖိထား လိုက်တယ်။
ကျုပ်ပြိုင်ဘက်တွေကလည်း ခပ်ရိုးရိုး ခပ်နုံနုံတွေချည့်ဆိုတော့ ကျုပ်လုပ်သမျှ ခံနေကြရတော့တာ ပေါ့ဗျာ။ ခေတ်ကိုက ရိုးလို့ ဖြစ်တဲ့ခေတ် မဟုတ်ဘူးဗျ၊ လှေကြီးကို ရိုးရိုးဆိုရင် လူရာမ၀င်တဲ့ခေတ်၊ လူရိုးကို သူခိုးထင်တဲ့ ခေတ်မို့ ဆန်းနိုင်သမျှ ဆန်းပေးမှ တော်ရုံကျတာ။ ပြီး ခုခေတ်က အကပ် ကောင်းမှ အကြောင်း လှတဲ့ ခေတ်ကိုးဗျ၊ ဘုရားတောင်မှ အမှီမရှိရင် မပွင့်နိုင်ဘူးဆို မဟုတ်လားဗျ၊ ကျုပ်တို့တစ်တွေလည်း အကပ် မကောင်းရင် ဘယ် ကြီးပွားနိုင်မလဲ။

ဗြုန်းဆို ပါတီက ဦးစီးတဲ့ သမ၀ါယမခေတ်ကို ရောက်လာပြန်ပါရောဗျို့။ ဘာသမ၀ါယမ၊ ညာသမ၀ါယမတွေ မှိုလိုပေါက်နေသလို အင်းကိုလည်း အင်းသမ၀ါယမ လုပ်ရမယ်တဲ့ဗျာ။ ပါတီ ဆိုတာ ဘယ်လို အနက် အဓိပ္ပာယ် ရှိတယ်ဆိုတာ ကျုပ် ကောင်းကောင်း နားမရှင်းသလို သမ၀ါယမရဲ့ အဓိပ္ပာယ်က ဘယ်လိုဆိုတာ ကျုပ်က သာပြီး နားမလည်သေးတယ်။ တကယ်ဆိုရင် သမ၀ါယမလို့ လုပ်ချင်ရင် ပထမဆုံး ကျုပ်တို့ကို သမ၀ါယမရဲ့ သဘောသရုပ်တွေ၊ သမ၀ါယမ သဘောတရားတွေ၊ အကျိုးကျေးဇူးတွေကို သင်ပြပေးပြီး စည်းရုံးမှု ပေးသင့်တယ် မဟုတ်လားဗျာ။ ကျုပ်တို့ကိုယ်တိုင် သဘောပေါက်ပြီး လိုလိုလားလား ဖြစ်လာတဲ့ အခါမှာမှ သမ၀ါယမ လုပ်လိုက်ရင် ချပ်ခနဲ အောင်မြင်သွားမယ် မဟုတ်လားဗျာ။

အခုတော့ ဒီလို မဟုတ်ပေါင်ဗျာ။ ကျုပ်တို့ရဲ့ အခြေအနေ၊ ကျုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကိုတော့ နည်းနည်းကလေးမှ ထည့်မတွက်ဘဲ သူတို့ နားလည်သလို၊ သူတို့ တတ်သလို လျှောက်ပြီး ရေးဆွဲ ထားတဲ့ သမ၀ါယမ နည်းဥပဒေတွေ၊ ဘာဥပဒေတွေကို ကျုပ်တို့ကို လေ့လာခွင့်၊ စောဒကတက်ခွင့် မပေးဘဲ သူတို့ဟာ သူတို့ အတည်ပြုပြီး တစ်ချက်လွှတ်အမိန့်နဲ့ ဇွတ်အတင်း ပေးအပ်လာတော့ ဟဲ ဟဲ၊ ကျုပ်တို့ ကလည်း ကျုပ်တို့နားလည်သလို အဓိပ္ပာယ်တစ်မျိုးကောက်ပြီး လက်ခံလိုက်တာပေါ့။

ဒီလိုမှ မလုပ်ရင်လည်း မဖြစ်ဘဲကလားဗျ။ ကျုပ်တို့က မရှင်းတာကလေးရှိနေလို့ တောမေး တောင်မေးနဲ့ မေးမိရင်ပဲ "အို ခင်ဗျားတို့က ဘာနည်းလည်လို့ တောပြော တောင်ပြောနဲ့ တောရမ်း ပယ်ဘွဲ့ လျှောက်ပြော နေတာလဲဗျ၊ အဲဒီနည်းဥပဒေဟာ ခင်ဗျားတို့အတွက် ကျုပ်တို့ ခေါင်းဆောင် ကြီးတွေဟာ နိုင်ငံခြား တိုင်းပြည် တွေကို လှည့်လည်သွားလာပြီး လေ့လာမှတ်သားလာရတဲ့ နည်းတွေဗျ" လို့ ဟောက်နေတော့ ကျုပ်တို့ မလည်း ရေငုံနေရတော့တာပေါ့ဗျာ။

အောင်မာ ...  အဲဒီ သမ၀ါယမ လုပ်ဖို့အတွက် နိုင်ငံခြားတိုင်းပြည်တွေ အများကြီးကို လှည့်လည် သွားလာပြီး နည်းယူ ခဲ့ရတယ် ဆိုပါကလားဗျ။ အဟဲ ဟဲ၊ ဒီမှာ ဆရာတို့ရဲ့ ကျုပ်ပြောချင်တာက နိုင်ငံခြားတိုင်းပြည်တွေ မက လို့ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုဿိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၊ ၀ဿဝတီ ဆိုတဲ့ နတ်ပြည် ခြောက်ထပ် ရောက်အောင် တက်ပြီး နည်းယူဦး၊ ကာယကံရှင် ဖြစ်တဲ့ ကျုပ်တို့ လူထုတွေဆီက နည်း မယူရင် ကျုပ်တို့ လူထုရဲ့ အခြေအနေ လိုအင်ဆန္ဒတွေနဲ့ ကိုက်ညီအောင် ပေါင်းစပ်မပေးနိုင်ရင် အဲဒီနည်း တွေဟာ လုပ်လို့မရတဲ့နည်းတွေ၊ တစ်ကိုယ် ကောင်းသမားတွေအဖို့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ ခုတုံး အလုပ်ခံရတဲ့နည်းတွေ၊ စာအုပ်ကြီးထဲ မှာသာ အလှရေးထားဖို့ ကောင်းတဲ့ နည်းတွေထက် ပိုပြီး ဘာမှ အသုံး မ၀င်ဘူး ဆိုတာ ကျုပ်ရဲရဲကြီး ပြောတယ်။
ဟဲ ဟဲ သူတို့ရှေ့ မှာ မပြောရဲတော့ ကွယ်ရာမှာ ဖွင့်ချရတာပဲဗျာ။ သွားပြီးတော့ မတို့လိုက်ကြပါနဲ့ဗျာ နော်၊ နောက်နှစ်ကျရင် ကျုပ် အင်းလက်လွတ် ဖြစ်နေပါဦးမယ်။

ဘာပဲဖြစ်ဖြစ်လေ၊ ကျုပ်ကိုယ်တိုင်လည်း တစ်ကိုယ်ကောင်းသမား ဖြစ်နေတော့ သူတို့ နားလည်သလို အတည် ပြုထားတဲ့ သမ၀ါယမကို ကျုပ်ကလည်း ကျုပ်ရဲ့ ကိုယ်ကျိုးအတွက် ကျုပ် နည်းလည်သလို အဓိပ္ပာယ်တစ်မျိုး ကောက်ပြီး လက်ခံလိုက်တာပေါ့။ ဟုတ်တယ်လေ၊ သမ၀ါယမ ဆိုတာ အများနဲ့ စုပေါင်း လုပ်ရမယ်ဆိုတာ မဟုတ်လားဗျ၊ ဟော အခု ကျုပ်ကလည်း ကျုပ်တစ်ဦး တည်း လ်ုပနေရာက ကျုပ်ရယ်၊ ကျုပ်မယားရယ်၊ ကျုပ်သားရယ်၊ ကျုပ်သမီးရယ်၊ ကျုပ်သမက်ရယ်၊ ကျုပ်ချွေးမရယ်၊ အားလုံးခြောက်ယောက် နာမည်စာရင်းသွင်းပြီး အင်းသမ၀ါယမ လုပ်လိုက်တာ ပေါ့။ အင်း သမ၀ါယမ ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ကျုပ် အင်းဟာ ကျုပ်အင်း ပြန်ဖြစ်ရင် ပြီးတာပဲ မဟုတ်လားဗျ။

ဒါပေမဲ့ ဒီလိုဖြစ်ဖို့တော့ တယ်မလွယ်ဘူးဗျို့၊ သက်ဆိုင်ရာနဲ့ နားလည်မှု ယူရသေးတယ်ဗျ၊ နားလည်မှု ယူရတာကပေမဲ့ ငွေအတော် ကုန်သားဗျ၊ နားလည်မှု ယူတယ်ဆိုတာ ဘာကိုဆိုလို တယ် ဆိုတာကိုတော့ ခေတ်လူကြီး တွေ ဖြစ်တဲ့ ခင်ဗျားတို့ သိပြီးသား ဖြစ်မှာမို့ ကျုပ် မပြောလို တော့ပါဘူးဗျာ။ ပြီးတော့ ဒီလို နားလည်မှု ယူတဲ့နည်းကို ကျုပ် ထုတ်ပြောလိုက်လို့ ကျုပ်ရဲ့ ပြိုင် ဘက်တွေ နားကို ပေါက်ကြားသွားခဲ့ရင် သူတို့ ကလည်း အတုခိုးပြီး ကျုပ်လိုပဲ နားလည်မှု ယူပြီး ကျုပ်ကို ယှဉ်ပြိုင်လာမှာ စိုးရသေးတယ်ဗျ။

(၃)
အဲဒီလို ခေတ်ကိုလိုက်ပြီး ဗြူလိုကလက်တွေ၊ ပါတီတွေကို ကပ်တတ်ရုံနဲ့ မပြီးသေးဘူးဗျ၊ အဲဒီလို အကပ်ကောင်း ရင် အင်းကိုရဖို့ သေချာသွားတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အင်းလုပ်တယ်ဆိုတာ အင်းကို ရအောင် ဆွဲနိုင်ရုံနဲ့ မပြီးသေးဘူး၊ အင်းကို ရေဆုံး မိုးဖျား ပြီးဆုံးတဲ့အထိ ချောချော မောမော လုပ်သွားနိုင်ဖို့ အရေး က ရှိနေသေးတယ်။ အဲဒီလို လုပ်သွားနိုင်ဖို့ အတွက်ဆိုရင် အင်း စရိတ်နဲ့ အခြားအထွေထွေ စရိတ်တွေ အတွက်ပါ ငွေလိုလာပြန်ရောဗျ၊ ဒီတော့ ငွေရှင်ကြေးရှင် တွေနဲ့ ကုန်သည် ပွဲစားတွေ အတွက်ပါ ချဉ်းကပ်ရပြန်တာပေါ့။

သူတို့ဆီ ချဉ်းကပ်ပြီး သူတို့နဲ့ ပေါင်းသင်းရတာကလည်း တယ်တော့ မလွယ်ဘူးဗျာ၊ ငွေရှင် ကြေး ရှင်ဆိုတဲ့ လူတွေကလည်း အင်မတန် စည်းကမ်းကြီးပြီး အင်မတန် စေ့စပ်သေချာတဲ့ လူတွေက လားဗျာ၊ အပေါင် ပစ္စည်း မရှိဘဲ ငွေကို ထုတ်ချေးကြတာ မဟုတ်ဘူးဗျ။ အပေါင်ပစ္စည်းဆိုရင်လည်း ရွှေမှတစ်ပါး အခြား လှေ၊ လှည်း၊ နွား စတဲ့ ပစ္စည်းတွေကို လက်ခံတာ မဟုတ်ဘူးဗျ။ ရွှေတောင်မှ ကျုပ်တို့ အင်းသားတွေဆီက ရွှေ ဆိုရင် အတုလုပ်ထားတဲ့ သတ္ထုထည်တွေလို ထင်မှတ်တော်မူဟန် တူရဲ့၊ မှတ်ကျောက်နဲ့ အကြိမ်ကြိမ် ပွတ်တိုက်ပြီး၊ အထပ်ထပ်  စစ်ဆေးပြီး သေချာမှ လက်ခံတာ ကလားဗျာ။
ပြီးတော့ ဒီငွေရှင် ကြေးရှင်ဆိုတဲ့ လူတွေဟာ အတော် ကက်သီးကက်သတ်နိုင်တဲ့ လူတွေပါကလား ဗျာ။

ကြည့်စမ်းပါဦးဗျာ၊ ရွှေတစ်ကျပ်သားကို ပေါက်ဈေးတစ်ရာ့ ရှစ်ဆယ်ဈေး ရှိတာတောင် ကျုပ် တို့ကိုတော့ ရွှေတစ်ကျပ်သားကို ငွေတစ်ရာပဲ  ထုတ်ပေးတယ်။ ဒါထက် ပိုမပေးနိုင်ဘူး၊ သဘော မကျရင် မပေါင် နဲ့ ပေါ့တဲ့၊ သူတို့က ကျုပ်တို့ ငွေလိုလွန်းလို့ မပေါင်ဘဲ မနေနိုင်ဘူးဆိုတာ သိထား တော့ အကျပ်ကိုင် တာပေါ့ဗျာ၊ ပြီးတော့ တကယ်လို့ မရွေးနိုင်လို့ အဆုံးခံလိုက်ရရင် သူတို့မှာ ငွေ တိုးထက် ပိုပြီး အမြတ် ရအောင် နှိမ့်ချပေးတာပေါ့ဗျာ၊ တော်တော့်ကို လောဘဇောတိုက်တဲ့ လူတွေ ပါပဲဗျာ။

ကျုပ်က သူတို့ထက်ပိုပြီး လောဘကြီးသေးတဲ့ လူဖြစ်လို့ သူတို့ကိုလည်း တယ်ပြီး အပြစ်မတင်ချင် ပါဘူးဗျာ။ ဟုတ်တယ်ဗျ၊ ကျုပ်လက်ထဲ ငွေကလေးရှိနေတုန်း အခါမျိုးမှာ ကျုပ်တို့ရွာက ဆင်းရဲသား တွေဆီမှာ ကျုပ် အပေါင်ခံ တဲ့ အခါ ဒါထက်ဆိုးတာပေါ့ဗျာ၊ အတိုးကိုလည်း နင့်လောက်အောင် ယူ လိုက်သေးရ့၊ မရွေးနိုင်တဲ့ အခါ ဆိုရင်လည်း အပေါင်ပစ္စည်းကို မတန်တဆ အဖိုးဖြတ်ပြီး သိမ်း လိုက်တာပဲ။ ဟဲ ဟဲ တတ်နိုင်ဘူးဗျာ၊ ကျုပ်ထက်သာတဲ့ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကျုပ်ကချည်း အရှုံးပေးပြီး ဆက်ဆံခဲ့ရသလောက် ကျုပ်ထက် နိမ့်ကျတဲ့ ကျုပ်နိုင်ရတဲ့ လူတွေအပေါ် ပြန်ပြီး ဖိထောင်းပေးနိုင်မှ ကျုပ်အဖို့ ခံသာမှာကိုးဗျ။

ကျုပ်မှာ ငွေကလည်း သိပ်လိုနေ၊ ရွှေကလည်း လုံလုံလောက်လောက်  ၀ယ်တုန်းကလည်း ကျုပ်က အိမ်က မိန်းမကို ပြောပါသေးတယ်ဗျာ။ ဒီရွှေတွေ ၀ယ်တုန်းကလည်း ကျုပ်က အိမ်က မိန်းမကို ပြောပါ သေးတယ်ဗျာ။ "ဟဲ့ မိန်းမရဲ့ ဒီရွှေတွေကို မ၀ယ်စမ်းပါနဲ့ကွာ၊ တစ်နေ့ကျတော့ ငွေလိုလို့ ပြနပေါင်ရရင် အတိုး လည်း ပေးရ၊ တန်ဖိုးပြည့်အောင်လည်း မရလို့ သိပ်နစ်နာတယ်"လို့ ကျုပ်ပြော ပါသေးရဲ့။ ဒါပေမဲ့ ကျုပ်မိန်းမ က "အောင်မယ်၊ တော်က ဘာနားလည်လို့လဲ၊ ဒီလို ရွှေဝယ်ထားမှ ငွေစုမိတာ၊ မဟုတ်ရင် တော်က အရက်သောက်ပစ်၊ အလေလိုက်ပစ်တာနဲ့ပဲ ဒီငွေတွေ အလဟဿ ဖြစ်ကုန်မှာ၊ ဒါကြောင့်မို့ ၀ယ်ရတာ တော်ရေ့၊ ကျုပ် ၀တ်ချင်လှလို့ ၀ယ်တာ မဟုတ် ဘူး"လို့ ကျုပ်ကို ကက်ကက်လန်အောင် ပြန်ပြော နေလို့ ကျုပ်ကပဲ အလျှော့ပေးလိုက်ရတယ်ဗျာ။

တကယ်ဆိုတော့ ကျုပ်မိန်းမ ပြောတာကလည်း မှန်နေတာကိုးဗျ၊ ကျုပ် လက်ထဲ ငွေကလေးများ ရှိလာရင် ကျုပ်ကလည်း အငြိမ်နေချင်တဲ့ လူမှ မဟုတ်ဘဲကလားဗျာ။ အပေါင်းအသင်းတွေနဲ့ အရက်ကလေး တမြမြ သောက်နေချင်တယ်၊ ဖဲဝိုငးကိုလည်း သွားထိုင်ချင်တယ်၊ ဘုရားဟောတော် မူတဲ့ ဒုစရိုက်တရား ရှစ်ပါးဆိုလား၊ ဆယ်ပါး ဆိုလားဗျာ၊ အဲဒီ ရှိသမျှ ဒုစရိုက်တွေ တစ်ခုမကျန် အကုန် လျှောက်လုပ်ချင်နေတော့ ကျုပ်လက်ထဲ ငွေမရှိတာကပဲ ကျုပ်အဖို့ ဒုစရိုက်ကင်းနေတာမို့ တစ်နည်းအားဖြင့် ကောင်းတယ်လို့ ဆိုရမှာ ပေါ့ဗျာ။

ရွှေပေါင်လို့ ငွေမပြည့်စုံတော့ ဘယ်လိုကြံဦးမလဲလို့ ခင်ဗျားတို့က မေးချင်ပေလိမ့်မယ်။ ဟဲ ဟဲ ကျုပ်က အင်မတန် နည်းများတဲ့ လူကလားဗျ၊ တစ်နည်းမရ တစ်နည်းနဲ့ လှည့်ကြံရပြန်တာပေါ့။ ဘယ်လိုလဲဆိုတော့ အင်းကုန်ရောင်းဝယ်နေတဲ့ ကုန်သည်တွေဆီကို တစ်ဦးပြီးတစ်ဦး လှည့်လည် သွားလာပြီး ငွေရဖို့ အရေး မျက်နှာချိုးသွေးရပြန်တာပေါ့။

အဲဒီလို ကုန်သည်တွေနဲ့ သွားမတွေ့ခင် ကျုပ်တွေ့ဆုံရမယ့် ကုန်သည်တွေရဲ့အကြောင်းကို ကျုပ် က ကျကျ နန စုံစမ်းထားတာကလားဗျ။ ဘယ်ကုန်သည်က အားနာမှုများပြီး သဘောလွယ် တယ်၊ ဘယ်ကုန်သည် ကတော့ စိတ်သဘောခက်ထန်ပြီး ငွေပေးရာမှာ လက်နှေးတယ်၊ ဘယ်ကုန် သည်နဲ့ ဘယ်ကုန်သည်ကတော့ လူချင်း မတည့်တဲ့ ပြိုင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ ကျုပ် သေသေချာချာ စုံစမ်းထားရတာပေါ့။ ဒါမှသာ ကျုပ် လိုလားချက်ရအောင် ကြံဆောင်တဲ့အခါမှာ ဘယ်သူ့ကို ဘယ်လို အကြိုက်ပေးပြီး ပြောဆို ဆက်ဆံ ရမယ်ဆိုတာ ကျုပ် ကြိုတင် ခန့်မှန်းနိုင်မှာ ပေါ့။

သူတို့နဲ့ လူချင်းဆုံမိတာနဲ့ တစ်ချက်တည်း "တောက် မနှစ်က ကျုပ်အင်း ငါးကျလိုက်တာဗျာ၊ ယူလို့ တောင် လက်မနိုင် နိုင်ဘူး၊ ခင်ဗျားတို့များ ဘယ်သွားအိပ်ပျော်နေကြသလဲ၊ အဲဒီက ရတဲ့ ကုန်တွေ ကို ကျုပ်ကုန်သည် ကိုအ၀ှာ ကို ပေးလိုက်ရတာ ခင်ဗျားလူ အတော်ပွသွားပါရောဗျ" လို့ မစားရ ၀မခန်း ပြောလိုက်တယ်။ ကျုပ်ဆီက ကုန်ကိုရပြီး အတော်ပွသွားတဲ့ ကိုအ၀ှာ ဆိုတဲ့ နေရာမှာ သူနဲ့ မတည့်တဲ့ ပြိုင်ဘက်တစ်ဦးရဲ့ နာမည် ကို ဆွဲထည့်လိုက်တယ်လေ။

အို ဘာပြောကောင်းမလဲ၊ သူတို့ဟာ ဆတ်ဆတ်ခါ ဖြစ်သွားပြီး "အို ဘာပြုလို့ သူနဲ့ သွား ဆက်သွယ် ရတာလဲဗျ၊ ကျုပ်နဲ့ ဆက်သွယ်ပါလား၊ ကျုပ်က သူတို့ထက် ဈေးပိုပေးနိုင်တဲ့လူပါဗျ" ဘာညာနဲ့ ဖြစ်လာကြရော။ ဒီတော့ ကျုပ်က လေအေးကလေးနဲ့ "အို ဒါက ဒီလို ရှိသေးကိုးဗျ၊ သူတို့က ကျုပ်ငွေလို တဲ့ အခါ အလွယ်တကူ ထုတ်ပေးနေတဲ့လူဖြစ်တော့ သူတို့ကိုပဲ ပေးရတာပေါ့ ဗျ" လို့ ကျုပ်က ဆိုလိုက်ရင်ပဲ "အောင်မာ၊ သူတို့က တစ်ရာပေးရင် ကျုပ်က နှစ်ရာ ပေးနိုင်ပါတယ် ဗျ"ဆိုပြီး ဖြစ်လာကုန်ကြရော၊ မတည့်တဲ့ လူချင်း အပြိုင်ကျိတ်ချင်ကြတာက လူ့ဓမ္မတာကိုးဗျ။

ဒါပေမဲ့ ကျုပ်နဲ့ဆက်ဆံတဲ့ ကုန်သည်ဟာ ကြာကြာ မခံဘူးဗျို့၊ တစ်နှစ်ပဲ ခံတယ်၊ နောက်တစ်နှစ် ရောက်တော့ တစ်ယောက်နဲ့ပြောင်းပြီး ဆက်ဆံရပြန်ရောဗျ၊ ဘာပြုလို့လဲဆိုတော့ ငွေယူစဉ်အခါ မှာ သူတို့ ဆီက ငွေကို ယူလို့ ကောင်းအောင် သူတို့ မတန်မဆတောင်းတဲ့ အခွင့်အရေးတွေကို ကျုပ်က ပေးပါ့မယ်လို့ ရွှန်းရွှန်းဝေ အောင် ကတိပေးခဲ့ပေမဲ့ အင်းချလို့ ငါးကိုလည်း မြင်လိုက်ရရော အဲဒီကတိတွေကို ကျုပ် မေ့ သွားရောဗျ။ ဟုတ်တယ်ဗျ၊ ကျုပ်သဘောက ကတိဆိုတာ ပါးစပ်က ထုတ်ပေးဖို့သာ ဖြစ်ပြီး လက်တွေ့ လိုက်နာဖို့ မဟုတ်ဘူးလို့ ယူဆထားတာကိုးဗျ၊ ဒါကြောင့်မို့ ကျုပ် နဲ့ ဆက်ဆံတဲ့ ကုန်သည်အပေါင်းဟာ "တစ်ခါဆက်ဆံ" "ဆယ်ခါလန်"ဆိုသလို လန်ထွက်ကုန်ကြ တာပေါ့ဗျာ၊ ကြာတော့ ကျုပ်နဲ့ ဆက်ဆံမဲ့ ကုန်သည် မရှိသလောက် ဖြစ်သွားပေမဲ့ ကံအားလျော်စွာ ပဲဗျို့၊ တစ်ယောက်မတွေ့ တစ်ယောက်နဲ့တွေ့ လာတွေ့ သေးတာပဲ၊ ဟို တရုတ်ကြီး ပြောသလို လူ့ကံ ၀ကံပေါ့ဗျာ။

ကုန်သည် တွေဆီက ငွေနဲ့ မလုံလောက်သေးပြန်ရင် ပွဲစားတွေဘက်ကို လှည့်ရ ပြန်ရောဗျ။ "ကျုပ်အင်းက ထွက်သမျှ ကုန်ကို ခင်ဗျားပွဲရုံ အကုန်တင်မယ်ဗျာ၊ အခုလက်ငင်း ငွေလို တာ ကလေးတွေ ခင်ဗျားပဲ ထုတ်ပေး လိုက်စမ်းပါဦးဗျာ" ဆိုပြီး ပွဲစားတစ်ဦးနဲ့ နေရာမကျရင် နောက်တစ်ဦးနဲ့ ဆိုသလို ကြိုးစားလိုက်ရင် တစ်ဦးဦး နဲ့တော့ နေရာကျလာတာပါပဲဗျာ။ ဟဲ ဟဲ ဒါကြောင့်မို့ ကျုပ်က အင်မတန် နည်းများတဲ့လူလို့ ခင်ဗျား တို့ကို ပြောတာပေါ့။

အခန်း (၄) ဆက်ရန်
.

1 comment:

Anonymous said...

ဗြူလိုကလက်ဆိုလား ဘာလားဗျာ၊ ကျုပ်တော့ ကောင်းကောင်း မခေါ် တတ်ပါဘူး၊ အဲဒီ အရာရှိတွေကို ကျုပ် အများဆုံး ပေါင်းထားရတာပေါ့၊ ပေါင်းဆိုပေမဲ့ သူငယ်ချင်း မျိုး ပေါင်းတာမျိုး မဟုတ်ဘူးနော်။ ဆရာနဲ့တပည့်၊ သခင်နဲ့ကျွန်လို ပေါင်းရပုံမျိုးကို ပြောတာ။ ဘယ်လိုပဲ ပေါင်းရ ပေါင်းရ ကျုပ်ကတော့ ကျုပ် လိုလားချက်ရရင် ပြီးတမ်းမို့ မမှုပေါင်။
ဗြူရိုကရက်တွေ ခေတ်တိမ်သွားပြီး တစ်ခါ ဘာတွေ ခေတ်စားလာပြန်သလဲဆိုတော့ ပါတီတဲ့၊ သမ၀ါယမ တဲ့ ဗျာ။ ပါတီဆိုတာ ကျုပ်တို့ မြန်မာစကားမဟုတ်လို့ ဘယ်လိုအနက်အဓိပ္ပာယ် ရှိတယ် ဆိုတာ ကျုပ်တော့ ကောင်းကောင်း မသိပါဘူးဗျာ။ ကျုပ်တို့ရဲ့ ဆရာတော် ဦးဝါယမကတော့ "ဟဲ့ ဖိုးရွှေသီးရဲ့၊ ပါတီဆိုတာ "အဖ" သို့မဟုတ် "အဖေ"လို့ အနက်ထွက်တယ်ကွ၊ ဒါကြောင့်မို့ မင်းတို့ ဟာ ပါတီကို ကိုယ့်အဖေလို သဘောထားပြီး ဆက်ဆံရမယ်ကွ"လို့ အမိန့် ရှိဖူးတယ်။ ဒါပေမဲ့ ပါတီ က ကျုပ်တို့ကို ဆက်ဆံတဲ့ အခါမှာ အဖေ လို ကြင်ကြင်နာနာ မဟုတ်ဘဲ၊ ပထွေးလို ရက်စက်လွန်း လို့ ဆရာတော်ရဲ့ အနက်ပြန်ဆိုချက်ကို ကျုပ်ဖြင့် တယ်ပြီး သဘောမတူပါဘူးဗျာ။
ပါတီဟာ ဘယ်လိုပဲ အနက်အဓိပ္ပာယ်ရှိရှိ တစ်နေ့ကျရင် ခေတ်စား လာတော့မယ်ဆိုတာ ခေတ်မီချင်လွန်းလို့ သတင်းစာကလေး၊ စာတိုပေစ ကလေးအစ မတောက်တခေါက် ဖတ်ထားတဲ့ ကျုပ်က ကြိုပြီး မြင်ထားတာပေါ့။ ဒါကြောင့်မို့ ကျုပ်သားကို ပါတီထဲ သွင်းထားလိုက်တယ်လေ၊ ကျုပ်ကိုယ်တိုင်လည်း ပါတီထဲက အရေးပါတဲ့ လူတွေနဲ့ ပေါင်းထားလိုက်တယ်။ရလဒ်ဟာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျုပ် ကောင်းကောင်းကြီး မြင်ထားလိုပဲ။
တဖြည်းဖြည်းနဲ့ ပါတီဟေ့ဆိုရင် မီးသေတဲ့အချိန်ကိုလည်း ရောက် ရော ကျုပ်လည်း ကျုပ်နယ်မှာ လူတွင်ကျယ်တစ်ဦးဖြစ်မြဲ ဖြစ်နေတာပေါ့ဗျာ။
ခေတ်အဆက်ဆက်က ဒီအချိုးဖြစ်နေမှတော့ဗျာ
စိတ်ကြီးနဲ့ကိုယ်ကြီးညစ်ရပါ့ဗျာ
ဘယ်တော့မှများ ကောင်းနိုင်ပ့ါဗျ